no

Font
Theme

စေ့စပ်ပစ္စည်းချင်းလဲလှယ်ကြပြီ

အင်ပါယာ တော်ဝင်အမိန့်တစ်ခုက လူများစွာရဲ့ အစီအစဉ်ကို ပျက်ဆီးသွားစေ၏။ ကိုယ်ဖြစ်ချင်တာ ဖြစ်ရလို့ ပျော်နေတဲ့သူဆိုလို့ ရှန်လျန်နဲ့ ဖေးယွမ်ရွှင်းရဲ့ လူတွေသာ ရှိမည်။

"အဟင့် ဟင့်"

ရှန်ချောင်က အခန်းထဲ ပြန်ရောက်တာနဲ့ အိပ်ရာပေါ် မောက်ရက်လဲအိပ်ပြီး ပြင်းပြင်းထန်ထန် ငိုကြွေး၏။ အစေခံက ကုတင်ဘေးမှာ ဘာလုပ်ရမှန်းမသိစွာ ရပ်နေလျက်ရှိသည်။ နှစ်သိမ့်ပေးမယ်ပြင်လိုက်တိုင်း ရှန်ချောင်က တစ်ခုခုနှင့် ပစ်ပေါက်၏။

ခေါင်းအုံး၊ စောင်နဲ့ အခြား လက်လှမ်းမှီရာ ဆုပ်ကိုင်နိုင်သမျှပစ္စည်းအများအပြား ကြမ်းပြင်ပေါ် ပုံကျနေသည်ကို အခန်းထဲ ဝင်လာသည့် ကျောက်လန်က မြင်လိုက်ရတော့သည်။

"ဒုတိယသခင်မ"

"ထွက်သွားလို့ရပြီ.. ငါခေါ်မှ ဝင်လာခဲ့"

"ဟုတ်ကဲ့ရှင့်"

အစေခံကို နှင်လိုက်ပြီးမှ ကျောက်လန် သက်ပြင်းချကာ သမီးဖြစ်သူကို ဖက်ကာ လက်ဖြင့်ပုတ်ပေးလိုက်၏။

"ချောင်အာ သမီးလေး ဗိုက်အရမ်းနာသွားလား? နာသွားတယ်မလား? အမေ သမားတော် ခေါ်ပေးရမလား"

တစ်ကယ်တော့ အမေဖြစ်သူက သူမွေးထားတဲ့ သမီး ဘာတွေးနေလဲ ဆိုတာ မသိပဲ ရှိပါ့မလားလေ... အရင်က အကုန်လုံး မသိခဲ့ပေမယ့် ဒီညမှာ အားလုံးရှင်းရှင်းလင်းလင်း သိသွားရပါပြီ။ သမီးလေးက ပြင်းပြင်းထန်ထန်ငိုကြွေးနေမှတော့ တိုက်ရိုက်ကြီးလည်း ထုတ်မပြောချင်သဖြင့် ရှန်လျန် အစောပိုင်းက ကန်ထည့်လိုက်တဲ့ ဝမ်းဗိုက်တစ်ဝိုက်ကို ထိကိုင်ပြီးသာ စိတ်မသက်သာစွာ မေးလိုက်သည်။

"အမေ..."

ချော့တဲ့သူရှိတော့ ရှန်ချောင်က ပိုငို၏။ လှပနူးညံ့ကာ ခိုကိုးရာမဲ့ ပုံစံလေးက ကျောက်လန်၏ နှလုံးသားကို ကွဲကြေစေ၏။

သမီးကို မျက်ရည်တွေ ကူသုတ်ပေးလိုက်ကာ

"အရူးမလေး ချောင်အာ.. ချင်ဖင်းမြို့စားကို အဲ့လောက်တောင် ကြိုက်ရလား! ရှန်လျန် မဟုတ်ရင်တောင် တစ်ယောက်ယောက်ကတော့ သူနဲ့ လက်ထပ်သွားမှာပဲလေ... မြို့စားကြီးက သမီးမှန်းလို့ ရတဲ့သူမျိုး မဟုတ်ဘူး"

သမီးလေးအတွက် သူမကိုယ်တိုင် အမြင့် မှန်းပေးသည် ဆိုသော်လည်း ချင်ဖင်းမြို့စားနှင့် တွဲဖက်ပေးရန် အရည်အချင်းမပြည့်မှီသည်ကိုတော့ ရွေးချယ်စရာမရှိ ဝန်ခံရပေလိမ့်မည်။တော်ရုံဆို တော်ဝင်မိသားစုထဲက သမီးကညာတွေနဲ့သာထိမ်းမြားကြမှာ ဖြစ်သည်။ ဝေမိသားစုက မျိုးရိုးမြင့် ဆွေကြီးမျိုးကြီးအထက်တန်းစား မိသားစုဖြစ်လို့သာ ချင်ဖင်းမြို့စားမင်းနဲ့ တွဲစပ်လို့ရခဲ့တာ ဖြစ်၏။ ဝေမိသားစုရဲ့နောက်ခံသာ ရှိမနေရင် ရှန်လျန်က ဝမ်ဖေး ဘာတော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

"ဒါပေမယ့် ဒါပေမယ့် သမီး သူ့ကို သဘောကျတယ်လေ.... ဟင့် ဟင့်"

အမေ့ရင်ခွင်ထဲ မှာ ရှိုက်သံထွက်ကာ တုန်ရီနေမိသည်။ ထျန်းမာန် ကျောင်း ပတ်ဝန်းကျင်တစ်ဝိုက်မှာ မြင်းပေါ်က ဖေးယွမ်ရွှင်းကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တဲ့အချိန်က သူမအသက် ဆယ်နှစ် အရွယ်ဖြစ်၏။

ထိုအချိန်ကတည်းက မြင်မြင်ချင်း ချစ်မိသွားပြီး လေးနှစ်ကြာတဲ့အထိ တဖက်သက်ကြိတ်ကြိုက်နေခဲ့မိ၏။ ဒီနေ့ မတိုင်ခင်ချိန်ထိ ချင်ဖင်းမြို့စားလက်ထပ်မယ့်အကြောင်း ကြိုမတွေးထားခဲ့ပေမယ့် ဘာလို့ ရှန်လျန်ဖြစ်ရတာလဲ၊ သူတောင် အဝေးကနေပဲ မျှော်ကြည့်‌နိုင်ခဲ့တာကို ရှန်လျန်က ဘာလို့ တစ်ဘဝလုံး ဝမ်ဖေးဖြစ်ခွင့်ရသွားတာလဲ၊

လုံးဝ လက်မခံနိုင်ဘူး! လူတိုင်း လက်ထပ်လို့ရတယ်.. ရှန်လျန်တော့ မဖြစ်ရဘူး!

"အမေ သမီးအတွက် တစ်ခုခု လုပ်ပေးပါ၊ ရှန်လျန်နဲ့ လက်မထပ်သွားစေချင်ဘူး ၊ သမီးမကြိုက်ဘူး"

သနားချင့်စဖွယ် မျက်နှာလေးကိုမော့ကာ ငိုရင်းတောင်းဆိုသည်။

ကျောက်လန်က သမီးရဲ့ဆံပင်ကို သပ်ပေးရင်း စိတ်ဖိစီးစွာဖြင့် သက်ပြင်းမော မှုတ်ထုတ်သည်။

"သမီးရယ် အမေပြောတာ သဘောမပေါက်ဘူးလား၊ချင်ဖင်းမြို့စားရဲ့ ကျန်းမာရေးက မကောင်းဘူး အချိန်မရွေး ကိစ္စချော သွားနိုင်တယ်၊ ရှန်လျန်က လက်ထပ်ပြီးတာနဲ့ မုဆိုးဖို ဖြစ်သွားတော့မှာ"

"မကြားချင်ဘူး နားမထောင်ချင်ဘူး၊ သမီးကို ဘယ်သူမှ မချစ်ကြဘူး"

အမေ စကားပြော၍ မ‌ပြီးသေးခင် ရှန်ချောင်က ခေါင်းယမ်းခါလိုက်ပြီး အခန်းထဲကနေ အမေ့ကို နှင်ထုတ်လေတော့သည်။

"ထွက်သွား ! သွား! အမေ့ကိုမမြင်ချင်ဘူး၊ အခုထွက်သွား!"

"ချောင်အာ သမီးလေး"

ဘန်း!

သမီးဖြစ်သူက စကားနားမထောင်သည့်အပြင် အခန်းထဲကပါ မောင်းထုတ်ခံလိုက်ရပြီးနောက် ရှန်ချောင်က တံခါးကို ကျယ်လောင်စွာ ဆွဲပိတ်သွားသည်။

"ချောင်အာ...ချောင်အာ"

ရူးမိုက်တဲ့ အရာတွေ လျှောက်လုပ်မှာကို စိုးရိမ်တာကြောင့် ကျောက်လန်က အခန်းတံခါးကို အကြိမ်များစွာ ထုရိုက် အော်ခေါ်လေသည်။

သို့သော် ပစ္စည်း ပစ်ပေါက်သံသာကြားလိုက်ရပြီး အော်ဟစ်သံပါ တစ်ပါတည်းပါလာသေး၏။

"မလိုချင်ကြတော့ဘူး...သမီးကို ဘယ်သူမှ မလိုချင်ကြတော့ဘူး၊ ထွက်သွား ! ဘယ်သူ့မျက်နှာမှ မမြင်ချင်ဘူး"

"ချောင်အာ..."

ကျောက်လန်က အခန်းရှေ့ မှာ ရပ်နေဆဲပင်။ သမီးလေးက အရင်ကနဲ့ မတူတော့ဘူး၊ သူတစ်ကယ်ပဲ မြို့စားမင်းကို အချစ်စစ်နဲ့ချစ်နေတာလား?

"ဒုတိယသခင်မ"

အစေခံတွေက စိုးရိမ်စွာ လှမ်းကြည့်နေကြ၏။

ကျောက်လန်က အားလုံးကို လက်ဝေ့ယမ်းပြလိုက်ပြီး

"သခင်မလေး ရဲ့ စိတ်အခြေအနေက မတည်ငြိမ်သေးဘူး၊ သူတစ်ခုခုဖြစ်ရင် ငါ့ကို ချက်ချင်း လာအကြောင်းကြားရမယ် သိပြီလား"

"ဟုတ်ကဲ့ ရှင့်"

ရှန်ချောင်ရဲ့ အစေခံတွေက လေမရှည်ကြပဲ အမိန့်နာခံရန်သာ ခေါင်းငြိမ့်လိုက်ကြ၏။ ကျောက်လန်က ပိတ်ထားတဲ့ တံခါးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး မှ ထွက်သွားသည်။

"ချောင်အာက ဘာဖြစ်နေတာလဲ? ရှိသင့်တဲ့ယဉ်ကျေးသိမ်မွေ့မှုတွေ ဘယ်ရောက်ကုန်ပြီလဲ? ကိုယ့်အစ်ကို ကို ‌စအော်ဟစ်ရဲပြီး လက်ပါ ပါလိုက်သေးတယ်၊ ဒီသတင်းသာ အပြင်ကို ပျံ့သွားကြည့်! အနာဂါတ်မှာ ကောင်းမွန်တဲ့ မိသားစုဝင်နဲ့လက်ဆက်လို့ရနိုင်ပါဦးမလား? "

ကျောက်လန်ပင် အခန်းထဲ မဝင်ရသေး .. ရှန်ရုချင်ရဲ့ အပြစ်တင်သံက နားထဲအရင် ရောက်လာသည်။

ကျောက်လန်က နေရာရှာပြီး ထိုင်ချလိုက်ကာ

"ရှင်က ကျွန်မကို အပြစ်လာတင်တော့ ကျွန်မက ဘယ်သူ့သွား အပြစ်တင်ရမှာလဲ? ချောင်အာက ကျွန်မ‌မွေးထားတဲ့ သမီးပါ! ခုမှ ရှင်က စိုးရိမ်ရကောင်းမှန်း သိတာလား? တစ်နေ့လုံး ဆောင်ကြာမြိုင်မှာ ပျော်ပါးနေပြီး မှ ရှင်က တစ်ခြားဘာတွေ သိလို့လဲ?"

ကျောက်လန်သည် သမီးတစ်ကောင် နွားတစ်ထောင် ထိန်းနေရသကဲ့သို့ ပူလောင်နေရသည်။ တုံးလင်အိမ်တော်မှာ မိသားစု သုံးစုရှိသည့်အနက် တတိယမိသားစုက သမီး တစ်ယောက်သာမွေးဖွားခဲ့သည်။ ပင်မမိသားစုက သားတစ်ယောက် ၊သမီးတစ်ယောက်နှင့် ဒုတိယ မိသားစုက သားသုံးယောက် ၊သမီးတစ်ယောက် မွေးဖွားသည်။ သားကြီးသုံးယောက်က လက်ရှိအိမ်ဦးစီး ရှန်ရုထင်၏ သားနှစ်ယောက်ထက် အရင်မွေးဖွားခဲ့တာကြောင့် ရှန်လျန်က ငါးယောက်မြောက်(tn.ရှောင်ဝူ၊ဝူတိ၊ပဉ္စမသခင်လေး) ဖြစ်သွားရခြင်းပင်။ အခြားတရားမဝင် သားသမီးတွေကိုတော့ ထည့်တွက်မနေတော့ချေ။

"မင်းက တစ်ကယ် ရူးနေတဲ့ မိန်းမပဲ!"

ရှန်ရုချင်က လက်ကိုယမ်းခါပစ်လိုက်ပြီး ထွက်သွားရန်ပြင်၏။

သူထွက်သွားတော့မယ်ဆိုတာကို မြင်လိုက်တဲ့ ကျောက်လန်က

"ဘယ် သဝေထိုးဖို့ ကြံနေတာလဲ? ထပ်ပြီး မိန်းမတွေသွားရှာ မလို့လား? ဒီမှာ ရှန်ရွေ့ချင်.. ရှင့်သမီးက အနိုင်ကျင့်ခံလိုက်ရတာနော်... ရှင်က ပျော်ပါးသောက်စားဖို့ပဲ တစ်ချိန်လုံးတွေးမနေနဲ့"

"သူအနိုင်ကျင့်ခံရတာ သူနဲ့ထိုက်တန်လို့လေ.. မင့်သမီးက အရင်စ မလုပ်ပဲ ဘယ်သူက ရန်ပြန်လုပ်မှာလဲ? မင်းပျိုးထောင်ပေးထားတဲ့ သမီးကောင်းပဲလေ"

ရှန်ရွေ့ချင်လည်း ရှန်ချောင်ကို တုန်နေအောင် ချစ်ခဲ့ပေမယ့် ဒီနေ့အပြုအမူက ပြောစရာ စကား မရှိလောက်အောင် ဒေါသထွက်စေခဲ့သည်။

"အော်... ရှင်က ဒီလိုကြေးလား! ကောင်းပြီလေ ပါးစပ်နဲ့ ဆက်မပြောတော့ဘူး"

"ရပ်စမ်း! ကျောက်လန်... သောက်ရူးမ ရပ်စမ်း!"

လင်မယားနှစ်ယောက် ရန်သတ်နေကြသော်လည်း အခန်းပြင်မှာ စောင့်နေကြတဲ့ အစေခံတွေက သူတို့ဝင်ဆွဲလိုက်ရင် လင်မယားကြား ဝင်ပါသလိုဖြစ်သွားလေမလား၊ အပြစ်ပေးခံရမလား တွေးနေကြ၏။

အဆုံးမှာ‌တော့ ကျောက်လန်က အမျိုးသမီးဖြစ်တာမလို့ နှစ်ချက်လောက် ပါးချခံလိုက်ရပြီးနောက်မှာ ဆံပင်စုတ်ဖွား အရူးမနဲ့ အမှန်တစ်ကယ် တူသွားတော့၏။

"သောက်ရူးမ!"

ဂရုတစိုက်ကြည့်ပါက နူးညံ့တဲ့မျက်နှာပေါ် ကုတ်ခြစ်ရာ များစွာရှိနေသည်ကို မြင်ရပေမည်။ ရှန်ရွေ့ချင်က စိမ်းစိမ်းသက်သက်စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။

"သွား! သွားကြ.. အကုန်သွားကြ"

ကျောက်လန်က အော်ကြီး ဟစ်ကျယ်ဖြင့် ခါတိုင်းနှင့် မတူသော အပြုအမူများကြောင့် အစေခံများကို ကြောက်ရွံ့တုန်လှုပ်စေ၏။ ထပ်တူညီစွာ သမီးဖြစ်သူရှန်ချောင်လည်း ဒေါသကြောင့် တွေ့ကရာ ပစ္စည်းတွေကို ပစ်ပေါက်လျက်ရှိသည်။

သူတို့နှင့်ယှဉ်လျှင် တတိယမိသားစုက တိတ်ဆိတ်နေ၏။ ရှန်ရွေ့ကျန်းက မိခင်ဖြစ်သူကို စိုးရိမ်နေကာ ဇနီးနှင့်သားသမီးကိုခေါ်ပြီး ဟယ်ရှန်း ခြံဝန်းကို သွားလေသည်။ ရှန်လျန်က သေလူနဲ့ လက်ထပ်ရမှာကို တွေးတွေးပြီး အပျော်လွန်ကာ တစ်မိသားစုလုံး ညလုံးပေါက် မအိပ်နိုင်ကြချေ။

"အမတ်ကြီး.. မနက်ခင်း ညီလာခံသွားရမယ့်အချိန် ရောက်ပါပြီ"

ရှန်ရွေ့ထင်လည်း အိပ်မပျော်ပါ‌၊ တော်ဝင်ခွင့်ပြုမိန့်စာ ရပြီးတဲ့နောက်မှာ စာကြည့်ခန်းထဲသွားပြီး ဝေကျစ်ချန်ရဲ့ပုံတူပန်းချီကို ငေးနေမိသည်မှာ တိတ်ဆိတ်နေတဲ့အခန်းထဲ ရှန်ရှန် တံခါးဖွင့်ဝင်လာသည်အထိ ပင်။

"ရှန်ကျီ ငါဒီကလေးအပေါ် အရမ်းရက်စက်သလို ဖြစ်နေလား ပြောကြည့်"

ရှန်လျန် အိမ်ပြန်ရောက်လာကတည်းက မကြာခဏ တွေးဖြစ်သည့်မေးခွန်းဖြစ်၏။ ဒီကလေး သူများဆီက ချီးမွှမ်းခံရတိုင်း သူဘယ်လို တုံ့ပြန်ရမလဲ မသိဖြစ်နေရ၏။ ဒီကလေးရဲ့ ကံဆိုးစေတတ်တဲ့ ကံကြမ္မာနဲ့ ချစ်ဇနီးလေး သေဆုံးခဲ့ရတဲ့အကြောင်းကို ပြန်တွေးမိလိုက်တိုင်း ကောင်းကောင်းဆက်ဆံပေးချင်တဲ့စိတ်၊ မျက်နှာသာပေးချင်တဲ့စိတ်တွေက အမုန်းတရားတွေအောက်မှာ ဖိသိပ်ခံလိုက်ရမြဲပင်။

"အမတ်ကြီး လည်း အကြောင်းပြချက်ရှိတာကို ပဉ္စမ သခင်လေးက နားလည်ပေးမှာပါ၊ ကျွန်တော် သူ့ကိုတွေ့တိုင်း သခင့်ကိုပြန်မြင်ရသလိုပဲခံစားမိတယ် ၊သခင်လေးက သူ့‌မွေးဖခင် နဲ့ တစ်ပုံစံထဲပဲ"

အမတ်ကြီးရဲ့အပြောကြောင့် ရှန်ကျီမှာ ကူကယ်ရာမဲ့စွာနဲ့ ဝေကျစ်ချန်ရဲ့ ပန်းချီကားကို ကြည့်မိသွား၏။ နေထိုင်ခွင့်ပုံစံခြင်း တော့ကွာခြား၏။ ၊ သခင်က ဝေမိသားစုတစ်စုလုံး ရဲ့ တုန်နေအောင် ချစ်ခံရပြီး ချမ်းချမ်းသာသာကြီးပြင်းခဲ့ရပြီး၊ တစ်ကယ် ဘာအပူအပင်မှ မရှိခဲ့၊ ပဉ္စမသခင်လေးကျတော့ ငယ်ငယ်တည်းက မျက်နှာသာ ပေးမခံရရှာ၊ တစ်ကယ်ကို မမျှမတဆက်ဆံခံရလေသည်။

"ဟုတ်တယ် သူတို့ချင်း အတော်တူတယ် ၊အဲ့တာကြောင့်လည်း မြင်တိုင်း ပိုဒေါသထွက်တယ်"

ရှန်ရွေ့ထင်က သက်ပြင်းရှည်ချကာ ညီလာခံ မသွားခင် အမိန့်ပေးခဲ့၏ ။

"သူက ချင်ဖင်းမြို့စားနဲ့ လက်ဆက်ရမယ် ဆိုမှတော့ စေ့စပ်ပစ္စည်းတွေ ပိုပြင်ထားရတော့မယ်၊ စွင်းကျင့်ဆီသွားပြီး ဒီကိစ္စ ဆွေးနွေးလိုက်ပါ.. ပင်မအိမ်တော်က ရတနာခန်းကိုဖွင့်ပြီး တန်ဖိုးရှိတဲ့ ရတနာတွေ ထည့်ပါ၊ တာ့အာရဲ့ ဝေစုကနေ တစ်ဝက် ခွဲပြီး ထပ်ထည့်ပေးလိုက်ဦး၊ တာ့အာက အဲ့လို‌ပေး ဖို့ ပိုဆန္ဒ ရှိလိမ့်မယ်"

"ထည့်လိုက်ပါ့မယ် အမတ်ကြီး"

ရှန်ကျီက နောက်ကလိုက်လာရင်း ပြုံးနေမိ၏။ သခင်သာ ရှိနေသေးမယ်ဆိုရင် အားလုံး ပြီးပြည့်စုံသွားမှာ သေချာတယ်။

မနက်ခင်း ညီလာခံကတော့ ခါတိုင်းနှင့်မတူ ခပ်မြန်မြန်ပဲ ပြီးဆုံးသွားခဲ့သည်။

ချင်ဖင်းအိမ်တော်၏ အိမ်တော်ထိန်း လင်း၊ သံမဏိတပ်သားခေါင်းဆောင် ထျန်းရှုဦးဆောင်သော နောက်လိုက်အချို့သည် စေ့စပ်တောင်းရမ်းခြင်းလက်ဆောင်ပဏ္ဏာများနှင့်အတူ တုံးလင်အိမ်တော်သို့ ရောက်ရှိနေကြ၏။

ညီလာခံမှ ရှန်‌ေရွ့ထင် ပြန်ရောက်လာသောအခါ စွင်းကျင့်က ဧည့်သည်တွေကို ရေနွေးကြမ်းနှင့် ဧည့်ခံပေးနေ၏။ လျိုရှုဟန်နဲ့ အခြားမည်သည့်မိသားစုမှ လူတစ်ဦးတစ်ယောက်ကိုမူ မတွေ့ပါချေ။

တမင်သက်သက် ရှန်လျန် အရှက်ရစေရန်ရည်ရွယ် ထားခြင်းဖြစ်ပေ၏။ ခက်သည်က လင်းဖိုးဖိုးနှင့် ထျန်းရှုမှာ ‌တော်ရုံလူ မဟုတ်ကြ။

"အမတ်ကြီး... ဒါက ကျွန်တော်တို့ သခင် ဘက်က လက်ဆောင်ပစ္စည်း စာရင်းတွေပါ"

လင်းဖိုးဖိုးက စိတ်မရှည်စွာ စာရင်း စာအုပ်အား ထုတ်ပေးလာသည်။ ရှန်ကျီကလည်း သူတို့ဘက်က စာရင်းကို ပေးကာ အချင်းချင်း လဲလှယ်လိုက်ကြသည်။

"သခင့်ကျန်းမာရေးသာ ကောင်းနေခဲ့ရင် လုပ်ရိုးလုပ်စဉ်အတိုင်း ကျွန်တော်တို့ဘက်က စာရင်းစာအုပ်သုံးအုပ်.. ပစ္စည်းလှည်းခြောက်စီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လာမှာ ဖြစ်ပြီး နောက်တစ်ရက်ပဲ လက်ထပ်ပွဲ ကျင်းပဖြစ်မှာပါ.. အခြေအနေ အချိန်အခါတွေကြောင့် ကျုပ်တို့ဘက်က ပစ္စည်း အနည်းငယ် နဲ့ ပိုင်ဆိုင်မှု အနည်းငယ်သာ လွှဲပေးခဲ့ရပါတယ်.. ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး အမတ်ကြီး"

စာရင်းစာအုပ်ချင်းလဲလှယ်လိုက်ပြီး လင်းဖိုးဖိုးက ထျန်းရှုလက်ထဲက စန္ဒကူးသေတ္တာကိုယူကာ ရှန်ရွေ့ထင်လက်ထဲ လွှဲပြောင်းပေးလိုက်၏။

ရှန်ရွေ့ထင်က သေတ္တာကိုဖွင့်ပြီးကြည့်လိုက်ရာ

" ရွှေချိန် kg 10000၊ မြို့တော်က ဆိုင်ခန်းပေါင်း 30 နဲ့ အိမ် 18အိမ်...."

(Tn. 1kgက 60ကျပ်သား ရှိတယ်)

ပိုဖတ်လေ ပိုပြီး ထိတ်လန့်စရာကောင်း‌လေ ဖြစ်၏။ ချင်ဖင်းမြို့စားက ဘယ်လောက်တောင် ချမ်းသာတာလဲ? ရွှေချိန် 10000kgက သူတို့ စိတ်ကူးထဲပင် ထည့်မမက်ခဲ့ဖူးသော ပမာဏဖြစ်ပေမယ့် လက်ထဲ လွယ်လွယ်ကူကူရောက်လာခဲ့၏။ ခြံဝန်းတွေနဲ့ အခြားပိုင်ဆိုင်မှုတွေကလည်း မြို့တော်မှာ အထင်ကရပင်။ ဧကရာဇ်ရဲ့ မိဖုရားဆိုရင် ယခုထက် မည်မျှ များပြားသည့်ပမာဏ လဲလှယ်ကြမည်လဲ မတွေးဝံ့ပါချေ။

"ဒါတွေက ..အရမ်းများလွန်းမနေဘူးလား"

အချိန်အတော်ကြာမှ ရှန်ရွေ့ထင်က ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သွား၏။ စေ့စပ်ပစ္စည်းတွေနဲ့ ဘယ်လောက်ချမ်းသာကြောင်း လာကြွားကြတာလား?

"ဘယ်ကသာ များရမလဲ၊ နည်းနေမှာတောင် ကျုပ်တို့ စိုးရိမ်နေတာ၊ အနာဂါတ်မှာ ဝမ်ဖေးက ကျုပ်တို့အိမ်သားဖြစ်လာတော့မှာ ဆိုတော့ ချင်ဖင်းအိမ်တော်က ပိုင်ဆိုင်မှုဟာ ဝမ်ဖေးရဲ့ ပိုင်ဆိုင်မှုပါပဲ"

လင်းဖိုးဖိုးက ရှန်ရွေ့ထင်ရဲ့စကားကို ပယ်ချသည်။ ဒီလောက်ပစ္စည်းလေး ပေးရုံနဲ့ ဝမ်ဖေးရဲ့တန်ဖိုးကို မယှဉ်နိုင်ပါချေ။

"ကောင်းပြီ၊ လက်ထပ်ပွဲကတော့ ခုချိန်က မိဖုရားရဲ့ ဈာပနပွဲက မပြီးသေးတော့ နောက်ဆုံးခရီးပို့တဲ့အချိန်ထိ စောင့်ပြီးမှ ကျင်းပကြတာပေါ့"

ရှန်ရွေ့ထင်က ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရ၏။

စကားဝိုင်းပင် ပြီးဆုံးအောင် မပြောရသေး မျက်လုံးထောင့်ကနေ အနီရောင်ဝတ်စုံနဲ့ ရှန်လျန့်က်ုတွေ့လိုက်ရ၏။ လင်းဖိုးဖိုးနဲ့ ထျန်းရှုက သူ့ကိုမြင်တာနဲ့ ကပျာကသီ ထရပ်လိုက်ကြပြီး ဦးညွှတ်လိုက်ကြသည်။

"ဝမ်ဖေး!"

"ကျွန်တော် ကြားတာ မြို့စားမင်းရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူးဆို... ကျွန်တော်လည်း ဆေးပညာသင်ယူထားတော့ မြို့စားမင်းဆီ ခဏတဖြုတ်သွားကြည့်ပေးချင်ပါတယ်.. ဒီက လူတွေနဲ့ အတူ လိုက်သွားလို့ရနိုင်မလား"

ရှန်ရွေ့ထင် မရှိနေသလိုမျိုး ရှန်လျန်က လင်းဖိုးဖိုးတို့နှစ်ယောက်ကိုသာ စကားပြော၏။

"ဟုတ်ကဲ့ လိုက်လို့ရပါတယ် ဝမ်ဖေး ဒီဘက်ကြွပါခဗျ"

ကြည့်ရသည်မှာ မည်သည့် လက်ထပ်ပွဲ အကြောင်းမှ ဆက်ဆွေးနွေးရန် မလိုတော့သကဲ့သို့ ရှန်လျန်နောက် လိုက်သွားရန်သာ စိုင်းပြင်းနေကြ၏။

"အမတ်ကြီးခင်ဗျ.. စေ့စပ်ပစ္စည်းတွေကို ကျုံးလင်ခြံဝန်းထဲ ပို့ပေးဖို့ ဖုအိမ်တော်ထိန်းကိုပဲ ဒုက္ခပေးခဲ့ပါရစေဗျာ"

လင်းဖိုးဖိုးနဲ့ထျန်းရှုက ရှန်လျန့်နောက် လိုက်မသွားခင်လေး ခပ်သွက်သွက် ပြောခဲ့ပြီး ဦးညွှတ်ခဲ့ကြသေး၏။ တစ်ချိန်လုံး ရှန်ရွေ့ထင်က ဘာမှ မပြောလိုက်ရပဲ သုံးယောက်သားထွက်သွားတာကို ထိုင်ကြည့်ရင်းနဲ့ ပြီးသွားခဲ့သည်။

2961 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment