no

Font
Theme

'ဝမ်ဖေး ကို ကြိုဆိုခြင်း'

ရှန်လျန် မြို့တော်ကို ပြန်ရောက်လာတာ တစ်လကျော် ရှိသွားပြီ ဖြစ်ပြီး မိုးကြီးသည့် ကာလ မရောက်ခင် ရက်တွေမှာ ထျန်းမာန်ကျောင်းကို ပျက်ရက် မရှိ ပုံမှန်တက်ခဲ့သည်။ ရံဖန်ရံခါ တုံးလင်အိမ်တော်ကနေ ကိစ္စလေးတွေ ကြောင့် အပြင်ထွက်တာ ရှိပေမယ့် ကြာကြာမှ တစ်ခါသာ။ မင်းသမီးယွဲ့ဟွားရဲ့ အလှူပွဲ သွားတုန်းက တစ်ခါ၊ ထျန်းရှု၊ ဖိုးဖိုးလင်းတို့နဲ့ ဆုံတုန်းက တစ်ခါပဲ အိမ်က ထွက်ခဲ့သည်။ အခု တစ်ကြိမ် အိမ်ပြင်ထွက်လိုက်တာနဲ့ ပုန်းကွယ် စောင့်ကြည့်နေကြသူတစ်ချို့က ချက်ချင်းပဲ သက်ဆိုင်ရာ သခင်များဆီ သတင်းသွားပို့ကြတော့၏။ ထိုအထဲတွင် ဧကရာဇ် လွှတ်ထားသော လူလည်းပါ၏။

"ရှန်လျန်က ချင်ဖင်းအိမ်တော်ကိုသွားချင်တယ် ဟုတ်စ! သူ့ အမူအရာက ဘယ်လိုရှိလဲ"

ကိုယ်ရံတော်၏ လျှောက်တင်သံအဆုံးမှာ မှတ်တမ်းစာလွှာ ဖတ်နေတဲ့ ဧကရာဇ်က ခေါင်းမော့လာ၏။ စိတ်ထဲ တစ်ခုခုက ထူးဆန်းနေပေမယ့် ဘယ်နားက မှားယွင်းနေလဲဆိုတာ ရှာမရချေ။ နောက်ဆုံးတော့ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး ရှန်လျန့်သဘောထား ဘယ်လို ရှိလဲ ဆိုတာပဲ မေးဖြစ်တော့သည်။

ပုံမှန် ဆိုရင် ယောင်္ကျား ဖြစ်စေ မိန်းမ ဖြစ်‌စေ သေလူနှင့်လက်ထပ်ရမည် ဆိုပါက ဘယ်လိုလုပ် တည်ငြိမ်နေနိုင်ပါ့မလဲ ။ ရှန်လျန်ဆိုတဲ့ ကောင်လေးက မရိုးရှင်းဘူးလို့ ခံစားမိသည်။

"အရှင် ခွင့်လွှတ်ပေးပါ၊ သံမဏိတပ်သားတွေက ရှန်သခင်လေး ကို အနီးကပ်စောင့်ရှောက်ပေးနေကြလို့ ငယ်သား အနားသိပ်မကပ်ရဲပါဘူး.. အဝေးကနေ စောင့်ကြည့်ခဲ့ရတာကြောင့် သိပ်မမြင်ခဲ့ရပါဘူး"

"အင်း.."

ဧကရာဇ်က နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ တစ်ခဏ တွေးကြည့်လိုက်ပြီးနောက် ဆက်မေးသည်။

"ချင်ဖင်းအိမ်တော်ကို သူဘာသွားလုပ်တာတဲ့လဲ"

"ရှန်သခင်လေးက ဆေးပညာတတ်ထားလို့ အကူအညီပေးနိုင်မလား သွားကြည့်ချင်တာပါ အရှင်"

ဧကရာဇ် ဘေးမှာ တစ်ချိန်လုံးရပ်နေတဲ့ ရန်အန်းက ဝင်ဖြေလေသည်။

ဧကရာဇ်က မျက်ခုံးပင့်သွားကာ

"သူကဆေးပညာ တတ်ကျွမ်းတယ်လား"

"မှန်လှပါ ... တင်ပြချက်စာလွှာ ကို မနေ့ညက ထားထားခဲ့ပါတယ်အရှင်"

ကိုယ်ရံတော်က အမြန်ရှင်းပြလာမှ စားပွဲပေါ်က မှတ်တမ်းကို ဧကရာဇ် ပြန်ကြည့်မိ၏။ မနေ့ညကတည်းက အကြောင်းအရာကို သေချာ ဖတ်ကြည့်ခဲ့ရင် ရှန်လျန် ‌ဆေးပညာတတ်တယ်ဆိုတာ သိခဲ့မှာပင်။

"ဆေးပညာပိုင်းမှာ သူကျွမ်းကျင်လား"

မနေ့ညက ရှန်လျန့် ဘဝအကြောင်းကိုပဲ ဖတ်ပြီး ကျန်တဲ့ ဗဟုသုတတွေကို လစ်လျူရှုထားမိခဲ့သည်။ တစ်ကယ်လို့ သူက....

"ဒါက...."

ကိုယ်ရံတော် ခေါင်းဆောင်က မဖြေခင် တုံ့ဆိုင်းနေပြီး..,

"အရှင် ခွင့်လွှတ်ပါ.. မင်းသမီးကြီးရဲ့ အလှူပွဲမှာပဲ ရှန်သခင်လေးကို ကောင်းကောင်း အကဲခတ်ခွင့်ရခဲ့တာမလို့ သူ့ရဲ့ဆေးပညာကို ပြောရခက်ပါတယ်"

"သူ့အသက်က ခုမှ ဆယ့်ငါးနှစ်ဆိုတော့ ကျွမ်းကျင် အဆင့် မရောက်နိုင်လောက်သေးဘူး"

ဧကရာဇ်က ကိုယ်ရံတော်၏ အမှားကို ရှာမတွေ့ပဲ တစ်ဦးတည်း တီးတိုး ရေရွတ်လိုက်သည်။ ခုမှ တော့ မတတ်နိုင်တော့ပါ၊ သူ လစ်လျူရှုခဲ့မိတဲ့ အပိုင်းက တစ်ချိန် သူ့ကို ပြန်ဒုက္ခပေးလာမှာပဲ စိုးရိမ်ရ၏။

မြို့တော်တစ်ခွင်လုံး မိုးမည်မျှ ရွာသွန်းပြီး စိုပြဲနေပါ‌စေ၊ ချင်ဖင်းအိမ်တော်ကတော့ တောက်ပြောင်သန့်ရှင်းသပ်ရပ်နေကာ ငယ်သားများက အိမ်တော်ဝန်း လျှောက်လမ်း တစ်ဖက်တစ်ချက်စီမှာ စီတန်း စောင့်ကြိုနေကြ၏။

စီးတော်ယာဉ်ကိုလည်း တပ်သားတွေက အလယ်မှာ ထားပြီး ပတ်ပတ်လည် ခြံရံကာ ချင်ဖင်းအိမ်တော်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာကြ၏။

"ဝမ်ဖေးကို ကြိုဆိုပါတယ်!"

စူးစမ်းနေတဲ့ ပြည်သူတွေရဲ့ အကြည့်အောက်မှာပဲ တန်ဖိုးကြီး ရထားလှည်းက ချင်ဖင်းအိမ်တော်ရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ရာချီသော သံမဏိတပ်သား‌များက အပြင်မှာ ရပ်စောင့်နေကြပြီး ညီညီညာညာ ဒူးထောက် ကြိုဆိုလိုက်ကြသည်မှာ ဧကရာဇ်လာစဉ်ကထက် များစွာ စည်ကား တက်ကြွနေလေ၏။

ချင်ဖင်း မြို့စားကိုယ်တိုင်ဖြစ်စေ သံမဏိတပ်သားအားလုံးကဖြစ်စေ အနာဂါတ်ဝမ်ဖေးမှာ အရေးကြီးဆုံးဖြစ်သည်ဟု စိတ်ထဲ မှတ်ယူထားကြသည်။

"ဝမ်ဖေး.. ကျေးဇူးပြု၍..."

အိမ်တော်ထိန်း လင်းဖိုးဖိုးက ထီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ရထားလုံးထဲက အနီရောင် ပုံရိပ်ကို စောင့်ကြိုနေ၏။ ယောင်းကွမ်လည်း ထီးကို ဖွင့်လိုက်ကာ ရှန်လျန့် ခန္ဓာကိုယ်ကို မိုးရေမထိအောင် ကာကွယ်ပေးလိုက်၏။

ရှန်လျန်က လှည်းထဲမှ ထွက်လာပြီး ဒူးထောက်လျက်ရှိတဲ့ သံမဏိတပ်သားတွေကို ကြည့်လိုက်သည်။

"အားလုံးထကြပါ"

"ဝမ်ဖေးကို ကျေးဇူးအများကြီးတင်ပါတယ်"

တပ်သားများက တစ်ညီတညာတည်း ကျေးဇူးတင်ကြ၏ ။ အစအဆုံး စောင့်ကြည့်နေကြတဲ့ ဘုရင့်ကိုယ်ရံတော်တွေက သံမဏိတပ်သားတွေရဲ့ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ဝမ်းပန်းတသာ ကြိုဆိုသည်ကို မြင်တော့ ပြောစရာစကားမရှိအောင် အံ့ဩနေမိကြ၏။

"ဝမ်ဖေး အထဲ ကြွပါ"

ပြည့်စုံတယ်! လင်းဖိုးဖိုးက စိတ်ကျေနပ်ကာ ဝမ်ဖေးကို ဦးဆောင်၍ အိမ်ထဲ ခေါ်ဝင်သည်။ ရှန်လျန်က နောက်ကျောကို မတ်မတ်ထားပြီး ဖြောင့်ဖြောင့်တန်းတန်းနှင့် အိန္ဒြေရှိစွာ လျှောက်ဝင်လာသွားပုံမှာ တော်ဝင်မျိုးနွယ်များနှင့် ယှဉ်၍ရသည်။ မသိလျှင် ဧကရီ တစ်ပါး အလည် အပတ် ထွက်လာပုံနှင့် တူနေတော့၏။

"ဝမ်ဖေးကို ကြိုဆိုပါတယ်!"

အိမ်တော် တံခါးပိတ်သွားတာနှင့်မပြီးသေး၊ အိမ်ထဲက တပ်သားတွေရဲ့ သံပြိုင် ကြိုဆိုသံကိုလည်း အိမ်အပြင်ကနေပင် ကြားနေရသေး၏။

သာမာန်ပြည်သူများမှာ ချင်ဖင်းအိမ်တော်ထဲ ဝင်သွားသူနောက် လိုက်လံစပ်စုချင်သော်လည်း အပြင်ဘက်မှ အစောင့်များက အလွန်တင်းကြပ်ကာ မည်သူ့ကိုမှ စိတ်တိုင်းကျ ဝင်ခွင့်မပေးပေ။

ပြည်သူကြားရောနှော နေတဲ့ ဘုရင့်ကိုယ်ရံတော်များ၏ အခြေအနေသည်လည်း ထူးမခြားနားပင်။ အိမ်အပြင်က စောင့်ကြပ်နေကြတဲ့ လူအများအပြားကိုကြည့်ပါက အိမ်ဝိုင်းထဲတွင် ယခုထက်လူပိုများမည်ကို ပြေးကြည့်ရန်မလို၊ ယင်ကောင် ဖြတ်ပျံလျှင်ပင် ခေါင်းပြတ်သွားနိုင်သည်။

"လျန်လျန် ငါတို့မတွေ့ရတာ ဘယ်လောက်ကြာပြီလည်း.. မင်း လော်ဖုန်းကျွီကို ထပ်မလာတော့ ငါ့မှာ လွမ်းနာကျကို ဖြစ်လို့! မင်းကိုအရမ်း လွမ်းတာပဲ... အွန်း.....အူး"

"ဘိုးဘေးလေးရယ် တောင်းပန်ပါတယ်၊ မင်းမှာ ဦးနှောက် မပါရင်တောင် မျက်စိတော့ ပါသေးတယ် မလား"

ဖေးယွမ်ရွှင်းနေထိုင်တဲ့ ပင်မအိမ်ကြီးထဲ ခြေချလိုက်တာနဲ့ ချူးလီက ဝုန်းခနဲ ပြေးလာဖက်သည်။ သူစိမ်းတွေနဲ့ ရင်းနှီးလွယ်တဲ့ ချူးလီကြောင့် နောက်က လိုက်လာတဲ့ ရှောင်မုချန်က အမြန် ပါးစပ်ဆွဲပိတ်ကာ ဆွဲခေါ်သွားသည်။

လက်ထဲက‌လူ မရုန်းနိုင်တော့မှ ရှောင်မုချန်က ပြုံးပြလာ၏။

"မရီး စိတ်ထဲ မထားနဲ့နော်.. ဒီကောင်က ရိုက်ခံရဖို့ မွေးလာတာ၊ သူ့ကို ကျွန်တော် ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်"

သူတို့ရဲ့ မရီးက ဘယ်လောက်ရက်စက်ကြမ်းတမ်းတတ်လဲ ဆိုတာ သတင်းကြားထားပြီးသားဖြစ်သည့်အပြင် ၊ စန်းကောရဲ့ သက်ဆိုင်သူဖြစ်သွားပြီ ဆိုတော့ သွားရှုပ်လို့ မရတော့ပေ။

"ဆိုင်ရှင်ချူးက စိတ်ရင်းနဲ့ ဖက်လှဲတကင်း ကြိုဆိုတာပါ ၊ကိစ္စမရှိပါဘူး"

ရှန်လျန်က အသာအယာပြုံးကာ စကားကောင်းပြောပေးသောအခါ လတ်တလော အတူနေထိုင်နေတဲ့ လေ့ကျန်းပင် ထူးဆန်းသွားရ၏။ ပုံမှန်ဆို ရှန်လျန်က သူစိမ်းကို တော်ရုံ ချီးမွမ်းတတ်သူ မဟုတ်ပါ။

"လွှတ်‌စမ်း!"

ချူးလီက ရှောင်မုချန်ရဲ့ အလစ်အငိုက်ကို စောင့်ကာ အားကုန်သုံးပြီး ကိုယ်လွတ်ရုန်းသည်။ ထို့နောက် ရှန်လျန့်အနီးသို့ အလျင်စလို ပြေးသွားပြီး

"တတိယမရီးပဲ ကျွန်တော့်အကြောင်း နားလည်တယ်၊ ဒါကြောင့်ပဲ ကျွန်တော်က မြင်မြင်ချင်း ချစ်မိသွားခဲ့တာပေါ့၊ ဒါနဲ့ တခြားချောမောတဲ့သူတွေအများကြီး ရှိလျက်နဲ့ ဘာလို့စန်းကောနဲ့ လက်ထပ်ဖို့ဖြစ်သွားတာလဲ? ကျွန်တော်လည်း ရှိသေး...."

"ထျန်းရှု သူ့ကို ဆွဲထုတ်လိုက်!"

"ဟုတ်ကဲ့!"

"ဟင်? ထျန်းရှု ဘာလုပ်တာလဲ !ငါ့ကိုလွှတ်ပေး"

ဖေးယွမ်ရွှင်းရဲ့ အမိန့်ကြောင့် ထျန်းရှုက ချူးလီကို ဂုတ်မှ ဆွဲကာ အိမ်ဝန်းထဲ ပစ်ထုတ်လိုက်ရာ ကိုယ်ခံပညာ မတတ်သည့် ချူးလီမှာ တစ်ဖက်လူပြုသမျှ သနားစရာကောင်းစွာ ခံလိုက်ရတော့သည်။

ယခုလို မြင်ကွင်းမျိုး အကြိမ်ကြိမ် မြင်ဖူးနေကြမို့ မည်သူမှ တုန်လှုပ်မနေကြတော့ပေ။ စိတ်မကောင်းဖြစ်နေမိသော သူမှာ ရှောင်မုချန် တစ်ဦးတည်းသာ ရှိ၏။ဟာသပြဇာတ်ကို ကြည့်နေရသလိုမို့ ခေါက်ယပ်တောင်လေးကို ဖျတ်ခနဲ ဖွင့်ကာ သက်ပြင်းချလိုက်မိ၏။

"ခင်ဗျားကြည့်ရတာ အတော်လေး စိတ်မကြည်နေပုံပဲ"

အခန်းထဲဝင်ရင်း ရှန်လျန် အပြုံးလေးနှင့်မေး၏။

ဖေးယွမ်ရွှင်းက မှုန်ကုပ်ကုပ်နှင့်

"ကိုယ့်ဝမ်ဖေး တစ်ယောက်လုံး မျက်စိရှေ့မှာ နှောင့်ယှက်ခံနေရတာကို ဘယ်လိုလုပ် စိတ်ကြည်မလဲ"

"အိုး...ဟုတ်လား"

ရှန်လျန် ဆက်မပြောတော့ပဲ ဖေးယွမ်ရွှင်း၏ကိုယ်ပေါ် မှ စောင်ကို ဆွဲဖယ်လိုက်၏။ အံ့ဩတကြီး ပြူးကြည့်နေကြတဲ့သူတွေကို လစ်လျူရှုရင်း အင်္ကျီကို ဖွင့်ကာ ဖေးယွမ်ရွှင်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းတည်ဆောက်ပုံက်ို ဖွင့်ချပြလိုက်သည်။ ဝမ်းဗိုက်က အဆီပိုတွေမရှိပဲ ကြွက်သားနှင့်ပြည့်ကာ ဆွဲဆောင်မှုရှိသည်။ မြင်ကွင်းလှလှလေးကို ဖျက်စီးနေတဲ့ တရားခံကတော့ ပတ်တီးစီးထားတဲ့ ဒဏ်ရာပဲ ဖြစ်သည်။

"ဒဏ်ရာ က အနာကျက်တာ မြန်သားပဲ၊ အခြေအနေကောင်းတယ်၊ အားပြန်ပြည့်အောင် လုပ်ဖို့ပဲ ကျန်တော့တယ်"

ဖေးယွမ်ရွှင်း၏ လက်ကောက်ဝတ်ကိုစမ်းသပ်ကာ ဒဏ်ရာတစ်ဝိုက်ကို အကြည့်တစ်ချက်တည်းနဲ့ ‌သုံးသပ်လိုက်သည်။ သွေးပြောင်းပေး တဲ့နေ့တုန်းက လေ့ကျန်းတို့မှာ ရှန်လျန်၏ ကျန်းမာရေးကို စိုးရိမ်ကာ သွေးအများကြီး မထုတ်ပေးစေခဲ့ချေ။ ထို့ကြောင့် ဖေးယွမ်ရွှင်း၏ ကျန်းမာရေးအလုံးစုံပြန်ကောင်းဖို့ကိုတော့ အချိန် တချို့ယူရလိမ့်ဦးမည်။

"ချွတ်တုန်းက ချွတ်ပြီး ၊ ပြန်မဝတ်ပေးတော့ဘူးလား"

ကုတင်ခေါင်းရင်းမှာ မှီထိုင်နေတဲ့ ဖေးယွမ်ရွှင်းက သူ့ရဲ့ ပွင့်ဟနေတဲ့ အပေါ်ပိုင်းကို မျက်စပစ်ပြပြီး ပြောလာသည်။ ဆိုလိုရင်းက ရှင်းလင်း၏။

"နည်းနည်းလောက် ထပ်ပြထားလဲ အသားပဲ့ပါသွားတာမှမဟုတ်တာ"

ထိုသို့ပြောလိုက်သော်လည်း အင်္ကျီကိုပြန်ဆွဲစိပေးကာ စောင်ပါးလေးနှင့် ခြုံပေးလိုက်ပါ၏။ လုပ်ပေးနေရင်းနဲ့ ဖေးယွမ်ရွှင်း၏ ကြွက်သားများကို ခိုးကြည့်လိုက်ရန်လည်းမမေ့ပါချေ။ ဖေးယွမ်ရွှင်းက အတော်လေး ဆွဲဆောင်မှု ရှိတယ်ဆိုတာတော့ ဝန်ခံရပေမည်။ ရှန်လျန်က နှာဘူးမဟုတ်ပေမယ့် ဒဏ်ရာကို စစ်ဆေးရင်း မြင်လိုက်ရတဲ့ တောင့်တင်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေ၏။

"တံခါးသွားပိတ်လိုက်‌... ကိုယ်က မင်းတစ်‌ယောက်ထဲကိုပဲ ပြချင်တာ"

ဖေးယွမ်ရွှင်းက ကိုယ့်ပုံရိပ်ကို ဂရုစိုက်မနေပဲ အရှက်ကင်းမဲ့စွာ ပြော၏။

မျက်နှာ အရေထူတဲ့နေရာမှာ နံပါတ်တစ်ပဲ!

အခန်းထဲက လူတွေမှာ သူ့အစား ရှက်ပြီး ခေါင်းလေးတွေငုံ့လို့! ရှန်လျန်က နေရခက်စွာ ပြုံးကာ ဖေးယွမ်ရွှင်းရဲ့ ဝမ်းဗိုက်ဒဏ်ရာ နားကို လှမ်းရိုက်လိုက်သည်။

"ကျွတ် ကျွတ်...."

ဒဏ်ရာ တည့်တည့် မရိုက်မိပေမယ့် ပြန်ကောင်းနေဆဲ နေရာဖြစ်တာကြောင့် နာကျင်သွားရ၏။ သို့သော် သူ့ဘေးနား သက်တောင့်သက်သာ ထိုင်ချလိုက်တဲ့ ရှန်လျန်ကြောင့် ဒဏ်ရာက မနာတော့သလိုပင်။

"ကျွန်တော်မှာခဲ့တဲ့စကားတွေကို အကုန်မေ့ပစ်လိုက်တာလား? အနာမကျက်သေးပဲ လျှောက် လုပ်ရဲရင် သေချင်သေ ပစ်ထားလိုက်မှာလို့ ပြောထားတယ်လေ..ဒီဒဏ်ရာက ပြန်မပွင့်တော့ဘူး၊ သွေးထပ်မထွက် တော့ဘူးလို့ထင်နေတာလား ဟမ်?"

"ကိုယ်က လျှောက်စနေတာပါ.. ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်သဘောပေါက်ပါပြီကွာ... ဒါနဲ့ ကိုယ့်ကိုတခြားပြောစရာ မရှိတော့ဘူးလား"

ဖေးယွမ်ရွှင်း ရယ်ရခက်ငိုရခက်နှင့် ရှန်လျန့် လက်ကလေးကို ဆွဲယူ ကိုင်ထားလိုက်သည်။

ဒီနေ့က သူတို့နှစ်ယောက်အတွက် အထူးနေ့ဖြစ်ပေမယ့် ခုချက်ချင်း ရှန်လျန့်ကို လက်မထပ်နိုင်သေးတာ အလွန်မုန်းမိသည်။ မဟုတ်ရင် သူ့ရဲ့မျိုးရိုးနာမည်ကို ရှန်လျန့်ဆီပေးလို့ရနေပြီ။ ဘာပဲဖြစ်ဖြစ် ခုချိန်ကစပြီး သူတို့နှစ်ယောက်က အိုမင်းသည်အထိ ဘဝတစ်လျှောက်လုံး မခွဲမခွာတမ်း အတူ နေနိုင်သွားရတော့မှာပင်။

"ဘာပြောရမှာလဲ? ခုက စီစဉ်ထားတဲ့အတိုင်း အကုန်ဖြစ်လာတာပဲလေ.. တခြား ကိစ္စ ကျန်သေးလို့လား"

ဖေးယွမ်ရွှင်း ဆိုလိုချင်တာကို သဘောပေါက်ပေမယ့် နားမလည်ချင်ယောင်ဆောင်ကာ မပူးပေါင်းပေးချေ။

ဖေးယွမ်ရွှင်းက ကူကယ်ရာမဲ့စွာ ပြုံးလျက်

"စိတ်ဆိုးနေတုန်းလား? ဟုတ်တယ်မလား?နောက်ကို ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင် ထပ်မလုပ်တော့ဘူးလို့ ကိုယ် ကတိပေးပါတယ်"

ဒီလူကတော့လေ....

"စိတ်မဆိုးပါဘူး"

ရှန်လျန်က လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး သမားတော်ကျိုးဆီ ဆေးညွှန်းစာရွက် ထပေးလိုက်၏။

"ရွှယ်ဖုန်းအကြီးအကဲ ရဲ့ဆေးညွှန်းကို လေ့လာကြည့်ပြီး ကျွန်တော် အသစ်ပြန်ရေးပေးထားပါတယ်၊ အာနိသင်က ရှေ့တစ်ခေါက်ကထက် သိသိသာသာ ပိုအစွမ်းထက်လိမ့်မယ်.. ပြင်ဆင်စရာရှိတာ ပြင်ထားလိုက်ပါ... သွေးအားတိုးစေမယ့် ဆေးကတော့ သမားတော်ပဲ သင့်တော်သလို ချင့်ချိန် တိုက်လိုက်ပါ၊ ဆေးလွန်သွားမှာမျိုး လုံးဝ စိတ်မပူပါနဲ့နော်"

နောက်ဆုံးစာကြောင်းက အဓိကပြောချင်တဲ့ စကားပဲ ထင်ပါရဲ့?

လူတိုင်းရဲ့ခေါင်းထဲ တိတ်တဆိတ်တွေးမိသွားကြ၏။ တစ်ချိန်တည်းမှာပဲ ဝမ်ဖေးကို စိတ်အနှောင့်ယှက်မပေးမိစေဖို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်ကြပြန်သည်။ ဝမ်ဖေးဆိုတဲ့ နာမည်ကို ကြောက်တာ မဟုတ်ပဲ ဝမ်ဖေး တတ်ကျွမ်းတဲ့ ပညာတွေကြောင့် ကြောက်ရွံ့ရိုသေကြတာ ဖြစ်၏။

"ဟုတ်ကဲ့ ခုပဲ ဆေးတွေ ပြင်ဆင်လိုက်ပါမယ်၊ ဝမ်ဖေးနဲ့ သခင်တို့ကို မနှောင့်ယှက်တော့ပါဘူး ၊ သွားခွင့်ပြုပါဦး"

ကျိုးသမားတော်က နဖူးပေါ်မှ ချွေးစေးတွေ သုတ်လျက် ဆေးညွှန်းနှင့်တကွ အခန်းပြင်ထွက်သွားသည်။

"ကျွန်တော်တို့ကိုလည်း သွားခွင့်ပြုပါဦးဗျ၊ သခင်တို့ အေးအေးဆေးဆေး စကားပြောကြပါ"

ခြေဆီတွေထွက်နေတဲ့ ထျန်းရှုနဲ့အပေါင်းအပါများဟာ ထွက်ခွာသည့်အခါ လင်းဖိုးဖိုးကို ခေါ်ထုတ်သွားရန်လည်း မမေ့ပါချေ။ ရှောင်မုချန်နဲ့ ချူးလီက ထွက်သွားနှင့်ပြီဖြစ်ပြီး လေ့ကျန်းလည်း မည်သူမှ မသိခင်တိတ်တဆိတ် ထွက်သွားနှင့်ပြီဖြစ်ရာ အခန်းထဲတွင် ဖေးယွမ်ရွှင်းနှင့် ရှန်လျန်သာ ကျန်ခဲ့တော့သည်။

"လျန်လျန်... ကိုယ့် ဒဏ်ရာက နာနေတယ်"

မှီလှဲနေရာမှ မထရဲပဲ နာချင်ယောင်ဆောင်ကာ သနားစဖွယ်ဟန်နှင့် ရှန်လျန့်အား ကြည့်လိုက်၏။

"ဒဏ်ရာက ပျောက်တောင်ပျောက်နေပြီ.. ဆိုးဆိုးရွားရွား နာနေသေးတယ်ပေါ့"

ပက်ခနဲ ပြန်ပြောလိုက်ပေမယ့် ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့ ဘေးနားကို ပြန်ထိုင်ချလိုက်၏။

ဖေးယွမ်ရွှင်းက တစ်ဖက်သူရဲ့ လက်ကလေးကို မြန်မြန်ဆွဲကိုင်လိုက်ပြီး..

"ထူးဆန်းတယ်၊ ရုတ်တရက်ကြီး ဒဏ်ရာက မနာတော့ပေမယ့် နှလုံးသားထဲက နည်းနည်းနာတယ်၊ လျန်လျန်.. ကိုယ့်ကို ဆေးကုပေးပါဦး"

"ပေါက်ကရတွေ!"

ရှန်လျန် ပြောစရာ စကားမဲ့လျက် ဖေးယွမ်ရွှင်းရဲ့ ရင်အုံကို ထုလိုက်သည်။

ဖေးယွမ်ရွှင်းက အခွင့်အရေးကို ကောင်းစွာ အသုံးချလျက် ကျေ‌နပ်စွာ လက်သီးဆုပ်လေးကို ဖမ်းဆုပ်လိုက်ပြီး ရင်ဘတ်ပေါ်တင်ထားလိုက်၏။ မျက်ဝန်းအိမ်တစ်ခုလုံးက ချစ်ရည် ရွှန်းလဲ့လျက်..

"ပြောရရင် ကိုယ်တို့ လက်ထပ်ပွဲက တရားဝင် ဖြစ်သွားပြီနော်၊ ကိုယ်နေကောင်းတဲ့အထိပဲစောင့်ပေး.. မင်းကို အခမ်းနားဆုံး လက်ထပ်ယူပါ့မယ်၊ ရှန်တာ့နဲ့ ဝေမိသားစုကိုလည်း ဖိတ်မှာမို့ စိတ်ချနော်... လက်ထပ်ပွဲ အခမ်းအနားမှာ သူတို့ ရှိနေစေရမယ်"

"အွန်း.. ခင်ဗျားသဘောပဲ"

စောစော ယူယူ၊ နောက်မှ ယူယူ ရှန်လျန် ကန့်ကွက်စရာ မရှိပါ၊ သူတောင်းဆိုတဲ့ တစ်ခုတည်းသော ဆန္ဒမှာ ဝေမိသားစုနှင့် အစ်ကိုကြီး ရှန်တာ့တို့ ပွဲတက် ဂုဏ်ပြုပေးရန်သာ ဖြစ်တော့၏။

2808 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment