no

Font
Theme

'အခြေအနေ မဟန်တော့တဲ့ ဝမ်ယွမ်'

မိဖုရားကြီး နတ်ရွာစံသွားကာ မိုးတွေလည်းရွာချလေပြီ။ ဧကရာဇ်က ညတွင်းချင်း ညီလာခံဆင့်ခေါ်သဖြင့် အရာရှိ၊နန်းတွင်းမှူးမတ်အပေါင်းတို့လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် အသက်ပင်ရဲရဲမရှူဝံ့ ။ ဘုရင်အိုကြီး၏ စိတ်ကို သွားဆွမိမည်စိုး၍ ကိုယ်နှုတ်အမူအရာ ထိန်းထိန်းသိမ်းသိမ်းရှိနေကြ၏။

"ဝမ်ယွဲ့မြို့က သတင်းရောက်လာပါတယ် အရှင် မင်းကြီး"

"လျှောက်တင်စေ!"

သတင်းရောက်လာသည်ဆို၍ ဧကရာဇ် ချက်ချင်း ထရပ်ကာ လျှောက်တင်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။ ရာဇအိန္ဒြေပင် ဟန်ပျက်လုနီးပါး အလောတကြီးနိုင်နေရာ မင်းမှုထမ်းများ အကုန် တုန်လှုပ်ကုန်သည်။ ဆည်တာတမံ အကာအကွယ် တိုးချဲ့ရာ၌ တာဝန်ယူခဲ့သော ဝမ်ယွမ်က အဆိုးဆုံးဖြစ်၏။ တာတမံ တစ်ခုခုဖြစ်ခဲ့ရင် သူ အရင် သေမည်လေ....

"ဗိုလ်ချုပ်လင်းက သတင်းပို့လာပါတယ်... ဝမ်ယွဲ့မြစ်ရေက ပိုမြင့်တက်လာပြီး တာတမံက အကြာကြီးဆက်မထိန်းထားနိုင်လောက်တော့ပါဘူး...

ဒါကြောင့် ဝမ်ယွဲ့ကို စစ်ကူတွေ ပိုလွှတ်ပေးဖို့ အရှင့်ဆီ တောင်းခံလွှာ ပို့လာပါတယ်၊ ဒါ့အပြင် ချင်ဖင်းမြို့စားကလည်း သံမဏိတပ်သားတွေကို ဦးဆောင်ပြီး ကူညီပေးနေကြောင်း၊ ပြည်သူတွေကိုလည်း ဘေးလွှတ်ရာ ကူညီပို့ဆောင် ပေးပြီး

‌ကြောင်းနဲ့၊ မြို့စားကြီးက အရှင့်ဆီ သမားတော် နဲ့ လိုအပ်တဲ့ ဆေးဝါးတွေ အမြန်ဆုံးပို့ပေးဖို့ စာလွှာ ပေးပို့လာပါတယ် အရှင်"

စာလွှာက အလျင်စလို ရေးသားခဲ့ဟန်တူ၏။ တခမ်းတနားဖွဲ့နွဲ့ မနေပဲ လိုရင်းကို တိုက်ရိုက် တောင်းဆိုထားသည်။ တစ်ခြားအရေးမကြီးသည့်အချိန် ဆိုပါက လင်းဝေရဲ့ အရိုအသေတန်သည့် စာအဖွဲ့အနွဲ့ကြောင့် မှူးမတ်တို့၏ အတင်းအဖျင်းကို ခံနေရလောက်ပြီ ဖြစ်၏။

"သံမဏိ တပ်သားတွေက ကူညီပေး တာလား?"

ပြည်သူတွေကို စိုးရိမ်တာက တစ်ပိုင်း... စကားထဲက သံမဏိတပ်သား ဟူသည့်စကားလုံးကိုတော့ အချိန်ကိုက် ဖမ်းဆုပ်လိုက်နိုင်သေး၏။

အင်ပါယာမြို့တော်သို့ သတင်းပို့ရန် အမြန်ပြန်လာခဲ့သော ခြေမြန်တော် လင်းစစ်သည်က ဧကရာဇ်အားမော်ဖူးကာ...

"မှန်လှပါ...မနေ့ညက ဗိုလ်ကြီးလင်းနဲ့ ချင်ဖင်းမြို့စားတို့ တွေ့ဆုံကြပြီးနောက်မှာ မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် လင်းတပ်သားတွေ အားလုံး ရေတာတမံ ကိုကာကွယ် ဖို့ ပဲ အဓိကလုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ပြည်သူတွေကိုကာကွယ်ဖို့ လစ်လပ်နေတာကြောင့် ချင်ဖင်းမြို့စားက လူအားလုံးကို ရေလွှတ်ရာ ကုန်းမြင့်တွေဆီ ချက်ချင်း ဦးဆောင်ခေါ်သွားဖို့ သံမဏိတပ်သားထျန်းရှုကို အမိန့်ပေးခဲ့ပါတယ်...

အရှင်မြတ်ခင်ဗျာ..အခုဆို ဝမ်ယွဲ့မြို့က မြစ်ရေမျက်နှာပြင်ဟာ တောက်လျှောက်မြင့်တက်လာနေဆဲပါ... တာတမံက ဘယ်လိုမှ ဆက်မထိန်းထားနိုင်လောက်တော့ပါဘူး. တပ်ကူတွေ အမြန်စေလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ.... ပြည်သူတွေလည်း သိမ်းဆည်းဖို့ အချိန်မရှိတာကြောင့် အစာရေစာတွေ မထုတ်ပိုးခဲ့ရပါဘူး... မြို့စားကြီး၊ အရာရှိကျန်းနဲ့ ဗိုလ်ချုပ်လင်းတို့က ဖြစ်နိုင်ရင် ရေဘေးဒုက္ခသည်တွေ အတွက် အစာသိုလှောင်ရုံကို ဖွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်.. စစ်သည်အမြောက်အမြားနဲ့ ပြည်သူတွေဟာ မနေ့ညက ရွာသွန်းတဲ့ မိုးရေကြောင့် အဖျားမိနေကြပါသေးတယ်... ကူညီကယ်ဆယ်ဖို့ ဆေးအမှုထမ်းတွေကို ဝမ်ယွဲ့မြို့ဆီ လွှတ်ပေးဖို့ လိုအပ်နေပါတယ် ခင်ဗျာ"

ဝမ်ယွဲ့မြို့ရဲ့ ကံကြမ္မာက အလွန်ဆန်းကြယ်လှသည်။ သဘာဝကပ်ဘေးက ချက်ချင်းရောက်လာသဖြင့် ပြည်သူတွေက ထိတ်လန့်နေကြပြီး စစ်သည်တို့လည်း အခက်အခဲတွေ ကြုံနေရ၏။

ချင်ဖင်းမြို့စား၏ မြန်ဆန်တဲ့ တုံ့ပြန်မှုသာ မရှိရင် ဝမ်ယွဲ့နှင့် ဘေးပတ်ဝန်းကျင်ကမြို့တွေပါ ပရမ်းပတာ အခြေအနေ ရောက်သွားနိုင်သည်။

"အဲ့ဒီမှာ သံမဏိတပ်သားဦးရေ ဘယ်နှယောက်လောက်ရှိလဲ"

ခြေမြန်တော်က ဧကရာဇ်၏ အမေးကို ပြန်ဖြေရန် အနည်းငယ် တုံ့ဆိုင်းနေခဲ့ရာ ဧကရာဇ်က ပိုပိုပြီး အလေးအနက် ထားလာခဲ့သည်။

ခြေမြန်တော်စစ်သည်လည်း ရွေးချယ်စရာ မရှိပဲ ပြန်ဖြေကြားခဲ့သည်။

"အရှင့်ကို တင်ပြပါတယ်.. ကျွန်တော်မျိုး ထွက်ခွာလာချိန်က ဝမ်ယွဲ့မြို့က အခြေအနေအတော်လေးရှုပ်ထွေးနေပါတယ်.. သံမဏိတပ်သား အရေအတွက် ဘယ်လောက် ရှိမလဲတော့ အတိအကျမပြောနိုင်ပေမယ့် ချင်ဖင်းမြို့စား

ဝမ်ယွဲ့ကို သွားတဲ့နေ့က ခေါ်သွားတဲ့ လူဦးရေပဲ ဖြစ်နိုင်ပါတယ်"

ဒီစကား က အမှန်အတိုင်းပြောလိုက်တာပင်... အခြေအနေတွေ ရှုပ်ထွေးအောင် မလုပ်မိဖို့ ကြားနေဝါဒီ လုပ်ပြီး လူဦးရေကို အချိန်ကိုက် ဆုံးဖြတ်ချက်ချသင့်သည် မဟုတ်ပါတကား။

"အရှင်.. ပင်ကျန်းမြို့ကို တပ်ကူအမြန်လွှတ်ပေးဖို့ တောင်းဆိုလာပါတယ်"

"ယွင်ထျန်းမြို့က သတင်းရောက်လာပါတယ်!"

"မြို့‌တော် နဲ့ မိုင်ခြောက်ရာ ဝေးတဲ့ လင်းဟွေမြို့က အကူအညီ တောင်းခံလာပါတယ်"

"ချန်ကျန်းမြို့မှ...."

ဆုံးဖြတ်ချက်ပင် မချရသေးခင် ညီလာခံခန်းမ အပြင်ဘက်မှ တစ်ဦးပြီး တစ်ဦး အစီရင်ခံလာတော့သည်။

ဧကရာဇ်သည် သံမဏိတပ်သားကြောင့် ကိုယ့်အတွက်ကိုယ် ပူပန်ရန် အချိန်မပေးနိုင်တော့ပဲ မျက်ရိပ်ပြလိုက်ရာ သတင်းတင်ပြတဲ့ ခြေမြန်တော် စစ်သည်တွေ အားလုံး ခန်းမဆီမှ အမြန် ထွက်ခွာသွားကြသည်။ လက်ရှိအခြေအနေသည် အလွန်အရေးကြီးနေပြီး မြို့အများအပြားကို ရေလွှမ်းမိုးသွားနိုင်သည့် အရေးပေါ်အခြေအနေပင်။ မိုးရွာခြင်းကြောင့် ဝမ်ယွဲ့မြစ်ရေတင်မက... အခြားမြို့ရှိ ရေမျက်နှာပြင်အားလုံး ကြောက်ခမန်းလိလိ မြင့်တက်လာပြီး ကုန်းမြေကို စတင်ဝါးမြိုနေသည်။ အခြေအနေက အကျဉ်းအကြပ်ထဲရောက်နေပြီး ပိုပို ဆိုးရွားလာသည်။ သို့သော် မိုးကတော့ ရပ်တန့်သွားဟန်မပြပဲ ဆက်လက် ရွာသွန်းနေဆဲ....

"အရှင်... ချင်ဖင်းမြို့စားက အရှင့်ဆီက ခွင့်ပြုချက် မတောင်းခံပဲ သံမဏိတပ်သားတွေကို တိုက်ရိုက်အမိန့်ပေးခဲ့ပေမယ့် တစ်ကယ်တမ်းသူက စိတ်အပန်းဖြေဖို့အလည်အပတ်သွားရောက်ခဲ့ပြီး ခုလို အခြေအနေမျိုးကြုံလိုက်ရတာပါ။ အရှင် အပြစ်မတင်ပါနဲ့.. ဝမ်ယွဲ့နဲ့ တစ်ခြားမြို့ငယ်တွေကို ကူညီဖို့ တပ်ကူတွေ အမြန်စေလွှတ်၊ အားဖြည့်သင့်ပါတယ်ဗျာ"

အခြေအနေ မဟန်တာကို သတိထားမိတဲ့ ရှဲ့ပုရောဟိတ်ကအရင် မြေပြင်သို့မှောက်ချပြီး ကျယ်လောင်စွာ ဖြေရှင်းလိုက်သည်။

ကျန်းပုရောဟိတ်လည်း မှောက်ချလိုက်ကာ

"ထိုသို့ လုပ်သင့်ကြောင်းပါဘုရာ့"

"သင့်လျော်ကြောင်းပါဘုရာ့"

ကျောက်ပုရောဟိတ်လည်း ဝင်ရောက်ထောက်ခံပြီးသကာလ မှူးမတ်ဝန်မင်းတို့အားလုံး လိုက်ပါထောက်ခံကြသည်။ နဂါးပလ္လင်ပေါ်ထိုင်နေတဲ့ ဧကရာဇ်၏အမူအရာကတော့ ခန့်မှန်းရခက်ခဲကာ

"မင်းချင်းတို့ အားလုံး ထကြပါ... ကိုယ်တော်က အပြစ်တင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ..ဒီတိုင်း

ဝမ်ယွဲ့မြို့အခြေအနေကို တိတိကျကျသိချင်လို့ မေးတာပါ ..အဲ့တာမှ တပ်ကူဘယ်လောက်လွှတ်ပေးသင့်လဲ သိမှာလေ... ကိုယ်တော်လည်း ဟွိုင်ရန်အမတ်ကြီးနဲ့ သူ့သားကြီးကို စစ်သည်နှစ်ထောင်ဦး‌ဆောင်ပြီး အရှေ့အရပ်ကနေ ဝမ်ယွဲ့ဆီ သွားကူဖို့အမိန့်ပေးလိုက်ပြီးပြီ"

"အမျှော်အမြင် ကြီးလှကြောင်းပါဘုရာ့"

ဝန်မင်းတို့မှာ အကြာကြီး မရပ်လိုက်ရပဲ တစ်ဖန် မြေပြင်ပေါ် မှောက်လိုက်ရပြန်၏။ ထိုစဉ် မင်းသား၄ ချင်ယွင်ရှန်းက

"ခမည်းတော်.. သားတော်လည်း ဝမ်ယွဲ့မြို့ကိုသွားပြီး ချင်ဖင်းမြို့စားနဲ့ အတူ ကူညီကယ်ဆယ်ချင်ပါတယ်... သားတော်ကို ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ် ခမည်းတော်"

တော်ဝင်မင်းသားတစ်ပါးမှ ထိုအန္တရာယ်များလှသည့် နယ်မြေသို့ သွားရန် ပြောလာမည်ဟုမည်သူမှ ထင်မထားကြသဖြင့် ဧကရာဇ် အပါအဝင် လူတိုင်း ‌မှင်သက်ကုန်၏။

"သားတော် ကိုယ်တိုင်သွားစရာ မလိုပါဘူး... မိဖုရားကလည်း မနေ့ကမှ နတ်ရွာစံထားတာ... သူ ကိုယ်တော်နဲ့ လက်ဆက်လိုက်ကတည်းက သားတော် မမွေးဖွားပေးနိုင်လို့ တစ်ရက်မှ စိတ်မချမ်းသာ ခဲ့ရဘူး.... သားတော်က သူ့သွေးသားရင်း မဟုတ်ပေမယ့် မိဖုရားရဲ့ ဈာပနမှာ ရှိပေးဖို့လိုတယ်.. ရေဘေးအတွက်ကတစ်ခြားသူတွေပဲ ကိုင်တွယ်ပါစေ"

ဖြစ်နိုင်ရင် ဖေးယွမ်ရွှင်းက ပြည်သူတွေရဲ့အချစ်ကိုသိမ်းယူသွားမယ့် အပြုအမူကိုစောင့်ကြည့်ဖို့ သူ့သားကို စေလွှတ်ချင်ပေမယ့် ဝမ်ယွဲ့မြို့အခြေအနေက အုတ်သုံဘေးမကင်းသေးရာ သားတော်ကို ဆိုးရွားတဲ့ အခြေအနေထဲ လွှတ်ဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲလေ?

"ခမည်းတော် ဉာဏ်အ‌ေမျှာ် အမြင်ကြီးလှပါတယ်... သားတော် အတွေးတိမ်သွားကြောင်းပါ"

ချင်ယွင်ရှန်း ခေါင်းငိုက်စိုက်ကာ နောက်ပြန်ဆုတ်သွားသည်။ စိတ်ပျက်သွားမှုက မျက်လုံးရိပ်ထဲ အထင်းသား ပေါ်လွင်လျက်။ ပြည်သူတွေရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်မယ့်အခွင့်အရေးက ဆုံးရှုံးသွားရပြီ။ သူ့အားစောင့်ရှောက်ဖို့ လူအလုံအလောက်ခေါ်သွားလျှင် အန္တရာယ် ဘယ်ကြုံပါ့မလဲ... ဒါကြောင့်လည်း လက်ဦးမှုယူပြီး ခွင့်တောင်းရဲတာ ဖြစ်သည်။ သို့ပေမယ့် မယ်မယ်က နတ်ရွာစံသွားတာကြောင့် သားတော်တွေကို နန်းပြင်ထွက်ခွင့်မပေးနိုင်တဲ့အချက်ကို သူမေ့သွားခဲ့သည်။

"သားတော်၄ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့..သားတော်က ခမည်းတော်ရဲ့ ဝန်ကို ကူထမ်းပေးချင်တာ နားလည်ပါတယ်"

ချင်ယွင်ရှန်း မျက်နှာ မကောင်းတာ မြင်တော့ ဒီနေ့အတွက် ဧကရာဇ်က ပထမဆုံးအကြိမ် ပြုံးလိုက်မိသည်။ အခြားမင်းညီမင်းသားတွေရဲ့ အမြင်မှာတော့ နားလည်မှုလွဲသွားနိုင်သည်။

"ခမည်းတော်သိတဲ့အတိုင်း သားတော်က သာမာန်ပြည်သူတွေနဲ့ ရင်းနှီးရတာကို နှစ်သက်တယ်၊ အခု ပြည်သူတွေ ‌သဘာဝကပ်ဘေးအန္တရာယ်ကြုံနေရတော့ သားတော်စိတ်ထဲ မိတ်ဆွေရင်းတွေ ဒုက္ခရောက်နေရတာကို ထိုင်ကြည့်နေရသလို မျိုး ရင်ထဲမကောင်းလို့ မယ်တော် နတ်ရွာစံသွားတာကိုတောင် လစ်လျူရှုမိတဲ့အထိပါပဲ... သားတော်ရဲ့ မဆင်မခြင်အပြုအမူအတွက် အပြစ်ပေးတော်မူပါ ခမည်းတော်"

ချင်ယွင်ရှန်းက ခါးသက်သက်အပြုံးဖြင့် ဦးမော့ထား၏။ ယုံကြည်ချက်ရှိသည့် ကိုယ်နေဟန်ထားကြောင့် သူ့မှာ အခြားမည်သည့်ရည်ရွယ်ချက်မှ မရှိသည့်ပုံ။

"ပြည်သူတွေက မိတ်ဆွေရင်းတွေ ဟုတ်လား? အစ်ကိုတော်ရဲ့စကားတွေက စိတ်ကူးယဉ်ဆန်လိုက်တာ... မယ်တော်ထက်တောင် ပိုရင်းနှီးနေတယ်ဆိုတော့"

မင်းသား၅၏ ထေ့ငေါ့သော စကားကြောင့် ဧကရာဇ်၏အကြည့်က တစ်မျိုးဖြစ်သွားသည်။ သို့သော်လည်း နဂါးပလ္လင်ပေါ်ထိုင်နေရတာကြောင့် ရာဇအိန္ဒြေ မပျက်အောင် မည်သည့်အမူအရာမှ မပြပေ။

ဝတ်ရုံထဲ ဖုံးကွယ်နေသည်ကိုအခွင့်ကောင်းယူကာ လက်သီးတင်းတင်း ဆုပ်လိုက်ပြီးနောက် ပြုံး၍..

"ညီတော် ဘာကိုဆိုလိုတာလဲ? အစ်ကိုတော်က ခမည်းတော်ရဲ့သားတော် တစ်ပါးလေ... ပြည်သူတွေအပေါ် ကြင်နာရမှာပေါ့ ၊တိုင်းပြည် တစ်ဝန်းလုံး ရေဘေးသင့်နေတာကို အစ်ကိုတော် ဘယ်လို လစ်လျူရှုနိုင်ပါ့မလဲ... မယ်မယ်ရဲ့ ဈာပနအခန်းအနားကို လစ်လျူရှုမိတာကတော့ အစ်ကို့အမှားပါ"

"လစ်လျူရှုရုံပဲ ဟုတ်လို့လား... မယ်မယ့်စျာပနအတွက် တစ်တိုင်းပြည်လုံး ဝမ်းနည်းပူဆွေးနေတာကို အစ်ကိုတော်က ဝတ်ရုံဖြူတောင် မလဲရသေးပါလား"

မင်းသား၇ ဝင်ပြောလိုက်တဲ့စကားကြောင့် ဝန်မင်းတို့လည်း သတိထားမိသွားကြသည်။ မင်းသား၄ရဲ့ညီလာခံ တက်ရောက်သည့်ဝတ်ရုံက လုံးဝကို မသင့်တော်နေချေ။ သူတင်မက တုံးလင်အိမ်တော်က ရှန်အမတ်ကြီးလည်း ဝမ်းနည်းခြင်းဖော်ဆောင်သော ဝတ်ရုံကို ဝတ်ဆင်ထားခြင်းမရှိ။

"အခု ပိတ်ဖြူက ဘယ်လောက်ရှားနေလဲဆိုတာ ညီတော်၇ မသိဘူးထင်ပါရဲ့၊ မုရုန်အိမ်တော်က ရေဘေးသင့်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပိတ်စအကုန်လုံးကို ကြိုဝယ်သွားတာတဲ့... မနေ့က မုရုန်အိမ်တော်ကို လူတွေစေလွှတ်ခဲ့ပေမယ့် လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်.. အစကတော့ ခမည်းတော်နား အပူကပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရုတ်တရက်ကြီး ရေကာတာ လုံခြုံရေးကိစ္စက အရေးပေါ်ဖြစ်သွားမယ်လို့ ထင်မထားမိဘူး"

အကြောင်းစုံရှင်းပြရင်း ချင်ယွင်ရှန်း ဒူးထောက်ချကာ ဧကရာဇ်အားမြော်ဖူးသည်။။

"သားတော်ရဲ့ မသိတတ်မှုအတွက် ဒီနေ့ကစပြီး မယ်မယ့်ကို အဖော်ပြုစောင့်ရှောက် ခွင့်ပေးပြီး ‌တော်ဝင်သင်္ချိုင်းကို ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ခွင့်ပေးပါ ခမည်းတော်"

ဤစကားကြားသော် လူတိုင်း အံ့ဩသွားကြ၏။ တော်ဝင်မျိုးနွယ်ကို သင်္ချိုင်းဆီ ပို့ဆောင်မြှုပ်နှံဖို့ ရက်ပေါင်း ၄၉ရက်စောင့်ရ၏။ ဧကရာဇ်က သဘောတူလိုက်ရင်တော့ နှစ်လလောက်နဲ့ ညီလာခံပြန်တက်ခွင့်ရပေလိမ့်မည်။ မိမိရိုးသားကြောင်း သက်သေပြရာရောက်သလို၊ ကျဉ်းကြပ်သည့် အနေအထားမှ မျက်နှာသာ ရရန် ကြိုးစားခြင်းဖြစ်ကြောင်း သံသယ ရှိရန်ပင် မလိုအပ်ပါချေ။ သို့သော်... မိဖုရား၏ ရုပ်ကလာပ်ကို မြှုပ်နှံသည်အထိ စောင့်ရှောက်ပေးရမည့်သူက မွေးရင်း သားကြီး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မည်သူမျှ ချင်ယွင်ရှန်း၏ ရည်ရွယ်ချက်ကို နားမလည်ကြတော့ပေ။

မိဖုရားကြီးလည်း နတ်ရွာစံသွားပြီကို...ဂုဏ်သိက္ခာ အတွက် ဘာလို့ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေသေးတာလဲ?

"ခွင့်ပြုတယ်"

ဧကရာဇ်က ဆိတ်ငြိမ်မှုကို ဖြိုခွင်းကာ တစ်ကယ် ခွင့်ပြုလာသည်။ ဤသည်က ရှေ့မတိုးမှီ နောက်တစ်လှမ်းပြန်ဆုတ်တတ်သည့် ချင်ယွင်ရှန်း၏ အမူအကျင့်ပင် ဖြစ်သည်။

ဧကရာဇ်မှ မိဖုရား၏ အမည်ခံသားတော် နေရာတွင် ချင်ယွင်ရှန်းအား ထားမည့်ကိစ္စကို မကန့်ကွက်ရာ အခြားမင်းညီမင်းသားက စိတ်အေးသွားကြပြီး မင်းသား၄၏ ရူးမိုက်မှုကို စိတ်ထဲမှ လှောင်ပြောင်လိုက်ကြ၏။

"စက်မှုလုပ်ငန်းဌာနက ဝန်မင်းရှိရဲ့လား"

"ရှိကြောင်းပါ ဘုရာ့"

ဝန်မင်းက ရှေ့သို့ထွက်လာရာ ဧကရာဇ်မှ လေးလေးနက်နက် ပြော၏။

"ဝန်မင်း ခုချက်ချင်း ဗိုလ်ချုပ်လင်းကို သွားကူလိုက်ပါ... ဘာမတော်တဆမှုမှု ဖြစ်ခွင့်မပြုပါနဲ့"

"နာခံလျက်ပါ"

စက်မှုလုပ်ငန်းဌာန၏ဝန်မင်းသည် စက်မှု၊လက်မှုနှင့် လယ်ယာလုပ်ငန်း၊ရေစီးဆင်း ဆက်သွယ်ပို့ဆောင်မှုနဲ့ အခြားတိုင်းပြည်ရေးရာများကို တာဝန်ယူရသည်။ ဤတစ်ကြိမ် ရေကာတာပြိုကျမည့်အရေးတွင် ထိုသူကိုပို့ဆောင်ရန် အသင့်တော်ဆုံး ဖြစ်ရာ အခြားဝန်မင်းများလည်းကန့်ကွက်စရာမရှိ။

