no

Font
Theme

'ရှန်လျန်က ကိုယ့်သေတွင်းကိုယ်တူးနေတယ်'

လင်းယွီချိန် ယှဉ်ပြိုင်ချင်တဲ့ ကစားနည်းက တုတ်ချောင်းပစ်တာလောက်လွယ်မနေဘူး ။ မြှားပစ်ပြိုင်မှာလေ.. အဲ့ဒါကို ရှန်လျန် တစ်ကယ် သဘောတူချလိုက်တယ်လား?

ရှန်လျန့်ဘက်က လူတွေမပြောနဲ့ သူ့ကို မနာလိုနေတဲ့သူတွေတောင်မှ ဒီယှဉ်ပြိုင်ပွဲက ဆွံ့အသွားစေတယ်...

လင်းယွီချိန် ဆိုတာ စစ်မြေပြင်မှာ ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက ကိုယ်ခံပညာအတတ်တွေကို ရင်းနှီးနေတဲ့သူဖြစ်ပြီး လေးနှင့်မြှားဆိုတာ ကျွမ်းကျင်တဲ့ပညာရပ်ဖြစ်မှန်း စကားထဲ ထည့်ပြောစရာပင် မလိုအပ်။ သို့သော် ရှန်လျန်မှာမူ မျက်နှာသာ ပေးမခံရတဲ့သားတစ်ယောက်... ကံကြမ္မာဖတ်သူတွေကြောင့် တောရွာမှာ အသက်ဆယ်နှစ်အရွယ်ထဲက ရုန်းကန်နေခဲ့ရတဲ့သူဖြစ်ကာ မြို့တော်ဆီ ပြန်ရောက်လာတာမှ လအနည်းငယ်သာ ရှိသေးသည်။ ဒီလိုပုံစံနဲ့ လင်းယွီချိန် ကို ယှဉ်ရဲသေးတာလား?

လူအုပ်ဟာ ရှန်လျန်ရဲ့ သဘောတူညီမှုကြောင့်သာမက တည်ငြိမ်နေတဲ့ဟန်ကြောင့် လည်းအံ့အားသင့်နေကြသည်။

ကျန်းမိန်းကလေးကို အနိုင်ယူခဲ့တဲ့အချိန်ကပုံစံနဲ့ သိပ်မကွာဘူး...အရပ်မြင့်မြင့်နဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်က ထောင်လွှားနေခဲ့ပြီး နူးညံ့လှပသည့်အသွင်အပြင်က အနည်းငယ်သော်မျှ ပျက်ယွင်းသွားခြင်းမရှိခဲ့။ သူ့မျက်ဝန်းအိမ်က ရေပြင်လိုတည်ငြိမ်နေပြီး အကြောက်တရားတွေ မပေါ်အောင် ကာကွယ်ပေးနေသကဲ့သို့ ဖြစ်၏။

"သူ့ကိုယ်သူ တော်သလိုတတ်သလို လုပ်နေတာ၊ သူ့မှာ လျှို့ဝှက်ချက်တွေဘာတွေရှိနေမယ်လို့ ငါတော့မယုံဘူး"

ရှန်လျန်က ထပ်စိန်ခေါ်ခံလိုက်ရတာကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို တစ်ဖန်ပြန်ရလိုက်ကတည်းက ရှန်ချန် စိတ်မကြည်တော့ပေ။ လျိုရှုဟန်က ကိုယ့်ဇာတ်ကိုယ် မထိန်းနိုင်ပေမယ့် လင်းယွီချိန်ကတော့ မတူဘူး.... မတော်တဆ ရှန်လျန်ကို သတ်မိသွားလည်း ဘယ်သူမှ အပြစ်ပြောကြမှာ မဟုတ်ဘူး မလား?

"တဖြည်းဖြည်းတရားလွန်လာပြီ.. ရှန်အမတ်ကြီးက ဘာမှဝင်မပြောဘူးရော်"

တစ်ဖက်က ရှန်သခင်ကြီး၏စားပွဲဝိုင်းတွင် ရှန်လျန့်အားစိတ်ဝင်စားနေသော အရာရှိတစ်ချို့က မျက်မှောင်ကြုံ့နေတဲ့ သူ့အဖေကို မသိမသာ လှမ်းကြည့်ကြ၏။ သူ့အမွေဆက်ခံမယ့် သားကို တစ်ကယ်ပဲ မျက်စိပိတ်နားပိတ်လုပ်နေတော့မှာလား?

"......."

သူတို့အကြည့်တွေကို ရှန်သခင်ကြီး မမြင်ခြင်းမဟုတ်ပဲ မရင်းနှီးချင်သောကြောင့် ခပ်တည်တည်ပဲထရပ်ကာ မျက်နှာမည်းနဲ့ ကျော‌ပေး

လိုက်သည်။ ရှန်လျန့်ကို သဘောမကျပေမယ့် သွေးထွက်သံယို မြင်ကွင်းကိုတော့ မကြည့်နိုင်သေးပါ။

"တတိယ ခယ်မလေး .. မင်းရဲ့ ဝမ်းကွဲက ဘာလုပ်ချင်နေတာလဲ"

မင်းသား၅ရဲ့အကြည့်က မင်းသား၃ရဲ့ကြင်ယာတော်ဆီမှာ ကျောက်ချနေသည်။

သူ တစ်ကယ်တမ်း ရှန်လျန့်ကို လက်ထပ်ချင်တဲ့စိတ်ပေါ်လာ၏။ ဘယ်သူသိမှာလဲ အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ? ရှန်လျန်ရဲ့ဒီနေ့ပြပွဲက လူတိုင်းကို မျှော်လင့်ချက်ကြီးကြီး ရှိလာစေတယ် .... သူကိုယ်တိုင်လည်း အဖေကို ဆန့်ကျင်ပြီး ရှန်လျန့်ကို သူ့အိမ်တော်ဆီ ချက်ချင်းခေါ်သွားကာ လက်ထပ်လိုက်ချင်သည်။

ဒါပေမယ့် လင်းယွီချိန်ရဲ့အတွေးက ကမ္ဘာ့အပြင် ရောက်နေတာလား?

"မသိဘူးလေ.. ယွီချိန် ကအဖေကြောင့်သာ ဗိုလ်ကြီးဖြစ်လာတာ ခုမှ ဆယ်ကျော်သက်အရွယ်ရှိသေးတော့ ကလေးဆန်ဆန် ရှန်သခင်လေးနဲ့ ကစားချင်လို့နေမှာပေါ့"

တတိယကြင်ယာတော်က ခေါင်းတယမ်းယမ်းနဲ့ သူ့အမြင်ကိုပြောလေတယ်။

"ကစားတယ်? ဆော့နေရမယ့် အရွယ် မှမဟုတ်တော့တာ "

မင်းသား၅ လှောင်ရယ်၏။

မင်းသား၆ကလည်းဝင်ထောက်ခံသည်။

"ဒါတော်တော်လွန်သွားပြီ.. မြှားပစ်တာက ကစားရမယ့် ဟာ မဟုတ်ဘူး"

"ဗိုလ်ကြီး လင်းက သူ့ကိုယ်သူအပိုင်တွက်ထားတာ"

တော်ရုံ စကားနည်းတဲ့ ချင်ယွင်ရှန်းက သူတို့စကားဝိုင်းထဲ နောက်ဆုံးမှဝင်ပါလာရာ တော်ဝင်မင်းသားများက အထူးတဆန်းလှည့်ကြည့်ကြ၏။ သူ့ကိုယ်သူ ဖုံးကွယ် နေတတ်တာကြောင့် ဘယ်သူမှ တစ်ခြားအမြင်မရှိကြ။ ထို့အပြင်ရှန်လျန့်ကို အစမှ အဆုံး အကြည့်မရွေ့ခဲ့ဘူးဆိုတာ မည်သူမှ မသိလိုက်ကြပေ။

ရှန်လျန်ရဲ့ ပုံရိပ်က ထပ်ခါထပ်ခါ ပေါ်လာပြီး သူ့ခံစားချက်ကို ရှုပ်ထွေးစေသည်။ ရှန်လျန်ရဲ့ အမုန်းတရားတွေက ဘယ်က ဖြစ်တည်လာမှန်း သူမတွေးတတ်ချေ။ ထူးဆန်းသည့်ခံစားချက်ကြီးက သူ့အားနေရခက်စေ၏။

"အဟမ်း ဟမ်း.. လက်နက်မှာ မျက်စိမရှိဘူး၊ မြှားပစ်တာက နည်းနည်း အန္တရာယ်များတယ်၊ တစ်ခြား ဟာ ပြောင်းချင်လား?"

ခန်းမ တစ်ခုလုံးဆူညံနေ ‌‌တာကြောင့် မင်းသား

သွမ့်ကျွမ်းက လည်ချောင်းရှင်းရင်း အခြေအနေ ထိန်း၏။

လင်းယွီချိန်ရဲ့လုပ်ရပ်က ဒီတစ်ခါ တစ်ကယ် လွန်တယ်....

"မပြောင်းတော့ပါဘူးဗျ၊ ဗိုလ်ကြီးလင်းရဲ့ စိတ်ဝင်စားခံရတယ်ဆိုတာ သိပ်မလွယ်တော့ ကျွန်တော် အဆုံးထိ ပူးပေါင်းပေးပါ့မယ်"

တစ်ကယ်တမ်းငြင်းဆန်သည့်သူက ရှန်လျန်ဖြစ်နေမှန်း ဘယ်သူမှ ထင်မထားမိကြ၊ လင်းယွီချိန် အပါအဝင် လူတိုင်းကပါ သူ့အားနားမလည်ကြတော့ပေ။ သူ့သားဆီ ခြေစလှမ်းနေတဲ့ ရှန်သခင်ကြီးက ရှန်လျန်ငြင်းလိုက်တာကို ကြားသည်နှင့် နေရာမှာတင် ရပ်ကာ တောင့်ခဲသွားတော့သည်။

"မင်းယုံကြည်ချက်ရှိလား?"

ကန့်ကွက်နေတဲ့အကြည့်တွေကြားမှ လက်ခံနေတဲ့ ရှန်လျန့်ကို လင်းယွီချိန် စေ့စေ့စပ်စပ်ကြည့်လိုက်၏။ ရှန်လျန် ဘာတွေတွေးနေလည်း သူလည်း မသိပေ။ စစိန်ခေါ်ပြီး ပြိုင်မည့်ပညာရွေးချယ်သူက သူဖြစ်သော်လည်း ရှန်လျန့်ကို အနိုင်ကျင့်ချင်ရုံတင်ဖြစ်ပြီး ရှန်လျန့်ဘက်မှ အရှုံးကိုဝန်ခံသွားစေချင်ရုံနှင့်လုံလောက်ပြီဖြစ်သည်။ သို့သော် ရှန်လျန်က ပြိုင်ဖို့ တစ်ကယ် ခေါင်းငြိမ့်ပြီး မင်းသားသွမ့်ကျွမ်း အခွင့်အရေးပေးတာတောင် ငြင်းဆန်နေသေးသည်။ ရှန်လျန် တစ်ကယ်ပဲမကြောက်တာလား?

ရှန်လျန် မျက်ခုံးပင့်၍ ပြုံးလိုက်၏။ ထို့နောက်ရယ်ချင်ပက်ကျိ အသံဖြင့်

"လေးအတတ်က အန္တရာယ်ရှိတာကြောင့် ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်ချက် သိပ်မရှိဘူး"

အဲ့တာများ မင်းသားသွမ့် ပေးတဲ့အခွင့်အရေးကိုငြင်းလိုက်သေးတယ်?

ရှန်လျန် ဆေးမှသောက်လာသည်လား ဟု လူတိုင်းတွေးကုန်ကြလေပြီ။

"ဆိုတော့?"

လင်းယွီချိန် စကားထောက်ပေးလိုက်၏။ ရှန်

လျန်က ရှုပ်ထွေးပွေလီတဲ့ ပုစ္ဆာ တစ်ပုဒ်လိုပဲ ပြုမူနေ၏။

ရှန်လျန်တောက်တောက်ပပ ပြုံးလိုက်ကာ

"ဆိုတော့ ကျွန်တော်က ခင်ဗျားရဲ့ အနိုင်ကျင့်ခံရဖို့ ရှေ့ထွက်လာတာမဟုတ်ဘူးလေ၊ ဒီကိစ္စကို တစ်ခြားတစ်ယောက်ယောက်ကို ရှင်းပြစေချင်လား?"

"မင်းဘာကိုဆိုလိုတာလဲ"

သူ့စကားကြောင့် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားမိပြီး တုန်လှုပ်ကာ ရှန်လျန့်ကို ကျားတစ်ကောင် သွေးဆာနေသကဲ့သို့ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ လူကြားထဲ ထိုင်နေတဲ့ ရှန်ကျင်းလည်း စိတ်ရှုပ်ကာ ရှန်လျန် ခန့်မှန်းမိသွားမည်ဟု မျှော်လင့်မထားမိ၊ သူမ နာမည်ကို ခေါ်ထုတ်လိုက်မှာပဲ စိုးရိမ်မိသည်။ မြို့တော်ရဲ့ တစ်ဝက်လောက်က လင်းယွီချိန် ဘယ်သူ့ကို ကြိုက်နေတယ်ဆိုတာ သိကြသည်လေ..ရှန်လျန်ပင် သက်သေပြစရာမလိုတော့ပေ။ တစ်ခုခုသာ ထုတ်ပြောလိုက်ရင် ရှန်လျန်နဲ့ ရှန်ချောင်လိုပဲ သူနာမည်ပျက်ရလိမ့်မည်။

ခက်တာက ရှန်လျန်သည် သူမကို အဖက်လုပ်ရန် ရည်ရွယ်ချက်မရှိပဲ လင်းယွီချိန်ရဲ့ အောင့်အီးသည်းခံနေသည့်ရုပ်ကိုသာ ကြည့်ကာ ကြိတ်ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်ပင် မြင့်တက်မသွားခဲ့..

"ကျွန်တော် ဆိုလို ချင်တာက ဗိုလ်ကြီးလင်း က ကျွန်တော့ကို တစ်ကယ် အနိုင်ကျင့်ချင်တဲ့သူ မဖြစ်နိုင်ဘူးလို့"

"အဓိပ္ပာယ်မရှိတာတွေ! မင်းစွပ်စွဲချင်တိုင်းစွပ်စွဲလို့မရဘူး"

ဆွသင့်သလောက် ဆွပြီးပြီမို့ ခြေတစ်လှမ်းဆုတ်လိုက်တော့၏။

"မြှားအတတ်ကို ဘယ်လို ယှဉ်ပြိုင်ချင်ပါသလဲ"

ဒီလိုဖြေမယ်မှန်း ခန့်မှန်းမိပြီးသားမလို့ ရှန်လျန် ထူးပြီးမအံ့ဩပါချေ။ ပြိုင်ပွဲဘက်ကိုသာ ပြန်ဆွဲခေါ်လိုက်တော့၏။

"စိန်ခေါ်တာနဲ့ ပြိုင်မယ့်နည်းရွေးတာက လုပ်ခဲ့ပြီးပြီဆိုတော့ ကျန်တာ မင်းကိုပဲ ဆုံးဖြတ်စေမယ်"

အသေးစိတ်တွေအထိ ဝင်မနှောင့်ယှက်ချင်တော့၍ဖြစ်၏။

"ဒါဆို ကျွန်တော် ယဉ်ကျေးမနေတော့ဘူးနော်..

မင်းသားသွမ်းကျွမ်းရဲ့ ပြောစကားအရ လက်နက်မှာ မျက်စိမပါဘူး.. ဆိုးရွားတာ တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော့ အိမ်တော်ရော ဗိုလ်ကြီးလင်းအိမ်တော်ရော လက်ခံနိုင်ဖို့ ကျွန်တော် လက်မှတ်ထိုး

သဘောတူညီမှုယူချင်ပါတယ်၊ ထိခိုက်အနာတရ ဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ၊သေဆုံးတာစသဖြင့် ဖြစ်ခဲ့သည်ရှိသော် လက်တုံ့မပြန်ရဘူး၊ ဗိုလ်ကြီးလင်းရော ဘယ်လိုထင်လဲ?"

"......."

လုံလောက်ပြီ!သေချာသွားပြီ !ဒီကောင်လေးက တစ်ကယ် သေကြောင်းကြံနေတာပဲ!

လင်းယွီချိန် ပြောစရာစကားမဲ့သွားသည်။ သူ့အသက်ဆယ့်ရှစ်နှစ်လုံးလုံး ဒါမျိုး မတွေ့ကြုံခဲ့ဖူးပေ။သို့သော် သူတစ်ဦးတည်းမဟုတ်... လူတိုင်း မျက်မှောင်ကြုံ့ကုန်သည်။

သဘောတူညီချက်က လင်းယွီချိန် အတွက်လုပ်ပေးနေသလိုပင်။ ကိုယ့်ကို ဒုက္ခပေးမည့်သူလက်ထဲ ကိုယ်တိုင် အသက်ထည့်ပေးလိုက်သလို ဖြစ်နေ၏။

အမတ်ကြီးက ဝင်မပါရာ အခြားသူများလည်းဝင်မစွက်ဖက်ချေ။ ဖေးယွမ်ရွှင်း က ရှန်လျန့်ကို လေးလေးနက်နက်ကြည့်‌နေသည်။

လင်းယွီချိန်ကို မြှားနှင့်ချိန်နိုင်မည်ဟု ထင်နေသူ မည်သူမှမရှိ။

"ဗိုလ်ကြီးလင်း မှာ ကန့်ကွက်စရာမရှိဘူးဆိုတော့.. အစေခံတွေ စာရွက် နဲ့စုတ်တံယူခဲ့ပေးပါ"

ရှန်လျန် လက်ဝေ့ယမ်းကာ ခေါ်လိုက်၏။ အချိန်ထပ်မဆွဲချင်တော့။

"မင်းသားသွမ့်..."

မင်းသမီးကြီး၏အစေခံက မရူးမိုက်ပါချေ။ အလျင်စလို မပြုမူရဲပဲ သခင်ကို လှမ်းကြည့်သည်။ မင်းသားသွမ့်မှာ အသက်နှစ်ဆယ်ပင်မရှိသေးသော လူငယ်အားကြည့်ကာ တွေးမိ၏။

ခုချိန်ထိ တည်ငြိမ်နေသေးတယ်... ဘာလို့ အဆင်အခြင် မဲ့ရတာလဲ? သူအနည်းငယ် စိတ်ပျက်မိ၏။ မင်းသားသွမ့် လက်ဝေ့ယမ်းလိုက်ကာ အစေခံကို ပူးပေါင်းစေလိုက်သည်။

အစေခံများက အလျင်အမြန်ပင် မင်နဲ့ စာရွက် ယူလာပေးကြသည်။ ရှန်လျန် စာချုပ်တစ်ခုကို ချရေးကာ အောက်ခြေတွင် သူ့နာမည်နှင့်တကွ လက်မှတ်ထိုးလိုက်ပြီး ဗိုလ်ကြီး လင်းဘက် တိုးပေးလိုက်သည်။

"ဗိုလ်ကြီး လင်း အလှည့်ပါ"

"လက်မှတ်လေးထိုးရုံပဲမလား"

လင်းယွီချိန်မှာ ကိစ္စတွေကို ခက်ခဲအောင်မလုပ်ချင်ပေ။ စိတ်မရှည်စွာနဲ့ စာရွက်ဆွဲယူပြီးအောက်ခြေမှာ နာမည် ရေးထိုးပေးလိုက်၏။

"ပြီးသွားရင် ဒီစာရွက်လေး ကိုင်ထားပေးဖို့ မင်းသားကို အနှောင့်အယှက်ပေးရတော့မှာပဲ"

စာရွက်ပေါ်က မင်ရည် ခြောက်သွားအောင် မှုတ်လိုက်ပြီးနောက် အစေခံဆီသို့အပြုံးလေးနှင့်ကမ်းပေးလိုက်သည်။ သူတို့ယှဥ်ပြိုင်ရန်အတွက် လိုအပ်သည့် လေးနှင့်မြှားယူလာပေးရန် မှာကြားဖို့ကိုလည်း မမေ့ခဲ့ပါချေ။

"မင်း...."

ဘာတွေအဲ့လောက် လုပ်နေတာလဲ!

မင်းသားသွမ့်ကျွမ်းမှာတော့ စာချုပ်ကိုကိုင်ကာ အဓိက စကားလုံးကို ထုတ်ပြောလိုက်ရ၏။

"လက်နက်မှာ မျက်စိမပါလို့ ယှဉ်ပြိုင်သူနှစ်ဖက်လုံး ဂရုစိုက်သင့်တယ်"

နှစ်ဦးလုံးသဘောတူညီမှုလက်မှတ်ထိုးပြီးမှတော့ သူပြောစရာ ဘာမှ မရှိတော့ပြီ။

"ကျေးဇူးကြီးမြတ်လှပါတယ် မင်းသားသွမ့်ကျွမ်းခင်ဗျ"

ရှန်လျန် ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။

ထို့နောက် မေးကိုညင်ညင်သာသာပွတ်သပ်ကာတစ်ခဏစဉ်းစားဟန်ပြုပြီး ပြုံးလိုက်ကာ နောက်လှည့်ပြီး ပန်းသီး တစ်လုံးယူ၏။ အပေါ်အောက် မြောက်ကစားလိုက်ပြီး ပြော၏။

"ပစ်ကွင်းမှာ ပစ်မှတ် ကိုယ်စီ ပစ်ရတာက ပုံမှန်ဆန်လွန်းတယ်.. ဒီမှာ ရှိတဲ့သူအားလုံးက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ မလို့ ကျွန်တော်တို့ သေချာ ပြသသင့်တယ်၊ ရိုးရှင်းတဲ့နည်းကို ဘာလို့ သုံးမလဲ? ယှဉ်ပြိုင်သူ နှစ်ယောက်လုံးမှာ အခွင့်အရေးသုံးကြိမ်ရှိမယ်၊ ဘယ်သူ့အလှည့်ဖြစ်စေ တစ်ဦးက ပစ်ရင်.. တစ်ဦးက ပန်းသီးကိုခေါင်းပေါ်တင်ထားရမယ်၊ ပန်းသီးကိုထိအောင်ပစ်နိုင်သူကသာ အနိုင်ရမယ် ဘယ်လိုထင်လဲ?"

"မင်းသေချင်နေတာလား?"

သူစကားဆုံးတာနဲ့ လင်းယွီချိန်ဖြေရှင်းချက် တောင်းလာ၏။ သူ့လက်သာ နည်းနည်းလွဲချော် သွားခဲ့ရင်....

သူသာမက လူတိုင်း ရှန်လျန်ကို ဆူပူ‌ကြိမ်းမောင်းချင်နေကြသည်။ မြှားပစ်တာကိုက အန္တရာယ် ရှိနေပြီကို ခေါင်းပေါ်ကပန်းသီး ကိုပစ်ရမယ်ဆိုတော့ ပိုပိုပြီး ဒုက္ခများအောင် လုပ်နေသည်ပဲ?ရူးနေပြီ...ဒီရှန်လျန် က ရူးသွပ်သွားရှာပြီ။

"ငါသိပြီ"

ဖေးယွမ်ရွှင်း ကူကယ်ရာမဲ့ပြီး ရယ်မောလိုက်ကာ ရှန်လျန့်ကို ပြောင်ပြောင်တင်းတင်းပဲ စွဲစွဲလန်းလန်းကြည့်လိုက်မိ၏။

"အမ်း... ကျွန်တော် အသက်ရှင်ချင်တာပေါ့ သေချာပေါက် ဘယ်သချေင်ပါ့မလဲ ၊ ဗိုလ်ကြီးလင်း ကျေးဇူးပြုပြီး ဂရုတစိုက် ပစ်မှတ်ချိန်ပေးပါနော်"

ရှန်လျန် ပန်းသီးကို ခေါင်းပေါ် တင်လိုက်၏။

"ဗိုလ်ကြီးလင်း ကျေးဇူးပြုပြီး...."

"မင်း.... တစ်ကယ် မကြောက်ဘူးလား"

တည်ငြိမ်နေတဲ့ပုံကြောင့် လင်းယွီချိန်ထုတ်မမေးပဲမနေနိုင်တော့ချေ။ သူ့မှာ လေးကို ပင် ကိုင်မမြောက်နိုင်သေးပေ။

"ဗိုလ်ကြီးလင်းရဲ့ မြှားအတတ်က တစ်ဖက်ကမ်းခတ်ပဲလေ.. ဗိုလ်ကြီးလင်းသာ တမင် လွဲအောင် ပစ်တာ မဟုတ်ရင် ဘာကြောက်စရာရှိလို့လဲ?"

"ငါ အဲ့လောက် မဆိုးသွမ်းဘူး"

လင်းယွီချိန်မှာ စော်ကားခံလိုက်ရသလိုခံစားရပြီး မြှားပစ်လိုက်လျှင် ငါးမီတာခန့်ရောက်နိုင်သည့်အကွာအ‌ဝေးကို ချိန်ဆကာ လေးကြိုးဆွဲတင်လိုက်သည်။ ထို့နောက် မြှားဦး လမ်းကြောင်းကိုညှိ၏။ မြှားက အချိန်မရွေး ပျံသန်းသွားနိုင်တာမလို့ လူတိုင်းအသက်ရှူအောင့်ထားကြ၏။

လင်းယွီချိန်အဖို့ တစ်စုံတစ်ယောက်ကိုသတ်တာက ပထမဆုံးမဟုတ်သော်လည်း အမြဲ ရန်သူကိုသာ ချိန်ရွယ်ခဲ့ဖူးသည်။ ယခုကပထမဆုံး ပုံမှန်မဆန်နေခြင်းဖြစ်၏။

ထိုတစ်ခဏ တွင် လင်းယွီချိန်သည် သူ‌ထိချင်သည့်ပစ်မှတ်ကို မထိနိုင်တော့ ဟုခံစားမိ၏။ မျက်လုံးမှ်ိတ်လိုက်ပြီးရင်ထဲက ရှုပ်ထွေး‌နေတဲ့စိတ်ကို ဖိနှိပ်လိုက်ကာ အသက်ပြင်းပြင်းရှူ၏။

ရွှီး!

"အား!"

"ဘုတ်!"

မြှားက ရှန်လျန့်ဆီ တည့်တည့် ပျံထွက်သွားရာ မျက်လုံးမှိတ်ပြီးအော်သူကအော်ကြသည်။ ချွန်ထက်သော မြှားတံသည် ပန်းသီးကို ထုတ်ချင်းပေါက်ထိုးဖောက်နိုင်သွားပြီး ပန်းသီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"လှချက်ပဲ!"

လင်းယွီချိန်ရဲ့ စွမ်းရည်ထဲ တင်္ဂဒ နှစ်မြောသွားကြကာ တစ်ဖက်လူ၏အသက်က လက်မတင်

လေးလွှတ်မြောက်သွားမှန်း မေ့လျော့သွားကြသည်။ ရှန်လျန် တစ်လှမ်းမှ မရွှေ့၊ မျက်တောင်ပင်မခတ်ပဲ တည်ငြိမ်နေ၏။

Words2572

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment