no

Font
Theme

'ရှန်ရှောင် ထွက်ပေါ်လာ'

ရှန်ရွေ့ထင်က အိပ်ရာထဲ လှဲနေသည်။ သခင်မကြီးက မေ့မျောနေသည်။ လျိုရှုဟန်က ရာထူးရုပ်သိမ်းခံထားရသည်။ သခင်လေးဖြစ်တဲ့ ရှန်လျန်ကလည်း အလုပ်မအားလပ်သဖြင့် အိမ်၏တာဝန်အလုံးစုံက စွင်းကျင့်ခေါင်းပေါ် ကျရောက်လာသည်။

ဗိုလ်ကြီးလင်းနဲ့ ဟွိုင်ရန်စစ်သည်တို့ မြို့တော် ပြန်ရောက်လာသည့်အချိန်တွင် အခန်းထဲ တစ်ချိန်လုံးပုန်းအောင်းပြီး လူကြားထဲ သွားရန်ဝန်လေးနေသော ရှန်ရှောင်က ရုတ်တရက် ထွက်ပေါ်လာသည်။

ယခင်ကနှင့်ယှဉ်လျှင် ပိုမိုခက်ထန်လာဟန်ရှိပြီး တစ်ချိန်လုံး ဒေါသထွက်နေသည်။ စွင်းကျင့်ကိုလည်း သခင်မနေရာ ဝင်ယူရဲသည်ဟူ၍ လှောင်ပြောင်သရော်လေသည်။ စွင်းကျင့်မှာ ဒေါသ‌ေကြာင့် မျက်လုံးနီရဲလာသော်လည်း ပြန်မပြောရဲချေ။ အပျော်မယားတစ်ယောက်အနေနဲ့ ရှန်ရှောင်၏ရှေ့တွင်သူက အဆင့်နိမ့်အမျိုးသမီး တစ်ဦးသာသာပဲ ဖြစ်၏။

ရှန်ရှောင်က စွင်းကျင့်ကို ရတနာသိုလှောင်ခန်းဖွင့်ပေးရန် ဖိအားပေးကာ အဖိုးတန်သည့် ပစ္စည်းများစွာ ယူထုတ်လာစေသည်။

ရှန်ချန်၏ ခန်းဝင်ပစ္စည်းအဖြစ်ပေးရန်ဟု အကြောင်းပြသော်လည်း မှတ်တမ်းမှတ်ရာ ရေးရန်ခွင့်မပြုခဲ့ချေ၊ ထို့ကြောင့် စွင်းကျင့်က တုံ့ဆိုင်းမနေရဲပဲ သခင်ကြီး၏ အိမ်ထိန်း ရှန်ကျီ့ဆီ သတင်းပို့လိုက်သည်။ သခင်ကြီးက အခုထက်ထိ စိတ်ထိခိုက်ပြီး အိပ်ရာပေါ်လှဲနေရာ ရှန်ကျီလည်းမည်သို့မှ မတတ်နိုင်၊ နောက်ဆုံးတော့ ရှန်လျန့်ဆီ ပြေးပြောရတော့၏။

"ပဉ္စမသခင်လေး.. ရတနာသ်ိုလှောင်ခန်းရဲ့တစ်ဝက်လောက်ကို ယူထုတ်သွားပါတယ်၊ ပြီးတော့ မှတ်တမ်းရေးခွင့်မပြုဘူး၊ သခင်ကြီး သတိရလာရင် ကျွန်မဘယ်လိုရှင်းပြရပါ့မလဲ"

စွင်းကျင့်က မျက်ရည်တွေသုတ်လျက် ရှိုက်ငိုသည်။ တုံးလင်အိမ်တော်မှာ များစွာ ပြောင်းလဲသွားပြီး လျိုရှုဟန်တို့ သားအမိ၏အာဏာက အားနည်းသထက် အားနည်းလာသည်။ ဆန့်ကျင်ဘက်အနေနဲ့ စွင်းကျင့်ရဲ့ အနေအထားက မြင့်သထက်မြင့်လာသည်။သို့သော်ငြား ရှန်ရှောင်က ပြဿနာရှာသောအခါ သူမ တားရုံသာ တတ်နိုင်သည်။

လျိုရှုဟန်ရဲ့သမီး လက်ထပ်ထိမ်းမြားမယ့် ကိစ္စမှာ ခန်းဝင်ပစ္စည်း မည်မျှထည့်ရန် စွင်းကျင့်တွင် ပြောခွင့်မရှိ။

"အကြီးဆုံးသခင်မလေးအတွက်ဆိုတော့လည်း ပေးလိုက်ပါ"

အံ့ဩဖို့ကောင်းစွာ ရှန်လျန်က ဒေါသမထွက်ပဲ အေးဆေးတည်ငြိမ်နေသည်။ စွင်းကျင့်က မျက်ရည်တွေကြားက မျက်လုံးပြူးလျက်သား။

"သခင်လေး.."

လျိုရှုဟန်တို့သားအမိပေါ် ရေရှည်အစီအစဉ် ချထားတာဖြစ်နေမလား?

"ဒေါ်လေးစွင်း..ရှန်ရှောင်နဲ့ ပတ်သက်ပြီး ကျွန်တော်ဘာမှ မတတ်နိုင်ဘူး"

စွင်းကျင့်က အားကိုးတကြီး ‌လာငိုပြသော်လည်း အိမ်၏ရတနာပစ္စည်း အားလုံးနီးပါးသယ်ထုတ်ခံရတာတောင် ရှန်လျန်က ရန်ဖြစ်ရန်စိတ်မဝင်စားခဲ့ပေ။

"ကျွန်မ..."

စွင်းကျင့် တစ်ခုခုပြောရန်ဟန်‌ပြင်ပြီး မှ တစ်ခုခုကိုရုတ်ချည်းသတိရသွားသည်။ ရှေ့ရက်ပိုင်းက ရှန်ကျီတို့သားအဖ ပြောသည့်စကားဝိုင်းအရ သခင်ကြီး အိပ်ရာပေါ်လဲသွားစေသည့် အကြောင်းအရင်းက ရှန်လျန့်ကြောင့်ဟုဆို၏။ ရှန်လျန်က နက္ခတ်ဆိုးနဲ့ မွေးလာတဲ့ ကလေးမဟုတ်တဲ့ အပြင် အနာဂါတ်ခရီးလမ်းက အရမ်းအောင်မြင်ကျော်စောမယ့်သူဆိုတာ သိခဲ့ပြီး သခင်ကြီးက အိပ်ရာပေါ်ဗိုင်းဗိုင်းလဲသည်အထိ စိတ်ထဲနောင်တအပြည့်နဲ့ နာကျင်ခံစားခဲ့ရတယ်လို့ကြားသည်။

ဒီအတိုင်းသာဆိုရင် နောက်ပိုင်း ရှန်လျန်ဘာလုပ်လုပ် သခင်ကြီးက ဦးစားပေးမှာပင်၊ သခင်လေးရဲ့ထောက်ခံချက်အရဆို သူက တရားဝင် သခင်မပင် ဖြစ်လာနိုင်သည်။

သူသာ တရားဝင် သခင်မ ဖြစ်လာရင် လျိုရှုဟန်နဲ့ သူ့သားသမီးတွေကို ထပ်ပြီး အောက်ကျနောက်ကျ ခံစရာမလိုတော့ဘူးပေါ့။

သူ မသိလိုက်တာတစ်ခုက စိတ်ထဲ တွေးနေသမျှကို ရှန်လျန်က တစ်ချက် အကဲခတ်တာနဲ့ သိလိုက်ပြီ ဆိုတာပင်။

"ဒေါ်လေးစွင်း.. ကိစ္စတွေ အများကြီး သိထားတဲ့သူက အသက်မရှည်ဘူး၊ သူတို့က တဖြည်းဖြည်းလောဘကြီးလာတာ မလို့လေ"

ရှန်လျန်က စကားလုံး တွေနဲ့ ရိုက်ချလိုက်ပြီး ရေနွေးခွက်ကို အသာချလိုက်သည်။ စွင်းကျင့် ချက်ချင်း သဘောပေါက်ပြီး ခေါင်းငုံ့သွားသည်။

"တောင်းပန်ပါတယ်သခင်လေး ..ကျွန်မ လျိုရှုဟန်တို့သားအမိကို ဖိနှိပ်ဖို့မတွေးသင့်ပါဘူး၊ သူ့နေရာကို မတပ်မက်သင့်ပါဘူး"

ထိုအခိုက် ရှန်လျန်၏ရှေ့တွင် ဘာလှည့်ကွက်မှ မလုပ်သင့်ကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားသည်။ အမှန်တိုင်းဝန်ခံတာက အကောင်းဆုံးရွေးချယ်မှုပင်။

"ဒေါ်လေးစွင်းရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျားရဲ့နေရာက တစ်ကယ်ပဲ သူတို့ကိုမယှဉ်နိုင်သေးဘူး၊ မမေ့လိုက်နဲ့ ရှန်ရှောင်က ခင်ဗျားကို အရှက်ရအောင် လှောင်ပြောင်သတိ‌ပေး ခဲ့တယ်မလား၊ ခင်ဗျားက မိသားစုဝင်အဖြစ် လက်ရှိနေရာကိုပဲ ထိန်းထားနိုင်ဖို့ကြိုးစား၊ ထပ်ပြီး မနိမ့်ကျသွားစေနဲ့၊ ဒီလိုလုပ် ရှန်ချန်နဲ့ ရှန်ကျင်းကို ဧကရာဇ်က စတုတ္ထသားတော်ရဲ့ အနောက်ဆောင်ထဲ ဝင်ခွင့်ပြုပေမယ့် အရှင့်သားက လာမကြိုသေးဘူးမလား၊ဒေါ်လေးက အကောင်းဆုံးသမားတော် ပင့်ဖိတ်ပြီး သူတို့ သွေးကြောကိုစမ်းသပ်ပေးလိုက်ပါ"

ရှန်လျန်က ထက်မြက်တဲ့သူကို သဘောကျသည်။ စွင်းကျင့်က တန်ပြန်လက်စားချေချင်ပေမယ့် နာနာခံခံနဲ့ တိုးတက်ရန်လက်ခံသည်။ထိုသို့ အသုံးဝင်သေးသည်ဖြစ်ရာ ဆက်လက်ပူးပေါင်း၍ရ၏။

"သွေးကြောစမ်းသပ်ရမယ်?"

စွင်းကျင့် နားမလည်ပေမယ့် သေချာတွေးကြည့်လိုက်တော့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

"သခင်လေး... ရှန်ချန်နဲ့ ရှန်ကျင်းတို့...ရှိနေနိုင်"

အချိန်ကိုတွက်ဆကြည့်လိုက်တော့..ရက်ပေါင်းငါးဆယ်ခန့်ကြာညောင်းခဲ့ပြီဖြစ်ရာ စတုတ္ထမင်းသား၏ သတို့သမီးခေါ်ဆောင်ယူခြင်းနှောင့်နှေးသည့်ကိစ္စကိုလည်း လူတွေက ဟ်ုဟိုဒီဒီထင်ကြေးပေးနေကြပြီ။ လူအတော်များများက အရှင့်သား တာဝန်မယူရဲဘူးလားဟုထင်နေကြသည်။ ရှန်ချန်တို့၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းသထက် ကျဆင်းလာကာ အိမ်ပြင်ထွက်ဖို့ ရှက်ရွံ့နေကြသလို ကျောင်းလည်း သွားမတက်ကြတော့ချေ၊ တစ်ကယ်လို့ သူတို့နှစ်ယောက် ထဲကတစ်ယောက်က ကိုယ်ဝန်ဆောင်နေတယ်ဆိုရင်တော့ အခြေအနေ ပြောင်းလဲသွားဖို့ သူကူညီပေးနိုင်လေမလား?

"မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

အရိပ်တပ်သားရဲ့ သတင်းပေးချက်အရ မိန်းကလေးနှစ်ယောက်လုံးက လတ်တလောထူးခြားနေသည်။ ရှန်လျန် ဘာမှ ထပ်မပြောပြပါ။

"ဒေါ်လေးစွင်း စိတ်မပူနဲ့၊ ခင်ဗျားထင်ထားတာထက် ကိစ္စတွေက စိတ်ဝင်စားစရာကောင်းလာလိမ့်မယ်"

"ဒါဆိုရင် ကျွန်မခုပဲသွားစီစဉ်လိုက်ပါမယ်"

စွင်းကျင့်က တုံ့ဆိုင်းနေသေးသောကြောင့် ရှန်လျန် ပြောလိုက်သည်။

"ကျွန်တော့်ကိုယုံ၊ ကျွန်တော်ပြောတဲ့အတိုင်း ဖြစ်လာလိမ့်မယ်"

"သခင်လေးကို ကျေးဇူးတင်ပါတယ်"

စွင်းကျင့် စိတ်သက်သာရာရသွားသည်။ ထရပ်ကာ ဦးညွှတ်ပြီး အခြွေရံနဲ့အတူ ပြန်သွားသည်။

"ရှုရှု..ရှုရှု...ရှုရှု"

ဧည့်သည်များ ထွက်ခွာသွားသည်နှင့် ဖုရင်က ရှန်ယိုနဲ့အတူ အခန်းထဲက ထွက်လာသည်။ ရှန်ယိုက ယခုဆို အသက် ကိုးလရှိပြီဖြစ်ပြီး ပထမဆုံးသင်ယူသည့်စကားလုံးက အဖေ၊ပါပါးတို့ မဟုတ်ပဲ ရှုရှု ဖြစ်၏။ ရှန်လျန့်ကိုမြင်တာနဲ့ တတွတ်တွတ်ခေါ်နေတော့သည်။ စကားတော့မပီသေးပါ၊ ထို့အပြင် ကောင်းမွန်စွာ ဂရုစိုက်ခံထားရတာကြောင့် ဝမ်းဗိုက်ပူပူလေးနှင့် ဝက်ကလေးလို လုံးတစ်နေတော့၏။

"ယိုအာ.."

ရှန်လျန်က တူသေးသေးလေးကို ပိုပိုပြီး ချစ်မိသည်။ ပွေ့ဖက်ကာ အာဘွားပေးတိုင်း ဖေးယွမ်ရွှင်းက ဘေးမှနေ၍ ရှာလကာရည်သောက်နေသည်။ သို့သော်ငြား တူဝရီးကြား ချစ်ခြင်းကိုတော့ဖြင့် မခွဲနိုင်ခဲ့ပါ။

"ရှုရှု...ရှုရှု"

ရှန်ယို၏ လက်တစ်တုတ်တို လေးက လေထဲ တရမ်းရမ်းနှင့်ပွေ့ဖက်ပါရန် တောင်းဆိုနေသည်။ ရှန်လျန်က ကလေးကို သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။ရှောင်ရှန်ယိုက သူနားရောက်လာတဲ့ တာ့ပေါင်ကို လှမ်းဆွဲသည်။ တာ့ပေါင်ကလည်း သူ့ညီငယ်ကို အရိပ်တကြည့်ကြည့်၊ လက်လှမ်းလာသည်ကိုမြင်သော် ဝက်ဝံရုပ်ကို ညီလေးလက်ထဲ အမြန်ထည့်ပေးလိုက်သည်။

"ရှန်ရှောင် ရုတ်တရက် ထဖောက်လာမယ် မထင်ထားဘူး၊ မောက်မာတဲ့ပုံစံကိုကြည့်ရင် အရင်က လူတွေနဲ့တွေ့ဖို့ကြောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး"

ကလေးနှစ်ယောက် တူတူဆော့နေရာ ဖုရင်က ရှန်လျန်နဲ့ စကားစမြည်ပြောနိုင်လေသည်။ ချီယွဲ့၊ချီရွှမ်းနဲ့ ဖန်ကျုံးယွင်က လတ်တလော အလွန်အလုပ်များနေသည်။ ရှန်လျန်ကလည်း မနက်ပိုင်းဆို အိမ်တွင်မရှိရာ အရုပ်လေးနှစ်ကောင်အား ထိန်းကျောင်းပေးသည့်တာဝန်က ဖုရင်တစ်ဦးတည်းသာ၊ အိမ်မှာ နေခဲ့သူဖြစ်သည့်အလျောက် တုံးလင်အိမ်တော်၏သတင်းကို ပိုသိလေသည်။

"ရှန်ရှောင်က စွင်းကျင့်ကို တစ်ကယ် အနိုင်ကျင့်ပြီး ပစ္စည်းတွေ ယူခိုင်းခဲ့တာ၊ ကြည့်ရတာ ခန်းဝင်ပစ္စည်း အများကြီးနဲ့ စတုတ္ထမင်းသားရဲ့စိတ်ကို ပြေလျော့ စေချင်တာဖြစ်ပါလိမ့်မယ်"

ရှယိုပြုတ်မကျအောင် ရှန်လျန်က လက်တစ်ဖက်နဲ့ သေချာထိန်းပွေ့လိုက်သည်။ကျန်လက်တစ်ဖက်က ရေနွေးခွက်ကိုကိုင်ကာ တစ်လုပ်သောက်၏။

ဖုရင်က ထူးဆန်းသည်ဟုတော့ မထင်။

"လျိုဝမ်ကျင်းက စတုတ္ထမင်းသားဘက်က လူဆိုတာ သိပြီးပြီလားလျန်လျန်၊ အခု သူတို့တူမက မင်းသားရဲ့မိသားစုဝင်ဖြစ်တော့မယ်ဆိုတော့ ရှေ့ဆက် ဘာကိုမှ ဂရုမစိုက်တော့ဘူးထင်တယ်"

"ဟက်! ချင်ယွင်ရှန်းဆိုတဲ့လူက အတော် တစ်ကိုယ်ကောင်းဆန်တယ်၊ လျိုဝမ်ကျင်း ရဲမှူးဖြစ်ကတည်းက စတုတ္ထမင်းသားရဲ့လူဖြစ်ခဲ့ပေမယ့် ခုတော့ ဧကရာဇ်ကိုယ်တိုင် မောင်းထုတ်ထားတဲ့ အသုံးမကျတဲ့သူဖြစ်နေပြီ၊ သူ့လိုလူက ဘယ်လိုလုပ် ရှန်ရှောင်ကို မင်းသားနဲ့ မိတ်ဆက်ပေးဖို့ အစွမ်းစရှိမှာလဲ၊ ဒါပေမယ့်..."

ပြောလက်စ စကားက တစ်ဝက်တပျက်ရပ်တန့်သွားသည်။ တစ်စုံတစ်ခုက မှားယွင်းနေမှန်းရုတ်တရက် ခံစားမိလိုက်သည်။ လျိုဝမ်ကျင်းက သာမာန်အရာရှိတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် အသေခံ တပ်သားတွေ အများကြီးကိုပျိုးထောင်နိုင်မှာလဲ? ဆရာ‌တော်ကွေချန် အသတ်ခံရတုန်းက လေ့ကျန်းစုံစမ်းမိသလောက် သတ်သွားသူတွေက စစ်သည်တွေထက်တော့ ကိုယ်ခံပညာ မလျော့ဘူး ဆိုသည်။

"ယောင်းကွမ်!"

"လျန်လျန် ခေါ်လိုက်တာလား"

လျန်လျန် အပြင်ထွက်တဲ့ ကာလတစ်လျှောက်လုံး လေ့ကျန်းနဲ့ ယောင်းကွမ်က ပုန်းကွယ်၍ စောင့်ရှောက်ပေးနေပြီး တော်ရုံ လူလုံးထွက်ပြခဲသည်။

"ယွမ်ရွှင်းဆီ ချက်ချင်း သတင်းသွားပို့လိုက်၊ လျိုဝမ်ကျင်းအကြောင်း မြန်မြန်စုံစမ်းပေး၊အဓိက အရေးကြီးတာ သူ အရှင့်သားရဲ့ လူ ဘယ်လိုဖြစ်လာလဲ ၊ ပြီးတော့ လျိုရှုဟန် ဒီအိမ်ထဲ ဘယ်လိုအဆက်အသွယ်နဲ့ ဝင်လာတာလဲ...တခြားဟာတွေရော အကုန်လုံး အသေးစိတ်သိရလေ ပိုကောင်းလေပဲ"

လေ့ကျန်း ပြန်ရောက်လာမယ့်အချိန်ကို စောင့်နေမှာထက် သံမဏိတပ်သားတွေကို စစ်ဆေးခိုင်းတာ ပိုမြန်လိမ့်မည်။

"ကောင်းပါပြီ"

ယောင်းကွမ်က ချက်ချင်း မထွက်သွားခင် နောက်ပြန်လှည့်ပြီး အတည်ပြုသည်။

"လျန်လျန် အပြင် မထွက်ဘူးမလား"

သခင်က လျန်လျန့်ကို အနီးကပ်စောင့်ရှောက်ခိုင်းထားတာ၊ သူထွက်သွားတဲ့ အချိန်ခဏလေးမှာ တစ်ခုခုဖြစ်သွားရင် ကျန်တဲ့ ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်းမနေရအောင် သခင် အပြစ်ပေးတာခံရလိမ့်မယ်။

"မသွားဘူး"

ယောင်းကွမ်က သေချာတယ်နော်ဆိုပြီး အတည်ပြုအကြည့်ဖြင့် ကြည့်ရာ ရှန်လျန် ဖွဖွ ပြုံး၏။ ထိုအခါမှ ယောင်းကွမ်က ယုံကြည်စွာ ‌နှင့် ပျောက်ကွယ်သွားသည်။

"အဆင်ပြေသွားပါပြီ၊ ခုဏက လွတ်သွားတဲ့အပိုင်းကိုပြန်သတိရသွားလို့"

ဖုရင်က စိတ်ပူစွာနဲ့ ကြည့်နေတာကြောင့် ရှန်လျန် ညင်ညင်သာသာပြုံးပြလိုက်သည်။ စိတ်ထဲမှာတော့ မကောင်းတာ တစ်ခုခုဖြစ်လာတော့မယ်လို့ ထင်နေသည်။

"ခင်ဗျားက ဒီကို ဘာလာလုပ်‌တာလဲ? မမလေးတွေရဲ့အခန်းက ခင်ဗျားလာရမယ့်နေရာမဟုတ်ဘူး"

စွင်းကျင့်က အကောင်းဆုံးသမားတော်ကို ပင့်ဆောင်ပြီး ရှန်ချန်တို့ နေ့ခင်းတရေးအိပ်တဲ့အချိန်ကို တွက်ဆကာ မေကွေးခြံဝန်းဆီ သွားခဲ့သည်။ ရှန်ရှောင်က ထိုခြံဝန်းတွင်ရှိနေပြီး လူအများရှေ့မှာပင် စွင်းကျင့်၏အဆင့်အတန်းကို အညှာအတာမဲ့စွာ ထုတ်ပြောသည်။

လျိုရှုဟန်က သမီး၏လက်ကိုကိုင်ထားပေးရင်း ထိုင်နေသည်။ ရှင်းရှင်းလင်းလင်းကို မောက်မာခွင့်ပြုထားလေသည်။

"ဒုတိယ သခင်လေး စိတ်မဆိုးပါနဲ့၊သခင်လေးပြောခဲ့တဲ့ စကားတွေကို ကျွန်မ အမှတ်ရပါတယ်၊ သခင်မလေးက ထိမ်းမြားတော့မှာဆိုတော့ ကျွန်မအနေနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးချင်တာကြောင့်ပါ၊ ကျွန်မ မြို့တော်က အကောင်းဆုံးသမားတော်ကို ပင့်ပြီး ကျန်းမာရေးကောင်းကြောင်း စစ်ဆေးပေးချင်လို့ပါ"

ရင်ဘတ်ထဲက နာကျည်းမှုတွေကို ဖိနှိပ်ရင်း တတ်နိုင်သမျှ ပြုံးထားရန် ကိုယ့်ကိုကိုယ် ဖိအားပေး‌နေသည်။

"ဘာလို့ သဘောကောင်းပြနေတာလဲ"

ရှန်ရှောင်က သမားတော်ကို မယုံသင်္ကာကြည့်နေသလို ထိုင်နေတဲ့လျိုရှုဟန်လည်း မျက်မှောင်ကြုံ့လျက် စစ်စစ်ဆေးဆေးကြည့်သည်။ စွင်းကျင့်က ရှန်လျန်၏ စကားတွေကို ပြန်အောက်မေ့လျက် အပြုံးကြီးကြီး ပြုံးလိုက်သည်။

"လက်ထပ်‌တော့မယ့်အမျိုးသမီးကို ဆယ့်ငါးရက်တစ်ခါ ကျန်းမာရေးစစ်ဆေးပေးဖို့လိုတယ်၊ ဒီကိစ္စ ကျွန်မဘက်က လစ်ဟင်း‌မိသွားတယ်၊ကျွန်မရဲ့ ကြင်နာမှုကိုပြသဖို့အခွင့်အရေးပေးဖို့ဒုတိယသခင်လေးနဲ့ သခင်မကို တောင်းဆိုပါတယ်၊ သမားတော်ကို ကျန်းမာရေး ကောင်းကြောင်း အတည်ပြုစစ်ဆေးခွင့်ပြုပေးနိုင်မလားရှင်"

စကားထဲမှ ကောက်နှုတ်လျှင် စစ်ဆေးခွင့်မပြုပါက ရှန်ချန်၏ ခန္ဓာကိုယ် ကျန်းမာရေးက ပြင်းထန်တဲ့ ရောဂါ ခံစားနေရသည်ဟု ကောလဟာလ ပျံ့သွားနိုင်သည်။

သားအမိသုံးဦး အကြည့်ချင်းဖလှယ်လိုက်သည်။ ဧကရာဇ်က ခွင့်ပြုမိန့်ချပြီးဖြစ်သော်လည်း အရှင့်သားက ကြိုရန် ယခုအချိန်ထိ မရောက်လာသေးရာ အလွန်အမင်းအရှက်ရစေသည် ။ ထို့အပြင် ကောလဟာလနောက်တစ်ခုပါ ဖြန့်ခံရပြီး အရှင့်သားဘက်မှ ဖျက်သိမ်းကြောင်းစာလွှာ ပို့လိုက်နိုင်သည်။ ဧကရာဇ်လည်း ရောဂါသည်ချွေးမအား လိုချင်လိမ့်မည်မဟုတ်၊ ဘာပဲဖြစ်ဖြစ် မယားငယ် အဆင့်သာ ဖြစ်သည်လေ။

"ရှောင်အာ ဒေါ်လေးစွင်းက ကြည့်ပေးတတ်မှတော့ သမားတော်ကို အထဲ ပေးဝင်လိုက်ပါ"

လျိုရှုဟန်က ဆင်ခြင်တွေးတောလိုက်ပြီး အထဲဝင်ခွင့်ပြုသည်။ သို့ရာတွင် စွင်းကျင့်မပါ၊ သမားတော်တစ်ဦးတည်းကိုသာ ဝင်စေသည် ။

"အထဲ ဝင်ပါ"

ရှန်ရှောင်က အလိုမကျစွာနဲ့ လက်ဝေ့ယမ်းသည်။ သမားတော်၏ စိတ်ထဲတွင် တုံးလင်မိသားစုအား သဘောမကျဖြစ်သွားသော်လည်း ရှေ့မှောက်၌ အမှားမလုပ်ဝံ့ပါချေ။ အပြင်မှာ ရပ်ကျန်နေခဲ့တဲ့ စွင်းကျင့်က အပြုံးမပျက်စေပဲ ရှက်ရွံ့မှုကိုသည်းခံသည်။

သူ့အနေအထားကို ပိုပြီး အထင်သေးနှိမ့်ချလေ စွင်းကျင့်က လက်ရှိနေရာအား မဆုံးရှုံးအောင်သေချာ ထိန်းသိမ်းပြလေပင်။ ဒီလိုမှ တစ်ဖက်လူကို ဒေါသထွက်သေအောင် လုပ်နိုင်မည် ဖြစ်၏။

2597 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment