'သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့'
ကျိုးလီပုမှာ ကျန်ရစ်ခဲ့တဲ့ ရှဲ့ယန်နဲ့ အပေါင်းအပါတစ်သိုက်မှာ ဆေးပညာ၌တတ်မြောက်သူမရှိသဖြင့် ရှန်လျန်ခရီးသွားတဲ့ တစ်လေကျာ်အတွင်း ကုသမှုအစီအစဉ်အသင့်အတင့်သာ အကျိုးဆောင်ပေးနိုင်ကာ စားစရာနဲ့ အဝတ်အထည်ပိုင်းဘက် ပို၍ကူညီပေးနိုင်ခဲ့သည်။ သူငယ်ချင်းတွေ၏ စွမ်းစွမ်းတမံ ကိုယ်ကျိုးမငဲ့ပဲ ကြိုးစားမှုကြောင့် များစွာသောလူကုန်ထံများက လာရောက်ကြည့်ရှုပြီး တဖက်တလမ်းက ထည့်ဝင်ပေးကြသည်။ သို့နှင့်ငယ်ရွယ်ပြီး အရည်အချင်းရှိသည့် လူငယ်လေးများ၏ အင်အားစုပေါင်းမှုဖြင့် ရေဘေးဒုက္ခသည်များကို ကူညီ၊ကယ်ဆယ်၊ အလုပ်အကိုင် နေရာချထားမှုတို့ကို လုပ်ဆောင်ပေးနိုင်ခဲ့သည်။
ဒါတောင် အလှည့်မကျသေးသည့် ဒုက္ခသည်များစွာကျန်ရှိနေသေး၏။ မြို့တော်သည်လည်း ဝန်ထမ်းနိုင်ခြင်းအကန့်အသတ်နဲ့ဖြစ်ရာ တစ်ပြိုင်နက်တည်း လူများစွာကို အဆင်ပြေစေရန် မစွမ်းသာချေ။
ထိုသို့ဆိုသော်လည်း လူငယ်လေးတွေရဲ့ ကောင်းသတင်းက မြို့တော်ရဲ့တောင်စွန်ဖျား၊ မြောက်စွန်ဖျားထိ မွှေးပျံ့နေလေ၏။ ရှန်လျန်ကလွဲလို့ ကျန်တဲ့ ကော ငါးဦးကပိုင်ရှင်မရှိသေးရာ နောင်တွင် စစ်မှုထမ်းမျိုးရိုး၊လူကုန်ထံများ၊တော်ဝင်မိသားစုဝင်များထဲမှ တောင်းရမ်းလက်ထပ်ချင်သူရှိလာနိုင်သည်။ ခက်သည်မှာ ဧကရာဇ်က စိုးရိမ်ထိတ်လန့်ပြီး ကန့်ကွက်မှုများရှိနိုင်သည်။
"ရှန်သခင်လေး လာတယ်ဟေ့...ရှန်သခင်လေး ရောက်လာပြီ"
ဒုက္ခသည်များ၏ ဩဘာပေးသံကြား တုံးလင်အိမ်တော်ပိုင် လှည်းယာဉ်၏တံခါးက ပွင့်ဟလာသည်။ အပြာနုရောင် ပိုးသားဝတ်စုံလွင်လွင်လေးဖြင့် ထင်းလင်းနေပါသော ရှန်လျန်က လူတိုင်း၏အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ ရှဲ့ယန်တို့က လုပ်လက်စများပစ်ချလိုက်ကာ သူ့ဆီလာနှုတ်ဆက်သည်။
သို့သော် အတင်းပြုံမလာပဲ လူထုက လျန်လျန့်အားကျေးဇူးတင်လျက် တရင်းတနှီး နှုတ်ခွန်းဆက်နေသည်အား မနီးမဝေးမှ ရပ်ကြည့်ကာေစာင့်ေပးနေကြသည်။
"ပေါ်လာသေးတယ်နော်.. မင်း မလုပ်တော့ဘူးလို့တောင်ထင်နေတာ"
အနားရောက်လာတာနဲ့ ရှန်ကျိုးက သူ့လက်မောင်းကို လက်သီးနဲ့ထိုးသည်။ လျန်လျန် စစ်နယ်မြေဆီသွားတယ်ကြားတော့ သူတို့ဘယ်လောက်စိုးရိမ်နေခဲ့ရလဲ... အာဂပဲ.. မသေဘူး ဒီကောင်! ဘေးကင်းကင်းပြန်ရောက်တော့လည်း တုံးလင်အိမ်က ပြဿနာပေါင်းသောင်းေခြာက်ထောင်နဲ့ တစ်ခါ စိုးရိမ်ရပြန်ကော.. စိတ်အေးလက်အေးကို ပေးမနေဘူး..ရင်တုန်ပန်းတုန်ဖြစ်ရတယ်။
အခုလျန်လျန် ပြုံးနေတာမြင်မှပဲ စိတ်သက်သာရာရကုန်သည်။
"ငါနှုတ်ထွက်ချင်တယ်ဆိုရင် မင်းတို့တစ်ကယ် ခွင့်ပြုမှာလား"
အကုန်လုံးကို ဝေ့ဝဲကြည့်ကာ ရှန်လျန် မစပဲ မနေနိုင်။
"စဉ်းတောင် မစဉ်းစားနဲ့"
လေးေယာက်လုံးရဲ့အသံက တပြိုင်ထဲထွက်လာရာ သူငယ်ချင်းငါးဦး သဘောတကျရယ်မောလိုက်ကြသည်။ အားလုံး အနောက်ဘက်အခန်းထဲ ဝင်လာလိုက်ကြသည်။ ရှန်ကျိုးမှ...
"လျန်လျန် ဟော်စစ်သူကြီးက တစ်ကယ်ကြီး ငါတို့လိုလား? မင်းရဲ့ အစ်ကိုနဲ့ လက်ပါထပ်ထားတယ် ဆို"
ဟော်စစ်သူကြီးရဲ့ရဲစွမ်းသတ္တိကို အတော် လေးစားမိသည်။
"အဲ့တာတင် ဘယ်ကမလဲ၊ သူတို့မှာ တစ်နှစ်အရွယ် သားတစ်ယောက်တောင် ရနေပြီ၊ အစက သားအဖနှစ်ယောက် ငါနဲ့လိုက်လာမလို့ပဲ၊ဒါပေမယ့် အိမ်မှာက သိတဲ့အတိုင်း ပြဿနာရှုပ်နေတာနဲ့ ထားခဲ့လိုက်တာ ၊နောက်တစ်ခါကျရင် ခေါ်လာပြီး မင်းတို့နဲ့မိတ်ဆက်ပေးမယ်"
"ဘာရယ်..ကလေး?"
လေးေယာက်လုံးဆွံ့အသွားသည်။ အားပါးပါး သွက်ချက်! ဒီသတင်းက အပြင်လူတွေ မပြောပုံထောက်ရင် ဘယ်သူမှ မသိသေးတာဖြစ်ရမယ်၊ လူတွေဆိုတာကလည်း နည်းနည်းသိ များများပြော ဆိုတော့..
"ရှောင်ကျိုး မင်းငါ့တူလေးကို မြင်ဖူးတာပဲကို"
ရှန်လျန်က လျှို့ဝှက်စွာပြုံးသည်။ ကျန်သုံးယောက်က သစ္စာဖောက်ရှန်ကျိုးကို တချိန်တည်းလှည့်ကြည့်လိုက်ကြပြီး..
"မင်းဘယ်အချိန်တုန်းက မြင်ဖူးသွားတာလဲ၊ ငါတို့လည်း မသိရပါလား"
ရှန်ကျိုး ခေါင်းမီးတောက်အောင် စဉ်းစားနေပေမယ့် အတွေးထဲမှာ တစ်နှစ်သား ကလေးလေးမရှိ။ ရှန်လျန် ထပ်စပြန်ပြီ နေမှာ!
"နောက်ဆုံး တစ်ခါအိမ်လာတုန်းက တွေ့တဲ့ကလေးကိုမှတ်မိလား"
"အဲ့တာက...မင်း မွေးစားထားတာဆို"
ရှန်ကျိုး စိတ်လှုပ်ရှားစွာ ထခုန်သည်။ဒီကိစ္စကို တော့ ကျန်တဲ့သူတွေလည်း သိပြီးဖြစ်သည်။ မသိတာက ထိုကလေးလေးမှာ မွေးစားခံရတာမဟုတ်ပဲ စစ်နတ်ဘုရားနဲ့ တပ်မှူးရှန်တာ့တို့၏ရင်သွေးရတနာ ဖြစ်နေမယ်လို့ပင်။ မယုံနိုင်စရာပါလား...
"အဲ့ဒီတုန်းက ငါ့အခြေအနေက သိပ်ကောင်းတဲ့ထဲ ပါမနေဘူးလေ...အမှန်တိုင်းထုတ်ပြောလို့ ဘယ်ဖြစ်မလဲ"
ရှန်လျန် သက်ပြင်းချသည်။ထိုစဉ်က မြို့တော်ပြန်ရောက်တာ ဘယ်လောက်မှ မကြာသေးသည့်အပြင် တာ့ကောလည်း ပြန်မလာနိုင်သေးရာ ရန်သူကိုမဖိတ်ခေါ်မိစေရန် ကလေး၏မျိုးနွယ်အမှန်ကို ဖုံးကွယ်ထားလိုက်ရသည်။
သို့မဟုတ်ပါက တုံးလင်အိမ်တော်၏ အနောက် ဆောင်က လှိုင်းဂယက်ကြီးကြီးထကာ အထူးသဖြင့် နန်းတွင်းထဲကလူအိုကြီး စိတ်ရူးထ ဖောက်ပြီး အချိန်မရွေးစက်ဆုပ်ဖွယ်ကောင်းသည့်လုပ်ရပ်များ လုပ်နိုင်သည်။ နောက်ခံအင်အားက သာမာန်လူအဖို့ယှဉ်တိုက်၍မဖြစ်နိုင်။
ကျန်လေးဦးလုံး တိခနဲ တိတ်ကျသွားသည်။ ဟုတ်သားပဲ..သတင်းတွေပျံ့လာတာကြောင့် မဟုတ်ရင် တုံးလင်အိမ်တွင်းရေးက အရမ်းရှုပ်ထွေးတာကို ဘယ်သူမှ သိတာမဟုတ်။ မြေခွေးတွေနဲ့ တအိမ်ထဲ နေတာက အချိန်မရွေးအရိုးမကျန်အောင် ကိုက်ဝါးခံရနိုင်သည်။
"ငါ့အကြောင်းက ထားတော့၊ တစ်လကျော်အတွင်း ဒီမှာ ဘာမှမဖြစ်ဘူး မှတ်လား?"
ရှန်လျန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူငယ်ချင်းတွေလည်း သူခေါ်ဆောင်ရာလိုက်ကာ ဆိုင်အကြောင်း ပြောပြကြသည်။ ပြဿနာရှာချင်တဲ့လူတွေက မရှိတာမဟုတ်၊ရှန်ကျိုးရဲ့အစ်ကို ရှန်ချင်ရယ်၊ ဟွိုင်ရန်အိမ်တော်က သခင်လေး ကျင်းရှီရန်တို့ရဲ့ မိသားစု အထောက်အပံ့အပြင် ပညာရှိလေး ဖုယွင်ရှီး၏လှည့်ကွက်များနှင့် ပူးပေါင်းလိုက်သည့်အခါ ပြဿနာကြီးတဲ့အဆင့်ကို မရောက် ပေ။
လူနှစ်ထောင်ကျော်အား အလုပ်ချိတ်ဆက်ပေးနိုင်ခဲ့ပြီး အလှူငွေနဲ့ပစ္စည်းတွေလည်း ဆထက်တပိုး လှူဒါန်းသူ တိုးတိုးလာခဲ့သည်။ ဆန်ပြုတ်ဝေသည့် နံပါတ်ကဒ်ပြားသည်လည်း ဆယ်ဂဏန်းမှရာဂဏန်းသို့ ထပ်တိုးနိုင်ခဲ့သည်။ တစ်ရက်တာပရဟိတလုပ်ငန်းပြီးသည်နှင့် လူထုကမကြာခဏ ပစ္စည်းများကိုကူညီကာ ဆေးကြောသိမ်းဆည်းပေးတတ်၏။သို့နှင့် နေ့တိုင်းပုံမှန် ဤသို့ဖြတ်သန်းကြ၏။
"ငါတို့ေနရာကို ထပ်တိုးချဲ့မယ်ဆိုရင်တော့ ဘေးဆိုင်နဲ့ မျက်စောင်းထိုးဆိုင်က အနီးဆုံးပဲ"
ထိုသတိပေးချက်ကြောင့် ရှန်လျန်လေးနက်သွားသည်။ အိမ်ဘေးက ကုန်စုံဆိုင်ဖွင့်ထားပြီး ဆိုင်ရှင်က ဆက်ဆံရေးကောင်းပြီး ပစ္စည်းစေျးလည်းအသင့်ဖြစ်ရာ စီးပွားရေးလည်းမဆိုးလှချေ။
"ဆိုင်ရှင်က သူ့ဆိုင်ကို ရောင်းဖို့အစီအစဉ်မရှိဘူးတဲ့၊ ဝယ်နေကျဖောက်သည်တွေလည်း မရှုံးချင်လို့ ငါတို့ကို နေရာငှားတာပဲ လုပ်ပေးနိုင်တယ်တဲ့"
ကျိုးလီပုမှာ ကုန်စုံဆိုင်ဖွင့်သူများပြီး ရောင်းေကာင်းသည့်ဆိုင်အား ဝယ်ချင်သူရှိပါက ကမ်းလှမ်းသည့် ဈေးက မိုးထက်မြင့်သည်။ဈေးသက်သာပြန် တော့လည်း ဈေးရောင်းပါးသည့်ဆိုင်ဖြစ်နေပြန်သည်။ဒါကြောင့်ပဲ ဆိုင်တန်ဖိုးဆိုတာ ဆိုင်ရောင်းအားနဲ့ သက်ဆိုင်တယ်လို့ ပြောကြသည်ထင်။ ငှားရမ်းပြန်ရင်လည်း တစ်ဖက်က သူတို့နဂိုရောင်းအားကို ဆုံးရှုံးမခံနိုင်သလို သူတို့ဘက်ကြည့်တော့လည်း ငွေပမာဏများစွာမသုံးချင်။
ရှဲ့ယန်ရှင်းပြရင်း ခေါင်းကိုက်လာသည်။ သူတို့လုပ်ငန်းပိုင်နက်နယ်မြေက လက်ရှိဒုက္ခသည်အရေအတွက်အရ တဖြည်းဖြည်းကျဉ်းလာသည်။
"ဘယ်လောက်လဲ တစ်လ"
"ပုံမှန်ဆို တစ်လငှားရမ်းခ အသပြာ ငါးထောင်နဲ့ ခြောက်ထောင်ကြားမှာပဲရှိတာ၊အဲ့တာကို နှစ်သောင်းတဲ့၊ ဓားပြတိုက်ချင်နေတာလားပဲ"
ငွေစာရင်းကိုင်တဲ့ ဝေထန်က ပျော်ရွှင်ပုံမရ၊ အသပြာနှစ်သောင်းဆိုရင် ဆိုင်အများကြီးငှားလို့ရ နေပြီ၊ သူတို့လိုအပ်မှန်းသိလို့ သက်သက်ဈေးကိုင်တာပဲဖြစ်သည်။
"နှစ်သောင်းလား"
ရှန်လျန့်မျက်ဝန်းတွေ မှေးကျဉ်းလိုက်သည်။ တစ်ကယ်ပဲ ဈေးကြီး၏။
ငွေကြေးပိုင်း မသက်ဆိုင်တဲ့ ရန်ထျန်းယွီနဲ့ ရှန်ကျိုးလည်း သဘောမတူချင်၊ လူတွေက လောဘကြီးလွန်းသည်။ ငွေရမယ့်လမ်းကို သေချာသိသည်။ မည်သို့ပင်ဆိုစေ အသပြာ တစ်သောင်းဆိုလျှင် တောင် သူတို့လက်ခံနိုင်သေး၏။ နှစ်သောင်းကျ တော့ လွန်လွန်းသည်။ သူတို့ကို အပေါ်ယံကြည့်ပြီး ငတုံးတွေလို့ ထင်နေကြတာများလား၊ မဟုတ်လည်း ပိုက်ဆံပေါတယ်လို့ ထင်နေကြတာလားပဲ။
ရှန်လျန်က လက်ချောင်း တတောက်တောက် ခေါက်ကာ တွေးသည်။ ထို့နောက်လေ့ကျန်းကို ခေါ်လိုက်သည်။
"မျက်စောင်းထိုးအိမ်ကို သွားမေးကြည့်ကြည့်၊ ဆိုင်ခန်း ဆယ်ခန်းရှိတဲ့ထဲ ဘယ်ဟာကို ရောင်းချင်လဲ၊ဘယ်ဟာငှားမလဲ၊ ပြီးတော့ ဈေးပါ မေးခဲ့လိုက်ဦး"
"ဟုတ်ကဲ့"
လေ့ကျန်းထွက်သွားသော်.. အားလုံးသံသယဖြင့် ဝိုင်းမေးလိုက်သည်။
"ဘာလုပ်ဖို့ကြံနေတာလဲ"
"သိပ်မကြာခင် သိရမှာပါ၊ ဪ ..ဒါနဲ့ ဝေထန် ငါတို့မှာ အချိန်မရွေးထုတ်သုံးနိုင်တဲ့ ငွေပမာဏ ဘယ်လောက်ရှိလဲ"
ရှန်လျန်က လျှို့ဝှက်စွာပြုံးလိုက်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်တဲ့ ဝေထန့်ကို မေးသည်။ ဝေထန်က တခဏ တွေးလိုက်ပြီးမှ..
"မုရုန်မိသားစုကို ဆန်ဖိုးရှင်းရမှာနဲ့ တခြားအသုံးစရိတ်တွေဖယ်လိုက်ရင် ထုတ်သုံးနိုင်တာ အလွန်ဆုံး နှစ်သိန်းပဲ"
လှူဒါန်းငွေများစွာရသော်လည်း တရက်တိုင်း ချက်ပြုတ်၊ဆေးကုသည့်စရိတ်က ကြီးမားသည်။ အဝတ်အထည်လဲလှယ်ပိုင်းဘက်မှာကျတော့ ပေးကမ်းစွန့်ကြဲရာ၌အသုံးပြုဖို့စုထားသည့်ငွေဖြစ်ရာ ရာသီဥတုပူချိန်မှာ သိပ်မသုံးမလိုပေမယ့် ဆောင်းရာသီရောက်လျှင် လိုအပ်လာမည်ဖြစ်သည်။ယခုတောင် စောင်နဲ့အနွေးထည်များစွာ ကြိုတင်မှာယူထားပြီးဖြစ်ရာ သေချာပေါက်ယူသုံး၍မရနိုင်၊ လှူဒါန်း ငွေထဲကအနည်းငယ်ဖယ်သုံးမှပဲရမည်။
"အဲ့လောက်နဲ့ လောက်တယ်၊ နောက်ပြီး ငါတို့တွေ သူများလာလှူတာပဲ ထိုင်စောင့်နေလို့ မဖြစ်တော့ဘူး၊နည်းအသစ်ရှာမှ ရတော့မယ်"
အားလုံးတိတ်ကျသွားသည်။ ဒါကိုသူတို့လည်း တွေးနေတာကြာခဲ့ပြီ၊ ဒါပေမယ့် ဘာပစ္စည်းနဲ့ ဘယ်လိုလုပ်ရမယ်မှန်း လွယ်လွယ်နဲ့သူတို့စဉ်းစား၍မရခြင်းသာ၊ စုထားတဲ့ငွေဆုံးရှုံးသွားရင် ပိုခက်ခဲသွားနိုင်သည်လေ။
"မင်းမှာ အကြံကောင်းရှိလား"
ရှဲ့ယန် မေး၏။ ဒီတလော သူတို့ လေ့လာကြည့် သလောက် အရောင်းအဝယ်ပိုင်းက ထင်သလောက်မလွယ်မှန်းသိလိုက်ရသည်။
ရှန်လျန်က ချက်ချင်းမဖြေပဲ စဉ်းစားနေပြီးမှ...
"ကုန်ပစ္စည်းရောင်းဝယ်တာက အရှုံးအမြတ်ပုံမှန်မရှိဘူး၊ အမြဲတမ်းအတွက် အဆင်ပြေနိုင်မယ့် နည်းတစ်ခုတော့ရှိတယ်"
"ရှိလား ဘာနည်းလမ်းလဲ"
ကျန်လေးယောက်လုံး စိတ်ဝင်စားသွားသည်။ ရှန်လျန်က ပြုံး၏။
"ဒီလိုလေ.. ခုဆို ရေဘေးဒဏ်က ကင်းလွတ်သွားခါစဆိုတော့ မြို့အနီးတဝိုက်က စိုက်ခင်းတွေက ဒီတိုင်းထားထားတုံးပဲ၊ ပြန်ရောင်းချင်တဲ့သူတွေလည်း များလောက်တယ်၊ ငါတို့ရသေလာက်ဝယ်ထားသင့်တယ်လို့ထင်တယ်၊ အလုပ်သမား အတွက်က ပူစရာမလိုလောက်ဘူး၊ဒုက္ခသည်တွေထဲမှာ လယ်သမားတွေမှအများကြီး၊ ကောက်ပဲသီးနှံစိုက်တာက ရေရှည်အဆင်ပြေမယ့်နည်းလို့မြင်တယ်၊ ရောင်းလည်းရ၊ အသုံးစရိတ်လည်း လျော့သွားမယ်၊ ဘယ်လိုထင်လဲ"
စိုက်ခင်းအများစုက စီးပွားရေးလုပ်ငန်းရှင်တွေပိုင်တာဖြစ်ပြီး အနည်းစုကသာ လူချမ်းသာတွေ မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်တာဖြစ်၏။ အရင်ကဆို သေချာ ပေါက် ဈေးမြင့်မှာဆိုပေမယ့် အခုအချိန်က မိုးကြီးကြီးရွာချဦးမလား၊ ရေကာတာပဲ ကျိုးမလား မသိနိုင်ရာ လုပ်ငန်းရှင်များ၏ ယုံကြည်ချက်ကိုပျက်ပြားစေခဲ့သည်။ ရတဲ့ဈေးနဲ့ အမြန်ဆုံးရောင်းထုတ်ချင်မှာ သေချာသည်။ ခုချိန် ဝယ်ထားရင် နောင်အခါ အစားအစာအတွက် ဈေးသုံးစရာမလိုတော့ပါ။
"နည်းလမ်းက ကောင်းပါတယ်၊ဒါပေမယ့် အနာဂါတ်မှာ သဘာဝဘေးထပ်မဖြစ်မှာ ကျိန်းသေလား"
အမြန်ထုတ်ရောင်းချင်တဲ့သူတွေဆိုတာက သေချာတွက်ချက်ပြီးမှ မရှုံးအောင်ရောင်းကြတာ၊ ဝယ်တာက လွယ်တယ်၊ သဘာဝဘေး ထပ်ဖြစ်ခဲ့ရင်?
အချင်းချင်းကြည့်ကာ ရှဲ့ယန်က မေးလိုက်ခြင်းဖြစ်သည်။ မျက်မှောင်ကြုံ့လျက် စဉ်းစားခန်းဝင် နေကြသည်။ ချွေးတွေရင်းပြီး စုထားတဲ့ငွေတွေကုန်သွားမှာ စိုးသည်။
2189 words
Grape 🍇