' လုပ်ရပ်တိုင်းကို ဖော်ထုတ် လှောင်ပြောင်'
"အင်း ဆက်ပြီး စောင့်ကြည့်ထားလိုက်"
ရှန်လျန် လက်ဟန်ပြပြီး လေ့ကျန်းကိုထွက်ခွာခွင့်ပြုလိုက်၏။ ထို့နောက် ထရပ်ကာ လူတိုင်းနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော် မင်းသမီးကြီးကို ဘာစကားတွေသွားပြောလဲ သိချင်ရင် သခင်မကိုယ်တိုင်သွားမေးချင်လား၊အခု ကျွန်တော်က မြို့စားကတော်လောင်းလျာဖြစ်နေပြီဆိုတော့ ကျွန်တော်သာ တောင်းဆိုစာပို့လိုက်ရင် မင်းသမီးကြီးနဲ့ တွေ့ဆုံခွင့်ရနိုင်လောက်တယ်၊ သွားမေးမလား? ကျွန်တော့်ကြောင့် လျိုဝမ်ကျင်းက အလုပ်ဖြုတ်ခံရတာလားလို့၊
ပြီးတော့ ရှန်ရှောင်နဲ့ ရှန်ယန်က အရင်နှစ်တည်းက လာဘ်ထိုးတာမဟုတ်လား၊ အဲ့ဒီအချိန်က ကျွန်တော့်မှာ နယ်စွန်ဖျားမှာ ရှိနေတုန်းလေ၊ ဘယ်လိုလုပ် ဒီထိ ဒုက္ခလာပေးနိုင်မှာလဲ? ကြီးကြပ်သူကို လာဘ်ထိုးဖို့ ကျွန်တော်ကတိုက်တွန်းတာလို့ စွပ်စွဲချင်သေးလား? အိုး. ဒါဆိုရင် ... ကျွန်တော့် လုပ်နိုင်စွမ်းက အထင်ကြီးချင်စရာပဲ၊ သူတို့ရဲ့ခန္ဓာကိုယ်ကို မြင်းငါးကောင်ဆွဲပြီး အပြစ်ပေးဖို့ ဧကရာဇ်ကို သွေးထိုးလိုက်သင့်လား?


"နင်!"
ရှန်လျန် ပြောလိုက်တဲ့ နောက်ဆုံးစကားက လျိုရှုဟန်ကို တုန်လှုပ်သွားစေသည်။ သို့ရာတွင် သူမကို စကားပြောခွင့်မပေးပဲ ရှန်လျန်က ဆက်ပြောသည်။
"ကျွန်တော် ပြန်ရောက်ကတည်းက တုံးလင်အိမ်တော်မှာ အေးချမ်းတဲ့ရက်မရှိဘူးလို့ သခင်မ ပြောတယ်နော်၊မေးကြည့်လိုက်ချင်တယ်... ဘာလို့ မရှိရမှာလဲ? တစ်ကယ်တမ်းအနိုင်ကျင့်ခံရတဲ့သူက ကျွန်တော်ပါ ? တစ်ကယ်ဆို ကျုံးလင်ခြံဝန်းကနေ ကျွန်တော်အပြင်ထွက်တာ လက်ချိုးရေလို့ရတယ်၊
ဟယ်ရှန်းခြံဝန်းဆီ ပထမတစ်ကြိမ် အဖွားကိုဂါရဝပြုဖို့လာတယ်၊ ဒုတိယအကြိမ် အမတ်ကြီးဆီလာရင်း ဧကရာဇ်ရဲ့ လက်ထပ်ခွင့်ပြုစာကို လက်ခံတယ်၊ ဒီနေ့လည်ခင်းကျတော့ လင်အန်းအမတ်ကြီးရဲ့သားနဲ့ ရှဲ့အကြီးအကဲရဲ့မြေးက လာလည်လို့ ကျွန်တော် ထွက်တွေ့တာ၊ တခြားခြံဝန်းတွေဆီလည်း တစ်ခါမှ သွားမလည်ခဲ့ဘူး၊ အဲ့တာတောင် ကျွန်တော်က ပြဿနာရှာတယ်ဖြစ်ရလား? သခင်မရဲ့ အိမ်တွင်းအာဏာရုတ်သိမ်းခံရတာလည်း ကျွန်တော့်အမှားကြောင့်လား?နောက်ဆုံးတစ်ချက်... တစ်နိုင်ငံလုံးရေလွှမ်းအောင် ကျွန်တော်က ဘယ်လိုလုပ်လိုက်တာလဲ ပြောပါဦး သခင်မ"
ရှန်လျန်က ငြိမ်ခံနေလျှင် အနိုင်ကျင့်၍ရသည်ဟုထင်သွားလိမ့်မည်။ ရလာတဲ့အခွင့်အရေးကို သုံးပြီး ဒီအချိန် ဒီနေရာမှာပဲ ဒဲ့ရှင်းလိုက်တာ ကောင်းသည်။
"ဒါပေမယ့်...."
လျိုရှုဟန်ရဲ့မျက်နှာက ဖြူစုတ်သွားသည်။ သူ့ရဲ့အတွေးထဲမှာ ရှန်ရှောင်ကို ကယ်ဖို့ ရှန်ရွေ့ထင်ကို အားကိုး မရလျှင် ချင်ဖင်းမြို့စားကို ဖိအားပေးဖို့ တွေးမိ၏။ ချင်ဖင်းမြို့စားရဲ့ အနေအထားနဲ့ဆိုလျှင် ချက်ချင်း အချုပ်ခန်းတံခါးဖွင့်ကာ ရှန်ရှောင်အား ကယ်ပေးနိုင်လောက်သည်။ ထို့ကြောင့် ရှန်လျန့်အပေါ် အပြစ်အားလုံးပုံချကာ၊ ရှန်ရွေ့ထင်ကို ဖိအားပေးပြီး ချင်ဖင်းမြို့စားကို အကူအညီတောင်းရန် ပြောခိုင်းနိုင်လိမ့်မည်။
ရှန်လျန်က မြို့စားကတော် မဖြစ်သေးပေမယ့်လည်း အသက်ကယ်ပေးတဲ့ ကျေးဇူးကိုထောက်ပြီး မြို့စားမင်းက သူတို့ရဲ့တောင်းဆိုချက်ကို လစ်လျူရှုမှာမဟုတ်လောက်။ သူမေ့သွားတာ တစ်ခုက ရှန်လျန့်မှာ အစွမ်းထက်တဲ့ လျှာရှိတယ်ဆိုတာပဲဖြစ်သည်။ မလန့်သွားသည့်အပြင် သူ့မျက်နှာကိုပါ ဖြတ်ရိုက်သွားသေးသည်။
"ဒါပေမယ့် ဘာဖြစ်လဲ? သခင်မ ဘာတွေးနေလဲ ကျွန်တော် ထုတ်ပြောကူရဦးမလား"
အကြည့်တစ်ချက်နဲ့တင် စိတ်ထဲ ဘာတွေးနေမှန်း ရှန်လျန် အကဲခတ်မိသည်။ တည့်တိုးသမားမို့ သူပြောလိုက်တဲ့စကားတိုင်းက လျိုရှုဟန်ကို အရှက်ရစေသည်။
"သခင်မက သေချာတွက်ချက်ထားတာပဲ၊ ကျွန်တော်က နတ်ဆိုးတစ်ကောင်ဆိုပြီး အပြစ်အားလုံးပုံချမယ်၊ ပြီးရင် ဘာဆက်လုပ်လို့ရလဲ သေချာ တွေးထားတာပဲ၊ဒီမှာ ကျွန်တော့် အစ်ကိုငယ်တုန်းက ခင်ဗျား အနိုင်ကျင့်လို့ရခဲ့ပေမယ့် အခုချိန်ထိ အတိတ်ခြေရာအတိုင်းပြန်လိုက်နေတုန်းလား? ကျွန်တော့်ကိုချနင်းပြီး ချင်ဖင်းမြို့စားကိုအကူအညီတောင်းဖို့ အမတ်ကြီးကိုလည်း ဖိအားပေးဦးမယ်... အရမ်းရည်မှန်းချက်ကြီးနေပါရောလား၊
တစ်ကယ်လို့ မြို့စားမင်းက ရှန်ချန်နဲ့ လက်ထပ်တာဆိုရင်ရော ရှန်ချန့်ကို ဖိအားပေးမှာပဲလား? ကျွန်တော်က သူနဲ့ လပ်မထပ်ရသေးဘူးနော်! ခင်ဗျားကတော့ သားကိုကယ်တင်နိုင်လိုက်မှာပေါ့... ဒါပေမယ့် ကျွန်တော်ကရော? မြို့စားမင်းက စေ့စပ်တာ မဖျက်သိမ်းလောက်ပေမယ့် ကျွန်တော်က သူ့အိမ်တော်မှာ တစ်သက်လုံးကောင်းကောင်းနေရပါဦးမလား?
ကံဆိုးရင် လက်ထပ်ပွဲတောင်ပျက်သွားနိုင်တယ်၊ အဲ့လိုဖြစ်ရင် ဘယ်သူက အကျိုးမြတ်ရမလဲ?
ခင်ဗျားက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ရလို့ ပျော်နေမှာပေါ့၊ ဒါမှမဟုတ် ငှက်သုံးကောင်ရတာလား? အစ်ကိုကြီးကို လည်း အဝေးထွက်သွားအောင်လုပ်တယ်၊ ကျွန်တော့်ကိုလည်း စွပ်စွဲထောင်ချောက်ဆင်ပြီး မောင်းထုတ်တယ်၊ အစ်ကိုကြီးသာ ပါရမီ မကြီးရင်၊ ကြယ်သုံးပွင့်အဆင့်ဗိုလ်တစ်ဦးဖြစ်အောင် မကြိုးစားနိုင်ခဲ့ရင် ကျွန်တော်နဲ့ အစ်ကိုကြီးရဲ့တည်ရှိမှုကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူး၊
ဒါဆို တုံးလင်အိမ်တော်ရဲ့ အမွေဆက်ခံသူက ဘယ်သူဖြစ်သွားမလဲ? လူတိုင်းက တွေးမှာပဲ! အမတ်ကြီးမှာ ခင်ဗျားနဲ့ရတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ပဲရှိတယ်လို့လေ၊ အမတ်ကြီး ကျွန်တော်ပြောတာတွေ မှန်ရဲ့လား"
ရှန်လျန်က တစ်စုံတစ်ယောက်ရဲ့ မှောင်မိုက်တဲ့ အတွေးဘက်ခြမ်းကို အညှာတာမရှိ ဖွင့်ထုတ်ပစ်လိုက်သည်။ ပြောပြီးသွားတော့ သူ့မျက်ဝန်းက ထေ့ငေါ့ခြင်းအပြည့်ဖြင့် ရှန်ရွေ့ထင်ကို ကြည့်လိုက်သည်။ အမတ်ကြီးက သူ့ကို နက္ခတ်မကောင်းသူလို့ အကြွင်းမဲ့ ယုံကြည်ထားတယ်၊ ဝေကျစ်ချန် သေဆုံးသွားကတည်းက သူ့ကြောင့်ဆိုပြီး မုန်းတီးနေမှန်းလည်း သိ၏။ ရှန်ရွေ့ထင်က ဖေဖေ့ကို ချစ်နေသေးပြီး ၊အစ်ကိုကြီးကိုဂရုစိုက်သည်ဟု ဆိုသော်လည်း ရှန်လျန်ကတော့ ဘာမေတ္တာမှ မမြင်ပါချေ။
မည်သို့ပင်ဖြစ်စေ ရှန်အာ့အား နက္ခတ်မကောင်းသူဟု သမုတ်ရာ၌ ရှန်ရွေ့ထင်ထက် တော်သူမရှိပါ။ ရှန်ရွေ့ထင်သာ တစ်ကယ်လို့ အမြောင်မယားတွေ ထပ်မယူခဲ့ရင်၊ သူများပြောသမျှ မယုံခဲ့ရင်၊
သခင်မကြီး ပြောသလို ရှန်တာ့ကို စောင့်ရှောက်ကူမည့် လျိုရှုဟန်ကို တရားဝင်မိေထွးအဖြစ် တော်မကောက်ခဲ့ရင် ခုလိုတွေ ဖြစ်လာစရာမရှိပါ။
ရှန်ရွေ့ထင်ကသာ လျိုရှုဟန်ကို သူ့ဘဝထဲဝင်ခွင့်ပြုခဲ့သူဖြစ်ပြီး သခင်မကြီးနဲ့၊ ဒုတိယ၊ တတိယ မိသားစုတွေကို အခွင့်အာဏာပေးခဲ့သူဖြစ်လေသည်။
"တော်လောက်ပြီ၊ ဘယ်ဟာက အမှားလဲ၊ ဘယ်ဟာက အမှန်လဲ ဆိုတာ ငါခွဲခြားတတ်တယ်၊ ရှန်မိသားစုနဲ့ ချင်ဖင်းမြို့စားကြားမှာ မင်းကို ဒုက္ခရောက်အောင် မလုပ်ဘူး"
ရှန်ရွေ့ထင် စားပွဲကို ဘုန်းခနဲ ရိုက်လိုက်သည်။ ရှန်လျန်က လျိုရှုဟန်ရဲ့လုပ်ရပ်တွေကို ဖော်ထုတ်နေပြီး သူ့ကိုကြားစေချင်မှန်း နားမလည်ရလောက်အောင် မတုံးသေးချေ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဖြစ်ပျက်ခဲ့သမျှတွေကို နောင်တမရဘူးလို့ ပြောရင် လိမ်ရာကျမည်။ ဒါပေမယ့် ခုမှ နောင်တရလို့လဲ ဘာမှမထူးတော့၊ အားလုံးကဖြစ်ပျက်ပြီးသွားပြီ။ လက်ရှိမှာ အရေးကြီးဆုံးက မိသားစုချင်း တိုက်ခိုက်ဖို့မဟုတ်ပဲ ၊ကလေးတွေကို ကယ်တင်ဖို့ပဲ။
ဖြောင်း!ဖြောင်း!
ရှန်လျန်က နောက်တွန့်မသွားပဲ အပြုံးကြီး ပြုံး၍ လက်ခုပ်ထတီးသည်။ ရှန်ရွေ့ထင်၏ စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့်ဆုံသောအခါ..
"အမတ်ကြီးက တစ်ကယ်ပဲ အမှားအမှန်ခွဲခြားတတ်ပါပေတယ်၊ အခု ကျွန်တော့်ကို စိတ်ပျက်လက်ပျက်နဲ့သာ မကြည့်နေဘူးဆိုရင် အမတ်ကြီးပြောသမျှ ယုံမိတော့မလို့!"
"မင်း! မွေးရကျိုး မနပ်တဲ့ကောင်၊ ငါကမင်းအဖေနော် စကားကို ဘယ်လိုပြောနေတာလဲ"
ရှန်လျန့်စကားက အရှိုက်သွားသွားစေရာ ရှန်ရွေ့ထင် ဒေါသထောင်းခနဲ ထွက်လာသည်။
လေ့ကျန်းနဲ့ ယောင်းကွမ်သာ ဘေးမှာ မရှိနေရင် ရှန်လျန် အမတ်ကြီး၏ နောက်တစ်ချက်လောက် တီးတာခံလိုက်ရမှာ ဖြစ်၏။
"ဟား!"
ရှန်လျန် ခနဲ့သည်။
"ကျွန်တော့် အဖေမှန်း သိသေးသားပဲ! တစ်ကယ်တမ်း ဧကရာဇ်ရဲ့ အမိန့်နဲ့ တော်ဝင်မင်းသားရဲ့ပါဝင်မှုသာ မရှိရင် ရှန်ရှောင် အကျဉ်းထောင်ထဲကနေ လွတ်လာရောပေါ့? အဖေက ကျွန်တော့်ကိုကျတော့ သေစေချင်တယ်၊ အဖေ့ကိုဒူးထောက်တောင်းပန်တုန်းက ကျွန်တော့်အစ်ကို အသက်ငါးနှစ်ပဲရှိသေးတယ်နော်၊
ကံကောင်းလို့ ဖေဖေ့ကို သစ္စာရှိတဲ့ အစေခံလူယုံတွေ ကျန်နေခဲ့တာ၊ သူတို့နဲ့ အစ်ကိုကြီးတို့ စောင့်ရှောက်ပေးလို့ အစွန်ဆုံးက အိမ်လေးမှာ ကျွန်တော် အသက်ဆယ်နှစ်ထိ ကောင်းကောင်းနေခွင့်ရခဲ့တာပေါ့၊ အဲ့နောက်တော့ သစ္စာရှိလူယုံတွေလည်း အဝေးမောင်းထုတ်ခံရသူနဲ့၊ သတ်ခံရတာနဲ့ ကုန်ပါရောလား ...
ကျွန်တော် မရှိတဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အဖေ့ကိုယ်လုပ်တော်ထဲ ကလေးမွေးဖွားနိုင်တာ ရှိလားပြောကြည့်! ကျွန်တော့်အသက် ဆယ်နှစ်ပဲ ရှိသေးတယ် တိုင်းပြည်အပြင်ကိုနှင်ခံရတာ၊ အစ်ကိုကြီးက ခံပြင်းလွန်းလို့ အိမ်ပေါ်ကဆင်းသွားတော့တာပဲ၊
အမတ်ကြီးကို မေးကြည့်ချင်တယ်၊ ကျွန်တော် ဘယ်လိုနေနေရလဲ တစ်ချက်မေးဖူးလား? ကျွန်တော် အသက်ဆယ့်သုံးနှစ်မှာ ကလေးထိန်းရဲ့သား အကြိမ်ကြိမ် အနိုင်ကျင့်တာ ခံနေရတယ်ဆိုတာရော သိရဲ့လား? အစေခံကတောင် သခင်ကို အနိုင်ကျင့်ရဲနေရအောင် အဲ့ဒီအချိန်က ကျွန်တော့်အဖေဆိုသူ ဘယ်ရောက်နေခဲ့လဲ?
အစ်ကိုကြီးကိုလည်း ချစ်ပါတယ်တဲ့၊ ကဲ... ဒီငါးနှစ်အတွင်း သူ့ဆီ လူလွှတ်ပြီး စောင့်ရှောက်ခိုင်းဖူးလား? စစ်ပွဲမှာ အောင်မြင်မှုတွေ ယူပြီး သတင်းက မြို့တော်ရောက်လာမှ သိတာမလား? သူ့နောက်ခံကိုဖုံးကွယ်ထားခဲ့တဲ့ ဒီနှစ်တွေ အတွင်း ဆင်းရဲဒုက္ခဘယ်လောက်တောင် ရောက်နေလိမ့်မလဲ? စစ်သည်ဘဝကနေ ဗိုလ်ကြီးဖြစ်လာအောင် သူဘယ်လို ကြိုးစားခဲ့ရလဲ?
ဒီအကြောင်းတွေ ဂဃနဏ သိရဲ့လား? ရှန်ရှောင်နဲ့ ရှန်ယန် ကဖြင့် အကျဉ်းထောင်ထဲ ရောက်တာ ဘယ်နှရက်မှ မရှိသေးဘူး..လူတိုင်းက စိုးရိမ်ပြနေတာ... အခု ရှေ့တန်းထွက်နေတဲ့ ကျွန်တော့်အစ်ကို ဘယ်လိုနေမလဲဆိုတာရော မစိုးရိမ်ကြဘူးလား? ရှန်တာ့ကမှ တရားဝင်သားကြီး၊ ဒီအိမ်တော်ကိုဦးစီးမည့်သူ အစစ်ဆိုတာ မမေ့လိုက်နဲ့! အဆင့်အတန်းချင်း ယှဉ်ချင်လား? ရှန်ယန်နဲ့ ရှန်ရှောင်က ရှန်တာ့နဲ့ ယှဉ်နိုင်လား ပြောကြည့်လေ?"
ခံပြင်းဒေါသ မျက်ရည်စီးကြောင်းက ပါးနှစ်ဖက်ကနေ လည်တိုင်ထိ စီးဆင်းသွားသည်။
အရင်ဘဝက ခံစားခဲ့ရသမျှ ဒဏ်ရာဟောင်းတွေ ဆိုပေမယ့် ရှန်ရွေ့ထင်က သူ့အဖေအရင်းဆိုတာ တွေးမိတိုင်း မျက်ရည်က ထိန်းမရအောင် ဝဲတက်လာသည်။
သူ့အစ်ကိုအပေါ် လစ်လျူရှုထားနိုင်တဲ့ ဖခင်ကို မုန်းသည်။ လက်ရှိမိသားစုဝင်တိုင်းက တစ်ဦးတစ်ယောက်မှ ကောင်းသူ မရှိပါချေ။
တစ်အိမ်လုံးတိတ်ဆိတ်နေ၏။ သခင်မကြီး၊ ဒုတိယနဲ့ တတိယမိသားစုဟာ ရှန်ယန်နဲ့ပတ်သက်ပြီး ပြောခံရတဲ့အပေါ် မကျေနပ်ကြပေမယ့် ပင်မအိမ်တော်ရဲ့အရေးကိစ္စဖြစ်တာကြောင့် ခေါင်းရှောင်နေကြသည်။ ဝင်ပါမိလျှင် သူတို့ဘက်မြှားဦးလှည့်လာနိုင်သည်။ လျိုရှုဟန်တို့သားအမိလည်း ထပ်တူညီစွာတစ်ခွန်းမှဟမလာကြ။ ရှန်လျန်က သူတို့လုပ်ခဲ့သမျှကို နောက်ကြောင်းလှန်နေရာ အရှက်ကွဲရုံပဲအဖတ်တင်မည်။
ရှန်ရွေ့ထင်ကတော့ အရှက်အရဆုံးသူဖြစ်၏။ ရှန်လျန်ပြောထွက်သမျှ စကားတိုင်းက အရှိုက်တည့်တည့်ထိကာ နာကျင်စေသည်။ သူလုပ်ခဲ့တဲ့ တစ်ခုတည်းသော အရာက ရှန်တာ့ကို လူလွှတ်ပြီး တစ်ကယ်ရှာခိုင်းခဲ့သေး၏။
သို့သော် ရှန်တာ့က ဒေါသမာနဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ကာ နိုင်ငံ့စစ်တပ်ထဲ ဝင်သွားခဲ့သည်။ ထို့နောက် အနောက်မြောက်အရပ်တိုက်ပွဲသို့ တိုက်ခိုက်မိန့်ကျသဖြင့် ပြောင်းရွှေ့သွားခဲ့၏။ထို့ကြောင့် ရှန်ရွေ့ထင်က တိုင်းပြည်တွင်း နေရာအနှံ့ပတ်ရှာခဲ့သော်လည်း ရှန်တာ့ကို မတွေ့ခဲ့ချေ။
ရှန်ရွေ့ထင်က တစ်ကယ်လူပျောက်ရှာခဲ့သော်လည်း ရှန်လျန်မှ ယခုလို ထုတ်မေးသောအခါ အောင့်သိအောင့်သက်ခံစားလိုက်ရသည်။ မျက်နှာမှ မထောက် အရှက်ခွဲခံသည်။
"ကျွန်တော့်ရဲ့ ကံကြမ္မာကို စိုးရိမ်တယ်ဆိုရင်လည်း ဒီလိုလုပ်မလား? ဝမ်ယွမ်မြို့ကို ဟောကိန်းထုတ်တဲ့ ဘုန်းတော်ကြီး ဟွေအန်းကို သိတယ်မလား? သူ့ကြောင့် ဝမ်ယွမ်မြို့က အခြေအနေကိုထိန်းသိမ်းနိုင်ခဲ့တာဆိုတော့ ယုံကြည်ရတယ်၊ ကျွန်တော့် ကံကြမ္မာကို ကြည့်ပေးဖို့ သူ့ကိုသွားရှာပြီး ကျွန်တော်က တစ်ကယ်ပဲ နက္ခတ်မေကာင်းတဲ့သူလား၊ဒါမှမဟုတ် သူများက ရည်ရွယ်ချက်ရှိရှိအသုံးချတာလား မေးကြည့်ရင်ရော? ဘုန်းတော်ကြီး ဟွေအန်းက တစ်ကယ်လို့ ကျွန်တော့်ကံက မဆိုးပါဘူးလို့ အတည်ပြုပေးခဲ့ရင် လေ့ကျန်းကို ချက်ချင်းမြို့ပြင်က ပိုင်ယွင်ဘုန်းကြီးကျောင်း က ကွေချန်တောက်ဆရာကိုရှာပြီး ခန္ဓာကိုယ် မြေမြှုပ်စရာနေရာမရှိအောင် လုပ်ခိုင်းပစ်မယ်!!"
စကားအဆုံးသတ်မှာ ရှန်လျန့်လေသံက တင်းမာသွားပြီး လူသတ်ချင်သည့် အငွေ့အသက်ကို တစ်အိမ်လုံး ပျံ့နှံ့စေတာမှ ချောင်ကြို ချောင်ကြားတွင်နေသော မကောင်းဆိုးဝါးကိုတောင် ခြိမ်းေခြာက်နိုင်လေသည်။ သခင်မကြီးနှင့် လျိုရှုဟန်က သူတို့၏ လည်ပင်းတစ်ဝိုက် အေးစက်သွားသယောင် ခံစားမိပြီး ကြောက်ရွံ့သွားကြ၏။တောက်ဆရာ ကွေချန် က မေးသမျှဖြေလိုက်ရင် အားလုံးဖော်ထုတ်ခံရတော့မှာ မဟုတ်လား?
ဒါပေမယ့် အခုချိန်မှ နှုတ်ပိတ်လိုက်ရင်လည်း သံသယဝင်ခံရနိုင်၏။ ဘာလုပ်ရမှန်း မသိအောင် ရှန်လျန်က ပြင်ဆင်ပြီး ချောင်ပိတ်ထားတာဖြစ်၏။
"မင်းရဲ့ ကံကြမ္မာက မကောင်းလို့ပဲ ကျစ်ထျန်သေသွားရတာလေ"
နက္ခတ်ဆိုးနဲ့မွေးဖွားလာတယ်ဆိုတဲ့စကားက ရှန်ရွေ့ထင်ကို နိုးကြားသွားစေသည်။
"ကျစ်ထျန်က စစ်ရေးရာပါရမီကြီးတဲ့ မိသားစုမှာ မွေးဖွားလာလေ... သူ့ရဲ့ ကိုယ်ခံပညာက အဆိုးကြီး မဟုတ်ဘူး၊ ကျန်းမာရေးကလည်းဒေါင်ဒေါင်မြည်၊ တာ့အာကို မွေးတုန်းက ပထမဆုံးကိုယ်ဝန်ဆောင်တာဆိုပေမယ့် ဘာပြဿနာမှ မဖြစ်ခဲ့ဘူး၊ မင်းကိုမွေးမှ သူသေဆုံးတဲ့အထိ ဖြစ်ခဲ့တာ"
အဖြစ်အပျက်က ဒီလိုဆိုမှတော့ သူ့သားရဲ့ နက္ခတ်က မကောင်းပါဘူးဆိုတာ မယုံစရာအကြောင်း မရှိတော့ပေ။
2563 words
Grape 🍇