no

Font
Theme

'လင်းဝေရဲ့ သင်္ကာမကင်းဖြစ်မှု'

မိဖုရားခေါင် နတ်ရွာစံသည်နှင့် မိုးသည်းထန်စွာ ရွာသွန်းသည် ဖြစ်ရာ မိဖုရား၏ ဝိဉာဏ်က ငြိမ်းချမ်းစွာ အနားမယူနိုင်ရှာ။ မိုးကောင်းကင်သည် ၎င်း အလိုမကျသမျှ ကမ္ဘာမြေပြင်ကိုသာ ပစ်မှတ်ထားပြီး သည်းသည်းမဲမဲ ရွာသွန်းနေလေ၏။

ဖုယွင်ရှီးနှင့် အရိပ်တပ်သားတို့ ပူးပေါင်းချိတ်ဆက်ပြီး မိဖုရား နတ်ရွာစံသွားပါက ရေကြီးရေလျှံလိမ့်မည်ဟူသောသတင်းကို အောင်အောင်မြင်မြင် အချိန်ကိုက်ဖြန့်လိုက်နိုင်သဖြင့် မိဖုရား၏ နာမ်ဝိဉာဏ်လည်း ငြိမ်းငြိမ်းချမ်းချမ်း မကူးပြောင်းနိုင်။ စိုးရိမ်ကြောင့်ကြစိတ်ဖြင့် နောင်ဘဝသို့ မကူးပြောင်းနိုင်အောင် တားထားခြင်းပင် ဖြစ်၏။

မုရုန်မိသားစုက ဈေးကွက် ကို ထိန်းချုပ်လိုက်နိုင်သည့်အပြင် ၊ ရက်အနည်းငယ်ထဲနှင့် အရာရှိစာမေးပွဲမသမာမှုကို ပြန်လည် ဖော်ထုတ်ခွင့်ရခဲ့သည့် အပြောင်းအလဲများက လူသတင်းလူချင်းဆောင် ဆိုသလို အရိပ်တပ်သား၏ စွမ်းဆောင်ရည်ကြောင့် တစ်တိုင်းပြည်လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။

ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိမှန်း ဉာဏ်ကောင်းသူတိုင်းသိနိုင်သည်။ သို့သော် ဧကရာဇ်က မိဖုရား၏ ဝိဉာဏ်တော် ငြိမ်းချမ်းရေးကို ရှေးရှုလျက် အရာရှိစာမေးပွဲအတွက် စေ့စေ့စပ်စပ်စုံစမ်းရန် အမိန့်ပေး စစ်ဆေးစေခဲ့ရာ ဧကရာဇ်ထက် ဩဇာအာဏာကြီးပြီးလွှမ်းမိုးနိုင်သော သူ ရှိသည် ဟူသော ကောလဟာလက လူထုကြားထပ်မံ ပျံ့နှံ့သွားတော့သည်။

သတင်းက လိုက်ဖုံးဖိပါသော်ငြား ကောလဟာလသည် ပျံ့နှံ့ပြီးပါက အလွန်လျင်မြန်သော အရှိန်ဖြင့် လူတိုင်းသိသွားတော့၏။ အလွန်ကြောက်မက်ဖွယ်ရာတည်း။

ဤနည်းဖြင့် အကျိုးအမြတ်ရသွားသူက ရှန်

လျန် ဖြစ်သည်။ ဖုယွင်ရှီး၊ အရိပ်တပ်သားနှင့် မုရုန်မိသားစုတို့ ပူးပေါင်းကာ မြို့တော်၏ ထောင့်နေရာရှိလူများပါမကျန် သတင်းဖြန့်ပေးခဲ့ကြသည်။ ဧကရာဇ်က ကောလဟာလကို မယုံကြည်လျှင်တောင် ရွေးချယ်စရာမရှိပဲ၊ ဝမ်ယွမ်၏ ကြီးကြပ်မှုကို ပြန်လည် စစ်ဆေးရန် လုပ်ခဲ့ရသည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနှင့်

မိဖုရား၏ ပူပန်ကြောင့်ကြစိတ်ကိုလည်း ဖြေလျှော့ပေးနိုင်လိမ့်မည်။ တော်ဝင်မိသားစုက ညစ်ထေးလှသော လျှို့ဝှက်ချက် များစွာကို ဖုံးကွယ်ထားပြီး အပေါ်ယံတွင် ပြည်သူများ၏ သဘောထားကို အလေးနက်ထားသယောင် ဟန်ဆောင်နေသော်လည်း ရှန်လျန်ကတော့ အခြားသူများထက် ပိုသိနေခဲ့သည်။

********

"လျန်လျန့်အတွက်လား? ဘာဆေးလဲ"

မနက်စောစော၌ ဆေးကြိုထားသည်ကို ယူသွားပေးရန် ချီယွဲ့လုပ်နေစဉ် ဖုရင်ရောက် လာခြင်းဖြစ်၏။ ဆေးက ရှန်လျန့်အတွက်ဆိုတော့ ဖုရင် စိတ်ပူသွားပြီး ရှန်လျန် များ တစ်ခုခုဖြစ်နေလား မေးမြန်း၏။

"ပုံမှန် ခေါင်းကိုက်ပျောက်ဆေးပါပဲ"

ဆေးရည်ကို ခွက်ထဲ လောင်းထည့်ပေးရင်း ချီယွဲ့ဖြေသည်။

"ကျွန်တော်တို့ ဒီကို ပြန်ရောက်လာပြီး နောက်ပိုင်းမှာ မိုးရွာတိုင်း ရှန်လျန် ခေါင်းကိုက်တတ်တယ်... အရှေ့တစ်ခေါက်တုန်းက ခုလိုဖြစ်ဖူးတယ်...ရက်နည်းနည်းကြာတော့ သက်သာသွားပေမယ့် ကျွန်တော်တို့တောင် အပြင်ကိစ္စတွေ ‌လုပ်ပြီးရုံရှိသေး ..ရှန်လျန်က ခေါင်းထပ်ကိုက်လာပြန်တယ်"

"ခုတစ်ခေါက်က ခေါင်းအရမ်းမကိုက်တာတော့ မဟုတ်လောက်ဘူး... ခံနိုင်ရည်ရှိသွားတာထင်တယ်"

ချီယွဲ့စကားတွေ ကြားတော့ ဖုရင် ခေါင်းငိုက်စိုက်ကျသွား၏။ သူစိုးရိမ်နေတဲ့ စာမေးပွဲကိစ္စက တစ်ကယ်တမ်းကျတော့ အစအဆုံး လျန်လျန်က စီစဉ်ထားပြီးသားဖြစ်မှန်း နောက်မှ နားလည်ခဲ့ရသည်။

"အင်း... ဦးလေး ရဲ့ အထင် ပြောပြမယ်.. မိုးရွာတဲ့ညတိုင်း သူကောင်းကောင်းအိပ်မပျော်ဘူး၊ ဝမ်ယွဲ့မြို့က ပြည်သူတွေအတွက် စိုးရိမ်တာက တစ်ကြောင်း၊ သူစီစဉ်ထားသမျှ လွဲချော်သွားမှာကို စိတ်ပူနေတုန်းက ခေါင်းကိုက်ရမှန်း မသိခဲ့ပေမယ့် အခု တာတမံကလည်း ခိုင်ခံ့သွားပြီ၊ စာမေးပွဲအတွက်လည်း ပြန်စစ်‌ဆေးနေပြီဆိုတော့ ကိစ္စတွေအားလုံးပြီးမှ သူ ခေါင်းကိုက်‌တာ ပေါ်လာတော့တာနေမှာ"

ချီယွဲ့က ဆေးခွက်ကို လင်ဗန်းပေါ်တင်ပြီးသော်လည်း ချက်ချင်း မသွားသေးပဲ ခေါင်းငုံ့လျက် မဲနက်နေတဲ့ဆေးခွက်ကိုတွေတွေလေး ကြည့်ကာ...

"ဦးလေးဖု... လျန်လျန်က နာကျင်ရမှာ အရမ်းကြောက်တာ... သူ့အဖေက သူ့ကိုမချစ်ပေမယ့် သူ့အသက်ဆယ်နှစ်ထဲက အကြီးဆုံးသခင်လေးက အရမ်းအလိုလိုက်၊ ချစ်ပေးခဲ့တော့ ထိခိုက်ရှနာ သေးသေးလေးဖြစ်ရင်တောင် သူ့အစ်ကိုကိုဖက်ပြီး အကြာကြီးငိုတာ... သူအဲ့လိုငိုရင် ကျွန်တော်နဲ့ ရှောင်ရွှမ်းက အကြာကြီး ချော့ပေးရတာ...နောက်ပိုင်း သူမငိုတော့ပေမယ့် လျန်လျန်က နာကျင်ရမှာ အရမ်းကြောက်နေတုန်းပဲ၊ကျွန်တော်တို့ စိတ်မပူအောင်လို့ သူ့တစ်ယောက်ထဲ တိတ်တိတ်လေးပဲငိုခဲ့ရှာတာ... ဓားပြတွေ လုပ်လို့ သူ့လက် သွေးတွေ ကျခဲ့တုန်းက သူလုံးဝမငိုခဲ့ဘူး.... အခု မိုးရွာတော့ သူထုတ်ပြောလာတယ်... နောက်ကို တော်ရုံ မငိုတော့ပါဘူးတဲ့လေ"

လျန်လျန်က ရင့်ကျက်လာတယ် ဆိုပေမယ့် ထိုသို့ဖြစ်လာခြင်းက သူတို့ကို စိတ်ဖိစီးစေသည်။

"ရင့်ကျက်လာတယ်ဆိုတာ တစ်ခုခုကိုပေးဆပ်ပြီးမှ ဖြစ်လာတာ... သူမငိုတော့ဘူးဆိုတာနဲ့ နာကျင်မှုကို မကြောက်တော့တာမျိုးမဟုတ်ပဲကြိတ်မှိတ် ဟန်ဆောင်တာပဲ ရှိမှာ.. ကဲကဲ ဆေးမြန်မြန်တိုက်လိုက်ရအောင် သူ မြန်မြန်နားပါ‌စေ"

ဖုရင်က သူ့ရဲ့ မျက်လုံးနီနီကို လက်နဲ့ပွတ်သပ်လိုက်ပြီး ချီယွဲ့ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

"ဟုတ်"

ချီယွဲ့က မိနစ်အနည်းငယ်လောက် အသက်ပြင်းပြင်းရှုပြီး စိတ်တည်ငြိမ်အောင် လုပ်သည်။

ထို့နောက် လင်ဗန်းကိုင်ကာ ထွက်လာလိုက်သည်။ လျန်လျန်က သူတို့ကိုစိတ်မပူစေချင်ဘူးဆိုမှတော့ သူတို့ကလည်း စိုးရိမ်နေတဲ့ရုပ်ကိုမထုတ်ပြသင့်။

"ဆေးသောက်လည်း ဒီတိုင်းပါပဲဆိုနေ... ဘာလို့ဆေးထပ်ကြိုလာတာလဲ "

ရှန်လျန် နောက်ဆုံးတော့ အနားယူလိုက်ပြီး ဆေးစာအုပ်ကို လက်ကချကာ သက်ပြင်းချရင်း ဆေးခွက်ကိုလှမ်းယူ၏။ ထို့နောက် အပူငွေ့တွေမှုတ်ထုတ်လိုက်ပြီး တစ်ကျိုက်‌သောက်လိုက်သည်။

"ထပ်မကြိုတော့နဲ့၊ ဒါဆေးတွေ ဖြုန်းတီးနေတာပဲ၊ ရေဘေးသင့်ပြည်သူတွေအတွက် ဒီဆေးတွေက ဘယ်လောက်တောင် အဖိုးတန်လိုက်မလဲ သိရဲ့လား"

ရှန်လျန် ဆေးရည်ကိုကုန်အောင် မော့သောက်လိုက်ပြီး အလေးအနက်ပြော၏။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ရော့ရော့ အခါးသက်သာအောင် သကြားလုံးလေးငုံထား"

ချီယွဲ့က သကြားလုံးကို ရှန်လျန့်ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

သူ့အား ကလေးတစ်ယောက်လို ဆက်ဆံနေသည်ကို ရှန်လျန် မတတ်နိုင်ပဲ ခေါင်းခါယမ်းလိုက်ပြီး

"ယွဲ့ကော ကျွန်တော်က အရွယ်ရောက်နေပြီနော် ကလေးလို ချော့စရာမလိုတော့ဘူးလေ"

"သိပါပြီ"

ချီယွဲ့ ခေါင်းငြိမ့်ပြပြီး စောင်ခြုံပေးလိုက်ကာ

"သကြားလုံးငုံရင်း ခဏလောက်အိပ်လိုက်လေ၊ တရေးနိုးလာရင် ခေါင်းကိုက်သက်သာသွားမှာပါ"

ကလေးလို ဆက်ဆံနေတုန်းပဲကို!

ရှန်လျန်ပြောစရာစကားမဲ့သွားသည်။ ချီယွဲ့က သူပြောလိုက်တဲ့စကားကို လေလိုသဘောထားလိုက်တာလား?

"လျန်လျန်.. အိပ်တော့... အစ်ကို စောင့်နေပေးမယ်.. တစ်ကယ်လို့ ခေါင်းအရမ်းနာရင် ငိုချပစ်... အစ်ကိုလုံးဝ မရယ်ဘူး"

ချီယွဲ့က အတတ်နိုင်ဆုံး အလိုလိုက်ပေးဖို့ ကြိုးစားခဲ့သဖြင့် ချီရွှမ်း၏ခေါင်းပေါ်၌ ' ? ' ဤသင်္ကေတလေးပေါ်လာခဲ့သည်။ ရှန်လျန်လည်း ကြောင် သွားပြီးမှ သတိပြန်ရသွားခဲ့သည်။ သူ ကလေးဘဝက နာကျင်ရမှာကို အရမ်းကြောက်ခဲ့ပြီး ထိုအချင်းအရာကို ပင် မေ့လုနီးပါးဖြစ်သွားသည်။ ထို့အပြင် ရှန်ချန်က သူ့ကို မျက်လုံးဖောက်ထုတ်ပြီး လက်ဖြတ်ပစ်ခဲ့သည့် အရင်ဘဝ၌ ခံစားခဲ့ရသည့်နာကျင်မှုက ဝမ်းဗိုက် အတွင်းဆုံးပိုင်းထိ နာကျင်ရပြီး စိတ်နှလုံးသားတစ်ခုလုံး အမုန်းတရားများဖြင့်ပြည့်နှက်ကာ မျက်စိထဲ ထပ်ခါတလဲလဲ ပြန်မြင်ယောင်မိသည်အထိ အိပ်မက်ဆိုးများဖြစ်ခဲ့သည်။

သူ့အတွက်က အရာအားလုံးကြုံတွေ့ခဲ့ရသော်လည်း ချီယွဲ့နှင့်ချီရွှမ်းတို့မှာ ဘာမှ မသိနေပါ။ မိုးရွာလျှင် ခေါင်းကိုက်လာတတ်ပြီး ဒီမနက်လည်း ထပ်ဖြစ်ရာ သိပ်များများ မတွေးမိပဲ ခေါင်းကိုက်သည်ဟုပြောလိုက်မိသဖြင့် ခြောက်လှန့်မိသွားဟန်တူ၏။

တွေးကြည့်လိုက်ပြီး ရှန်လျန် သူ့ခေါင်းကိုလက်တစ်ဖက်ဖြင့် ဖိကိုင်ကာ ရယ်လိုက်သည်။ ထိုသို့ဖြစ်သွားရန် မရည်ရွယ်ခဲ့။

"ယွဲ့ကော၊ရွှမ်းကော ကျွန်တော်က သာမာန် ခေါင်းကိုက်နေရုံတင်... အရမ်းနာတာမျိုးမဟုတ်ဘူး၊ မနက်စောစောစီးစီး ပြောလိုက်တာက အိပ်ရာ မထနိုင်လာက်အောင် ခေါင်းကိုက်တာမျိုး မဟုတ်ပဲ အိပ်ရာ မထချင်လို့ ပြောလိုက်တာ... စိတ်မပူပါနဲ့တော့"

"ဟုတ်လို့လား?"

ချီရွှမ်းက မယုံကြည်ပဲ သံသယ မျက်လုံးနဲ့ကြည့်၏။ ချီယွဲ့လည်း နှုတ်ခမ်းတင်းတင်းစေ့ကာ မျက်မှောင်ကြုံ့နေ၏။

ရှန်လျန် အမြန် ခေါင်းငြိမ့်ပြကာ

"တစ်ကယ်ပါဆို... ခေါင်းအရမ်းကိုက်ရင် ကလေးတုန်းကလို မငိုရင်တောင် ခုလို ရယ်နေနိုင်ပါ့မလား"

"အဲ့တာလဲ ဟုတ်တာပဲ"

ထိုအခါမှ ချီရွှမ်း ယုံကြည်သွားတော့၏။

ချီယွဲ့က စူးစူးစိုက်စိုက်ကြည့်လျက်

"အရင်တစ်ခေါက် ဓားပြတွေ လုပ်လို့ ဒဏ်ရာရတုန်းက ခုလို ပေါ့ပေါ့ပါးပါးရယ်နေတာပဲလေ... မနာဘူးလို့ ပြောမလို့လား?"

"ဟဟား"

ထိုစကားကြားတော့ ရှန်လျန် ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။

"အခြေအနေအချိန်အခါ အလိုက် ပြုမူရတာရှိသေးတယ်လေ ယွဲ့ကော... သေလောက်အောင် နာကျင်နေတာမျိုးမဟုတ်ပေမယ့် အနည်းနဲ့အများ ခေါင်းကိုက်တာပဲလေ....တစ်စုံတစ်ယောက်က ကိုယ့်ကိုပြုစုပေးတာ ဘယ်လောက်နေလို့ကောင်းလိုက်လဲ.. ကျွန်တော် ငတုံးမှ မဟုတ်တာ ဟဲဟဲ"

"လျန်လျန် ကြိတ်မှိတ်ပြီးမနေနဲ့နော်... အစ်ကိုတို့က တစ်ကယ် စိတ်ပူနေတာ... ဒီမှာ သူစိမ်းလဲ ရှိတာ မဟုတ်ဘူး... တစ်ခုခုဆို မပြောပဲ တိတ်တိတ်လေ သည်းခံနေတာမျိုးမလုပ်ပါနဲ့"

ရဲရင့်ချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး! ကျွန်တော်က ဒီတိုင်း နာကျင်ရမှာကို မေ့နေရုံတင်.. ဟုတ်ပြီလား?

ရှန်လျန် ငိုရမလို ရယ်ရမလိုနှင့်နောက်ဆုံးတော့ ခေါင်းငြိမ့် လိုက်လျောလိုက်သည်။ ညီအစ်ကိုနှစ်ယောက်ကို အောင်မြင်စွာ မောင်းထုတ်လိုက်ပြီး အိပ်ရာထဲ အေးအေးဆေးဆေး ပြန်လှဲနိုင်သွားသည်။ အရင်က နာကျင်ရမှာ ကိုကြောက်တဲ့သူ ဖြစ်ခဲ့ပေမယ့် အမြဲတမ်း ပြုစုခံပြီး ဇိမ်ယူမနေသင့်တော့ရာ နာကျင်မှုကို တဖြည်းဖြည်း မေ့ပျောက်သွားတော့၏။

ဝမ်ယွဲ့မြို့ ရှန်လိုင်ရင်းတွင် ဖြစ်၏။

"သခင်... ဗိုလ်ကြီးလင်း ရောက်ပါပြီ"

ရက်အနည်းငယ်ခန့်က လင်းစစ်တပ်တွေနဲ့ သံမဏိတပ်သားတွေ ပူးပေါင်းပြီး ဆည်ကာတာကို တည်ငြိမ်အောင်ထိန်းကာ ပြည်သူတွေကို ဘေးကင်းရာအရပ်သို့ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ထိုသို့ပူးပေါင်းမှုကြောင့် မည်သည့် ကပ်ဘေးမှ မကျရောက်နိုင်အောင် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အမတ်ကြီး ဟွိုင်ရန်နဲ့ သူ့သားလည်း မြို့အတွက် အင်တိုက်အားတိုက် ပါဝင်အားဖြည့်ခဲ့ပြီး... နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားသည်။

"ထပ်လာပြန်ပြီလား?"

ဆည်ကာတာက မကျိုးနိုင်တော့ဘူးမဟုတ်လား?ဘာလို့ ဒီလူ ထပ်လာနေသေးတာလဲ?

နူးညံ့တဲ့ အိပ်ရာခင်းပေါ် လဲလျောင်းမှီထိုင်နေတဲ့‌ ဖေးယွမ်ရွှင်းက စိတ်မဝင်စားစွာ မျက်လုံးပင့်ကြည့်လိုက်သည်။

"ဝင်လာခိုင်းလိုက်"

ထျန်းရှုက လင်းဝေကို ဦးဆောင်ကာ ခေါ်ဝင်လာသည်။ ဒီတစ်ကြိမ်တော့ ဗိုလ်ကြီးက မဖိတ်ခေါ်ပဲ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာခြင်းဖြစ်၏။

"မြို့စားမင်း.. ပုန်းကွယ်နေတဲ့ တပ်သားတွေကို ထွက်သွားခိုင်းလို့ရမလား"

လင်းဝေက ကျော တစ်ဖြောင့်တည်းထားကာ မတ်မတ် လျှောက်ဝင်လာသည်။ ထို့နောက် လိုရင်းကို တည့်တိုး ထုတ်ပြော၏။

"ဗိုလ်ကြီးလင်းက အတော်ပွင့်လင်းတာပဲ! သံမဏိတပ်သားဆိုတာ ကျုပ်နဲ့ တစ်သားတည်းပဲ... သူတို့ကိုဖုန်းကွယ် နေစရာမလိုဘူး"

ခန္ဓာကိုယ်အနေအထား ပြင်ကာ ထထိုင်လိုက်သည်။ အရှိန်အဝါက တည်ငြိမ်ကာ ဖီးနစ်မျက်ဝန်းကစူးရှလျက် ဖိနှိပ်နိုင်ဟန်ရှိသည်။

"မြို့စားမင်း... ဝမ်ယွဲ့မြို့ရဲ့ လေးဘက်လေးတန်က သံမဏိတပ်သားတွေနဲ့ ဝန်းရံထားတယ်လို့ ကျုပ်ကြားထားပါတယ်... မိုးကြီးတဲ့အချိန် ထွက်လာကူညီကြတဲ့သူအကုန်လုံးက အတော်လေး ကျွမ်းကျင်တဲ့သူတွေဖြစ်နေသလားလို့! ကျုပ်ကစစ်ဗိုလ်တစ်ယောက်ပါ.. စစ်သည် အနည်းငယ်သာလျှင် ဒီလို ကျွမ်းကျင်တဲ့ လက်ရုံးရည်၊နှလုံးရည်မျိုး ရှိနိုင်တာ... ခုလို အရေအတွက်များတဲ့လူအုပ်ကြီးက အတော်လေးကွဲပြားနေတယ်.. သံမဏိတပ်သားတွေဆိုရင်တောင် ကိုယ်ခံပညာတော်တဲ့ တပ်ဖွဲ့ဝင်တ်ိုင်း ဒီမြို့မှာ တပ်စွဲထားဖို့ မဖြစ်နိုင်ဘူးမလား...မြို့စားအရှင် မိုးသဲထန်မယ့် ကိစ္စကို ကြိုသိနေတယ်မဟုတ်ပါလား၊ ဒါကြောင့်ကြိုတင်ပြီး အစီအစဉ်ချထားတာ ပါလား?"

ဟွိုင်ရန်အမတ်ကြီးပါ မင်းကြီး အမိန့်နဲ့ ရောက်ချလာတော့ ကိစ္စတွေက သူထင်သလောက် မရိုးရှင်းတော့မှန်း နားလည်လာတော့၏။ သံမဏိတပ်သားတွေ၏ လှုပ်ရှားနှုန်းက အင်မတန်မြန်ဆန်ပြီး သဘာဝကျနေ၏။ မသိလျှင် မိုးရွာမှာကို ကြိုသိနေသလိုလို....ဖေးယွမ်ရွှင်းက အရာအားလုံးကို သိနေပြီးသားမှမဟုတ်လျှင် ခုလောက် မမြန်ဆန်နိုင်ပေ။

"ဗိုလ်ကြီးလင်းက အများကြီး လျှောက်တွေးနေတာပဲ"

ဖေးယွမ်ရွှင်းက ခုလိုမေးလာမှာကြိုပြင်ဆင်ထားသလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေသည်။

"သံမဏိတပ်သားတွေက လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးတယ်လို့ ဘာကြောင့်အမြဲချီးကျူးခံရလဲ? ပထမအချက်... သူတို့က မိုင်ပေါင်းထောင်ချီက ရန်သူတွေကိုတောင် ချက်ချင်းပြန်ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်စွမ်းရှိလို့ပဲ..

ဒုတိယအချက်က သံမဏိတပ်သားတွေက တပ်ဖွဲ့တစ်စုထဲ မဟုတ်လို့ပဲ... ဘယ်သူမှ သူတို့အခြေစိုက်စခန်းကိုမသိကြဘူး၊ ဆိုတော့ ကျုပ်ခင်ဗျားကိုပြောပြနိုင်တာတစ်ခုတော့ရှိတယ်...သံမဏိတပ်သားတွေက တစ်နေရာတည်း တစ်စုတည်း ဘယ်တော့မှ မနေဘူး"

သံမဏိတပ်ဖွဲ့ဟာ တစ်နေရာတည်း ရှိနေကြပုံပေါ်ပေမယ့် တစ်ကယ်တမ်း တိုက်ခိုက်မိန့်ရဖို့ ရှေ့၊နောက်၊တောင်၊မြောက် တပ်စုခွဲကာ အသင့် အနေအထားဖြင့် စောင့်ဆ်ိုင်းနေကြသည်။

"သံမဏိတပ်သားတွေက အစထဲက အဖွဲ့ခွဲပြီး ရှိနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?"

ဆိုလိုတဲ့သဘောက တပ်သားတွေကို မိုးရွာတုန်းရေခံဖို့ အခွင့်အရေးစောင့်ဆိုင်းရင်း ကြိုတင်လေ့ကျင့်ပေးနေသည်လော?

တပ်အခြေစိုက်စခန်းတောင် နေရာအတည်တကျမရှိဘူးဆိုတော့ ရာဇပလ္လင်ကိုတိုက်ရိုက် ခြိမ်းခြောက်နေသည်လော?

"ခင်ဗျားထင်တဲ့ အတိုင်း ဖြစ်ချင်ဖြစ်မှာပေါ့.. ဗိုလ်ချုပ်လင်း တစ်ခြားမေးစရာရှိသေးလား"

သေချာတာပေါ့ သံမဏိတပ်ဖွဲ့က ခုပြောသလို နေရာတစ်ကာ ပြန့်ကျဲနေတာမျိုးမဟုတ်ပဲ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေရုံသာရှိ၏။ သူတို့ရှိနေတယ်ဆိုတာ ခြောက်လှန့်ချင်ရုံသက်သက်သာ ရွှီးလိုက်ခြင်းဖြစ်၏။

"မြို့စားအရှင် ....ပို ဂရုစိုက်ပါ!"

လေးနက်သည့် အကြည့်တစ်ချက်ပေးကာ လင်းဝေလှည့်ထွက်သွားတော့သည်။

"ကြည့်ရတာ ဧကရာဇ်က ကိစ္စတစ်ချို့ အမိန့်ပေးလိုက်ပုံရတယ်"

ထျန်းရှုနှင့်နှစ်ယောက်ထဲ ကျန်တော့သည့်အချိန်မှ ဖေးယွမ်ရွှင်း၏ အမူအရာက ပျင်းရိဟန်ပျောက်ကာ ချက်ချင်း လေးနက်တည်ကြည်သွားပြီး ဖီးနစ်အကြည့်က ပိုစူးရှလာ၏။

"သခင်...ကျွန်တော် စုံစမ်းလိုက်ရမလား"

"ဘာကိုစုံစမ်းမှာလဲ... ဧကရာဇ်ရဲ့ လျှို့ဝှက်အမိန့်က အဲ့လောက် စုံစမ်းဖို့ လွယ်မှာတဲ့လား...အချိန်မဖြုန်းနဲ့"

ဖေးယွမ်ရွှင်းက ပြတင်းပေါက်နားသွားကာ ဘေးဘောင်ပေါ် မှီလိုက်ရင်း သံသယဖြင့်

"ဒဏ်ရာ နည်းနည်းပါးပါး ဖန်တီးပြီး အကျိုးအမြတ်နည်းနည်းပါးပါး တောင်းလိုက်မှ ထင်တယ်"

ဥပမာပြောရရင် လက်ထပ်ခွင့်ပြုမိန့်လိုမျိုး!

"သခင်!"

ထျန်းရှု မျက်လုံးပြူးကျယ်သွားကာ အလန့်တကြား ပြော၏။

"သခင်... မလုပ်ပါနဲ့... သခင် ဒဏ်ရာထပ်ရလို့မဖြစ်!"

"ငါက ဒီတိုင်းပြောလိုက်တာပါ... ဘာတွေဆတ်ဆတ်ထိမခံဖြစ်နေတာလဲ"

"......"

အသံထပ်ကျယ်မလာခင် ဖေးယွမ်ရွှင်းဖြတ်ပြောလိုက်သည်။

စကားစ ပြတ်သွားသော ထျန်းရှုကတော့ နင်သွားကာ ရင်ဘတ်ထဲ အောင့်သက်သက်ဖြစ်ကာသွား၏။

Words 2734

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment