no

Font
Theme

'ထျန်းမန်ကျောင်းနှင့် ကို့ရို့ကားယားနိုင်တဲ့သူ'

ရှန်လျန် မပြန်သေးခင် ဝမ်ချင်ဖုန်းကို အသေးစိတ်ရှင်းပြပေးခဲ့သည်။ အချိန်မှာကား သုံးနာရီကြာမြင့်ခဲ့ပြီးဖြစ်၍ သူနှင့် ချီယွဲ့သည် ထျန်းမန်ကျောင်းသို့ ခပ်သုတ်သုတ် ထွက်လာခဲ့ရ၏။ ဒီနှစ်က မိုးများတာမလို့ ထျန်းမန်ကျောင်းပိတ်ရက်က ရှည်ကြာခဲ့ပြီးနောက် ပြန်ဖွင့်တာနဲ့ တစ်ပြိုင်တည်း ကျောင်းသားတွေက စုရုံးကာ ရောက်လာကြတော့သည်။

ငါပြန်လာပြီ!

မြင်းရထားလုံးရှိ ပြတင်းလိုက်ကာအားလှစ်ဟ၍ နီးကပ်လာသည့် ချင်အင်ပါယာရှိ ထိပ်တန်းကျောင်းတော်ကြီးကို ကြည့်လိုက်၏။ အရင်ဘဝမှာ ထျန်းမန်ကျောင်းမှာ အကြာကြီးပညာမသင်ခဲ့ရချေ။ ချင်ယွင်ရှန်းနဲ့ လက်ဆက်ပြီးနောက်မှာလည်း ဒီကျောင်းကို ပြန်မတက်ခဲ့...သို့ပေမယ့် မှတ်ဉာဏ်ထဲမှာတော့ ဒီနေရာအစိတ်အပိုင်းကို မမေ့ဖျောက်ထားနိုင်ပါ။ ဤကျောင်းသည် သူ့ဘဝမှာ အနှိမ်ခံ၊ရှုံ့ချခံရဆုံးနေရာ ဖြစ်ခဲ့သည်။ ပထမဆုံး ကျောင်းအပ်ခြင်းကိစ္စပြီးသည့် နေ့မှစ၍ တစ်ရက်မှ ကောင်းကောင်းမနေခဲ့ရပေ။

"ကြည့်ကြည့်.. အဲ့တာ တုံးလင်အိမ်တော်က လှည်းမဟုတ်လား.. တစ်စီးပဲ လာတာဆိုတော့ နင်တို့ပြောကြည့်! ရှန်လျန် ဖြစ်နိုင်လား"

"အင်း သေချာပေါက် ဖြစ်နိုင်တာပေါ့ ၊ ရှန်ချန်နဲ့ တစ်ခြားသူတွေ မှ မရောက်ကြသေးတာ"

"အဲ့ဒီ တုံးလင်မိသားစုက အရမ်း အနိုင်ကျင့်ကြတာနော်.. တရားဝင်သားက မယားငယ်တွေရဲ့ သားသမီးကို မယှဉ်နိုင်ဘူး၊ ပုံမှန်ဆို ရှန်ချန်နဲ့ တစ်ခြားသူတွေက သူတို့ကိုယ်သူတို့ မြင့်မြတ်လှပါချည်ရဲ့ပေါ့ဟယ်... ရှန်လျန်နဲ့တွေ့မှ မျက်နှာ စစ် ပေါ်လာကြတာ"

"ရှန်ချောင်ကလည်း အင်ပါယာမှာ နာမည် ကျော်

စော တဲ့အထိ ထူးချွန်တဲ့မိန်းကလေးဖြစ်ပြီး သူ့ အစ်ကိုဖြစ်တဲ့ အိမ်တော်သခင်လေးကို ဒုက္ခပေးရဲတယ်၊ အနာဂါတ်မှာ သူနဲ့ မပေါင်းနဲ့ ! ဝေးဝေးရှောင်ကြ!"

"ရှန်လျန်က ချင်ဖင်း မြို့စားကတောင် မျက်နှာသာ ပေးတယ်ဆိုတော့ အတော်‌ချောတာလား"

"ချောတာထက်ကို ပိုတယ်ဟေ့"

မြင်းရထားလုံးက ထျန်းမန်ကျောင်းပေါက်ဝမှာ ရပ်တန့်သွားသည်။ ဟိုတစ်စု ဒီတစ်စု ပြောဆိုနေကြတဲ့အကြောင်းအရာတွေထဲ ရှန်ချန်နဲ့ တစ်ခြားသူတွေပါပေမယ့် ရှန်လျန်မပါပေ။ တစ်ချို့ မမြင်ဖူးသေးသော သူတွေသာ ရှန်လျန့်အကြောင်း

စပ်စုနေကြ၏။ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်ဖင်းမြို့စား၏ လက်ထပ်ခွင့်တောင်းသည့်သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး ဖေးယွမ်ရွှင်းဘက်က အတည် ဟုတ်မဟုတ် မသိကြသော်လည်း လူအတော်များများက အကောင်းဘက်ပြောကြပါသည်။

ရှန်လျန်၏ ဂုဏ်သတင်းက အနည်းငယ်သော်မျှ ပျက်ယွင်းခြင်းမရှိပေ။ ထိုအစား တော်ဝင်မိသားစုနဲ့ မျိုးရိုးကြီး မိသားစုဆက်ခံသူ‌များအကြား လူသိများသော ကော တစ်ယောက်ပင် ဖြစ်လိုက်သေး၏။

"ပဉ္စမ သခင်လေး"

ထျန်းမန်ကို ရောက်ပြီ ဖြစ်ကြောင်း ချီယွဲ့ သတင်းပို့ပြီး လိုက်ကာစကို ဖယ်ပေးလိုက်၏။ ရဲရဲနီသော ဝတ်စုံဖြင့် လှည်းအပြင် ထွက်လာသော ရှန်လျန်ကို ချီယွဲ့က လက်ကမ်းပေးကာ အောက်ဆင်းနိုင်ရန် ကူညီပေး၏။

"ဘယ်လိုတောင် လှရက်!"

"ကောတစ်ယောက်က အဲ့လောက်ထိ ကြည့်ကောင်းလား.. နတ်သားလေး ကျနေတာပဲ"

"ချင်ဖင်းမြို့စား မနေနိုင်တော့တာ မဆန်းတော့ဘူး၊ ရှန်လျန်က အရမ်းလှလွန်းတာကိုး"

"သူက တစ်ကယ်ပဲ ယောင်္ကျားလေးလား... ကော ဟုတ်ပါတယ်နော်...ဒီနေ့ကစပြီး မြို့တော်ရဲ့ နံပါတ်တစ် အလှလေးက လူပြောင်းရတော့မယ်"

ရှန်လျန့်ကို မြင်လိုက်ကြရသည့် တစ်ခဏတွင် အာမေဋိတ်အသံမျိုးစုံ ထွက်ပေါ်လာသည်။ လူများစွာသည် သူတို့၏ အလှက သာမာန်ဆန်နေသဖြင့်ရှက်ရွံ့ပြီး ပုန်းလျှိုးကွယ်လျှိုး ထွက်သွားကြ၏။ ရှန်လျန်၏ အလှတရားက တစ်ကယ်ကို ပြိုင်ဘက်ကင်းပင်။

ရှန်လျန် ကိုယ်၌ကလည်း ကိုယ့်ကိုကိုယ် ကြည့်ကောင်းမှန်းသိပြီး ယုံကြည်ချက်လည်းရှိရာ များစွာ အံ့ဩမနေပဲ ကျောင်းတံခါးဝကိုပဲ မျှော်ကြည့်လိုက်သည်။ ချင်အင်ပါယာ တည်ထောင်ခါစကပင် ထျန်းမန်ကျောင်းက တည်ရှိခဲ့ခြင်းဖြစ်၏။

ကျောင်းအား ဧကရာဇ်ဟောင်းနှင့် ဝေမိသားစု လင်လင်စုံတွဲမှ ပူးတွဲ တည်ထောင်ထားခြင်းဖြစ်၏။ ထျန်းမန် ဟု အမည်ပေးထားရခြင်းမှာ ဤကျောင်းမှ ထက်မြက်ကာ အရည်အချင်းရှိသော သားပျို ၊သမီးပျိုများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပေးထားခြင်းဖြစ်၏။ ဝေမိသားစု လင်လင် စုံတွဲသည် မူလက ကျောင်းတွင် သာမာန် အရပ်သူများ စာရေး၊စာဖတ်သင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ကြသော်လည်း ၊နှစ်များစွာ ကြာလွန်လာသော် လူချမ်းသာများ၊ အာဏာကြီးမိသားစုများ တက်ရောက်ရာ ကျောင်း အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ တက်ရောက်သူ ကျောင်းသား၊ကျောင်းသူများအထဲတွင် ကြွယ်ဝချမ်းသာသော မိသားစုမှ သားသမီးများသာမက ၊ တော်ဝင်မင်းသမီးများပင် လာတက်ကြသည်။ သာမာန် အရပ်သားများက ဆယ်ပုံ တစ်ပုံပင် မပြည့်ပေ။ထို လက်ချိုးရေလို့ရသည့် လူများက ဖုယွင်ရှီး လို မင်းမှုထမ်း စာမေးပွဲ ဝင်ဖြေနိုင်သည်အထိ ပညာတတ် အရည်အချင်းရှိသော သူများပင် ဖြစ်တော့၏။

"လျန်လျန်!"

ခေါ်သံကြားသဖြင့် ကျောင်းပေါက်ဝကို ငေးနေသော ရှန်လျန် က လှည့်ကြည့်လိုက်ရာ သူ့ဆီ အမြန်လာနေရင်း လက်ဝေ့ယမ်းပြနေသော ရှန်ကျိုးနှင့် အပေါင်းပါတို့ကို တွေ့၏။

"ဖြည်းဖြည်း မလောနဲ့၊ ငါထွက်ပြေးမှာလည်းမ ဟုတ်ပဲနဲ့ ဟဟ"

ရှန်လျန် ခေါင်းငြိမ့်ပြပြီး အားလုံးကို နှုတ်ဆက်လိုက်သည်။

"ငါတို့စောင့်နေတာ ကြာပြီ မင်းမလာတော့ဘူး ထင်နေတာ"

ထိုနေ့ပြီးကတည်းက ရှန်ကျိုးတို့ စိတ်ထဲတွင် ရှန်လျန်က နေရာယူသွား၏။ မိဘတွေက စည်းကမ်းတင်းကြပ်တာကြောင့် မဟုတ်ရင် ရှန်လျန့်အိမ်ကို အစထဲက သွားလည်ခဲ့ပြီးဖြစ်လိမ့်မည်။

"မင်းတစ်ယောက်ထဲ စောင့်နေတာ ၊ငါတို့ကို ဆွဲမထည့်နဲ့"

ရှန်လျန် မတုံ့ပြန်နိုင်သေးခင် တရားစီရင်ရေးအမတ်၏ ဒုတိယသားဖြစ်သူ ယန်ထျန်းယွီက အညှာ အတာမဲ့စွာ ဖော်ကောင် လုပ်လိုက်၏။ ရှဲ့ယန်နဲ့ တစ်ခြားသူများက ကိုယ့်ပါးစပ်ကိုယ် အုပ်ပြီး ကြိတ်ရယ်ကြသည်။

"မင်းတို့ ငါ့သူငယ်ချင်း ဆက်ဖြစ်ချင်သေးလား"

"ဟား ဟားဟား"

လူငယ်အုပ်စုမှာ ထိန်းမထားတော့ပဲ အော်ရယ်ကြတော့သည်။ သူတို့နား ဖြတ်သွားသော ကျောင်း

သားတစ်ချို့က ရယ်သံကြောင့် စပ်စပ်စုစုလှည့်ကြည့်သွားကြသည်။ နှစ်စီးအထက် ရောက်လာသော တုံးလင်အိမ်တော်၏မြင်းလှည်းများကိုတော့ မည်သူမှ ဂရုမထားကြ ။ မတိုင်ခင်က အတင်းတုပ်ခံလူတန်းစားဖြစ်သော ရှန်ချန်နှင့်

ရှန်ကျင်းက ရထားလုံးထဲမှ တစ်ဦးပြီးတစ်ဦးထွက်လာကြသည်။

ဒီနေ့မှာတော့ မနာလိုစိတ်များကို ရင်ထဲ သိမ်းထားကာ လူအများရှေ့တွင် အေးချမ်းသော အပြုံးလေး ပြုံးလျက် ရှန်လျန့်ကို ကြည့်လာကြသည်။

"ဝူကော!"

အော်သံကြောင့် အားလုံးတိတ်ကျသွားပြီး ရှဲ့ယန်နှင့် တစ်ချို့က အဆင်ပြေသော်လည်း ရှန်ကျိုးကတော့ သူ့ညီအစ်ကို ကိုယ်စား မနှစ်သက်မှုကို ထုတ်ဖော်ပြထားသည်။

ရှန်လျန်ကသာ အပြုံးဖျော့ဖျော့ပြုံးပြလိုက်ပြီး အော်ခေါ်လာသည့် ရှန်ချန်နှင့် ရှန်ကျင်းတို့က အားပါးတရ ပြုံးလျက် သူ့ဆီ လျှောက်လာကြသည်။

"ဝူကော..ဒီနေ့က ကော ပထမဆုံးကျောင်းအပ်ရမှာလေ၊ ဘာလို့ ညီမတို့ကို မစောင့်တာလဲ.. အဖွားနဲ့ အမေတို့ က စိုးရိမ်နေကြတာ"

မီတာ အနည်းငယ်သာ ကွာတော့မှ ရှန်ချန်က လမ်းလျှောက်လာရာမှ ရပ်တန့်ကာ ပြောလာသည်။ မျက်နှာက ပြုံးထားဆဲ ဖြစ်ကာ လေသံက ညင်သာ၏။ သို့သော် ကြားရ မြင်ရသူအပေါင်းက အတုအယောင်ဟုသာ ခံစားမိကြပြီး ဤမိန်းကလေး၏ အတွင်းစိတ်နှင့် အပြင်စိတ် က လုံးဝသီးခြားစီ ဖြစ်မှန်း ပြောနိုင်၏။

"အစ်ကိုက သုံး၊လေး၊ ငါးနှစ် ကလေးမှ မဟုတ်တာ ၊ ပြီးတော့ကျောင်းကို ကိုယ့်ဘာသာ သွားမယ့်အကြောင်း မနေ့က အဖွားကို ပြောထားပြီးပြီ.... ညီမ၇ရဲ့ စကားက ဘယ်ကလာတာပါလိမ့်"

ဟန်ဆောင်နေတာကို ဖော်ထုတ်ဖို့ ရှန်လျန် အရမ်းပျင်းနေမိသည်။ ချက်ကျလက်ကျ ချေပပြီး ဤနေရာမှထွက်သွားရန်သာ ပြင်လိုက်သည်။

"ဝူကော.. အဖွားက စိုးရိမ်နေတာကို.."

ရှန်ချန် က သူ့ကို အလွယ်လေး သွားခွင့်မပေးပဲ ဒီတစ်ကြိမ်တော့ ဉာဏ်ကောင်းစွာနဲ့ အဖွားကို အသုံးချလေသည်။ သို့သော် လူတိုင်းကလည်း သူမနဲ့ ရှန်လျန်က မရင်းနှီးမှန်း ကြည့်ရုံနှင့် သိ၏။ အဖွားကို စိုးရိမ်အောင် လုပ်တော့ရော သူမနဲ့ ဘာဆိုင်တာ ကျလို့!

လက်ရှိ ရှန်လျန်ရဲ့ဂုဏ်သတင်းကြောင့် မဟုတ်မမှန်တွေ စွပ်စွဲပြောဆိုပြီးနာမည် ဖျက်ဖို့ ခက်ခဲသည့်အပြင်....

"ဟေး.. ဟိုမှာကြည့်! ချင်ဖင်းမြို့စားနဲ့ ကျင်းသခင်လေး လာတယ်"

မြင်းဟီသံ ကြားရပြီး မည်သူက ထပြောသည်မသိ လူတိုင်း သံသယနှင့် လှည့်ကြည့်လိုက်ကြရာ

ခရမ်းရောင် ဝတ်စုံနဲ့ ချောမောတဲ့ ဖေးယွမ်ရွှင်းရယ်၊ သူနဲ့ ထပ်တူ ကြည့်ကောင်းဆွဲဆောင်မှုရှိတဲ့ အဖြူရောင် ဝတ်စုံနဲ့ ကျင်းရှီရန်ကို မြင်လိုက်ကြရသဖြင့်.. လူများစွာက စွဲလမ်းတပ်မက်စွာ အရူးအမူးအော်ဟစ်ကြရာ၌ ရှန်ချန်လည်းအပါအဝင်ဖြစ်ခဲ့သည်။ သူ့ညီမနောက် တစ်ချိန်လုံးတိတ်တဆိတ်ရပ်နေတဲ့ ရှန်ကျင်းကတော့ စိတ်ထဲကနေ သူ့ညီမရဲ့ တုံးအ မိုက်မဲမှုကို အပြစ်တင်နေလေသည်။

ရှန်လျန်တို့လည်း သူများတွေလို လှည့်ကြည့်လိုက်ကြ၏။ ဖေးယွမ်ရွှင်း၏ ပုံရိပ်ကို မြင်ပြီးနောက် ရှန်လျန် သံသယနှင့် ပြုံးလိုက်သည်။

"မြို့စားမင်း ကို ဂါရဝပြုပါတယ်"

ဖေးယွမ်ရွှင်းက မြင်းဇက်ကြိုးကိုဆွဲရပ်လိုက်တာနဲ့ လူတိုင်း ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။ ဖေးယွမ်ရွှင်းက ထိုသူတို့ကို မနှောင့်ယှက်တော့ပဲ ကျာပွတ်ကိုကိုင်လျက် ရှန်လျန့်ဆီ သွားလိုက်သည်။

" စောစောစီးစီး ကျောင်းပေါက်ဝမှာ ဘာလုပ်နေတာလဲ .. ကိုယ့်ကို စောင့်နေတာလား"

"မြို့စားအရှင် အတွေးလွန်နေပါပြီ.. ကျွန်တော်က ညီမ၇ ကြောင့် ဒီမှာ ရပ်နေရတာပါ"

ရှန်လျန်က သူ့နောက်မှာ ရပ်နေတဲ့ သူကို ညွှန်ပြတော့ ဖေးယွမ်ရွှင်း လိုက်ကြည့်လိုက်ပေမယ့် တစ်စက္ကန့်ထက်မပိုပဲ ရှန်လျန့်ဘက် ပြန်ကြည့်၏။

"ဘာလို့ လမ်းဘေးက ခွေးကြောင်တွေနဲ့ ဆော့နေတာလဲ၊ ကျောင်းအပ်ရမယ့်နေ့မှာကို.. သွားမယ် ကျောင်းအုပ်ကြီးဆီကို ကိုယ် လိုက်ပို့မယ်"

ပြောပြီးသည်နှင့် ဖေးယွမ်ရွှင်းက ရှေ့ဆက်သွားလိုက်ရာ ရှန်လျန်လည်း ရှဲ့ယန်တို့ကို တောင်းပန်သည့်အကြည့် ကြည့်လိုက်သည်။ ဒီနေ့တော့ စကားတူတူပြောလို့ရတော့မည် မထင်သောကြောင့်ပင်။

"ဘာလို့ အဲ့မှာ ရပ်နေသေးတာလဲ လာတော့လေ"

ရှေ့ရောက်နှင့်နေတဲ့‌ ဖေးယွမ်ရွှင်းက မနှစ်သက်ဟန် လှည့်ကြည့်နေသောကြောင့်

ရှန်လျန်မှာ မသက်သာပဲ နောက်က လိုက်ရန် ပြင်ရတော့၏။

"လာပါပြီဗျာ"

ရှန်လျန် ပြန်ဖြေလိုက်ပြီး ရှန်ကျိုးသူ့ဆီ အာရုံမစိုက်နေသဖြင့် ရှဲ့ယန်တို့ကိုသာ ခေါင်းငြိမ့်ပြလိုက်ကာ ဖေးယွမ်ရွှင်းနောက် လိုက်သွား၏။ မြင်းနှစ်ကောင်နှင့် ကျန်ခဲ့သော သူ့သူငယ်ချင်း ကျင်းရှီယန် ကတော့ အမေ့လျော့ခံလေးဖြစ်ပြီး ကျန်နေခဲ့တော့သည်။

ဖေးယွမ်ရွှင်းမှ တိရစ္ဆာန် လို သတ်မှတ်ခံလိုက်ရသော ရှန်ချန်မှာ ဖြူဖျော့လျက် တုံးတုံးအအ ရပ်မြဲတိုင်းရပ်နေ၏။

"ညီမ၇ သွားကြမယ်"

ပတ်ဝန်းကျင်၏ အတင်းပြောခံနေရခြင်းကို သည်းမခံနိုင်တော့သည့်အဆုံး ရှန်ကျင်း လှမ်းခေါ်သည်။ ရှန်ချန်မှာ‌တော့ ရှန်လျန့်အပေါ် မကျေချမ်းနိုင်မှုက ပိုပို တိုးလာသည်။

ထျန်းမန်ကျောင်းက မြို့လယ် မှာ တည်ရှိပြီး အတော် ကျယ်ဝန်း၏။ ကျောင်းအဆောက်အအုံက သုံးထပ်ရှိပြီး မြေညီထပ်သည် အခမ်းအနားအတွက် သုံးသည်။ ဒုတိယထပ်က စာကြည့်တိုက်ဖြစ်ပြီး တတိယထပ်တွင် စာသင်ခန်းများ ထားရှိသည်။

သင်ပေးသည့်အကြောင်းအရာများမှာ စာပေဘာသာရပ်သာမက... တေးဂီတ၊ စစ်တုရင်၊လက်ရေးလှ၊ ပန်းချီ၊ မြင်းစီး၊ကိုယ်ခံပညာနှင့် လေးအတတ်တို့ပါ သင်ကြားပေး၏။ ‌ကျောင်းသူ ကျောင်းသားများ လေ့ကျင့်ရာ ကွင်းပြင်ကျယ်ကြီးလည်းရှိ၏။ ထို့ကြောင့် ထျန်းမန်သည် ပညာသင်ကြားသောကျောင်းသာမက ချင်အင်ပါယာရှိ လူများ၏ ကိုယ်ပိုင်အရည်အချင်းများ ရှာဖွေ ဖော်ထုတ်ပေးရာ ကျောင်းလည်းဖြစ်၏။ ထို့ကြောင့် ကျောင်းသမိုင်းတစ်‌လျှောက် ပြန်ကြည့်လျှင် စစ်ရေးပညာထူးချွန်သူများစွာနှင့် ထူးချွန်ကျောင်းသားများစွာ ပေါ်ထွက်ခဲ့သည်။

"ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ"

ဖေးယွမ်ရွှင်းရဲ့ ဦးဆောင်မှုအောက်မှာ ရှန်လျန်က ချောချောမွေ့မွေ့နှင့် ကျောင်းလုပ်ငန်းဆောင်တာတွေကို ပြီးစီးသွားသည်။ ရှန်ကျိုးတို့ နည်းတူ သူလည်း ချွင်ကျူ အတန်းကိုဝင်ရောက်ခဲ့သည်။ မူလက သင်ကြားရမည့်ပညာကို မရွေးချယ်ထားခဲ့သော်လည်း ကျောင်းအုပ်ကြီး၏မကျေမချမ်းနှင့် စိုးရိမ်နေသော အကြည့်အောက်ဝယ် လက်ရေးလှ ပညာနေရာသာ ဖြည့်စွက်ခဲ့သည်။

"ကိုယ်လဲ ထျန်းမန်ကျောင်းသားပဲလေ"

ရှေ့က အနည်းငယ် ဦးဆောင် သွားနေသော ဖေးယွမ်ရွှင်းက ထူးမခြားနား လှည့်ဖြေသည်။

ရှန်လျန် မျက်လုံးလိမ့်လိုက်၏။ သူမှတ်မိတာ မှန်ရင် ဆယ်ကျော်သက်အရွယ်မှ မြို့တော်ပြန်လာရတဲ့ လင်းယွီချိန်လို ထူးခြားဖြစ်ရပ် ကျောင်းသားကလွဲရင် အသက်၁၈ ကျော်တဲ့ ဘယ်သူတွေက ကျောင်းတက်သေးလို့လဲ.. ဒါကြောင့်လဲ ရှန်ရှောင်နဲ့ရှန်ယန် တို့က အင်ပါယာ တက္ကသိုလ် တက်နေကြတာပေါ့....။

"ထားပါတော့ ခင်ဗျားက မြို့စားမင်းဆိုတော့... ပြောတဲ့အတိုင်းပဲပေါ့... ကျွန်တော် ချွင်ကျူ အခန်းကို သတင်းသွားပို့တော့မယ်"

"‌ခဏ!"

အဓိပ္ပာယ် မပါတဲ့အကြောင်းအရာတွေနဲ့ အချိန်ကုန်မခံချင်တာကြောင့် ရှန်လျန် သွားတော့မည်အပြု ဖေးယွမ်ရွှင်းက လမ်းပိတ်ရပ်လာခဲ့သည်။ ထို့နောက် တစ်ကိုယ်လုံးကို စုံချည် ဆန်ချည် ကြည့်ကာ

"ဘယ်သူမှ မယှဉ်နိုင်အောင် လှပေမယ့် တစ်ခုခု လိုနေသေးတယ်.. ကိုယ် အဲ့တာကို လက်ဆောင်ပေးချင်လို့"

ထို့နောက် ရှန်လျန် ပြန်ပြောလာမှာ ကိုမစောင့်ပဲ ခေါင်းပေါ်က ရှိနေသည့်ဆံထိုးကို ဖြုတ်ကာ ကျောက်စိမ်းဆံထိုးလေး ထိုးပေးလိုက်သည်။

"မလှုပ်နဲ့လေ"

ရှန်လျန့်လက်က ကိုင်ကြည့်မည့်ဟန်ကြောင့် ဖေးယွမ်ရွှင်းအမြန် တားလိုက်ပြီး.. နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ကျေနပ်စွာကြည့်၏။

"ခုမှပဲ ကိုယ့်ရဲ့အနာဂါတ် ဝမ်ဖေးနဲ့ ပိုတူသွားတော့တယ်၊ ကျေးဇူးတင်ဖို့မလိုဘူးနော်...တစ်ခြားကိစ္စလေးရှိလို့ ကိုယ်အရင်ပြန်နှင့်တော့မယ်"

"......."

လုပ်ချင်ရာလုပ် ပြောချင်ရာ ပြောပြီး ပြန်သွားသည့်သူကိုကြည့်ကာ ရှန်လျန်သည် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်မိ၏။ အဲ့လူ ဒီကို တစ်ကယ်ပဲ ဘာလာလုပ်တာလဲ....

"လျန်လျန် ... မြို့စားမင်းက ရှက်‌သွားတာလား"

တစ်ချိန်လုံးနောက်မှာ ရှိနေတဲ့ ချီယွဲ့က ပါးစပ်ဟလိုက်သည်။ ကောက်ကျစ်စဉ်းလဲတယ်လို့ ကောလဟာလကြီးတဲ့ ချင်ဖင်းမြို့စားက ရိုးရိုးရှင်းရှင်း လက်ဆောင်လေးပေးတာကို ရှက်နေပါသတဲ့ ။

"လူပုံအလယ်မှာ သူများကို လက်ထပ်ခွင့်တောင်းရဲတဲ့သူက ရှက်တတ်မယ် ထင်လို့လား"

သူ့အရေပြားက နံရံကြီးလောက် ထူတယ်.. ဟုတ်ပြီလား!

ရှန်လျန် လက်မြောက်ကာ ဆံထိုးကို ထိကြည့်လိုက်ပြီး အပြုံးတစ်ခုက နှုတ်ခမ်းထောင့်မှ ထွက်ပေါ်လာ၏။ ဘယ်လိုတောင် ကို့ရို့ကားယားနိုင်လိုက်တဲ့လူလဲ... ဒါက လက်ဆောင်ပေးရုံသ‌ဘော မဟုတ်ပဲ တစ်ကယ်ကြီး ရှေ့ဆက်တိုးတော့မလို့လား..

"ဟီးဟီး... ဘယ်သူ သိမှာလဲ"

ချီယွဲ့က ကျီစယ်ချင်နေကာ ရှန်လျန့်ကို မျက်စိတစ်ဖက် မှိတ်ပြသည်။

ရှန်လျန် ခေါင်းယမ်းလိုက်ရင်း

"ဘာလို့ သူ့ရှေ့ မပြောလိုက်သလဲ"

"မပြောရဲပေါင်.. ပြောရင် မြို့စားမင်း က သတ်မှာပေါ့!"

"သေသင့်တာပဲလေ"

"လျန်လျန်ကလဲ!"

သခင်နှင့် အစေခံနှစ်ဦး၏ ရယ်မောသံက တိတ်ဆိတ်နေသော ကျောင်းလမ်းတစ်လျှောက်တွင် ထွက်ပေါ်လာ၏။

ထွက်ခွာသွားတဲ့ ဖေးယွမ်ရွှင်းက ရုတ်တရက် ရပ်လိုက်ကာ သူ့နောက်မှ တဖြည်းဖြည်း ဝေးကွာသွားတဲ့ ပုံရိပ်နှစ်ခုကို ငေးကြည့်နေခြင်းအား မလှမ်းမကမ်းမှ ကျင်းရှီယန်က တွေ့သွားပြီး ပခုံးတွန့်လိုက်သည်။ ကြည့်ရတာ ငါ့ကောင် တစ်ကယ်ပဲ အချစ်မှာ ကျရှုံးသွားပြီပဲ... နှစ်ဝင်နေတာမှ အရူးအမူးပါလား....

Words 2806

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment