no

Font
Theme

'လေ့ကျန်းနဲ့ စပ်စလူးယောင်းကွမ်'

မင်းသမီးကြီးကျင်းပတဲ့ အလှူပွဲတော်မှာ နာမည်ပန်းပွင့်ခဲ့တဲ့အပြင် ယနေ့ ဖေးယွမ်ရွှင်းနဲ့ ကျင်းရှီရန်တို့ သူ့အတွက် ကျောင်းကိုရောက်လာတာကြောင့် ပထမဆုံးကျောင်းတက်ရက်မှာတင် ရှန်လျန်ဟာ ထျန်းမန်ကျောင်းမှာ ကြယ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ လတစ်စင်းလို ဖြစ်နေလေရာ အရင်ဘဝက အနိုင်ကျင့်ခံခဲ့ရတာတွေဟာ အိပ်မက်တစ်ခုလိုပင်။ ခြုံကြည့်လိုက်ရင်

ရှန်လျန့်အခြေအနေက အရင်နှင့် မတူတော့‌ပေ။

ဆန့်ကျင်ဘက်အနေနှင့် ရှန်ချန်၏အခြေအနေက လုံးဝ ပြောင်းလဲနေ၏။ ယခင်က ရင်းနှီးသည့်ငယ်ချင်းဟောင်းများနှင့် လေးစားအားကျနေသူများက ယခု သူမကို မည်သည့်နေရာတွေ့တွေ့ အဝေးမှ ရှောင်ခွာသွားကြသည်။

ရှန်ကျင်းရဲ့အခြေအနေလည်း ထူးမခြားနားပင်။ မင်းသမီးကြီးရဲ့ အလှူပွဲမှာ ရှန်ကျင်းက လင်းယွီချိန်ကို နောက်ကွယ်က တွန်းအားပေးခဲ့တာတွေကို မသိရအောင် တတိယကြင်ယာတော်နဲ့ ဗိုလ်ချုပ်လင်းက မရူးသေးချေ။ လင်းယွီချိန်ကို လူပုံအလယ် အရှက်ကွဲ‌စေခဲ့သည်ကြောင့် ရှန်ကျင်းကို အလွယ်တကူ အလွတ်မပေးကြ!

ရှန်ကျင်းကလည်း ဗိုလ်ချုပ်လင်းနဲ့ တတိယကြင်ယာတော်ကို မဆန့်ကျင်ရဲရာ ဖြစ်သမျှ အကြောင်း ရှန်လျန် မကောင်းခြင်းကြောင့် ဟူ၍ ပြစ်တင် ကြိမ်းမောင်းလေသည်။

တုံးလင်အိမ်တော်က သခင်မလေးတစ်ဦးဖြစ်သော ချန်ချောင်သည်လည်း အပျော်စီးလှေပေါ် ဖြစ်ပျက်ခဲ့သည့် အလုံးစုံကြောင့် အကြီးအကျယ် အရှက်ရကာ အိမ်ထဲက အိမ်ပြင်မထွက်ဝံ့ပေ။

အင်ပါယာတက္ကသိုလ် စာမေးပွဲ အတွက် ပြင်ဆင်နေသည့် ရှန်ရှောင်နှင့် ရှန်ယန်သည်လည်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရ၏။ လူတွေရဲ့ ဘဝက အပြောင်းအလဲမြန်သည်။ အာဏာပါဝါကြီးပြီး အရည်အချင်းလည်းရှိတော့ အားလုံးရဲ့ ထိပ်မှာ ရပ်တည်နေနိုင်ခဲ့တဲ့ သူတို့ဟာ လက်ရှိအရှက်တကွဲအကျိုးနည်း ဖြစ်ရပ်တွေကြောင့် ခေါင်းမထောင်နိုင်တော့ပဲ အမြင့်မှ ပြုတ်ကျလေတော့သည်။ ဘယ်နေရာသွားသွား ကိုယ်ရှာခဲ့တဲ့ ဒုက္ခ ကိုယ်ခံနေရသည်။

ဒါတွေက အစပဲရှိသေး၏။

"ဒီတစ်ခါ ဘာဖြစ်ပြန်တာလဲ"

အိမ်ကိစ္စကို စိတ်ထဲရောက်နေတဲ့ ရှန်လျန်ဟာ ရှန်ကျိုးတို့ရဲ့ အိမ်လည် ဖိတ်ခေါ်မှုကို ငြင်းပြီး ချီယွဲ့နဲ့အတူ အမြန်ပြန်ခဲ့လိုက်သည်။ အရိပ်တပ်သားတွေက သူ့ထက် အရင် ရောက်နှင့်နေပြီး လေ့ကျန်းကိုယ်တိုင်ပင် လိုက်လာ၏။ သို့သော် ယောင်းကွမ်နှင့် လေ့ကျန်းက ရန်ဖြစ်ထားသလို ခြံဝန်းရဲ့တစ်ဖက်တစ်ချက်စီမှာ စောင့်ကြပ်နေကြပြီး အချိန်မရွေး ရန်ထသတ်တော့မယောင် ရန်စောင်နေသော်လည်း အရိပ်တပ်သားများနှင့် သံမဏိတပ်သားများက သူတို့ကြား မဝင်ကြချေ။

"သခင်!"

သူပြန်လာတာ တွေ့တာနဲ့ ယောင်းကွမ်ကို လစ်လျူရှုလိုက်ပြီး လက်သီးဆုပ်၍တံတောင်ကို ကွေးကာ လေးလေးစားစားနှုတ်ဆက်သည်။

"လျန်လျန် ခုမှပဲ အိမ်ပြန်လာတယ်..ဒီလူက ဘယ်သူကြီးလဲ... ကျွန်တော် အိမ်ထဲ တောင်မဝင်ရသေးဘူး သူ့ဆီက အရိုက်ခံရတယ်"

ယောင်းကွမ်က ဒေါသတကြီး လက်ညိုးထိုးကာ ရှန်လျန့်ကို တိုင်‌တန်းလေသည်။ မျက်နှာသွယ်သွယ်လေးမှာ စိတ်တိုပြီး နီမြန်း‌ နေ၏။

သူ..ခုလောက် တစ်ခါမှ စိတ်မဆိုးခဲ့ဘူးပေ။

သူ့အပြုအမှုကြောင့် လေ့ကျန်းမျက်မှောင်ကြုံ့လိုက်မိပြီး ဒီကောင်လေးကို ခုမှ တစ်ကယ် ထရိုက်ချင်လာလေ၏။

"အထဲ အရင်ဝင်ရအောင်"

နှစ်ယောက်လုံးကိုကြည့်ကာ အိမ်ခန်းထဲ အရင် ဦးဆောင်ဝင်လိုက်၏။

"အာ....အမ်း..."

ရှန်ယိုက နိုးနေပြီး ချီယွဲ့နဲ့ ချီရွှမ်း မနက်တုန်းက သွားဝယ်ခဲ့တဲ့ ကလေးထိုင်ခုံမှာ ထိုင်နေသည်။

ရှန်လျန်တို့ သုံးယောက် ဝင်လာသည်ကိုတွေ့သော် မလန့်သွားရုံသာမက လက်သေးသေးလေးကို ဆန့်ထုတ်ကာ သူ့ဆီလာရန် ခေါ်နေသေး၏။

ရှန်လျန့်ရင်ထဲ နွေးခနဲ ဖြစ်သွားပြီး ကလေးအနီးသွားကာ ထိုင်ချလိုက်သည်။

"ရှုရှုက ယိုအာရဲ့ ဦးလေးပါ ... ရှုရှု နာမည်က ရှန်လျန်"

ပါးဖောင်းဖောင်းလေးကို ကြည့်ရင်း ရှန်လျန့်အပြုံးက နွေးထွေးနူးညံ့နေတော့၏။ အရင်ဘဝက ကလေးလိုချင်ခဲ့ပေမယ့် ချင်ယွင်ရှန်းက သူနဲ့ အတူမအိပ်ခဲ့ရာ ကလေးလွယ်ဖို့ အခွင့်အရေး မရှိခဲ့ချေ။ ယခုတော့ ရုတ်တရက် သူ့ကိုယ်သူ အဖေဖြစ်လာသည်ဟု ခံစားရ၏။

"အာ...အာ.."

ရှန်လျန့်ကို အလုံးစုံနားလည်နေသည့်အလား ရှန်ယိုက ကလေးထိုင်ခုံမှာ စိတ်လှုပ်ရှားစွာ လှုပ်ယမ်းနေလေ၏။ ခြေသေးသေးလေးနှစ်ဖက်က ဦးတည်ရာမရှိ လှုပ်ယမ်းလျက် ရှိသဖြင့် ထိုင်ခုံခါးပတ်မှ ရုန်းနိုင်တော့မည့်ဟန်။

"ဟဟ... ယိုအာလေး မဆိုးနဲ့လေ .. လိမ်မာနော်"

လက်သေးသေးလေးကို ကိုင်ကာ ပါးဖောင်းဖောင်းပေါ် ရှန်လျန် အနမ်းပေးလိုက်၏။

နို့ဘူးကို ကိုင်ထားသည့် ဖုရင်က ပြုံး၏။

"သခင်ငယ်က အပြုအမူ အရမ်းကောင်းပါတယ်.. တစ်နေ့လုံး အနှောင့်ယှက်မပေးဘူး"

ဖေးယွမ်ရွှင်းနဲ့ ဟိုလူကြီးတွေတော့ အနှိပ်စက်ခံရတာမှ သုံးနေ့သုံးည လုံးလုံး ။

"တစ်ကယ်ကြီး! ယိုအာလေးရေ လိမ်‌မာနေတယ်ပေါ့ ဟုတ်လား..."

ထိုစကားကြားသော် ရှန်လျန်ကဝမ်းသာရင်း ကလေးရူးသည့် အဖေဖြစ်သွားကာ ရှန်ယိုနဲ့ သူ့အနာဂါတ် ကလေးလေးကို တုန်နေအောင် ချစ်မည်ဟု တွေးထားလိုက်၏။

"အာ...."

ရှန်လျန့်ကို သဘောကျသည်နှင့်တူ၏။ ဆက်တိုက် ခေါ်နေတာကို ဖုရင်မြင်သော် အမြန် ရှေ့တိုးလာကာ

"ဟုတ်ပါပြီ သခင်ငယ်လေးရယ်... ရှုရှုက အလုပ်များတယ်လေ.. အခန်းထဲ သွားပြီး နို့ကုန်အောင် သွားသောက်ကြမယ်လေနော်"

"အာ....အာ.."

နို့ ဟု ကြားလိုက်၍လည်း မပြောတတ် ချက်ချင်း အာရုံပြောင်းသွားတော့မှ ဖုရင် ချီရွှမ်းကို အရိပ်ပြလိုက်၏။ ချီရွှမ်းက ဆိုလိုရင်းကို နားလည်ကာ ကလေးကို ကောက်ပွေ့ပြီး မြင့်မြင့်မြောက်ချီ ချချီပြုကာ ကလေးကို စိတ်လှုပ်ရှားစေ၏။

"ဘာလို့ ရပ်နေကြတာလဲ .. လာထိုင်လေ"

ကလေးလေး ထွက်သွားပြီးနောက် ပြုံးနေတဲ့ ရှန်လျန့် မျက်နှာက ပြန်တည်သွား၏။

"ဘာတွေ ဖြစ်ကြတာလဲ အခုပြောတော့"

သံမဏိတပ်သား ခေါင်းဆောင် ခုနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ယောင်းကွမ်ဟာ ကလေးတွေလို ရန်ဖြစ်နေသေးတာကို လူအများသိပါက ပျက်ရယ်ပြုကြလိမ့်မည်။

"ကျွန်တော် အရင်ပြောမယ်"

စကားကြော လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လေ့ကျန်းကို ပေစောင်းစောင်းကြည့်ကာ စပြောပြသည်။

"နေ့လည်က ဦးလေးဖုက အိမ်အတွက်လိုအပ်တာတွေနဲ့ သခင်ငယ်လေးရဲ့ပစ္စည်းတွေ သွားဝယ်ခိုင်းတာ ...ဝယ်ပြီးပြန်လာတော့ အိမ်ထဲ ဝင်မလို့ဟာကို လူတစ်ယောက်က ကျွန်တော့ကို ရိုက်ဖို့ လက် ရွယ်တယ်၊ ကျွန်တော် ရှောင်တာ မြန်လို့ပေါ့ မဟုတ်ရင် သူရိုက်တာ ခံလိုက်ရပြီးပြီ"

"ဘယ်သူက မင်းကို တံခါးက မဝင်ပဲ သူခိုးလို နံရံပေါ်က ကျော်တက်ခိုင်းလို့လဲ... ခိုးကြောင် ခိုးဝှက် ဝင်တာ မင်းလေ"

လေ့ကျန်းအတော်လေး စိတ်ကသိကအောက် ဖြစ်နေ၏။ နောက်တစ်ယောက် ရှိသေးကြောင်း ထျန်းချွမ်မှ မပြောထားပဲလေ... ဒီကောင့်ပုံစံကလည်း သံသယ ဝင်စရာကောင်းနေတာနဲ့ ချက်ချင်းပဲ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူလို့ သတ်မှတ်လိုက်တာပေါ့!

"ကျွန်တော်က... သခင်ငယ်လေးအတွက် ပစ္စည်းသွားဝယ်တာလေ.. လူတွေ မြင်သွားမှာ စိုးလို့ပေါ့"

သူ့အမှားကို ဝန်မခံချင်သဖြင့် ဆင်ခြေပေးကာ ငြင်းလေ၏။

"ပစ္စည်းတွေက အကုန်ထုတ်ပိုးထားပြီး မင်းရဲ့လက်ထဲ ပိုက်လာတာကို မင်းသာဆန္ဒ မရှိရင် ဒီအိမ်တော်ထဲက ဘယ်သူက လုယူနိုင်မလဲ"

ကောလဟာလတွေအရ သံမဏိ တပ်သားတွေကို အလွန်သန်မာကြံ့ခိုင်တဲ့ သူတွေလို့ တစ်ကယ်ကို တွေးထင်ထားခဲ့ပြီး လက်တွေ့နှင့်ကွာခြားနေရာ ယောင်းကွမ်ကို အရူးတစ်ယောက်လို လေ့ကျန်းကြည့်ပေးလိုက်၏။

"ဘယ်သူမှ ဘာမှ မလုပ်နိုင်အောင် ကာကွယ်ထားတာပဲလေ"

ယောင်းကွမ်က ခေါင်းမာကာ ခုခံနေဆဲ။ ရှန်လျန်က သူတို့ နှစ်ယောက်ကြားက ပြဿနာကို အကြမ်းဖျင်း နားလည်သွားသည်။ နှစ်ယောက်သား ရပ်သွားတာကို အခွင့်ကောင်းယူပြီး ကြားဝင် တားလိုက်သည် ။

"ကောင်းပြီ ဒါက နားလည်မှု လွဲကြတာပါပဲ.. ယောင်းကွမ် .. မြို့စားမင်းအိမ်တော်ကို ပြန်စရာ မလိုဘူးလား"

ဖေးယွမ်ရွှင်းရဲ့ စရိုက်အရ ဝမ်ယွဲ့မြို့ ကိစ္စကို အမိန့်ပေးကိုင်တွယ်ပြီးလောက်ပြီ။ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ယောင်းကွမ်က မပါတာတော့ မဖြစ်နိုင်။

"ဟုတ်သားပဲ....သခင်က အရေးကြီးတဲ့ တာဝန်ပေးစရာရှိတယ်ပြောပါတယ်၊ ဒါပေမယ့် သခင်ငယ်ရဲ့ ပစ္စည်းလေးဝယ်ပေးရုံပဲကို ကံဆိုးပြီး ဒီလိုလူနဲ့ လာတွေ့နေရတယ်လို့"

ရှန်လျန့်စကားကြောင့် ယောင်းကွမ်က သူ့အလုပ်ကို သတိပြန်ရသွားပြီး ထရပ်လိုက်သည်။

"လျန်လျန်.. ကျွန်တော် အရင်ပြန်ပြီး တာဝန်ထမ်း‌ဆောင်လိုက်ဦးမယ်.. ပြီးတာနဲ့ တန်းပြန်လာခဲ့မှာမို့ ဒီကြားထဲ ကျွန်တော့ကိုမေ့ပြီး မလိုချင်တာမျိုး မဖြစ်ရဘူးနော်"

ဒီရက်အနည်းငယ်အတွင်း သိလိုက်ရတာက

သခင့်ကို ကာကွယ်ပေးရတာနဲ့ယှဉ်ရင် ဝမ်ဖေးကို စောင့်ရှောက်ပေးရတာကို ပိုပျော်သည်။

"ဟုတ်ပါပြီ"

ရှန်လျန် မသိမသာပြုံးပြီး ခေါင်းဆတ်ပြလိုက်သည်။ ယောင်းကွမ်က မထွက်သွားခင် လေ့ကျန်းကို မျက်ထောင့်နီနှင့် ကြည့်သွားသေး၏။ ကျန်နေခဲ့တဲ့ ရှန်လျန်၊ လေ့ကျန်းနဲ့ ချီယွဲ့ တို့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။ နောက်ဆုံးတော့ သူသွားပြီ ။

"ကိစ္စရှိလို့လား ကိုယ်တိုင်ရောက်လာတာ ဆိုတော့!"

တစ်စုံတစ်ယောက်ကို အဝေးပို့လိုက်ပြီး နောက်ကိစ္စတစ်ခုကို ဖြေရှင်းရန် ကျန်နေသေးသည်။ လေ့ကျန်းက ဘာကိစ္စမှ မရှိပဲ ကိုယ်တိုင်လာမယ်လို့ ရှန်လျန် မထင် ။

"သခင့်ကို ကာကွယ်ပေးချင်လို့ပါ"

ခုလိုလုပ်တာက ကောင်းတာရော ‌ဆိုးတာရော ဖြစ်နိုင်သည်။ တစ်ဦးတည်း လာတာက အန္တရာယ်များလွန်းသဖြင့် ခုလိုလာခွင့်ရဖို့ ယောင်းကွမ်တို့နဲ့ အချိန်အတော်လေးကြာအောင်

အခြေအတင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

"ဒါပေမယ့်"

ရှန်လျန် ကန့်ကွက်လိုဟန်နှင့် မျက်မှောင်ကြုံ့၏။ သူစိုးရိမ်တာကို မည်သူမှ မသိကြ။ အရင်ဘဝက လေ့ကျန်းနဲ့ တစ်ခြားသူတွေဟာ သူနဲ့ အနီးကပ်နေပြီးကာကွယ်ပေးခဲ့ကြလို့ သေဆုံးခဲ့ရသည်။ သို့သော် ယခုမူ ရွေးချယ်စရာ မရှိပဲ ကလေးကို ကာကွယ်ဖို့အတွက် အရိပ်တပ်သားကို အားကိုးခဲ့သော်လည်း သူ့ကို သီးသန့်စောင့်ရှောက်ပေးဖို့တော့ မဖြစ်စေချင်...။

"သခင်.. သခင့်ကို ကာကွယ်ပေးရမှာက ကျွန်တော်တို့ အလုပ်တာဝန်ပါဗျာ"

လေ့ကျန်းက နက်နက်နဲနဲကြည့်လာကာ ပြော၏။ အပြင်လူတွေက အရိပ်တပ်သားတွေကို အလွန်ကြောက်စရာကောင်းပြီး စစ်ပညာ ဆန်းကြယ်တဲ့တပ်သားတွေလို့ သိထားကြပေမယ့် တစ်ကယ်တမ်း အစမှ အဆုံး သူတို့ဟာ သခင့်ရဲ့ ကိုယ်ရံတော်လေးတွေပါပဲ၊ ဒီအလုပ်လေးမှ လုပ်ခွင့်မရရင် အရိပ်တပ်သားဆိုတာ ပျောက်ဆုံးသွားတော့မှာမလား...

"......."

လေ့ကျန်းဆိုလိုတာကို ရှန်လျန်သဘောပေါက်ပါသည်။

သို့သော် ထိုသို့ ကာကွယ်ပေးလေ စိုးရိမ်ရလေ ဖြစ်သော်လည်း မငြင်းဆန်လိုက်တော့ချေ။

"ကောင်းပြီ.. မင်းတစ်ယောက်ထဲကိုပဲ စောင့်ရှောက်ခွင့်ပေးမယ်.. ယွမ်ရှောင်းတို့ကို ထပ်မခေါ်နဲ့တော့... အိမ်က မြင်တဲ့အတိုင်းပဲ မင်းနေဖို့တောင် အခန်းမရှိမှာ စိုးရတယ်"

ပြောပြီးပြီးချင်း ခြံဝန်းကို ပြောင်းလဲ သင့်တယ်လို့ ရှန်လျန် ခံစားလိုက်မိ၏။ ကလေးငယ် ပြေးလွှား လှုပ်ရှားဖို့ရန် ကျုံးလင်ခြံဝန်းက အတော်လေး သေးငယ်နေလေ၏။ ခြံဝန်းကျယ် ကျတော့လည်း ပင်မအိမ်တော်ရယ် ဒုတိယ၊ တတိယအိမ်တော်တို့နဲ့နီးသွားမှာဆိုတော့ ရန်သူတွေနဲ့ နီးနီးကပ်ကပ်လည်းမနေချင် ။

ထိုမျက်နှာတွေကိုနေ့တိုင်းမြင်နေရရင် တစ်နေ့ကျ စိတ်မထိန်းနိုင်ပဲ အားလုံးကို သတ်ပစ်လိုက်ဖို့ အရိပ်တပ်သားတွေကို အမိန့်ပေးမိမှာ စိုးရ၏။ ထိုသို့ အလွယ်လေး သေဆုံးသွားခွင့်မပေးနိုင် ။ အရင်ဘဝမှာခံစားခဲ့ရသမျှ နာကျင်မှု၊ စိတ် ဒဏ်ရာတွေ အတိုင်း ပြန်ပေးဆပ်ခိုင်းရဦးမည်။

"ကျွန်တော်တို့ အတွက် အခန်း မလိုပါဘူးသခင်"

ကိုယ်ရံတော်တွေက အမြဲ အမှောင်ထဲ ပုန်းအောင်းနေသင့်တာမလို့ နေစရာ အိပ်ခန်း မလိုပါချေ။

"....."

အားလုံးပြင်ဆင်ပြီးမှ လာတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်?

ရှန်လျန် ပြောစရာ စကားမဲ့သွား၏။ အတန်ကြာမှ

"ဘယ်သူမှ ပစ်စလတ်ခတ်မနေရဘူး၊ မင်း ရောပါတယ်၊

ယွဲ့ကော ခြံရှေ့ထွက်ကြည့်ပါဦး အမတ်ကြီးပြန်လာပြီလားဆိုတာ"

"လျန်လျန် အမတ်ကြီးနဲ့ သွားတွေ့တော့မလို့လား"

ရှန်လျန့်အစီအစဉ်ကို ချီယွဲ့တို့အားလုံး စိုးရိမ်နေပြီး စိတ်ရှုပ်ထွေးကာ မတည်မငြိမ်ဖြစ်နေကြ၏။

"ကျွန်တော်တင် မဟုတ်ဘူး... ယိုအာကိုပါ ခေါ်ပြီး အခုသွား တွေ့မယ်... တွေးထားတာလေး ရှိလို့ စိတ်မပူနဲ့"

ရှန်လျန့် သူ့ဘက်က အရင် စတိုက်ဖို့ဆုံးဖြတ်လိုက်၏။ သူ့ဖခင်က အရင်ရှာတွေ့သွားခဲ့ရင် သူ့ဒေါသနဲ့သာဆို ရှန်လျန်ရဲ့ ရှင်းပြချက်ကို နားထောင်ပေးမှာ မဟုတ်။

"အဲ့တာဆိုလည်း ကောင်းပါပြီ"

ချီယွဲ့တွေဝေနေပေမယ့် ရှန်လျန်ရဲ့ ခိုင်မာတဲ့ အကြည့်တွေကြောင့် ပြောချင်နေတာတွေကို မျိုချလိုက်ရသည်။

"ကျွန်တော့်ကို ကျွန်တော် ဘာလုပ်နေလည်း သိတာမို့ မစိုးရိမ်ပါနဲ့"

"အွန်းပါ"

ရှန်လျန့်စကားတွေက သူ့ကိုအပြည့်အဝ စိတ်မချစေနိုင်ပေမယ့် တွေးထား၊ စီစဉ်ထားတာရှိတယ်ဆိုတော့လည်း မတင်မကျနဲ့ လက်ခံလိုက်ရသည်။ သူထွက်သွားတော့ ရှန်လျန် ရယ်လိုက်၏။

"ရယ်စရာတွေ မြင်စေမိပြီ... ယွဲ့ကောက ကျွန်တော်နဲ့ အတူတူကြီးပြင်းလာတာဆိုတော့ ငယ်ငယ်ကတည်းက အရမ်းစိုးရိမ်ပေးတတ်တာမလို့ပါ"

"စိတ်ပူပေးတဲ့သူရှိတာ ကောင်းတာပေါ့၊ သူ့ရဲ့သစ္စာစောင့်သိမှုက ဘယ်သူနဲ့မှ ယှဉ်မရဘူး"

"ဟုတ်တယ် ဒါကြောင့်လဲ ကျွန်တော် သူတို့ကို ကောင်းကောင်းဆက်ဆံပေးတာပေါ့"

ရှန်လျန်နဲ့ လေ့ကျန်းတို့ ပြုံးရင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် အချိန်တိုလေးအတွင်း လုပ်ငန်းဆောင်တာများနဲ့ အရိပ်တပ်သားကို မည်သို့ စီစဉ်တာဝန်ပေးမည်

စသဖြင့် ဆွေးနွေးခဲ့ကြသည် ။ ချီယွဲ့ ပြန်ရောက်လာချိန်တွင်မူ သူတို့နှစ်ဦးက စားပွဲမှာ ထိုင်ကာ အေးအေးလူလူ ရေနွေးကြမ်းသောက်နေကြ၏။

"လျန်လျန် သခင်ကြီး ပြန်ရောက်နေပြီ အခုသူ့ စာကြည့်ခန်းထဲမှာ"

"ဟုတ်ပြီ"

ရှန်လျန် ထရပ်ပြီး ဘေးအခန်းထဲ ဝင်သွားလိုက်ချိန်တွင် ဖုရင်က ကလေးကို သိပ်ထားနှင့်ပြီးဖြစ်၏။ အစီအစဉ်တွေကို ပြောပြပြီးနောက် ရှန်ယို့ကို အနှီးထုတ်နည်း သင်၏။ ထို့နောက် ကလေးကိုပွေ့ချီကာ အမတ်ကြီးကိုသွားတွေ့ဖို့ လေ့ကျန်းနဲ့ ဖုရင်ကိုပါ ‌အတူလိုက်စေသည်။

လျိုရှုဟန် နေထိုင်သော ပင်မ အိမ်တော်တွင် ဖြစ်၏။

"သခင်မ... သခင်မ မကောင်းတော့ဘူး"

ရှန်သခင်ကြီးဆီက ခွင့်ပြုမိန့် မရမချင်း အပြင်ထွက်ခွင့်မရသော လျိုရှုဟန်က သခင်မကြီးကိုပင် မနက်ခင်းဂါရဝ ပြုခွင့်မရပဲ ယနေ့အချိန်ထိ ခြံဝန်းထဲမှာပဲ ပိတ်မိနေလေ၏။ စိုးရိမ်တာ တစ်ခုမှာ မင်းသမီးကြီး၏အမျက်ဒေါသက သူ့အစား သူ့ဆွေမျိုးတွေ အပေါ်ကျရောက်စေမိမှာကို ဖြစ်၏။ ထို စိုးရိမ်ကြောင့်ကြရသော စိတ်ဖြင့် တစ်နေ့လုံးပူပန်နေရကာ ရှန်လျန်နှင့် တစ်ခြားမိသားစုအကြောင်း တွေးပူနေရန် အချိန်မဖြုန်းနိုင်ပါချေ။

"ဘာတွေ ဆူညံနေတာလဲ... သခင်မ အနားယူနေတယ်လေ"

အနီးကပ် အစေခံက ချက်ချင်းပဲ အစေခံငယ်လေးကို ကြိမ်းမောင်းလိုက်သည်။

ထိုစဉ် လျိုရှုဟန် အသံကိုကြားလိုက်ကြရ၏။

"ဘာကိစ္စ ဖြစ်နေလို့ အဲ့လောက် အော်နေတာလဲ"

"သ..သခင်မ.. ပဉ္စမသခင်လေးက မွေး‌ကင်းစကလေးကို ပွေ့ပြီး ဒီဘက်လာနေပါတယ်.. ကြည့်ရတာ သခင်ကြီးကိုလာရှာတာ ထင်တယ်"

"ဘာပြောတယ်!"

အတွင်းဝတ်အင်္ကျီနဲ့ ဆံပင်ဖားလျားချထားတာကို အမှုအထားနိုင်တော့ပဲ လျိုရှုဟန် ပြေးထွက်လာရာ အစေခံငယ်လေးပင် ထိတ်လန့်သွားရ၏။ ဒီနှစ်တွေမှာ အနီးကပ်ပြုစုလုပ်ကျွေးတဲ့ အစေခံကသာ အပေါ်ထပ်ကို အမြန်ပြေးယူပြီး ခြုံပေးလိုက်ရ၏။

Words 2848

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment