'လူတွေကိုကယ်တင်မယ့် နတ်ဘုရားတစ်ပါး'
သာယာသောနေ့တစ်နေ့ဖြစ်၏။ကောင်းကင်တွင် အဖြူရောင်တိမ်စိုင်ကြီးတွေက ငါးပူတင်းဗိုက်လို ဖောင်းဖောင်းအုံအုံစုနေသည်။ အလုပ်သမားများကဆိုင်ရှေ့တွင် ကြီးမားသော အဖီဆွဲကာ ဆန်ပြုတ်ပူပူဝေရန်ပြင်သည်။ အနီးနားရှိ ဒုက္ခသည်တွေလည်း တဖြည်းဖြည်းစုရုံးလာတာကြောင့် ရန်ထျန်းယွီ၏လူများက အဆင်သင့်ပြင်ထားတဲ့ ဝါးနံပါတ်ချောင်းလေးတွေကို ဝေပေးရင်း နေ့တိုင်း နံပါတ်အလိုက် အကန့်အသတ်ဝေပေးမည်ဖြစ်ကြောင်း တစ်ပါတည်းရှင်းပြ၏။
ထည့်စရာခွက်များ၊ ဆန်ပြုတ်အိုးများ နှင့်ပေါက်စီပူပူများ အဆင်သင့်ပြင်ရင်းအလုပ်ရှုပ်နေကြသည်။ စားပွဲများကို သုံးမီတာရှည်အောင်ဆက်ထားပြီး ထည့်စရာခွက်များစွာ စီစီရီရီ တင်ထားသည်။ ဆန်ပြုတ်ပူပူက အငွေ့တထောင်းထောင်းထနေပြီး ပြောင်းနံ့မွှေးသည့်ေပါက်စီရနံ့က လေထုထဲ ပျံ့နှံ့လာသည်။
မနက်သုံးနာရီတွင် နံပါတ်ချောင်းတွေ ကိုင်ကာ ရန်ထျန်းယွီ၏လူတွေ စီစဉ်ပေးတဲ့အတိုင်း ဒုက္ခသည်တွေက တန်းစီလိုက်ကြသည်။ ပေါက်စီပူပူရှိရာ တမျှော်မျှော် ကြည့်ကာ တံတွေးအကြိမ်ကြိမ် မျိုချမိကြ၏။ နံပါတ်ကဒ်မရတဲ့သူတွေက အချင်းချင်း မျက်စပစ်ကြရင်း ပြဿနာရှာချင်ကြပေမယ့် နောက်တော့ သူတို့လို ဒုက္ခသည်တွေကို ကူညီဖို့မှန်း သိသွားကြပြီး ပြန်လည် ငြိမ်ကျသွားသည်။
"လာပြီဟေ့၊ ရှန်ကျိုးသခင်လေးတို့လာပြီ"
နောက်တစ်နာရီခန့်ကြာပြီးနောက် လှည်းနှစ်စီးက ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်ကြသည်။ အလုပ်ရှုပ်နေသူတွေလည်း လုပ်လက်စရပ်လိုက်ကြပြီး ဒုက္ခသည်တွေနည်းတူ သူတို့ဆီ လှမ်းကြည့်လာကြသည်။ အရှေ့ရထားလုံးမှ ရှဲ့ယန်၊ရန်ထန်းယွီနဲ့ ဝေထန်တို့ ခုန်ဆင်းလာပြီး ရှန်ကျိုးနဲ့ ရှန်လျန်က နောက်ရထားလုံးထဲက ခုန်ဆင်းလာသည် ။ ငါးဦးစလုံးက ချမ်းသာတဲ့ သခင်လေးတွေဖြစ်ကြသော်လည်း ယနေ့မှာတော့ အကုန်လုံးက သာမာန်အဝတ်အစားကိုသာ ဝတ်ဆင်ထား၏။
ပုံမှန် ခန္ဓာကိုယ်တွင် ဆင်ယင်နေကြဖြစ်သော လက်ဝတ်လက်စားများကို ချွတ်ထားခဲ့ကြသည်။ ထိုသို့ သာမာန် အရပ်သားဆန်စွာ ဆင်ယင်လာသော်လည်း ကိုယ်ဟန်အနေအထားမှာတော့ ကြည့်ကောင်းနေဆဲ။
"အဲ့ဒါ ရှဲ့အကြီးအကဲရဲ့ အချစ်တော်မြေး မဟုတ်လား၊ တစ်ဦးတည်းသောမြေးလို့ကြားတယ်နော်၊ သူဘယ်လိုပုံစံ ဝတ်လာလာ အရှိန်အဝါက သာမာန်လူတွေနဲ့ တူကိုမတူတာ၊ နာမည်သာကြားဖူးတာ ခုမှ အပြင်မှာ မြင်ဖူးတာပဲ"
အရင်ဆုံးမြင်တဲ့သူကို သူတို့ရဲ့ပထမဆုံးအမြင်အကြောင်း တီးတိုးပြောဆိုကြလေသည်။
"ဟေး မင်းတို့တွေ့လား၊ အဲ့ဒါ လင်အန်းအိမ်တော်က ဒုတိယသားလေ၊ သူ့အစ်ကိုက ပြီးခဲ့တဲ့ စာမေးပွဲမှာ ပထမချိတ်တာလေ"
"အဲ့ဒီလောက် လှတဲ့သူကတော့ သေချာပေါက် တုံးလင်အိမ်တော်က ရှန်လျန် သခင်လေးဖြစ်မှာပဲ"
"ရှန်သခင်လေးက တစ်ကယ့်စံပဲဟေ့ မျက်နှာလေးက ပန်းချီဆွဲထားသလိုပဲ လှချက်၊ ချင်ဖင်းမြို့စားမင်းက ဇနီးလှလှလေးရတာ တစ်ကယ် ကံကောင်းတာပဲဟေ့"
"ရှန်သခင်လေးက လှလည်းလှ၊ စိတ်ထားကလည်းဖြူစင်မှတော့ မြို့စားမင်းနဲ့ပဲ လိုက်ဖက်တော့မှာပေါ့"
သခင်လေးငါးယောက် ပေါ်လာတာနဲ့ နေရာတိုင်းက စကားပြောဆိုသံတွေ ဆူညံနေသည်။ အထူးသဖြင့် များမကြာမီက မုန်တိုင်းထန်ခဲ့သည့် သတင်းများအရ ရှန်လျန့်အကြောင်းက လူပြောများဆုံးဖြစ်ခဲ့၏။ တစ်ဦးချင်းစီတိုင်းက ခေါင်းစဉ်တစ်မျိုးစီနှင့် သိထားသည့်အကြောင်းအရာမျိုးစုံက်ို ပြန်လည် မျှဝေနေကြသည်။ ရှန်မိသားစုဝင်တွေကို ပြစ်တင်သည့် သူများလည်း သေချာပေါက် ရှိ၏။
"အားလုံးပဲ တိတ်ဆိတ်ပေးကြပါ"
သခင်လေးငါးဦးက စားပွဲရှည်၏အရှေ့ဘက်တွင် တန်းစီရပ်လိုက်ကြသည်။ ရန်ထျန်းယွီ အချက်ပြလိုက်တာနဲ့ ငယ်သားတစ်ယောက်က ရှေ့ထွက်ကာ လူအုပ်ကို ထိန်း၏။ တစ်ခုခုပြောစရာရှိမှန်း သိကြတာကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ကျသွားသည်။ ထိုအခါမှ ရှဲ့ယန်က ရှေ့တက်ကာ..
"ဒီနေ့ ဒီမှာ ရှိနေတာ တုံးလင်အိမ်တော်က ရှန်လျန်၊ လင်အန်းအိမ်တော်က ရှန်ကျိုး၊ ရာဇဝတ်အုပ်ချုပ်ရေးမင်းအိမ်တော်က ရန်ထျန်းယွီ၊ လူမှုဝန်မင်းအိမ်တော်က ဝေထန်နဲ့ ကျွန်တော်ပါ၊ အခုဆို ချင်တိုင်းပြည်က မြို့နယ်အနှံ့ ရေကြီးရေလျှံဖြစ်ပြီး စားစရာရှားပါးပြတ်လပ်လာပါတယ်၊ ကျွန်တော်တို့ငါးယောက်ထဲရဲ့ အင်အားနဲ့ ဒုက္ခရောက်နေတဲ့သူအကုန်လုံးကို ဂရုစိုက်ပေးဖို့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့က တတ်နိုင်သမျှ အကောင်းဆုံး ကူညီသွားမှာပါ၊
ကျွန်တော်တို့ချင်းဆွေးနွေးပြီးတော့ ဆန်ပြုတ်နဲ့ပေါက်စီဝေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ပြီးတော့ ရှန်သခင်လေးရဲ့ ဆေးပညာနဲ့ ဖျားနာသူတွေကို နေ့တိုင်း ဆေးကုပေးဦးမှာပါ၊ ကျန်းမာတဲ့သူတွေက နံပါတ်ေချာင်းယူစရာမလိုပါဘူး၊ သာမာန်နှာစေး၊ချောင်းဆိုးပဲဖြစ်ရင်တော့ ဆန်ပြုတ်ပူပူသောက်ပြီး ပြန်အားဖြည့်လိုက်ပါ၊ တစ်ကယ်လို့ ကျွန်တော်တို့ ပေးဝေဖို့အစားအစာက အကန့်အသတ်ရောက်သွားရင်အားလုံးပဲ နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်၊ မရလိုက်တဲ့သူတွေကို ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းပြီး၊ ကျန်းမာရေး ကောင်းစေမယ့် ဆေးဖက်ဝင်လက်ဖက်ရည် တိုက်မှာပါဗျ"
"ဖြောင်းဖြောင်းဖြောင်းဖြောင်း!"
"ရှဲ့သခင်လေး ပြောတာ ကောင်းတယ်"
"ကျေးဇူးတင်ပါတယ် သခင်လေးတို့"
"ကျေးဇူးတင်လိုက်တာ"
"ကျေးဇူးအများကြီး တင်ပါတယ်"
စကားဆုံးသွားတာနဲ့ လက်ခုပ်သံက ဟိန်းထလာသည်။ လူတိုင်းစိတ်လှုပ်ရှားနေကြပြီး သခင်လေးငါးယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ လူတွေကို ကူညီနိုင်တာမို့ အရမ်းဝမ်းသာမိသလို ပထမဆုံးခြေလှမ်းက ထင်သလောက်မဆိုးတဲ့အခါ ပျော်ရွှင်မိကြသည်။
"လူတိုင်းပဲ တိတ်ဆိတ်ပေးကြပါ"
ရှန်လျန်က ထရပ်လိုက်ပြီး စိတ်အေးအေးထားရန်အချက်ပြသည်။
"ဆန်ပြုတ်မဝေခင် ကျွန်တော် အရေးကြီးတဲ့အချက် တစ်ခု ပြောပြချင်ပါတယ်၊ လက်ရှိ ကုန်ဈေးနှုန်း အခြေအနေကို လူတိုင်းလည်း သိပြီး ဖြစ်မှာပါ၊ တစ်ရက်ထက် တစ်ရက် ဈေးတက်လာနေပြီး ဈေးဝယ်ဖို့တောင် အခက်အခဲ ဖြစ်ရတဲ့အထိပါပဲ၊ ဒီလိုအချိန်မှာ အကူအညီပေးနိုင်အောင် လိုအပ်တဲ့အစားအစာတွေကို လျှော့ဈေးနဲ့ အချိန်အကြာကြီး ရောင်းချပေးမယ့် မုရုန်မိသားစုကို ကျေးဇူးအထူးတင်ပေးကြပါ၊ မုရုန်မိသားစုက ထပ်မံပြီး ဒုက္ခသည်တွေအတွက် ဆန်ညိုအိတ်ပေါင်းတစ်သောင်း၊ ပြောင်းမှုန့် ဂရမ်ချိန် နှစ်သန်းကိုလည်း အခမဲ့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်၊
မုရုန်မိသားစုရဲ့ ကြင်နာမှုကို ကျေးဇူးတင်ကြပါ၊ ကျွန်တော်တို့အတူ အခက်ခဲဆုံးအချိနကာလကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ အားတင်းထားကြပါ"
"ဖြောင်းဖြောင်းဖြောင်းဖြောင်း"
ဤအခိုက်အတန့်တွင် လူထုက မုရုန်မိသားစု၏ သဘောထားပြည့်ဝမှုကို သောင်းသောင်းဖြဖြချီးမွှမ်းထောပနာပြုကြသည်။
တတိယအနေနဲ့ ရှေ့ထွက်သူက ရှန်ကျိုးဖြစ်သည်။
"ရှေ့ကသခင်လေးတို့နှစ်ယောက် အားလုံးပြောပြခဲ့ပြီးပြီ ဖြစ်လို့ ကျွန်တော်ရှည်ရှည်ဝေးဝေး ပြောပြီး အချိန်မနှောင့်နှေးစေတော့ပါဘူး၊ အားလုံးပဲ အစားအစာဝေရင် ပေးထားတဲ့ နံပါတ်ကဒ်နဲ့ အတူ တန်းစီပါ၊ မတိုးကြပါနဲ့၊ ဝါးချောင်းမရတဲ့သူတွေကလည်း စိတ်ဓာတ်မကျကြပါနဲ့၊ ကျွန်တော်တို့ နေ့တိုင်းဝေပေးမှာပါ၊ နောက်ပိုင်း အလှူငွေရရင် ပိုပြီး များများ ချက်ကျွေးဦးမှာပါ၊ သမားတော်ပြချင်တဲ့သူတွေက ဘယ်ဘက်မှာ တန်းစီပါ၊ ရှန်သခင်လေး ကိုယ်တိုင် ကြည့်ရှုပေးပါလိမ့်မယ်"
တစ်ခဏအကြာမှာတော့ စားစရာပေးဝေခြင်းစတင်သည်။ သေချာ ပြင်ဆင်ထား၍ပဲလား၊ ဆူပူသောင်းကျန်းခြင်းမရှ်လို့ပဲလား၊ နာမည်ဂုဏ်သတင်းမွှေးသည့် သခင်လေးများဦးဆောင်၍လား ၊ စစ်သည်အချို့နဲ့ ရန်ထျန်းယွီ၏ ငယ်သားတွေ ထိန်းသိမ်းမှုကောင်း၍လား မပြောတတ်ချေ၊ အရာရာက စီစဉ်ထားသည့်အတိုင်း ချောမွေ့နေသည်။ ဝါးချောင်းရတဲ့သူတွေက ဆန်ပြုတ်တစ်ပန်းကန်နဲ့ ပြောင်းဖူးပေါက်စီရသည်။ သေချာစီစဉ်ထား၍ ဝေပေးသည့် အစားအစာ များက ဗိုက်ပြည့်စေသောအခါ ဒုက္ခသည်များက ဝမ်းသာလွန်း၍ ဆန်ပြုတ်သောက်ပြီးသည်နှင့် နောက်လူတွေ ပြန်အသုံးပြုနိုင်ရန် ပန်းကန်ကိုယ်တိုင်ဆေးပေးပြီး ဘေးဘက်မှာ ထားပေးလေသည်။
"အဖိုး ပါးစပ်ဟပါဦး၊ ကျွန်တော် ကြည့်ပေးပါရစေ"
မလှမ်းမဝေး စားပွဲရှည်တွင် ရှန်လျန်က နေရာတကျ ထိုင်လျက် ဒုက္ခသည်တွေကို အနည်းငယ်မျှသော ရွံရှာခြင်းမပြပဲ တစ်ဦးချင်းစီတိုင်း၏ သွေးကြောကိုစမ်းကြည့်ပေးသည်။ ရှန်ကျိုးက ဘေးဘက်ကနေ ကူညီပေးသည်။ နှစ်ယောက်သား လိုက်လျောညီထွေ ဖြစ်သလို ၊အစားအစာဝေတဲ့ အပိုင်းမှာလည်း ရှဲ့ယန်တို့ သုံးယောက်က တိုင်ပင်ကိုက်နေကြသည်။ ဆန်ပြုတ်ထည့်ပေးသူ၊ ကမ်းပေးသူ၊ ပေါက်စီဝေပေးသူနှင့် အထူးသင့်လျော်နေလေသည်။
"ဒါက ရက်အတော်ကြာ အစားမစားရတဲ့အပြင် လေစိမ်းကြောင့်အအေးမိပြီး အဖျားက မကျတာပါ၊ ဒီက ရှန်ကျိုးသခင်လေးနဲ့ လိုက်သွားပါအဖိုး ၊ ဆန်ပြုတ်နဲ့ ဆေး တွဲသောက်လိုက်နော် ကောင်းသွားမှာပါ"
"ရှန်သခင်လေးက နတ်ဘုရားပဲ၊ ကျေးဇူးပါ"
အဖိုးအိုက ထရပ်ရင်း ကျေးဇူးတင်လေ၏။ ရှန်လျန် ပြုံးပြလိုက်သည်။ ရှန်ကျိုးက ဆန်ပြုတ်ပန်းကန်လှမ်းပေး၏။
"ဖိုးဖိုး ဖြည်းဖြည်သောက်ပါ"
"ကျေးဇူးနော်"
အဖိုးအိုက မျက်ရည်ဝေ့လျက် ဆန်ပြုတ်သောက်နေစဉ်အတွင်း လောကကြီးထဲ လူကောင်းတွေ ကျန်သေးတာပဲ ဟူ၍ တွေးမိတော့သည်။
"ရှန်သခင်လေး. သခင်လေး... ကျုပ်ရဲ့ ဇနီးကို ကယ်ပါဦးဗျာ... မနေ့ညသန်းခေါင်လောက်က အဖျားအရမ်းတက်ပြီး မနက်ရောက်တော့ သတိလစ်သွားတော့တာပဲ"
အဖိုးအိုပြန်သွားပြီးနောက် အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး က မိန်းကလေးတစ်ဦးကို ကူတွဲလျက် ရောက်လာသည် ။ လူနာ၏မျက်နှာက ဝါထိန်လျက် ခန္ဓာကိုယ်က ပိန်ပါးသည်။ သူတို့ပုံစံကိုမြင်တော့ တန်းစီနေသူတွေလည်း အထွန့်မတက်ပဲ နေရာဖယ်ပေးလိုက်ကြသည်။
ရှန်လျန်နဲ့ ရှန်ကျိုးက စားပွဲကို ခပ်သွက်သွက် ရှင်းလိုက်ပြီး လူနာကို အပေါ် တင်စေသည်။ သွေးကြော စမ်းသပ်ကြည့်ပြီးတာနဲ့ ရှက်ရွံ့တွန့်ဆုတ်မနေပဲ အမျိုးသမီးရဲ့ အဝတ်ကို အနည်းငယ် ဖွင့်ဟလိုက်ကာ ခန္ဓာက်ုယ်တွင်းသို့ ငွေရောင်အပ်ကို တိတိကျကျထိုးစိုက်လိုက်သည်။ ဤလုပ်ရပ်ကို မြင်သူတိုင်း အသက်အောင့်မိသွားကြသည်။
"ဟင်း..."
ငွေရောင်အပ်ကို ဆွဲထုတ်လိုက်သည်နှင့် အမျိုးသမီးဆီမှ မျက်ခုံးကြုံ့ရင်း မသဲမကွဲ ငြီးသံထွက်လာသည်။ ထို့နောက် မျက်လုံးတွေ ဖြည်းညင်းစွာပွင့်လာတော့၏။
"ကျင်းဟွာ ကျင်းဟွာ သတိရလာပြီလား"
ထိုလူက စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးတွေ တောက်ပလာသည်။ ချစ်ဇနီးက ပြန်လာနိုးထလာတာကြောင့် ဝမ်းသာမျက်ရည် သွင်သွင်ကျနေသည်။ ရှန်လျန်နဲ့ ရှန်ကျိုးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နှစ်သိမ့်စကားပြောလိုက်ရ၏။
"ဒီက အစ်မရဲ့အဖျားက နည်းနည်း ပြင်းထန်ပါတယ်၊အစားမစားရတာလဲပါတော့ အားနည်းပြီး မူးမေ့လဲသွားတာပါ၊ နောက်ရက်တွေ သူ့ကို တစ်ရက်နှစ်ကြိမ် ခေါ်လာပြီး ဆန်ပြုတ်နဲ့ ဆေးလာတိုက်ပါ၊ တစ်ပတ်လောက်ဆို နေကောင်းပါပြီ၊ အခု ရှန်ကျိုးနောက်လိုက်သွားလိုက်ပြီး အစာစား၊ ဆေးသောက်ပါ"
"ရှန်သခင်လေး ကျေးဇူးပါ၊ ရှန်သခင်လေး ကျေးဇူးတစ်ကယ် တင်ပါတယ်"
လူရွယ်က ဇနီးကိုပွေ့ဖက်ကာ သူ့အားကျေးဇူး အကြိမ်ကြိမ်တင်၏။ ရှန်ကျိုးပင် ရင်ထဲ ထိလျက် မျက်ခမ်းစပ်က နီရဲလာသည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဆန်ပြုတိုက်ရန် တစ်ဖက်သို့ခေါ်သွားလိုက်သည်။
"ရှန်သခင်လေးက တစ်ကယ့်သမားတော်ပဲ၊ လူတွေကိုကယ်တင်ပေးမယ့် နတ်ဘုရားတစ်ပါး"
"မှန်တယ်၊ ရှန်သခင်လေးက လူကောင်း!"
"ရှန်သခင်လေး..."
ကုသရေးဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့သူတိုင်းက ချီးမွှမ်းထောပနာပြုကြသည်။ ဤသို့ဖြင့် သခင်လေးငါးဦး၏ကူညီကယ်ဆယ်ရေး သတင်းက သာမာန်ပြည်သူတွေကြားထဲ အလျင်အမြန်ပဲ ပျံ့နှံ့သွားတော့သည်။ တစ်ချိန်တည်းမှာပဲ မုရုန်မိသားစုကို ထုတ်ဖော်ပြောကြားခဲ့တာကြောင့် မုရုန်ရဲ့ ဂုဏ်သတင်းက မွှေးပျံ့နေပြီး လူကောင်းအဖြစ် နာမည်ကျော်ကြားလာသည်။
"အစာရေစာ ဝေပေးတယ်ပေါ့"
ရှန်ချင် ဒီအကြောင်းကြားတော့ အပြုံးကြီးကြီးပြုံးလိုက်သည်။ အစက အမြဲ လစ်လျူရှုခံရတဲ့သူ့ရဲ့ ငတုံးညီငယ်တစ်ယောက် စောစောစီးစီးထပြီး ငမွဲတစ်ကောင်လို ဝတ်စားသွားတော့ သိချင်နေခဲ့တာ၊တစ်နေကုန် ထွက်သွားပြီး တစ်ခုခုသွားလုပ်နေတာပဲ!
"ဟုတ်ကဲ့၊ လူတွေက လင်အန်းအိမ်တော်က ဒုတိယသားဆိုပြီး သူ့ကို တော်တော် ချီးကျူးနေကြပါပြီ"
"သူတစ်ယောက်ထဲ ဒီလောက်ကြီးတဲ့ကိစ္စ လုပ်တတ်မှာတဲ့လား၊ ရှစ်ဆယ်ရာခိုင်နှုန်းက လျန်လျန်နဲ့ ရှဲ့ယန် ဦးဆောင်တာပဲ ဖြစ်မှာပေါ့"
ဒီလိုပြောမှ ရှေ့ရက်က သူ့ဆီ ငွေလာချေးတာ ကိုသတိရသွား၏။ ရှန်ချင် မတတ်နိုင်စွာ ရယ်ချင်နေမိသည်။ အစတည်းက ကူညီဖို့လို့ပြောရင် ခက်ခဲအောင် ဘယ်လုပ်ခဲ့ပါ့မလဲ? ညီငတုံးလေး..
"သခင်လေး မှားနေပြီ၊ ဒီကိစ္စကို ဒုတိယသခင်လေးနဲ့ ရှန်လျန်က စခဲ့တာလို့ ပြောပါတယ်၊ သခင်လေးက အရင်ဆုံး ရန်ပုံငွေ မ တည်တဲ့သူတဲ့"
"ဟုတ်လား"
ရှန်ချင် မျက်ခုံးပင့်မိသည်။ အံ့ဩမှုတော့ မဖြစ်၊ ဒီလိုဆိုလည်း ရှန်လျန်ရဲ့ စနက်ပဲ ဖြစ်မှာပဲ..
"ညနေ စောစောပြန်ခဲ့ဖို့ သူ့ကိုသွားပြောလိုက်၊ ငါသူ့ကိုပြောစရာရှိတယ်လို့"
"ဟုတ်ကဲ့"
အခြွေရံထွက်သွားတာနဲ့ ရှန်ချင် အတွေးထဲနစ်ဝင်သွားသည်။ အလုပ်ဆက်လုပ်ရန်စိတ်မပါတော့ပဲ ထရပ်လိုက်သည်။ ရင်ထဲမှာ သိပ်ပြီး ရတက်မအေးချင်၊ ထိုအခိုက်အတန့် ရုတ်တရက် သတိရသွားသည်။
ရှေ့ရက်က သူ့ညီလေးပြောတာ ..ကျင်းရှီရန်ကိုသဘောကျတယ်တဲ့၊ လက်ထပ်ချင်တယ်တဲ့၊ နှစ်ယောက်က ပေါင်းစပ်ဖို့ မဖြစ်နိုင်တာကြောင့် သူနဲ့ အဖေက သဘောမတူခဲ့မိ၊ညီဖြစ်သူက ကျင်းရှီရန်လို ထက်မြက်ပြီး အရည်အချင်းရှိသူနဲ့ ပေါင်းဖက်သွားနိုင်ရင် ကောင်းပေမယ့် ပြဿနာက ဟွိုင်ရန်အိမ်တော်ဆိုတာ စစ်သည်မျိုးရိုးဖြစ်ပြီး အရင်က မင်းသားကြီးကို ထောက်ခံတဲ့သူတွေဖြစ်ေနသည်။အခုချိန်မှာ စစ်အင်အားက ဖိနှိပ်ခံထားရတယ်ဆိုပေမယ့် ဧကရာဇ်က သူတို့မိသားစုအပေါ် အယုံကြည်မရှိ၊ နောက်ဆုံးတစ်ခေါက် ဆန်ပို့ဆောင်တဲ့အချိန်ကလည်း အတော်လေး သံသယဝင်စရာကောင်းသည်။ေနာက်ပြီးလူအင်အားလုံလောက်ပါရဲ့နဲ့ ဧကရာဇ်က ဟွိုင်ရန်သားအဖကိုမှ ဝမ်ယွဲ့မြို့ဆီ စေလွှတ်သည်။ သူ့ညီသာ ကျင်းရှီရန်နဲ့ လက်ထပ်လိုက်ရင် ဧကရာဇ်ရဲ့ သံသယက သူတို့ လင်အန်းမိသားစုပေါ် တည့်တည့်ကျရောက်လာလိမ့်မည်။ ဟွိုင်ရန်အိမ်တော်ကိုစောင့်ကြည့်ဖို့ သူက ကြားနေသူလျှိုအဖြစ် ဧကရာဇ်က တာဝန်ပေးအပ်တာမျိုးတောင် လုပ်လာနိုင်သည်။
ဆက်စပ်တွေးတောကြည့်လိုက်ပြီး ရှန်ချင် ခေါင်းကိုက်သွားတော့၏။ ညီလေးက သဘောမပေါက်ပါ၊ ကျင်းရှီရန်ကို သဘောကျကြောင်း ပြောပြတဲ့အချိန်က သူ့စိတ်ထဲ အတည် မထည့်ထားပေမယ့် အခုဆို ညီလေးရဲ့နာမည်ဂုဏ်သတင်းက မွှေးပျံ့နေတာမို့ ပြည်သူတွေက ပိုအာရုံစိုက်လာပြီ၊
ဒီလိုဆက်လုပ်နေရင် ကျင်းရှီရန်နဲ့ ပိုဝေးသွားတော့မှာ ငါ့ညီ မသိဘူးလား?
2643 words
Grape 🍇
BiBi26
1 year ago
Update မျှော်နေပါတယ်🥹😍