no

Font
Theme

'ကံဆိုးခြင်းနမိတ်ဖြင့် မွေးဖွားလာသူ'

နွေရာသီပြီးဆုံး၍ မိုးတစ်ဖွဲဖွဲ ကျသည့်ရာသီမို့ သဘာဝတရားအရ မည်းမှောင်နေသောတိမ်များက ထွက်ပြူနေသော နေ၏ အလင်းရောင် ကို ကွယ်ကာ ထားသည်။ တိုက်ခတ်နေသော လေတဖြူးဖြူးကြောင့် သစ်ကိုင်း၊သစ်ရွက် များကို လှုပ်ယမ်းသွားစေသည်။မိုးသဲကြီးမဲကြီး ရွာချနေသော်လည်း ဤကမ္ဘာပေါ်သို့ လန်းဆန်းတက်ကြွမှု များစွာ သယ်ဆောင်လာ‌နိုင်ခြင်းမရှိ။ တိတ်ဆိတ်နေသော အမှောင်ထုကိုသာ ဖြစ်ပေါ်စေသည်။

"မြန်မြန်မောင်း!"

"သူတို့အားလုံးကို ဖမ်းစမ်း!"

တောင်ကြားလမ်းတစ်နေရာတွင် ရွာသွန်းနေသော မိုးအောက် ပြေးလွှားနေသော ရထားလုံးနောက်သို့ မြင်းဒုန်းစိုင်းလျက် ညာသံပေးကာ လိုက်ဖမ်းနေသော လူတစ်စုရှိသည်။ထိုလူတစ်စုမှာ မြင်းတစ်ကောင်စီပေါ်တွင် လူတစ်ဦး လိုက်ပါစီးနင်းလျက်။

ရထားလုံး အပြင်ဘက် ချောင်းကြည့်လိုက်သော အခါ ခက်ထန်ကြမ်းတမ်းသော မျက်နှာ အမူအရာဖြင့် ရက်စက်တတ်မည့် လူနှစ်ယောက် ဦးဆောင်ကာ မြင်းကိုတရကြမ်း မောင်းနှင် ၍ အမှီလိုက်လာသည်ကိုတွေ့ရသည်။ ထိုသူတို့ လက်ထဲတွင် အလွန် ထက်မည့် ဓားရှည်များလည်း သယ်ဆောင်ထားလျက်။

"ဘယ်လိုလုပ်မလဲ? သူတို့ဖမ်းမိတော့မယ်"

"ဟေ့လူ မြန်မြန်လေးမောင်းပါ ..."

"အဖွားဝေ, တစ်ခုခု မြန်မြန်စဉ်းစားပါဦး, ကျွန်မ မသေချင်သေးဘူး"

"ငါ့မှာ တစ်ခြားနည်းလမ်းမရှိဘူး, ပဉ္စမ သခင်လေးကိုပဲ အပြစ်တင်ရမယ်၊ ကံဆိုးသူ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပေါ့။ မြို့ပြင်ထွက်နေမယ်ဆိုရင်တောင် သူကံဆိုးတာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူ့ကို ငါတို့ ခေါ်လာတာနဲ့ ကြည့်ပါလား...ဒီလိုမျိုးတွေကြုံရတယ်။ အဓိက လမ်းမ‌ကြီးပေါ်မှာ ဓားပြတွေကို မတွေ့ရတာ ဘယ်နှနှစ်တောင် ကြာနေပြီလဲ"

"အဖွားဝေ စကားကို ဘယ်လိုပြောလိုက်တာလဲ၊ ပဉ္စမသခင်လေးက...."

"ငါပြောတာ ဘယ်နားက မှားနေလို့လဲ?"

လျင်မြန်စွာ ပြေးလွှားနေတဲ့ရထားလုံးပေါ်မှ လူများ သည် ရုတ်တရက် စကားသံများရပ်တန့်သွားသည်။‌ အော် ဟစ် ဆူညံသံများကြောင့် အတွင်းဘက်ဆုံးတွင်ထိုင်နေသော ရှန်လျန်မှာ မူးဝေ၍ ဝမ်းဗိုက်တွင်းမှ ကိုယ်အင်္ဂါများ ကပြောင်းကပြန်ဖြစ်မည့်ဟန် ခံစားရကာ စတင်နိုးလာသည်။

ငြီးငြူလိုက်ပြီးနောက် သူ၏ သေးသွယ်လှသောလက်ချောင်းများသည် ပူကျစ်နေသော နဖူးဆီသို့ လက်တင်လိုက်သည်။ရှန်လျန် မျက်မှောင်ကြုတ်ပြီးနောက် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သောအခါ....

ဘယ်ဘက်တွင် အမျိုးသမီး နှစ်ဦး၊ အဖွားအိုတစ်ဦးနှင့် မိန်းမငယ်တစ်ဦးထိုင်နေပြီး၊ ညာဘက်တွင်တော့ ဝတ်စားထားပုံအရ ရင့်ကျက်သည့် လူရွယ်နှစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရသည်။

ချီယွဲ့? ချီရွှမ်း?

ရှန်လျန်၏ မျက်ဝန်းအစုံမှာ ပြူးကျယ်လျက်။

သူတို့ ....မဟုတ်သေးဘူးလေ၊ ဟို အဆိပ်ရူးမ ရှန်ချန်က သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ် လိုက်ပြီမဟုတ်ဖူးလား? ဘယ်လိုလုပ် အရင်ထဲက သေသွားတဲ့ ချီယွဲ့နဲ့ ချီရွှမ်း ကို မြင်နေရတာလဲ?ပြီးတော့ အဖွားဝေနဲ့ ကျင်းကျီကရော ဘာတွေ ဖြစ်ကုန်တာလဲ, ဘယ်သူက တုံးလင် အိမ်တော်ရဲ့ အစေခံခေါင်းဆောင်လဲ?

"သူတို့တွေ တဖြည်းဖြည်းနီးလာပြီ အဖွားဝေ၊ တစ်ခုခု လုပ်ပါဦး"

"ငါလို အဖွားအိုကြီးက ဘာလုပ်နိုင်မှာ မို့လဲ? သူတို့က ဓားပြတွေလေ"

ရထားလုံးထဲက လူတွေ အကုန်လုံးက နောက်ဘက်က ဓားပြတွေဆီ အာရုံစူးစိုက်မိနေကြသည်။ ရှန်လျန်မှာ မေ့မြောနေရာမှ ရှင်းရှင်းလင်းလင်း နိုးလာပြီဖြစ်သည်။ အစေခံ ကျင်းကျီမှာ အထိတ်တလန့် ဖြူဖတ်နေပြီးအဖွားဝေ၏ လက်မောင်းကို အားကိုးတကြီး ဆွဲ ကိုင် ထားသည်။ သိပ်မကြာမှီ ရထားလုံး၏ ပြောင်းပြန်လှန်သွားနိုင်သော ကံကြမ္မာကြောင့် သူမ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေသည်။အဖွားဝေမှာ တော့ သူတို့နှင့် ခြားနားစွာ ပင် တည်ငြိမ်နေလျက်ပင်။

ထင်မှတ်မထားခြင်းကြောင့် ရှန်လျန်မှာ မြင်မြင်သမျှ အားလုံးကို နားလည်ရန် ကြိုးစားနေရသည်။ အဖြစ်အပျက် ပုံရိပ်များ ကို မျက်စိထဲ ပြန်မြင်ယောင်လာသောအခါ ဝမ်းနည်းစွာ မျက်ဝန်းများဖိပိတ်မိလိုက်သည်။ ဤ ရင်းနှီးနေသော သူများနှင့် ထပ်မံ တွေ့ဆုံခွင့်ရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

ယခု သူက အသက် ဆယ့်ငါးနှစ်အရွယ်ဖြစ်ပြီး၊ တုံးလင် အိမ်တော်ကို ပြန်တဲ့လမ်းတွင်ဖြစ်သည်။

ထိုနှစ်က ခမည်းတော် ဖြစ်သူ အမတ်ကြီး တုံးလင် မှာ ရှန်ချန့်ကို သာ အရမ်းချစ် သည်။ အကြောင်းမှာ သူ၏ ဇနီးများက ကိုယ်ဝန်မဆောင်နိုင်ခြင်း မဟုတ်ဘဲ ကိုယ်ဝန်စရှိပြီဆိုတိုင်း ထူးထူးဆန်းဆန်း ပျက်ကြ ခြင်းကြောင့်ဖြစ်သည်။

ဒုတိယနဲ့ တတိယ ဦး‌ေလးတွေမှာတော့ မျိုးရိုးဆက်ခံသူတွေရှိကြသည်။ တုံးလင်အိမ်တော်မှာက ကောလဟာလ တစ်ခုရှိပြီး ထိုကောလဟာလ မှာ သူဆယ်နှစ်သားအရွယ်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

ဖခင်၏ အမြောင် ဇနီးမှာ ခြောက်လအကြာတွင် ကိုယ်ဝန်ဆောင်ရခြင်းကြောင့် အဖေ က ပျာယာခတ်ပြီး အဖွား အားသွားရောက်တိုင်ပင်သည်။ အဖွားမှတာအိုပညာရှင်နဲ့တွက်ချက်ကြည့်ခိုင်းတဲ့အခါ မှာတော့ ရလဒ်က အဖေ ရဲ့ မျိုးရိုးအမွေဆက်ခံသူက ပေါ်လာနိုင်မှာ မဟုတ်ကြောင်း ၊အိမ်တော်ထဲတွင် ကပ်ဆိုးဆိုက်‌ရောက်စေ သူရှိနေကြောင်း၊ထိုသူကြောင့် အရာအားလုံး ပျက်စီးရလိမ့်မည်ဖြစ်ကြောင်း ၊

အကယ်၍ ဤကိစ္စ အား ပြေလည်အောင် ဖြေရှင်းလိုပါက ကံဆိုးသည့် နက္ခတ်နဲ့မွေးဖွားလာသူကို အဝေးပို့ပစ်ရမည်ဟု နမိတ်ဖတ်ခဲ့သဖြင့် အကုန်လုံးက ရှန်လျန့်အား အမြဲ မုန်းတီးနေကြ‌တော့သည်။ အဖေက သူ့ကို မြို့ပြင်ထုတ်ဖို့ အမိန့်ပေးခဲ့ ရာ အစ်ကိုကြီးရှန်က အိမ်‌ကဆင်းပြီး ဆန္ဒပြ ခဲ့ပြီး နောက်တော့ ရင်ဘတ်ကို မြားပေါင်းများစွာ ထုတ်ချင်းဖောက် ကာ ‌စစ်ပွဲမှာ သေဆုံးခဲ့ရသည်။

အစ်ကိုက တုံးလင်အိမ်ရဲ့ အမွေဆက်ဆံသူဖြစ်ပေမယ့် ချင်ယွင်ရှန်းက ဂရုမစိုက်ပဲ သုတ်သင်ပစ်ခဲ့သည်။ ထိုအခြေအနေထိရောက်သွားအောင် သူ့အဖေ ဘာတွေ လုပ်နေခဲ့လဲ?

ထိုအကြောင်းများကို တွေးမိလေလေ ရှန်လျန့် တစ်ကိုယ်လုံး အမုန်းတရား၊‌နာကျည်းဒေါသ များဖြင့်ပြည့်နှက်သွားသည်။

ရှန်ချန်၊ ချင်ယွင်ရှန်း နဲ့ သူ့အား အရှက်ခွဲ ၊နှိပ်စက် အနိုင်ကျင့်သူများအားလုံး အနာဂါတ်တွင် အေးအေးဆေးဆေး မနေစေရ။

"ပဉ္စမ သခင်လေး၊ နိုးလာပြီလား"

နောက်ဆုံးတော့ လှည်းထဲမှ အသံများ တိတ်ဆိတ်သွားကာ သူ၏ ညာဘက်တွင် ထိုင်နေသော လူရွယ်နှစ်ဦးမှာ လှည်း၏ ယမ်းခါနေခြင်းကိုပင် အမှုမထားတော့ပဲ စိုးရိမ်တကြီး မျက်နှာလေးများဖြင့်သူ့ဆီ တိုးကပ်လာကြသည်။

ရှန်လျန် နှုတ်ဖြင့်မဖြေတော့ပဲ ခေါင်းအသာ ငြိမ့်ပြပြီး အကြည့်ဖြင့်ဖြေလိုက်သည်။ ချီယွဲ့နဲ့ ချီရွှမ်း ကိုသူ့နောက်လိုက်သွားဖို့ အစ်ကိုကြီးက ထည့်ပေးလိုက်သဖြင့် မြို့ပြင်တွင် ငါးနှစ်လုံးလုံး သုံးယောက်သား အတူတကွ ကြီးပြင်းခဲ့ရသည်။

ထို့နောက်တွင်တော့ လူရွယ် နှစ်ဦးထဲမှ တစ်ဦးမှာ သူ့ကိုယ်စား သေသည်အထိ နှိပ်စက်ခံရကာ ကျန်တစ်ဦးမှာ သူ၏ရှေ့တည့်တည့်တွင်ပင် အရိုက်ခံရ၍ သေဆုံးသွားခဲ့ရသည် ။ သူတစ်ကယ်ပဲ လူအများကြီးကို သေစေခဲ့သည်ပဲ။ ရင်ဘတ်ထဲ စူးခနဲ နာကျင်သွားပြီး လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ အေးစက်စက်မျက်ဝန်းများမှာ နီရဲ တက်လာလျက်။

"ပဉ္စမ သခင်လေး...."

သူ့အမူအရာကို မြင်သော လူရွယ်နှစ်ဦးလုံး သူ့လက်ပေါ်သို့လာအုပ်ကိုင်သည်။

"အဆင်ပြေပါတယ်၊ နည်းနည်း မူးနေသေးလို့ပါ"

ဤ အကြောင်းပြချက်က အမှန်ဟု ထင်သွားစေသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကလို ထပ်မဖြစ်စေဖို့ ဒီလူတွေကို သူကာကွယ်မည်။

ရှန်လျန်မသိလိုက်ခင်တွင် သူ့နဖူးအား လက်တစ်ဖက်က ညင်သာစွာ စမ်းသပ်သွားကာ ...

"နည်းနည်းပူနေသေးတယ်၊ သခင်လေး ဆက်သည်းခံထားပေးနော်၊ မြို့တော်နဲ့နီးနေပြီ၊ သမားတော်နားခေါ်သွား‌ပေး မယ်"

ချီ ယွဲ့မှာ နှစ်လိုဖွယ်ကောင်းနေဆဲပင်။

"ဟုတ်ပါပြီ"

ရှန်လျန် မျက်ရည်ဝေ့လျက် ခေါင်းငြိမ့်မိ၏။ တစ်ကယ်ပဲ ကံကောင်းလိုက်တာ ၊သူတို့ အသက်ရှင်နေကြသေးတယ်။

"ပဉ္စမသခင်လေးက ချူချာလိုက်တာ၊ ဖျားပြီး ခေါင်းလေး နည်းနည်းကိုက်ရုံနဲ့ တစ်နေ့လုံးနီးပါးအိပ်နေတာ၊ ကျွန်မတို့တွေက ကျဉ်းထဲ ကြပ်ထဲရောက်လို့၊ ဓားပြတွေ ရဲ့အဖမ်းတောင်ခံရတော့မယ်။ မကြာခင် ငရဲပြည်သွားရတော့မှာကို စိုးရွံ့မိပါရဲ့တော်"

အပြစ်တင် ပြောဆိုဟန်များက သခင်ငယ်လေးများနှင့် အစေခံများ နားသို့ ဝင်ရောက်သွားစေသဖြင့် ချီယွဲ့ နှင့် ချီရွှမ်းတို့မှာ မျက်‌မှောင်ကြုတ်ကုန်သည်။ ရှန်လျန်က သူ၏ ဖြူဖျော့နေသော လက်တစ်စုံကို ရွှေ့မ,ကာ ကောင်လေးတွေ၏ လက်ဖမိုးပေါ် အုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်ပြီး အဖွားဝေ ကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။

"တုံးလင် အိမ်တော်က ငါးနှစ်လောက် ထွက်လာလိုက်တာနဲ့ အိမ်တော်ရဲ့ စည်းကမ်းတွေ ပျက်စီးကုန်မယ်လို့ တစ်ခါမှ မတွေးထားဖူးဘူး။ လုပ်သက်ရင့် အစေခံတစ်ယောက်က ဒီသခင်လေးအပေါ် မရိုမသေ လုပ်ရဲတယ်ပေါ့! အိမ်တော်ပြန်ရောက်ရင်တော့ အမေလေး ကို မေးမြန်းရတော့မှာပဲ၊ ကိုယ့်လက်အောက်ငယ်သားကို ဘယ်လိုတွေ သင်ပေးထားသလဲဆိုတာကို "

ဤအဖြစ်အပျက်မှာလဲ အရင်ဘဝလိုပဲ ထပ်တူပင်။သူ့ကိုကြိုဖို့ စေလွှတ်ခံရတဲ့ အဖွားဝေက သူဟာ ကံဆိုးစေပြီးလာဘ်တိတ်စေတတ်သူဟု လူအများကို သွေးပုပ်လေလွှင့်လိုက်ပြောတတ်သူပင်။

သူကိုယ်တိုင်က ငယ်စဉ်ကတည်းက ဖခင်ရဲ့ လစ်လျူရှုခြင်းခံရသူဖြစ်ခဲ့ပြီး သူ့ကို ချစ်သော အစ်ကိုအကြီးဆုံး ရှိနေလို့သာ မိမိက တုံးလင် အိမ်တော်မှ သားရင်းတစ်ယောက်ဖြစ်သည်ကို ပြန် သတိမရနိုင်ပဲ ရှက်ကြောက်တတ်ပြီး လူတောမတိုးဝံ့သော အကျင့်အရ အဖွားဝေအားခွန်းတုံ့ပြန်နိုင်ခြင်းမရှိခဲ့။

"မင်း...."

အဖွားဝေ မှာ ဒေါသထွက်သွားသော်လည်း ရှန်လျန်၏ အေးစက်စက် မျက်ဝန်းတစ်စုံနှင့်ရင်ဆိုင်လိုက်ရသောအခါ ‌ကြက်သီးထပြီး တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရသည်။ ထို့နောက် မည်သည့်စကားမှ ပြန်မပြောနိုင်သေးခင်ပင်

ပြင်ပမှ လှည်းမောင်းသမား၏ အသံ ထွက်ပေါ်လာသည်။

"အဖွားဝေ၊ ဓားပြတွေ ဖမ်းမိတော့မယ်"

"အာ.... ငါမသေချင်သေးဘူး၊ မသေချင်သေးဘူးလေ"

အဖွားဝေ၏ဘေးတွင်ထိုင်နေသော အစေခံ ကျင်းကျီမှာ အဖွားဝေ၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အော်ဟစ်တော့သည်။ရုတ်တရက် အဖွားဝေမှာ ရှန်လျန် အားလက်ညှိုး ထိုးကာ အော်ပြောသည်။

"မင်းကြောင့် ၊မင်းက ကံဆိုးစေတဲ့သူပဲ၊မင်းကြောင့်သာ မဟုတ်ရင် ငါတို့လဲ ဓားပြနဲ့တွေ့ရမှာ မဟုတ်ဘူး...ဝူး...."

အစေခံမှာ သူ့နှာခေါင်းအားထိလုမတတ် လက်ညှိုးထိုးကာ ကံဆိုးသူဟု ဆူပူကြိမ်းမောင်းရဲသည်ကို ကြည့်လျှင် တုံးလင် အိမ်တော်မှ သခင်ငယ်လေးရှန်လျန်က ရှန် နယ်မြေ တွင် အရေးပေးခံ လူပုဂ္ဂိုဟ် မဟုတ် မှန်းသိသာသည်။

ချီ ယွဲ့နှင့် ချီရွှမ်းတို့မှာ ပြန်ပြောရန် ပါးစပ်တပြင်ပြင်ဖြစ်နေသဖြင့် ဘာမှ မပြောရန် ရှန်လျန် တားလိုက်ရာ သူတို့နှစ်ဦးသည် ဖွင့်ထုတ်မရသော ဒေါသကြောင့် ရင်အစုံမှာ မြင့်ချည်နိမ့်ချည်ဖြစ်နေရတော့သည် ။

"ပဉ္စမသခင်လေး၊ အဖွားဝေက မပြောသင့်တဲ့စကားကိုပြောနေပေမယ့် ကျင်းကျီကတော့ မမှားဘူးထင်တာပဲ၊ ရှင့်ကြောင့်သာ မဟုတ်ရင် ဒီလို လမ်းမကြီးပေါ်မှာ ဘယ်လိုလုပ် ဓားပြနဲ့တွေ့ပါ့မလဲ"

အဖွားဝေမှာ ကျင်းကျီ၏ စကားကြောင့် နေသာထိုင်သာ ရှိသွားကာ ရှန်လျန့်အား ခပ်လှောင်လှောင် တစ်ချက်ကြည့်သည်။ သို့သော် ထိုအမူအရာမှာ မည်မျှ မြန်ဆန်နေစေကာမူ ရှန်လျန်မှာ ရှင်းလင်းစွာပင် ဖမ်းမိသည်။ မဟုတ်သေးဘူး၊ တစ်ကယ်ဆိုရင် အဖွားဝေရဲ့အကြည့်တွေကို မဖမ်းမိဘူးဆိုရင်တောင် ဒါ လွန်ခဲ့တဲ့ဆယ်နှစ်က ဖြစ်ပျက်ခဲ့ပြီးပြီ၊ ဆက်ပြောလာမယ့် စကားတွေကိုတောင် သိနှင့်ပြီးဖြစ်သည်။

"အဲ့တော့?"

ချီ ယွဲ့နဲ့ ချီရွှမ်း ကို ခပ်အေးအေးကြည့်ပြီးမျက်ဝန်းများမှေးစင်းကာ လက်ဝတ်ရုံစကိုပင် ဆန့်တန်းလိုက်သေးသည်။ အရင်ဘဝကနေ ဒီဘဝထိ သူ့အား ကံဆိုးစေသူဟု သမုတ်ကြသည်။ သူသာ ဂရုမစိုက်ရင် ဒါလောက်က ဘာမှ အရေးမပါပေ။ ကောင်းကင်မှလည်း ဒီတိုင်းငြိမ်ကြည့်မနေတာကြောင့် သူလည်းအရင်လို အဖြစ်ဆိုးတွေ ပြန်ဖြစ်ခံမည် မဟုတ်ပေ။

အရင်နဲ့ မတူကွဲပြားနေတဲ့ ရှန်လျန်ကို သတိမမူမိသေးပဲ အဖွားဝေက သူမ၏ အစီအစဉ်အတိုင်း အကောင်ထည်ဖော်သည် ။

"ဒီကိစ္စက သခင်လေးကြောင့်ဖြစ်လာတာပဲ ဆိုတော့ သခင်လေးကပဲဖြေရှင်းပေးသင့်တာပေါ့၊ ဓားပြတွေ ဆီ အဖမ်းခံလိုက်တာက ပဉ္စမ သခင်လေးအတွက် ပိုကောင်းပါတယ်၊အဲ့တာမှ အစေခံတွေက လွတ်မြောက်ပြီး အိမ်တော်ကနေ လူလွှတ်ကယ်ပေးဖို့ အကူညီ သွားတောင်းလို့ရမှာ"

"ခဗျား.... ဒီမှာ အဖွားဝေ၊ သခင်လေးက တုံးလင်အိမ်တော်က သားတစ်ယောက်နော်၊သိပ်တရားလွန်မလာနဲ့"

"ဘာမှာ တရားလွန်နေလို့လဲ၊ အဖွားဝေ မှန်တယ်။အားလုံး ကပဉ္စမ သခင်လေးကြောင့်ဖြစ်ရတာ။ သူ့ကို ဓားပြတွေလက်ထဲထည့်လိုက်ပြီး ငါတို့က မြို့စောင့်ကို အမြန်ပြန်သွားပြောပေးမယ်လေ"

ကျင်းကျီက အကြောက်အလန့်မရှိ ပြန်အော်သည်။

"မြို့စောင့်ကို ပြန်သွားပြောပေးမှာ သေချာလို့လား"

ချီရွဲ့က တစ်စုံတစ်ရာပြောချင်သော်လည်း ရှန်လျန်၏ အေးစက်စက် အသံက အရင်ထွက်ပေါ်လာသည် ။

"လျန်လျန်!"

အဖမ်းခံလိုက်မယ်လို့ ပြောမယ့်ဟန်ကြောင့် ချီရွဲ့ရော ချီရွှမ်းပါ ခေါ်နေကြ သူ့နာမည်လေးကို အော်တော့သည်။

ပြီးခဲ့တဲ့ ငါးနှစ်က ရွာရှိ အစေခံများမှာ အလုပ်ကောင်းကောင်းမလုပ်ပေ။ ထို့ကြောင့် သူ့ ညီအစ်ကိုနှစ်ဦးကိုခေါ်ဆောင်လာလိုက်သည် ။ထိုသူတို့မှ မိမိအား လျန်လျန်ဟု ခေါ်သည်ကိုလည်း ခွင့်ပြုပေးထားသော်လည်း ယခု ရုတ်တရက် ခေါ်သံထပ်ကြားရသောကြောင့် အနည်းငယ် ကြောင်,အ သွားရသည်။ ဒီလိုခေါ်သံလေးမကြားရတာ ဘယ်နှနှစ်တောင်ကြာသွားပြီလဲ? ဆုံးပါးသွားတဲ့ အစ်ကိုကြီး၊ ချီယွဲ့ ၊ ချီရွှမ်း နဲ့ သူ့အဖိုးရယ် ၊ဝေ မိသားစု က ဦးလေးတွေပဲ သူ့ကို ဒီလိုခေါ်ကြတာ။

ရင်ထဲ ခံစားလိုက်ရသော်လည်း မျက်နှာတွင် အမူအယာ မပေါ်စေပေ။ တောက်ပသော အပြုံးဖြင့် သူတို့ဘက် လှည့်လိုက်ကာ..

"အဆင်ပြေပါတယ် ၊ငါ့ကိုယုံ"

နှစ်ဦးလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ သူတို့သိသော သခင်လေးမှာ အရင်နှင့် မတူတော့သယောင်။သို့‌သော် မည်သည့်နေရာက ကွဲပြားသွားမှန်းကိုမူ မပြောနိုင်ကြပေ။

"သေချာတာပေါ့၊ ငါတို့ မြို့စောင့်ကို သွားပြောပေးမယ်"

သခင်လေး နှင့် အစေခံ နှစ်ဦးကို လစ်လျူရှုလျက် ကျင်းကျီပြောသည်။

အဖွားဝေ၏ နှုတ်ခမ်းသည် ကွေးညွှတ်နေလျက်။ မျက်ဝန်းထဲမှ ထီပေါက်သည့် ခံစားချက်များပင် မဖုံးကွယ်နိုင်ဖြစ်နေသည်။

"တစ်ကယ်အဖမ်းခံမှာလား"

သူမဘက်သို့ ရှန်လျန် ဝေ့ကြည့်လာသောအခါ တစ်ဖန် တစ်ကိုယ်လုံးအေးစက်သွားရပြန်သည် ။

ရှန်လျန်၏ လှပသော မျက်ဝန်းထဲမှ လူသတ်ချင်သည့်အငွေ့အသက် ကို သူမမှ တစ်ပါး အခြားမည်သူမျှ သတိမထားမိကြပေ။

Words 2660

🍇 Grape

Eng

DISCUSSION


Leave A Reply

you must Login or register to post a comment