no

Font
Theme

ဓားပြတွေကို ဖမ်းမယ်...

ရှန်လျန် ရှင်းလင်းစွာ မှတ်မိသေးသည်။ အိမ်ပေါ်ကဆင်းသွားတဲ့ ရှန်တာ့ က စစ်နတ်ဘုရား ဟော်ရဲ့လင် ရဲ့ ထောက်ပံ့ပေးမှုနဲ့ သူ့အားသူကိုးပြီး စစ်ရည်ပြည့်ဝတဲ့ ရဲဘော်တွေကို လေ့ကျင့်ပေး ခဲ့သည်။ ဒီလိုတွေလုပ်ရတာက ညီဖြစ်တဲ့ သူနဲ့တိုက်ရိုက်သက်ဆိုင်နေသည်။

'ကိုယ့်အိမ်တွင်းရေး အပြင်လူမသိစေနဲ့' ဆိုတဲ့ စကားအတိုင်း ကောလဟာလတွေပျံ့ကုန်မှာ စိုးရိမ်လို့ တုံးလင်အိမ်တော်က ရွေးချယ်စရာ မရှိပဲ ရှန်လျန်အား အိမ်တော်သို့ ပြန်ခေါ်လိုက်ရသည်။

သို့ပါသော်လည်း မြို့တော် ရောက်ခါနီးမှာပင် ဓားပြတိုက်ခံရပြီး ရှန်လျန် တစ်ယောက်တည်း ပဲ အဖမ်းခံလိုက်ရကာနောက် လဝက်အကြာမှာတော့ လျိုရှုဟန်ရဲ့ အစ်ကိုက ဓားပြတွေ လက်ထဲက သူ့ကို ကယ်ပေးခဲ့သည်။

ထိုနှစ်မှာပဲ တစ်မျိုးလုံးအတွက် သူက အရှက်ရစေသော လူတစ်ဦး ဖြစ်ခဲ့၏။

တာ့ချင် ပြည်တွင် အမျိုးသမီးများမဟုတ်ပဲ အမျိုးသားများလည်း ကလေးမွေးဖွားနိုင် သည်။ ခန္ဓာကိုယ်က ယောင်္ကျားသား၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဖြစ်ပြီး ဇနီးမယား နေရာ နေပေးနိုင်သည့် ယောင်္ကျားလေးကို 'ကော'ဟု အမည်တွင်၏။

ထိုလူ အမျိုးအစားထဲ တွင် ရှန်လျန် တစ်ယောက် လဲ အပါအဝင်ပင်။ ရှန်လျန့်လိုလူမျိုးများ ရှားပါးနေခြင်း မဟုတ်သော်လည်း ဆွေးကြီးမျိုးကြီးအိမ် မှ ဇနီးများမှာတော့ အမျိုးသမီးများသာ ဖြစ်နေဆဲ ။ ချစ်ခြင်းက အဓိက မကျပဲ ဆွေကြီးမျိုးကြီးဖြစ်ဖို့ကိုသာ အလေးပေးကြသည်။

ဓားပြလက်ထဲ လဝက်လောက် ဖမ်းခံ ထားရ‌သည့် သူ့အား လက်ထပ်ပြီး ဇနီးအဖြစ် ‌အိမ်သို့ခေါ်သွားရဲသည့် မိသားစုမရှိပေ။ အခြားသူ မပြောနှင့် သူ့အဖေရင်းပင်အိမ်မှာ မခေါ်ထားချင်။ လူတွေ ဂရုစိုက်တာက ရွှေ၊ငွေ ၊ငွေဖြူတွေ ဖြစ်နေရင်တောင် ကျော်ကြားတဲ့ဂုဏ်သတင်း တွေကိုလဲ ကြည့်ကြသေးသည်လေ။

"သွားစမ်း....မြန်မြန်"

မိုးသည်း နေသော်လည်း ဓားပြများ၏ မြင်း ကြိမ်းသံများကို အတိုင်းသားကြားနေရသည်။

ရထားလုံးထဲမှ အခြေအနေ...

ရှန်လျန်က ဘာစကားမှ မပြောသဖြင့် အဖွားဝေ၏ မျက်နှာ အမူအရာပြောင်းလဲနေပြီး၊ ကျင်းကျီမှာတော့ ကြောက်ရွံ့မှုကြောင့်တုန်ရီနေသည်။ ချီယွဲ့နှင့် ချီရွှမ်းကတော့ တုတ်တုတ်မျှ မလှုပ်၊ ဓားပြတွေ ရဲ့ ဖမ်းခံရတော့မည် ဖြစ်ကြောင်းသိနှင့်နေခဲ့ပြီ။ သခင်ငယ်လေး ပါသွားမည့်အချိန် သူတို့နှစ်ဦး ပြောပေးနိုင်သည့် တစ်ခုတည်းသော စကားက 'လျန်လျန်၊ ဂရုစိုက်ပါ' ပဲပေါ့။

သူတို့ ကျွမ်းကျီတွင် နေထိုင်စဉ် က လျန်လျန့် ဝေယျာဝစ္စ ပြုလုပ်‌ေပးရပြီး နှစ်ယောက်လုံးက နှုတ်လှုံကာ အသက်လည်းငယ်သည်။

သခင်ငယ်လေး အရွယ်ရောက်လာတဲ့အထိ ထိန်းကျောင်းပေးခဲ့ရပြီး နောက်ဆုံးမှာတော့ လျန်လျန်ကို သခင်ကြီးက အမှတ်ရသွားကာ ပြန်ခေါ်သဖြင့် ပျော်ပျော်ရွှင်ရွှင် အိမ်တော်ပြန်ရမည့် အချိန် ရောက်ပေပြီ။ သူတို့နှစ်ဦး သေရမည်ဆိုဦးတော့ လျန်လျန့်အား အန္တရာယ်ကို သွားဖြေရှင်းမည့် ကိစ္စ ကိုခွင့်ပြုပေးလိမ့်မည်မဟုတ်။

"ပဉ္စမ သခင်လေး....."

"အဖွားဝေ ပြောတာ မှန်တယ် ။ မြို့တော်ကိုရောက်ခါလဲ နီးပြီ ၊ဒါတောင်ဓားပြတွေက တွန့်ဆုတ်မနေပဲ လမ်းမကြီးပေါ် ရမ်းကားရဲ နေသေးတယ်။ ကိုယ့်အသက်ကို မလိုချင်ကြတော့တာလား၊ အကြံစည် တစ်ခုခု ရှိထားလား ပြောမရဘူး"

ရှန်လျန်ရဲ့ စဉ်းစားထုတ်ဖော်နေမှုအား မစောင့်နိုင်တော့သော အဖွားဝေမှာ ထပ်တိုက်တွန်းလာသဖြင့် ရှန်လျန်မှာ သူမ အား ခပ်စိမ်းစိမ်း စိုက်ကြည့်ပြီး သတိပေးသည်။

အဖွားဝေမှာ မသိလိုက်မသိဘာသာ သက်ပြင်းရှိုက်လိုက်ပြီး ရှန်လျန်နှင့်အကြည့်ချင်းမဆိုင်ရဲတော့ပေ။

"ဘယ်လိုမျိုးကြံစည် ထားတာ ရှိဦးမလဲ၊ ပဉ္စမ သခင်လေးရဲ့ ဆိုးလိုက်တဲ့ကံ ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ဒီလို ကြုံရပါ့မလား"

"အဟက် ..."

ရှန်လျန် ကြေကွဲစွာ ခပ်ဟဟ ရယ်မိသည်။

ဒါတွေက လျိုရှုဟန်ရဲ့ လက်ချက်တွေပဲ။ အရင်ဘဝက လျိုရှုဟန်ရဲ့ အစ်ကိုက သူ့ကို လာကယ်ပေးပြီး လျိုရှုဟန် ကိုယ်တိုင်ကလည်း သဘောမနောကောင်းတာကြောင့် သူ့ရဲ့ အသက်သခင်ကျေးဇူးရှင်အဖြစ်အမြဲ လေးစားခဲ့သည်။ ပြန်တွေးကြည့်မှ သူတစ်ကယ်တုံးအ ခဲ့သည်ပဲ။

"လျန်လျန်..."

ချီယွဲ့နှင့် ချီရွှမ်းမှာ မည်သည်ကြောင့်မသိ ၊ သူ့အပြုံးကို မြင်ပြီး မသက်မသာ ခံစားရလေသည်။

"အဖွားဝေ ၊မြန်မြန်လေး ၊ဓားပြတွေ နီးလာပြီ"

သခင်ငယ်လေး ရှန်လျန်ကိုယ်တိုင် ဤ နေရာတွင်ရှိနေပေမယ့် အဖွားဝေ ၏ အဆုံးအဖြတ်ကိုသာ မေးသည်ဆိုတော့...ရထားလုံး အပြင်ဘက်က လူသည်လည်း အဖွားဝေရဲ့ လူပဲဖြစ်မည်။

"ပဉ္စမ သခင်လေး, အားလုံးအတွက်စဉ်းစားပေးပြီး ရှေ့ထွက်လိုက်တာ ကောင်းမယ် မဟုတ်ရင် အကုန်အသက်ရှင်တော့မှာ မဟုတ်ဘူး"

ထို တိုက်တွန်းသံကြားသော် အဖွားဝေ၏ မျက်ဝန်းမှာ ကျေနပ်ပီတိအပြည့်ဖြင့် လေးလေးနက် နက် ထပ်မံလောဆော်သည်။

သို့သော် ဟောင်းနွမ်းနေသော ဝတ်ရုံ ဖြူသာ ဝတ်ဆင်ထားလျက် ဖြေးညှင်းစွာ ထရပ်လိုက်လိုက်သော ရှန်လျန်သည် ပင်ကိုယ် ဗီဇ အရ မြင့်မြတ်သော မျိုးနွယ်မှ ‌ဆင်းသက်လာသူမှန်း သိသာ ထင်ပေါ်နေစေသည်။

ပြဿနာ ဖန်တီးသည့် အဖွားဝေနှင့်ကျင်းကျီ တို့မှာ ကြောင်အ တုန်လှုပ်နေကြလျက် သူ့အား ငေးစိုက်ကြည့်နေသည်။ ကျွမ်းကျီရွာငယ်က ဘယ်လိုများ သခင်လေးကို ဒီလောက် အရှိန်အဝါ ကြီးမားအောင် မွေးထုတ်ပေးလိုက်လေသလဲ။ သူမတို့နှစ်ဦးလုံး သဘောမပေါက်မိသည်မှာ အမှန်ပင်။

"ခဗျား ပြောတာ မမှားပါဘူး၊ ကျွန်တော်က ကံဆိုးသူပဲ၊ ဒါပေမယ့် ကိုယ့်ကိုကိုယ် စတေးခံရတာ နှစ်သက်တဲ့သူမျိုးကို မြင်ဖူးလို့လား? ပြောချင်တာက....."

"အာ...အဖွားဝေ...."

အဖွားဝေရဲ့ ငေးကြောင်နေမှုကို အခွင့်ကောင်းယူ၍ ရှန်လျန် ရုတ်တရက် သူမအား လှည်းပေါ်မှ ကန်ချလိုက်သည်။ လှည်းအောက်သို့ လေးပင်သည့် အရာ ကျသွားသံ ကျယ်လောင်စွာ ကြားလိုက်ရပြီး ကျင်းကျီမှာ အလွန်တုန်လှုပ်သွားကာ အော်ဟစ်တော့သည်မှာ မရပ်မနားပင်ဖြစ်သည်။၊ ထို့နောက်မှာတော့ ဓားပြများ၏ မြင်းသံများလည်း တဖြေးဖြေး ဝေးကွာသွားတော့သည် ။

"ပဉ္စမ သခင်လေး, ရှင် ...."

"မင်းအကြောင်း မေ့ပေးမယ်"

"ရှင်?"

သိပ်မကြာခင်က အဖြစ်အပျက်အား ပြန်မြင်ယောင်လာကာ ကျင်းကျီမှာ သူ့အား ဖြူဖျော့နေသော မျက်နှာထားဖြင့် လက်ညှိုး တထိုးထိုး။ ရှန်လျန် အဖွားဝေ ကို လမ်းမပေါ် ကန်ချပြလိုက်ပြီး ဒီကောင်မလေး သဘောပေါက်မလား မသိပေမယ့် သူ့အပေါ် နောက်ထပ် မလေးမစား ပြုရဲ မည်ဆိုလျှင် သူမကိုလဲ အရှင်ထားမည် မဟုတ်ပါ။

ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမည်ပင်။ သူ့နှလုံးသားထဲ နွေးထွေးကြင်နာမှု တစ်စုံတစ်ရာ မကျန်ရစ်တော့သည်မှာ ကြာညောင်းခဲ့လေပြီ။ ရန်သူကို အလျော့ပေးခြင်းက မိမိကိုယ်ကို ဒုက္ခရှာခြင်းပင်ဖြစ်သည်။ ဤ ဘဝ တွင်တော့ ကိုယ့်ကိုကိုယ် ပြန်ကောင်းပေးရမည်။

မျက်စိကစားကြည့်၍ ချီ ယွဲ့ နှင့် ချီရွှမ်းမှာ မိမိအား မရင်းနှီး သကဲ့သို့ ငေးစိုက်ကြည့်နေသောကြောင့် အနည်းငယ် ဝမ်းနည်းသွားမိသည်။ သူလည်းသိပါသည်၊ ရုတ်တရက် နတ်ဆိုးဆန်စွာ ပြောင်းလဲ သွားသည့် သူ့အား အပြည့်ဝ လက်မခံနိုင်လောက် သေးသော် လည်း သူ့တွင် ရှင်းပြနေရန် အချိန် များများစားစား ရှိမနေပေ။

"ပဉ္စမ သခင်လေး ၊ စိတ်ဖောက်သွားပြီ!"

"လျန်လျန် သတိထား!"

ရုတ်တရက် ရထားလုံး၏ လိုက်ကာ ဖွင့်,မ ခံလိုက်ရပြီး ရထားမောင်းသူမှာ ရထားလုံးအားမောင်းသူမဲ့ ‌ပစ်ထားလိုက်ပြီး အထဲ ပြေးဝင်လာကာ ရှန်လျန်အား ဓားမြှောင်ဖြင့်ထိုးသည်။ ချီယွဲ့ နှင့် ချီရွှမ်းတို့မှာ လန့်အော်ကြပြီး ချီရွှမ်းမှာ ချက်ချင်းပင် ရထားမောင်းသူအား ဝင်လုံးပြီး ဓားမြှောင်ကိုင်ထား‌သော လက်အား ချုပ် ထားလိုက်သည်။

"ချီရွှမ်းကော လွှတ်လိုက်!"

ရှန်လျန် အော်ဟစ်လိုက်သည်။ ချီရွှမ်းလွှတ်လိုက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူအမြန်လှုပ်ရှားလိုက်ကာ အနည်းငယ် ကိုင်တွယ်ရခက်သည့် ရထားမောင်းသူအား အပြင်သို့ ကန်ချလိုက်ပြန်သည်။

ယခုတွင်တော့ ရထားလုံးအတွင်း သခင်နှင့် အစေခံများသာ ကျန်ရစ်သည်။ တစ်ယောက်ပြီး တစ်ယောက် ကန်ထုတ်လိုက်မှုကြောင့် သိသိသာသာ ပင် ဓားပြရန်က အနည်းငယ် အလှမ်းဝေးသွားသည်။သို့သော်ငြား ရထားပေါ်မှ ပြုတ်ကျလာသူမှာ ရှန်လျန် မဟုတ်မှန်းသိသည်နှင့် ထပ်ဖမ်းရန် အမှီ မြင်းဒုန်းဆိုင်း စီးနှင်းလာကြပြန်သည်။

"ချီရွှမ်း ငါ့ကိုကူညီပေး၊ ငါတို့ကိုယ့်ကိုကိုယ်ပဲ ကယ်တင်ရမှာ၊ ရှေ့နည်းနည်းဆက်သွားနိုင်ရင် အဲ့ဓားပြတွေ ဆက်လိုက်လာရဲတော့မှာ မဟုတ်ဘူး"

အဖွားဝေရဲ့ ပြဿနာ ပြီးသွားသော်လည်း ဓားပြ ပြဿနာမှာမူ တိုးတက်မလာသေးချေ။ ရှန်လျန်တွင် ‌ရှင်းပြနေရန်အချိန်မရှိ။အလျင်အမြန် အရှေ့ထွက်ကာ လှည်းကြိုးဆွဲ ထိန်းသည်။သို့သော် မကျွမ်းကျင်မှုနှင့် လက်ခွန်အား မပြည့် သေးသောကြောင့် ဒုန်းဆိုင်း‌ပြေးနေသော မြင်းအရှိန်ကို ကောင်းစွာ မထိန်းချုပ်နိုင်သေးပေ။

"လျန်လျန်!"

ကံကောင်းစွာပင် ချီရွှမ်းတုံ့ပြန်မှုက မြန်သည်။မြင်းထိန်းကြိုးအမြန်ဆွဲ ယူကာ နှင်တံဖြင့် ခပ်ပြင်းပြင်းရိုက်နှက်၍ မြင်းအရှိန် ထိန်းညှိသည်။ ချီယွဲ့ လဲ လှည်းရှေ့ ထွက်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်...

"လျန်လျန် ရဲ့လက်...တောင်းပန်ပါတယ် ငါတို့ အသုံးမကျလို့"

မိုးမှာ သည်းထန်သထက် သည်းထန်စွာ ရွာသွန်းလာသည်မှာ မည်သည့်အချိန်မှ မိုးတိတ်နိုင်မည် မသိ။ ချီ ယွဲ့ မှာ ငိုချင်၍နီရဲနေသော မျက်လုံးများဖြင့် သူ၏လက်အားကိုင် ကြည့်လာသည်။အကြီးဆုံး သခင်လေးက သူတို့ကိုယုံကြည်ပြီး လျန်လျန်ကို အပ်ထားတာ။ဒါပေမယ့်သူတို့ အစကအဆုံးထိ ကာကွယ်ပေးနိုင်ခဲ့တာ မရှိပေ။

"ကျွန်တော်အဆင်ပြေတယ်၊ မြန်မြန်သွားဖို့ပဲ အရေးကြီးတယ်"

တစ်ဖန်နီးကပ်လာတဲ့ ဓားပြတွေကိုလှည့်ကြည့်လိုက်ရင်း ရှန်လျန်သူ့လက် ကို နောက်ပြန်ရုတ်လိုက်တယ်။ ထိုလူများက သူ့ ကိုဖမ်းချုပ်၊ ထိန်းသိမ်းထားပြီး၊ သူ့ဂုဏ်သတင်းကို ဖျက်စီး ချင်ရင် အရင်လို မရဘူး၊ အကြောက်တရားနဲ့ ရင်ဆိုင်သွားစေရမည် ။

ဓားပြများ လိုက်ဖမ်းသည့် အရှိန်နှုန်းမှာ သိသိသာသာ ပင် ပိုမြန်လာသည်။ ရထားလုံးထဲမှ ကိုယ်ခံပညာ မတတ်သော သူသုံးဦးရှိပြီး ထိုသူတို့မှာ ကျွမ်းကျီတွင် နေထိုင်သော ‌ငါးနှစ်အတွင်း ပိုပြီး အားနည်းသွားဟန်ရှိသည်။ အဖမ်းခံရလျှင်တော့ သေဆုံးရန်သာရှိသည်။

"ဘိုးအေပဲ! အဲ့လှည်း မရပ်ပဲ ဆက်မောင်းနေမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့!"

ဓားပြများ၏ ကြိမ်းဝါးသံက ရထားလှည်း၏နောက်ကပ်ရပ်မှ ထွက်ပေါ်လာသောကြောင့် သခင်ငယ်နှင့်အစေခံနှစ်ဦး၏ စိတ်တို့လေးလံကုန်ကြ၏။ ချီရွမ်းလက်ထဲမှ နှင်တံသည်လည်း ရိုက်အားပိုပြင်းလာကာ မြင်းကိုအသော့နှင်လေသည်။ သို့သော် ရထားလုံး ဆွဲနေသော မြင်းအရှိန်သည် သန်မာသည့်ဓားပြ မြင်းများနှင့်မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း?

"ရပ်လိုက်စမ်း!"

"ချီးပဲ ရပ်လိုက်လို့ ပြောနေတာ မင်းတို့ မကြားဘူးလားကွ?"

သိပ်မကြာခင်အချိန်မှာပဲ ဓားပြတွေက ဓားရှည် များထုတ်ကာ မြင်းများစီးနှင်းလျက် သူတို့ရထားလုံးဘေး ပတ်လည်တွင် ဝိုင်းထားလိုက်ကြသည်။ ရထားလုံးက မရပ်ပဲ ဆက်မောင်းနေမည်ဆိုပါက အတင်းအကြပ် ရိုက်ခံရကိန်းရှိသည်။

"ခေါ်လိုက်...."

"ရှေ့ကတစ်ယောက် သတင်းပို့စမ်း!"

တစ်ကယ်တော့ ရှန်လျန်က ရထားလှည်းကို မည်သည့်အချိန်တွင်ရပ်သင့်သည်အား ကြိုတင်ခန့်မှန်းထားပြီး လှည်းအား ရှေ့ဆက်သာသွားစေကာ နည်းလမ်းရှာသည်။ ထိုစဉ် အရှေ့လမ်းခွဲမှ ရုတ်တရက် စည်းချက်ညီစွာပြေးလွှား

လာသော မြင်းများကို သတင်းပို့သံများနှင့်အတူ တွေ့လိုက်ရသည်။

"ချီရွှမ်းကော ရှေ့ကျရင် ဘယ် ဘက်ချိုး"

ရှန်လျန်ဟာ အရင်ဘဝတုန်းက ဘုရင်ရှစ်ပါးတိုက်ပွဲ ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ထိုကယ်ဆယ်‌ေရးအဖွဲ့၏ အမိန့်ပေးသံမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားရှိသဖြင့် စစ်တပ်တွင် ကောင်းစွာ လေ့ကျင့်ထားသူ များဖြစ်ဟန်ရှိသည်။ တစ်ကယ်၍ ထိုသူတို့ဆီမှ အကူအညီ ရမည်ဆိုလျှင် ရှင်သန်နိုင်ရန်အတွက် အခွင့်အရေး ကျိန်းသေ ရနိုင်ပေလိမ့်မည်။

Words 2093

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment