no

Font
Theme

'ပြဿနာဖြေရှင်းပေးမည့် ကောင်စုတ်ကြီး'

ရှန်ရွေ့ထင်က နန်းတွင်းသမားတော်ကို တကူးတက ပင့်ဖိတ်ပြီး မွေးစားမိခင်ကို ကုသစေသည်။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် ..ညနက်ချိန်ရောက်တော့ သခင်မကြီးက်ို သေချာ စောင့်ရှောက်ပေးဖို့ အစေခံတွေကို မှာကြားခဲ့သည်။ ထို့နောက် မိသားစုစုံညီစုဝေးရန် အခန်းကျယ်ထဲ ခေါ်လိုက်သည်။

လူတွေနဲ့ မတွေ့ချင်သည့် ရှန်ရှောင်၊ ရှန်ယန်ကလွဲရင် ရှန်မိသားစုဝင်အားလုံး ရောက်ရှိလာကြသည်။

"အ ကုန်ပြီလား? အရင်ကကျတော့ စကားတွေ သိပ်တတ်နေပြီးမှ"

တစ်ခန်းလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ရှန်ရွေ့ထင်က မျက်နှာထားတင်းတင်းဖြင့် တစ်ယောက်ချင်းစီတိုင်းကို ဝေ့ကြည့်သည်။ သပ်သပ်ရပ်ရပ်ဝတ်ဆင်လာသော ရှန်လျန်မှ လွဲ၍ လူတိုင်း အရှက်တရား ခံစားနေရ၏။ ထို့အထဲ ကျောက်လန်၏ လက်မောင်းထဲ မှီဝင်နေသည့် ရှန်ချောင် က အဆိုးဆုံးပင်။ လက်ရှိမှာ ခန္ဓာကိုယ်ထိခိုက်ဖျက်ဆီးခံရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုက လျင်လျင်မြန်မြန် မကုသနိုင်သေးတာကြောင့် အပြုအမူက တည်ငြိမ်နေသည်။

မည်သူမှ ဦးဆောင် ရှေ့ထွက်ခြင်း မရှိသလို  ဆက်ပြီး တိတ်ဆိတ်နေကြဆဲဖြစ်ရာ လူတိုင်းရင်ထဲ အသက်ရှူရ မွန်းကြပ်လာသည်။

"အေး..ကောင်းတယ်! သိပ်ကောင်းတယ်"

ရှန်ရွေ့ထင်က ဒေါသအလွန်ထွက်လာပြီး ပုံမှန်လေသံနဲ့ ဆက်မပြောနိုင်တော့ပေ။ ချက်ချင်း ပစ်မှတ်ထားလိုက်သည်။

"ရှန်ချန် ငါမှတ်မိတာမှန်ရင် မနေ့က မင်းအမေပြောတော့ ဘုရားကျောင်း လိုက်မသွားဘူးဆို၊ သူ့ကို ပြုစုရင်း ကျန်ခဲ့မှာပါဆို၊ ဘာလို့ ရုတ်တရက် ခရီးထွက်ဖို့ ဖြစ်သွားတာလဲ"

နောက်ဆုံးတစ်ခေါက်က ပြဿနာအပြီးမှာ ရှန်ရွေ့ထင်က သေခန်းပြတ် မစွန့်လွှတ်ခဲ့တာတောင် ရှန်လျန်နဲ့ ပတ်သက်ပြီး အပြစ်မကင်းသလို ခံစားနေရသည်။ အချိန်အတန်ကြာ သူများ‌ေပြာသမျှ သဘောတူ ယုံကြည်ပေးခဲ့သည်မှာ မတိုင်ခင်ထိဖြစ်သည်။ လျိုရှုဟန်၊ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းတို့ ကုန်းတိုက်သမျှသံသယမရှိပဲ လက်ခံပေးခဲ့သည်။

"သမီး...."

ရှန်ချန့် မျက်လုံးတွေ နီရဲပြီး တစ်ကိုယ်လုံးတုန်‌ရီကာ ခွန်းတုံ့မပြန်ရဲသည်ကိုတွေ့သော် လျိုရှုဟန်က အမြန် ပွေ့ဖက်ကာကွယ်ပေးလိုက်ပြီး..

"သခင်ကြီး.. ချန်အာက ကျွန်မကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့ကလေးပါ၊ ငယ်ငယ်လေးထဲက လူတိုင်းရဲ့ချီးမွမ်းခြင်းခံရလို့ တစ်လျှောက်လုံး ဂုဏ်ယူခဲ့ရတယ်မဟုတ်လား၊ ဒီလိုလုပ်ရပ်မျိုး လုပ်ပါ့မလားရှင်"

လျိုရှုဟန် မတရားသလို ခံစားရသည်။ သခင်ကြီးက အမှန်တရားရှာဖွေဖို့မကြိုးစားတဲ့အပြင် သမီးဖြစ်သူရဲ့ ဖြူစင်မှုကို သက်သေပြရန် မလုပ်ပဲ အပြစ်သာ တင်နေသည်။

"ရှန်ချန် ငါမေးနေတယ်"

လျိုရှုဟန်ရဲ့ မျက်ရည်တွေလည်း ရှန်ရွေ့ထင်အတွက် အရာမထင်တော့၊ ဒေါသအကြည့်က ရှန်ချန့်အပေါ်မှာပဲ စူးစိုက်နေသည်။

"သမီးက.... အမေပြောကူပါဦး!"

သူ့အဖေ ယခုလောက် ဒေါသကြီးတာကို မမြင်ဖူးခဲ့ရာ ရှန်ချန် အလွန်အမင်း ကြောက်ရွံ့မိသည်။ မိခင်၏လက်ကို အားက်ုးတကြီး ဆုပ်ကိုင်ကာ ကယ်တင်ပေးရန်တောင်းဆိုလိုက်သည်။

"သခင်ကြီး..."

"မင်းပါးစပ်ပိတ်ထားစမ်း!"

လျိုရှုဟန် မျက်ရည်သုတ်ပြီး သမီးဖြစ်သူဘက် ကာပြောပေးမည်အပြု ရှန်ရွေ့ထင်က ကြမ်းတမ်းစွာ မာန်မဲသည်။

"ရှန်ချန် ငါနောက်ဆုံးအခွင့်အရေးပေးမယ်၊ နင်တစ်ခွန်းမှ မပြောရင် နောက်ခါ ပြောခွင့်မရှိတော့ဘူး၊ နင့်ကိုချက်ချင်း ကတုံးတုံးပြီး သီလရှင်ဝတ်ခိုင်းမယ်"

"ဟင့်အင်း..."

ထိုစကားကြောင့် ရှန်ချန် ဘာလုပ်ရမှန်းမသိ တအိအိငိုတော့သည်။

" သမီးပြောပြပါ့မယ် အဖေ၊ အမေ ကိုယ်ဝန်လွယ်ထားရတော့ ကလေးလေးနဲ့ အမေအတွက် ဘုရားကျောင်းမှာ သွားဆုတောင်း‌ဖို့ သမီးဆုံးဖြတ်ခဲ့တာပါ.. ဟင့် အင့်....မနေ့ညက သမီးတစ်ကယ် အခန်းထဲမှာ အိပ်နေတာ၊ ဘယ်လိုလုပ်ပြီး စတုတ္ထမင်းသားရဲ့ အခန်းထဲ ရောက်သွားလဲ မသိဘူး၊အဖေ သမီးကိုယုံပေးပါ၊ သမီး မတရားခံရတာပါ"

အမှန်တရား သိပေမယ့် ရှန်ချန် လုံးဝ ထုတ်ပြော၍ မဖြစ်၊ ငိုရုံသာတတ်နိုင်သည်။ အမှန်အတိုင်းပြောရင် သူတို့မှားတာ ဖြစ်ပြီး၊ အမှားပြောပြန်တော့လည်း ခံလိုက်ရတာက သက်သေမပြနိုင်ဖြစ်ရသည်။

"မင်းက ဝက်ငတုံးလား၊ လူတစ်ကိုယ်လုံးနေရာရွေ့သွားတာတောင် မသိရအောင်"

ရှန်ရွေ့ထင် ဒေါသထွက်နေဆဲ..

"အစေခံ..သူ့အစေခံ ဘယ်မှာလဲ"

"ကျွန်မ မနေ့ညကစစ်ဆေးတော့ သခင်မလေး အခန်းထဲမှာ ရှိတာ သေချာပါတယ် ၊တစ်ညလုံး အခန်းထဲမှာ ဘာလှုပ်ရှားသံမှ မကြားခဲ့ပါဘူးရှင့်"

သခင်မလေး ဘယ်အချိန်က ပျောက်သွားမှန်း သူလည်းမသိ။

ရှန်ချန်ရဲ့ ကိုယ်ပိုင် အခြွေရံက ကြမ်းပြင်ပေါ် ဒူးထောက်လျက် ထိတ်လန့်နေသည်။ ဒီကိစ္စက သခင်ကြီး ခွင့်လွှတ်ရင်တောင် သခင်မက နည်းနည်းမှ ချမ်းသာပေးမှာ မဟုတ်မှန်း သိသည်။ စကားအမှား တစုံတရာ မရှိစေရပဲ သိသမျှ အမှန်အတိုင်းထုတ်ပြောပြလိုက်သည်။

"သခင်ကြီး သိုင်းပညာကျွမ်းကျင်တဲ့ လူတစ်ယောက်ယောက်ရဲ့ လက်ချက် ဆိုတာ ထင်ရှားတယ်၊ အိမ်တော်မှာ ရှိတဲ့ အစောင့်တွေတိုင်းက အရေးပေါ်ကာကွယ်ပေးရုံလောက်သာ တတ်ကျွမ်းကြတာ၊ ရှန်လျန့်ဘေးနားက တစ်ယောက်လောက် ဘယ်သူက အဆင့်မြင့် သိုင်းပညာတတ်ကျွမ်းမလဲ"

ရှန်ရွေ့ထင်ရဲ့ ဒေါသကို လစ်လျူရှုပြီး ရှန်လျန့်ကိုပြဿနာထဲ ဆွဲထည့်ရန် ကြိုးပမ်းလိုက်သည်။ ထိုစကားကြောင့် လူတိုင်းရဲ့ မျက်လုံးအစုံစုံက ရှန်လျန့်ကိုယ်ပေါ်ရောက်လာသည်။ အထူးသဖြင့် ဒုတိယနဲ့၊ တတိယမိသားစု၏ ခက်ထန်သော အကြည့်ပင်။ ရှန်လျန့်အား အသေသတ်ချင်နေကြပုံရသည်။

"ရှန်ကော ဘုရားကျောင်းတောင်ခြေမှာ မြင်လိုက်ရတာကလွဲလို့ သူတို့ဘယ်ခါ သခင်မတို့ရှေ့ပေါ်လာဖူးလို့လဲ? အဆင့်မြင့် သိုင်းပညာတတ်ကျွမ်းတယ်လို့ ဘာကြောင့် တစ်ထစ်ချ ပြောနိုင်ရတာလဲ"

လူတိုင်းရဲ့ အာရုံစိုက်လာမှုကြောင့် ရှန်လျန် ရေနွေးကြမ်းခွက်ကို ချလိုက်သည်။ လျိုရှုဟန်ရဲ့တုံ့ပြန်စကားကို မစောင့်ပဲ ဆက်ပြောသည်။

"ပြောမှပဲ...မနေ့က ကျွန်တော် ချင်ဖင်းမြို့စား၊ တတိယမင်းသားတို့နဲ့ တောင် အနောက်ဘက်ခြမ်းမှာ လမ်းလျှောက်ထွက်နေတုန်း လူတစ်စုရဲ့ လုပ်ကြံခံရပြီး သေတော့မလို ဖြစ်သွားသေးတယ်၊ ထူးထူးဆန်းဆန်း လူသတ်သမားတွေက မင်းသားနဲ့ မြို့စားမင်းကို ဂရုမစိုက်ပဲ ကျွန်တော့်ကို သတ်ဖို့လာကြတာ၊ တွေးကြည့်ရင် ကျွန်တော့်က်ုမုန်းတဲ့လူ‌က ဒီမိသားစုအပြင် တခြားဘယ်သူမှမရှိဘူး‌လေ ၊ အဖေ ဒီကိစ္စကို စစ်ဆေးပေးပါ၊ တစ်ကယ်လို့ အဖေမယုံရင် မြို့စားမင်းနဲ့ တတိယမင်းသားတို့ဆီ အတည်ပြုစုံစမ်းနိုင်တယ်"

စကားလုံးအနည်းငယ်နဲ့ လျိုရှုဟန်ဆီ ပြဿနာ တစ်ခု ပြန်ပစ်ပေးလိုက်နိုင်သည်။ ကြည့်ရတာ သူ့ကိုခြောက်လှန့်ရုံသာ မဟုတ်ပဲ တစ်ကယ် သတ်ချင်ပုံရသည်။ ခန့်မှန်းတာ မမှားရင် လျိုရှုဟန်မှာ အစီအစဉ် နှစ်ခု ရှိနိုင်သည်။ ပထမဆုံး သူ့ကို သတ်မည်။ မအောင်မြင်ပါက ဒုတိယ အစီအစဉ်ဖြစ်သည့် ဆေးကျွေးပြီးဖျက်စီးခြင်းဖြစ်လိမ့်မည်။ ဒါကြောင့် ဘုရားကျောင်းမှာ တစ်ညနေပြီး မြို့တော် ပြန်မလာနိုင်အောင် ရင်ဖုန်းတံတားကို ကျိုးပျက်စေခဲ့ခြင်းဖြစ်လိမ့်မည်။

"သေချာပေါက် ရှင်းအောင် သွားမေးလိုက်မယ်၊ ‌ပြီးရင် ပြဿနာ ဖြေရှင်းပေးမယ်"

ပြဿနာက အပိုင်းပိုင်းအဆက်ဆက်နဲ့ လာပုံရသည်။ ရှန်ရွေ့ထင်ရဲ့ မျက်နှာက မည်းမှောင်လာသလို အခြားသူတွေလည်း အံ့ဩသွားကြသည်။ သူတို့တောင် သတိမထားမိတာ ရှန်လျန်က ကောင်းကောင်း ဖော်ထုတ်လိုက်နိုင်တာပဲ။

"ကျေးဇူးပါ အဖေ"

ယဉ်ကျေးသမှုနဲ့ ဦးညွှတ်ကာ ကျေးဇူးတင်လိုက်ပြီး လျိုရှုဟန်ဘက် လှည့်သည်။

"အဲဒါဆို သခင်မ ဖြေပေးနိုင်ပါပြီ၊ ကျွန်တော့်ဘေးကလူတွေက သိုင်းပညာကျွမ်းကျင်မှန်း ဘယ်လိုသိတာလဲ"

သူ့ကိုလုပ်ကြံဖို့ ကြိုးစားပြီး သေသွားခဲ့တဲ့လူတွေက လျိုရှုဟန် ရဲ့လူတွေ ဖြစ်နိုင်သည်။

"မင်း ပြောခဲ့တာ ပဲလေ၊ အဲ့လူတွေက တာ့အာ ပို့ပေးလိုက်တဲ့ စစ်သည်တွေပါဆို? စစ်သည်ဆိုမှတော့ ကိုယ်ခံပညာတတ်ကျွမ်းတယ်လို့ပြောတာ ငါမှားသလား"

လျိုရှုဟန်က တစ်ခဏလေးနဲ့ ဆင်ခြေကောင်းကောင်း ရှာတွေ့ သွားသည်။

"အခြေခံတတ်ကျွမ်းတာတော့ မှန်ပါတယ်၊ အဆင့်မြင့် ကျွမ်းကျင်တာလို့တော့ ကျွန်တော် မပြောခဲ့ဘူး ပြီးတော့....."

ရှန်လျန်ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သိမ်မွေ့သည့် ဟန်ပန်က အေးစက်ခက်ထန်သည့် အရှိန်အဝါအဖြစ် ပြောင်းလဲသွားသည်။

"သခင်မအနေနဲ့ ကျွန်တော့် အစ်ကိုနာမည်ကိုထည့်ပြောစရာမလိုဘူး"

ထိုပါးစပ်ကနေ စကားတစ်ခွန်းထွက်လာတိုင်း အော်ဂလီဆန်ပြီး ရွံလွန်းလို့ ယင်ကောင်သေ ဝင်နေသည့် ထမင်းကိုစားရတာထက် ရွံသည်။

"နင်!"

လျိုရှုဟန် စိုက်ကြည့်သည်။

"မင်းခွင့်ပြုသည် ဖြစ်စေ၊ခွင့်မပြုသည် ဖြစ်စေ ငါက မင်းအဖေ တရားဝင်လက်ထပ်ထားတဲ့ ဇနီး၊ တုံးလင်အိမ်တော်ရဲ့ သခင်မ၊ ပြီးတော့ မင်းရဲ့ မိထွေးပဲ"

လျိုရှုဟန်က တရားဝင်ဇနီး၊ အမတ်မင်းကတော်ဂုဏ်ပုဒ်ကို အလွန်အမင်းဂရုစိုက်ပေမယ့် ရှန်လျန်က အရေးမလုပ်သည်ကိုမြင်သော် မခံမရပ်နိုင်စွာ ထပ်ခါထပ်ခါ ဂုဏ်ဖော်မိသည်။

"ဟက်!"

ရှန်လျန် အေးစက်စက် လှောင်သည်။

"အမေဖြစ်ဖို့ ထိုက်တန်လို့လား"

ရှန်လျန်ရဲ့ အသိအမှတ်မပြုသည့် မျက်နှာက်ို မြင်သော် လျိုရှုဟန် ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်လာသည်။ ရှန်ရွေ့ထင်ကို လှည့်ကြည့်တော့ တားမည့်ပုံ မပေါ်တာကြောင့် ရုတ်တရက် ဝမ်းနည်းပုံဖမ်းလိုက်ပြီး ဝမ်းဗိုက်ကိုကိုင်ကာ ငိုယိုသည်။

"နာ.. နာတယ် ကျွန်မဗိုက်.. သခင်ကြီး ကျွန်မတို့သားလေး..."

ရှန်ရွေ့ထင် မျက်မှောင်ကြုံ့ပြီး သမားတော် ပင့်ရန် ပြောလိုက်သည်။

"သမားတော် သွားပင့်ကြ"

ထိုအခိုက် ရှန်လျန်က အပြုံးတစ်ပွင့်ဖြင့် ရှေ့တက်လာသည်။

"သမားတော်ဘာလို့ ပြေးပင့်နေဦးမှာလဲ ၊ကျွန်တော်က သမားတော်ပဲလေ.. သခင်မကို ကြည့်ပေးပါ့မယ်"

ဝမ်းဗိုက်ကိုကိုင်ကာ နာကျင်ဟန်ဆောင်နေတဲ့ လျိုရှုဟန် ကို ရှန်လျန်က လစ်လျူရှုပြီး အမြန်ရှေ့တက်ကာ လက်ကောက်ဝတ်စမ်းသည်။

"နင်ဘာလုပ်တာလဲ၊ ငါ့ကိုလွှတ်စမ်း"

"ရှန်လျန်!"

လျိုရှုဟန် တုန်လှုပ်သွားပြီး လက်ပြန်ရုတ်ရန်ပြင်သည်။ သို့သော် သူ့လှုပ်ရှားမှုက ယောင်းကွမ်လောက် ဘယ်မြန်မလဲ၊ ယောင်းကွမ်က ညာလက်ကို အမြန် ဆွဲဖမ်းပြီး ရှေ့ထုတ်ပေးသည်ကြောင့် လျိုရှုဟန်၏ အော်သံ ထွက်ပေါ်လာရခြင်းပင်။

ရှန်ရွေ့ထင်က ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် အမြန်ထရပ်ကာ ရှန်လျန့်ကို ဟန့်သည်။ ကံမကောင်းစွာနဲ့ ရှန်လျန်က လစ်လျူရှုလိုက်ပြီး လျိုရှုဟန်ရဲ့ လက်ကောက်ဝတ်ကိုစမ်းနေလေပြီ။

"အင်း... သခင်ကြီးရဲ့ ကလေးက တစ်ကယ်ပဲ"

ရှန်လျန်က အဓိပ္ပာယ်ပါပါပြုံးပြီး နောက်ပြန်လျှောက်လာသည်။ ယောင်းကွမ်လည်း ဖြူဖျော့‌နေတဲ့ လျိုရှုဟန်လက်ကို လွှတ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ရှန်ရွေ့ထင်က ဝက်ငတုံးမဟုတ်ပေ။ ရှန်လျန့်အပြုံးကိုမြင်တာနဲ့ လျိုရှုဟန်ရဲ့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း သိလိုက်သည်။ မျက်ခုံးက ပိုပို တွန့်ကွေးလာရသည်။

"ကျွန်တော် စိတ်မဝင်စားပေမယ့် ထူးဆန်းတယ်လို့ခံစားနေရလို့‌လေ ၊ သခင်ကြီးနဲ့ရတဲ့ ကိုယ်ဝန်က အမြဲတမ်း တိုက်ဆိုင်တယ်လို့မထင်ဘူးလား၊ ပထမတစ်ခါ ရှန်ရှောင်ကို လွယ်ခွင့်ရသွားတာက အတင်းဖိအားပေးလို့လေ၊ ရှန်ချန့်အလှည့်ကျတော့ နှစ်ဦးသဘောတူလို့ရတာ၊ တတိယကိုယ်ဝန်ကျတော့ ရှန့်ကော ဘုရားကျောင်းကို လူတိုင်းသွားဆုတောင်းရမယ်ဆိုမှ ရတာ၊ မထူးဆန်းဘူးလား၊ အိမ်မှာ ကျန်နေခဲ့တာဆိုတော့ဘာက်စ္စပဲ ဖြစ်လာလာ သူက မသက်ဆိုင်တော့ဘူး၊ အရမ်းတိုက်ဆိုင်တယ်လို့ မထင်ဘူးလား အဖေ"

နေရာမှာ ပြန်လာထိုင်တဲ့ ရှန်လျန်က အလျင်စလို မပြောပြ ပဲ အပြုံးရိပ်လေးရှိလျက် စနောက်ချင်ဟန်။ ရှေ့ကိုယ်ဝန် နှစ်ခုက ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ တတိယကိုယ်ဝန်ကတော့ အတော် လွဲမှားနေသည်။

"ရှင်းရှင်းပြော"

ရှန်ရွေ့ထင် ရဲ့မျက်နှာက ပိုပြီး ကြောက်စရာကောင်းလာသည်။ လျိုရှုဟန်လည်း ထိတ်လန့်နေပြီး စိတ်ထဲ တွေးမိသည်က ဒီကောင်လေးရဲ့ပညာ အရမ်းတော်မနေလောက်ဘူးမလား ဟူ၍။ မြို့တော်ရဲ့ အတော်ဆုံးသမားတော်တောင် မဖော်ထုတ်နိုင်တာကို သူက ဘယ်လိုလုပ်ပြီး သိမှာလဲ?

"ကျွန်တော် ဘာမှ မပြောဘူး၊ သူမွေးနိုင်တယ်ဆိုရင် မွေးလာမယ့် အချိန်ထိ သခင်ကြီးကိုယ်တိုင် စောင့်ကြည့်လိုက်ပါ"

စွန့်စားလိုက်တာပဲ ဖြစ်သည်။ လျိုရှုဟန်က ကိုယ်ဝန်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ပိုင်ခွင့်တွေ ရပ်တန့်ခံရပြီး စောင့်ကြည့်ခံရလိမ့်မည်။

"သခင်ကြီး ဒီကောင်စုတ်လေး လျှောက်ပြောတာ မယုံပါနဲ့၊ ကျွန်မ ကိုယ်ဝန်က အစစ်ပါ ၊မ်ြု့တော်ရဲ့ အတော်ဆုံးသမားတော် ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးပြီ၊ အတု ဘယ်လိုမှ မဖြစ်နိုင်ဘူး"

လျိုရှုဟန်က ဖြေရှင်းဖို့လောနေတာကြောင့် ဗိုက်နာဟန်ဆောင်တာကို မေ့သွားပြီး ရှန်လျန့်ကို လက်ညှိုးထိုးကာ အော်ဟစ်သည်။

"ကျွန်တော်က ကောင်စုတ်လေးဆိုရင် သခင်ကြီးက ဘယ်သူလဲ၊ ကောင်စုတ်ကြီးလား?"

ရှန်လျန်ရဲ့ ကပ်သီးကပ်သပ် အထာကောက်စကားကြောင့် လျိုရှုဟန် ပြောစရာမဲ့သွားသည်။ ရှန်ရွေ့ထင်ကို ဒေါသထွက်လာအောင် လုပ်လိုက်နိုင်သလို ၊သူ့ရဲ့ နှုတ်သီးကောင်းလျှာပါး ပါးစပ်ကြောင့် တခြားသူတွေကိုလည်း အံ့အားသင့်သွားစေသည်။ ရှန်လျန့်နောက်မှာ ရပ်နေတဲ့ လေ့ကျန်းနဲ့ ယောင်းကွမ်သာ ရယ်ချင်ပက်ကျိ မျက်နှာဖြစ်နေသည်။

2360 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment