no

Font
Theme

'‌လူထုရဲ့ ဒေါသကိုနှိုးဆွပြီး အေးအေးဆေးဆေး အဆုံးသတ်'

မြင်းရထားလှည်းတန်းက မြို့အနောက်ဘက်ပေါက်မှ ထွက်ခွာလာသည်။ ရှန့်ကော ဘုရားကျောင်းသို့သွားရာလမ်းတစ်လျှောက်၌ ရေဘေးသင့်ပြည်သူများက နေရာတိုင်းပြည့်လျက် မြို့တော်သို့ဝင်ခွင့်ရရန် စောင့်ဆိုင်းနေကြသည်။ ဆည်တာတမံကျိုးပေါက်မှုနဲ့ ပတ်သက်ပြီး ရုံးတော်က အထူးအလုပ်ရှုပ်နေပုံပေါ်ပေမယ့် ကြည့်ရတာ အခြေအနေ သိပ်မ‌ထူးပုံပင်။ တစ်ကယ်ဆို ပြဿနာက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလှသည်မဟုတ်ချေ။ ရေဘေးသင့်ဒုက္ခသည်တွေအတွက် အသုံးစရိတ်ရန်ပုံငွေဟာ ရာထူးအဆင့်ဆင့်မှ ရိတ်သိမ်းခံလိုက်ရပြီး သုံးပုံပုံ တစ်ပုံသာ ပြည်သူတွေလက်ထဲ ရောက်၏။

"သနားကြပါရှင် စားစရာလေး မျှဝေပေးခဲ့နိုင်မလား!"

"တောင်းဆိုပါတယ်ဗျာ... စားစရာလေးရှိရင် စွန့်ကြဲပေးခဲ့ကြပါ၊ ဘာမှမစားရတာ 3ရက်ရှိနေပြီမို့ပါ"

"ကျေးဇူးပြုပြီး စားစရာလေးစွန့်ကြဲပေးခဲ့ပါရှင်"

"စိတ်ပျက်စရာတွေ..."

နာရီဝက်ခရီးက လူအုပ်ကြောင့်နှောင့်နှေးပြီး လမ်းမှာတင် ၂နာရီ ခန့် တိုးဝှေ့ဖြတ်ကျော်လိုက်ပြီးမှ ဖုန်းမင်တောင်ခြေသို့ ရောက်သည်။

သို့သော်ရွေးချယ်စရာမရှိပဲ လှည်းတန်းရှည်ကြီးကို ရပ်တန့်လိုက်ရသည်။ ဒုက္ခသည်တွေက တောင်ခြေမှာ ပိုလို့ပင် စတည်းချနေကြပြီး ၎င်းတို့၏ စိတ်မချမ်းမြေ့ဖွယ် ငိုယိုသံများကို အတိုင်းသားကြားနေရသည်။ အရာရှိတို့မှ မောင်းထုတ်ရန်ကြိုးပမ်းသံများမှာလည်း တစ်ခါတရံထွက်ပေါ်လျက်။

"ပဉ္စမ သခင်လေး.....မြင်းလှည်းက ရှေ့ဆက်သွားလို့မရတော့ဘူး"

လေ့ကျန်းပြောလာတာကြောင့် ရှန်လျန်က လိုက်ကာကိုမပြီး အပြင်ဘက်တစ်ချက် ကြည့်လိုက်သည်။ ရှန့်ကော ဘုရားကျောင်းမှာက ဘုန်းတော်ကြီးတွေရှိတာကြောင့် ဒုက္ခသည်တွေက ဘုရားတောင်ခြေမှာပဲ ‌ယာယီနေထိုင်ကြပုံရသည်။ ဘုရားကျောင်းဝင်ပေါက် ရောက်ဖို့မီတာ အနည်းငယ် ထပ်သွားရန်လိုသေးရာ လမ်းဆင်းလျှောက်ပါက ဒုက္ခသည်တွေကြား ညှပ်သွားပြီး ဂရုမစိုက်မိလျှင် ဆွဲလားရမ်းလား အခြေအနေရောက်သွားနိုင်သည်။

"အလျင်မလိုဘူး၊ သူတို့ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင်"

လိုက်ကာပြန်ချလိုက်ပြီး မျက်လုံးမှိတ်ကာ အသာမိန်းနေလိုက်သည်။

"များလိုက်တဲ့ ဒုက္ခသည်တွေ"

ကျောက်လန်နဲ့ လုယန်ရဲ့အမူအရာက ကြည့်ရဆိုးနေသည်။ လမ်းနည်းနည်းလောက် ဆင်းလျှောက်ဖို့က အပန်းမကြီးသော်လည်း ပြဿနာမှာ ရေဘေးသင့်ဒုက္ခသည်တွေမှာ ကူးစက်ရောဂါပါလာမလားမသိနိုင်ခြင်းကြောင့် အရမ်းအနားကပ်လာခဲ့လျှင် သူတို့ရဲ့ ဖြူစင်တဲ့ မိန်းမသားပုံရိပ်က ဆက်လက်မထိန်းထားနိုင်‌ေတာ့ပဲပျောက်ပျက်သွားနိုင်သည်။

"တစ်ယောက်လောက် သွားမောင်းထုတ်လိုက်ကြစမ်း"

သခင်မကြီးက မနှစ်မြို့တဲ့အမူအရာနဲ့ အမိန့်ပေးလိုက်သည်။ အစေခံနဲ့ အစောင့်များက ဒုက္ခသည်များနှင့်စတင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

"အိုင်းယိုး.... ပြည်သူတွေကို အနိုင်ကျင့်နေတယ်ဗျိုး"

"ကယ်ကြပါ"

"လူတွေကိုသေအောင် ရိုက်နှက်နေတယ် ကယ်ကြပါ"

ဆာလောင်နေကြတဲ့လူတစ်စုက တစ်ဖက်လူတွေရဲ့ ရာထူးရာခံတွေကို ဂရုမစိုက်ချေ။ သူတို့ ထပ်ပြီး ဆုံးရှုံးစရာမှ မရှိတော့ပဲလေ။ အစေခံနဲ့အစောင့်တွေရဲ့ ကန်ကျောက် ရိုက်နှက် မောင်းထုတ်ခြင်းနည်းလမ်းက ရက်စက်သဖြင့် ရှေ့ဆုံးမှဝန်းရံနေတဲ့ ဒုက္ခသည်တွေက မြေပြင်ပေါ် လဲကျသွားကြသည်။ များမကြာမီ သူတို့ရဲ့လှည်းတစ်ဝိုက်မှာ လူရှင်းသွား၏။

"အား.. ဘာလုပ်တာလဲ? တားကြပါဦး"

"ခင်ဗျားတို့ ဘာလို့ဒီလို လုပ်တာလဲ!"

"အား...."

အယောက်နှစ်ဆယ်သော အစေခံနဲ့ အစောင့်များက ရိုက်နှက်ကာ မောင်း‌ထုတ်သောကြောင့် ဒုက္ခသည်များက ဒေါသထွက်ပြီး တုံ့ပြန်လာကြရာ တိုက်ခိုက်သံ၊ ရိုက်နှက်သံနဲ့ နာကျင်ငိုယိုသံများက ကောင်းကင်တခွင် ပွက်လောရိုက်နေသည်။ အမှန်တစ်ကယ်ကို ရုန်းရင်းဆန်ခတ်အခြေအနေပင်။

"အဲ့တာ တုံးလင်အိမ်တော်က လှည်းတန်း မဟုတ်ဘူးလား? သူတို့ မရှက်တတ်တော့ဘူးလား ခုလိုလုပ်တာ"

"အတော်ဆိုးတာပဲ၊ ဒုက္ခသည်တွေအပေါ် ခုလိုလုပ်ရက်တာ၊ သူတို့ကိုယ် သူတို့ အရင်လိုအာဏာရှိတယ်များထင်နေလား၊အဲ့လို ဒုက္ခရောက်သွားတာပဲကောင်းတယ်၊ ထိုက်တန်လို့ ခံရတာပဲ"

"မဟုတ်သေးဘူးလေ၊ အဲ့လိုမမောင်းထုတ်တော့ရော? ‌‌ဒုက္ခသည်တွေက ဘာလုပ်သင့်လဲ မစဉ်းစားမဆင်ခြင်နိုင်ကြတော့ဘူး၊ တော်ရုံ အနားကခွာမှာ မဟုတ်ဘူးလေ"

"သွားစို့ သွားကြရအောင်၊ တော်ကြာ ငါတို့ပါ အရှုပ်အထွေးထဲ ရောပါသွားနိုင်တယ်"

မူလက လူအုပ်ကြား ညှပ်နေတဲ့ လှည်းတန်းဟာ ဘုရားကျောင်းဆီ သွားရန် လမ်းဖောက်နိုင်သွားသည်။ ဒီအခွင့်အရေးကိုအသုံးချပြီး မြင်းထိန်းတွေက ခပ်သွက်သွက် မောင်းနှင်သည်။ ဘုရားကျောင်းဝင်ပေါက်သို့ ရောက်‌လာခါနီးသော လှည်းတန်းရှည်က တုံးလင်အိမ်တော်သားများ ဖြစ်တာကြောင့် ဆုတောင်းသူများက အလျင်မလိုကြပဲ လှည်းထဲက ထွက်လာမယ့် လူတွေကိုသာ စောင့်ကြည့်နေကြသည်။

တစ်ဖက်မှာလည်း လူအုပ်က သူတို့လှည်းနား အမှတ်မရှိ ဝိုင်းအုံလာပြန်သည်။

"သူတို့ကိုတားကြ!"

"အား အမေ.. လှည်းက ကျိုးတော့မယ်"

"ရဲတင်းလိုက်တာ! နင်တို့ ရဲ့အောက်တန်းစားမျက်လုံးတွေကို သေချာဖွင့်ကြည့်ကြစမ်း၊ ငါတို့က တုံးလင်အမတ်ကြီးရဲ့ အိမ်သူအိမ်သားတွေပဲ"

"အမတ်ကြီးအိမ်ကဖြစ်တော့ရော လူတွေကို ကြိုက်သလို ရိုက်လို့ရသွားရောလား"

"ဟုတ်သားပဲ ဘာဆိုင်လို့လဲ"

"အေးလေ ... ဘာဆ်ုင်လဲ"

လူအုပ်က သခင်မ‌ေတွကို ဒေါသတကြီး တန်ပြန်အော်ဟစ်လိုက်ကြသည်။ အစောင့်တွေပင် ထိန်းမထားနိုင်လောက်အောင် တိုက်ခိုက်လာကြသည်။

တစ်ချို့ ဒုက္ခသည်တွေဆိုလျှင် အစောင့်တွေကို တက်နင်းပြီး လှည်းပေါ်ပင် ရောက်တော့မည်။ ထိုသို့ ပရမ်းပတာ အခြေအနေက တားမည့်သူမရှိလျှင် မပြီး ဆုံးနိုင်တော့ပါ။

"ပဉ္စမ သခင်လေး?"

ဒုက္ခသည်တွေကိုမောင်းထုတ်တဲ့ အစောင့်တွေက သူ့လူတွေ မဟုတ်သလို သခင်မကြီးကလည်း သူ့ကိုဂရုစိုက်နေမှာ မဟုတ်ချေ။ ကံကောင်းစွာနဲ့ လေ့ကျန်းက သူ့လူတွေကို ဒုက္ခသည်တွေကြား ရောနှောစေကာ လှည်းကို ဝန်းရံကာကွယ်ထားစေခဲ့သည်။

ရှန်လျန်က လိုက်ကာ မပြီး အခြေအနေကြည့်ရုံတင်မကပဲ လှည်းအပြင်ဘက် ထွက်လာမယ်လို့ လေ့ကျန်း မထင်ထားမိခဲ့၊ သွယ်လျတဲ့ခန္ဓာကိုယ်က မတ်မတ်ရပ်နေပြီး လှပချောမွတ် တဲ့ အသွင်အပြင်က မြင့်မားတဲ့ အဆင့်အတန်းကိုပေါ်လွင်စေသည်။ တည်တည်တံတံ့နေတတ်သော အရှိန်အဝါနဲ့ ပေါင်းစပ်လိုက်သော် ငြိမ်းချမ်းအောင် အုပ်စိုးပေးနိုင်မယ့် နတ်ဘုရားတစ်ပါးလိုပင်။ သူ့ပုံရိပ်က ချက်ချင်းပဲ ဒုက္ခသည်တွေရဲ့အာရုံကိုဆွဲ‌‌ဆောင် နိုင်သွားသည်။

"ပဉ္စမ သခင်လေး!"

လေ့ကျန်းက သူ့ကိုမြင်တာနဲ့ အနီးကပ်ကာကွယ်ရန် ပြေးလာသော်လည်း ရှန်လျန်က တားလိုက်သည်။ လှည်းပေါ်မှာ ရပ်နေရင်း ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။

နွေရာသီမှာ ပွင့်လန်းတဲ့ ပန်းလေးလို နွေးထွေးကြင်နာသိမ်မွေ့တဲ့ အပြုံးပိုင်ရှင်က ဒုက္ခသည်တွေရဲ့ စိတ်ကို စိုးမိုးနိုင်သွားသည်။ထိုအခိုက် ရှန်လျန်က လက်ကို ဝမ်းဗိုက်ရှေ့တစ်ဝိုက်မှာ ထားကာ ဦးညွှတ်လိုက်သည်။

" ကျွန်တော့်နာမည်က ရှန်လျန်လို့ခေါ်ပါတယ်၊ တုံးလင်အိမ်တော်ရဲ့အမွေခံ သားအနေနဲ့ အိမ်တော်က အစေခံတွေရဲ့ရိုင်းပြမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့စိတ်ရင်းကိုဖော်ပြတဲ့အနေနဲ့ ဝင်ပေါက်မှာ ပေါက်စီပူပူလေးဝေပေးပါ့မယ်၊ အားလုံးပဲ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ"

လူငယ်လေးက လှပရုံတင်မက စိတ်ထားလည်း ကောင်းလှတယ်။ ဒုက္ခသည်အပေါင်းက တစ်ခဏကြောင်ငေးနေမိပြီး ပတ်ဝန်းကျင်ကစောင့်ကြည့်နေကြတဲ့ ဘုရားကျောင်းလာ ဧည့်သည်တွေအပြင်၊ ဘုန်းကြီးတွေလည်း အံ့အားသင့်နေကြသည်။

မြို့တော်က လူတိုင်းဟာ ရှန်လျန့်နာမည် ဂုဏ်သတင်းကို ကြားဖူးကြသော်လည်း လူချင်းမတွေ့ဖူးကြပေ။ သတင်းတွေအရ လူငယ်လေးက ကောင်းကင်ကသက်ဆင်းလာတဲ့ နတ်သားလေးဆိုတာ အမှန်ပင်။ မြို့တော်ကို ပြန်ရောက်လာတဲ့နှစ်လမှာပဲ ရှန်လျန်က အလှဆုံးမိန်းကလေး ရှန်ချန့်နေရာကို အစားထိုးဝင်ယူသွားသည်။ ကောလဟာလဆိုတာ အကျယ်ချဲ့တတ်သည်မို့ အစပိုင်းမှာ သူ့ကိုမမြင်ဖူးတဲ့လူတွေက မယုံခဲ့ကြပေ၊ အခုတော့ လူငယ်လေးက ဂုဏ်ပုဒ်နဲ့တစ်ကယ် ထိုက်တန်သည်ပဲ၊ ရှန်လျန့်အလှက မိန်းမချောချောသည့်အလှမျိုးဖြစ်၏။ ကြည်ရှင်းနေသည့် မျက်နှာလေးက အစိတ်အပိုင်းတိုင်း ပြီးပြည့်စုံနေပြီး တမင်ဖန်ဆင်းထားသည့်အတိုင်း၊လူတိုင်းက သူ့ရဲ့အလှနဲ့ယှဉ်လျှင် မှေးမိန်သွားရသည်။

"အဲ့ဒီသန္ဓေယုတ်..."

ဒီလိုအခြေအနေမှာ ရှန်လျန်က အခွင့်အရေးယူလိုက်နိုင်မယ်လို့ မထင်ထားမိရာ သခင်မကြီးက အံကြိတ်ထားရုံသာ တတ်နိုင်ပြီး အမှားထပ်မလုပ်ရဲတော့ချေ။ အဓိကရုဏ်းဖြစ်အောင် ထပ်လုပ်မိလျှင် စီစဉ်ထားသမျှ ရေစုန်မျှောသွားလိမ့်မည်။

"အားလုံးသဘောတူတယ်ဆိုမှတော့ ကျွန်တော်တို့လှည်းကိုသွားခွင့်ပြုနိုင်မလားဗျာ"

ရှန်လျန်က တချို့တချို့တွေကို လစ်လျူရှုပြီး သိမ်မွေ့စွာပြုံးပြလိုက်သည်။ လူတိုင်းရဲ့ နားလည်မှုကိုရလိုက်လျှင် လွယ်လွယ်ကူကူပဲ ဖြတ်ကျော်နိုင်လိမ့်မည်။ မူလက အစေခံနဲ့ ဒုက္ခသည်တွေရဲ့ ပရမ်းပတာ အခြေအနေက တစ်ခါမှ မဖြစ်ခဲ့တဲ့အတိုင်း တည်ငြိမ်အေးချမ်းသွားနိုင်သည်။

"ငါတို့ကိုမလိမ်ဘူးဆိုတာ ဘယ်လိုသိနိုင်မှာလဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ လူချမ်းသာတွေက သူတို့လွတ်မြောက်ပြီးရင် ငါတို့ကိုမေ့သွားကြမှာ"

"အမှန်ပဲ၊ ဒီတိုင်း သွားခွင့်ပေးလို့မဖြစ်ဘူး၊ ခင်ဗျားရဲ့လူတွေက ကျုပ်တို့ကို နာကျင်အောင် လုပ်ခဲ့တာကို အရင် ဖြေရှင်းပေး"

"ဟုတ်တယ်ဟေ့"

အနည်းငယ်သော ခေါင်းမာသည့် လူတချို့မှမကျေနပ်သံထွက်လာသော်လည်း ရှန်လျန်က ‌တည်ငြိမ်စွာ ကိုင်တွယ်သည်။

"ကျွန်တော့် အနေအထားကိုတောင် ထုတ်ဖော်ပြောထားပြီးပြီပဲ၊ ပြောတဲ့အတိုင်းမလုပ်ရင် အချိန်မရွေး တုံးလင်အိမ်မှာ လာရှာနိုင်တယ်၊ ကျွန်တော်က ကိုယ့် နာမည်ကိုယ် အပျက်ခံပြီး မဟုတ်တာ ပြောပါ့မလား?

ကျွန်တော့်လို 'ကော'အနေနဲ့ နာမည်ဂုဏ်သတင်းက ဘယ်လောက် အရေးကြီးလဲ ခင်ဗျားတို့ အသိပါ၊ ခင်ဗျားတို့ မယုံလို့ ရပါတယ်၊ ဒါပေမယ့် တုံးလင်အိမ်တော်က မိသားစုငယ် မဟုတ်ဘူးဆိုတာ အသိပေးလိုက်ပါရစေ၊ ကျွန်တော့်အစ်ကို ရှန်တာ့က အနောက်အရပ်စစ်ပွဲကိုဦး‌ဆောင်တိုက်နေတဲ့ စစ်ဗိုလ်ပဲ၊ ကျွန်တော်တို့ တစ်ခုခုဖြစ်သွားတယ်လို့ သူကြားရင် ထိန်းမရအောင် ဒေါသူပုန်ထသွားနိုင်တယ်၊ လူတိုင်းက အကျိုးရှိပြီး၊ သင့်လျော်တဲ့ ရွေးချယ်မှုမျိုး ပြုလုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

ရှန်လျန်က အတင်းအကြပ်တိုက်တွန်းတာမျိုး မလုပ်ပေ။ အမိန့်အာဏာနဲ့ ဂရုဏာတရားချင်းယှဉ်ပြီး ရွေးချယ်ခိုင်းလိုက်သည်။ ဤသို့ဖြင့် ဒုက္ခသည်ပြည်သူများက တဖြည်းဖြည်း ရှန့်ဘက်ဘက် ပြောင်းလာကြသည်။

"လူတိုင်းပဲ ရှန်သခင်လေးစကားကို နားထောင်လိုက်ကြရအောင်၊ သူကတုံးလင်အိမ်တော်က သခင်လေးဖြစ်ပြီး ချင်ဖင်းမြို့စားကတော်လည်း ဖြစ်တယ်၊ ငါတို့ရေကြီးတဲ့ရက်တုန်းက ချင်ဖင်းမြို့စားရဲ့တပ်သားတွေ က ဟိုင်ရန်အမတ်ကြီးသားအဖရယ် ဗိုလ်ကြီး လင်းရဲ့တပ်သားတွေနဲ့ပူးပေါင်းပြီး ကယ်ပေးခဲ့တယ်မလား၊ သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ လယ်တွေ၊အိမ်တွေ ဒီ့ထက် ပိုပြီး ဆုံးရှုံးရမှာ"

"ဟုတ်တယ် ရှန်သခင်လေးကို ယုံကြည်လိုက်ရအောင်၊ လူတိုင်းပဲ လမ်းဖယ်ပေးလိုက်ကြ"

"သခင်လေး ခင်ဗျားရဲ့ စကားတည်ရမယ်နော်"

"အားလုံး စိတ်အေးအေးထားကြပါ၊ သခင်လေးရဲ့စကားက အ‌ကျိုးကြောင်းသင့်တယ်"

မည်သူစပြောသည် မသိ ရှန်လျန်က ချင်ဖင်းမြို့စားကတော်ဖြစ်ကြောင်း ထိုအခါမှ သတိရသွားကြပြီး သွားရလွယ်ကူအောင် ဘေးကပ်ပေးလိုက်ကြသည်။ မူလက ဖြည်းညင်းစွာ ရွေ့နေရတဲ့ လှည်းက ယခုတော့ လမ်းအကျယ်ကြီးတွင် ပုံမှန်နှုန်းနှင့်မောင်းနှင်နိုင်ပြီဖြစ်၏။

"ဆက်သွားကြမယ်၊ ပြည်သူတွေအပေါ် လက်ပါရဲတဲ့သူရှိရင် တစ်ခါတည်း သတ်ပစ်၊ ငြိမ်ကြည့်နေစရာမလိုဘူး"

သိမ်မွေ့ကာ ကြင်နာတတ်တဲ့ဟန်ပန်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါက ပေါ်ထွက်လာရာ လှည်းပတ်ပတ်လည်မှာ စောင့်ကြပ်နေကြတဲ့ အစောင့်တွေက တညီတညွှတ်တည်း တုန်လှုပ်သွားကြသည်။ သူတို့အနေနဲ့ တွေဝေတုံ့ဆိုင်းမနေပဲ လူသတ်နိုင်ကြောင်း ရှန်လျန်မှ ပထမဆုံးအကြိမ် အမိန့်ပေးသည်ကို ကြုံဖူးခြင်းပင်။

"ရှောင်ဝူပြောတဲ့အတိုင်းလုပ်ကြ"

သခင်မကြီးမှာ ဤလမ်းတွင် လူညှပ်ပြီး ဒုက္ခမရောက်ချင်တာကြောင့် ပူး‌ပေါင်းရုံသာတတ်နိုင်သည်။

"ဟုတ်ကဲ့"

အိမ်တော်ရဲ့ သခင်နှစ်ယောက်ထံမှ အမိန့်ဖြစ်သောကြောင့် အစေခံများက မကန့်ကွက်ရဲပေ။ လှည်းတန်းက ပုံမှန်နှုန်းဖြင့် မောင်းနှင်နေပြီး လူအုပ်က နောက်မှ လိုက်ပါလာကြသည်။ ဘုရားကျောင်းထဲ ပထမဆုံးဝင်ရောက်သွားသည့်လှည်းက မြင်းဇက်ကြိုးကိုဆွဲကာ ရပ်တန့်လိုက်သည်။ အစေခံများက ချက်ချင်း အောက်သို့ ခုန်ချပြီး လှည်းထဲက သူ အပြင်ထွက်နိုင်ရန် ကူညီပေးလိုက်ကြ၏။

ဒုတိယ၊ တတိယ လှည်းများလည်း ထိုနည်းတူ လုပ်လိုက်ကြသည်။ အချိန်အချို့ ကုန်သွားပြီးနောက် တုံးလင်အိမ်တော်က လူတိုင်း အန္တရာယ်ကင်းကင်းနှင့် လှည်းပေါ်က ဆင်းနိုင်သွားသည်။ မျက်နှာအမူအရာကတော့ မတိုင်ခင်က တိုးဝှေ့ခဲ့တဲ့ လူအုပ်၏အင်အားကြောင့် ကြောက်လန့်ကာ ဖြူဖျော့နေကြလျက်။

"ငါကရတယ်၊ ယောင်းကွမ်ကိုကူပြီး လုပ်ပေးလိုက်"

ရှန်လျန် ဆင်းရမယ့်အချိန်ရောက်တော့ လေ့ကျန်းက ကူညီရန် ပြင်သော်လည်း ငြင်းပယ်ခံလိုက်ရကာ ရှန်လျန်က လှည်းပေါ်မှ ကိုယ်တိုင် ခုန်ချလိုက်သည်။လေ့ကျန်းက မည်သည့်မှတ်ချက်မှမပြုပဲ အစေခံတွေကို မြင်းရထားလုံးအား ဆွဲသွားစေသည်။

ယောင်းကွမ်၏လှည်း ရောက်လာသောအခါ နှစ်ယောက်သားဦးဆောင်ပြီး လူအုပ်ကို စနစ်တကျတန်းစီစေသည်။ ထို့နောက် ခုံတန်းရှည်ကို လှည်းအရှေ့မှာ ကာထားလိုက်ပြီး လူအုပ်၏တိုးဝှေ့ခံရခြင်းမှ ကာကွယ်လိုက်သည်။

"ပေါက်စီပူပူတွေ"

လူတိုင်းက ငိုချမတတ်ဖြစ်သွားပြီး ခေါင်းမော့ကာ မြင်နိုင်ရန်ကြိုးပမ်းကြသည်။ လှည်းတစ်စီးလုံးက ခြင်းတောင်းတွေနဲ့ပြည့်နေပြီး ပေါက်စီဖြူဖြူ အလုံးကြီးကြီးတွေက အငွေ့ထောင်စထောင်းထလျက်ရှိ၏။ ရက်ပေါင်းများစွာ အငတ်ဘေးဆိုက်နေသောလူထုမှာ ချက်ချင်းပင်သရေယို ဆာလောင်လာကြသည်။

ချက်ချင်းရှေ့တက်ကာ ပေါက်စီပူပူတွေကို ဆွဲယူကာ မစားသုံးနိုင်သည်ကိုမုန်းတီးမိ၏။

"ဒါတွေကို အစက ဆရာတော်ဆီမှာ လှူဖို့ယူလာတာပါ၊ ဒါပေမယ့် ခင်ဗျားတို့ကို ကတိပေးပြီးပြီဆိုမှတော့ ဆရာတော်တွေကို တောင်းပန်ဖို့ပဲရှိတော့တယ် ၊လူတိုင်း စနစ်တကျတန်းစီပေးကြပါ၊ တစ်ယောက်ချင်းစီ ဝေပေးပါမယ်၊ လူတိုင်းရစေရမယ်"

ရှန်လျန်က ရှန်မိသားစုဝင်တွေနဲ့ အနားမယူပဲ သူကိုယ်တိုင် ဒုက္ခသည်တွေကို ပေါက်စီဝေပေးရန် တက်ကြွစွာ ပါဝင်သည်။

2545words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment