'ဧကရာဇ်အား တစ်ကွက်ပြ'
"သူက နန်းလုချင်တာလား"
ဧကရာဇ် အမျက်ထွက်နေသည်။ ဘဝတစ်လျှောက်လုံး တစ်ပါးသူက နန်းလုမှာကိုစိုးရိမ်ခဲ့ရပေမယ့် သားတော်က သားလိမ္မာလေးလို သူ့ကိုလေးစားဟန်ဆောင်ပြီး ရှေ့ကွယ်ရာမှာတစ်မျိုး နောက်မှာတစ်မျိုးလုပ်နေတာတဲ့လား၊ နန်းသိမ်းဖို့ အစီအစဉ်တွေဆွဲပြီး အနောက်မြောက်နယ်စပ်ထိ ခြေဆန့်နိုင် နေပြီ။ အမျက်ဒေါသမထွက်ပဲ ဘယ်နေမလဲ!
"အရှင်မင်းကြီး စိတ်လျှော့တော် မူပါ"
ဝန်မင်းတွေအပါအဝင် အားလုံးဒူးထောက်လိုက်ကြသည်။ရှန်တာ့က သူ့ဘေးမှာ ဒူးထောက်နေတဲ့ရယ့်လင်နဲ့ အချင်းချင်းမျက်စ ပစ်လိုက်သည်။ သူတို့နဲ့ စတုတ္ထမင်းသားတို့ တိုက်ပွဲ စတင်လေပြီ။
"အန်းကုန်းကုန်း ဥပဒေအမတ်ကြီးယန်ထန်းယွိကို ဆင့်ခေါ်လိုက်၊ သိတတ်လွန်းတဲ့ သားတော်လေး အရှုပ်တွေဘယ်လောက်လုပ်ထားလဲဆိုတာ ကိုယ်တော်သိချင်နေပြီ"
"အမိန့်အတိုင်းပါ!"
ရန်အန်းကုန်းကုန်းက အရှင့်ရဲ့စိတ်ကို ကောင်းစွာသိသူမို့ အများနည်းတူ ဒူးထောက်နေရာက သွက်သွက်လေးထကာ အမိန့်ဆောင်ရွက်ရန်ထွက်ခွာသွားသည်။ ရှန်တာ့တို့ကိုလည်း အံ့ဩမိသည်။ လက်ဆုပ်လက်ကိုင် သက်သေပြစရာလည်းမရှိပါပဲ ဧကရာဇ်ထံ မင်းသားတစ်ပါးအကြောင်း တိုင်တန်းဝံ့သည်။
တော်ဝင်မင်းသားအား မဟုတ်မမှန်စွပ်စွဲပြီး အမြင့်တက်လှမ်းနိုင်ဖို့ရာမလွယ်ကူသည့်အပြင် ကံဆိုးလျှင် ရှန်မိသားစုဝင်များက အရည်အချင်းအလုံအလောက်မရှိလျှင် ဧကရာဇ်ဖိနှိပ်တာခံရနိုင်သည်။ မြို့တော်ပြန်ရောက်လာတဲ့ ဝေမိသားစုဆိုရင်တော့ ဧကရာဇ်ကို အာခံနိုင်သည့် အရည်အချင်းပြည့်စုံသည်။
"အားလုံး ထကြပါ"
မည်မျှကြာသွားသည်မသိ ဧကရာဇ်က စိတ်ပျက်အားလျော့သည့်အသံဖြင့် လူတိုင်းကို ထနိုင်ပါပြီဟု မိန့်သည်။ဒူးထောက်နေသူအပေါင်း ပြိုင်တူ ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
"ရှန်ဗိုလ်မှူးစိတ်ချပါ၊ စတုတ္ထသားတော်က ဒီကိစ္စ တွေလုပ်ခဲ့မှန်း ရုံးတော်က စစ်ဆေးတွေ့ရှိတာနဲ့ ကိုယ်တော်ရဲ့ သွေးသားဖြစ်ပါစေဦး ၊တရားမျှတ အောင် ဆောင်ရွက်ပေးမှာပါ"
"အရှင် ကျေးဇူးတော် ကြီးမြတ်ကြောင်းပါ"
နေရာမှာထိုင်နေပြီဖြစ်တဲ့ ရှန်တာ့က တဖန်ထရပ်ကာ ဦးညွှတ်၏။ ထိုစဉ် ဟော်ရယ့်လင်က ကြားဝင် ပြောလာသည်။
"အရှင်မင်းကြီး..ရှန်တာ့တိုက်ခိုက်ခံရတဲ့နေ့က ကျွန် တော်မျိုး အမှုကိုစုံစမ်းခဲ့ပါတယ်၊ လုပ်ကြံသူပစ်တဲ့အဆိပ်မြှားက ငါးမျိုးစပ်အဆိပ်အမျိုးအစားဖြစ်မှန်း ရှာတွေ့ခဲ့ပါတယ်၊ အစက ကျွန်တော်မျိုးတို့မှာ အဆိပ်နဲ့ပတ်သက်ပြီး အဆက်အစပ်မရှိခဲ့ပေမယ့် ရှန်အိမ်တော်က ပဉ္စမသခင်လေး ရှန်လျန်မှာလည်း အလားတူ ဒီအဆိပ်နဲ့ လုပ်ကြံခံရဖူးပါတယ်၊
အရှင်ဒီကိစ္စကို သုံးသပ်ကြည့်နိုင်ပါတယ်၊ လွန်ခဲ့တဲ့သုံးလက ရှန့်ကောဘုရားေကျာင်းမှာ ရေဘေးဒုက္ခသည်တွေအတွက် ရှန်အိမ်တော်က ဆုတောင်းပွဲသွားခဲ့တယ် မဟုတ်လားဗျာ၊အဲ့ဒီညမှာ လုပ်ကြံခံရတဲ့ဖြစ်ရပ်က တပ်မှူးလျိုဝမ်ကျင်းနဲ့ ညီမဖြစ်သူလျိုရှုဟန်တို့က ကြိုးကိုင်ခိုင်းစေခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပြီးပါပြီ၊ လုပ်ကြံသူတွေက မအောင်မြင်တဲ့အခါ ငါးမျိုးစပ်အဆိပ်နဲ့ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တာပါ၊
အဆိပ်ရဲ့ သဲလွန်စကို ကောက်ချက်ချကြည့်လိုက်ရင် လျိုအိမ်တော်က ဒီအဆိပ်ကို ရှန်လျန့်အပေါ်မှာအရင်အသုံးပြုခဲ့ပြီး သုံးလအကြာမှာ ရှန်တာ့ဆီ ထပ်မံအသုံးပြုတယ်လို့ သုံးသပ်နိုင်ပါတယ်၊ ပို သေချာတဲ့အချက်က အဆိပ်လူးမြှားပစ်တဲ့သူက မျက်နှာဖုံးကွယ်ထားပေမယ့် သူ့ရဲ့မျက်လုံးတွေဟာ တပ်မှူးလျိုနဲ့ အတော်ဆင်တူနေတာပါ၊ ငြင်းချင်ရင် တစ်ခါပဲရပါမယ်၊ ဒုတိယအကြိမ် တိုက်ဆိုင်တာကျ တော့.... တရားခံမှန်း ထင်သာနေပါပြီ အရှင်"
ဟော်ရယ့်လင်ရဲ့ လျှောက်တင်ချက်အဆုံး ဧကရာဇ်ရဲ့မျက်နှာတော်က ထိန်းမရအောင် ပျက်ပြားနေခဲ့ပြီပင်။ ဝန်မင်းတို့လည်း ဆက်စပ်ကာ တွေးကုန်ကြသည်။
အရာအားလုံးက တိုက်ဆိုင်တာ မဟုတ်ဘူးဆိုရင်လျိုဝမ်ကျင်းနဲ့ စတုတ္ထမင်းသားတို့ကြား တစ်စုံတရာရှိတယ်လို့ ဆိုလိုတာမလား၊သူ့အင်အားက ပဉ္စမမင်းသားနဲ့ ယှဉ်နိုင်လောက်ပြီ၊ စစ်သည်အင်အားသာ စုဆောင်းနိုင်မယ်ဆိုရင် ပွဲသိမ်းပြီ၊ လွန်ခဲ့တဲ့တစ်လကျော်က မြို့လယ် လမ်းမပေါ်မှာ အရှင့်သားက ရှန်လျန့်ကိုတားဆီးခဲ့လို့ မြို့စားမင်းနဲ့ ထိပ်တိုက်တွေ့ခဲ့သေးတယ်၊ ကြည့်ရတာ အရှင့်သားက အရင်ကတည်းက ရှန်လျန့်ကို ရယူနိုင်ဖို့ စီစဉ်နေတာလား? သူ့ဆန္ဒသာ အောင်မြင်သွားလို့ကတော့ တော်ဝင်မင်းသားတစ်ပါးမှ သူ့ကိုကျော်နိုင်တော့မှာမဟုတ်ဘူး။
လူတိုင်းချင်ယွင်ရှန်းရဲ့အကြံကြီးမှုကြောင့် ကြက်သီးမွေးညင်းထကုန်သည်။ ဧကရာဇ်ပင် ပထမဆုံးအကြိမ်အဖြစ် ရှန်လျန့်အား ဖေးယွမ်ရွှင်းနှင့် လွန်စွာသဘောတူမိသည်။
“ကောင်းပြီ ကိုယ်တော် ဒီကိစ္စကို သေချာစုံစမ်းလိုက်မယ်၊ လျိုဝမ်ကျင်းသာ ကိုယ်တော့်ကိုပုန်ကန်တာမှန်ရင် လျိုတစ်မိသားစုလုံး အပြစ်ဒဏ်ခံရမယ်”
အတန်ကြာတိတ်ဆိတ်နေပြီးမှ ဧကရာဇ်က မျက်နှာမသာမယာနဲ့ အံကြိတ်ကာပြောသည်။
“ကျေးဇူးကြီးမားလှပါတယ် အရှင်”
လင်လင်နှစ်ဦး ရည်မှန်းချက် အောင်မြင်သွားတာကြောင့် တလေးတစားကျေးဇူးတင်စကားဆိုလိုက်သည်။ ဧကရာဇ်က ဒေါသကိုထိန်းလိုက်ပြီး ရှန်တာ့ကိုအမေးရှိသည်။
“ကိုယ်တော်ကြားတာ မောင်မင်းရဲ့ဖခင် ဝေကျစ်ချန် အသက်ရှင်လျက်ရှိတယ်ဆို၊ ဘာတွေဖြစ်ခဲ့တာလဲ”
သူတစ်ပါးရဲ့အိမ်တွင်းရေးကိစ္စဆိုသော်လည်း သာမန်လုပ်ကြံမှုမျိုးမဟုတ်သဖြင့် ဧကရာဇ်က အလွန်စိတ်ဝင်စားလေသည်။ တစ်ဆင့်ကြားထားပြီးသားပေမယ့် ကာယကံရှင်ထံမှကြားရတာလောက် သတင်းမစုံနိုင်။
“အဖြစ်အပျက်က ဒီလိုပါ အရှင်၊ လျိုရှုဟန်နဲ့ လျိုသခင်မကြီးက ကျွန်တော်မျိုးရဲ့ဖခင်ကို အအဆိပ်ခတ်၊ခြေလက်တွေချိုးပြီး မြေအောက်ခန်းကျဥ်း ထဲမှာ နှစ်ပေါင်းများစွာပိတ်လှောင်ထားခဲ့တာပါ”
စိတ်ကိုကြိုတင်ပြင်ထားလာတဲ့ရှန်တာ့က ကိုယ့်ကိုကိုယ်ထိန်းချုပ်ကာ ပြောပြလိုက်သည်။ ဧကရာဇ်က ရွှေစိတ်တော် မချမ်းမြေ့စွာဖြင့်..
“အဲ့ဒီမိန်းမနှစ်ယောက်က အတော်လေးအဆိပ်ပြင်းပြီး ရက်စက်ကြတာပဲ၊ ဗိုလ်ချုပ်ဝေတို့ အတော်လေး ခံစားကြရမယ်ထင်တယ်”
နားထောင်သူများပင် ဒေါသထွက်ကြရသဖြင့် ကာယကံရှင်မိသားစုဆိုလျှင် ဆိုဖွယ်ရာမရှိ။
“မှန်လှပါအရှင်…. အဖိုးတို့ ရင်နာမဆုံးဖြစ်ကြရပါတယ်၊ ဒါပေမယ့်လည်း ရှန်မိသားစုရဲ့အိမ်တွင်းရေးဆိုတော့ ဝင်ပါလို့လည်း မသင့်တော်တဲ့အခါမှာ ကျွန်တော်မျိုးတို့ညီအစ်ကိုပဲ ကိုင်တွယ်ခဲ့ပါတယ်”
အရှင်က အမေးတော်ရှိပေမယ့် သိပြီးသားဖြစ်ရာ ရှန်တာ့လည်း အကျဉ်းချုံးသာ ပြောပြခဲ့သည်။
“အိမ်း…ဗိုလ်ချုပ်ဝေတို့လည်း မငယ်တော့ဘူး၊ မောင်မင်းတို့့ ညီအစ်ကိုပဲ ရှန်အိမ်တော်ကိုဂရုစိုက်လိုက်ပါ၊ အတိတ်မှာ လူကြီးတွေက လစ်လျူရှုထားလို့လည်း စိတ်မကွက်ကြနဲ့၊ကိုယ်တော်ရဲ့အမိန့်အာဏာကို လေးစားလိုက်နာပြီး သူတို့က နယ်စပ်မှာ တိုင်းပြည်အတွက် သွားစောင့်ရှောက်ကာကွယ်ပေးနေကြရတာမလား၊ အဲ့တာကြောင့်လည်း တာ့ချင်ပြည်က အေးချမ်းနေရတာပေါ့”
ဧကရာဇ်က လေးနက်စွာအကြံပေးသည်။ မသိတဲ့သူများက ဧကရာဇ်ဟာ ဝေမိသားစုကို အရမ်းလေးစားပါလားဆိုပြီး တွေးထင်ကြလိမ့်မည်။
“နာခံလျက်ပါ အရှင်”
ရှန်တာ့၏ရိုကျိုးပုံကြောင့် ဧကရာဇ်က ကျေနပ်ပြီး ရယ့်လင်ဘက်လှည့်သွားသည်။
“ဟော်စစ်သူကြီးရော စစ်ပွဲအောင်နိုင်တဲ့အတွက် ဘာဆုများတောင်းချင်လဲ၊ ကိုယ်တော်လိုက်လျောပေးနိုင်တဲ့ ဘောင်အတွင်းကဆို အကုန်သဘောတူပေးမယ်”
ဧကရာဇ်မင်းက ရှားရှားပါးပါး စိတ်ကောင်းဝင်နေတာမို့ ဝန်မင်းတွေလည်း စိတ်ချမ်းသာကြသည်။တိုင်းပြည်တစ်ပြည်သည် စစ်မက်ရေးရာကျွမ်းကျင်သူများကြောင့်သာ အင်အားကြီး၍တိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်။ ဟော်စစ်သူကြီးက ငယ်ရွယ်ကာ အရည်အချင်းပြည့်စုံပြီး နောက်ခံမိသားစုမှာလည်း မရှုပ်ထွေးသူမို့ ဧကရာဇ်သာ မြောက်စားလျှင်အနာဂတ်က တောက်ပနေလိမ့်မည်။
“ဆုလာဘ်မတောင်းဆိုရသေးခင် ကျွန်တော်မျိုး ရာဇဝတ်မှုဖောက်ဖျက်မိထားတဲ့အတွက် အရှင်မင်းကြီးရဲ့ ခွင့်လွှတ်ခြင်းကိုအရင်တောင်းခံချင်ပါတယ်”
ဟော်ရယ့်လင် ထရပ်ကာ ဦးညွှတ်လိုက်သည်။ ဧကရာဇ်က ရယ်ရယ်မောမောဖြင့်
“ဟော်ရွှိုက်က ဘာပြစ်မှုကျူးလွန်ထားတာတုန်းကွဲ့၊ ကောင်းပြီလေ ကိုယ်တော် ကတိပေးတယ်၊ ဟော်စစ်သူကြီးသာ လူ့ကျင့်ဝတ်မဖောက်ဖျက်သရွေ့၊လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုသရွေ့ ရတယ်၊ တစ်ယောက်ယောက်ကိုသတ်မိတယ်ဆိုရင်တောင် ကိုယ်တော် သေမိန့်ပေးတဲ့အထိ အပြစ်ဒဏ်မချမှတ်ဘူး၊ ပုရောဟိတ်ကြီးသုံးဦးက သက်သေခံပေးလိမ့်မယ်”
ဧကရာဇ်မင်းက သူ့ရဲ့ချစ်ခြင်းကို တွေဝေခြင်းမရှိပဲ သက်သေပြသည်။ သူ့စိတ်ထဲ ဟော်စစ်သူကြီးအား သားမက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ဒီအေကြာင်းကို သင့်လျော်သည့်အချိန်မှ ထုတ်ပြောမည်ပင်။
"ကျွန်တာ်မျိုး အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ် အရှင်"
ဧကရာဇ်ရဲ့ စိတ်သဘာထားကို ပုရောဟိတ်ကြီးသုံးဦးလည်း သဘောတူ ဆန္ဒရှိကြသည်။ ဟော်ရယ့်လင်က ဝတ်ရုံကို ဆတ်ခနဲမပြီး ဒူးထောက်ချလိုက်သည်။ ထို့နောက် အရှင့်ကို ဦးမော်ကြည့်ကာ အလေးအနက်ပြောလိုက်သည်။
"အရှင်မင်းကြီး ကျေးဇူးတော်ကြီးမြတ်လှပါတယ်၊ ကျွန်တော်မျိုးက တစ်ကယ်တော့'ကော'တစ်ယောက်ပါ၊ အရှင်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
"ဘာဖြစ်တယ်!?"
စကားဆုံးတာနဲ့ ဧကရာဇ်ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။ မျက်နှာပေါ်ကအပြုံးဟာလည်း ခပ်တောင့်တောင့်ဖြစ်သွားသည်။ ရှန်တာ့ကလွဲလို့ လူတိုင်းရဲ့ တုံ့ပြန်ချက်က အတူတူပင်။ စစ်ပွဲတိုင်းရဲ့ အောင်နိုင်သူ တနည်းအားဖြင့် စစ်နတ်ဘုရားဟု ခေါ်တွင်သူ ဟော်စစ်သူကြီးက 'ကော'တဲ့လား၊ သူတို့ နားကြားများလွဲလေသလား။
ဘာတုံ့ပြန်သံမှု မကြားတာကြောင့် ဟော်ရယ့်လင်ဆက်ပြောသည်။
"လွန်ခဲ့တဲ့ငါးနှစ်က စစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သူကြီးကျောက်ရဲ့သင်ပြမှုမှာ ကျွန်တော်မျိုး စစ်မက်ရေးရာကျွမ်းကျင်လာခဲ့ပါတယ်၊ စစ်သူကြီးမကျဆုံးခင် မြို့တော်ထိ သူလာခဲ့တာတောင် ကျွန် တော်မျိုးက 'ကော'ဖြစ်တဲ့အကြောင်း ဘယ်သူ့မှ ထုတ်မပြောခဲ့တာလည်း ပါပါတယ်၊ပြီးခဲ့တဲ့နှစ်နှစ်.. 'ကော'တွေက
စစ်မှုထမ်းဆောင်လို့မရမှန်း ရှန်တာ့ပြောမှ ကျွန် တော်မျိုးသိခဲ့တာပါ၊ဒါပေမယ့်အဲ့ဒီအချိန်က ကျွန်တော်မျိုး တပ်မကြီးကို ဦးဆောင်နေနှင့်ပြီ ဖြစ်တဲ့အပြင် မြေပြင် အခြေအနေအရ စစ်သည်တွေရဲ့စိတ်ဓာတ်ကိုကျရှုံးကုန်မှာစိုးတဲ့အတွက် ဒီကိစ္စကို ယာယီလျှို့ဝှက်ထားဖို့ ကျွန်တော်မျိုးတို့ ဆုံးဖြတ်ခဲ့ပါတယ်"
ဟော်ရယ့်လင်က ထိုထိပြောပြီး မျက်နှာပျက်ယွင်း နေတဲ့ ဧကရာဇ်ကို တစ်ချက်မော်ကြည့်လိုက်သည်။ ထို့နောက် တောက်တောက်ပပ ပြုံးကာ..
"ကံကောင်းစွာနဲ့ အရှင့်ရဲ့ကြီးမြတ်လှတဲ့ ကြင်နာမှု ကြောင့် ကျွန်တော်မျိုး အပြစ်ဒဏ်က ကင်းလွှတ်ခွင့်ရခဲ့ပါတယ်၊ အရှင်မင်းကြီး ကျေးဇူးကြီးမြတ်လှ ကြောင်းပါ၊ သက်တော်ရာကျော်ရှည်ပါစေ"
ဟော်ရယ့်လင် အလေးအမြတ် သုံးကြိမ်ပြုလိုက်သည်။ ဧကရာဇ်ရဲ့ဒေါသက အထွဋ်အထိပ် ရောက်နေပြီး မျက်လုံးအစုံက မီးဝင်းဝင်းတောက်နေခဲ့သည်။ ပုရောဟိတ်သုံးဦးလည်း မျက်ခုံးအကြီးအကျယ်လှုပ်နေလေပြီ။
ဧကရာဇ်က သူ့ရဲ့ကတိအတွက် အရမ်းနောင်တရ နေလောက်ပြီ၊ ကျားတစ်ကောင်ကို တက်စီးထားမှန်းသိလိုက်ရတဲ့ ခံစားချက်က ဘယ်လိုဖော်ပြရမလဲ၊အနာဂါတ်မှာ ဒီလူနှစ်ယောက်ကို ကိုင်တွယ်ရခက်သွားရှာပြီ။
တော်ဝင်စာကြည့်ဆောင်က လွန်စွာတိတ်ဆိတ် နေကာ အပ်ကျသံပင်မကြားရ။ လူတိုင်း အသက်ပြင်းပြင်းပင် မရှူရဲ။ဧကရာဇ်ရဲ့ ဒေါသက သူတို့ဘက်မြှားဦးလှည့်လာမှာ စိုးကြောက်နေကြသည်။
"ဟော်စစ်သူကြီးက အနောက်မြောက် စစ်ပွဲရဲ့ အောင်နိုင်သူဖြစ်ထိုက်ပါပေတယ်"
ဧကရာဇ်က သူရဲ့နှုတ်ကျွံမှုကို ပြန်ရုတ်သိမ်းလေမလား စိုးကြောက်နေမိကြရာက နောက်ဆုံးတော့ ရွှေနှုတ်တော်ဟလာခဲ့သည်။ သို့သော် အံကြိတ်သံနှင့်။
'အံတော့ ကြိတ်ခွင့်ရှိတယ်မလား၊ သူ့မှာတော့ သားမက် တော်ထားလိုက်ရတာ၊ ကော တစ်ယောက်ဖြစ် နေတယ်တဲ့၊လှည့်စားပြီး အပြစ်ကလွှတ်အောင် လုပ်သွားတဲ့အပြင်၊ ကောဟာလည်း စစ်ပွဲအောင်နိုင် ကြောင်း သက်သေပါပြလိုက်သေးတယ်'
"အရှင် ချီးမြှောက်လွန်းနေပါပြီ"
ဟော်ရယ့်လင် အထိတ်တလန့်မဖြစ်ပါချေ။ထြိစဉ် အကြီးအကဲရှဲ့မှ အမြန်ဝင်ပြောလာသည်။
"အရှင် ဟော်စစ်သူကြီးရဲ့ အောင်နိုင်ခြင်းက တိုင်းပြည်အတွက် ကြီးမားတဲ့ကောင်းကျိုးဂုဏ်ကို ဆောင်နိုင်ခဲ့တာပါ၊ ပြစ်မှုကျူးလွန်ခဲ့ပေမယ့် ပြည်သူတွေနဲ့ တာ့ချင်ပြည်ထောင်ရဲ့ မျက်နှာထောက်ပြီး ချမ်းသာပေးတာ ဖြစ်သင့်ပါတယ် အရှင်"
"ဖြစ်သင့်ပါတယ် အရှင်!"
အတိုင်ပင်ခံ ပုရောဟိတ်ကြီး ကျောက်နဲ့ ကျန်းပုရောဟိတ်တို့လည်း ဝင်ရောက်ထောက်ခံလိုက်ကြသည်။
ဧကရာဇ်အပြစ်ပေးလိုက်မှာ သူတို့လည်း စိုးရိမ်သည်။ ဟော်စစ်သူကြီးက ခြောက်နှစ်တိုင်တိုင် ပြည်သူတွေရဲ့ နှလုံးသားကိုပိုင်စိုးနိုင်ခဲ့ပြီး ယခုမှ ဧကရာဇ်က သူ့ကိုထုတ်ပယ်လိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့အခြေက ယိုင်နှဲ့သွားမှာစိုးရသည်။ ဟော်ရယ့်လင်က ကောဖြစ်နေပေမယ့် စစ်ဘုရင် ကျန်းဟိုင်လည်း တစ်ချိန်က ထင်ပေါ်ကျော်ကြားသူဖြစ်ခဲ့တာပင်။ သူကွယ်လွန်ပြီး နောက်မင်း ထီးနန်းစိုးစံစဉ်လည်း ကောများစစ်တပ်ထဲ ပေါ်ထွက်ခဲ့ သေးသည်။ လက်ရှိဧကရာဇ်ကသာ စစ်တပ်ထဲဝင်ခွင့်မရှိဟု အမိန့်ချမှတ်ထားတာဖြစ်သည်။
"ဟားဟားဟားဟား"
တခဏခန့်တ်တ်ဆိတ်နေပြီးမှ ဧကရာဇ်က ကျယ်ကျယ် လောင်လောင်ရယ်မောသည်။
"အားလုံး အတွေးလွန်နေကြတာပဲ၊ ကိုယ်တော်က သူ့ကိုခွင့်လွှတ်မယ်လို့ ကတိပေးထားပြီးမှတော့ ပြန်မရုတ်သိမ်းပါဘူး၊ ရှဲ့အကြီးအကဲပြောတာ မှန်ပါတယ်၊ ဟော်စစ်သူကြီးက ကောဖြစ်ပေမယ့်လည်း တခြားသူတွေထက် ကြီးမားတဲ့ အောင်နိုင်ခြင်းကို သယ်ဆောင်ပေးခဲ့သူပဲ၊ ကိုယ်တော် သူ့ကိုရာထူးမချပါဘူး၊ ဥပဒေရှိပေမယ့်လည်း ချွင်းချက်အနေနဲ့ ထုတ်ပြန်လိုက်မယ် ၊ရှဲ့ အကြီးအကဲ ကိုယ်တော့်ကိုယ်စား တော်ဝင်ပြန်တမ်းထုတ်ပေးလိုက်ပါ၊
ဟော်စစ်သူကြီးက ကောဖြစ်ပြီး စစ်တပ်ထဲ ဝင်ခွင့်ရတဲ့အကြောင်း တတိုင်းပြည်လုံးကို ကြေငြာ မောင်းခတ်စေ၊ တော်ဝင်စစ်ကာကွယ်ရေးအမတ်အဖြစ် ရာထူးတိုးပေးပြီး အနောက်မြောက်စစ်နယ် မြေမှာ စစ်သည်ပေါင်းသုံးသိန်းကို ဆက်လက်ဦးဆောင်စေ"
ဝန်မင်းတွေလည်း သူနောက်ဆုတ်လို့ မရတော့မှန်းသိသလို သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းသိသည်။ ရွှေနှုတ်တော်က ကျွံပြီးနေမှတော့ အပြစ်ပေးချင်တောင် အခုအချိန်မှာ ပေးလို့မရ။
"အရှင်မင်းကြီး ရွှေဉာဏ်တော်စူး ရောက်လှပါ တယ်"
ပုရောဟိတ်သုံးဦးက တညီတညွတ်ထဲ ကျေးဇူးဂုဏ်ကို မြောက်ပင့်လိုက်ကြသည်။ ဟော်ရယ့်လင် မဆိုင်းမတွ ကျေးဇူးတင်လိုက်သည်။
ရှန်တာ့လည်း လိုက်လံကျးဇူးတင်သည် ။
ထိုအခါ အားလုံး၏ အတွေးတွင် သိချင်စိတ်များဖြင့် သူနဲ့ ဘာဆိုင်လို့?
"ရှန်တပ်မှူး?"
စိတ်ထဲ မကောင်းသည့် ခံစားချက်များပြည့်လျက် ဧကရာဇ်က သံသယဖြင့် မေးသည်။နောက်တစ်စက္ကန့်အတွင်းမှာပဲ ရှန်တာ့က လက်သီးရှေ့သို့ စုဆုပ်ကာ..
"အမျိုးသားအပေါ် အရှင့်ရဲ့ သဘောတော်ကြီးမြတ်ခြင်းအတွက် ကျေးဇူးအထူးတင်ပါတယ်အရှင်၊ အရှင်မင်းကြီးက တိုင်းပြည်ဖခင်ဖြစ်ထိုက်ကြောင်းပါ"
အမျိုးသား? ဘယ်သူ့အမျိုးသားလဲ? သူတို့က လင်လင် တွေလား? ဝန်မင်းတွေ စိတ်ညစ်ညူးစွာဖြင့် အချင်းချင်းကြည့်မိကုန်သည်။ သတင်းလည်း မကြားမိပါလား?
ရယ့်လင်မှ..
"ကျွန်တော်မျိုး ပြောဖို့တစ်ခု ကျန်ခဲ့လို့ပါ၊ပြီးခဲ့တဲ့ နှစ်နှစ်က ကျွန်တော်မျိုးတို့ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်အရှင်၊ သားလေးတောင် နောက်လဆို တစ်နှစ်ပြည့် တော့မှာပါ"
"........"
ဒီကိစ္စမျိုး ပြောဖို့ မေ့ရသလား?
အထူးသဖြင့် ဧကရာဇ်၏ရင်ဘတ်က အထက် အောက်ဆက်တိုက် အနိမ့်အမြင့် ဖြစ်နေသည်။ ဘာမှဆက်မပြောနိုင်လောက်အောင် ဆွံ့အရသည်။ သတင်းကလျှို့ဝှက်လွန်းလို့ ဘာကောလဟာလမှ မကြားခဲ့ရ၊ ဒါ့အပြင် ဒုတိယအဆင့်နှင့်အထက်မှန်သမျှ အမတ်တွေဆိုလျှင် အိမ်တော်က ထိမ်းမြားလက်ထပ်ပွဲဟူသမျှ သူ့ဆီဦးစွာ လျှောက်ထားရသည်။ ဒင်းတို့က ရာရာစစ တိတ်တဆိတ်ပင် လက်ထပ်ကာ ကလေးက လျှောက်ပြေးနေချေပြီ။ယခုမှတော့ ခွဲချင်တောင် ခွဲ၍မရတော့ပြီ။
ကောင်း၏။ သိပ်ကောင်း၏၊ ယခုလေးမှ အပိုင်စားရထားတဲ့စစ်သည်သုံးသိန်းနဲ့ နန်းတက်သိမ်းရင်လည်း ခံရတော့မှာပင်။
ဟော်ရယ့်လင်နဲ့ ရှန်တာ့က ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်သော်လည်း ဧကရာဇ်မှ ရာထူးအပိုင်စားပေးလာမယ်လို့တော့ မထင်ထားမိခဲ့ပါ။
2804 words
Grape 🍇💜