'အတွင်းစိတ်ပုတ်တဲ့ ခင်ဗျားက ကျွန်တော့အမေ ဟုတ်မနေဘူး!'
စားပွဲပေါ် တင်ထားသည်မှာ ရောင်စုံ.....
စိမ်းပြာ ရောင်၊အနက်ရောင်၊အဝါတောက်တောက်၊ ဖဲစိမ်းရောင်၊ရဲဆွေးနေသောအရောင်နှင့် ကျန်သည့်အထည်များမှာ လည်း ထိုကဲ့သို့ တောက်ပြောင်နေသော အရောင်များပင်ဖြစ်သည် ။ အရွယ်ရောက်ပြီး လူရွယ်အနေဖြင့်ထိုအရောင်များက လိုက်ဖက်နေကာ ထင်းနေမည်မှာ မလွဲ။ သို့သော် သူ့လို ဆယ့်ငါးနှစ်သားအရွယ်လေး ဝတ်လျှင်မူ ထက်ထက်မြက်မြက်နှင့်ရဲရင့်ဟန်ပေါ်ပေလိမ့်မည်။ သူနှင့်လိုက်ဖက်မည်လားတော့ မပြောတတ် ။
ဝတ်ရုံမှာ လိုင်းတစ်လျှောက်နှင့် အနားသား ပါမကျန် သေသပ်စွာ ချုပ်လုပ်ထားသဖြင့် ဆင်မြန်းလိုက်သည့်မည်သူမဆို ကိုယ်ရှိန်ကိုယ်ဝါ တောက်ပကာ အဆင့်မြင့်သည့်ဟန်ပေါက်စေမည်။ထိုသို့သော အကြောင်းများကြောင့်ဝတ်ကောင်းစားလှ က်ိုရွေးချယ်ထားခြင်းဖြစ်သည် ။ သို့မှသာ အနာဂါတ်တွင် တောက်ပြောင်သော ဝတ်ရုံကို ရှန်လျန်အမြဲဝတ်ဆင်ပါက အတင်းအဖျင်းများလျော့ကျသွားလိမ့်မည်။ ရှန်လျန်မှာ ကူကယ်ရာမဲ့စွာဖြင့် နှာမှုတ်လိုက်သည်။
မည်သည့်အရောင်ရွေးချယ်ရမှန်းမသိ ဖြစ်နေသော သူ့အား လူတိုင်းက အူမြူးကာ ကြည့်နေကြသည်။ လက်ရှိ မိသားစုအား ဒုတိယနှင့် တတိယမိသားစုပါ မုန်းတီးကြသည်။ ရှန်လျန့်ဆီက ကွဲပြားမှုကိုမူ သူတို့မမြင်တွေ့ရသေးပေ။
လျိုရှုဟန်နှင့် သမီးဖြစ်သူ ရှန်ချန်တို့ ရှန်လျန်အား အာရုံစိုက်နေသည်က အကောင်းဆုံးပင်။ အချင်းချင်း တိုက်ခိုက်ပြီး .. မူလမိသားစုနှင့် လက်ရှိပထမမိသားစု နှစ်စုလုံးဖရိုဖရဲဖြစ်သွားလေလေ...သူတို့ပိုပျော်ရလေပင်။
ဒါတွေက လျိုရှုဟန်တို့သားအမိ အကြံပင်ဖြစ်မည်။ သူသည် ကံဆိုးစေတဲ့လူလို့ အားလုံးက သိရှိထားသဖြင့် ယခုလို အိမ်တော်မှ ကောင်းကောင်းဆင်ယင်ပေးလိုက်ပါက သူတို့သားအမိ၏ သူ့အပေါ်မည်သို့ စိတ်ကောင်းထားသည်ကိုသိမြင်စေမည် ဖြစ်သောကြောင့် ဤသို့သော လှည့်ကွက် ကိုသုံးခြင်းဖြစ်သည်။
လူတိုင်းက ကိုယ့်ကံကြမ္မာကိုယ် လက်ခံရမှာပဲ..။ သူမ က ဘာဝင်ပြောနိုင်မှာလဲလေ? လျိုရှုဟန် စကားတစ်သံမှ မထွက်ပဲ ရှန်လျန်နှင့် မရင်းနှီးသည့် မိထွေးဟန်ပြုမူနေသည်။ သူမအကြံအောင်မြင်သွားပါက ပတ်ဝန်းကျင်မှ အတင်းအဖျင်းများ လျော့နည်းသွားပြီး ဂုဏ်သတင်းပြန်လည်မွှေးပျံ့လာတော့မည်။
" ကောင်းပြီ၊ကောင်းပြီ ရှောင်ဝူလည်း ပြန်လာပြီပဲ၊ ဘာလို့ မကောင်းတာတွေ ဆက်ပြောနေမှာလဲ"
"အနီရောင်ပဲ ရွေးလိုက်ပါမယ်၊ အမေ ဖိတ်ခေါ်တဲ့ နက္ခတ်ပညာရှင်ဟောတာ ..ကျွန်တော်က ကံဆိုးစေတဲ့သူမို့လား၊ ကျွန်တော့ရဲ့ မကောင်းတဲ့နတ်ဆိုးတွေကို အနီရောင်က ဖိနှိပ်ထားနိုင်တယ်လေ၊ ကျွန်တော် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး"
အနီရောင်ဝတ်ရုံကိုကောက်ယူရင်း ကိုယ့်ကိုကိုယ် ကံဆိုးစေသူဟု ပွင့်ပွင့်လင်းလင်းပြောရုံတင်မက၊ ချက်ကျလက်ကျ ပင်ရှင်းပြသွားသေးသည်။
'နွမ်' နားနေဆောင်မှ လူတိုင်းသည်ကူကယ်ရာမဲ့ပြီး အမူအရာ မသိမသာ ပြောင်းသွားကြသည်။
ရှန်လျန်၏ အဖြစ်ကို လူသိရှင်ကြားဖြစ်အောင် လျိုရှုဟန်က ဖော်ထုတ်ခဲ့သလို ပြင်းပြင်းထန်ထန်ဘာလို့ ပြောနေပါလိမ့်? အားလုံးမှာ တုန်ရီလာကြသည်။ အထူးသဖြင့် လျိုရှုဟန်နှင့် သခင်မကြီးပင် ။
ကောင်းကြသေးရဲ့လား၊ လျိုရှုဟန်ရဲ့လက်ထဲ လွှဲပေးလိုက်ရင် ပြီးပြည့်စုံအောင်လုပ်နိုင်တာ တစ်ခုမှ မရှိဘူး၊ ခုတော့ ဒီကလေးက ပြန်လာပြီး ဒီလိုတွေဖြစ်နေပြီ။
"စကားပြောတာက ကြည့်ဦး... ကိုယ့်အမေကို အပြစ်ရှိစိတ်ဖြစ်အောင် ပြောတာလားသားရယ် ? အမတ်ကြီးရဲ့မျိုးဆက်ကို သခင်မကြီး စိတ်ပူလို့သာပေါ့၊ မဟုတ်ရင် နက္ခတ်ပညာရှင် ပိုင်ယွင်ကွမ်းကို အမေက ဘယ်ဖိတ်ခေါ်ပါ့မလဲ?"
လျိုရှုဟန်က အပြုံးလေးဖြင့် ညင်ညင်သာသာပြောသည်။
ချီယွဲ့လက်ထဲသို့ ဝတ်ရုံ ပေးလိုက်ပြီးနောက် ရှန်လျန် ထိုင်ရန်နေရာ ဝေ့ရှာလိုက်သည်။
"ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး၊ ကိုယ့်ကံကိုယ် လက်ခံကြောင်းပြောပြတာပါ၊အမေ အများကြီးမတွေးလိုက်ပါနဲ့၊ မသိရင် ကျွန်တော်က အမေနဲ့ မရင်းနှီးဘူးလို့ထင်ကြလိမ့်မယ်"
"ဒီ အဖွား မသိလိုက်တာတွေ ရှိလား?"
သခင်မကြီးရဲ့အကြည့်က လျိုရှုဟန်ကို ပါးစပ်ပိတ်သွားစေသည်။ ထို့နောက် ရှန်လျန်အား ကြင်နာစွာကြည့်ကာ
"ငါးယောက်မြောက် မြေးလေး၊ ခုဆို မင်းရဲ့အစ်ကိုကြီးက တတိယ အဆင့်ဗိုလ်ချုပ်ဖြစ်နေပြီ၊ အိမ်တော်မှာ မင်းအဖေ နဲ့ မင်းအစ်ကိုကြီးက ရာထူးရာခံနဲ့မို့ သူတို့ကိုအရှက်မရစေနဲ့၊ ရန်အာရယ် တစ်ခြားသူတွေနဲ့တူတူ ထျန်းမန်ကျောင်းသွားတက်လိုက်"
သူမ အရင်က ဒီမြေးငယ်ကို သိပ်ဂရုမစိုက်မိချေ။ ဒီနေ့တော့ ထပ်ခါထပ်ခါ ပြန်ကြည့်မိအောင် သဘောကျစေသည်။ ပြီးခဲ့တဲ့ငါးနှစ်လုံးလုံး နာကျင်မုန်းတီးစရာတွေ စုမိထားသည်ထင်၏။ တစ်ဖက်ကပြန်တွေးကြည့်တော့ မြေးငယ်က အဓိက မိသားစုမှဖြစ်တာကြောင့်စိတ်သက်သာရာရသွားသည်။
"အမေ၊ သားငယ်က ခုမှ ပြန်လာခါစရှိသေးတာ ၊ငါးနှစ်လုံးလုံး ဘယ်ဆရာနဲ့မှ သင်ယူဖူးတာ မဟုတ်ဘူး၊အခု ထျန်းမန်ကိုသာ သွားခွင့်ပြုလိုက်ရင် သူအဆင်မပြေပဲ အနာတရ တွေပဲရလာမှာ ကျွန်မ စိတ်ပူမိတယ်၊ ဒီတိုင်းအိမ်မှာပဲ အရင် ကျန်းမာအောင်လုပ်ပြီး ၊အိမ်ကိုဆရာခေါ်သင်လိုက်မယ်လေ၊ နောင်နှစ်မှ သူ့ကိုကျောင်းပို့ကြတာပေါ့"
လျိုရှုဟန်က သူမ အကြံအားပြောပြနေသည်။ ရှန်လျန်က မည်သည့်အမူအရာ၊ မှတ်ချက်မှမပေးသေးပေ။ သူ့ပုံစံက ဝါးချောင်းသေးသေးသွယ်သွယ်ပုံစံကိုမှ လေပြင်းတိုက်လိုက်ပါက လဲကျသွားနိုင်သည့်ဟန်။
ဒီလိုပုံစံနှင့်အပြင်ထွက်ပြီး အခြားသူနှင့်ပေးတွေ့ဖို့ သူမ ခွင့်မပြုနိုင်ပေ။ခွင့်ပြုလိုက်လျှင် လူတွေက သူမ ...မူလဇနီးကြီးနှင့်သူ့သားကို အနိုင်ကျင့်သည်ဟု အမှန်တစ်ကယ်မှတ်ယူကြလိမ့်မည်။ အနည်းဆုံးတော့ သူ့ကို ဝဖြိုးအောင်အရင်ကျွေးမွေးရဦးမည်။
"အမေက စိုးရိမ်နေတာပဲ၊ နယ်စပ်မှာ ကျွန်တော် ဘာမှ မသင်ယူခဲ့ရဘူးဆိုပေမယ့် အဖေက စာအုပ်တွေအများကြီးထားပေးခဲ့ပါတယ်၊ ကျွန်တော်အကုန်ဖတ်ပြီးပြီမို့ ထျန်းမန်ကျောင်းက စာတွေလည်း သိပ်မခက်ခဲလောက်ပါဘူး၊ပြီးနောက် အနာတရဖြစ်မယ်ဆိုတာလည်း ကြားရတာ ကြောက်စရာကောင်းပေမယ့်၊ အဲ့လောက်လည်းမဟုတ်ပါဘူး"
ပြုံးရင်း လှည့်ကာပြောတဲ့ရှန်လျန့်မျက်ဝန်းမှာ တလက်လက် နှင့် အလွန် စိတ်လှုပ်ရှားနေသည့်ဟန်။
သူ့ကို သန့်ရှင်းအောင်လုပ်ပြီး အသုံးချချင်တယ်ပေါ့လေ၊ ဆုတောင်းနေလိုက်!
"ကိုယ့်ကိုကိုယ်လေ့လာတာက ကျောင်းမှာ သင်တာနဲ့ ဘယ်တူပါ့မလဲ?အမေက အစ်ကို ကောင်းဖို့ပြောတာပါ၊ ခုချိန်ထိ အမေ့ကိုမုန်းနေသေးလို့ အစ်ကိုက ဒီလိုနည်းသုံးပြီး သိက္ခာ ချချင်နေတာလား?"
သူ့အားလွန်စွာမုန်းတီးသည့် ရှန်ချန်က ပြုံးလျက် ပြောသည်။ သူမယခုလို ယဉ်ကျေးပြမနေလျှင်တောင် လူတိုင်းက ပေါက်ကွဲမည့်ယမ်းနံ့ ရနိုင်ကြသည်။ ဒုတိယနှင့်တတိယ မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင် ပွဲကြည့်နေကြသည်။
"ထျန်းမန်ကျောင်းသားတွေကို သင်ပေးတဲ့ပညာက အပြင်နဲ့မတူဘူး၊ညီမလေး၇ရဲ့ ကူညီတတ်တဲ့စိတ်ကို အစ်ကိုဘာမှမပြောလိုပါဘူး၊ဒါပေမယ့် အစ်ကို့ကိုအပြင်မထွက်အောင်ရည်ရွယ်ချက်ရှိရှိပိတ်လှောင်ထားတယ်လို့ တစ်ခြားသူတွေ ညီမလေးကို အထင်လွဲမှာ အစ်ကို စိုးမိတယ်၊ အစ်ကိုကြီးကအခုဆို အရမ်းကျော်စောနေတော့ သူ့ညီ ဘာလုပ်လုပ် လူတွေက ဒေါက်ထောက်စောင့်ကြည့်နေကြတာလေ"
ချန်ရှန်ရဲ့စိတ်ကို သရော်လှောင်ပြောင်ပြီး ရှန်တာ့ နာမည်သုံးကာခြိမ်းခြောက်လိုက်ဖြင့် လျိုရှုဟန်တို့သားအမိ နှစ်ယောက်လူံး ဆက်မပြုံးနိုင်တော့ပေ။ ရှန်ချန်၏ လှပသော မျက်နှာလေးသည် ဒေါသများဖိနှိပ်ထားလျက်....။
"မြေးငယ်ပြောတာ အဓိပ္ပာယ်ရှိတယ်၊မနက်ဖြန် ထျန်းမန်ကျောင်း တက်ဖို့သတင်းသွားပို့လိုက်ပါ၊ပြီးတော့ မင်းအသက်က အခု ဆယ့်ငါးနှစ်ရှိနေပြီ.. လက်ထပ်သင့်တဲ့အရွယ်ပဲ၊ သဘောကျတဲ့ တစ်စုံတစ်ယောက်ရှိရင် ဒီအဖွားကိုလာပြောလှည့်၊ အဖွား သူ့မိသားစုနောက်ကြောင်းစုံစမ်းပေးမယ်"
သခင်မကြီးက ရှန်လျန်ရဲ့ လက်ထပ်ပွဲအတွက်ကူညီသလိုနှင့် တစ်ကယ်က ရှန်လျန့်ကိုရှင်းရှင်းလင်းလင်း ဖြတ်ရိုက်ခြင်းဖြစ်သည်။တစ်ခါကြုံဖူး၊ပျဉ်ဖိုးနားလည်ဆိုသကဲ့သို့၊ လွန်ခဲ့သော ဆယ်နှစ်ကလို မြွေပွေး ခါးပိုက်ပိုက်မိမှာစိုးနေသည် ၊သူမရှေ့မှ လျိုရှုဟန်လိုပေါ့။
လက်ထပ်ခိုင်းပြီးအပြစ်ပေးတယ်ပေါ့?
ဟမ့်!သူသာ တစ်ကယ်လက်ထပ်ချင်ရင် သူမစုံစမ်းပေးနေစရာပင်မလို၊ဘယ်သူသိမလဲ တစ်ကယ်က သူမရဲ့ မြေးမအတွက် မြေးသမက်ရှာပေးချင်နေမှန်း?
သူမသတိပေးချင်တာက လက်ထပ်ပွဲဆိုတာ အောင်သွယ်သူနဲ့ မိဘက စီစဉ်ပေးတဲ့အတိုင်းနာခံရမည်ဆိုတာပင် ။ လက်ထပ်ရမည့်သူက စီစဉ်ပေးတဲ့လမ်းအတိုင်း လျှောက်လှမ်းရပေသည်။ထိုအကြောင်းတွေးလိုက်တော့ ရှန်လျန့်မျက်ဝန်းက နက်မှောင်လာသည်။ စိတ်တည်ငြိမ်စွာထိန်းလျက်
"ဟုတ်ကဲ့ဖွားဖွား"
"အမေပြောလိုက်ပြီဆိုတော့ ကျွန်မ မပြောတော့ပါဘူး"
ပုံမှန်စိတ်အခြေနေပြန်ရပြီးတဲ့လျိုရှုဟန်က ရှန်လျန် ပြန်ချင်နေသည်ကိုတွေ့လိုက်သည်။ထို့ကြောင့်သခင်မကြီးအား အပြုံးလေးဖြင့် ခပ်သွက်သွက်ပြောလိုက်သည်။
"အမေ၊ဒီနှစ်တွေမှာ သားငယ်က နယ်စပ်မှာ ဒုက္ခခံလာရတာဆိုတော့ ကျွန်မအရမ်းစိတ်မကောင်းဖြစ်တယ်၊မနေ့ကပြန်ရောက်တော့၊အိမ်တော်ထိန်းကို သားငယ်ဆီ အစေခံအချို့ပေးဖို့ ကျွန်မ ပြောထားတယ်၊ ပေးလို့ အဆင်ပြေတယ်မို့လားအမေ"
အပေါ်ယံမှာ သခင်မကြီး၏ ထင်မြင်ချက်ကို မေးသလိုနှင့် ရှန်လျန့်အားအပြစ်တင်စကားပြောခံရစေချင်နေသည်။
"အင်း... အစေခံတွေလည်းအများကြီးရှိတာပဲ" သခင်မကြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်သော် လည်း
"ဟဟဟဟဟ..."
ထိုအခိုက်အတန့်တွင် ရှန်လျန် ကျယ်လောင်စွာ ရယ်မောမိသည်။သခင်မကြီးနှင့် လျိုရှုဟန်တို့နှစ်ဦးလုံး သူ့အား မကြည်သလ်ိုကြည့်လာကြသည်။
"ဘာဖြစ်တာလဲ? အစေခံ မလိုချင်လို့လား"
သန္ဓေယုတ်လေး!အတောင်လေးစုံလာတာနဲ့ သူ့ကိုယ်သူ အရွယ်ရောက်ပြီအောက်မေ့နေလား ...
စိတ်တိုနေသောမျက်နှာများဖြင့်ရင်ဆိုင်နေရသော်လည်း ရှန်လျန် အလောတကြီးမဖြစ်ပေ။
"အဖွား မသိသေး တာရှိတယ်၊ အဖွားရော အမေရော ကျွန်တော်နေတဲ့ ခြံဝန်းက ဘယ်လောက်သေးငယ်လဲဆိုတာ မေ့နေကြတာထင်တယ်၊ ချီယွဲ့နဲ့ ချီရွှမ်းတို့နှစ်ယောက်နဲ့တောင် ပြည့်ကျပ်နေတာ ၊နောက်ထပ် လူ ထပ်ထည့်ဖို့ကတော့.....။ တစ်ကယ်လို့ အဖွားနဲ့အမေ ကသာကျွန်တော့ကိုတစ်ခြားခြံဝန်းထဲ ရွှေ့ပြောင်းနိုင်ဖို့ အဖေ့ဆီပြောပေးမယ်ဆိုရင်တော့ ကျွန်တော်ပျော်မိမှာပါ"
".........."
အသက်ရှူသံတစ်ခုသာ ကြားရအောင် လူတိုင်း တိတ်ဆိတ်သွား ခဲ့သည်။ သခင်မနှစ်ယောက်လုံး၏ မျက်နှာ သည် အလွန်ကြည့်ရဆိုးနေတော့သည်။
သူမတို့က သူလျှိုလွှတ်ပြီး ရှန်လျန်ကို စောင့်ကြည့်စေချင်ခဲ့တာ ၊ဒါပေမယ့် မေ့သွားတာ တစ်ခုက
ရှန်လျန့်ခြံဝန်းကို ရှန်ဖေဖေကပဲ သတ်မှတ်ပေးတာ၊ သူ့အမိန့်မပါပဲ ခြံဝန်းရွှေ့ပြောင်းတာမျိုး ဘယ်သူလုပ်ရဲပါ့မလဲ?
ရှန်တာ့ က သူ့ညီကို ခြံဝန်းကောင်းကောင်းလေးမှာ နေစေချင်မှာပဲ၊ ဒါပေမယ့်
ရှန်ဖေဖေကတော့ ဒီကိစ္စကိုငြင်းမှာ သေချာတယ်၊ ပိုအရေးကြီးတာက သူမတို့ကရှန်လျန်နား သူလျှိုလွှတ်ပြီး ကောင်းကောင်းမွန်မွန် မနေရအောင် လုပ်ချင်တာ တစ်နေကုန် သူတို့အကြည့်အောက်မှာ ရှန်လျန်ဘာလုပ်တယ်၊ဘာစားတယ်ဆိုတာကအစ ဒေါက်ထောက်ကြည့်ချင်တာ
ဆိုတော့...ခြံဝန်းပြောင်းဖို့ကမလွယ် ၊လက်ရှိနေတဲ့နေရာကျတော့ လူမဆန့်လို့ သူလျှိုထည့်မရနဲ့ အခက်တွေ့ကုန်ကြတယ်။
"အမေတို့ဒီအကြောင်း နောက်မှပြောကြတာပေါ့၊ မနက်ဖြန် မင့်အဖေ ကို ပြောကြည့်လိုက်မယ် ခြံဝန်းပြောင်းမယ့်ကိစ္စကို"
လျိုရှုဟန် က အလိမ္မာနည်းဖြင့် စကားမျှော်လင့်ချက်ပေးလိုက်သည်။ သခင်မကြီးက လည်း ပင်ပန်းနေဟန်ဖြင့် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
"ကောင်းပြီ...ကောင်းပြီ တစ်ခြားလုပ်စရာမရှိတော့ရင် ပြန်နားလိုက်ကြတော့၊ ဒီအဖွားအိုက အသက်ကြီးပြီမို့အနားယူဖို့လိုတယ်၊ မြေးငယ်လေးလည်း ဒဏ်ရာရထားတာဆိုတော့ ဒီရက်ပိုင်း ဘာမှ သိပ်မလုပ်နဲ့ နားနားနေနေ နေပါ"
သခင်မကြီးဟာ ရှန်လျန့်အဖေ ကို ဖိနှိပ်ချင်ရင်တောင် တုံးလင်အိမ်တော်ရဲ့ဂုဏ်သတင်းမကျဆင်းစေ ရန် ထိန်းသိမ်းရသေးသည်။ ထျန်းမန်ကျောင်းက နွေရာသီပိတ်ပြီးပြန်ဖွင့်ရန် ရက်အနည်းငယ် ကျန်ရှိသေးတာကြောင့် ဒီကြားထဲ
ရှန်လျန့်ကိုမြန်မြန် ဖွံ့ဖြိုးလာအောင် အသားများများ ကျွေးလျှင် မှီနိုင်သည်။
"ကျေးဇူးပါ အဖွား၊ မြေးငယ် ပြန်ပါတော့မယ်"
ပြောပြီးသည်နှင့်ထရပ်ပြီး ချီယွဲ့အားခေါ်ကာ လှည့်ထွက်လာသည်။
လျိုရှုဟန်နှင့်ရှန်ချန်လည်း သူ့နောက်သို့ အလျင်အမြန်လိုက်လာပြီး စကားပြောသည်။
" ခဏကျရင် ဖေးယွီဆိုင်က လူတွေ သားငယ်ရဲ့ အင်္ကျီဆိုဒ်ကို လာတိုင်းကြလိမ့်မယ်၊ဒါနဲ့ အမေ့ခြံဝန်းထဲ ဝင်မလည်တော့ဘူးလား"
ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာကြောင့် ရှန်လျန် ရင်းနှီးဟန်မဆောင်တော့ချေ။ ချက်ချင်းပင် ထီမထီဟန်ပြုံးလိုက်သည်။ အမျိုးသမီးနှစ်ယောက်မှာ ရှန်လျန်က သူတို့အား အာရုံစိုက်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် လျိုရှုဟန်က ပြန်စိုက်ကြည့်ပြီး ၊ ရှန်ချန်ကတော့ ဟန်ဆောင်မျက်နှာဖုံးကွာကျသွားသည်။
"ရှန်သခင်မ၊ကျွန်တော့်ရှေ့မှာ အမေကောင်းပုံစံ လုပ်ယူရတာ တော်တော် ပင်ပန်းသွားမှာပဲနော်၊ အချိန်ဖြုန်းနေမယ့်အစား ညီမကောင်းလေးအတွက် လူလွှတ်ပြီးသူမရဲ့ ဇာတိက ဆွေမျိုးတွေကိုသွားရှာခိုင်းတာမှဟုတ်ဦးမယ်"
ပြောပြီးသည်နှင့် ရှန်လျန် ဆက်လျှောက်သွားလိုက်သည်။
လျိုရှုဟန်မှာ သဘောပေါက်ဖို့ အတန်ကြာ အချိန်ယူလိုက်ရသည်။ စကားအစအဆုံး သေချာပြန်တွေးကြည့်ပြီးသည့်အချိန်တွင်
ရှန်လျန်က ကျောင်းတက်ရန်ဝတ်စုံတွေပြင်ဆင်ပြီးလို့ 'ဟယ်ရှန်'ခြံဝန်းထဲ တွင် စိတ်အေးလက်အေး အနားယူနေလောက်ပြီ။ သူမတို့က ဘာအကျိုးမှ မရတဲ့အပြင် စိတ်ဒဏ်ရာပဲ ရသွားသည်။
"အမေ......"
ရှန်ချန်က သူမလက်မောင်းကိုကိုင်ဆွဲရင်း ခြေဆောင့်ကာ ဒေါသထွက်နေသည်။
"တောက်! ဒီသန္ဓေယုတ်ကတော့"
ယခုမှ အသိပြန်ဝင်လာတဲ့ လျိုရှုဟန် သည် မခံချိမခံသာ ဖြစ်လျက် ..အံကြိတ်လိုက်သည်။အဲ့ကောင်စုတ်လေးကြောင့် စိတ်လွင့်သွားမိသည်။ သိတဲ့အတိုင်း ပိုဒေါသထွက်လေ အမှားပိုလုပ်မိလေပင်။ မဟုတ်ပါက သူမ ကို ရှန်လျန်က မည်သို့ သိက္ခာချနိုင်မည်နည်း။
"လျန်လျန်၊သခင်မရဲ့မွေးရပ်မြေက တစ်ခုခုမှားနေမှန်းဘယ်လိုသိလဲ"
ပတ်ဝန်းကျင်မှာ ဘယ်သူမှမကျန်သည့်အခါမှ သူ့အင်္ကျီကိုကိုင်ထားသည့်ချီယွဲ့က တိုးတိုးလေးကပ်မေးသည်။
"မင်းဘာလို့ ...."
"ရှူးးးး နံရံတွေမှာ နားတွေရှိတယ်၊ နောက်မှပြောပြမယ်"
ရှန်လျန် အသာလေးပြုံးလိုက်၏။ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ? ကိုယ်ရံတော်တပ်က နေရာ အနှံ့ ခြေဆန့်ထားတာ၊ ချင်ယွင်ရှန်းမှာ တစ်ခုခုကြံစည်ထားတာရှိရမယ်၊ သီးသန့်ကိုယ်ရံတော်တွေ ဆိုတာ ချင်ဖင်းမြို့စားရဲ့မျိုးဆက်အတွက်ပဲမို့၊ မင်းသားတစ်ဦးတည်း ရဲ့ အမိန့်ပဲနာခံကြတယ်၊ မဟုတ်ရင် ဧကရာဇ်က ချင်ဖင်းမြို့စားကို မဖျက်ဆီးပဲ ဘယ်နေပါ့မလဲ?
သူတို့အရည်အချင်းနဲ့ဆိုရင် မင်းသမီးယွဲ့ဟွားရဲ့ မြေးငယ်ဟာ ဓားပြတွေလက်ထဲရှိနေတာကို သေချာပေါက် ဖော်ထုတ်နိုင်မှာပဲ၊ ပြီးတော့ မင်းသားငယ်ကို ကယ်တင်ပြီး ကျန်ရှိတဲ့ ဓားပြတွေက ရက်ရက်စက်စက်နှိပ်စက်ခံရမှာ မလွဲမသွေပင်၊ ဘဝတစ်လျှောက် လုံးနောင်တ ဆိုတာကို သိသွားစေ မည်မှာ ပြောနေရန်ပင်မလို....
လျိုဝမ်ကျင်း ကဒီတစ်ခေါက် ဘာသတင်းမှ မရသေးတာလား?
Words 2789
Grape 🍇