"ချင်ဖင်းမြို့စား၊ ဗိုလ်ချုပ်လင်းနဲ့ ကျန်းအရာရှိတို့က ဝမ်ယွဲ့မြို့အတွက် အကူအညီတောင်းခြင်းကိစ္စ ကို ကိုယ်တော်ခွင့်ပြုလိုက်ပြီ၊ပြီးတော့ အင်ပါယာ မြို့တော်က သမားတော်အယောက်၃၀နဲ့ နန်းတွင်းသမားတော်အယောက်၅၀ ပါ စေလွှတ်ပေးမယ်"

" အမျှော်အမြင်ကြီးမားလှပါတယ်...အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

ဧကရာဇ် မှ တော်ဝင်အမိန့်တော်ထုတ်ပြန်ပြီးသည်နှင့် မှူးမတ်အပေါင်းတို့က သုံးကြိမ်တိုင်တိုင် အရိုအသေပြုလိုက်ကြသည်။ ကောင်းချီးထောပနာပြုသံက ညီလာခံခန်းမတစ်ခုလုံးဟိန်းထလျက်...။

ယခုချိန်ထိ ဒူးထောက်လျက်သား ရှိနေသည့် လင်းစစ်သည် က တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ အရှင်မင်းကြီးမှ ချင်ဖင်းမြို့စား၏ သံမဏိတပ်သားအကြောင်း မေးမြန်းနေပုံနှင့် တော်ဝင်မင်းသားများမှ ကိုယ်ကျိုးကြည့်နေသည့်အပြုအမူများကြောင့် ပြည်သူတွေရဲ့အရေးပေါ်အခြေအနေအား လစ်လျူရှုထားတော့မည်ဟု မူလက ထင်ခဲ့မိသည်။ ကံကောင်းထောက်မစွာဖြင့် လိုအပ်သည်တို့ကို အောင်အောင်မြင်မြင် တောင်းဆိုနိုင်ခဲ့သည်။

အေးစက်သည့် နှလုံးသားက လွယ်လင့်တကူ ပြန် နွေးထွေးရန် ခဲယဉ်းသည်။

"ဝမ်ယွမ်!"

သက်ဆိုင်ရာ တာဝန်များပေးအပ်ပြီးနောက် ရုတ်ချည်း လှမ်းခေါ်လိုက်သည်။ လူမှုရေးရာဝန်မင်း ဝမ်ယွမ်မှာ ပြီးခဲ့တဲ့ညက မိုးခြိမ်းသံကြားလိုက်ရချိန်တွင် အခြေအနေတွေ ရှုပ်ထွေးတော့မည်မှန်း သိခဲ့သည်။

ချက်ချင်း ဒူးထောက်ချပြီး တုန်ရီနေကာ..

"ကျွန်..ကျွန်တော်မျိုး ကိုယ့်အပြစ်ကိုယ် သိပါပြီ... အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ"

လွန်ခဲ့သော ငါးရက်က ရေကာတာအား မူလအတိုင်းပြုပြင်ပြီးသည်နှင့် ယုံကြည်ချက်ရှိရှိ မြို့တော်သို့ပြန်ခဲ့သည်။ ထိုအချိန်က အရှင်မင်းကြီးပေးအပ်ခဲ့သည့်တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ခဲ့သည်ဟု သွေးနထင်ရောက်ကာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမဆုံးဖြစ်ခဲ့သည်။ သို့သော် နေသာပြီးကောင်းမွန်နေသည့် ရာသီဥတုက ရုတ်တရက်ဆိုးရွားသွားပြီး ရေကာတာအားထိခိုက်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။ ထို့ကြောင့် ဘုန်းတော်ကြီး ဟွေအန်း ဟောကိန်းထုတ်သည်အား လစ်လျူရှုကာ အပြစ်ပေးမိလုနီးပါးဖြစ်ခဲ့သည်။ နိဂုံးချုပ်လိုက်ရင် လက်ရှိရာထူးမှာ ကြာကြာ နေခွင့်မရတော့ဘူးထင်ပါ၏။

"သိပ်ကောင်းတယ် ဝမ်ယွမ်.. ကိုယ်တော်က မင်းကိုယုံကြည်လို့ ဒီတာဝန်ပေးအပ်ခဲ့တာလေ! အခုတော့ ကိုယ်တော့်ကို ဘယ်လို ပြန်လုပ်ပြခဲ့သလဲ"

ဧကရာဇ်၏ဒေါသက လျှော့၍မရနိုင်တော့ပေ။ ဘုန်းတော်ကြီးက အန္တရာယ်ကိုခံစားမိ၍ ထပ်ခါထပ်ခါ သတိပေးခဲ့သည်ကို လစ်လျူရှုရုံသာမက မြေမြှုပ်ပစ်ရန်ပင် ကြိုးစားခဲ့သေးသည်။ ဝမ်ယွမ်အား မည်ကဲ့သို့ အလွယ်တကူ ခွင့်လွှတ်ပေးနိုင်မည်လဲ....

"အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အပြစ်ကို ခွင့်လွှတ်ပေးတော်မူပါ"

လွတ်မြောက်ရန်မလွယ်ကူကြောင်း သိသဖြင့်ဝမ်ယွမ်မှာ တောင်းပန်ရန်မှတစ်ပါး အခြားစကားမဆိုရဲ။

ဧကရာဇ်က နဂါးတံလျှပ်ကိုရွယ်ကာ ခန်းမတစ်ဆောင်လုံးကြားရအောင် အမိန့်ပေးသည်။

"အစေခံတွေလာစမ်း! ဝမ်ယွမ်ကို အချုပ်ထဲ ထည့်လိုက်ကြ.. ဝမ်ယွဲ့ရေကာတာ တစ်ခုခုဖြစ်တာနဲ့ သူ့ရဲ့ ဆွေစဉ်မျိုးဆက် ၉ဆက်လုံး သတ်စေ!"

"အရှင်မင်းကြီး.. ကျေးဇူးပြုပြီး.. ခွင့်လွှတ်...."

"အမိန့်အတိုင်းပါ!"

ဝမ်ယွမ်က မျက်ရည်စီးကြောင်းနှစ်ဖက်ဖြင့်ခေါင်းမော့ကာ တောင်းဆိုလာသည်။ ရဲမက်များကသူ့အားတစ်ဖက်တစ်ချက်စီမှ ချုပ်ကာ ခန်းမထဲမှ တရွတ်တိုက် ဆွဲထုတ်သွားသည်။ မှူးမတ်အပေါင်းတို့မှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြ၏။ ဧကရာဇ်၏ စိတ်ကိုခန့်မှန်းရန်ကားမဖြစ်နိုင်ပါချေ။ လွန်ခဲ့သည့်ရက်က ချီးမွမ်းဂုဏ်ပြုပေးခဲ့သော်လည်း ဒီနေ့မှာတော့ ထိုသူအား အချုပ်ထဲ ထည့်ရန် ပြတ်ပြတ်သားသား အမိန့်ချခဲ့သည်။

"ဒီနေ့ မိဖုရားရဲ့ဈာပနအတွက် ဝမ်းနည်းခြင်း ဝတ်ရုံ မဝတ်ဆင်တဲ့သူတွေက တစ်နှစ်စာ လစာဖြတ်ခံရမယ်.. မနက်ဖြန်လည်း မဝတ်သေးဘူးဆိုရင် ဝမ်ယွမ်ကိုအဖော်ပြုဖို့ အချုပ်ထဲ သွားရမယ်... ညီလာခံသိမ်းမယ်"

ဧကရာဇ်က ဒူးထောက်နေတဲ့ ဝန်မင်းတွေကိုဝေ့ကြည့်ပြီး ဒေါသတကြီး အမိန့်ချကာ လှည့်ထွက်သွားသည်။ လူတိုင်းထိတ်လန့်နေပြီး အထူးသဖြင့် ဝတ်ရုံမဝတ်ဆင်လာသူများက ပိုကြောက်ရွံ့နေကြ၏။

ညီလာခံပြီးသည်နှင့် အိမ်အမြန်ပြန်ကာ မနက်ဖြန်ညီလာခံတွင်ဝတ်ဆင်ရမည့် ပိတ်စအားရှာရန်ထက် အခြားမည်သည်ကမှ အရေးမကြီးတော့ပါ။

3066words

🍇 grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment