' လူတစ်အုပ်စုလုံးရဲ့ ညစ်ပတ်တဲ့ ဒီရေတွေ ပိုမိုကြမ်းတမ်းစွာ စီးဆင်းလာတယ်'
ရုတ်တရက် ရပ်တန့်လိုက်သည့်အဖြစ်ကြောင့် မြင်း ဟီသံ ထွက်ပေါ်လာသည်။ တုံးလင်အိမ်တော်ရှေ့ စောင့်ဆိုင်းနေသူများ၏ အခြေအနေကလည်း ပိုပို တင်းမာလာ၏ ။
မြို့တော်၏ ကောလဟာလ မုန်တိုင်းစကားများအတွင်း ထိပ်ဆုံးရပ်တည်နေသူမှာ လျိုမိသားစုဖြစ်သည်။ မနက်တိုင်း ရုံးဝန်ထမ်းများက ရှန်သခင်ကြီး သို့မဟုတ် လျိုဝမ်ကျင်းထံသို့ ရောက်ရောက်လာတတ်သည် ။ ထို့ပြင် လူတော်တော်များများမှ အဆုံးထိအရာအားလုံးလုပ်ဆောင်ခဲ့သော လျိုရှုဟန်အား အဆိပ်ပြင်းသည့်မိန်းမဟု ခေါ်ဆိုသမုတ်ကြသည်။
အဆုံးမှာတော့ ဒီမုန်တိုင်းကိုဦးဆောင်ခဲ့သူ
ရှန်လျန်က လူတိုင်း၏ စာနာ၊သနားမှုကို ရရှိလိုက်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ ဂုဏ်သတင်းက ပိုပိုပြီးကောင်းမွန်လာသည်။
*******
မင်းသမီးယွဲ့ဟွား၏ သဘာဝကပ်ဘေး အလှူပွဲရက်၏ သုံးရက်မြောက်နေ့တွင် ဖြစ်သည်။
ဖုရင်နဲ့ ချွီယွဲ့က ရှန်လျန့်အား စောစောစီးစီး လှုပ်နိုးလိုက်ပြီး သူ့ရဲ့အပျင်းတစ် နေမှုကို လစ်လျူရှုကာ သန့်ရှင်းရေးနှင့်ဝတ်စားဆင်ယင်ရေး ပြုလုပ်ပေးကြသည်။
နောက် ဆုံး အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ပေးလိုက်နိုင်သည်။ ထိုမှ နာရီဝက် အကြာတွင်တော့ ရှန်လျန်သည် နီရဲတောက်နေသော ဝတ်ရုံရှည်အားဝတ်ဆင်ထားလျက် ဦးခေါင်းပေါ်တွင် ရွှေသရဖူကို ဆင်မြန်းထားသည်။
ခါးထက်တွင် ကြက်သွေးရောင်ကျောက်ခါးပတ် တပ်ဆင်ထားပြီး ၊သိုးပေါက်သားရေ စွပ်ဖိနပ်ဖြင့် တစ်ကိုယ်လုံးလိုက်ဖက်ညီစွာ ဆင်မြန်းထားသည်။ နဂိုနူးညံ့ပြီး လှပသည့်မျက်နှာလေးက အဝတ်အစားကြောင့် ပိုမိုတင့်တယ် နေသည်။ ဤကဲ့သို့ တင့်တယ်နေသော ဟန်ပန်မှာ အမှန်တစ်ကယ်ပင် တော်ဝင်မျိုးနွယ်နှင့် ဖူးစာဆုံရန် ထိုက်တန်လေသည်။
"ပြီးသွားပြီ၊ အရမ်းလှတယ်ဟေ့!"
အထဲဝင်လာသော ချီရွှမ်းက အံ့အားသင့်ပြီး နှုတ်ခမ်းက အနည်းငယ် ပွင့်ဟနေလျက် ဗလာ ဖြစ်နေသော မျက်ဝန်းဖြင့် ရှန်လျန့်အား ငေးကြည့်နေသည်။
"ဝိုး!"
သူ့ရဲ့အံ့ဩပြီး အခန်းထဲ ပတ်ပြေးကာ အကြိမ်အနည်းငယ်လောက် ခုန်ပေါက်နေသံကို အားလုံးကြားလိုက်ရသည်။
"တစ်ကယ့်ကိုရင်သပ်ရှုမောဖွယ်အလှပဲ၊
လျန်လျန့်ကိုပိုင်ဆိုင်ခွင့်မရလိုက်ရင်လေ နောင်တရမယ့်သူက ကျွန်တော်တို့ အရှင်ပဲ!"
ဖေးယွမ်ရွှင်းအတွက် အခွင့်သင့်သည်နှင့် လက်ထပ်ဖို့တိုက်တွန်းရန် ယောင်းကွမ် မမေ့ပါချေ။
"ချီးမွှမ်းပေးလို့ ကျေးဇူးပါ ၊ဒါပေမယ့် ခင်ဗျားရဲ့ မြို့စားနဲ့ လိုက်ဖက်မယ့် တစ်ခြား အလှလေးတွေ အများကြီးရှိပါတယ်"
ယောင်းကွမ်မှာ အားလျော့စွာနှင့် ခေါင်းငြိမ့်ပြလိုက်ရသည်။ ရှန်လျန်က သူ့ဆီလျှောက်လာကာ ထိုင်သည်။
"အဝေးကြီးတွေးနေစရာတောင်မလိုဘူး၊ ဒီအိမ်တော်မှာတင် နာမည်ကျော် အလှလေးတွေမှ တစ်ပုံကြီး"
"........."
သူတို့က လှတယ်လား? ဒါပေမယ့် မိန်းမလှ လှကြတာလေ....
ယောင်းကွမ် သူ့မျက်လုံးလှိမ့်လိုက်၏။
ပစ္စည်းညံ့တွေက သူတို့အရှင့်သားရဲ့ဖိနပ်ကို မှန်းဖို့တောင်မတန်ဘူး!
"လျန်လျန်က မိန်းကလေး၇၊ မိန်းကလေး၈နဲ့၉ ကိုပြောတာလား?"
ဖုရင်၊ ယောင်းကွမ်နဲ့ ချီညီအစ်ကိုတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ရင်း ဝင်ထိုင်လိုက်ကြသည်။
ရှန်လျန်၏ခြံဝန်းက စည်းကမ်းတင်းကြပ်ခြင်းမရှိ၊ အစေခံသည် အမျိုးအဆွေနှင့်ပိုတူသည်။ အပြင်လူမရှိသရွေ့ တန်းတူ ထိုင်နိုင်၏။
"ဟဟဟဟ..."
ရှန်လျန်က မေးခွန်းပြန်မဖြေပဲ ပေါ့ပေါ့ပါးပါးသာ ရယ်လိုက်ကာ အစားစစားသည်။
" အိမ်တော်မှာ တစ်ခါမှ ဒီမိန်းကလေးတွေကိုမတွေ့ဖူးပေမယ့် အပြင်လူ အတော်များများပြောကြတာတော့ သူတို့ကလှတယ်၊ကြင်နာတတ်ပြီး ထက်မြက်တယ်ဆိုပဲ၊ ဒါပေမယ့် အမြင်ရှိတဲ့ ယောင်္ကျားသားတွေ အတွက်တော့ ရိုးနေပါပြီ"
ဒီအိမ်ကို ရောက်တာသုံးရက်ရှိပြီဖြစ်တဲ့ ဖုရင်က သူသိသင့်သလောက် အားလုံးသိနေပြီဖြစ်သော်လည်း မျက်စိဖြင့်တပ်အပ်မမြင်ရသေးသော လူများစွာလည်းရှိသေးသည်။
"ဦးလေးဖု ပြောတာနဲ့ တခြားဆီပဲ၊ ဘာတဲ့? ကြင်နာတတ်ပြီးတော်တယ်ပေါ့လေ? ဒီအိမ်က တော်တော်လိမ်ညာတတ်တာပဲ"
"ဟဟဟဟ... ယောင်းကွမ် မင်းမှန်တယ် ၊သူတို့အကုန်ဟန်ဆောင်နေကြတာ၊ သူတို့ကိုယ် သူတို့ နတ်သမီးလို သရုပ်ဆောင်ပြီး မီးဖိုဆောင်ကိစ္စတွေအကုန်လုပ်တတ်ပါတယ်ပေါ့"
ချီရွှမ်းက ကျယ်လောင်စွာ ရယ်မော၏။
"ရှောင်ရွှမ်း"
ချီယွဲ့ စိတ်တိုတိုနဲ့အော်လိုက်သော်ငြား နှုတ်ခမ်းထောင့်က အပြုံးကြောင့်အနည်းငယ် ကွေးတက်နေသည်။ ပြောသမျှထောက်ခံနေကြောင်း
ရှင်းလင်းပါ၏။
" သူတို့တွေ ငြီးငွေ့နေမလား ကျွန်တော် မသိပေမယ့်၊ ယောင်္ကျားတွေဆိုတာ ဖြူစင်တဲ့အလှကိုမက်မောကြတာပဲမလား? ခုလိုအနီတောက်တောက် ဝတ်စုံက သူတို့မျက်စိထဲ ကန့်လန့်ဖြစ်နေလောက်တယ်"
ရှန်လျန်က အားလုံးထက် သူ့ကိုယ်သူပိုသိသည်။ အရင်ဘဝတုန်းက သူ့ဆီမှာ ဝတ်ကောင်းစားလှတွေမရှိခဲ့လို့လား? နောက်ဆုံးတော့ ဖြူစင်ချင်ယောင်ဆောင်ထားတဲ့ မိန်းမဆီမှာ ရှုံးခဲ့ရတာပဲလေ....။
"လျန်လျန် မှားနေပြီ၊ ဟိုးနှစ်ပေါင်းများစွာကတည်းက ကြာပန်းဖြူကို လူတွေ နှစ်သက်ကြပေမယ့် ၊လူတိုင်းက အဲ့ပန်းကိုပဲ ဝယ်တာမျိုး ကြားဖူးလို့လား? ချုပ်ပြောရရင် တန်ဖိုးရှိတဲ့ပန်းက ရှာတွေ့ဖို့ခက်ပြီး လူတိုင်းကပိုလိုချင်ကြတယ်။ လျန်လျန်က ရဲရဲတောက် ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ပန်း၊ ပန်းတွေရဲ့ဘုရင်နဲ့တူလို့ ဘယ်သူကမှ နှိုင်းယှဉ်လို့မမှီနိုင်ဘူး"
ပညာထူးချွန်သူ၏ ဖခင်ဖြစ်သူပီပီ ဖုရင်က စကားပြော အတော်ကောင်းကာ ရှန်လျန်ပင် သူ့အလှက တစ်ကမ္ဘာလုံးကပင် မယှဉ်နိုင်ဟု ယုံကြည်မိလုနီးပါး ဖြစ်သွားရသည်။
"မှန်တယ်၊ ဦးလေးက အတော်ဆုံးပဲ"
ချီယွဲ့နှင့် အခြားသူများက ထိုသို့ချက်ကျလက်ကျပြောချင်ပါသော်လည်း မပြောတတ်ကြသဖြင့် ဖုရင်ကိုထောက်ခံရုံသာ တတ်စွမ်း၏။
"ကျွန်တော့်ကို နှစ်သိမ့်နေကြတာလား?"
လက်ထဲက တူကိုချရင်း ရှန်လျန် ခေါင်းယမ်းမိ၏။
"ကျွန်တော်က ဘာကြောင့် မိန်းမတွေနဲ့သွားယှဉ်ရမှာလဲလေ၊ အစားပဲ အမြန်စားပါ၊ ရွှမ်းကောက ဦးလေးဖုနဲ့ နေရစ်ခဲ့ ၊ယောင်းကွမ်နဲ့ ယွဲ့ကောက ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါ"
"အဲ့တာဆို ဂရုစိုက်နော် ရှန်သခင်မလည်း အလှူပွဲသွားမယ်လို့ ကြားမိတယ်"
ချီရွှမ်းက သတိပေး၏။ တုံးလင်အမတ်ကြီးက အပြင်ထွက်ခွင့်ပိတ်ထားသော်လည်း မင်းသမီးယွဲ့ဟွား၏ဖိတ်ကြားချက်ကိုတော့သေချာပေါက် ငြင်းဆန်၍မရပေ။
"သူမသွားရင် ပွဲဘယ်ဖြစ်တော့မလဲ?"
"ဟင်?"
"ဘာမှ မဖြစ်ဘူး၊ ကျွန်တော် ပြင်ဆင်ထားပြီးပြီ"
ပြောပြီးသည်နှင့် ရှန်လျန် ထရပ်ကာ သူ့အခန်းထဲ ပြန်လာလိုက်သည်။
သူ၏ နဂါးကိုးကောင်လက်ပတ်သည် အပ်အပြည့်ဖြင့် စားပွဲပေါ် တွင်ရှိနေ၏…ရှန်လျန် ကောက်ယူပြီး ဘယ်ဘက် လက်ကောက်ဝတ်တွင် ပတ်လိုက်၏။ ပြီးနောက် လက်ညှိုးထိပ်နှင့် အသာလေးပွတ်သပ်ရင်း မျက်နှာ အမူအရာက လေးနက်သွားသည်။ ဒီကနေ့မှာ သူ့အပေါ် အရင်ဘဝကလို စွပ်စွဲပြီး အနိုင်ကျင့်၊ အရှက်ခွဲချင်သမျှလူအားလုံး ကို သူစောင့်ကြည့်ချင်သေးသည်။ အဆုံးသတ်မှာ ဘယ်သူက အရှက်ကွဲရမလဲဆိုတာကို......။
********
မြင်းလေးကောင်ဆွဲသည့် ရထားလှည်းများက တုံးလင်အိမ်တော် အပြင်ဘက်တွင် တန်းစီရပ်ထားသည်။ အားလုံးထဲမှ လှည်းတစ်စီးက အလွန်ခမ်းနားကာ အထက်တန်းကျလှသည်။ လျိုရှုဟန်နှင့် ရှန်ချန်၊ ကျောက်လန်နှင့် ရှန်ချောင်၊ လုယန်နဲ့ရှန်ကျင်း...သားအမိခြောက်ယောက်လုံး လှည်းအပြင်တွင် ရပ်စောင့်နေကြသော်လည်း ထိုအလှပဆုံး လှည်းဘေးတွင်တော့ မည်သူမှ ရပ်မနေခြင်းမှာ ထူးဆန်း၏။
"ရှောင်ဝူ...."
ရှန်လျန် အိမ်တော်မှ ထွက်လာသည်ကိုမြင်သည့် ကျောက်လန်၏မျက်ဝန်းအစုံမှာ ပြူးကျယ်နေလျက်။ ရှန်လျန်မှ ဟုတ်ရဲ့လားဟုပင် သံသယဝင်မိသွားသည်။ သူမ မှ မဟုတ် ၊လူတိုင်းသူမကဲ့သို့ တုံ့ပြန်ကြသည်။ မူလက လူတိုင်း ..အကောင်းဆုံးအသုံးအဆောင်နှင့် အတောက်ပဆုံးအဝတ်အစားများကိုရှန်လျန့်အတွက် ချန်ထားကြပေမယ့် မည်သူမှမတွေးမိသည်က ထိုသို့ဝတ်စားထားသောရှန်လျန်က ထိုမျှ ရင်သပ်ရှုမောဖွယ် ကျက်သရေရှိနေသည်တဲ့လား? မွေးဖခင် ဝေကျစ်ချန်၏ ရုပ်ရည်နှင့် မျိုးရိုးမြင့် အရှိန်အဝါအား အမွေရထားပေသည်။
အနီရောင်ဝတ်ရုံရှည်နဲ့ ဧကရီတစ်ပါးဖြစ်မည့်သူဟု မည်သူမျှကြိုမသိထားသော်လည်း......
ပြင်းထန်သည့်ရိုက်ချက်ကြောင့် သားအမိသုံးတွဲလုံး မကျေနပ်ကြချေ။ ထုတ်မပြောသော်လည်း သိသာ၏။
"ဝူကော ကို အားလုံးက စောင့်နေရတယ်"
အဖြူရောင်ဂါဝန်နှင့် ဦးခေါင်းတွင် များများစားစား မဆင်ယင်ထားသော ရှန်ချန်က ပြောလာ၏။
ရှန်လျန်က အရေးကြီးပုဂ္ဂိုဟ်ဖြစ်တာကြောင့် စောင့်နေရသည် ဟူသောအဓိပ္ပာယ်နှစ်ခွ ထွက်သည့် စကားဖြင့် လောင်စာထည့်လိုက်သည်။
မျက်နှာပျက်ရပြီးတာတောင် သူ့ကိုပြဿနာ လာရှာရဲသေးတယ်ပေါ့လေ?
ရှန်လျန်က အကြည့်တစ်ချက်သာ ပေးလိုက်ပြီး ကျောက်လန်ဆီ တိုက်ရိုက်သွားလိုက်သည်။ သူ့ကိုလစ်လျူရှုတာခံလိုက်ရ၍ ရှန်ချန်၏ ဒေါသများလွတ်ထွက်သွားခါနီးလေးတွင် လျိုရှုဟန်က ဆွဲတားထားသည်။
"ဒေါ်ဒေါ်နှစ် ရဲ့ အစေခံက အိမ်ပေါက်ဝမှာ တစ်နာရီအတွင်းလူစုမယ်လို့ပြောခဲ့တာ မလား?"
ဘယ်လောက်မှ မကြာသေးပဲနဲ့ ကျွန်တော့်ကိုရန်ရှာဖို့မစောင့်နိုင်တော့ဘူးပေါ့လေ ...
"ဟုတ်တယ် ဆိုပေမယ့် အားလုံးက စောစော မရောက်လာကြလို့လားနော်?
ဒီနေ့ ရှောင်ဝူ အတော်လှနေတာ...ဒေါ်လေး တောင် သိပ်မမှတ်မိတော့ဘူး"
ရှန်လျန် ကသူ့ကိုမေးခွန်းထုတ်လာရာ ကျောက်လန် လည်းအပြုံးလေးနှင့် စကားခေါင်းစဉ်အမြန်ပြောင်းလိုက်သည်။ ရှန်ချောင်ကလည်း သူ့အမေနောက်လိုက်ပြီး သိမ်မွေ့စွာပြောလာသည်။
"ဝူကော.. အရမ်းကြည့်ကောင်းတာပဲ"
ဒီနေ့ သူမက အစိမ်းနုရောင် အမွေးလေးတွေ၊
ပုလဲတွေ နဲ့ အလှဆင်ထားတဲ့ အစိမ်းရောင်ဂါဝန်ကို ၀တ်ဆင်ထားခဲ့သဖြင့် ရှန်ချန်ရဲ့ ပူပြင်းတောက်လောင်တဲ့ အကြည့်တွေကနေ မရှောင်လွှဲနိုင်ပေ ။
"ကြည့်ကောင်းတာက 'ကော' တစ်ယောက်အတွက် ဘာကောင်းလို့လဲ?"
လုယန် လှောင်ပြောင်သရော်ကာ စကားဝိုင်းကိုဖျက်စီးလိုက်သဖြင့် ကျောက်လန်နဲ့ ရှန်ချောင်တို့အပြုံးတွေ တောင့်တင်းကုန်သည်။ သို့သော် ရှန်လျန်က အပြုံးယဲ့ယဲ့ဖြင့်
"အမျိုးသမီးပဲဖြစ်ဖြစ် ၊ 'ကော'ပဲဖြစ်ဖြစ် အရှက်မရှိတဲ့သူထက် ၊ ကြည့်ကောင်းတဲ့သူက ပိုသာတယ်လေ၊ အသားအရည်လှတယ်ဆိုတာ လူတစ်ထောင်မှ တစ်ယောက်လောက်ရှိတာ၊ လူတိုင်းလိုချင်လည်း မဖြစ်နိုင်ဘူး"
"အရှက်မရှိတဲ့သူဆိုတာ နင်ဘယ်သူ့ကိုပြောချင်တာလဲ?"
သူ့စကားကိုကြားသည်နှင့် လှတာကို မနာလိုနေသော လုယန်က ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လာတော့သည်။ ရှန်ကျင်းက သူမ အမေကိုအမြန် ဆွဲထားရင်း.....
"အမေ၊ ဝူကောက အမေ့ကိုပြောတာမှမဟုတ်တာ၊ အမေလှတာကိုဘယ်သူက မသိလို့လဲ? အကောင်းဆုံးသက်သေက အဖေပဲမလား?မယားငယ်တွေထပ်ထားတာမှမရှိတော့တာ"
အဖြူရောင်ဂါဝန်ဝတ်ဆင်ထားသူ ရှန်ကျင်းကလည်း ရှန်ချန်လောက်တော့ မတောက်ပနေပါ၊ သူမ၏ စကတ်က အဖြူရောင်ကြာပန်းအနည်းငယ်နှင့်သာ အလှဆင်ထားသည်။
"ဝူကော... အမေ့ကို စိတ်ထဲ မထားနဲ့နော်၊ သူက နှုတ်ပဲကြမ်းတာ ၊ စိတ်ထဲရှိတာမဟုတ်ဘူး"
သူမအမေကိုနှစ်သိမ့်ပြီးသည်နှင့်တစ်ပြိုက်နက် ရှန်လျန်ဘက်လှည့်ကာ သိမ့်မွေ့စွာပြုံးပြရင်းပြောသည်။
"ဘယ်လိုမှသဘောမထားပါဘူး၊ အစ်ကိုကလည်း ဒေါ်ဒေါ်သုံးကို နာကျင်စေဖို့မရည်ရွယ်ပါဘူး"
မျက်ခုံးပင့်လျက် ရှန်လျန် လက်စွပ်ကိုနေရာတကျ ချိန်ညှိရင်း ဆိုသည်။ ငြိမ်နေ သည့်လူက ပိုအန္တရာယ်များကြောင်း သိလိုက်ရသည်။ ရှန်ကျင်းက ရှန်ချန်နှင့်ယှဉ်နိုင်သလို ရှန်ချောင်ထက် ပိုထက်မြက်သည်။
"အဖေက မထွက်လာသေးတာလား?"ရှန်လျန် ပဟေဠိဖြစ်စွာ မေးလိုက်သည်။
"ငါတို့နောက်မလိုက်ချင်တဲ့ ယောင်္ကျားတွေက အရင်သွားနှင့်ကြပြီလေ"
ကျွန်တော်က 'ကော'ဆိုပေမယ့်လည်း
ယောင်္ကျားမဟုတ်တာကြလို့?
ရှန်လျန် မျက်ခုံးပင့်၍ ကျောက်လန်ကိုကြည့်သည်။
ကျောက်လန်က သူမရဲ့ ရည်ရွယ်ချက်တွေ ဖော်ထုတ်ခံလိုက်ရမည်စိုး၍ ဦးရေပြားက ထုံကျင်လာသည်ဟုခံစားနေရသည်။
"အချိန်ကျပြီ ငါတို့သွားကြတော့မလား?"
တိတ်ဆိတ်နေတဲ့လျိုရှုဟန်က သတိဝင်လိုက်သည်။ သူမက ရှန်လျန့်အား ဟန်ဆောင်ပန်ဆောင်နှင့် လစ်လျူရှု မနေရဲတော့ချေ။
"ဟုတ်သားပဲ၊ မေ့နေလိုက်တာ၊ ရှောင်ဝူ ဒီလှည်းက သားအတွက်ပြင်ပေးထားတာ၊ အထဲ အမြန်ဝင်လိုက်တော့"
အခွင့်အရေးကသူမလက်ထဲ ရောက်လာသည်ကြောင့် ကျောက်လန် က အခမ်းနားဆုံးလှည်းကို လက်ညှိုးညွှန်လိုက်သည်။ ထိုလှည်းနှင့် တစ်ခြားလှည်းအားလုံးကိုရှန်လျန် ဝေ့ကြည့်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့လိုက်မိ၏။ ယောင်းကွမ်နှင့် သူ့နောက်လိုက်လာသော သူများက တစ်ခုခုလွှဲမှားနေမှန်းခံစားမိကြသည် ။
တစ်ချို့က ဇဝေဇဝါဖြစ်နေကြပြီး ဖုရင် တစ်ဦးတည်းသာ မအံ့ဩနေချေ။
"ဝင်ရမှာလား!"
အမျိုးသမီးအုပ်လိုက်က သူ့ရဲ့တုံ့ပြန်မှုကို စောင့်ကြည့်နေကြစဉ် လှည်းတစ်စီးက ဖြည်းဖြည်းမှန်မှန်မောင်းနှင်လာကာ ရှန်လျန့်ရှေ့တွင် ရပ်တန့်သွားသည်။ ထိုလှည်းက ပုံမှန်အပြင်အဆင်နှင့်သာ ဖြစ်ပြီး မောင်းနှင်လာသူမှာ ချီရွှမ်းဖြစ်၏။
"သခင်လေး... လှည်း ရောက်ပါပြီ"
အားလုံးရဲ့အကြည့်တွေကို လစ်လျူရှုကာ ချီရွှမ်း လှည်းပေါ်က ခုန်ဆင်းလာပြီး ရှန်လျန့်ဆီ လျှောက်လာသည်။ ယောင်းကွမ်က နှင်တံကိုပြောင်းယူပြီး ပြောသည်။
"လှည်းကို ကျွန်တော့်တာဝန်ထားလိုက်၊ သခင်လေး လှည်းထဲ ဝင်တော့မလားခင်ဗျ?"
"ကောင်းပြီ"
ရှန်လျန် ခေါင်းငြိမ့်ရင်း စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ကျောက်လန်ကိုလှမ်းပြော၏။
"စိတ်မကောင်းပါဘူး ဒေါ် လေး..ကျွန်တော့အတွက် လှည်းပြင်ပေးထားမယ်မှန်း မထင်မိလို့ပါ၊ ဒေါ်လေး ကို စိတ်ပျက်စေမိပါပြီ"
"မဟုတ်တာ၊ ရပါတယ်"
ကျောက်လန်က စိတ်ပျက်မိလွန်းလို့ မျက်နှာပေါ်က အပြုံးတောင် မပီပြင်တော့ပေ။ ရှန်လျန်၏ လက်ရှိ ကောင်းကောင်းနေနေရသည့်ပုံနှင့်သက်သေပြပြီး ၊ ပြင်ပက ကောလဟာလတွေကိုငြိမ်းသွားစေရန် လျိုရှုဟန်က ရည်ရွယ်ထားခြင်းဖြစ်သည်။ မူလက ကျောက်လန် မကူညီချင်ခဲ့ပေမယ့် ဒီကိစ္စက ရှန်လျန့်အား ထိခိုက်စေမည်၊ လူတွေကမေးခွန်းထုတ်လာနိုင်သည်ကိုတွေးမိ၍ ကူညီရန်သဘောတူခဲ့သည်။ သူမ မထင်ထားမိသည့်အချက်မှာ ရှန်လျန်က ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်မည်ဆိုတာကိုပင်။
"ဒါဆို ကျွန်တော် အရင်သွားနှင့်ပါတော့မယ်"
အဓိပ္ပာယ် ပါပါဝေ့ကြည့်လိုက်ပြီး ချီယွဲ့နှင့်အတူ လှည်းဆီ လျှောက်သွားလိုက်သည်။
ချီရွှမ်းနှင့် ဖုရင်ကတော့ ကျန်ရစ်ခဲ့သည်။ ယောင်းကွမ်၏ ထိန်းချုပ်မှုအောက်တွင် မြင်းရထားလုံးက တုံးလင်အိမ်တော်မှ ခပ်သွက်သွက် ထွက်ခွာသွားသည်။
"အမေ!"
လျိုရှုဟန်၏လက်ကို ရှန်ချန်ဆွဲယမ်းရင်း ဆိုသည်။
"သမီးတို့လည်း သွားရအောင်"
မထွက်သွားခင် လျိုရှုဟန်က ကျောက်လန်ကို စောင်းကြည့်လိုက်ကာ နှာရှုံ့သည်။
သူ့ရဲ့အကြံနဲ့ အကျိုးမြတ်လိုချင်နေတယ်ပေါ့လေ... အိပ်မက်မက်နေလိုက်!
"နံပါတ်နှစ်သခင်မက ရှန်သခင်မရဲ့ သွေးထိုးတာခံလိုက်ရတာလား?"
ရထားလုံးထဲတွင် ချီယွဲ့က မေးလာ၏။ မကြာသေးခင်က အဖြစ်အပျက်ကို သေချာလေ့လာပြီးပြဿနာအရင်းအမြစ်ကို ထုတ်မေးတတ်လာသည်။
"သူ့အကြံလည်းပါတယ်၊ ကြိုမတွေးထားရင် ခုလို သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး၊ ကျောက်လန်က အရူးမှမဟုတ်တာ"
ကျောမှီထားလျက် ရှန်လျန် သူ့ရဲ့မျက်ဝန်းကိုမှေးကျဥ်းလိုက်၏။ အရင်ဘဝက ခုလို လှည့်ကွက်များစွာ ကြုံဖူးခဲ့ပြီမို့ သူသိနေသည်။ ထိုခမ်းနားသည့်လှည်းထဲတွင် ဘာမှမပါ၊ ဗလာဟောင်းလောင်းသာ ဖြစ်သည်။ သူ၏ သာမာန် မြင်းရထားကိုပင် မယှဉ်နိုင်ချေ။
ထိုလူအုပ်စုက နာမည်ကောင်းလည်းရယူနိုင်ပြီး သူ့ကိုလည်းစိတ်ဒုက္ခပေးနိုင်မည် ၊ ထို့အပြင် လျိုရှုဟန်က ကိုယ်တိုင်ဦးမဆောင်ပဲ ကျောက်လန်၏လက်ကို ငှားခဲ့သဖြင့် ကိစ္စအောင်မြင်သွားပါက ကျောက်လန်ကို ချောက်ချပြီး အိမ်တော်သခင်မနေရာ ကိုပြန်တက်နိုင်လိမ့်မည်။
"နားလည်ပါပြီ"
ချီယွဲ့ တိတ်တဆိတ်ခေါင်း ငြိမ့်၏။ ဒုတိယနဲ့ တတိယမိသားစု၏ ရည်ရွယ်ချက်တွေကို သိလိုက်ရကတည်းက ဤတုံးလင်အိမ်တော်တွင် ကောင်းသည့်အရာ ဘာမှ မရှိမှန်း သတိပြုမိသွားတော့သည်။
Words 2874
Grape 🍇