no

Font
Theme


'ရန်ဘက် စစ်သူကြီးအား လုပ်ကြံသတ်ဖြတ်ခြင်း'


တင်းအန်းမြို့က တာ့ချင်နှင့် ဝေးလံလှသည့် အ‌နေက်မြောက်နယ်စပ်တွင် တည်ရှိသဖြင့် အိမ်နီးနားချင်းတိုင်းပြည်များ၏ အမြဲတစေကျူးကျော်ခြင်းခံရသည်မှာ ဟော်ရဲ့လင်က စစ်နယ် မြေကိုခြေမချခင်အထိပင်။ နောက်ပိုင်းမှသာ တင်းအန်းမြို့က တဖြည်းဖြည်း အေးချမ်းလာပြီး ဟော်ရဲ့လင်၏ နာမည်ဂုဏ်သတင်းသည်လည်း ပို၍ပို၍ ကျော်ကြားလာသည်။


ရှန်တာ့၏ စစ်ပရိယာယ် တွေနဲ့ ကျူးကျော်လာသူတို့ကို ပြန်လည် တပ်ဆုတ်စေခဲ့သည်။ တာ့ချင်နဲ့ စစ်အင်အားချင်း တူညီသည့် ချူးတိုင်းပြည်ကလွဲရင် ကျန်သည့် တိုင်းပြည်များက တာ့ချင်ကို မနှောင့်ယှက်ဝံ့ကြတော့ချေ။ 


ပြီးခဲ့သည့်နှစ်နှစ်အတွင်း စစ်ပွဲကြီးနှစ်ကြိမ်သာဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်လုံး ဟော်ရဲ့လင်နဲ့ရှန်တာ့က ကာကွယ်ပေးနိုင်ခဲ့သည်။ ယခုနှစ်တွင် နှစ်ဖက်တိုင်းပြည်ချင်း မကြေလည်မှုဖြင့် တိုက်ပွဲ အရှိန်ပိုမြင့်လာရာ ဟော်ရဲ့လင်က ရှန်တာ့နှင့်တိတ်တိတ်လေး မွေးထားသော သားဖြစ်သူကို အယုံကြည်ရဆုံးသူများလက်ထဲ အပ်ကာ မြို့တော် ပို့လိုက်သည်။ မကြာခင် တတိယစစ်ပွဲကြီး ဖြစ်ပွားတော့မည်။ 


ထိုအချိန်မှာမှ ရှန်တာ့က ရုတ်တရက် အဆိပ်ခတ်ခံရသည်။ သို့သော် ချူးတိုင်းပြည်၏ လက်ချက်ဖြစ်ဟန်တော့မတူ။ ချူးတိုင်းပြည်ကသာ လုပ်ကြံလျှင် ရှန်တာ့ မေ့မျှောနေသည့်အချိန်အတွင်း တင်းအန်းမြို့တစ်ခုလုံး ပြာကျသွားလောက်ပြီ။ 


ရှန်တာ့အား ကယ်တင်ပေးခဲ့ပြီးသည်နှင့် သတိလစ်သွားသည့် ရှန်လျန်သည် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကိုက်ခဲနေသည့်ခေါင်းကိုကိုင်လျက် နိုးလာသည်။ 


"အင်း...."


မျက်လုံးဖွင့်သည်နှင့် မရင်းနှီးသည့် ပတ်ဝန်းကျင် ကြောင့် ရှန်လျန် တစ်ခဏခန့် ကြောင်အမ်း နေမိသည်။ သတိပြန်ဝင်လာသောအခါ ခေါင်းကိုက် နေသည်ကို အမှုမထားတော့ပဲ အိပ်ရာမှ ချက်ချင်း ထထိုင်လိုက်သည်။ 


"ဖြည်းဖြည်း‌ထလေ လျန်လျန်"


ယောင်းကွမ်က သူ့အနား တန်းရောက်လာသည်။ မနေ့က ညလယ်ခေါင်မှာမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး ရှန်လျန် သတိမရသေးတာကြောင့် သတင်းပေးရန်စောင့်နေတာပင်။ လျိုဝမ်ကျင်း ရှိမရှိ သူနေထိုင်ရာအိမ်သို့သွားရောက်စစ်ဆေးရန် အမိန့်ရခဲ့ပြီး မနက်လင်း သော် မြို့တံခါးဖွင့်သည်နှင့် အနောက်မြောက်အရပ် ရှန်လျန်ရှိရာဆီ လျိုဝမ်ကျင်းအား တစ်ပါတည်း ဖမ်းခေါ်ခဲ့လိုက်သည်။ 


"ယောင်းကွမ် တာ့ကောအခြေအနေ ဘယ်လိုလဲ? နေကောင်းသွားပြီလား၊ အဆိပ်ပြေသွားပြီလား"


ရှန်လျန် အေးဆေးထိုင်မနေနိုင်သဖြင့် လူးလဲထရင်း မေးသည်။ 


"အာ့!"


ခြေဖဝါး က ကြမ်းပြင်ပေါ်မတ်မတ်ရပ်ချင်းမှာပဲ လူတစ်ကိုယ်လုံး ကုတင် ပေါ် ထိုင်လျက် ပြန်ကျသည်။ ပေါင်တွင်းပိုင်း စုတ်ပြဲဒဏ်ရာမှ နာကျင်မှု ကြောင့် နဖူးထောင့်မှချွေးစေးပင်ထွက်လာသည်။ 


"ဗိုလ်မှူးရှန် နေကောင်းသွားပါပြီ၊ သူ မနေ့ညက သတိရလာပါတယ်၊ သမားတော်ပြောတာ အဆိပ်ရဲ့သုံးပုံနှစ်ပုံက လျန်လျန် ဖယ်ရှားလိုက်နိုင်ပါတယ်တဲ့ ၊ကျန်တဲ့ တစ်ပုံကလည်း လျန်လျန်ညွှန်းတဲ့ ဆေးကို နှစ်ကြိမ်လောက်သောက်လိုက်ရင် အရှင်း ပျောက်သွားပါလိမ့်မယ်၊ အဲ့တာကြောင့် ကိုယ့်ကိုကိုယ် အရင်ဂရုစိုက်ရအောင်ပါ နော်"


လျန်လျန်က ကိုယ့်ကိုကိုယ် ဖိအား ပေးပြီး ခရီးတစ်လျှောက်လုံး မနားမနေ မြင်းစီးလာခဲ့သဖြင့် စစ်နယ်မြေဆီ ငါးရက်တည်းနှင့် ရောက်ခဲ့သည်။ ကိုယ်ခံပညာမသင်ယူဖူးသည့်အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အားနည်းသည်။ ထို့အပြင် နူးညံ့သည့် 'ကော'အမျိုးအစားလည်း ဖြစ်သေးရာ ဒဏ်ရာပြင်းထန်တာက ပုံမှန်ပင်။ ချီယွဲ့ ပြောပြခြင်းကြောင့် ဗိုလ်မှူးကြီး ရှန်တာ့အား လျန်လျန်က သူ့အသက်တစ်ဝက်လောက်ထိ တန်ဖိုးထား ချစ်ခင်ကြောင်း သိခဲ့ရသည်။ ညီအစ်ကိုနှစ်ဦး၏ဇာတ်လမ်းကို သိလိုက်ရသောအခါ စိတ်မကောင်းလွန်းလို့ သူ့မှာ မျက်ရည်ကျမတတ်။ 


"ဟုတ်ပါပြီ "


အစ်ကိုဖြစ်သူ အဆင်ပြေသည်ဆိုမှ ရှန်လျန် စိတ်အေးစွာ ပြုံးနိုင်တော့၏။ 


"အရေပြားလေး နည်းနည်း ဒဏ်ဖြစ်သွားရုံပါပဲ ၊နှစ်ရက်လောက် နားစရာမလိုပါဘူး၊ ဗိုက်ဆာတယ်၊ စားစရာရှိလား"


ယောင်းကွမ်ရဲ့ စိတ်ပူနေတဲ့ မျက်နှာကိုအကဲခတ်ပြီး ရှန်လျန် အစ်ကိုကြီးနဲ့တွေ့ရန် အလျင်မလိုတော့ချေ။ 


"စားစရာ စီစဉ်ထားပြီးပါပြီ၊ လျန်လျန့်ကို စားပွဲထိ ကျွန်တော် ပွေ့ခေါ်သွားပေးပါ့မယ်"


ရှန်လျန် ဗိုက်ဆာသည်ဟု ကြား သော် ယောင်းကွမ်က ခေါင်းငြိမ့်ရင်း ပွေ့ချီသွားရန်ပြင်သည်။ ရှန်လျန်က အမြန် လက်ခါယမ်းလိုက်ပြီး...


"အာ... ငါအဲ့လောက်ထိ မပျော့ပါဘူး၊ ဘေးက နေ တွဲ‌‌ကူပေးရင်ရပြီ"


"ဟုတ်ကဲ့"


အပြာရောင် အပေါ်ဝတ်ရုံကို ရှန်လျန်၏ကိုယ်ပေါ်မှာ လွှမ်းခြုံ ပေးလိုက်ပြီး အိပ်ခန်းအလယ်ရှိ စားပွဲသို့ တွဲခေါ် လာပေးသည်။ 



 စားပွဲပေါ်တွင် သပ်သပ်လွတ်ဆန်ပြုတ်အိုး တစ်အိုးချထားသည်။ ပေါက်စီငယ်နှင့် တွဲစားရန် ချက်ထားသော ဟင်းနှစ်လည်းရှိသည်။ ဆေး သောက်ရန် အဆင်သင့်ကြိုထား သော ဆေးရည် လည်းရှိ၏။ ရှန်လျန် နှာရှုံ့လိုက်ပြီး တစ်ကျိုက်ထဲ မော့သောက်သည်။ 


ယောင်းကွမ် ထည့်ပေးသော ဆန်ပြုတ်ပန်းကန်ကိုယူပြီး ရှန်လျန်မေးသည်။ 


"ယွမ်ရွှင်းကို မတွေ့ ပါလား"


ပုံမှန်ဆိုရင် သူနိုးလာတဲ့အထိ ဘေးမှာ စောင့်နေ ပေးတတ်သူမဟုတ်လား ။


"ရန်သူ တွေ အလစ်ဝင်တိုက်လို့ သခင်က ဟော်စစ်သူကြီးနဲ့ စစ်တိုက်ထွက်သွားပါတယ်"


ချူးတိုင်းပြည်ကလား?


ရှန်လျန်အတွေးနက်သွားသဖြင့် စားလက်စအရှိန် နှေးသွားသည်။ အရင်ဘဝမှာ ချူးတိုင်းပြည်ရဲ့ ဗိုလ်ချုပ်က အစ်ကိုကြီးရဲ့အလောင်းကို မြို့တံတိုင်းမှာ တွဲလောင်း ချိတ်ဆွဲထားခဲ့သည်ကို ကောင်း ကောင်းမှတ်မိသေး၏။ ဒီအချိန်ဆို စစ်ပွဲကြီးကပြီးသင့်နေပြီ ၊ဘာကြောင့် ရုတ်တရက် ထတိုက်တာလဲ? အစ်ကိုကြီး အဆိပ်မိ နေတုန်း လျိုဝမ်ကျင်း ဒါမှမဟုတ် ဖေးယွမ်ရွှင်းက နာမည်ကောင်းဝင်ယူခဲ့တာများလား? အတိတ်နဲ့ ပစ္စုပ္ပန်က ဖြစ်ရပ်ချင်း အတော်တိုက်ဆိုင်သည် ။





 " ချူးတိုင်းပြည်က နှစ်တိုင်းကျူး ကျော် နေတာ၊ ဒီနှစ်ဆို ပိုပြီးတောင် အားကောင်းလာသေးတယ်၊ တော်သေးလို့ ကျွန်တော်တို့ ချင်ပြည်ထောင်မှာ ဟော်စစ်သူကြီးရှိ နေတာ၊ သူ့ကြောင့် မဟုတ်ရင် တာ့ချင်ရဲ့ နယ်စပ်တွေ ချူးလူမျိုးလက်ထဲ အများကြီး ပါသွားလောက်ပြီ"


‌ယောင်းကွမ်က သက်ပြင်းလေးလေးချ၏။ တာ့ချင်မှာရှိတဲ့ စစ်မှုထမ်းများရဲ့ စစ်ပညာက မ‌‌တော်တာ မဟုတ်ပါ၊ လက်ရှိ ဧကရာဇ်၏ အစွန်းရောက် သော အာဏာ ကြောက်မှု ကြောင့် ဖြစ်၏။ တိုင်းပြည်အတွက် အသက်စွန့်တိုက်ပေးသည်ကို ပုန်ကန်မည့်သူအဖြစ် သံသယဝင်ခံရမှာမျိုး မည်သူမှ မဖြစ်ချင်။ တိုင်းပြည်‌ အရေးက ထင်သလောက် မရိုးရှင်းချေ။ 


"သူ့ဘာသူ ဘယ်လောက် သန်မာပါစေ အဆုံးမှာ တာ့ချင်ကသာ အနိုင်ရလိမ့်မယ်"




 ချူးတိုင်းပြည်၏နံရံမှာ ရှန်တာ့၏အလောင်း ချိတ်ဆွဲခံထားရသည်ကို ဟော်ရဲ့လင်မြင်သော် အလောင်းကို ပြန်ရအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီးခါမှ တစ်ကိုယ်လုံးဒဏ်ရာရထားသည်အား ပျောက်သည်ထိ မကုသတော့ပဲ ချက်ချင်းစစ်ချီကာ ချူးတစ်တိုင်းပြည်လုံးအား ပြားနေအောင် ရိုက်ချသည်။ 


သုံး၊လေးနှစ်ခန့်ကြာသော် ချူးတိုင်းပြည်နဲ့ အနည်းငယ်လှမ်းသည့် ရှ ပြည်ထောင်က အင်အားအလုံးအရင်းနဲ့ ချူးကိုဝင်တိုက်သည်။ နှစ်ဝက်အတွင်းမှာပဲ စစ်အောင်နိုင်ပြီး ချူးတိုင်းပြည်ကို အပြည့်အဝ သိမ်းပိုက်လိုက်သည်။ သို့နှင့် ရှပြည်နယ်က အင်အားကြီးနိုင်ငံငါးခုထဲကတစ်ခုဖြစ်လာသည်။ 


ယခု ရှန်လျန် ပြန်လည် မွေးဖွားလာသောအချိန်တွင် ချူးတိုင်းပြည်အား ဖျက်ဆီးပစ်ရန် ရှပြည်ထောင်ကို သွေးထိုး၍ လည်းမရနိုင်ရာ ယခုထက်ပိုပြီးစုံစမ်းကာ သက်သေယူရန်လိုအပ်သည်။


"ဟုတ်တယ်"




ရှန်လျန်မှ ရုတ်တရက် ခက်ထန်တဲ့သဘောထားပြောင်းလဲသွားသဖြင့် ယောင်းကွမ် မျက်လုံးပြူးလျက် ရှန်လျန်၏ ဒေါသထွက်ရသည့်အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားနေရှာသည်။ 


"အဲ့တာတွေထားလိုက်ပါ၊ လေ့ကျန်း အပြင်မှာရှိနေလား!"

မျက်စိတစ်မှိတ်အတွင်း ခက်ထန်တဲ့အရှိန်အဝါက ပျောက်ကွယ်သွားပြီး ပုံမှန်မျက်နှာအမူအရာသို့ ပြောင်းလဲလိုက်သည်။ 


"ရှိပါတယ်သခင်"


လေ့ကျန်းအခန်းထဲသို့ ဝင်လာသည်။ ရှန်လျန်က အတူခေါ်ထိုင်ကာ မနက်စာစား စေသည်။ 


"ရှောင်ယွီရဲ့ အခြေအနေဘယ်လိုရှိလဲ"

မနေ့က ရှန်တာ့အပေါ်မှာပဲ စိတ်ကိုအလုံးစုံနှစ်မြှုပ်ထားတာမို့ ရှောင်ယွီကို လစ်လျူရှုမိသွားသည်။ ဘယ်လိုပဲ ဆွေမျိုးမတော်စပ်ပါစေ ညီအစ်ကိုလိုသဘောထားတာကြောင့် မည်သည့်မတော်တဆမှ မဖြစ်စချင်တာတော့အမှန်။ 


"အပေါ်ယံ ဒဏ်ရာပါပဲ၊ ထိခိုက်မိထား‌ပေမယ့် စိုးရိမ်စရာမရှိဘူး၊ ရက်နည်းနည်းလောက် အနားယူလိုက်တာနဲ့ ပျောက်သွားမှာ၊ကျန်းဝေက လိုအပ်တဲ့သွေးနည်းနည်းသွင်းပေးထားသေးတယ်၊ နောက် နှစ်ရက်ဆိုရင်ကို ခုန်ပေါက်လို့ရနေပါပြီ"




ရှောင်ယွီ သတိပြန်လည်လာချင်းချင်း ရှန်လျန့်ကို‌ပြေးတွေ့ဖို့ကြိုးစားတယ်လို့ကြားသဖြင့် လေ့ကျန်းမှာ ရယ်ရခက် ငိုရခက်ဖြစ်မိသည်။ သခင်က ထိခိုက်ဒဏ်ရာဆို မမြင်ချင်ဆုံးဖြစ်ရာ နာနာခံခံနဲ့ အိပ်ရာထဲ တစ်လ နှစ်လအိပ် မနေခိုင်းတာကပင် ဟုတ်လှပြီ။ 


"အပေါ်ယံဒဏ်ရာလား"


ရှန်လျန်က မယုံရေးချမယုံ၊ ရှမိ၊ ခတ်မိတာပဲဆိုရင် သူ့ဆီဘာလို့ လာ မတွေ့တာလဲ? သူစိုးရိမ်နေမှာစိုးလို့ လေ့ကျန်းက ဒီလိုပြောတယ်ဆိုရင် ရှန်လျန်ဆက်မေးမှာ မဟုတ်ပါ၊ အစ်ကိုကြီးကိုတွေ့ပြီးမှ ရှောင်ယွီဆီ သွားတွေ့လိုက်ပါတော့မည်။ 


"လေ့ကျန်း၊ ချူးတိုင်းပြည်ထဲက ငါတို့ လူတွေ ဘာသတင်းထူးရသေးလဲ"


စားသောက်ပြီးသော် ရှန်လျန်မေး၏ ။


"အထွေအထူးတော့ မရှိပါဘူး၊ သခင် အမိန့်ပေးစရာများရှိလို့လား"


သူ့ဘက်လှည့်ကာ လေ့ကျန်း ပန်းကန်နဲ့တူကို ချလိုက်သည်။ ရှန်လျန်က အနည်းငယ် တွေးဆနေပြီးမှ အန္တရာယ်ရှိစွာ မျက်ဝန်း‌များ ကျဉ်းမြောင်းလိုက်ပြီး...


"တစ်ကယ်လို့ ချူးတိုင်းပြည်ရဲ့ စစ်သူကြီး ကျောက်ချင်ကို ငါက လုပ်ကြံခိုင်းရင် မင်းတို့လုပ်နိုင်လား"


"ကျောက်ချင်?"


ချူးတိုင်းပြည်ရဲ့ စစ်ဗိုလ် တွေထဲက ထိပ်တန်းစစ်သူကြီးဖြစ်တဲ့ ကျောက်ချင်အကြောင်း တွေးမိပြီး လေ့ကျန်းမျက်ခုံးတွန့်သည်။ ယခုအချိန်မှာ ချူးလူမျိုးတွေနဲ့ တတိယအကြိမ်စစ်မက်ဖြစ်ပွားနေတာကြောင့် ထိုလူ သေချာပေါက် ပါဝင်ကွပ်ကဲမှာမလွဲ။ 


"ဘယ်လိုလဲ? သတ်နိုင်လား"


ရှန်လျန်ရဲ့ အသံက တိုးပေမယ့် လေသံထဲ ရက်ရက်စက်စက် သေစေချင်သည့် ဆန္ဒပါသည်။ ထိုနှစ်က ရှန်တာ့ရဲ့ အလောင်းကို လှောင် ပြောင် ချိတ်ဆွဲသူတွေထဲ ကျောက်ချင်လည်း ပါသည်ဟု သိခဲ့သည်။ လူပုံအလယ် အစ်ကိုကြီးကိုအရှက်ခွဲသူမှန်း အတိအကျသိနပါလျက် လွှတ်ထားပေးရန်ကားမဖြစ်နိုင်။ 




 "ပြဿနာ မရှိပါဘူး"


ရှန်လျန်၏ သဘောထားကြောင့် လေ့ကျန်း လေးလေးနက်နက် အာမခံသည်။ အရိပ်တပ်ဖွဲ့ရဲ့အကျွမ်းကျင်ဆုံးအလုပ်က လုပ်ကြံသတ်ဖြတ်ခြင်းပင်ဖြစ်၏။ 


"ကောင်းတယ်၊ အချိန်သုံးရက်ပဲရမယ်"


ပြဿနာမရှိဘူးဆိုမှ တော့ လုပ်နို‌င်လို့ပဲဖြစ်မည်။ လေ့ကျန်းက မသေချာပဲ အာမခံမည့်သူမဟုတ်ပါ၊ ရှန်လျန်ထရပ်လိုက်ပြီး ယောင်းကွမ်၏အကူအညီဖြင့် အိပ်ရာ ဘေးမှာထားထားတဲ့ ဆေးအိတ်ထဲက ပုလင်းငယ်နှစ်လုံးကိုထုတ်လာသည်။ 


"အနီရောင်က ငါကိုယ်တိုင်ဖော်စပ်ထားတာ၊ လက်နက် ပေါ်မှာ သုတ်လိမ်းတဲ့အဆိပ်၊ အဖြူက ဖြေဆေး၊ ကိုယ့်လူ တွေ တစ်ယောက်မှ မသေစေနဲ့၊ ကိစ္စပြီးတာနဲ့ ပြန်ခဲ့၊ ငါလိုချင်တာ ကျောက်ချင်ရဲ့အ‌လောင်း! မင်းတို့ရဲ့အသက်မဟုတ်ဘူးဆိုတာ မှတ်ထား"



 "စိတ်ချပါ သခင်"


အရိုအသေပြုကာ လေ့ကျန်းထွက်သွားသည်။ ယောင်းကွမ်၏ စိုးရိမ်တကြီး အကြည့်က လေ့ကျန်းနောက်လိုက်ပါသွားလျက်။ ကျောက်ချင်ဆိုတဲ့ လူက သာမာန် စစ်သူကြီး မဟုတ်၊ အလွယ်တကူလုပ်ကြံရန်ကား မလွယ်ကူနိုင်။ လေ့ကျန်းတော့ အတော်အုန်းစားတာ့မှာပဲ။ 


"ယောင်းကွမ် ယောင်းကွမ်!"

ရှန်လျန် အဝတ်လဲပြီး ပြန်လှည့်လာသော်လည်း ယောင်းကွမ်က စားပွဲနားမှာ ယောင်နနနဲ့ ရပ်နေဆဲ။ သို့နှင့် ရယ်ချင်လျက်က အကြိမ်အနည်းငယ် အော်ခေါ်လိုက်ရသည်။ 


"ဟင် ? လျန်လျန်ခေါ်လိုက်တာလား"


သတိပြန်ဝင်လာပြီး အူကြောင်ကြောင်နဲ့ မေးလာတာ ကြောင့် ရှန်လျန် အသာပြုံးမိသည်။ ပခုံးပေါ် ပုတ်ကာ နှစ်သိမ့်စကား ပြောပေးဖြစ်သည်။ 


"ငါ့ရဲ့ အရိပ်တပ်ဖွဲ့ ခေါင်းဆောင်ကို စိုးရိမ် နေတာလား သူအောင်မြင်မှာပါ၊ လေ့ကျန်းက ကိုယ်ခံပညာတော်တယ်၊ အရာအားလုံးမသိသေးရင်တောင် အခြေအနေကိုနားလည်တတ်တဲ့သူပဲ၊ လုပ်ကြံလို့မအောင်မြင်လည်း အန္တရာယ်ကင်းကင်းနဲ့ တပ်ပြန်ဆုတ်လာနိုင်တယ်"



"ဘယ်သူက စိုးရိမ် နေလို့လဲ၊ ကျွန်တော်က ဒီတိုင်း ..... အဲ့တာ..စစ်ပွဲအကြောင်းတွေးနေလို့"


ယောင်းကွမ် စဉ်းတောင်မစ‌‌ဉ်းစားပဲ ဘူးခံငြင်းသည်။ သူကဘာကိစ္စ သစ်သားတုံးကိုစိုးရိမ် ပေးရမှာလဲ? ဟမ့်! မသေတာ ကောင်းတယ်၊ မဟုတ်ရင် နာရေးတက်နေရဦးမယ်။


"ဟုတ်လို့လား?"


အဓိပ္ပာယ်ပါပါကြည့်ပြီး ရှန်လျန် စကားခေါင်းစဉ် ပြောင်းရန်ပြင်စဉ် မျက်လုံးထောင့်မှ လူတစ် ‌ေယာက်ကို လှမ်းမြင်လိုက်သည်။ ဖေးယွမ်ရွှင်းက အဖြူရောင်ဝတ်ထားတာကြောင့် ခရမ်းရောင်ကလွဲရင် တခြား အရောင်ဝတ်တာ ပထမဆုံးအကြိမ်မြင်ရခြင်းပင်။ ခရမ်းရောင်က လွှမ်းမိုးနိုင်ပြီး အဆင့်အတန်းမြင့်သည်ဟုဆိုလျှင် အဖြူရောင်ဝတ်ရုံနှင့် မြင်ရခြင်းကအတော် ချောမောပြီး မြင့်မြတ်သည့် ဟန်အသွင်ရသည်။ နတ်ဘုရားတစ်ပါးလို အသွင်အမျိုးမျိုးနှင့် ကြည့်ကောင်းလွန်း သောသူပင်။ 



 "ဘာဖြစ်လို့လဲ"


သူ့အား ငမ်းနေတဲ့ရှန်လျန့် မေးဖျားကိုအသာပင့်မကာ ဖေးယွမ်ရွှင်းစ‌ေနာက်သည်။ ရှန်လျန်က လက်ကိုသူ့ပခုံးပေါ်ဆွဲတင်လိုက်ပြီး ကိုယ်တိုင်က ရင်ခွင်ထဲ ခိုဝင်သည်။ 


"နိုးလာတော့ ခင်ဗျားက မရှိဘူး၊ မရီးနဲ့ စစ်တိုက်သွားတာဆို"


တာ့ကောက နေမကောင်းသေးဘူးဆိုတော့ ဟော်ရဲ့လင်နဲ့အတူ ယွမ်ရွှင်းလိုက်သွားတာက ပုံမှန်ဖြစ် သော်လည်း သမီးရည်းစားသဘာဝအလျောက် သတိရလာချင်း ချစ်ရသူကို မမြင်သဖြင့် အလိုမကျစွာ ဂျစ်ချင်မိရုံ။ 


"အစ်ကိုနှစ်နဲ့ တိုင်ပင်ကြည့်လိုက်တာ၊ ကိုယ်တို့နှစ် ယောက်တူတူ ရန်သူရဲ့ အားနည်းချက်ကိုဖိပြီး စစ်ပွဲမြန်မြန်အဆုံးသတ်လိုက်မလို့၊အနည်းဆုံးနှစ်နှစ် သုံးနှစ် လောက် ချူးတိုင်းပြည်က လာမကျူးကျော်ရဲ အောင် အပြတ်ဆော်မှာ"


ကိုယ်တိုင် စစ်မြေပြင် ရောက်လာမှတော့ စစ်ပွဲကိုအချိန်ကြာအောင် မဆွဲတော့ပဲ ဝင်တိုက်ခြင်းဖြစ်သည်။ 



 ချူးလူမျိုးတွေက သေချင်နေမှတော့ ဆန္ဒဖြည့် ပေးရတာ ပေါ့။


"ကျောက်ချင်ကို လုပ်ကြံဖို့ ခုနကပဲ လေ့ကျန်းကို လွှတ်လိုက်တာ၊ ခင်ဗျားရဲ့ အစီအစဉ်ကို နှောင့်ယှက်သလိုဖြစ်သွားလား"


ရှန်လျန်က သူ့လုပ်ရပ်က အတားအဆီးဖြစ်နေမှာ ကိုစိုးရိမ်မိသွား၏။ 


"ကျောက်ချင်?"


ဖေးယွမ်ရွှင်း မျက်ခုံးပင့်သည်။ ဦးဆောင်တဲ့စစ်သူကြီးက ဟယ့်ချန်ဖုန်းလေ၊ ဘယ်လိုလုပ် ကျောက်ချင်ကို သွားလုပ်ကြံရတာပါလိမ့်?


"အင်း သူက ရုပ်ဆိုးတယ်လို့ကြားလို့၊ သူ့ကိုမကြိုက်ဘူး"



 ရှန်လျန်က ခေါင်းငြိမ့်ပြီး ဆင်ခြေပေးသည်။ ဖေးယွမ်ရွှင်းက ကျယ်ကျယ်လောင်လောင် အော်ရယ်ပြီး..


"ဒါဆိုရင်တော့ သူ

တစ်သက်လုံး ကြောက် ကြောက်လန့်လန့်နဲ့ နေရတော့မှာပဲ"


ယောင်းကွမ်လည်း ဘေးကနေရင်း လိုက်ရယ်သည်။လျန်လျန်သာလျှင် သခင့်ရှေ့မှာ ကျိုးကြောင်းမသင့်တဲ့ စကားတွေ ပြောရဲသည်။ 


2609 words

Grape 🍇 




There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (2)
BiBi26

1 year ago

Update ပေးလို့ကျေးဇူးတင်ပါတယ်

Theory

1 year ago

လျန်လျန်နဲ့သူ့အကိုကြီးကို ေတွ့စေချင်လှပြီ