no

Font
Theme

'ရှန်တာ့နဲ့ ဟော်ရဲ့လင်'



"သတ်!"


ချင်ပြည်ထောင်ရဲ့ နယ်စပ်ဖြစ်တဲ့ တင်းအန်းမြို့တွင်ဖြစ်သည်။ နှစ်ဖက်သော မြင်းစစ်သည်များအချင်းချင်း ရောထွေးကာ တိုက်ခိုက်သတ်ဖြတ်နေကြသည်။  မြေပြင်၌ သွေးရဲရဲက နေရာအနှံ့ တွေ့ရသည်။ သံချပ်ကာဝတ်ရှေ့တန်း စစ်သည်တော်များသည် ညာသံပေးကာ အစုအရုံးလိုက် အသေ‌အကြေတိုက်ပွဲဝင်နေကြသည်။ သွေးညှီနံ့များက လေထုထဲ လှိုင်လှိုင်ထနေကာ စစ်သည်များ၏စိတ်ဓာတ်ကိုပိုမို ရဲသွေးလာစေသည်။ 



အသက်ပေးကာ အကောင်းဆုံး တိုက်ခိုက်နေကြပြီး မြင်မြင်သမျှရန်သူကို တစ်ချက်ထဲ လဲကျသွားစေသည်။ လူ့အသက်များက စစ်မြေပြင်ပေါ်ထာဝရချုပ်ငြိမ်းသွားပြီး မြေပြင်သည်လည်း သွေးနီရောင်မှတစ်ဆင့် အညိုပုပ်ရောင်ပြောင်းသွားသည်။ ကျဆုံးသွားသော စစ်သည်တို့၏ မျက်ဝန်းတွင် နောက်ဆုံးအနေဖြင့် အိမ်ရှိ ဇနီးသည်၊သားသမီးများ၏အပြုံး ကိုပြေးမြင်မိကြ၏။ သို့နှင့် မျက်စိတစ်ခတ်အတွင်းမှာပဲ လှုပ်ရှားနေသော မျက်တောင်များပိတ်ကျသွားတော့၏။ 


"သတ်!"


စစ်သည်ပေါင်းထောင်ချီ၏အလယ်တစ်နေရာ၌ သံချပ်ကာ‌ဝတ်ဆင်ပြီး လှံတံကိုင်ကာ မြင်းပေါ်မှ ရဲရဲဝံ့ဝံ့အမိန့်ပေးတိုက်ပွဲဝင်နေသောသူရှိ၏။ သူ၏ဘေးပတ်ပတ်လည် နှစ်မီတာအကွာအတွင်း သွေးချင်းချင်းနီနေပြီး ရန်သူဘက်မှ တပ်မှူးသော်၎င်း၊စစ်သည်သော်၎င်း အနားမကပ်ရဲကြချေ။ ထိုလူ၏ဦးဆောင်မှုကြောင့် တာ့ချင်စစ်သည်တော်တို့သည် အသက်ပေးဆပ်ရသည်ကိုနောင်တမရပဲ ဓားချွန်ကိုကိုင်စွဲကာ ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည် ။



"တပ်ဆုတ်မယ်!"


ကြောက်မက်ဖွယ်ရာ စစ်တိုက်ပွဲမှာ အချိန်မည်မျှကြာသွားသည်မသိ ကောင်းကင်၏ ရေပြင်ညီမျဉ်းမှ နေလုံးကပျောက်ကွယ်လုနီးနီး။ အသက်ရှင်ကျန်နေသေးသည့် စစ်သည်များလည်း မောပန်းမှုကြောင့် နုံးချိနေကြပြီး တိုဖူးတုံးပင် မဖြတ်တောက်နိုင်တော့အောင်ပင်။ ထိုအခြေအနေထိရောက်နေသော်လည်း စိတ်ထဲတွင် တိုက်ပွဲဖြစ်ပါက ချက်ချင်းထတိုက်မည့်သူတွေဖြစ်သည်။ တစ်ကြိမ်ဆိုလျှင် ဆိုသလို ရန်သူတွေကိုမြန်မြန်သုတ်သင်ပစ်ချင်ကြသည်။ 


အချက်ပေးဗုံတီးသံကြောင့် ထောင်ချီသော သံချပ်ကာစစ်သည်များက သူတို့၏လက်နက်ကိုမြင့်မြင့်မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။ တစ်ချိန်တည်းမှာပဲ အလောင်းပုံက မီးလောင်မြိုက်သွားပြီး မီးခိုးလုံးက ကောင်းကင်ပေါ် တအူအူတက်‌‌ကာ ပျောက်ကွယ်သွား၏။ 


"ဟော်စစ်သူကြီး!"


သူ့ကိုမြင်တာနဲ့ ဂိတ်စောင့်စစ်သည်က ဂိတ်တံခါးကို ခပ်သွက်သွက်ဖွင့်ပေးသည်။ တင်းအန်းမြို့ထဲဝင်တာနဲ့ ဂုဏ်ပြု ချီးမွှမ်းသံတွေကို လစ်လျူရှုပြီး မြို့လယ်က အိမ်ရာထဲ တန်းတန်းမတ်မတ်ဝင်ခဲ့သည်။ စစ်သည်တွေက သူ၏လစ်လျူရှုမှုကို စိတ်ထဲ မထားကြပဲ အောင်မြင်မှုအတွက် ပျော်ရွှင်နေကြသည်။ စစ်ပွဲ၏နောက်ဆက်တွဲသန့်ရှင်းခြင်းနှင့် တာဝန်ဝတ္တရားများကို ပုံမှန်အတိုင်းဆက်လက် လုပ်ဆောင်လိုက်ကြသည်။ 



"ဟော်စစ်သူကြီး"


တင်းအန်း အိမ်ရာက မြို့တော်ရှိအိမ်ရာနှင့်ယှဉ်လျှင် ပိုပြီး ဆိတ်ငြိမ်သည်။ မတူစွာ သစ်လုံးအိမ်ဖြင့်တည်ဆောက်ထားသည်။ ပျားပန်းခတ်မျှ လှုပ်ရှားနေသော အမှုထမ်းများလည်း မရှိပေ။ ထို့အစား တင့်တယ်ပြီး အဆင့်မြင့်‌သော အိမ်အလှဆင်လက်ရာများသာ တွေ့ရသည်။ 


မြင်းအုပ်ကို အဝေးမှ တွေ့တာနဲ့ အိမ်ပေါက်တံခါးကိုဖွင့်ပေးလိုက်ကြပြီး အစောင့်စစ်သည်များက ဒူးထောက်ကာ ဦးကြိုနှုတ်ဆက်သည်။ ပြီးနောက် နှစ်ယောက်သား တံခါးချက်ချင်းပိတ်လိုက်ကြသည်။ 


"ဟော်စစ်သူကြီး"


အိမ်ထိန်းက အမြန်ရောက်လာကာ ကြိုဆိုသည်။ စစ်ပွဲမှ ပြန်ရောက်လာသော စစ်သူကြီးက မြင်းရပ်တန့်သွားချိန်ထိ မစောင့်ပဲ မြေပြင်ပေါ် လွှားကနဲ ခုန်ဆင်းကာ သွေးပေနေသော လှံတံကို အိမ်ထိန်းဆီ ကမ်းပေးသည်။ သံချပ်ကာဝတ်စုံကိုချွတ်လိုက်သဖြင့် တစ်ကိုယ်လုံး၌ လတ်လတ်ဆတ်ဆတ် သွေး‌စိုနေသော အဝတ်အစားကို တွေ့လိုက်ရသည်။ 


"ရှန်တာ့ ဘယ်လိုနေလဲ"



စစ်သူကြီးက အိမ်ထဲ လျှောက်ဝင်ရင်း မေးသည်။ မျက်နှာပေါ် တင်နေသော သွေးတွေကြောင့် အမူအရာကို သေချာမမြင်ရသော်လည်း အလေးအနက်ထားမှန်း သိနိုင်သည်။ 


ပိန်ပါးကျစ်လစ်ကာ မြင့်မားသော အရပ်နှင့် အေးစက်စက်ဟန်ပန်က အခြားသူမဟုတ်.. ဟော်ရဲ့လင်ဖြစ်သည်။ စစ်နတ်ဘုရားဟု အများက ခေါ်တွင်ပါသော အနောက်မြောက် တိုက်ပွဲ၏ ဦးဆောင်သူ စစ်သူကြီးဟော် ဖြစ်၏။ 


"ဖြေဆေးရှာမတွေ့သေးပါဘူး၊ ရှန်ဗိုလ်ကြီးရဲ့ အသက်ကို နှင်းကြာပန်း တိုက်ပြီး အပ်စိုက်ကုနည်းနဲ့ ဆွဲဆန့်ထားပါတယ်"


အိမ်ထိန်းက အခြေအနေကို ဘေးမှ ရှင်းပြသည်။ တိတ်တဆိတ်လိုက်ပါလာရင်း ခေါင်းပင်မဖော်နိုင်ရှာ၊ အသံက  အားမရှိလှ။ ရှန်ဗိုလ်ကြီး အဆိပ်မိနေသည်မှာ ရှစ်ရက်မြောက်ရှိနေပြီဖြစ်၏။ ဟော်စစ်သူကြီးသာ နှင်းကြာပန်းကို အချိန်မီ‌ရှာမပေးနိုင်ခဲ့ရင် ထိုအချိန်ထဲက ဗိုလ်ကြီး ရှန်သေဆုံးသွားလောက်ပြီ။ 


"ဟော်စစ်သူကြီး?"


ဟော်ရဲ့လင် သွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သဖြင့် အိမ်ထိန်းက ကြောင်အမ်းစွာ မေးသည်။ စစ်သူကြီး၏ ခန္ဓာကိုယ်က တောင့်တင်း‌နေကာ ‌လက်နှစ်ဖက်က ခပ်တင်းတင်းဆုပ်ထားလျက် နှုတ်ခမ်းဟာလည်း စေ့စေ့ပိတ်ထားသည်။ 



အစဉ်အမြဲ ရန်သူရှေ့မှာ စူးရဲခက်ထန်နေတတ်သည့် မျက်ဝန်းများက ယခုအချိန်တွင် ပူပင်သောကများထင်ဟပ်နေသည်။ ဟော်ရဲ့လင် ရှေ့ဆက်လျှောက်ခဲ့သည်။ 


သွေးတွေဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ကို သွားမတွေ့ချင်သဖြင့် အခန်းပြန်ကာ ရေအရင်ချိုးလိုက်သည်။ သန့်စင်သော ဝတ်ရုံ ပြောင်းလဲဝတ်ဆင်ပြီးမှ ရှန်တာ့ရှိရာသွားသည်။ ရှန်တာ့ လုပ်ကြံခံရပြီးနောက်ပိုင်း အိမ်ဝန်းထဲမှာရော အပြင်မှာပါ စစ်သည်များကို အလှည့်ကျ ကင်းပတ်နေစေပြီး ခိုင်ရန် ခေါ်လာတဲ့ သံမဏိတပ်သားတွေကို တိတ်တဆိတ်ပုန်းကွယ် ကာကွယ်ထားစေခဲ့သည်။ 


"ဟော်စစ်သူကြီး"


သူရောက်လာတာမြင်တော့ တစ်ဦးပြီး တစ်ဦးဂါရဝပြုကြသည်။ ဟော်ရဲ့လင် ခေါင်းငြိမ့်သော်လည်း တစ်ခွန်းမှ မဆို။ရှန်တာ့အခန်းထဲ တန်းတန်းမတ်မတ်ဝင်ခဲ့သည်။ သမားတော်ရွှီက လက်ထဲမှ ဆေးစာအုပ်ကို ချပြီး ဂါရဝပြုသည်။ 


"ဒုတိယအစ်ကို"


သမားတော်ရွှီက ခြောက်ယောက်မြောက် အဖွဲ့ဝင်ညီငယ်ဖြစ်သည်။ အဆိပ်နယ်ပယ်မှာ ထိပ်တန်းဖြစ်ပြီး ဆေးပညာမှာလည်း တူမတူအောင် ထူးချွန်သည်။ အသက်အားဖြင့်လည်း ငယ်ရွယ်သေး၏။ 


အ‌ဓိကအချက်က ရွယ်ဖုန်းအဖွဲ့အစည်း၏ အနာဂါတ်ဆက်ဆံသူပင် ဖြစ်တော့၏။ သူ၏တည်ရှိမှုကို မထုတ်ဖော်သင့် သော်လည်း အရေးပေါ်အခြေအနေမို့ ဟော်ရဲ့လင်က တောင်ပေါ်မှ အတင်းဆွဲခေါ်လာကာ ဆေးကုခိုင်းရ၏။ 


ကံမကောင်းစွာနဲ့ သမားတော်ရွှီရဲ့ ပညာက ထက်မြက်နေတာတောင် ရှန်တာ့ရဲ့ အဆိပ်ကိုဖြေရန် နည်းလမ်း ရှာမတွေ့ခဲ့ပါ၊ ဆေးသမိုင်းမှာ ဒီအဆိပ်ကိုမှတ်တမ်းတင်ထားခြင်းမရှိသလို သူလည်းမလေ့ကျင့်ခဲ့ဖူးပါ။ ဒါနဲ့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေအပ်ကိုကိုင်ပြီး နှင်းကြာပန်းစွပ်ပြုတ်တိုက်ရသည်။ 


"အင်း"


ဟော်ရဲ့လင် အားမရှိစွာ တုံ့ပြန်သည်။ အကြည့်က ကုတင်ပေါ် မလှုပ်မယှက် လဲလျောင်းနေသော သူဆီသာရှိ၏။ သမားတော်ရွှီကိုကျော်ပြီး ကုတင်ဘေးသို့သွားလိုက်၏။ ကုတင်ပေါ်မှလူက ဖြူဖျော့ပြီး နှုတ်ခမ်းဆိုလျှင် ခရမ်းနက်ရောင် သန်းနေသည်။ မျက်ဝန်းမှိတ်ထားတာတောင် ကြည့်ကောင်းလှသည့်အမျိုးသားဖြစ်သည်။  မျက်နှာပေါက်က ရှန်လျန်နဲ့ အတော် ဆင်တူ၏။ ရှန်လျန့်လောက်တော့ မနူးညံ့မပျော့ပြောင်းချေ။ မျက်နှာကျက ထက်မြက်ကာ ပြတ်သားတတ်သည့် အနေအထားပင်။ 



ထိုသူက ရှန်တာ့ဖြစ်သည်။ ရှန်လျန်၏ ချစ်ရပါသော တစ်ဦးတည်းသော အစ်ကိုပင်။ ဒီနှစ်တွေမှာ သူလည်း အခက်အခဲများစွာနဲ့  မြို့တော်မှာ ခန့်ခန့်ထည်ထည်မနေရပဲ စစ်မြေပြင်ရောက်နေရသည်။ 


"လောင်ကုန်း!"


ဟော်ရဲ့လင်က ကုတင်စွန်းမှာ ထိုင်ပြီး အပူချိန်သိပ်မရှိတဲ့ ခင်ပွန်း မျက်နှာကို အသာထိလိုက်ပြီးခင်ပွန်း ဟူသော စကားလုံးက နှုတ်ဖျားမှ ထွက်ကျလာသည်။ သာမာန် 'ကော'တွေလိုပဲ ဟော်ရဲ့လင်ရဲ့ ခန္ဓာကိုယ်က ပိန်ပါးသွယ်လျ‌သော် လည်း  နှစ်များစွာ စစ်မြေပြင်ရဲ့ သေခြင်းရှင်ခြင်းကြားမှာ ရုန်းကန်ခဲ့ရတာကြောင့် ချောမောတဲ့ မျက်နှာက အနည်းငယ် အေးစက်စက်။ ထိုသို့ သီးသန့်ဆန်ပြီး မာရေကြောရေနိုင်သည့် ကော က တစ်ခြား ယောင်္ကျားတစ်ယောက်ကို လောင်ကုန်းဟု နူးနူးညံ့ညံ့ခေါ်ခဲ့သည်။ 



သို့သော်ငြား သူသည် သာမာန်သူတွေလိုမဟုတ်၊ ယောင်္ကျားပေါင်းများစွာကို တွေဝေတုံ့ဆိုင်းခြင်းမရှိ ရှင်းပစ်ခဲ့သည့် အင်အားကြီးသောသူဖြစ်သည်။ 


" ဘယ်လောက်ပဲ ကုန်ကုန်၊ ငါ ရအောင်ကယ်မယ်"


အနည်းငယ် ပြာနှမ်းနေသည့် နှုတ်ခမ်းပေါ် အသာအယာ အနမ်းပေးလိုက်သည်။ ထို့နောက်ကိုယ့်နဖူးကိုယ်ထိကာ မျက်ဝန်းတွေ ပိတ်ချပြီး သက်ပြင်းမော ချမိ၏။ ရန်သူတွေရဲ့ အလစ်ဖမ်းတိုက်ခိုက်မှုကြောင့်သာမဟုတ်ရင် ရှန်တာ့ကို ရွှယ်ဖုန်းတောင်ပေါ်ခေါ်ပြီး ဆရာ့ဆီ သွားအကူအညီတောင်းလို့ရနိုင်သည်။  ခုတော့ စစ်ပွဲကို အခြေငြိမ်အောင် အရင်ဆောင်ရွက်ပြီးမှ အမြန်ခေါ်သွားနိုင်‌တော့ မည်။ ဆရာ့ဆေးပညာစွမ်းနဲ့ကုရင် အဆိပ်အာနိသင်ပျယ်ပြီး ပြန်လည်ထူထောင်လာလိမ့်မည်။ ကျန်းမာရေးကောင်းသွားမှ မြို့တော်မှာ စောင့်နေတဲ့ သူတို့သားဆီ ပြန်နိုင်မှာဖြစ်၏။ 


"ဒုတိယအစ်ကို.. ကျွန်တော် ရှန်ဗိုလ်ကြီးရဲ့ ကျန်းမာရေးအကြောင်း ဆရာ့ဆီစာပို့ထားပါပြီ၊ ပြန်စာလည်း မကြာခင်ရလာတော့မှာမို့ အဆင်ပြေသွားမှာပါ"


ဒီရက်တွေမှာ ဟော်ရဲ့လင်က မျက်ရည်တစ်စက်မှ မကျတဲ့အတွက် စိတ်မာတယ်လို့ အများက ထင်ကောင်းထင်နိုင်သည်။ 



ကလေးဘဝထဲက အတူကြီးပြင်းလာတဲ့ သမားတော်ရွှီသာလျှင် ဆရာတူအစ်ကိုရဲ့ရင်ထဲက နာကျင်မှုကို ခံစားနိုင်ခြင်းပင်။ 


"ငါ့ကိုလာမလိမ်နဲ့၊ ဒီအဆိပ်က ဆေးပညာ သမိုင်းမှာ မရှိဘူးမလား၊ တစ်ယောက်ယောက်က  တိတ်တဆိတ် ဖော်စပ်ထားတာပဲ"


ဟော်ရဲ့လင် ဟာ.. ရှန်တာ့ လက်ကို ကိုင်ထားရင်း ဆရာတူညီ ကို အေးစက်စက် လှည့်ကြည့်သည်။ ညီအစ်ကိုအားလုံးက ကိုယ်ခံပညာအရာမှာ ကျွမ်းကျင်ကြသလို ဆေးပညာဘက်လည်း အနည်းနဲ့အများတီးမိခေါက်မိ ရှိကြသည်သာ။အနောက်တောင်ဘက်နယ်က အဆိပ်တွေတောင် နာမည်ကျော်ကြားပြီး အာနိသင်ပြင်းပေမယ့် အဆိပ်ဖြေဆေးဖော်စပ်လို့လွယ်သေး၏။  ထိုသို့ ပုံမှန်အဆိပ်တွေနဲ့ရင်းနှီးမှုရှိပေမယ့် ယခုရှန်တာ့၏အဆိပ်က မတူပေ၊ ခန္ဓာကိုယ်ထဲ ပျံ့နှံ့နေတဲ့ အဆိပ်ကို ပြေအောင် ဘယ်လို ဆေးတိုက်တိုက် ကုမရဖြစ်နေသည်။ ထို့အတွက် အချိန်မရွေးအသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ 



"ဒုတိယအစ်ကို"


သမားတော်ရွှီက မျက်မေ‌ှာင်ကြုံ့၏။ သူ၏ အေးဆေးလွန်းတဲ့ပုံစံက လူတွေကို ကြက်သီးထစေသည်။ 


"ဒုတပ်ချုပ် ရှောင်ရဲ့ အခြေအနေဘယ်လိုလဲ"


ဟော်ရဲ့လင် ဆက်မပြောချင်တော့တာကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။ ရှောင်ယွီက ရှန်တာ့ကို ကာကွယ်ပေးရင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တာပဲဖြစ်သည်။ အစက အနောက်မြောက်အရပ်ကိုရောက်လာတာ လအနည်းငယ်ပဲရှိသေးတာကြောင့် သူ့အပေါ် သိပ်အယုံကြည်မရှိပေမယ့် သူက ရှန်လျန်ရဲ့လူလို့ပြောတာကြောင့် ရှန်တာ့က သူ့ဘေးမှာ ယာယီတပ်ချုပ်အဖြစ် ခန့်ထားကာ အနီးကပ်စောင့်ကြည့်ခဲ့သည်။ 


ထိုအချိန်ကသာ ရှန်တာ့ကို မကာကွယ်ပေးခဲ့ရင် ရှန်တာ့အခုချိန် အေးစက်နေတဲ့အလောင်းကောင် ဖြစ်နေလောက်ပေပြီ။ 


"သူ့ခံနိုင်ရည်အားက ကောင်းတယ်၊ အချိန်မှီ ကုသမှုလည်း ရတယ်ဆိုတော့ မကြာခင် ပြန်ကောင်းသွားမှာပါ၊ သွေးထွက်လွန်သွားတာတစ်ခုပဲ၊ ဒီနေ့တောင် သတိရလာချင်းချင်း ဗိုလ်ချုပ်ရှန်အကြောင်း မေးနေသေးတယ်၊ အဆိပ်မိပြီး သတိလစ်နေတဲ့အကြောင်းကြားတော့ အိပ်ရာပေါ်ကထပြီး လူသွားရှာရမယ်လို့ပြောတယ်၊ ကျွန်တော်က သူ့ကိုခဏလောက် နားနားနေနေ နေဖို့ပြောပါသေးတယ်၊ ပြောမရဘူး"



သမားတော်ရွှီက ကူကယ်ရာမဲ့စွာနဲ့ ဒုတပ်ချုပ်‌ေရှာင်ယွီအကြောင်း ပြောပြလေ၏။ ရှောင်ယွီက ဗိုလ်ကြီး ရှန်ကို ကာကွယ်ပေးခဲ့ရတာမို့ သူလည်း သုံးရက်တိတိ အသက်အန္တရာယ်စိုးရိမ်ခဲ့ရတာပင်။ ဒီနေ့မှ သတိပြန်လည်လာတာကိုက ကံကောင်းလွန်းနေပြီဖြစ်၏။ 


"ဘယ်သူ့ကိုသွားရှာမလို့လဲ သူက?


ဟော်ရဲ့လင်က သေချာအောင် မေးသည်။ ရှန်လျန့်ကိုသွားရှာတာတော့ မဟုတ်ဘူးမလား? မဟုတ်လောက်ပါဘူး၊ ရှန်လျန်က မြို့တော်မှာ ရှိနေတာကို သွားရှာလည်း အချိန်ကုန်ရုံပဲရှိမှာ၊ ရှန်တာ့ပြောပြတာ... သူတို့အဖေက ရှန်လျန့်ကို သဘောမကျဘူးတဲ့၊ ကလေးက အားနည်းပြီး လူလည်းကြောက်တတ်တယ်တဲ့၊ အခုအရွယ်ရလာလို့ အရင်နဲ့မတူပဲ ပြောင်းလဲသွားပြီလို့ သတင်းကြားပေမယ့် တကူးတကကြီး သွားခေါ်လာစရာတော့ မလိုဘူးလားလို့? တစ်ဖက်ကကြည့်ပြန်ရင်လည်း ရှောင်ယွီက ကပျက်ကချော် လုပ်တတ်မယ့်သူတော့မဟုတ်ဘူး၊ ကယ်တင်နိုင်မယ့်နည်းလမ်း ရှိလို့ပဲဖြစ်ရမယ်။


"ဒုတိယအစ်ကို ဘယ်သွားမလို့လဲ"



ထရပ်ပြီး ထွက်သွားတော့မယ့်ဟန်ကြောင့် သမားတော်ရွှီက အမြန်လှမ်းတားသည်။ ဟော်ရဲ့လင် ‌ခဏရပ်လိုက်ပြီး ပြောသည်။ 


"ရှောင်ယွီကို သွားရှာမယ်၊ ရှန်တာ့က ရှန်လျန်အတွက် အရေးပါတဲ့သူပဲ၊ သူသာ တစ်ခုခုလုပ်နိုင်ရင် မျှော်လင့်ချက်နည်းနည်းရှိတယ်ဆိုရင်တောင် ငါတို့ကြိုးစားကြည့်ရမယ်"


"ကျွန်တော်လည်း လိုက်မယ်"


"ဟော်စစ်သူကြီး.... မြို့စားမင်းနဲ့ ရှန်သခင်လေး ရောက်လာပါတယ်"


သမားတော်ရွှီရဲ့ စကားအဆုံး ပုန်းကွယ်စောင့်ကြည့်နေတဲ့ ခိုင်ရန်က ရုတ်တရက် သတင်းပို့သည်။ ဟော်ရဲ့လင် မျက်ခုံးပင့်သွားသည်။ 


"ဘယ်လိုလုပ် ရောက်လာတာလဲ? ခုသူတို့ဘယ်မှာလဲ"


ညီသုံးက ဘာလာလုပ်တာပါလိမ့်? စစ်မြေပြင်ကို လာချင်ရင်လည်း ဘာလို့ ကလေးကို ခေါ်လာရတာလဲ?


ဟော်ရဲ့လင်က ရှန်လျန်ကို အပြင်မှာ လူချင်းမတွေ့ဖူးသေးပေမယ့် သူ့ညီလေးအရင်းလို သတ်မှတ်ထားပြီး ဖြစ်သည် ။


"ကျွန်တော်တို့ ဒီမှာ"



 သူ့ရဲ့အသံကြားတာနဲ့ တစ်ခန်းလုံး လေအေးဖြတ်တိုက်သွားသလို ခံစားရသည်။ အသံကြားရာ လှည့်ကြည့်လိုက်သော် ‌အပြုံးယောင်ယောင်လေးနဲ့ ဖေးယွမ်ရွှင်းက ရှန်လျန်နဲ့အတူ အခန်းထဲ ဝင်လာသည်။ 


"ညီသုံး"


ညီလေး? 

(Tn. လင်ရဲ့ညီကို ဘယ်လိုခေါ်မှန်းမသိလို့)


"သခင်!"


အခန်းထဲက သုံးယောက်လုံး အသီးသီး နှုတ်ဟကြပေမယ့် ဖေးယွမ်ရွှင်းက တုံ့ပြန်ခြင်းမရှိ၊ဘာကြောင့်ဆို အိပ်ရာပေါ်မှာ လဲနေတဲ့သူကိုတွေ့တာနဲ့ ရှန်လျန်ရဲ့ခြေထောက်က မြေပြင်ပေါ် ခိုင်ခိုင် မရပ်နိုင်တော့ပဲ ပျော့ခွေသွားတာကြောင့် ခပ်တင်းတင်း ဆွဲပွေ့နေရသောကြောင့်ဖြစ်သည်။ 


"ကော..."


ရှန်လျန်ရဲ့အသံကဆို့နင့်နေပြီး လျှပ်တပြက်ဆိုသလို မျက်ရည် မထိန်းချုပ်နိုင်တော့ပါ၊ဘေးလူတွေအပေါ်အာရုံမရတော့ပဲ သတိလစ်မေ့မျောနေတဲ့ ရှန်တာ့ တစ်ဦးတည်းကိုသာ မြင်တော့သည်။ 



 "စိတ်အေးအေးထား၊ မငိုနဲ့လေ"


လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ပြီး ပွေ့ဖက်ထားကာ မေးဖျားကို ရှန်လျန့် ဦးခေါင်းကိုအသာ ထိတင်ကာ ချော့သည်။ လျန်လျန်က ခန္ဓာကိုယ် တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီနေသည်။ ခုမှရင်ထဲက အလုံးကြီး ကျသွားသလိုခံစားရ၍ဖြစ်မည်။ ရှန်တာ့ မသေသေးဘူးဆိုမှတော့ စိတ်အေးအေးထားပြီး ဆေးကုပေးနိုင်ပြီဖြစ်သည်။ 



 "ကော..တာ့ကော"



ရှန်လျန် ခံစားနေရတဲ့ ပုံစံကြောင့် နဂိုက ကုတင်ဘေးရှိနေတဲ့ သုံးယောက်သား ဘေးကပ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။ ရှန်လျန်က မြင်းစီးဒဏ်ကြောင့် ပေါင်တွင်းသား ပွန်းပဲ့ဒဏ်ရာ ရခဲ့ပြီး ခြေနှစ်လှမ်းလောက်လှမ်းလိုက်တာနဲ့ မြေ

ပြင်ပေါ် ပုံလျက် ကျသွားခဲ့သည်။ သို့သော် အရှုံးမပေးပဲ အစ်ကိုဟု တသွင်သွင်ခေါ်ကာ ရုန်းကန်၍ထသည်။ တွားသွားရင်းနောက်ဆုံးတော့ ကုတင်ဘေးရောက်သွား၏။ 


2671 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment