no

Font
Theme

'ရှန်ချင်ကို အကူအညီတောင်းပြီး ထွက်ခွာ'



ထိုည တုံးလင်အိမ်သူ ၊အိမ်သားများ အားလုံး ကောင်းစွာ အိပ်မောမကျပါချေ။ မင်းသားကျန်း နတ်ရွာစံသွားတဲ့သတင်းက ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်ခဲ့ပြီး လူများစွာက ထိုမင်းသားကို သေစေချင်ကြပေမယ့် ၊သေသင့်ပေမယ့် ဧကရာဇ်ရဲ့ညီတော်၊ တော်ဝင်မျိုးနွယ် ဖြစ်နေတာကြောင့် အရှင်က သေချာပေါက် လုပ်ကြံသူမိသားစုအား အလွှတ်ပေးလိမ့်မည်မဟုတ်ချေ။ 


ရှန်လျန်ကလည်း သူတို့တုံးလင်အိမ်တော်က ဒုတိယမိသားစုနဲ့ ဘယ်လိုမျိုးဆက်ဆံရေးရှိတယ်ဆိုတာကို အရာရှိ ရန်ဝမ်လိထံ ပြတ်ပြတ်သားသားနှင့် အကောင်းဆုံးပြောပြရန် ကြိုးပမ်းခဲ့သည်။ လက်ရှိအချိန်မှာ ဧကရာဇ်က ဘယ်လိုတွေးနေမလဲမသိပေမယ့် အမတ်ကြီးရဲ့အိမ်တော်ဂုဏ်သတင်းဟာ ရှန်လျန်ကြောင့် တဖြည်းဖြည်း ကျော်စောလာခဲ့၏။ သို့ဖြစ်ရာ အရှင်မင်းကြီးမှအိမ်တော်အား ဖိနှိပ်ဖို့အခွင့်အရေး မရှိသည့်အပြင် ရှန်လျန်နှင့် ဖေးယွမ်ရွှင်း၏ နောက်ခံ အင်အားကိုလည်း ကြောက်ရသေးသည်။ ဝေမိသားစုက မကြာခင် စစ်မြေပြင်မှ ပြန်လာတော့မှာဖြစ်ရာ ဘာမှ အလောတကြီး မလုပ်လိုက်သင့်ပါ။ 


ရှန်လျန် သူ့ခြံဝန်းဆီ ပြန်‌ရောက်သောအခါ ဖေးယွမ်ရွှင်းတို့ပင် ရောက်နှင့်နေချေပြီ။ ရှန်ချင်က ဧည့်ခန်းမှာ ထိုင်နေသည်။ ဖုရင်တို့က အလိုက်တသိနဲ့ ထွက်သွားကြသည်။ 


"အားနာလိုက်တာ ချင်ကော... ညနက်မှ အနှောက်အယှက်ပေးမိတယ်"


ရှန်လျန်က တုန်လှုပ်နေတာမျိုး မရှိပဲ တလေးတစားဦးညွှတ်ကာ နှုတ်ဆက်၏။ ရှန်ချင်လည်း အပြန်အလှန်အနေနဲ့ ထရပ်ပြီး ဦးညွှတ်၏။ 


"လျန်လျန်က ယဉ်ကျေးနေပါပြီ၊ မင်းအစ်ကိုနဲ့ ငါက အချစ်ဆုံးသူငယ်ချင်းတွေပဲ၊ ရှန်ကျိုးနဲ့ မင်းလည်း သူငယ်ချင်းတွေပဲ၊ ဒီလောက်ရင်းနှီးနေမှတော့ နှောင့်ယှက်တယ်ဆိုတဲ့ သူစိမ်းစကားမပြောပါနဲ့တော့"


"ဟုတ်ပါပြီဗျာ၊ ချင်ကော ထိုင်ပါဦး"


ရှန်လျန် က အိမ်ရှင်တို့ဝတ္တရားအတိုင်း ဖိတ်မန္တကပြုပြီး ဖေးယွမ်ရွှင်းအနား ဝင်ထိုင်သည်။ 


"အချိန် သိပ်မရလို့ ကျွန်တော် အစ်ကို့ကိုပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ လွန်ခဲ့တဲ့တစ်နာရီက သတင်းတစ်ခုရောက်လာတယ်၊ ကျွန်တော့်အစ်ကို နယ်စပ်မှာ လုပ်ကြံခံရလို့ အဆိပ်မိပြီး မေ့မျောနေတယ်တဲ့၊ သေမလား၊ရှင်မလား မသေချာဘူး၊ ကျွန်တော်ကိုယ်တိုင် သူ့ဆီဆေးသွားကုပေးမလို့ ဆုံးဖြတ်ထားတာပါ၊ 


"အဆိပ်မိတယ်? လုပ်ကြံခံရတယ်ဟုတ်လား!"


ရှန်ချင် မျက်မှောင်ကြုံ့ပြီးအတွေးနက်သွားသည်။ 


စစ်ပွဲမှာ အဆိပ်သုံးပြီး မသမာမှုမလုပ်လောက်ပါဘူး၊ စစ်ပွဲမှာ ဘယ်သူမဆို နိုင်ချင်တယ်ဆိုပေမယ့်လည်း တွေးကြည့်သလောက် ရိုးရှင်းပုံမရ။ 


"ရန်သူတိုင်းပြည်က မလုပ်ဘူး၊ အသေးစိတ်ကို‌တော့ ကျွန်တော် သေချာမသိဘူးပေါ့နော်၊ ချင်ကော တစ်ကယ်တော့ ကောကို အကူအညီတောင်းစရာရှိလို့ ခေါ်လိုက်ရတာပါ၊ ကျွန်တော့်အစ်ကိုကြီးနဲ့ ရှန်ကျိုးရဲ့မျက်နှာကိုထောက်ပြီး ကူညီပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အစ်ကို ကတိပေးနိုင်မလား"


ရှန်လျန် တစ်ဖန် ထရပ်လိုက်ပြီး လက်စုရှေ့ထုတ်ကာ ခါးအောက်ထိကိုင်းကာ အကူအညီတောင်း၏။ မြို့ပြင် ထွက်သွားတာနဲ့ ဖေးယွမ်ရွှင်းက စီစဉ်မှုတွေလုပ်ပြီး ကိုယ်ရံတော်တချို့ထားခဲ့မှာဆိုပေမယ့် စိတ်ချရတဲ့ အုပ်ထိန်းသူမျိုးမရှိရင် ရှန်လျန် စိတ်မချနိုင်။ 


ခြံဝန်းထဲနေထိုင်သူတွေအားလုံးက သူ့အတွက် အရေးပါတဲ့သူတွေချည်း ဖြစ်၏။ အထူးသဖြင့် တစ်နှစ်ပင်မပြည့်သေးသည့် တူလေး ကျန်နေခဲ့မှာမို့ စိတ်မချရတာပင်။ 


"သေချာပေါက် ကူညီပေးရမှာပေါ့၊ အပန်းမကြီးဘူး၊ ကူညီနိုင်တာရှိရင် သေချာပေါက် တွေဝေနေမှာမဟုတ်ဘူး၊ စိတ်ချ"


အရာရှိတွေရဲ့စကားက နှစ်နဲ့စားပြီး အကြွင်းသုညထွက်ရင်တောင် မယုံရချေ။ အားလုံးက အပေါ်ယံစကားများသာ ပြောများသည်။ သို့သော် ရှန်လျန်က သူငယ်ချင်းကောင်း၏ ညီ ဖြစ်သလို ငတုံးညီလေးရဲ့ သူငယ်ချင်းလည်းဖြစ်နေရာ ရှန်ချင် နှစ်ခါတွေးမနေပဲ သဘောတူခဲ့သည်။ 


"ချင်ကော တစ်ကယ် ကျေးဇူးတင်ပါတယ်"


ရှန်လျန် ကျေးဇူးစကားဆိုပြီး ပြန်ထိုင်သည်။ 


"ချင်ကောလည်း သိတဲ့ အတိုင်းပဲ မင်းသားကျန်း လုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရဲ့ ဒုတိယမိသားစုက တစ်မိသားစုလုံးအဖမ်းခံလိုက်ရတယ်၊ ဒီလောက်နဲ့တော့ ပြီးသွားမှာ မဟုတ်ဘူး၊ 


ဧကရာဇ်က အခွင့်ကြုံတုန်း ကျွန်တော်နဲ့ ယွမ်ရွှင်းရဲ့ လက်ထပ်ပွဲကို ပယ်ဖျက်ဖို့ဖိအားပေးတာမျိုး လုပ်လာနိုင်တယ်၊ လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမှာတော့ မဟုတ်ဘူး၊ ဒုတိယမိသားစုနဲ့ ကျွန်တော်တို့က အိမ်ထောင်စုစာရင်းခွဲပြီး ပတ်သက်မှုမရှိတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီဆိုပေမယ့် တစ်ကယ်လို့ အရှင်ဧကရာဇ်က မနက်ခင်းညီလာခံမှာ ထုတ်ပြောခဲ့ရင် ချင်ကော ကျွန်တော့်အ‌ဖေ ဘက်က ရပ်တည်ပေးဖို့မျှော်လင့်မိပါတယ်၊ အဖေတစ်ယောက်တည်း စကားစစ်ထိုးတာထက်စာရင် အကူရှိတော့ အားရှိတာပေါ့"


ပြီးတော့ ချင်ကောက ဧကရာဇ်ရှေ့မှာ အပြန်အလှန်ပြောရေးဆိုခွင့်ရှိတော့ အဆင်ပြေနိုင်လောက်တယ်ဟု တွေးမိ၏။ 


"ကောင်းပြီ ဒါက မခက်ခဲပါဘူး၊ အဆိုးဆုံး တုံးလင်သခင်ကြီး အပြစ်ပေးခံရရင်တောင် အတွင်းဝန်ရာထူးပြုတ်ရုံထိပဲ ဖြစ်စေရမယ်"


အပြန်အလှန် စကားပြောပြီးသည့်နောက် ရှန်ချင်က ဖြစ်လာနိုင်မှာကို ‌ခန့်မှန်းသည်။ ဧကရာဇ်အရှင်၏စိတ်တော်က ခန့်မှန်းရခက်သည်မို့ အဆိုးဆုံးအခြေအနေကို ကြိုတွေးထားရမည်။ 


"ကိစ္စမရှိဘူး၊ တုံးလင်အိမ်တော်ကျန်နေသေးသရွေ့ရတယ်"


ရှန်ရွေ့ထင် ရာထူးပဲပြုတ်ပြုတ်၊ ဆေးရုံပဲ ရောက်ရောက် ရှန်လျန် ဂရုမစိုက်ပါ၊ နှလုံးသားအေးစက်ပြီး အကြင်နာမဲ့တယ်လို့ အပြစ်တင်လည်းမ တတ်နိုင်၊ ခုလိုပြောင်းလဲသွားအောင် ရှန်ရွေ့ထင် ကိုယ်တိုင် လမ်းကြောင်းပေးခဲ့တာ မဟုတ်လား။ 


"ငါ့ညီ မင်းက အဖေနဲ့ သိပ်အဆင်မပြေဘူးမလား၊ ဘာလို့ အိမ်ကိုအသည်းအသန်ကာကွယ်ချင်နေတာလဲ၊ ရှန်တာ့ရဲ့ အစွမ်းအစနဲ့ဆို ဒီအိမ် မရှိလည်း အနာဂါတ်မှာ အေးအေးဆေးဆေး ထိုင်စားလို့ရတယ်၊အိမ်ကို တကူးတက ကာကွယ်ပေးဖို့ အစ်ကို့ဆီ တောင်းဆိုနေစရာမလိုဘူးထင်တယ်"


ရှန်ချင်က ပြုံးပြီး ခေါင်းတခါခါ၊ ရှန်လျန်ရဲ့အတွေးကိုတစ်ကယ်ပဲ လိုက်မမှီနိုင်တော့ပါ၊ ထင်မှတ်မထားစွာ... ရှန်လျန်က သူ့မေးခွန်းကို ပွင့်ပွင့်လင်းလင်း ဖြေလာသည်။ 


"ချင်ကောက အပြင်လူမဟုတ်တဲ့အတွက် ကျွန်တော် အကုန်ပြောပြပါ့မယ်၊ ကျွန်တော် ကောက်ယူမွေးစားထားတဲ့ကလေးက တစ်ကယ်တော့ အစွန့်ပစ်ခံထားရတဲ့ကလေး မဟုတ်ဘူး၊ တာ့ကောရဲ့ သွေးသားရင်းပါ၊ အနောက်မြောက်အရပ်ကိုသွားရင် နေ့ရောညရော ခရီးပြင်းနှင်ရမှာမို့ ကလေးကို ခေါ်သွားလို့မရဘူး၊ ဒါကြောင့် အိမ်ကို စောင့်ရှောက်ပေးမယ့်သူ လိုပါတယ်"


"ဘယ်လို?ရှန်တာ့ရဲ့ ကလေးလား?"


ရှန်ချင် အံ့ဩလွန်းလို့မျက်လုံးတွေ ပြူးကျယ်သွားသည်။ 


ရှန်လျန်က ခေါင်းငြိမ့်သည်။ 


"အမှန်ပါပဲ"


"ဟမ်း မထင်ထားဘူး ၊သူကျတော့ ကလေးတောင်ရနေပြီ၊ ငါက တစ်ကိုယ်တော် ဖြစ်နေတုန်း၊ သူ့ကိုရှုံးသွားပြီပဲ"


ရှန်ချင်က စိတ်ဆိုးနေပြီး အနည်းငယ်လည်း ရယ်ချင်စရာကောင်းနေသည်။ သူငယ်ချင်းအား မနာလိုဝန်တိုစိတ်ဖြစ်မိပေမယ့် ရှုံးတာကိုတော့ ဝန်ခံရတာပင်။ 


"ချင်ကော တစ်ကယ်လို့ ဧကရာဇ်က ကျွန်တော်တို့တစ်အိမ်လုံးကို အမြစ်လှန်ပစ်ချင်တယ်ဆိုရင်တောင် တာ့ကောနဲ့ ကျွန်တော် ပြန်ရောက်တဲ့အထိပဲ အချိန်ဆွဲထားပေးပါ"


လေးနက်တဲ့မျက်ဝန်းက အဆုံးစွန်ထိ တွေးတောကာ ဆုံးဖြတ်ချက် ချထားပြီးဖြစ်၏။ သူ့အစ်ကိုရဲ့ဘဝတစ်ခုလုံး ဆွဲချခံရတာမျိုး နောက်တစ်ကြိမ် ထပ်မကြုံစေရပါ။


"အစ်ကို ကတိပေးတယ်"


ရှန်ချင်က အကြောင်းအရာကို သဘောပေါက်သွားပြီးတဲ့နောက်မှာ အလွန်လေးနက်စွာ ကတိပေးလေတယ်။


သို့မှသာ ရှန်လျန်က စိတ်သက်သာရာရစွာ သက်ပြင်းမောရှူထုတ်လိုက်ပြီး...


"အခု ကျွန်တော်က မြို့ပြင်ကို တိတ်တိတ်လေးထွက်သွားမှာ၊ နောက်နှစ်ရက်နေမှ ကျွန်‌ေတာ်တို့ အနောက်မြောက်ဘက်သွားတယ်ဆိုတာ တပ်က အထက်ကိုသတင်းပေးလိမ့်မယ်၊ ကျွန်တော်က နိုင်ငံ့အမှုထမ်းမဟုတ်တော့ ကိစ္စမရှိပေမယ့် ရှန်ကျိုးနဲ့ ရှန်ယန်က ကျွန်တော်နဲ့ အမြဲတတွဲတွဲလေ၊ ဒီနေ့လို ပြည်သူတွေရဲ့ချစ်ခင်မှုနဲ့ နာမည်ကျော်ကြားဖို့ မနည်းကြိုးစားထားရတာ ၊ကျွန်တော်မရှိတဲ့နောက် သူတို့ဒုက္ခ‌ေတွ့ရင် ကူညီပေးပါဦးအစ်ကို"



မြို့တော်ပြန်ရောက်တာနဲ့ ပျက်စီးနေတဲ့မြင်ကွင်းမျိုး မမြင်ချင်ပါ။ 


"ဒါက ငါ့ညီ မပြောလည်း အစ်ကို အာရုံစိုက်ရမယ့်အရာပါ၊ ရှန်ကျိုးက အရင်လို ဖိနှိပ်လို့လွယ်မယ့်သူမျိုးမဟုတ်တော့ဘူးဆိုတော့ ဧကရာဇ်က သူ့သဘောတိုင်း ထားလို့မရတော့ဘူး၊ ဒီလို လွတ်လပ်ခွင့်ရလာတာ ငါ့ညီ ကျေးဇူးကြောင့်ပါ"


တစ်ဖက်လူက လျို့ဝှက်ချက်တွေ ထားမနေဘူးဆိုမှတော့ ရှန်ချင်လည်း စိတ်ကိုပေါ့ပေါ့ပါးပါး လျှော့ချလိုက်သည်။ ပြေးကြည့်မှ ရှန်ကျိုးဆိုတဲ့ ညီတစ်ယောက်ရှိတာ... သူသဘောကျတဲ့သူကိုပဲ စိတ်တိုင်းကျ ရွေးချယ် လက်ထပ်စေချင်ပါသည်။ တော်ဝင်အာဏာအောက်မှာ ခြေချုပ်မိနေတာမျိုးတော့ မဖြစ်စေချင်တာ သဘာဝပင်။ 



"ချင်ကော က ပေါင်းသင်းဆက်ဆံရေး အတော်ကောင်းမွန်ပါပေတယ်"


ရှန်လျန် နှုတ်ခမ်းထောင့်စွန်းက အသာကွေးတက်ကာ အပြုံးဖျော့ဖျော့ ဖွင့်ပြ၏။ ရှန်တာ့ မတော်တဆဖြစ်သည်ဟု ကြားပြီးနောက်ပိုင်း ပထမဆုံး ပြုံးခြင်းဖြစ်၏။ 


"လစ်လျူမရှုတတ်တဲ့သူက ပိုပင်ပန်းရတယ် ဆိုတဲ့စကားရှိသလိုပေါ့၊ တစ်ခါတလေကျရင် အားလုံးကို မသိချင်ယောင်ဆောင်ပစ်လိုက်ချင်ပါရဲ့"


ခက်တာက လင်အန်းအိမ်တော်ရဲ့ သားကြီးဖြစ်နေတဲ့အတွက် တာဝန်ဝတ္တရားက သူ့ခေါင်းပေါ်ပဲ အလုံးစုံကျရောက်နေသည်။ ဘာတစ်ခုကိုမှ မသိချင်ယောင်ဆောင်နေ၍မရချေ။


"သဘောပေါက်ပါတယ်ဗျာ..."


လူတိုင်းကိုလစ်လျူရှုပြီးသာ နေတတ်မယ်ဆိုရင် ဘဝကြီးက အေးချမ်းလွန်းလို့ ၊ဘယ်သူနဲ့မှလည်း ရန်ဖြစ်စရာမလိုတော့ဘူး။ 


"နောက်ဆုံးတစ်ခု ကျွန်တော်အကူအညီတောင်းချင်တာက တစ်ကယ်လို့ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်လို့ သူတို့မဖြေရှင်းနိုင်ရင် အစ်ကို့ကို လာရှာခိုင်းထားတယ်‌ဗျ၊ ကူညီပေးပါဦးဗျာ မေတ္တာရပ်ခံပါတယ်"


ရှန်လျန်ကတော့ ကိုယ့် မျိုးရိုးကိုယ် မေ့ပစ်မယ့်သူ မဟုတ်သလို စည်းစိမ်ချမ်းသာမှာလည်း နှစ်ဝင်နေမယ့်သူမျိုး မဟုတ်။ 


"ပြဿနာမရှိဘူး၊ အစ်ကို့ကိုမတွေ့ရင် ရှန်ကျိုးကိုသွားရှာခိုင်းလိုက်၊ မင်းပြန်မရောက်သေးမချင်း ကလေးကို ကျိုးလီပုမှာပဲ နေစေမယ်၊ စိတ်ချ"


နှစ်ဦးသားပြောဆို အကူအညီတောင်းမှုမှာ နှစ်ဦးနှစ်ဖက် အဆင်လည်းပြေ၊ ကိစ္စလည်း အောင်မြင်စွာ စီမံသွားနိုင်သည်။ ထို့နောက်မှာတော့ ရှန်ချင်က တစ်ချိန်လုံး တိတ်တိတ်လေးထိုင်နားထောင်နေတဲ့ ဖေးယွမ်ရွှင်းကိုပြောလိုက်သည်။ 


"မြို့စားမင်း လိုက်သွားမှာလား"


"ဟုတ်တယ်"



ဖေးယွမ်ရွှင်းက အပိုစကား မပြောပဲ တစ်ခွန်းတည်းဖြေသည်။ ရှန်လျန် စစ်နယ်မြေကိုသွားမှတော့ သူ မလိုက်ပဲ ဘယ်နေလိမ့်မလဲ? ရှန်ချင်လည်း မတွေးမိတာ မဟုတ်ပေမယ့် ရှန်လျန်ရဲ့ ဘေးကင်းရေးအတွက် အတည်ပြုမေးမြန်းခြင်းဖြစ်၏။ 


"ဒီလိုဆို စိတ်ချရပါပြီ"


ရှန်ချင် ခေါင်းဆတ်လိုက်ပြီး ရှန်လျန့်ကိုကြည့်ပြန်သည်။ 


"လျန်လျန်... အနောက်မြောက် နယ်စပ်ကိုသွားမှာဆိုတော့ အစစ အရာရာဂရုစိုက်ပါ၊ ရှန်တာ့ရဲ့ ကျန်းမာရေး ကောင်းပြီဆိုရင် စာပို့လာဖို့မမေ့နဲ့ဦး၊ ပြီးတော့ ငါးနှစ်တောင်ရှိသွားပြီ၊ ပြန်လာရင် တူတူသောက်ဖို့ အစ်ကိုစောင့်နေတယ်လို့ စကားလမ်းကြုံ ပါးပေးဦး"


"ကောင်းပါပြီ"



ရှန်လျန် ထရပ်ကာ လေးလေးနက်နက် အရိုအသေပေး၏။ ရှန်ချင်လည်း ပြန်လည် ဦးညွှတ်ကာ နှုတ်ဆက်သည်။ ရှန်လျန် လောနေမှန်း သိတာကြောင့် ကြာကြာ ဆက်မနေတော့ပဲ ဂရုစိုက်ရန် မှာကြားပြီးတာနဲ့ ပြန်သွားသည်။ 


"သခင်"


အခန်းထဲ ပြန်ရောက်သော်.. လေ့ကျန်းတို့ရောက်နေကြသည်။ သူနဲ့အတူ ကျန်းဟိုင်၊ ရန်ဖုန်း၊ ‌‌ယွမ်ရှောင်း တို့လည်း ရှိနေသည်။ လေးဦးသား သူတို့ဝင်လာတာ မြင်တာနဲ့ ဂါရဝပြုလိုက်ကြသည်။ 


ရှန်လျန်က ခေါင်းငြိမ့်ကာ အသိအမှတ်ပြုသည်။ 


"အားလုံးစီစဉ်ပြီးပြီလား"


"ဟုတ်ကဲ့၊ကျွန်တော်နဲ့ ကျန်းဟိုင်က အတူလိုက်ပါမယ်၊ ကျန်တဲ့သူတွေက ခါတိုင်းလို အိမ်ကိုစောင့်ရှောက်ဖို့ ကျန်ခဲ့ကြမှာပါ၊ ရန်ဖုန်းနဲ့ယွမ်ရှောင်းက ယာယီအိမ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ပါလိမ့်မယ်၊ သခင် စိတ်ချချသွားပါ"


သူမေးလာမှာကိုကြိုသိနေသဖြင့် လေ့ကျန်းက စီစဉ်ထားသည့်အတိုင်း ပြောပြလာသည်။ 


"ငါပြန်မရောက်မချင်း မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ၊ သူတို့ကိုသေချာ စောင့်ရှောက်ပေးကြပါ"




လေ့ကျန်းပြောပြတာကြားပြီးတော့ ရှန်လျန်က ယွမ်ရှောင်းနဲ့ ရန်ဖုန်းတို့ဘက် မျက်နှာချင်းဆိုင်လှည့်ပြီး မှာကြားသည်။ အဓိကအရေးအပါဆုံးသူဖြစ်တဲ့ ရှန်ယို့ကို သူပြန်ရောက်တဲ့အချိန်ထိ ဘေးကင်းကင်းရှိနေဖို့ ပြောသည်။ 


"သခင် အားနာစရာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ပါပဲ"


 ယွမ်ရှောင်းက အင်္ကျီလက် အိတ်ကပ်ထဲကနေ သေတ္တာငယ်တစ်လုံးထုတ်ပြီး ရှန်လျန့်ကိုပေးသည် ။


"ဒါက သခင်ဟောင်းကိုယ်တိုင်ဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးပါ၊ သဏ္ဍာန်ရီလာသွေးနဂါးအဆိပ်ဖြေဆေးနဲ့ အာနိသင်ဆင်တူပါတယ်၊အသုံးဝင်လာမှာမို့ သခင်လေး ဆောင်ထားလိုက်ပါ"


"ကောင်းပြီ"


သေတ္တာငယ်ကို လှမ်းယူလိုက်ပေမယ့် ရှန်လျန် ဖွင့်စစ်ကြည့်မနေပဲ ယုံကြည်စွာ လက်ခံထားလိုက်သည်။ 




 "သခင်.. ခရီးထွက်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီ၊ မင်းသားကျန်း နတ်ရွာစံသွားတဲ့ကိစ္စကြောင့် ဧကရာဇ်က မြို့တွင်းမြို့ပြင် လူဝင်ခွင့်၊ထွက်ခွင့်မရအောင် ပိတ်ထားဖို့ အမိန့်ချထားပါတယ်၊ ကျွန်တော်တို့ နေမထွက်ခင် သွားမှ အဆင်ပြေမှာ"


ထျန်းရှုနဲ့ တခြားသူတွေရောက်လာပြီး သတင်းပို့သည်။ 


"ကျုပ် သာ မြို့ပြင်ထွက်ချင်ရင် ဘယ်သူတားရဲမလဲ?"


ဖေးယွမ်ရွှင်းရဲ့ယခုလို မော်ကြွားတဲ့စကားလုံးတွေကို ကြားရင် အရင်ကဆို ရှန်လျန် က အပြစ်တင်ပြီး ထိန်းထိန်းသိမ်းသိမ်းနေဖို့ တားဆီးမှာဖြစ်ပေမယ့် ဒီနေ့မှာတော့ စိတ်အခြေအနေမကောင်းသဖြင့် မည်သည့်စကားမှ မဆိုလာ။ 


ခရီးမသွားခင်လေးတွင် ဖုရင်၏အိပ်ခန်းသို့ ဝင်ကာ တူလေး အိပ်နေသည်ကို တစ်ခဏရပ်‌ကြည့်နေရင်း ရှန်လျန့်မျက်ခမ်းတွေ နီရဲကာစပ်ဖျဥ်းဖျဥ်းဖြစ်လာသည်။ သို့သော် မျက်ရည်တော့ မကျခဲ့ပါ၊ မျက်ရည်က အရှုံးကိုကိုယ်စားပြုသည့်အတွက် သူအရှုံးမပေးချင်၊ အစ်ကိုကြီးက အဆင်ပြေမှာ သေချာသည်။ 


 "ရှုရှုက သားရဲ့ပါပါးကို ဘေးကင်းကင်းနဲ့ အိမ်ပြန်ခေါ်ခဲ့မယ်နော်"


ကျဆင်းခါနီး မျက်ရည်ဥတွေကို မျက်လုံးအိမ်ထဲ အတင်းပြန်သိမ်းဆည်းပြီး ရှန်လျန် ကလေးငယ်၏ဖြူ‌ဖွေးအိစက်သောပါးပြင် အား ငုံ့နမ်းလိုက်သည်။ 


"လျန်လျန်..."


ရန်ဖုန်းတို့ဘင်ကလည်း ထွက်ခွာရန် အဆင်သင့်ပြင်ပြီးဖြစ်ရာ ဖေးယွမ်ရွှင်းက သူ့ပခုံးကို ဖက်ကာ သတိလာပေး၏။ အိမ်မှာ ကျန်နေခဲ့မည့် ‌ဖုရင်တို့ အားလုံး ရှန်လျန့်အတွက် စိုးရိမ်နေကြလျက် သူ့အနားဝိုင်းနေကြသည်။ ရှန်တာ့ရဲ့ဘဝက သေမလားရှင်မလား စိုးရိမ်ရသည့်အပြင် ၊ရှန်လျန်ကျတော့ လည်း 'ကော'တစ်ယောက်ဖြစ်တာမို့ ထူးချွန်ပါတယ်ဆိုတဲ့ ကိုယ်ရံတော်တွေမှ ခရီးလမ်းတစ်လျှောက် စောင့်ကြပ်ပေးနေရင်တောင် စိုးရိမ်ကြသေး၏။ 


"စိတ်မပူကြပါနဲ့၊ အဆင်ပြေသွားမှာပါ၊ ချီယွဲ့ မနက်ဖြန် ကျိုးလီပုကို သွားပြီး ကျွန်တော် နေမကောင်းလို့ ရက်အနည်းငယ် မလာနိုင်ကြောင်းသွားပြောလိုက်ပါ၊ နောက်ရက်အနည်းငယ်ကျရင် စစ်တပ်က အစ်ကိုကြီးလုပ်ကြံခံရတဲ့သတင်း သိသွားလိမ့်မယ်၊ အဲ့ဒီအခါကျမှ ကျွန်တော် အနောက်မြောက်စစ်မြေပြင်ဆီ အားချင်းသွားလိုက်ရတာမို့ ကျိုးလီပုကို သူငယ်ချင်းတွေ လက်ထဲ အပ်ခဲ့တယ်လို့ ပြောပြလိုက်ပါ"



 ရှန်လျန် တစ်ယောက်ချင်းစီတိုင်းကို ရင်အေးစေရန်အလို့ငှာ စိတ်အေးချမ်းစေသောအပြုံး ပြုံးပြ၏။ 


"ဟုတ်ပါပြီ၊ အိမ်အတွက်လည်း စိတ်ချပါ၊ အစ်ကိုတို့ သေချာစောင့်ရှောက်ထားပေးမယ်၊ သခင်ငယ်ကိုလည်း သေသေချာချာ ကာကွယ်ပြီး ဂရုစိုက်ပေးမှာပါ"


"ဂရုစိုက်ပါ"


ချီယွဲ့ ဦးဆောင်ပြီးလူစုက လက်သီးစုသဏ္ဍာန်ပြု၍ တညီတညာထဲ ပြိုင်တူအရိုအသေပေးသည်။ ရှန်လျန် ပိုပြီး ငိုချင်လာသည်။ ခါင်းငြိမ့်အသိအမှတ်ပြုလိုက်ပြီး ဖေးယွမ်ရွှင်းကို‌ခေါ်ကာ လှည့်ထွက်ခဲ့တော့၏။


 "လျန်လျန်.. ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်"


လူရိပ်က အမှောင်ထုထဲ ပျောက်သွားတော့ .. ချီရွှမ်း ခမျာ မျက်ရည်လည်ရွှဲနဲ့ နောက်ကပြေးလိုက်ကာ ကျယ်ကျယ်လောင်လောင်

အော်သည်။ သူတို့တည်ရှိနေရသည့် အကြောင်းရင်းက ရှန်လျန့်ကို ကာကွယ်ပေးဖို့ဖြစ်သည်။ ရှန်လျန်သာ တစ်ခုခုဖြစ်သွားခဲ့ပါက အနာဂါတ်မှာ သူတို့ရဲ့ဘဝတွေက ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ပါ။ 


2972 word

Grape


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment