no

Font
Theme

' ချင်ဖင်းမြို့စားနဲ့ ဗိုလ်ချုပ် လင်း '

ညမှောင်ရီပျိုးချိန်တွင် ဝမ်ယွဲ့မြို့၏ တည်းခိုဆောင်အတွင်းသို့ လူတွေ တသောသော ဝင်ရောက်လာသည်။ သံမဏိတပ်သား ထောင်ချီက ချင်ဖင်းမြို့စား ၏လှည်းရထားကိုဝန်းရံလျက် ရောက်ရှိလာခြင်းဖြစ်၏ ။ တည်းခိုဆောင် တစ်ခုလုံးကိုငှားရမ်းထားပြီး ထိုည၏ ဆူညံသံက ဗိုလ်ချုပ်လင်းနှင့် သားဖြစ်သူ လင်းယွီချိန်တို့ အုပ်စု ရောက်လာပြီးမှသာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။

"ဗိုလ်ချုပ်လင်းက တာတမံ ပြိုမှာကို သွားစောင့်ကြည့်ရမယ့်အစား ဒီမှာဘာလုပ်နေတာပါလဲ"

အပြင်ဘက်က ဆူညံသံတွေကို လစ်လျူရှုရင်း ထိုင်ခံကျယ်မှာ ထိုင်နေတဲ့ ဖေးယွမ်ရွှင်းက ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီး ပြော၏။ သူ့တစ်ကိုယ်လုံးက မင်းမျိုးမင်းနွယ် ၏အရှိန်အဝါ လွှမ်းမိုးနိုင်စွမ်း အပြည့်အဝ ထုတ်လွှတ်နေလျက်ရှိ၏။

"မြို့စားမင်းကရော မြို့တော်မှာ အေးဆေး မနေပဲ ဒီကိုဘာလာလုပ်တာပါလဲ? တစ်ကယ်ပဲ ပျော်စရာလာရှာတာဖြစ်နိုင်မလား"

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လင်းဝေက သစ်ပင်တစ်ပင်လို ဖြောင့်ဖြောင့်တန်းတန်း ခါးမတ်ကာထိုင်နေ၏။ ငယ်စဉ်ကတည်းက စစ်ပညာနဲ့ကျွမ်းဝင်တဲ့ စစ်သူကြီးမိသားစုမှာ ကြီးပြင်းလာခဲ့ရတာကြောင့် သူ့ပုံစံက ဖေးယွမ်ရွှင်းလို သခင်လေး ဟန်မျိုးနှင့် ကွဲပြားပါ၏။

"အပျော်လာရှာတာ မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ"

ဖေးယွမ်ရွှင်းက အပြုံးတုဖြင့် ကြည့်လိုက်၏။

"ဧကရီ နတ်ရွာစံတဲ့ သတင်းကို ကျုပ်ကြားလိုက်တယ်.. ဗိုလ်ချုပ်က ဘာလို့ ဝမ်းနည်းခြင်းဝတ်စုံမဝတ်ထားရတာလဲ.. ဒီအပြုအမူက အတော်လေး လေးစားမှုမရှိတာပဲ...မနက်ဖြန် မနက်ကျင်းပမည့် ညီလာခံမှာ အရာရှိတွေကဲ့ရဲ့ကြမှာ မကြောက်ဘူးလား"

ကိုယ့်မျက်ချေးကိုယ် မမြင်ပဲ သူများမျက်ချေးလိုက်မြင်နေပြန်ပြီ!

လင်းယွီချိန် ပက်ခနဲ တုံ့ပြန်လိုက်ချင်သော်လည်း ဖခင် ဖြစ်သူထိုင်နေတာကြောင့် မပြောဖြစ်ပါ။

"ကျုပ် မြို့တော် နယ်နမိတ်ကို ကျော်လာပြီလေ၊ ဧကရာဇ်ဆီကလည်း ဘာစာလွှာမှ လက်ခံရရှိခြင်းမရှိဘူး"

လင်းဝေက မှန်တယ်ထင်ရင် ကိုယ့်လမ်းကိုယ် ဖောက်တတ်၏။

ဖေးယွမ်ရွှင်းက လက်ဖျောက်တီးလိုက်ပြီး

"ပြောတာကောင်းတယ်.. ဒါပေမယ့် ခင်ဗျား ရောက်နေတာ မြို့တော်နဲ့ သိပ်မဝေးဘူးနော်

.. ဧကရာဇ် သိသွားရင် သူ့ရဲ့သံသယကြီးတတ်ပုံ

နဲ့ ခင်ဗျားရဲ့အကြောင်းပြချက်ကို လက်ခံပေးပါ့မလား.. လင်းမိသားစုကအရှေ့ပိုင်းစစ်အာဏာကို အပြည့်ဝချုပ်ကိုင်ထားတာနော်... လင်းယွီလင်ကလည်း စားဖို့ပဲ သိတဲ့ တတိယမင်းသားရဲ့ကြင်ယာတော် ဆိုတော့ ဧကသောင်းချီ ကျယ်တဲ့ချင်အင်ပါယာကြီး က တစ်နေ့ကျရင် လင်းမိသားစုလက်ထဲ ရောက်သွားနိုင်တယ်လို့ ဧကရာဇ် စိုးရိမ်နေမယ်လို့ မထင်မိဘူးလား"

"မြို့စားမင်း ဘာကို ဆိုလိုချင်တာလဲ"

လင်းဝေ မျက်လုံးတွေ မှေးကျဉ်းလိုက်၏။ ချင်အင်ပါယာရဲ့ လက်ရှိတော်ဝင်မိသားစုဟာ စစ်ဗိုလ်ချုပ်တွေကိုအလိုရှိပေမယ့် သဘောထားတော့ သိပ်မကြီးပါ။ထို့ကြောင့် လူတိုင်းကလည်း စစ်အာဏာကိုတပ်မက်ပေမယ့် အာလူးပူပူကိုကိုင်ထားရသလိုဖြစ်မှာကြောင့် သိပ်မလိုချင်ကြ!အကယ်၍ ဧကရာဇ်က လင်းမိသားစုကို အမှန်တစ်ကယ် ယုံကြည်ပါက ဒီတစ်ခေါက်လာသည့်ကိစ္စ၌ မြို့တော်ကို ပြန်လာရန် လှမ်းခေါ်ဦးမှာ မဟုတ်ချေ။

"တစ်ကယ်တော့ အမှန်တရားကို ခင်ဗျားစိတ်ထဲ သိပြီးသားပဲ..ကျုပ် ပြောပေးစရာ မလိုပါဘူး"

လင်းဝေ ရူးနေတယ်ဆိုရင်တော့ ဧကရာဇ်ရဲ့ အကြောက်တရားကို သွားဆွပေါ့!

"တစ်ကယ်လို့ မင်းကြီးက ကျုပ်ကို သေစေချင်နေတယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ"

တစ်ခဏတိတ်ဆိတ်နေပြီးနောက် လင်းဝေ လေးလေးနက်နက်ပြောလိုက်၏။

"ဟား!"

ထိုစကားက ဖေးယွမ်ရွှင်းကို ဆွဲဆောင်လိုက်နိုင်သည်။

"ကောင်းလိုက်တဲ့ စကား! မင်းကြီးက သေစေချင်ရင် လည်း ဘာမှမတတ်နိုင်ဘူး ဆိုပဲ"

ဗိုလ်ချုပ်လင်း၏ ချင်အင်ပါယာအပေါ် သစ္စာရှိမှုကြီးကို ဖေးယွမ်ရွှင်း ချီးကျူးလိုက်ရ၏။

ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်သူက သမာသမတ်ကျစွာ မအုပ်ချုပ်တတ်ရင် ပြည်သူတွေရဲ့ ဘဝနဲ့ အသက်ကို ဆုံးဖြတ်ဖို့ အရည်အချင်း ရှိပါဦးမလားလေ.....

ဖေးယွမ်ရွှင်းက ရေခဲရိုက်မျက်ဝန်းတွေကိုဖုံးကွယ်ဖို့ မျက်ဝန်းတွေ မှေးကျဉ်းလိုက်သည် ။

"မြို့စားအရှင်.. ဝမ်ယွဲ့တာတမံအရေးက နောက်စရာမဟုတ်တာမလို့ ကျေးဇူးပြုပြီး ပြဿနာမရှာလိုက်ပါနဲ့"

တစ်ဖက်လူရဲ့ အဆင့်အတန်းက သူ့ထက်မြင့်ပေမယ့် အသက်က သူ့သားကြီးထက် နည်းနည်းပဲပိုကြီးသည်။

ထို့ကြောင့် လင်းဝေမှာ ဖေးယွမ်ရွှင်းအား မတားပဲမနေဝံ့ပါချေ။ ပြည်သူသောင်းချီရဲ့ အသက်က

ဝမ်ယွဲ့တာတမံအပေါ် မူတည်နေ၏။ ဖေးယွမ်ရွှင်းရဲ့ မဆင်မခြင်လုပ်လိုက်မည့် ဘယ်မတော်တဆမှုမှ သူမလိုချင်ပါ။

"ပြဿနာရှာတယ် တဲ့လား"

ဖေးယွမ်ရွှင်းရဲ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး..တီးတိုးရေရွတ်လိုက်၏။

"ကျုပ် တစ်ကယ် ပြဿနာရှာမယ့် အချိန်က မရောက်သေးဘူး"

သူ တစ်ကယ်ပြဿနာရှာမယ့်နေ့က ချင်အင်ပါယာ ပျက်သုန်းမယ့်နေ့ပဲ!

ကိုယ်ခံပညာ ကျွမ်းကျင်တဲ့ လင်းဝေက ဒီစကားကို မကြားပဲရှိပါ့မလား အသံဘယ်လောက်တိုးတိုး သူကြားနိုင်သည်။ ဖေးယွမ်ရွှင်းရဲ့ စကားအဓိပ္ပာယ်ကို လင်းဝေ သိလိုက်ပြီး မျက်မှောင်ကြုံ့မိသွားသည်။

"ချင်ဖင်းမြို့စားက အမြဲတမ်း တော်ဝင်မျိုးနွယ်ဝင်ပါပဲ... ကိုယ့်မိသားစုကိုယ် အသရေပျက်အောင် မစော်ကားမိဖို့မျှော်လင့်ပါတယ်... ကျုပ်ပြောလို့ပြီးပါပြီ... မြို့စားအရှင် စောစော အနားယူပါ"

ပြောပြသည်နှင့် လင်းဝေ ထရပ်လိုက်သည်။

လင်းယွီချိန်က အစအဆုံး ဒီဆွေးနွေးမှုမှာ မပါဝင်ခဲ့ပေ။

"ဗိုလ်ချုပ်လင်း က ပြည်သူတွေကို တစ်ကယ်စိတ်ပူရင် စစ်တပ် တစ်တပ်လုံးခေါ်ပြီး ဝမ်ယွဲ့တာတမံကို သွားစောင့်ကြည့်ပါ"

လင်းဝေထွက်သွားခါနီးတွင် ဖေးယွမ်ရွှင်း၏အသံ ပေါ်ထွက်လာသည်။ ဒီတစ်ကြိမ်တော့ လင်းယွီချိန်ပင် နားမလည်လိုက် ။

လင်းဝေနောက်ပြန်လှည့်ကာ ကြည့်၏။

"မြို့စားအရှင် ဘုန်းတော်ကြီးရဲ့စကားကို တစ်ကယ်ယုံတာလား"

"ကျုပ်က ပေါက်ကရစကားတွေဖြစ်စေ၊ ဘုရားက လူတွေကို ဘာဖြစ်တယ် ၊ညာဖြစ်တယ် ဆိုတဲ့အကြောင်းတွေ ဖြစ်စေ ယုံကြည်မှုမရှိဘူး၊ ဒါပေမယ့် ဗိုလ်ချုပ်လင်းက တစ်ကယ် အလောင်းအစားလုပ်မလို့လား? သိန်းချီတဲ့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်နဲ့လေ? သူ့စကားယုံလိုက်ပြီး သေချာစောင့်ကြပ်ပေးလိုက်လို့ နောက်တစ်ရက်မှာ ဘာမှ မဖြစ်ခဲ့ရင် အရှုံး မရှိဘူးလေ"

ဖေးယွမ်ရွှင်း ဖြေးဖြေးချင်းထရပ်ပြီး ဖီးနစ်မျက်ဝန်းတွေက စူးရှထက်မြက်မှုကိုဖော်ကြူးထား၏။ ဧကရီနတ်ရွာစံတဲ့သတင်းကြားတာနဲ့ မနက်ဖြန် မိုးရွာမယ့်ကိစ္စက တစ်ကယ်ဆိုတာ သူပိုသေချာသွား၏။

"မြို့စားအရှင် အမြင်ကျယ်လှပါတယ်..ကျုပ် မှတ်သားထားပါ့မယ်"

လင်းဝေက လက်နှစ်ဖက်ကို ရှေ့သို့ စုပြီးလက်သီးဆုပ်သဏ္ဌာန်ပြုကာ ဦးညွှတ်၏။ ထို့နောက် လှည့်ကာထွက်ခွာသွား၏။

ဖေးယွမ်ရွှင်း ပြန်ထိုင်ချလိုက်ပြီးနောက်....

"လင်းဝေ..ကျုပ်ကို စိတ်မပျက်ပါစေနဲ့"

ဖေးယွမ်ရွှင်း ရဲ့အာရုံစူးစိုက်ခံရတဲ့ လူနည်းစုထဲ လင်းဝေလည်း ပါဝင်၏။ ထို့ကြောင့်လည်း ဧကရာဇ်ရဲ့ သံသယနဲ့ အပြစ်ပေးမှုကိုတွေ ရှောင်ကွင်းပြီး ဗိုလ်ချုပ်ကို ဒီအထိ ဆွဲခေါ်လာနိုင်ခဲ့သည်။

"အဖေ.. ချင်ဖင်းမြို့စားက ကောလဟာလ တွေလည်း ယုံတာပဲလား"

တာတမံဆီ မြင်းကိုဦးတည်စီးနှင်းလိုက်ပြီး လင်းယွီချိန်က အတွေးနက်လေဟန်။ ဖေးယွမ်ရွှင်းလို ခြယ်လှယ်တတ်ပြီး အလွန်အမင်း ဂုဏ်မောက်သည့်ပုံစံနှင့် ပြည်သူအတွက် တစ်ကယ်တွေးပေးတာလား?

"ယွီချိန်.. အဖေပြောတယ်မလား လူတစ်ယောက်ကို အပြင်ပန်းပဲ မကြည့်ပါနဲ့လို့!"

ညလယ်မှာ မြင်းဇက်ကြိုးဆွဲရပ်လိုက်၍ မြင်းဟီသံထွက်ပေါ်လာ၏။ လင်းဝေက ကောင်းကင်ပေါ်က လခြမ်းကွေးကို မော့ကြည့်ရင်း..

"ချင်ဖင်းမြို့စားအဆက်ဆက်က အမြဲတမ်း ဥပဒေဘောင်အတွင်းမနေဘူး...စိုးမိုးခြယ်လှယ်တတ်တဲ့ စရိုက်ရှိတယ်...ချင်အင်ပါယာကြီး စတည်ထောင်ကတည်းက သံမဏိတပ်သားတွေရဲ့ သစ္စာခိုင်မာမှုက ဝေမိသားစုလောက် ဂုဏ်သတင်းမကြီးပေမယ့် ယှဉ်လို့ရတယ် .. သူ့အရှေ့က မြို့စားဆိုရင် အရင် အိမ်ရှေ့စံနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ...တစ်ယောက်ကိုတစ်ယောက် အတွင်းသိအဆင်းသိ ရင်းနှီးကြတာ.. နောက်ကျတော့ အိမ်ရှေ့စံက ပုန်ကန်မှုထဲ ပါဝင်ပတ်သက်တယ်ဆိုပြီး စွပ်စွဲခံရတော့ ချင်ဖင်းမြို့စားရော ဝေမိသားစုပါ သူ့ဘက်က ရှေ့နေကူလိုက်ပေးခဲ့ပေမယ့် ဧကရာဇ်ဟောင်းက သက်သေနဲ့ အခိုင်အမာ ငြင်းဆိုတဲ့အခါ.. အိမ်ရှေ့စံကို မကယ်တင်နိုင်ခဲ့ဘူး

အဲ့ကတည်းက ဝေမိသားစုနဲ့ ချင်ဖင်းမြို့စားက နန်းတွင်းရေးရာကို လုံးဝ ဝင်မစွက်ဖက် ၊မပါဝင်ကြတော့ဘူး...ဧကရာဇ်ဟောင်းကိုအရမ်းချစ်တဲ့ဇနီးက တစ်ဦးတည်းသောသားလေးကို ထားခဲ့ပြီး နိူင်ငံရပ်ခြားမှာ ပညာသွားသင်နေချိန် ဧကရာဇ်က နတ်ရွာစံခါနီး သူ့သားကို ချင်ဖင်းမြို့စားဆီအပ်နှံထားခဲ့တယ် ပြီးတော့ ဧကရီကလည်း သူနဲ့ လိုက်သေဆုံးသွားတယ်... အဲ့ဒီအချိန်က အခုလက်ရှိ ချင်ဖင်းမြို့စားဂုဏ်ပုဒ်ရနေတဲ့ သူက ကလေးပဲရှိသေးတယ် ... ဒါပေမယ့် နှစ်တွေကြာလာတာနဲ့ ဘယ်သူမှ ကိုယ့်လက်ထဲ မထိန်းထားချင်တဲ့ သံမဏိတပ်သားတွေကို သူက အုပ်ချုပ်နိူင်နေပြီ... သံမဏိတပ်သားတွေက တော်ဝင်မိသားစုလည်း ဂရုမစိုက်ဘူး၊ ချင်ဖင်းမြို့စားကသာ သူတို့သခင်အစစ်ပဲလို့ ခံယူပြီး အရမ်းသစ္စာရှိကြတယ်... အဖေတောင် သူ့ကို မနိုင်ဘူး.. ယွီချိန် အခွင့်အရေးရရင်လေ..သူ့ဆီကနေ သင်ယူ ..ကြားလား"

စစ်သည်ရဲမက်တွေက တစ်ခြားသူတွေထက်ပို သိနားလည်ပြီး အထူးသဖြင့် ချင်အင်ပါယာ သမိုင်းကြောင်းကို ကောင်းကောင်းသိ၏။ လင်းဝေသည် ဝေမိသားစုဗိုလ်ချုပ်ဟောင်းနှင့် ချင်

ဖင်းမြို့စားဟောင်းကို စိတ်နှလုံးထဲမှ အလွန်လေးစားကြည်ညိုလေ၏။ သို့သော် ချင်ဖင်းမြို့စားဟောင်း၏ သေဆုံးရခြင်းကံကြမ္မာဆိုးကို ကြုံတွေ့လိုက်ရပြီးနောက် မြေခွေးတစ်ကောင်က ယုန်လေးအပေါ် ကောက်ကျစ်သည်ဟုခံစညးလိုက်ရကာ သူလည်း ထိုအဖြစ်ဆိုးမျိုးမကြုံစေရင် ခြေလှမ်းတိုင်းကို သတိကြီးကြီးထားခဲ့ရသည်။

"အဖေပြောတဲ့အတိုင်းသာဆို... လက်ရှိမြို့စားက အရည်အချင်းပြည့်ဝတဲ့ သူရဲကောင်းပေါ့! ဒါဆို သူ့နာမည် ဂုဏ်သတင်းက အဲ့လောက်လည်း မကျော်စောဘူးရော် ...

သူဘာလို့ ဧကရာဇ်က အရာရှိ ရာထူးပေးမှာကို အကြိမ်ကြိမ်ငြင်းခဲ့တာလဲ? ဒီနှစ်တွေမှာ ချင်အင်ပါယာအတွက် စစ်ပွဲမှာ ရန်သူတွေကိုတိုက်ထုတ်ဖို့ မပါဝင်ခဲ့ဘူး...သူ့ရဲ့ဖြောင့်မတ်မှုကို ပြဖို့ အရင်မြို့စားတွေလို မလုပ်ခဲ့ဘူးနော်.. ဘာလို့လဲ"

လင်းယွီချိန်က စစ်ပွဲနဲ့စစ်ဗျူဟာ အတွေ့အကြုံသာရှိပြီး လူမှုကိစ္စ အတော်များများကို ရှင်းရှင်းလင်းလင်း မသိလေဘူး ။

"မြို့စားမင်းသာ ရာထူးဂုဏ်ပုဒ်ချီးမြှင့်ခံရပြီး စစ်အာဏာကို အပြည့်ဝ ထိန်းချုပ်ခွင့်ရခဲ့ရင် သူခုလ်ု အေးဆေး နေနိုင်ပါဦးမလား... လူထုရဲ့ စိတ်နှလုံးကို ဖမ်းစားထားနိုင်ရင် ဧကရာဇ်က လွှတ်‌ထားပေးပါ့မလား? အမ်း... ယွီချိန် မင်းအများကြီးသင်ယူရဦးမှာပဲ"

သားဖြစ်သူရဲ့ပခုံးကိုပုတ်ကာ လင်းဝေ သက်ပြင်းရှည် ချလိုက်သည်။

"သွားကြမယ်.. ချင်ဖင်းမြို့စားပြောတာ မှန်တယ်... ဘုန်းကြီး နမိတ်ဖတ်တာ မှန်မမှန် နောက်တစ်ရက်ကျ သိရမှာပဲ .. လူ့အသက်နဲ့ အလောင်းအစား လုပ်စရာ မလိုဘူး...ကြိုတင်ကာကွယ်ထားဖို့ပဲ လိုတယ်"

"ဟုတ်ကဲ့"

သားအဖနှစ်ယောက်သား ခရီးဆက်ကြလေသည်။ စီးနင်းလာတဲ့ မြင်းကိုယ်စီဟာ ညအမှောင်ရိပ်ထဲ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ် သွား၏။ ငြိမ်းချမ်းတဲ့ရပ်ဝန်းတစ်ခု တည်ဆောက်ဖို့ စစ်ဗိုလ်ချုပ်တွေမှာ တာဝန်ရှိပြီး ချင်အင်ပါယာအတွက် သူတို့ရဲ့ မျိုးဆက်သစ်တိုင်းက ဒီတာဝန်ကို အစဉ်ထမ်းဆောင်ရသည်။

အင်ပါယာမြို့တော်မှ မုရုန်အိမ်တော်တွင်ဖြစ်၏။

ပိတ်စဖြူ ဝယ်ယူချင်သည့် အမှာစာများသည် နောက်တစ်ရက်မနက်တိုင်အောင် ဆက်တိုက် မှာယူနေမည့်သဘောရှိ၏။ ဝန်မင်းရဲ့မိသားစုက ဒုတိယဇနီးဖြစ်သူ ကျောက်လန်ပင် မုရုန်အိမ်သို့ ညဦးပိုင်းအချိန်တွင် ရောက်ရှိလာ၏ ။ အိမ်ပတ်ဝန်းကျင်မှာ မည်မျှ ဆူညံပွက်လောရိုက်နေစေကာမူ ထူးဆန်းသည်က စောင့်ဆိုင်း နေသောလူများသည် မုရုန်အိမ်နဲ့နီးလာလေလေ အသံတိုးသွားကြလေပင်။

ကျောက်လန်က လှည်းလိုက်ကာကို မပြီး အပြင်သို့ချောင်းကြည့်လိုက်၏။ လမ်းဘေးနံရံတစ်ဖက်တစ်ချက်စီမှာ နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု လူတွေ ရှိနေကြပေမယ့် အားလုံးက ဆူဆူညံညံ မပြုမူနေကြပေ။

"ရောက်ပါပြီ သခင်မ"

လှည်းက အရှိန်နှေးကျသွားပြီး တဖြည်းဖြည်းရပ်တန့်သွား၏။ အစေခံနှစ်ဦးရဲ့ အကူအညီနဲ့ ကျောက်လန် လှည်းပေါ်က ဆင်းလိုက်ပြီး တုံးလင်အိမ်ထက် များစွာပိုခမ်းနားတဲ့မုရုန်အိမ်တံခါးဝကို ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းတွေ မဲ့ရွဲ့လိုက်ကာ တွေး၏။ ပိုက်ဆံလေးနည်းနည်း ချမ်းသာရုံနဲ့ နန်းတွင်းမင်းမှုထမ်းကို‌တောင် ဂရုမစိုက်ဘူးပေါ့လေ.... ငါက ငွေနည်းနည်းပဲ ယူလာတယ်ထင်နေလား?

"တံခါးသွားခေါက်လိုက်စမ်း!"

"ဟုတ်ကဲ့"

ဒီထိရောက်လာရတဲ့ အကြောင်းကို ပြန်တွေးရင်း ကျောက်လန် အိမ်ထိန်းကို အမိန့်ပေးလိုက်သည်။ထို့နောက် ခေါင်းမော့ရင်ကော့ကာ ထီမထီဟန် မျက်နှာပေးအားဖော်ကြူးထား၏။

ဒေါက်!ဒေါက်!

"တံခါးဖွင့်ပေးပါ"

အိမ်‌ထိန်းက အတန်ကြာ ယဉ်ယဉ်ကျေးကျေးတံခါးခေါက်ပေမယ့် တုံ့ပြန်သံ မကြားရတာကြောင့် ကျောက်လန်အား ပြန်လှည့်ကြည့်၏။ သခင်မ၏အကြည့်ကိုမြင်သော် တစ်ဖန်ရှေ့ပြန်လှည့်ကာ တံခါးကို ခပ်ကြမ်းကြမ်းထုရိုက်လိုက်သည်။

"ကျွတ်ကျွတ်...ကျွတ် တုံးလင်သခင်မက တစ်ကယ် သူများနဲ့ မတူဘူး..လေ့ကျန်း ကျွန်တော်တို့နောင်တမရစေရဘူးလို့ မပြောခဲ့ဘူးလား?ဒီမြင်ကွင်းက ကြည့်ကောင်းတယ်"

ရှန်လျန်သည် မုရုန်အိမ်တော်ရဲ့ မျက်စောင်းထိုးက သစ်ပင်ခွကြားထဲမှာ တစ်ကိုယ်လုံးအမဲဝတ်ကာ ညအမှောင်ထဲပျောက်နေသည်။ အိမ်ရှေ့၌ ဖြစ်ပျက်သမျှကို ထိုင်မကြည့်‌‌ခင်က လေ့ကျန်းအား သူနှင့်အတူ အပြင်သွားပါရန် အတင်းကာရော တိုက်တွန်းခဲ့၏။

"သခင် စကားမပြောလို့ရမလား"

လေ့ကျန်းသည် သူ့သခင်ကို တစ်ခါတည်းရိုက်နှက်ကာ ပြန်ခေါ်သွားချင်၏။ ညလယ်ခေါင်ကြီး အပြင်ထွက် ပွဲရှာချင်နေတဲ့သခင့်ခေါင်းထဲ ရေတွေနဲ့ ပြည့်နေလောက်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ စကားမပြောတော့ပါဘူး..ဒီတိုင်းလေးပဲ တိတ်တိတ်လေးပွဲဆက်ကြည့်နေမယ်ဆို ရတယ်မလား"

လေ့ကျန်းရဲ့အတွေးတွေကို ဖောက်မြင်လိုက်ရတဲ့ ရှန်လျန်မှာ နှုတ်ခမ်းတွန့်သွား၏။ သူလည်း ‌စိုးရိမ်တတ်ပေမယ့် လေ့ကျန်းက တစ်ကယ်ကြီးပေါ်တင် တားလာမယ်လို့ မထင်ထားမိချေ ။ နောက်ဆုံးတော့လည်း ရှန်လျန်က ကြက်ကလေးလို ခွန်အားမရှိတဲ့ ကောတစ်ယောက်ဆိုတော့လည်း စစ်ခေါင်းဆောင်ကြီး လေ့ နှင့် ပြိုင်ဘက်မဟုတ်ပါချေ။

"အိမ်တာဝန်ခံက ဘယ်မလဲ"

ကျောက်လန်နဲ့ တစ်ခြားသူတွေ တံခါးကိုဖျက်စီးရန် ကြိုးပမ်းနေချိန်မှာပဲ တင်းတင်းကြပ်ကြပ်စေ့ပိတ်ထားတဲ့ တံခါးကနောက်ဆုံးမှာ ပွင့်ဟလာသည်။ မုရုန်မိသားစု၏အိမ်ထိန်းက လူမမြင်ရသေးခင် အသံအရင်ထွက်လာသည်။

ဝုတ်! ဝုတ် ဝုတ်!

အသက် သုံးဆယ်၊ လေးဆယ်ဝန်းကျင် လူတစ်ဦးမှဦးဆောင်၍ နောက်လိုက်အစေခံများနှင့်အတူ တံခါးအလယ်တွင် ရုတ်တရက် ပေါ်ထွက်လာသည် ။

သို့သော် ထိုလူစု၏ အမူအရာက စိတ်အခြေအနေကောင်းနေဟန် မတူ ...ထို့အပြင် ကြောက်မက်ဖွယ်ရာ အမဲလိုက် ခွေးကြီးတွေကိုလည်း အစေခံတိုင်းက ခွေးတစ်ကောင်စီအား လည်ထိန်းကြိုးမှ တစ်ဆင့် ထိန်းကိုင်ထားကြသေး၏။

ရှပ်! ဘုန်း!

"ဟားဟားဟား"

အိမ်ထိန်းမှာ ရုတ်တရက် အလွန်ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာမှ ဂရုမထားမိပဲ လှေကားထစ်အောက်သို့ ရှက်ရွံ့ဖွယ်အနေအထားဖြင့် ကျသွားရသည်။ ဘေးတစ်ဖက်တစ်ချက် လူအုပ်ဆီမှ လှောင်ရယ်သံတွေ ထွက်ပေါ်လာ၏။ ကျောက်လန်၏မျက်နှာသည် မင်ကဲ့သို့ မဲမှောင်လာသော်လည်း ပိတ်စအတွက် အံကြိတ်ကာ

"ငါက တုံးလင်အမတ်ကြီးရဲ့ဒုတိယဇနီးပဲ.. မင်းတို့သခင်နဲ့ ပြောစရာ ကိစ္စလေးရှိလို့.. စကားပါးပေးပါ"

ကျောက်လန်က အကြောက်အလန့်ကင်းမဲ့ကာ ရဲရဲတင်းတင်း ပြောလိုက်သည်။ သူ့ပါးစပ်မှ တုံးလင်အိမ်တော်ကို ထုတ်ပြောပြီး တစ်ဖက်အိမ်ကို ဖိအားပေးလိုက်သည်။

"သခင်မက ‌ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေလို့ ကောင်းကောင်းအနားယူဖို့ လိုတယ်... ဘယ်သူမှ အိမ်တော်ရဲ့ ငြိမ်းချမ်းမှုကို လာဖျက်စီးခွင့်မပြုဘူးလို့ သခင်က အမိန့်ထုတ်ထားပါတယ်.. ဒီကလူကြီးမင်း ကျေးဇူးပြုပြီး ပြန်လိုက်ပါ"

ပြောပြီးသည်နဲ့ မုရုန်အိမ်ထိန်းက ချက်ချင်းပဲ တံခါးပြန်ပိတ်ဖို့ အစေခံတွေကိုအမိန့်ပေးလိုက်သည်။

ကျောက်လန်မှာ ဒေါသကြောင့်

တဆတ်ဆတ်တုန်လာပြီး တံခါးရှေ့သို့ အမြန်ပြေးလာကာ အလျော့မပေးတမ်းပြော၏။

"ကျွန်မတို့က တုံးလင် အိမ်တော်....."

"တုံးလင်ဖြစ်ဖြစ်... ရှီးလင် ဖြစ်ဖြစ် ဂရုမစိုက်ဘူး..ဧကရာဇ်ကိုယ်တိုင်ရောက်လာလည်း ကျုပ်တို့ သခင်မ အနားယူနေတာကို နှောင့်ယှက်ခွင့်မပြုဘူး.. တံခါးပိတ်လိုက်ကြ!"

"ဟုတ်!"

ဒီတစ်ကြိမ်တော့ ကျောက်လန်ကိုစကားဆုံးအောင် ပြောခွင့်ပင်မပေး... အိမ်ထိန်းက ဖြတ်ပြောကာ အစေခံတွေကို တံခါးပိတ်စေလိုက်၏။

"မင်းလုပ်ရဲလား!"

ဂျိန်း!

တံခါးက တစ်ကယ်ကြီး ပိတ်သွားတဲ့အတွက် ကျောက်လန် ဒေါကန်လေတော့၏။

"ဟဟား တုံးလင်အိမ်တော်က တစ်ကယ် ရယ်ရတယ်... ငါတို့ ယန်အိမ်တော်တောင် စောင့်နေရတာ သူကဘာမို့လို့လဲ.. ဒုတိယသားရဲ့ဇနီးဆိုရုံနဲ့"

"ဟုတ်ပ ဝန်မင်းကိုယ်တိုင်လာတာလဲ မဟုတ်ဘူး... ပြဿနာလာရှာ‌ရဲတယ် တုံးလင်အိမ်က မရှက်တတ်ဘူးပဲ"

"နည်းနည်းပါးပါးမလေ့လာတတ်ဘူး.. မုရုန်အိမ်က အင်အားကြီးမိသားစုတွေနဲ့ တော်ဝင်မျိုးနွယ်တွေကိုပါ စောင့်နေခိုင်းတယ်... တုံးလင်မိသားစုက ဒုတိယသား ရဲ့ဇနီး တဲ့လား? ရယ်လိုက်ရတာ"

"ဟားဟား"

မုရုန်အိမ်တံခါး နဲ့မနီးမဝေးမှာ စောင့်နေကြတဲ့သူတွေဟာ ကြွယ်ဝချမ်းသာပြီး ဩဇာကြီးမားတဲ့အိမ်တော်တစ်ခုချင်းစီက အိမ်ထိန်းနဲ့ အစေခံများပင်ဖြစ်ရာ သာမာန်လူတန်းစားများမဟုတ်ပါချေ။ သူမ အရှက်ကွဲသွားပုံကို ပြက်ရယ်ပြုနေကြကြရာ ကျောက်လန် အံတင်းတင်းကြိတ်ရင်း မျက်နှာက စိမ်းဖန့်ဖန့်ဖြစ်လာသည်။

"သွားမယ်!"

ကျောက်လန် စိတ်ဆိုးတကြီးဖြင့် လှည်းထဲ ပြန်ဝင်လိုက်သည်။ ထောင်နေသည့်အမြီးက ခြေ‌နှစ်ချောင်းကြားထဲ ပြန်ကုပ်ဝင်သွားသည့်နှယ်။

"ကောင်းလိုက်တဲ့ ရိုက်ချက်.. မုရုန်မိသားစုက ကတိတည်တယ်"

တစ်ညလုံး အိပ်မပျော် ဖြစ်နေတဲ့ ရှန်လျန်မှာ တစ်ကယ်တော့ သူ့ရဲ့ လက်စားချေခြင်းတစ်စိတ်တစ်ပိုင်းက အောင်မြင်ခြင်းရှိမရှိကို ညသန်းခေါင်ကြီး အပြင်ထွက်ကာ ကိုယ်တိုင် ကွင်းဆင်းချင်လေသည်။ သူ့ကို ကြည့်ပြီး လေ့ကျန်းမှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူ့သခင်က ခုမှ အသက်ဆယ့်ငါး ပဲရှိသေး၏။ သေချာပေါက် သူထို အရွယ်တုန်းက ကလေးလို ပတ်ဆော့လို့ကောင်းနေဆဲပင်။

3267 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment