'ဒဏ်ရာရတာရော ဟုတ်ရဲ့လား?
ဧကရာဇ် ကိုယ်တိုင်နန်းပြင်ထွက်ပြီး စစ်ဆေးပြီ'
ကျုံးလင်ခြံဝန်းကို ယောင်းကွမ်၊လေ့ကျန်းနဲ့အတူ ရှန်လျန် သည် ညသန်းခေါင် မတိုင်မီတွင် ပြန်ရောက်ခဲ့သည်။ သူ မရှိသည့်အချိန် ပင်မအိမ်တော်က သိသွားခြင်း၊လာမေးမြန်းခြင်း မရှိသည်ကို အတည်ပြုလိုက်သည်။ အခြေအနေက ထူးထူးဆန်းဆန်း ငြိမ်နေသော်လည်း ရှန်လျန် ဂရုမစိုက်ပါ။
မိုးကလည်း ဆက်လက် ရွာသွန်းနေပြီး နောက်တစ်ရက်မနက်တွင် ချင်ဖင်းမြို့စားကြီးရဲ့ သေဆုံးခါနီး သတင်းက ညီလာခံမှာ ပျံ့နှံ့သွားခဲ့၏။ ဧကရာဇ်မင်း ကိုယ်တိုင်ပင် မြို့စားထံ ကြွရောက်ကြည့်ရှုရန် စီစဉ်ခဲ့သည်။
"သခင်.. ဘုရင်နဲ့ နောက်လိုက်နောက်ပါတွေ နန်းတော်က စထွက်လာပါပြီ၊ သူနဲ့အတူ ပုရောဟိတ်၃ဦး၊ အမတ်ချုပ်ကြီးနဲ့ ဝန်မင်း ၅ဦး ပါပါတယ်"
ကျုံးလင်ခြံဝန်းတွင် လေ့ကျန်း ယူလာပေးသော အရိပ်တပ်သားအဖွဲ့မှ စုစည်းထားသော ဆေးကျမ်းစာအုပ်များကို ရှန်လျန် ဖတ်ရှုနေခြင်းဖြစ်၏။ သတင်းပို့သံကြားသော် မထီတရီပြုံးကာ
"သံသယစိတ်က ကိုယ့်သေတွင်းကိုယ်တူးတာပဲ၊ သူ့မျက်စိနဲ့ကိုယ်တိုင်သွားကြည့်ပါစေ၊ သံမဏိတပ်သားတွေလည်း သတင်းရပြီးလောက်ပြီ.. သူတို့ကြိုတင်ပြင်ဆင်ထားလိမ့်မယ်"
ရှန်လျန် စိတ်ပူခြင်းအလျဉ်းမရှိပါ၊ ဖေးယွမ်ရွှင်းသာ အစထဲက အသုံးမကျလျှင် ခုလောက်ထိ အသက်ရှင်လျက် နေနိုင်လိမ့်မည်မဟုတ်ပါ။
"ဝမ်ဖေး ကျွန်တော်ပြန်သွားကြည့်လိုက်ရမလား"
ယောင်းကွမ်က အတော်လေး စိတ်ဝင်စားနေကာ သူ့အကြည့်တွေထဲမှာလည်း အနည်းငယ် စိုးရိမ်ပူပန်နေဟန်နှင့် ။
ရှန်လျန် တစ်ချက် မော့ကြည့်လိုက်ပြီး
"သွားလေ.. မျက်နှာကို ကာသွားဦး"
"ဝမ်ဖေး စိတ်ချပါ၊ ထျန်းရှုကလွဲရင် ကျန်တဲ့သံမဏိတပ်သားအားလုံး ဘယ်သွားသွား မျက်နှာဖုံးကာထားရတာပါ၊ ဘယ်သူမှ ကျွန်တော်တို့ကို မမြင်ဖူးစေရ ပါဘူး"
"ကောင်းတယ်၊ မြန်မြန်သွား စောစောပြန်လာခဲ့"
ခေါင်းဆတ်ပြလိုက်ပြီး ဆေးစာအုပ်ကို ပြန်လေ့လာနေလိုက်တော့သည်။ အရိပ်တပ်သားတွေဟာ အဖိုးတန်ဆေးကျမ်း အတော်များများကို စုစည်းထားတာမလို့ ကမ္ဘာပေါ်မှာ ကျန်တဲ့ တစ်ခုတည်းသော မူပွား ဖြစ်နိုင်၏။ ထို့ကြောင့် တစ်နေရာရာတွင် သွေး ထွက်လွန်အဆိပ်နှင့်ပတ်သက်သော သဲလွန်စ တစ်ခုခုများရှိကောင်းရှိနိုင်သည်။ ဖေးယွမ်ရွှင်း ၏ အဆိပ်က်ုပျောက်အောင်မကုပေးနိုင်သေးသရွေ့ ဘာလုပ်လုပ် လက်တစ်ဖက်က နောက်ပြန်ဆွဲထားနေသလို ဖြစ်လိမ့်မည်။
"ဟေး ခင်ဗျား! ကျွန်တော် မကြာခင်ပြန်လာမယ်၊ ဝမ်ဖေးကို သေချာစောင့်ရှောက်ထားပေး ကြားလား?"
မသွားခင် ယောင်းကွမ်က စိတ်ကလည်းမချနိုင်သဖြင့် လေ့ကျန်းကို အော်ပြောလိုက်သည်။
ပြန်ရတဲ့ တုံ့ပြန်မှုကတော့ အကြည့်တစ်ချက် သာ။ မည်သည့် စကားမှ ပြန်ဆိုခြင်းမရှိသဖြင့် ယောင်းကွမ်က ချက်ချင်း ဝုန်းဒိုင်းကျဲ ရှေ့တက်ကာ ဆွဲဖြဲ ပစ်တော့မည် အပြု..ချီယွဲ့က လှမ်းမြင်လိုက်သဖြင့် အမြန် ပြေးဆွဲပြီး
"ဟုတ်ပါပြီ၊ လျန်လျန်လည်း စိုးရိမ်နေလောက်ပြီ၊ မင်းမြန်မြန် သွားပြီးစုံစမ်းလိုက်ဦး၊ ဟိုမှာ တစ်ခုခုဖြစ်သွားရင် ငါတို့ကို လာပြောပေါ့"
"အေး.."
ယောင်းကွမ်က အခြေအနေမပေးသဖြင့် ဦးစွာ စိတ်လျှော့လိုက်ပြီး ပြတင်းပေါက်မှ အမြန်ထွက်ခွာသွားသည်။ သို့သော် လေ့ကျန်းကို နှာမှုတ်ပြသွားရန်တော့ မမေ့ခဲ့ပါချေ။ သူ့အပြုအမှုက အခန်းထဲရှိ လူတိုင်းကို ရယ်မောစေသည်။
"ဒုတိယနဲ့ တတိယမိသားစုအခြေနေဘယ်လိုရှိလဲ"
ယောင်းကွမ်သွားလိုက်တာနဲ့ ရှန်လျန်က ဆေးကျမ်းထဲ ခေါင်းစိုက်မနေနိုင်တော့ပဲ တူလေးကိုချီထားတဲ့ ချီရွှမ်းကိုလှမ်းမေးလိုက်သည်။အကြောင်းမှာ အရိပ်တပ်သားဆီမှ လျိုရှုဟန်၏ သဝန်တိုမှုနှင့် စိတ်ရူးထပြီး ပစ္စည်းတွေ လွှင့်ပစ်နေခြင်းအား သတင်းရထားသောကြောင့် ဖြစ်၏။
လျိုရှုဟန်ရော စွင်းကျင့် ပါ ထက်မြက်လှပပြီး အခြေအနေကိုကောင်းစွာ အသုံးချတတ်သူများဖြစ်ကြ၏။ လျိုရှုဟန်က ငိုယိုပြီး ကွာရှင်းကြမယ်ဟု တောင်းဆိုနေရာ ရှန်ရုထင်ကို စိတ်မကြည် ဖြစ်သွားစေခဲ့သည်။ သူ့မှာလည်း ကိုင်တွယ် ဖြေရှင်း စရာ များစွာ ရှိနေရာ အိမ်တွင်းပြဿနာတွေကို ဦးစီးဖို့ လူလို၏။ ထို့ကြောင့်လည်း စွင်းကျင့်ကို အာဏာ လွှဲပေးခဲ့ခြင်းဖြစ်သည်။ အိမ်သားအားလုံးကိုလူစုပြီး နောင်ခါ အရေးကိစ္စရှိပါက စွင်းကျင့်သာ ယာယီကိုင်တွင် ဖြေရှင်းလိမ့်မည် ဖြစ်ကြောင်း ကြေငြာပေးခဲ့၏။
ခုလို လွှဲပေးလိုက်တော့ လျိုရှုဟန် ဒုတိယနှင့် တတိယဇနီးတို့ အနေဖြင့် ကြားကြားခြင်း အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သခင်မကြီးဆိုလျှင် ဒေါသထွက်သွားရသည်။ မည်သို့ပင်ဆိုစေ စွင်းကျင့်က ရှန်ရုထင်၏ စိတ်နှလုံးအိမ်ထဲ နေရာယူနိုင်ထားရာ သူ့ဆုံးဖြတ်ချက်ကို မပြင်ခဲ့သည့်အပြင် ထိုနေ့ကတည်းက ရုံးကိစ္စများဖြင့် နေ့တိုင်း အိမ်ပြန်မလာနိုင်ခဲ့ချေ။
စွင်းကျင့်ကလည်း အငြိုးအတေးကြီးသည့် အမျိုးသမီးဖြစ်သည့်အလျောက် လျိုရှုဟန်နှင့် အပေါင်းအပါတွေကို ခက်ခဲအောင် အမျိုးမျိုးကြံစည်လေတော့၏။ ရှန်လျန်၏ တိတ်တဆိတ် အကြံပေး ထောက်ပံ့ပေးမှုကြောင့် စွင်းကျင့်က လျိုရှုဟန်နှင့် ထိပ်တိုက် ရင်ဆိုင်ရဲသည့် အင်အားရှိလာ၏။
"အခြေအနေက ပရမ်းပတာပဲ၊ အစ်ကိုကြားတာ သူတို့က နာမည်ကျော်ကြားတဲ့ သမားတော်တွေ အများကြီးပင့်ထားတယ်တဲ့.. နန်းတော်က သမားတော်တောင် ပါတယ်ပြောတယ်... ဘာလုပ်ဖို့ကြံနေလဲ မသိဘူး"
လေ့ကျန်းက မောင်းမဆောင်ကိစ္စတွေ စိတ်ဝင်စားခြင်း မရှိခြင်းအလို့ငှာ ပြန်ဖြေသူက ချီယွဲ့ဖြစ်ခဲ့၏။ စွင်းကျင့်က ကိုယ့်လူဖြစ်နေပြီးတော့ အိမ်တွင်းသတင်းတွေကို အလွယ်တကူပဲ စုံစမ်းရနိုင်လေ၏။
"ရက်နှစ်ဆယ်ဝန်းကျင်ရှိနေပြီဆိုတော့ အကောင်အထည် ပေါ်လောက်ရောပေါ့"
အခန်းထဲ ဝင်လာတဲ့ ဖုရင်က ချီရွှမ်းဆီက ယိုအာကို လက်လွှဲပွေ့ချီပြီး နားစွန်နားဖျားကြားလိုက်ရာ အပြုံးလေးနှင့်မေးလိုက်၏။
"ဘာတွေ အကောင်ထည် ပေါ်နေတာလဲ၊ ဘာတွေဆွေးနွေးနေတာလဲ ပြောပါဦး"
"အာ...အာ.."
လက်ဖြူဖြူ တုတ်တုတ်လေး က ရှန်လျန့်ကို လှမ်းခေါ်ကာ သူ့အား ပွေ့ခိုင်းနေလေသည်။
ရှန်လျန် မတတ်နိုင်စွာ ပြုံးလိုက်ရင်း ရှန်ယို့ကို ပွေ့ခေါ်လိုက်ရ၏။
"ရှုရှုရဲ့ ရှန်ယိုလေးက အကောင်းဆုံးပဲ... ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် ရှုရှုကို အချစ်ဆုံးသူက ယိုအာလေးပဲ"
"တစ်ကယ်ကိုအမှန်တရားပဲ! မနေ့ကလျန်လျန့်အခန်းထဲ ပြေးလာခိုင်းပြီး လျန်လျန့်ကို ဘယ်မှာမှ ရှာမတွေ့တော့ အကြာကြီးငိုတော့တာ"
ဖုရင်က ထိုင်ချလိုက်သည်။
ချီယွဲ့လည်း သံယောင်လိုက်ကာပြော၏။
"သခင်ငယ်လေးက သူ့ရှုရှုဆီ ကပ်တာကောင်းတာပေါ့၊ ဒါမှ အနာဂါတ်မှာ ရှုရှုကိုပဲ အချစ်ဆုံးဖြစ်မှာဆိုတာ သံသယရှိစရာမလိုတော့ဘူး"
"ဟဟ အဲ့လိုဆိုကောင်းတာပေါ့"
ရှန်လျန့်အပြုံးက ပီတအပြည့်နှင့် ဖြစ်ကာ ခေါင်းငုံ့ပြီး ရှန်ယို၏ ပါးပြင် ဖောင်းဖောင်းလေးကို မွှေး မွှေး ပေးလိုက်သည်။
"ရှုရှုကို လည်း ချစ်ရမယ်ဆိုပေမယ့်၊ အနာဂါတ်မှာ ဒယ်ဒီနဲ့ ဖေဖေ့ကိုလည်း ရင်းရင်းနှီးနှီးေနဖို့ သတိရရမယ်နော်.. ငါတို့ရှန်ယိုလေး လိမ်လိမ်မာမာနဲ့ ကြီးပြင်းလာပြီး အနာဂါတ်မှာ လူချောကြီး ဖြစ်လာမှာ သေချာတယ်"
ထိုစကားပြောစဉ် ရှန်လျန့်အပြုံးတွေက အနည်းငယ် မှိန်ဖျော့နေကာ တိတ်ဆိတ်လျက် အိပ်မက်ထဲက ကလေးဘေးမှာ ရပ်နေတဲ့ ဟော်ရဲ့လင်ကို မြင်ယောင်နေမိ၏။ ကောကော ဆုံးတာ စောသွားလို့ သူအဲ့လောက်ရင့်ကျက်နေခဲ့တာလား?
"ဘာဖြစ်လို့လဲ"
သူ့ရဲ့မျက်နှာ မကောင်းတာကြောင့် ချီယွဲ့နဲ့ တစ်ခြားသူတွေက စိုးရိမ်သွား၏။
ရှန်လျန် ခေါင်းယမ်းလိုက်ပြီး
"ဘာမှ မဖြစ်ပါဘူး၊ သူတို့ သမားတော်တွေ အများကြီး ဘာလို့ပင့်ဖိတ်လဲ သိချင်လား? ဒါကလွယ်ပါတယ်! သူတို့သောက်တဲ့ ရေတွင်းထဲ ကျွန်တော် တစ်ခုခု ထည့်လိုက်တာလေ"
အိပ်မက်ထဲက အကြောင်းအရာကို ရှန်လျန် မျှဝေရန် စိတ်ကူးမရှိပါ။
"ဘယ်လို? အစ်ကိုတို့ ဘာလို့ မသိရတာလဲ?"
သုံးယောက်လုံး သူ့အနားတိုးလာကြ၏။ သခင်မကြီး၊ ဒုတိယဇနီးနဲ့ တတိယဇနီးတို့ ရှန်လျန့်ကို သန္ဓေတားဆေး တိုက်ခဲ့သည့် အချိန်အား သူတို့သေချာ မှတ်မိသည်လေ။
"ဆေးက ရိုးရိုးရှင်းရှင်းပါပဲ... အမျိုးသမီးတွေက ပိုပိုလှပြီး အမျိုးသားတွေကျတော့ ဆွဲဆောင်မှုရှိစေတဲ့ဆေးလေ"
အမျိုးသမီးတွေ ပိုလှလာခြင်းက မထူးဆန်းသော်လည်း အမျိုးသားများအတွက်မူ တူညီသည့် ကိစ္စ မဟုတ်တော့ချေ။
"ဟင်? ဘယ်လိုဆေးအမျိုးအစားကြီးလဲ?"
ရှန်လျန် ခတ်လိုက်တဲ့ ဆေးက ထိုလူတွေကို သွေးထက်သံယိုဖြစ်သွားစေဖို့ မျှော်လင့်ထားခဲ့ရာ
ချီရွှမ်းက ဦးစွာ သူ၏ စိတ်မပျော်ရွှင်ဖြစ်မှုကို ထုတ်ပြ၏။
"လျန်လျန် ပိုပြီး ရှင်းရှင်းလေး ပြောပြပါလား"
ချီယွဲ့က မျက်မှောင်ကြုံ့နေ၏။ ရှန်လျန်က ရန်ငြိုးရှိတဲ့သူကို စေတနာနဲ့ လွှတ်ပေးလိုက်မယ့်သူမျိုး မဟုတ်တာ သေချာသိနေ၍ပင်။
ဖုရင်က ဘာမှ မမေးပေမယ့် သူ့သဘောထားကလဲ ချီယွဲ့တို့နှင့် တူတူပင်။
"ရှင်းရှင်းပြောပြလိုက်ရင် အံ့ဩစရာ ဘယ်ရှိတော့မလဲ.. မဟုတ်တောင် မကြာခင် သိရတော့မှာပါ.. ကျွန်တော့ကိုယုံ .. အရမ်းပျော်ဖို့ကောင်းလာလိမ့်မယ်"
အားလုံးသိချင်နေမှန်း ရှန်လျန် သဘောပေါက်ပေမယ့် ဒီတိုင်းထားလိုက်၏။
တွက်ချက်မှု အရ ခုလောက်ဆ်ို ဒုတိယနဲ့ တတိယ အိမ်က သားတွေ မုတ်ဆိတ်မွှေးတွေ မထွက်လောက်တော့ဘူး! ပြီးရင် ရင်သားတွေ စထွက်လာနေလောက်ပြီ၊ အဲ့ဒီအချိန်က ပျော်စရာ အကောင်းဆုံးအချိန် ဖြစ်လာလိမ့်မယ် ဟဟ...
ချင်ဖင်းမြို့စားကြီး၏ အိမ်တော်တွင်..
ရှန်လျန်ပြန်သွားသည့် ညထဲက ဖေးယွမ်ရွှင်းက ထျန်းရှုကို သူ့ရဲ့ ကျန်းမာရေးသတင်း လွှင့်ခိုင်းလိုက်၏။
မနက်ညီလာခံတွင် လူတိုင်းက သတင်းသိသွားကြပြီး ဧကရာဇ်က စိုးရိမ်ဟန်ဆာင်ကာ ညီလာခံ သိမ်းသည်နှင့် မိုးရွာသွန်းနေသည့်ကြားမှ ဝန်မင်းများစွာ ခြံရံလျက် မြို့စားကြီးအား ဂရုစိုက်မှုပြသရန် ချက်ချင်း နန်းပြင်ထွက်ခွာလာသည်။ မိုးသဲထန်စွာရွာသွန်းနေသော်လည်း ဘုရင့်နောက်ပါယာဉ်တန်းက ခမ်းနားကြီးကျယ်တောက်ပကာ အရှိန်အဝါတစ်ခုအား ပြသနေနိုင်ဆဲ။
"သခင်.. ဘုရင့်စီးတော်ယာဉ်က နန်းတော်ရဲ့ ဒုတိယဂိတ်ကိုဖြတ်လာပါပြီ.. ကျွန်တော်တို့ အိမ်ကို ရောက်ပါတော့မယ်"
ဖေးယွမ်ရွှမ်းက အိပ်ရာပေါ် ဖြူဖျော့ဖျော့နှင့် လဲလျောင်းနေပြီး နှုတ်ခမ်းက သွေးရောင် ပင် မရှိရာ ပုံစံက သေခါနီး လူမမာ လိုပင်။
"ဆေးပြင်ထားပြီးပြီလား"
ဖေးယွမ်ရွှင်းက မျက်ခွံ အနည်းငယ် ဖွင့်လိုက်၏။ မျက်နှာ အမူအရာနှင့်ယှဉ်လျှင် မျက်လုံးအကြည့်က နက်ရှိုင်း တောက်ပနေကာ အားအင်တို့ ပြည့်ဖြိုးလျက်ရှိ၏။
"ပြင်ထားပြီပါပြီ ဒီမှာပါ"
ထျန်းရှု မဖြေခင် လင်းအိမ်တော်ထိန်းက လင်ပန်းတစ်ချပ်ဖြင့် အပြေးရောက်လာကာ
"မြို့စားအရှင် ဆေးပူနေတုန်းလေး သောက်လိုက်ပါ ၊ မြန်မြန်သောက်ပြီး သေလိုက်ပါတော့၊ ကျန်တာ ဒီအဖိုးကြီးတာဝန်ထား၊ စိတ်ချ စိတ်ချ!"
"........"
သေရမယ်? သူက စကားပြောတတ်တာလား မတတ်တာလား?
ထျန်းရှုတို့ နဖူးကြောင်းတွန့်ကုန်၏။ ဖေးယွမ်ရွှင်းဆို အလွန်အမင်း ပြောစရာစကားမဲ့လျက်။ နံပါတ်တစ် ပညာရှိလူကြီးမင်းက စကားအသုံးအနှုန်း မရွေးချယ်တတ်ဘူးလား?
"ဘာလို့ အူကြောင်ကြောင်နဲ့ကြည့်နေသေးတာလဲ မြန်မြန်သောက်တော့လေ?"
ဖေးယွမ်ရွှင်းက အတန်ကြာတဲ့အထိ မတုံ့ပြန်တာကြောင့် အဖိုးအိုက စိတ်မရှည်လက်မရှည် လောဆော်တော့၏။ ရှန်လျန်က သူမသွားခင် ဖေးယွမ်ရွှင်းအတွက် တမင်သက်သက် ဆေးစာတစ်စောင်ရေးပေးခဲ့လေ၏။ ထိုဆေးရည်က ဖေးယွမ်ရွှင်း၏ သွေးလည်ပတ်နှုန်းကို အလွန်နှေးကွေးစေပြီး စက္ကန့်ပိုင်းအတွင်း သေမည့် ပုံစံ ပေါက်စေမည့်ဆေးပင်။ ဘုရင်အိုကြီးက လက်ဗလာနဲ့ ရောက်လာမှာ မဟုတ်ပဲ ကျန်းမာရေးသတင်းက အမှန်ဟုတ်မဟုတ် စစ်ဆေးရန် သေချာပေါက် သမားတော် ခေါ်လာမှာပင်။ အပြင်ပန်း နာမကျန်းသော်လည်း သွေးကြောက တော့ ကောင်းမွန်ပေ၏။ ကံကောင်းစွာပင် ဆေးရည်က သမားတော်များကို တစ်ခဏ လှည့်စားထားနိုင်လေ၏။
ရှန်လျန်က တစ်ခြားအရာတွေကို မသိသည်သာ ရှိမည်။ နန်းတော်ထဲက သမားတော်တွေ အကြောင်းကိုတော့ နောကျေနေပါ၏။
"သေသလိုဖြစ်သွားမှာဆိုလို့ ဆေးထဲ တစ်ခြားဟာတွေ မထည့်ထားတာ သေချာပါတယ်နော်"
ဖေးယွမ်ရွှင်းက ဆေးရည်ကို ရှူကြည့်လိုက်ပြီး နှာခေါင်းပိတ်လိုက်၏။ လူတိုင်းအမြင်မှာ သူက ဆေးအိုင်ထဲ မြှုပ်နေသည့် လူလို့ထင်ကောင်းထင်နိုင်၏။ သို့သော် သူဆေးနံ့လုံးဝမခံနိုင်ပါ။ အနံ့က သူ့အတွက် အလွန်အမင်းကို ဆိုးရွားလေသည်။
"ကျုပ်က လျှောက်ထည့်ရဲပါ့မလား၊ ဝမ်ဖေး ထည့်ထားရင်တော့ ဒီအဖိုးကြီး မသိဘူးလေ"
"......"
ထိုစကားကြားသော် ဖေးယွမ်ရွှင်း ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွား၏။ ရှန်လျန်သာ လုပ်ချင်ရင် တစ်ကယ် ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကို လက်ခံမိ၏။ အနာဂါတ်မှာ သူ့ဝမ်ဖေးကို စိုးရိမ်အောင်ထပ်လုပ်မိရင် စာကြည့်ခန်းထဲမှာပဲ သုံးရက်သုံးည အနည်းဆုံး အိပ်ရမလားမသိဘူး?
"သခင်.. ဆေးသောက် ရပါတော့မယ်"
ဆေးထဲ မဟုတ်တာ ပါနေရင်တောင် ဝမ်ဖေး စီစဉ်ပေးခဲ့တာမလို့ ရှုံ့မဲ့ရင်း ဆေးတိုက်ရမှာပင်။ လောကကြီးမှာ မြို့စားမင်းကို အရုပ်လို ကိုင်တွယ်နိုင်တာ ဝမ်ဖေးသာ ရှိသည်လေ။
"ထွက်သွားစမ်း!"
ဖေးယွမ်ရွှင်းရဲ့ အကြည့်က စိတ်အခြေအနေမကောင်းမှန်းသိသာ၏။ မဲတူးနေသည့် ဆေးရည်ကို ငုံ့ကြည့်ကာ ဆိုးရွားလှသည့် အနံ့ကိုသည်းခံပြီး အသက်မရှူတမ်း တစ်ကျိုက်ထဲ မော့သောက်ရန် ဆုံးဖြတ်ချက် ချလိုက်၏။
"အား..."
ပန်းကန်လုံးက ပြောင်ရှင်းသွားလေပြီ။ ဖေးယွမ်ရွှင်း သူ့ပါးစပ်သူ အုပ်လိုက်ကာ သူ့အစာအိမ်လေး ထဲ မွှေခံနေရသည်ဟု ခံစားလိုက်ရ၏။ ဘေးမှာရပ်ပြီး တစ်ချိန်လုံး စောင့်ကြည့်နေသည့် လင်းဖိုးဖိုးက သူ့ရဲ့အော့အန်ချင်နေသည့် မျက်နှာပေးကြောင့် ရေနွေးကြမ်းတစ်ခွက် ယူလာပေး၏။
ဖေးယွမ်ရွှင်းမှာ တဆတ်ဆတ်တုန်နေသည့်လက်ဖြင့် လှမ်းယူပြီး
"နောက်တစ်ခွက်လောက်"
ရေနွေးကြမ်း ငါးခွက်မျှောချလိုက်ပြီးမှ အစာအိမ်လေးမှာ နေသာထိုင်သာရှိသွားတော့သည်။ ဖေးယွမ်ရွှင်းက အိပ်ရာပေါ်ပြန်လှဲလိုက်ကာ အမှန်တစ်ကယ် သေခါနီးဖြစ်သွား၏။ ဆေးအနံ့က ဆိုးရွားလွန်းလို့ အန်ပစ်ချင်မိသည်လေ။
သူ့ဝမ်ဖေးက အကြင်နာတရားကင်းပြီး အရမ်းအရမ်းရက်စက်တာပဲ!
ငယ်ရာမှ ကြီးရာထိ တူတူနေထိုင်လာခဲ့ကြသော လင်းဖိုးဖိုး၊ ထျန်းရှုနဲ့ တစ်ခြားသူများမှာ သူတို့သခင်ရဲ့ ပုံစံကို ကြည့်ရင်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။အနာဂါတ်မှာ ဝမ်ဖေးအား ဘယ်တော့မှ မဆန့်ကျင်ရဟူ၍ပင်။ သူတို့ဝမ်ဖေးက အလွန်ကြောက်စရာ ကောင်း၏။
"ကျိုး သမားတော် ကျုပ်ရဲ့သွေးကြောကို လာစမ်းကြည့်ပါဦး"
အချိန်မည်မျှ ကြာသွားသည်မသိ နောက်ဆုံးတော့ ဖေးယွမ်ရွှင်း အသက်ကောင်းကောင်းရှူနိုင်သွားပြီး ကျိုးသမားတော်ကို လာစမ်းသပ်ခိုင်းလိုက်၏။
သမားတော်၏ အမူအရာက ကြောင်အ နေပြီး တုံ့ပြန်မှုနှေးသွား၏။
"ဝမ်ဖေးရဲ့ ဆေးပညာက တစ်ကယ်ကို ထူးချွန်လွန်းလှပါတယ်၊ မြို့စားမင်းရဲ့သွေးကြောက တိတိကျကျကို သွေးအများအပြားဆုံးရှုံးထားပြီးသွေးမလုံလောက်တဲ့ လက္ခဏာ ပြနေပါတယ်"
မြို့စားမင်းသာ မကြာခင် သွေးလုံလောက်အောင် မဖြည့်တင်းနိုင်ရန် ၊သွေးလည်ပတ်မှု မူမမှန်တာကြောင့် အကြောသေသွားတော့မှာပါ"
"သခင် ဧကရာဇ်ဝေါယာဉ်က အရှေ့ပိုင်းနယ်ပယ်ကို ဝင်ရောက်လာပါပြီ.. ဒီကိုနာရီဝက်အတွင်း ရောက်လာနိုင်ပါတယ်"
ထျန်းရွှမ်၏ သတင်းပေးချက်ကြောင့် အခန်းထဲရှိ လူတိုင်း မပျော်ရွှင်တော့ပါ။
ဖေးယွမ်ရွှင်းက သေချာ လဲလျောင်းအိပ်လိုက်ပြီး
"စီစဉ်ထားတဲ့ အတိုင်းပဲနော်၊ တစ်ယောက်ယောက် ကျုပ်ရဲ့အစီအစဉ်ကိုဖျက်ရဲရင် တစ်သက်လုံး ဟွမ်းရှီ မျှော်စင်မှာ ပဲနေရမယ်မှတ်"
"နားလည်ပါပြီ"
ဖေးယွမ်ရွှင်းမပြောလျှင်ပင် ဤမျှ အရေးကြီးကိစ္စများ စိတ်ထဲ ရှင်းရှင်းလင်းလင်းထည့်ထားကြ၏။
ဝမ်ဖေးက သူတို့မိသားစုထဲ အမြန်ဆုံးဝင်ရောက်လာနိုင်လျှင် ချင်ဖင်းအိမ်တော်သည်လည်း ယခုထက် ပိုမို တက်ကြွလာပေလိမ့်မည်။ ထို့ကြောင့် လူတိုင်း ကိုယ့်ကိုကိုယ် သေချာ ပြင်ဆင်ထားကြလေ၏။
"သမားတော်ကျိုး က ဒီမှာပဲနေပြီး မြို့စားမင်းကို ကြည့်ရှု စောင့်ကြပ်ပါ၊ ထျန်းရှုက ဒီအဖိုးအိုနဲ့ ဧကရာဇ်ကို ထွက်ကြိုမယ်"
လင်းဖိုးဖိုးရဲ့ ကိုယ်နေဟန်ထားက ရုတ်ချည်း တည်ငြိမ်သွားကာ လေထုအခြေအနေကို စနစ်တကျ ကိုင်တွယ်လိုက်သည်။ နန်းတော်တစ်ခုလုံးမှာ မည်သူမှ ဖေးယွမ်ရွှင်းအား လက်ထပ်မည့်သူမရှိ ကြောင်း လင်းဖိုးဖိုး က အသိဆုံးပင်။
အသက်ဆယ့်ရှစ်နှစ်ထဲ ရောက်လာမှပဲ နောက်ဆုံးတော့ ဖေးယွမ်ရွှင်းမှာ မျက်စိကျရမယ့်သူရှိလာခဲ့ပြီ။
ဘုရင်အိုကြီးက ဒီလက်ထပ်ပွဲကို သိပ်တားချင်လျှင်ပင် နှစ်ကြိမ်ပြန်တွေးရအောင် သူတို့လုပ်ရပေလိမ့်မည်။
2883 words
Grape 🍇