ဘေကျင်းမြို့က အိမ်တော်ဆီ တိုက်ရိုက်ပြန်
တစ်ကယ်တမ်း ခြေမြန်တော်က နန်းတွင်းမှာ သတင်းပို့နေချိန် ရှန်လျန်တို့က အပြန်လမ်းပေါ် ရောက်နှင့်ပြီး ဖြစ်သည်။ ဟော်ရယ့်လင် ပြောတဲ့အတိုင်း တစ်ရက်အတွင်း စီစဉ်စရာရှိတာ စီစဉ်ခဲ့ပြီးတာနဲ့ သုံးသိန်းသောစစ်သည်တို့ကို အကုန်ပြန်မခေါ်ပဲ လက်ဝဲလက်ယာရံများနှင့် ရာထူးကြီးပိုင်းအချို့ကိုသာ မြို့တော်ပြန်ခေါ်သည်။ ကျန်နေခဲ့သူများက သူတို့မရှိစဉ် နယ်စပ်၌ ဆက်လက် စောင့်ကြပ်ရန် တာဝန်ချခဲ့သည်။
ဟော်ရယ့်လင် ပြန်လာမယ့်သတင်းက ဧကရာဇ်တင်မက တချို့တချို့သော လူတွေကိုပါ ဖိန့်ဖိန့်တုန် အောင် ကြောက်လန့်စေသည်။ ထိုသူတို့နဲ့ လားလားမှ မဆိုင်စွာ အိမ်ပြန်လမ်း၌ ဖေးယွမ်ရွှင်းက ရှန်လျန့်အား မြင်းပေါ် ထိုင်မစီးစေပဲ လှည်းယာဉ်နှင့် ဇိမ်ပြေနပြေ စိတ်အေးချမ်းသာစွာ ပြန်စေသည်။ ထို့အတွက်ကြောင့် ခရီးလမ်းနှေးဖင့်ကာ မြို့အရှေ့ဘက် ဂိတ်တံခါးဝ ရောက်ရန် လတစ်ဝက်ကြာသွားခဲ့သည်။
"စစ်သူကြီးဟော် မြို့တော်ကိုပြန်လာတယ်၊ ဂိတ်တံခါးဖွင့်ကြစမ်း!"
မြို့တံခါးပိတ်နေသဖြင့် တပ်မှူးမှ ဂိတ်စောင့်ကို အသိပေးလိုက်သည်။အမှန်တော့မြို့စောင့်တပ်သားများသည် စစ်သူကြီးတို့လူစုပြန်လာသည်အား အဝေးကတည်းက မြင်သည်။ သို့သော် တခဏခန့် တွေဝေနေပြီးနောက် ပြန်အော်ပြောလိုက်သည်။
"စစ်သူကြီးတို့ မနက်ဖြန်မှ ပြန်လာမယ်လို့ သတင်းကြားထားတာပါ၊ ဘယ်လိုဖြစ်လို့ အစောတည်းက ရောက်လာတာပါလဲ"
ဒီကနေ့ ပြန်ရောက်နိုင်သည်ကို မြို့လုံးကျွတ်သိသော်ငြား ဧကရာဇ်က အမိန့်တစုံတရာ မပြောကြားပဲ အနောက်ဘက်အရပ်၌ အမဲလိုက်ရန် ညအိပ်ခရီးထွက်သွားခဲ့သည်။ မနက်ဖြန် မနက်မှ ဝေမိသားစုအပါအဝင် စစ်သူကြီးတို့ကို ဆင့်ခေါ် တေွ့ဆံုမှာဖြစ်သည်။ မည်သို့ပင်ဆိုစေ ဧကရာဇ်၏ အမိန့်မရှိပါပဲ သူတို့အနေဖြင့် ဟော်စစ်သူကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် မြို့တံခါးဂိတ်အား ညကြီးအချိန်မတော်၌ အလျင်စလိုဖွင့်ပေးရန် မရဲပါချေ။
"ဘယ်အချိန်ပြန်ေရာက်မယ်ဆိုတာ စစ်သူကြီးက မင်းကို အသိပေးနေရဦးမှာလား၊ခုချက်ချင်း တံခါးဖွင့်စမ်း!"
စစ်မှုထမ်းသူချင်း တူရင်တောင် မြို့စောင့်ရသူနှင့်တိုက်ပွဲဝင်သူကြား အတွေ့အကြုံများစွာ ကွာခြားရာ တဖက်သူက စစ်သူကြီးအပေါ် အရိုအသေမဲ့သည့် အပြုအမူဖြစ်မှန်းသိလိုက်သည်။ တပ်မှူး၏ လေသံက ချက်ချင်းမာထန်သွားသည်။
သဘောဆိုရလျှင် ဟော်စစ်သူကြီးမှာ ခွေးဘုရင်၏အမိန့်မပါပဲ ဒီနေ့ မြို့တွင်းဝင်၍မရနိုင်။ မြို့စောင့်များလည်း ကြားနေ၍ မည်သို့ကိုင်တွယ်ရမှန်း မသိဖြစ်နေသည်။ ဟော်ရဲ့လင်လည်း အတွေးနက်ရင်း တိတ်ဆိတ်နေသည်။
ထိုစဉ် ဖေးယွမ်ရွှင်းက ထျန်းရှုကို ခေါ်လိုက်သည်။ ဟော်ရယ့်လင်၏ တပ်သားများနောက်ဆုတ်သွားကာ ထျန်းရှုနှင့်အတူ သံမဏိတပ်သားရာချီ ရှေ့တက်ကာ နေရာယူလိုက်သည်။ ထျန်းရှုက သခင့်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူဖြစ်လာသည်။
"ဟော်စစ်သူကြီးအတွက် ဂိတ်တံခါးမဖွင့်ရင်တောင် မြို့စားမင်းပြန်လာတာကိုတော့ ကြိုဆိုသင့်တယ်မလား၊ မင်းတို့ ယုံမလား မသိဘူး...ခဏနေလို့မှ တံခါးမဖွင့်သေးရင် မြို့စားမင်းက တံခါးဖျက်ပြီး ဝင်လိမ့်မယ်"
သံမဏိတပ်ဖွဲ့ဝင်များက မြို့စားမင်းနည်းတူ ဥပဒေနှင့်လျော်ကန်စွာ နေထိုင်ခြင်းမရှိပေ။ သူတို့အကြောင်း ကောင်းစွာသိသည့် အားလျာ်စွာ မြို့စောင့်တပ်များက ပျာယာခတ်ကုန်သည်။ အနက်ရောင်ဝတ် သံမဏိတပ်သားများ၏ လုပ်နိုင်စွမ်းကိုအထင်သေး၍ မရချေ။ ဦးစီးဖြစ်သူက ပေါက်ကရထပ်မပြောတော့ပဲ ချက်ချင်းဂိတ်တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။
"မြို့စားမင်းကို ဂါရဝပြုပါတယ်"
ဂိတ်တံခါးဖွင့်တာနဲ့ လူအုပ်ရဲ့အလယ်ကနေ ဦးစီးမှူး က အတင်းတိုးထွက်လာပြီး ဝင်လာတဲ့ လှည်းယာဉ်ကို ဒူးထောက်ကာ နှုတ်ဆက်သည်။ တာဝန်ကျစစ်သည်များလည်း အကုန် ဒူးထောက်ကြိုဆိုသည်။
"ရှန်သခင်လေး ပြန်လာတာမလား"
"ရှန်သခင်လေး ဟုတ်တယ် ဟေ့"
"ရှန်သခင်လေး ပြန်လာပြီ"
ဒုက္ခသည်များက လမ်းတလျှောက် ဘေးဘယ်ညာ ဒူးထောက်ကာ ရှန်လျန့်အား တအုပ်တမ ကြိုဆိုကြသည်။ ထိုမြင်ကွင်းကြောင့် ရှန်တာ့နဲ့ ဟော်ရယ့်လင်တို့ မျက်ခုံးပင့်မိသွားသည်။ ရှန်လျန် ပြောတာ မှန်သည်။ လူတွေက သူတို့အပေါ် ကောင်းသည့်သူကိုပဲ မှတ်ထားလေ့ရှိကာ တိုင်းပြည် ဧကရာဇ် သော ဘာသော တွေးမနေပဲ အစာရေစာပေး၊ ဆေးကု ပေးပါသော ရှန်လျန့်ကိုသာ အသက်သခင် ကျေးဇူးရှင်အဖြစ် ကိုးကွယ်ကြသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရှန်တာ့က လှည်းပြတင်း လိုက်ကာမ ပြီး အပြင်ဘက်သို့ ကြည့်သည်။ ရှန်လျန့်အတွက် ဒူး ထောက် ကြိုဆို နေသည့် လူတန်းကြီးက နည်းလှသည်မဟုတ်၊ တလမ်းလုံး ငြိမ်လာသည့် ရှန်လျန်က ရှားရှားပါးပါး ကြည်နူး ပီတိဖြစ်စွာ ပြုံးလျက် သူ၏ကယ်တင်ရေး လုပ်ငန်းစဉ်အကြောင်း ပြန်ပြောင်း ပြောပြသည်။ ရှန်တာ့က ဂုဏ်ယူစွာ နား ထောင်သည်။
'တိတိက လုပ်နိုင်စွမ်းရှိတယ်၊ တစ်ကယ် တော်တယ် ၊သူ့ညီလို့ မပြောရဘူး...ဟဟ! သူဆို မျက်နှာသာေတာင် မရဘူး'
"သခင် ..အရှေ့ပေါက်က ဝင်မလား ၊အနောက်ပေါက်ကဝင်မလားဗျ?"
တုံးလင်အိမ်သို့ ရောက်ခါနီးသော် လေ့ကျန်းမှ မေးသံကြားလိုင်ရသည်။ ပြုံးနေသည့် ရှန်လျန်၏ မျက်နှာက ချက်ချင်းတည်သွားကာ
"အရှေ့ပေါက်က ဝင်မယ်၊ ပင်မခြံဝန်းဆီ တိုက်ရိုက်သွားရအောင်"
ဒီတကြိမ်တော့ လျိုရှုဟန်အပေါ် ဟန်ဆောင်ကာယဉ်ကျေးမနေနိုင်တော့ပေ။
"ဟုတ်ကဲ့"
သခင်ဆိုလိုသည်ကို သဘောပေါက်စွာ လေ့ကျန်းက ကျန်းဟိုင်နဲ့ ရှောင်ယွီဘက်လှည့်ကာ အိမ်မှာ ကျန်နေခဲ့သော ယွမ်ရှောင်းနဲ့ ရန်ဖုန်းတို့ထံ သွားရန်တာဝန်ပေးသည်။သခင်ကြီးဆီ ထပ်ဆင့် သတင်းပို့စေကာ မကြာခင် ဖြေရှင်းရမည့်ကိစ္စများအတွက် ကြိုတင်ပြင်ဆင်ထားရန် ဖြစ်၏။
လွန်ခဲ့တဲ့ တစ်လက အမဲလိုက်မည်ဟုဆိုကာ မြို့တော်မှ ထွက်သွားသည့် ချင်ဖင်းမြို့စား ဖေးယွမ်ရွှင်း၏ ဦးဆောင်မှုဖြင့် ညနက်ပိုင်းမှာ ရှန်တာ့နဲ့ ဟော်ရယ့်လင်က ဂိတ်တံခါးကို အမိန့်စာမပါပဲ တိုက်ရိုက်ဖြတ်လာသည့်သတင်းက တမဟုတ်ချင်း ပျံ့နှံသွားသည်။ လူကုန်ထံများနှင့် မင်းမှုထမ်းအကြီးပိုင်းများလည်း ဒီသတင်းကြားကြသည်။ သူတို့ပြန်အလာကို မျှော်နေသည့် ဝေမိသားစုဆိုလျှင် ချက်ချင်း တုံးလင်အိမ်တော် သို့ လိုက်လာကြသည်။ သို့နှင့် စပ်စုချင်သည့် ပြည်သူများလည်း တုံလင်အိမ်တော်ရှေ့ စုရုံးစုရုံးဖြစ်လာသည်။
"ဘုန်း!"
"ဘာအသံလဲ?"
သံမဏိတပ်သားများ၊ အရိပ်တပ်သားများနှင့် ဟော်ရယ့်လင်၏ စစ်သည်များ အားလုံးပေါင်း အင်အား နှစ်ထောင်ကျော်သည် တုံးလင်အိမ်တံခါးမကြီးအား ခေါက်မနေပဲ တိုက်ရိုက် ဖျက်စီးကာ ဝင်လိုက်ကြသည်။ အတွင်းတံခါးတစ်ထပ်ရှိသေးရာ တပ်သားမှ အသံအားကောင်းစွာ အမိန့်ပေးလိုက်သည်။
"ရှန်ဗိုလ်ကြီးပြန်လာတယ် ၊တံခါးဖွင့်ကြ!"
"ဘာဖြစ်တယ်!"
ခွေးတွေ လန့်ပြေးကာ ကြက်တွေ လေထဲ ပျံကုန်သည်။ အတွင်းတံခါးက တဖြည်းဖြည်း ပွင့်လာပြီး အစောင့်သာ် တံခါးရှေ့ရပ်စောင့်နေသည့် လူအုပ်ကို တွေ့သည်နှင့် ကြောက်ဒူးတုန်ကာ နေရာမဖယ်ပေးပဲ ခပ်တောင့်တောင့်ရပ်နေသည်။ ဦးဆောင်ဝင်သည့်တပ်သားက ထိုလူကိုတွန်းဖယ်လိုက်ပြီး အိမ်ထဲ သွက်သွက်ဝင်သည်။ နှစ်ထောင်သော လူတိုင်း အလျှိုလျှိုလိုက်ဝင်ကာ တမီတာအကွာအဝေးခြားလျက် တအိမ်လုံးအနှံ့ နေရာယူလိုက်ကြသည်။
လှည်းပေါ်မှ ဖေးယွမ်ရွှင်း ၊ရှန်လျန်၊ ရှန်တာ့နဲ့ ဟော်ရယ်လင်က နောက်ဆုံးမှ အေးအေးဆေးဆေး ဆင်းလျက် လျှောက်ဝင်လာကြသည်။
"သခင်ကြီး ၊သခင်ကြီး... သခင်လေးတို့ပြန်ရောက်လာပြီ"
ရှန်ရွေ့ထင်မှာ ညလယ်ကြီး အိပ်မောကျနေစဉ် ရှန်လင်းဆီမှ နိုးခံလိုက်ရသည်။ သားဖြစ်သူ ရှန်လင်း
လာပြောသည့်သတင်းကို ဟုတ်ပါ့မလား တွေးရင်း ရှန်ကျီသည် သားကိုတော့ သခင်ကြီး၏အဆောင်ဆီ အမြန်သွားသတင်းေပးေစကာ သူကိုယ်တိုင်မှာ သခင်မခြံဝန်းဆီ အရင်သွားစစ်ဆေးသည်။
"ခုနက ဘာပြောလိုက်တာ"
ရှန်ရွေ့ထင်၏ ဆံပင်က ယွယောင်းနေခဲ့ပြီး မျက်စိကလည်း အိပ်မှုံစုံမွှားဖြစ်လျက် သေချာအောင် ပြန်မေးရသည်။ သားကြီး၊ သားငယ် နှစ်ဦးလုံး ဘေးကင်းကင်း ပြန်ရောက်ရဲ့လား တွေးရင်း ရင်တထိတ်ထိတ်။
"သခင်ကြီး...အကြီးဆုံးသခင်လေးနဲ့ ပဉ္စမသခင် လေးတို့ အိမ်ပြန်ရောက်နေပါပြီ၊ဒါပေမယ့်သူတို့က သခင်မ နေတဲ့ခြံဝန်းဆီ တိုက်ရိုက်သွားတယ်လို့ သိရပါတယ်၊ သခင်ကြီး အမြန်လိုက်သွားကြည့်ဖို့လိုပါမယ်၊ ကျွန်ေတာ်ကြားတာ သခင်လေးနှစ်ယောက်ရဲ့ မျက်နှာ အတော် မကောင်းဘူးတဲ့"
ရှန်လင်းက လက်အောက်ငယ်သားရဲ့ သားဖြစ်ပေမယ့် သခင်လေးတစ်ဦးလို ကောင်းမွန်စွာ နေထိုင်ရသဖြင့် အသက်ဆယ်နှနှစ်၊ဆယ့်သုံးနှစ်မှာတင် အတော်လေး ကြည့်ကောင်းကာ ဆွဲဆောင်မှုရှိသူဖြစ်သည်။
"ဟမ်!"
ခရီးမသွားခင် ရှန်လျန် ပြောခဲ့ပုံကို ပြန်တွေးမိသဖြင့် ရှန်ရွေ့ထင် ကြာကြာပျော်မနေနိုင်။ ကိုယ်တိုင်လည်း သပ်ရပ်အောင် ဝတ်စားရန် အချိန်ပေးမနေတော့ပဲ အမြန် တံခါးဖွင့်ကာ ထွက်လာလိုက်သည်။
တဖက်မှာတော့ လေ့ကျန်းဦးဆောင်တဲ့လူစုက လျိုရှုဟန်ရဲ့ခြံဝန်းရှေ့ ရောက်နေပြီဖြစ်၏။ ခြံစည်းရိုးေသာ့ပျက်သံကြားတာနဲ့ လျိုရှုဟန်အပါအဝင် ခြံဝန်းထဲရှိ လူအကုန် လန့်နိုးကုန်သည်။ ရှန်ရှောင်လည်း သတင်းနဲ့အတူ ရှန်ရွေ့ထင်ကဲ့သို့ အမေ့ဆီအပြေး လိုက်လာသည်။
"တံခါးချိုးပစ်လိုက်ကြ"
"ဟုတ်ကဲ့!"
"ဘန်း!"
"အား...."
ရှန်တာ့မှ အံကိုတင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်သည်။ ရှေ့ဆောင်တပ်သားများ၏ ကြိုးပမ်းမှု ကြောင့် တခဏအတွင်း တံခါးက ပြင်းထန်စွာ လွင့်ထွက်သွားသည်။ အစေခံများက အလန့်တကြား အော်ဟစ်နေသော်လည်း တပ်သားများက မမှုချေ။
"ရပ်စမ်း!"
လျိုရှုဟန် ပေါ်လာ လေပြီ၊ အစေခံနှစ်ဦးက တွဲခေါ်လာပေးသော ဆံပင် ဖားလျားချထားသည့် မိန်းမကြီးကိုမြင်သည်နှင့် တပ်သားတို့ ရပ်လိုက်ကြသည်။ လျိုရှုဟန်က သူ့ခြံထဲရောက်နေတဲ့ ညီအစ်ကိုနှစ်ေယာက်ကို မြင်သော် မျက်နှာပျက်သွားသည်။ မျက်လုံးချင်းဆိုင်ရန် မဆီမဆိုင် လိပ်ပြာမလုံဖြစ်နေသည်။ ပြန်စဉ်းစားကြည့်တော့လည်း ရှန်တာ့မှာ နတ်မျက်စိမှ မရှိတာ သက်သေရှိမှာလည်း မဟုတ်။
လျိုရှုဟန် ကိုယ့်ကိုကိုယ် အားပြန်တင်းလိုက်သည်။ အိမ်တော် သခင်မအနေဖြင့် ညင်သာစွာ ပြုံးလိုက်ကာ...
"တာ့အာ ပြန်လာတာကိုး... အမေ့ဆီ နောက်ရက်မှ အေးဆေးလာတွေ့လို့ ရပါတယ်ကွယ်"
"ဟက်! အမေတဲ့ "
ရှန်တာ့က လှောင်ရယ်သည်။
"မိထွေးက အမေဖြစ်ချင်သေးတယ်၊ ကိုယ့်ကိုကိုယ် မရှက်ဘူးလား၊ လာကြစမ်း! တစ်အိမ်လုံး ဝိုင်းထား !ယင်ကောင်ေတာင် ခြံပြင် မထွက်သွားစေနဲ့"
"ဟုတ်ကဲ့!"
ရှန်တာ့အမိန့်အောက်မှာ ကိုယ်ပိုင်တပ်သားအပြင် သံမဏိတပ်ဖွဲ့ ရော... အရိပ်တပ်သားပါ မကျန် လိုက်နာကြသည်။
"မင်းလုပ်ရဲလား!ရှန်တာ့ ဒါ ဒေါ်လေးရဲ့ခြံဝိုင်း၊ ဒေါ်လေးက မိထွေးဆိုပေမယ့် မင်းရဲ့ အမေနေရာနော်၊ ငါ့ကိုဖိအားလာမပေးနဲ့ ၊မဟုတ်လို့ကတော့ မနက်ဖြန် နန်းတွင်းဝင်ပြီး တိုင်ရလိမ့်မယ်၊ မင်းရဲ့ အရိုအသေမဲ့မှု၊ အကြီး အကြီးမှန်းမသိ စော်ကားမှုအတွက်"
စစ်သည် တွေ ခြံဝိုင်းထဲပြည့်လာတာမြင်တော့ လျိုရှုဟန်က ဧကရာဇ်နဲ့ ကပျာကယာ ကိုင်ပေါက်ရသည်။
"ကောင်းပြီလေ... မနက်ဖြန် မိုးလင်းတာနဲ့ သွားတိုင်ဖြစ်အောင် တိုင်လိုက်ဦး၊ မေ့ေနမှာ စိုးလို့"
ရှန်လျန်က ဝင်ပြောသည်။
"မင်း ဘာသဘောလဲ"
လျိုရှုဟန် စဉ်းစဉ်းစားစားဖြစ်သွားကာ အားလုံးေရှ့မှာ လမ်းပိတ်ရပ်ရင်း မေးခွန်းထုတ်သည်။ ဝေကျစ်ချန်ကို နှစ်အကြာကြီး ပိတ်လှောင်ထားတာပဲ သိသွားလို့များလား ပေါ့...ဒီလောက်ယုံကြည်မှုရှိနေကြတာ...စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားေပမယ့် အများကြီး မတွေးနိုင်ပဲ လမ်းပိတ်ရပ်ထားရသည်။ ရှန်တာ့ရဲ့ အကူအညီနဲ့ ရှန်လျန် သက်သေတစ်ခုခု ရှာတွေ့သွားလား မသိနိုင်။
"ဖမ်းချုပ်ထားကြစမ်း"
အခုချိန်မှာ လျှို့ဝှက်အခန်းထဲ ဝင်ရန် အရေးကြီးနေသဖြင့် ဒီမိန်းမနဲ့ ယှဉ်၍ စကားစစ်ထိုးရန် အချိန်မပေးနိုင်။ ရှန်တာ့ မျက်မှောင်ကြုံ့ကာ လမ်းရှင်းစေရန် အမိန့်ပေးလိုက်သည်။ စစ်သည်တွေ ရှေ့တက်လာတော့ လျိုရှုဟန် အပျက်ပျက် အယွင်းယွင်း နောက်ဆုတ်သွားသည်။
"မင်း သတ္တိသိပ်ကောင်းပါလား၊ ငါ....သခင်ကြီး ကယ်ပါဦး... သခင်ကြီး ကျွန်မကို ကယ်ပါ"
ထိုအခိုက် ရှန်ရွေ့ထင် ခြံဝိုင်းထဲ အလောသုံးဆယ် ဝင်လာတာတွေ့လိုက်သဖြင့် ကောက်ရိုးတမျှင်ကို ဝမ်းပန်းတသာ ဖမ်းဆွဲလေသည်။ အားလုံးက်ို တွန်းဖယ်ပြီး ခင်ပွန်းထံ ပြေးသွားကာ ငိုယိုသည်။ ရှန်ညီအစ်ကိုက လျိုရှုဟန်ရိုက်နေတဲ့ ဇာတ်လမ်းကို ကြည့်ရင်း အေးစက်စက်သာ ရယ်နေလိုက်ကြသည်။
"တာ့အာပြန်လာပြီ ၊ကောင်းလိုက်တာ ကောင်းလိုက်တာ"
ရှန်ရွေ့ထင်က တခဏ ကြောင်အမ်းသွားခဲ့ပြီးမှ လျိုရှုဟန်ကို တွန်းထုတ်ကာ ရှန်တာ့ဆီ ရောက်လာသည်။ တစ်ပြိုင်ထဲ ရှန်ရှောင်လည်း ရောက်လာသည်။
"အဖေ... ဘာတွေ ဖြစ်နေတာလဲ?ရှန်တာ့ မင်းဒါ...ဘာဖြစ်ချင်နေတာလဲ"
"ဖြောင်း!"
"အ...အဖေ!"
ရှန်ရှောင် နားမလည်ဖြစ်သွားသည်။ ရှန်ရွေ့ထင်က သူ့ကို ရိုက်ပြီး အမေကိုလည်း တွန်းထုတ်သေးသည်။ ကိုယ့်ပါးကိုယ် ကိုင်ကာ မယုံကြည်ခြင်းများစွာဖြင့် ဖခင်ကိုကြည့်သည်။ ရှန်တာ့အားကိုးနဲ့ သူ့ကိုတောင် ရိုက်နှက်ပြီပေါ့?
"တာ့အာ အိမ်မှာ မနေတာပဲ ငါးနှစ်ရှိသွားပြီ၊ ပြန်ရောက်ရောက်ချင်း အစ်ကိုလို့တောင် မခေါ်တတ်ဘူးလား၊ မသိတတ်လိုက်တာ"
ရှန်ရှောင်ရဲ့ မခံမရပ်နိုင်ဖြစ်မှုအား လစ်လျူရှုလျက် ရှန်ရွေ့ထင် ပြစ်တင်ပြောဆိုကာ ရှန်တာ့တို့ဆီ ဆက်လျှောက်ရန်ပြင်သည်။ လျိုရှုဟန်က ပေးမသွားပဲ လက်မောင်းကို အတင်းဆွဲဖက်ထားသည်။
"သခင်ကြီးရှင့်... တာ့အာ ပြန်လာတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် သူက ကျွန်မခြံဝန်းကိုဖျက်ဆီးတယ် လေ၊ ဒီသတင်းသာ အပြင် ပေါက်ကြားသွားရင် နောင်ကို ကျွန်မ ရဲ့ ဂုဏ်သိက္ခာ ဘယ်သွားထား...."
"မင်းက အိမ်တော်သခင်မမှ မဟုတ်တာ၊ ဘာဂုဏ်သိက္ခာတွေ ပြောနေတာလဲ"
လျိုရှုဟန်ကို စကားဆုံးအောင် ပြောခွင့်မပြုပဲ အေးစက်စက် ဖြတ်ပြောလိုက်သည်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သားကြီးနဲ့ စကားပြာချင်ပါတယ်ဆိုမှ ဒီမိန်းမ ငိုပြလိုက် ၊ပြဿနာရှာလိုက်၊ သူ့ကိုဆွဲထားလိုက်နဲ့ လုပ်သည်။
"ရှင် ဘာကိုဆိုလို....?"
ငတုံးလို့ပဲ ပြောပြော ရှန်ရွေ့ထင်ဆိုလိုချင်သည်ကို လျိုရှုဟန် သဘောမပေါက်ချေ။ သခင်ကြီးက သူ့ကို နေရာပြန်ပေးဖို့ စိတ်ကူးမရှိတော့တာများလား?
"လျိုရှုဟန် မင်းကျုပ်ကို လာလာမဆွနဲ့၊ ထားရင်ထားသလို နေ.. မဟုတ်လို့ကတော့ ချက်ချင်း ကွာရှင်းစာ ရေးပေးလိုက်မယ်"
လက်မောင်းနားက လက်ကိုညှာတာခြင်းမရှိ ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ရှန်တာ့ ရှေ့ရပ်ကာ စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေသော လက်ကို ဆန့်ထုတ်လိုက်သည်။
"တာ့အာ နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့၊ အဖေ လေ....."
တစ်ကယ်တမ်း သားကြီး၏မျက်နှာကိုကိုင်ကာ ယခုနှစ်တွေထဲ သူဘယ်လောက် စိတ်ပူခဲ့ရကြောင်း၊ သားကြီး အဆိပ်မြှားမိစဉ်က အခက်အခဲတွေ ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ ပြောပြ မေးမြန်းချင်ခဲ့သည်။
သို့သော် ရှန်တာ့က သူ့လက်နဲ့ မထိမိစေရန် ရှောင် ဖယ်လိုက်သည်။ ရှန်ရွေ့ထင် ဆက်ပြောမည့်စကားလုံးများကို ပြန်မျိုချကာ စိတ်မကောင်း ဖြစ်မိသည်။ ဟုတ်သားပဲ ...သားကြီးက သူ့ကို မကြည်ဘူး၊ သားငယ်လည်း သူ့ကိုကြည့်မရဘူး၊ သူလည်း ညီအစ်ကိုနှစ်ဦးလုံးအပေါ် တာဝန်မကျေခဲ့မိဘူး။
ဟော်ရယ့်လင်နဲ့ ဖေးယွမ်ရွှင်းက ဘေးဘက်မှာပဲ ပွဲကြည့်နေသည်။ မိသားစုအရေးကို ဝင်မပါပေ။ ဒါဟာ ရှန်ညီအစ်ကိုတွေ ဖြေရှင်းရမယ့် ပြဿနာ၊ ချစ်ရသူတွေ ကိုယ်တိုင် ကိုင်တွယ်သင့်သည်ဟု နားလည်ထားသော ကြောင့်ပင်။