no

Font
Theme

'ဧကရာဇ်က လက်ခံပါ့မလား'

ဖေးယွမ်ရွှင်းသာ ပြောမပြခဲ့ရင် အိမ်ရှေ့စံနဲ့ကြင်ယာတော်တို့ နတ်ရွာစံသွားရတဲ့ နောက်ကွယ်က အရှုပ်အထွေးကို ရှန်လျန် သိနိုင်မှာ မဟုတ်ပါ။

အရင်ဧကရာဇ်ရဲ့ ရူးမိုက်တဲ့ချစ်ခြင်းကိုလည်း ရှန်လျန် မလေးစားမိ၊ ဒါက ဖေးယွမ်ရွှင်းကြောင့် မဟုတ်ပဲ၊ တော်ဝင်တစ်မိသားစုလုံးကို စပ်ဆုပ်ရွံရွာခြင်းကြောင့်သာ ဖြစ်၏။ လက်ရှိမိဖုရားခေါင်ကို မိသားစုနဲ့ပါ ရင်းပြီး ချစ်ခဲ့တဲ့ အရင်ဧကရာဇ်ကတစ်ခြားမိန်းမတွေနဲ့လည်း ပတ်သက်နေနိုင်သေး၏။

သူ့သား လက်ရှိဧကရာဇ်မှာ သွေးချင်းညီအစ်ကိုတွေ များစွာ ရှိမှန်း ရှန်လျန် ရှင်းရှင်း လင်းလင်း မှတ်မိနေဆဲပင်။ အားလုံးကို ကိုယ်လုပ်တော်တွေက မွေးဖွားပေးခဲ့ပြီး အများစုက သေဆုံးသွားခဲ့ရပြီဆိုတော့ ဧကရာဇ်ဟောင်းရဲ့ အချစ်က ရှန်ရုထင်နဲ့ ဘာမှ မကွာခြားတော့ဘူး... စက်ဆုပ်ဖို့ကောင်းသည်။

တစ်ကိုယ်ကောင်းဆန်သည့် အချစ်ကြောင့် တရားဝင်ဇနီးနှင့် သားကို တွေဝေတုံ့နှေးမှုမရှိ ရက်စက်ယုတ်မာစွာ သတ်ပစ်ခဲ့ရာ လူဟုပင် ခေါ်ထိုက်ပါ၏လော? သက်ဦးဆံပိုင် ဘုရင်စနစ်ပင်!

"အလိုမကျရင် သတ်ဖို့ပဲ သိတဲ့ လူက ပလ္လင်ပေါ် ထိုင်နေမှတော့ ချင်အင်ပါယာကြီး မတိုးတက်လာတာ မဆန်းတော့ဘူး၊ ဝန်မင်းမှူးမတ်တွေအပေါ် သံသယထားဖို့လောက်ပဲ သိတာ မဆန်းတော့ဘူး၊ ခင်ဗျားက အိမ်ရှေ့စံရဲ့သားဆိုတာရော သူသိထားလား?"

ရှန်လျန် လှောင်ပြောင်လိုက်သည်။ အိမ်ရှေ့စံရဲ့ ကောင်းသတင်းတွေကိုပဲ ကြားသိခဲ့ရတာကြောင့် သူသာ ထီးနန်းစိုးစံခွင့်ရခဲ့မယ်ဆိုရင် လက်ရှိချင်ပြည်ထောင်လိုမျိုး ယိုယွင်းပျက်စီးနေပြီး၊ တစ်နှစ်ပတ်လုံး လည်း စစ်ထွက်တိုက်နေရလိမ့်မှာ မဟုတ်လောက်ပေ။

"သူ မသိသေးဘူး၊ သူသာ သိရင် ကိုယ့်ကို အသက်ရှင်လျက် ဘယ်ထားပါ့မလဲ"

ကိုယ်ချစ်တဲ့သူနှင့် ရင်ဘတ်ချင်းမျှဝေလိုက်ရတော့ ဖေးယွမ်ရွှင်းရဲ့ဒေါသက အတော်လေး ပေါ့သွားရ၏။ တစ်နေ့ကျရင် ခွေးမိဖုရားခေါင်နဲ့ ခွေးမင်းကြီးကို နန်းတော်ကနေ ကန်ထုတ်ပစ်ပြီး သူ့ဖခင်ရဲ့ အလောင်းကို တူးထုတ်ကာ ရှိသင့်တဲ့နေရာကိုပြန်ယူပေးမည်။

"အင်း ဆီလျော်တယ်"

ရှန်လျန် ခေါင်းငြိမ့်လိုက်ပြီးနောက်

"အဲ့လိုပြောမှပဲ ချင်ဖင်းမြို့စား အစစ် ဖြစ်မယ့်သူက ဘယ်သူကြီးလဲ"

ဆက်ခံသူအစစ်ဆီကနေ သံမဏိတပ်ဖွဲ့ရဲ့အုပ်ချုပ်ခွင့်တောင်းခဲ့တယ်ဆိုတော့ မြို့စားမင်းရဲ့သားက အသက်ရှင်နေဆဲပေါ့။

"အိုး သူက ဒီချင် တိုင်းပြည်မှာ မရှိဘူး၊သူက ကိုယ့်ထက် နှစ်နှစ်ပိုကြီးတဲ့ ဆရာတူ အစ်ကိုလေ.. ကံကောင်းလို့ ကိုယ်က ငယ်ပေမယ့် အရပ်မြင့်တော့ သူ့အယောင်ဆောင်နိုင်ခဲ့တာ ၊နောင် အခွင့်အရေးရရင် သူနဲ့မိတ်ဆက်ပေးမယ်"

ဖေးယွမ်ရွှင်းက သူ့ညီအစ်ကိုတွေ အကြောင်းပြောနေရရင်ဖြင့် မျက်နှာက ပြုံးရွှင်လို့ပင်။

"အင်း"

ရှန်လျန် ခေါင်းငြိမ့်ပြီး တစ်ဖက်သူ ရင်ခွင်ထဲ မှီရင်း မျက်ဝန်းတွေ ပိတ်ထားလိုက်သည်။ အိပ်မက်ထဲမှာ ဖေးယွမ်ရွှင်းက ဘုရင် ဖြစ်လာတာ မအံ့ဩတော့ပါဘူး၊ သူ့ပုံစံကို အခွံမာအောက်မှာ လုံလုံခြုံခြုံဖုန်းကွယ်နေခဲ့တာကိုး.. ပြောမှပဲ... လက်ရှိမင်းကြီး နတ်ရွာစံပြီး ချင်ယွင်ရှန်းရဲ့နန်းသက် သုံးနှစ်မြောက်ထိစောင့်ပြီးမှ ဘာလို့ ထီးနန်းတက်သိမ်းရတာလဲ.. သွေးထွက်လွန်အဆိပ်ကြောင့်များလား? ဒီအဆိပ်က တစ်ကယ်ပဲ ကုလို့ ရတယ်လို့ဆိုလိုတာပဲမလား"

ဖေးယွမ်ရွှင်းက အိမ်ရှေ့စံရဲ့ သားဖြစ်တာနဲ့အညီ လက်ရှိမင်းကြီးနဲ့ မိဖုရားခေါင်ကိုဖြုတ်ချပြီး နန်းပြန်သိမ်းမယ်၊ ပြီးတော့ သူတို့နှစ်ယောက်က...

ဟင်....နောက်ဆုံးကျရင် သူက ဧကရီနေရာမှာ နောက်တစ်ခေါက်ထပ်ထိုင်ရဦးမယ်လို့ ဆိုလိုတာပဲမလား?

အဲ့ဒီအကြောင်းတွေးမိတော့ ရှန်လျန် ရယ်ပင်မရယ်နိုင်တော့! ကံကြမ္မာက ပြေးလို့မလွတ်ပါလားနော်၊ ဖေးယွမ်ရွှင်းက ဘုရင်ဖြစ်မှတော့ သူက ပါ ကြင်ယာတော် ဖြစ်ရပြီပေါ့၊ ဒါဆို ဖေးယွမ်ရွှင်းက သူ့ကို မတိုင်ခင်ထဲက စိတ်ဝင်စားနေခဲ့တာလား?

"ဘာတွေ ပြုံးနေတာလဲ"

ရှန်လျန့် မေးကိုပင့်မလိုက်ပြီး မျက်ဝန်းချင်းစုံစေလိုက်ကာ စပ်စုကြည့်ချင်သွား၏။

"ဘာမှ မဟုတ်ဘူး၊ ဒီတိုင်း ခင်ဗျား ပြောခဲ့တာတွေ မကြာခင် ဖြစ်လာတော့မှာ ပါလို့ တွေးနေတာ"

သူ့မေးရိုးကို ဖေးယွမ်ရွှင်းရဲ့ ပခုံးပေါ် တင်လိုက်ရင်း လက်ချောင်းနဲ့ တစ်ဖက်သူရဲ့ပါးကို တို့ထိလိုက်၏။

"မြို့စားအရှင် ခင်ဗျားရဲ့နာမည်ကိုလေ ဖေးဘန်းရှန့် လို့ပြောင်းလိုက်သင့်တယ်"

(En. ဘန်းရှန့်- နတ်ဘုရားတစ်ပိုင်း )

"အနာဂါတ်မှာ ဖေးဘန်းရှန့် ရဲ့ဇနီးလို့ ခေါ်ခံရတဲ့အပေါ် မင်းစိတ်မရှိရင် ကိုယ်ကလည်း ကန့်ကွက်စရာမရှိဘူးနော်"

ရှန်လျန့် လက်ချောင်းလေးကို ဆွဲယူကာ သူ့နှုတ်ခမ်းနား တိုးကပ်နမ်းရှိုက်လိုက်၏။ ဒီလူသားကို မြင်နေရလျှင်ကို ဒေါသတွေ အနည်ထိုင်ကုန်၏။

"အနာဂါတ်ကို ကြိုတွေးဖို့က အရမ်းဝေးလွန်းသေးတယ်"

ရှန်လျန် ခေါင်းတစ်ခါခါနှင့် သူ့လက်ကို ဆွဲထုတ်ကာ ဖေးယွမ်ရွှင်း၏ သွေးကြောကိုစမ်းသပ်လိုက်သည်။

"ဒီတစ်ခါ သေမင်းနဲ့ ကပ်သီးလေးပဲလွှဲသွားတာ..ဆေးကျမ်းမှာက သွေးအဆိပ်နဲ့ ပတ်သက်ပြီး တစ်ခုမှ ရေးမထားဘူး၊ အဆိပ်က အဆိပ်ကို မဖြေနိုင်တော့ဘူးလို့ ကျွန်တော်မယုံဘူး၊ပြီးမှ ဒီအကြောင်း ထပ်ဆွေးနွေးကြည့်ရအောင်၊ ခင်ဗျားက်ု သတိပေးလိုက်မယ်နော်.. ကိုယ့်ကိုကိုယ် သေအောင် လျှောက်လုပ်မနေနဲ့၊ နောက်တစ်ခေါက် ထပ်ဖြစ်ရင် နတ်ဘုရားကိုယ်တိုင်ကြွလာတောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ပြောရင်း နှင့် ရှန်လျန့်အမူအရာက မည်းမှောင်လာပြန်သည်။ ဖေးယွမ်ရွှင်းက ပျာပျာသလဲ တောင်းပန်ပြုံး ပြုံးကာ

"နောက်တစ်ခေါက်မရှိတော့ပါဘူး၊ မင်းအတွက် နဲ့ ကိုယ် ဘာမှ လျှောက်မလုပ်ရဲတော့ပါဘူး၊ လင်းဖိုးဖိုးဆိုရင် ကိုယ်တို့ လက်ထပ်ထိမ်းမြားတာကို အရမ်း‌ေမျှာ်လင့်နေပြီး ကလေးသေးသေးလေးတွေ ပြေးလွှားဆော့နေတာကို မြင်‌ချင်နေရှာတာ"

ဒါက ပထမဆုံးအကြိမ် လျန်လျန့်ဒေါသနဲ့ တွေ့ကြုံဖူးလိုက်တာမလို့ ဖေးယွမ်ရွှင်း တစ်ကယ်ကို ကိုယ့်ကိုကိုယ့် ဒဏ်ရာရအောင် ထပ်မလုပ်ရဲတော့ပါ။

"တိုင်းပြည်ရဲ့ ထိပ်တန်းပညာရှိ ပရောဟိတ်က ခင်ဗျားရဲ့ အိမ်တော်ထိန်း လာဖြစ်နေတယ်... တစ်ကယ်ကို နစ်နာရတာပဲ"

ကလေးသေးသေးလေးတွေ ဆိုတဲ့ ဝါကျကို တဲ့တိုးပဲ လစ်လျူရှုပစ်လိုက်တယ်။ သူမှတ်မိသလောက် လင်းဖိုးဖိုးက တစ်ချိန်တုန်းကချင်ပြည်ထောင်ရဲ့ နံပါတ်တစ် အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့လေသည်။

"လင်းဖိုးဖိုးအကြောင်း နားလည်သွားတဲ့တစ်နေ့ကျ ဘယ်သူက တစ်ကယ် နစ်နာ နေရသလဲ နားလည်သွားလိမ့်မယ်"

ဖိုးဖိုးလင်းကိုပြေးမြင်လိုက်ပြီး ဖေးယွမ်ရွှင်း သက်ပြင်းသာ ချလိုက်နိုင်၏။ ငယ်တုန်းက ကိစ္စတွေ သိပ်မမှတ်မိပေမယ့် လင်းဖိုးဖိုးက တည်ငြိမ်လေးနက်တဲ့ ပရောဟိတ်တစ်ယောက်ဆိုတာတော့ သူသိပါ၏။ ထို့နောက်မှာတော့ လင်းဖိုးဖိုးရဲ့စရိုက်က တစ်နေ့တစ်ခြား ထူးဆန်းလာတော့တယ်။

"ခုကတည်းက ပြောနေနိုင်ပါပြီ"

ရှန်လျန် အသာအယာပြုံးပြကာ

"အချိန်လည်း မစော တော့ဘူး၊ အိမ်ပြန်တော့မယ်၊ မြို့စားမင်းကတော့ စကားနားထောင်ပြီး ကောင်းကောင်း အနားယူနေနော်၊ ဒဏ်ရာ မသက်သာ မချင်း အိမ်ပြင် တစ်လှမ်းမှ မထွက်ရဘူး၊ ထွက်ရဲထွက်ကြည့်! အရေခွံဆုတ်ပြီး ကိုသတ်ပစ်မယ်"

ခြိမ်းခြောက်စကားဆိုပြီးနောက် ဖေးယွမ်ရွှင်းရဲ့ ပါးကို ဆွဲညှစ်လိုက်ဖို့လည်း မမေ့ချေ။

"ဟင်…ဒီတိုင်းထားခဲ့တော့မလို့လား? ကိုယ့်ဒဏ်ရာက နာနေသေးတယ်လေ... နည်းနည်း ကြာကြာ အဖော်လုပ်ပေးပါဦးလား"

ဖေးယွမ်ရွှင်းက လျန်လျန့်လက်ကို အမြန်ဖမ်းဆွဲထားလိုက်၏ ။ သူတို့မတွေ့ရတာဖြင့် ရက်နှစ်ဆယ်ကျော်တောင် ရှိသွားပြီကို၊ အခု သူ့အိမ်ကိုလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေမယ့်သူတွေ ရှိနေမှာမလို့ မိုးရွာထဲ လွယ်လွယ်လေး အိမ်ပြန်သွားလို့ရမှာ မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ရက်ကြာကြာလေး နှစ်ယောက်သား မြင်တွေ့နေနိုင်ဖို့ အရမ်းမျှော်လင့်နေမိပါ၏။

"ခုမှ ဘာနာတာလဲ? ကိုယ့်ကိုကိုယ် လုပ်ထားပြီးမှ"

ရှန်လျန်က ဘုကြည့်ကြည့်လာပေမယ့် ကုတင်ပေါ်က ဆက်မရွေ့တော့ပါ။

ဖေးယွမ်ရွှင်း ကျေနပ်သွားပြီး

"ဒီလိုလုပ်ခဲ့လို့ ပဲ လျန်လျန်နဲ့ မြန်မြန်လက်ထပ်နိုင်တော့မှာလေ"

"ဟင်?"

ဒဏ်ရာရတာနဲ့ သူနဲ့ လက်ထပ်ခွင့်ရမှာက ဘာဆိုင်လို့လဲ?

"တမင်လုပ်တယ်ပဲပြောပြော၊ တိုက်ဆိုင်သွားတယ်ပဲပြောပြော ၊ ဒီတစ်ကြိမ် သံမဏိတပ်ဖွဲ့သားတွေ အကျိုးမြတ်ကောင်းကောင်း ယူလာပေးနိုင်ခဲ့တယ်၊ ကိုယ်က ဒဏ်ရာတွေနဲ့ပြန်လာတော့ .. နန်းတော်ထဲက ဟိုလူက သိက္ခာမကျအောင် ကိုယ့်ကို ဆုချီးမြှင့်မှာပဲလေ

ကိုယ်က ဒီအခွင့်အရေးကိုအသုံးချပြီး ကိုယ်တို့လပ်ထပ်ပွဲကိုသဘောတူဖို့ တောင်းဆိုလိုက်ရင် သူမငြင်းနိုင်တော့ဘူးပေါ့"

နည်းနည်းတော့ ခက်ပေမယ့် မကြိုးစားကြည့်ပဲ အလုပ်ဖြစ် မဖြစ် ဘယ် သိနိုင်မလဲ? လျန်လျန်က လှပပြီးထက်မြက်တော့ တစ်ခြားသူတွေနောက်ပါသွားမှာကိုကာကွယ်ဖို့ သူ့ရည်ရွယ်ချက်တွေကိုအရင် အကောင်အထည် ဖော်ရမယ်။ မဟုတ်ရင် သူစိတ်အေးနိုင်မှာ မဟုတ်!

"ဒီကိစ္စက အတော်လေး သံသယဝင်စရာပဲ၊ မင်းကြီးက ခင်ဗျားရဲ့သရုပ်မှန်ကို မသိဘူးဆိုပေမယ့် ခင်ဗျားရဲ့အမိန့်အောက်မှာ သံမဏိတပ်ဖွဲ့ရှိတယ်၊ ကျွန်တော်ကျတော့လည်း မျက်နှာသာမပေးခံရတဲ့သားဖြစ်ပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းကရှိနေတယ်၊

ရှန်ရုထင်ရဲ့သားဖြစ်သလို ဝေမိသားစုရဲ့မြေးဖြစ်ပြီး၊ အစ်ကိုဖြစ်တဲ့ရှန်တာ့ဆိုရင် စစ်ရေးရာ ကျွမ်းကျင်မှုက သံသယရှိစရာမလိုအောင် သူ့လက်အောက်မှာ ပြားပြားဝပ်ပဲ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကို ဘုရင်က အလွယ်လေး သဘောတူလိုက်ပါ့မလား"

ဘယ်လောက်ပဲ သိက္ခာ ဆည်ချင်ပါစေဦး ဧကရာဇ်က အန္တရာယ်များတဲ့ ပေါင်းစည်းမှုမျိုးကို ခွင့်ပြုလိမ့်မှာ မဟုတ်၊ သူတို့နှစ်ယောက်ရဲ့ လက်ထိပ်ထိမ်းမြားခြင်းဟာ အင်အားကြီး မိသားစုနှစ်စု ပေါင်းစုခြင်းဖြစ်တာကြောင့် ဧကရာဇ်က သဘောတူရအောင် မမိုက်မဲချေ။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ကြိုးစားကြည့်ရမှာပေါ့"

ကိုယ့်ရဲ့ပိုလျှံနေတဲ့အချိန်တွေကို တန်ဖိုးမရှိတော့တဲ့ လူနဲ့ လက်ထပ်လိုက်ရတယ်ဆိုရင် ဒါက ကိစ္စကြီးဖြစ်သွားနိုင်တာပဲမဟုတ်လား!

ဖေးယွမ်ရွှင်းပြုံးလိုက်တယ်။

လက်တွေ့ကနောက်မှ ၊ အခြေခံသဘောရှင်းပြရုံနဲ့ လျန်လျန့်ကို သူ့အိမ်ထဲ အောင်အောင်မြင်မြင် ဆွဲသွင်းပြီး ထိမ်းမြားလက်ထပ်နိုင်ခဲ့မယ်ဆိုရင်လည်း ကောင်းတာပဲလေ၊

"တစ်ကယ်တော့ လက်ထပ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

"ဟင်?"

မျက်ခုံးပင့်လျက် ဖေးယွမ်ရွှင်း ချက်ချင်း စိတ်တက်ကြွလာတယ်။

သူ့ရုပ်ကိုမြင်ပြီး ရှန်လျန်မှာ စကားပြောများသွားပြီဟု ကိုယ့်ကိုကိုယ် မာန်မဲလိုက်သည်။

"မေ့လိုက်တော့ ခင်ဗျားတွေးထားတဲ့အတိုင်းပဲဆက်လုပ်၊ ဘာပဲဖြစ်ဖြစ် လက်ထပ်ဖို့ကို မလောဘူး၊ အခုက ရှန်မိသားစုကိုကိုင်တွယ်နေတုန်း ရှိသေးတယ်"

"အဲ့လိုမလုပ်ရဘူးလေ လျန်လျန့်မှာ အစီအစဉ်ကောင်းရှိရင် ကိုယ့်ကိုပြောပြမှပေါ့၊ လက်ထပ်ပွဲက တစ်ရက်နှစ်ရက်နဲ့ စီစဉ်လို့ရတာမျိုးမှမဟုတ်တာ၊ သေချာ အစီအစဉ်ဆွဲပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမှာကို၊ လျန်လျန်ဖြစ်ချင်တာတွေ ကို တွေးထားလိုက်လေ ကျန်တာ ကိုယ့်တာဝန်ထား"

မင်္ဂလာလမ်းကဖြောင့်ဖြူးနေမှတော့ ဖေးယွမ်ရွှင်းက ဒီအခွင့်အရေးကို ဘယ်လက်လွှတ်ခံပါ့မလဲ? လျန်လျန့်ကို မြန်နိုင်သမျှ မြန်မြန် လက်ထပ်ပြီး အိမ်မခေါ်လာနိုင်သေးတာကိုပဲ မုန်းနေမိတော့သည်။

"ကောင်းပြီလေ...အော် ကျွန်တော့် အစ်ကိုနဲ့ဝေမိသားစုကတော့ မင်္ဂလာဆောင်မှာ ရှိမှရမှာနော်"

အတိတ်ဘဝက နောင်တရစရာမျိုး ရှန်လျန် ထပ်အဖြစ်မခံနိုင်ပါ၊ အဖိုးဖြစ်သူ၊ဦးလေး၊ ဝမ်းကွဲတွေနဲ့ အစ်ကိုတို့အားလုံးကို သူ့ရဲ့ မင်္ဂလာကျက်သရေအဖြာဖြာ လွှမ်းနေတဲ့ပုံရိပ်ကို မြင်ဖူးစေချင်ပါတယ်။

"ပြဿနာ မရှိဘူး၊ ခုချက်ချင်း သွားဖိတ်တောင်ရတယ်"

ဖေးယွမ်ရွှင်းက တွေ‌ဝေ ခြင်းအလျဉ်းမရှိ သဘောတူခဲ့၏။

ရှန်လျန်မှာ စိတ်အနှောင့်အယှက်လည်းဖြစ် ၊ရယ်လည်းရယ်ချင်နှင့်

"ခင်ဗျားကို စကားစု နှစ်စုနဲ့ တင်စားလို့ရတယ်

'သနားစရာကောင်းအောင် သရုပ်ဆောင်ပြနေတာ' လို့လေ"

"သနားစရာကောင်းအောင် သရုပ်ဆောင်ပြတယ် ဟုတ်လား"

စကားသံယောင်လိုက်ပြီးမှ အဓိပ္ပာယ် ပေါက်သွားတဲ့အခါ ဖေးယွမ်ရွှင်းက မှိုရတဲ့ရုပ်ဖြစ်သွားပြီး ရှန်လျန့်ကို နီးနီးကပ်ကပ်ဆွဲဖက်ပြီး နစ်ဝင်နေအောင် နမ်းရှုံ့ပစ်လိုက်၏။

"ကိုယ့်မိသားစုက လျန်လျန်က ထင်တဲ့အတိုင်း အရမ်းပါးနပ်တာပဲ...၊ နောက်မှ ကိုယ်သေခါနီးဖြစ်နေပြီလို့ ထျန်းရှုနဲ့ သတင်းလွှင့်ခိုင်းလိုက်မယ်၊ခွေးဘုရင်ရဲ့စိတ်ကို လှည့်စားလိုက်ရင် လျန်လျန့်ကို ကိုယ်နဲ့ လက်ထပ်ဖို့ သူသဘောတူလာလိမ့်မယ်..ဘာလို့ဆို ကိုယ်သေလို့ လျန်လျန်က မုဆိုးဖို ဖြစ်သွားရင် သံမဏိတပ်ဖွဲ့ကို အပိုင်သိမ်းဖို့ ခွေးဘုရင်က လျန်လျန့်အဖေ ရှန်ရုထင်ကတစ်ဆင့် အသာလေးဖိအားပေးလိုက်ရုံပဲလေ"

ရှန်လျန်သာ မုဆိုးဖို ဖြစ်သွားရင် ရှန်လျန်တို့ဇနီးမောင်နှံ ပိုင်ဆိုင်သမျှနဲ့ နောက်ကွယ်က အထောက်အပံ့တွေကို ပါ ရလိုက်မှာမို့ ခွေးဘုရင်က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်အခြေအနေကို ပိုင်ဆိုင်လိုက်ရမှာပင်။

ဖေးယွမ်ရွှင်းက သူဖောက်ထားတဲ့လမ်းကို ခွေးဘုရင်က ဝင်လာရကောင်းမှန်း မသိတဲ့ထိ ဉာဏ်မမှီမှာပဲ စိုးရိမ်မိတာ ၊ ဒါပေမယ့် ကိစ္စမရှိပါဘူး ဉာဏ်အလင်းပွင့်သွားအောင် ပြောပေးမယ့် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ရုံနဲ့ ပြီးပြီ။

"အင်း ဒီနည်းလမ်း ကောင်းတယ်၊ တော်ဝင်အမိန့်စာ ထုတ်ပြီးမှ ခင်ဗျားနေပြန်ကောင်းလာရင် သူဘာတတ်နိုင်ဦးမှာလဲ အဲ့ဒီအချိန်မှ အမိန့်စာ ပြန်သိမ်းလို့လည်း မရတော့ဘူး"

ရှန်လျန်က ခေါင်းတဆတ်ဆတ်ငြိမ့်သော်လည်း

"ဒါပေမယ့်လေကျွန်တော် စိုးရိမ်တာက သူ တစ်ခြားနည်းလမ်းနဲ့ ကျွန်တော်တို့ကို ခွဲရင်ရော?"

ဖေးယွမ်ရွှင်း၏ စိတ်အားထက်သန်မှုက ဟုတ်ခနဲ ချုပ်ငြိမ်းထား၏။ တစ်ကယ်လို့ လျန်လျန့်ရဲ့ လုံခြုံရေးကို ထိခိုက်လာစေမယ်ဆိုရင် နဂိုအစီအစဉ်တိုင်းပဲ ဆက်သွားပြီး တစ်နှစ်ထပ်စောင့်ဆိုင်းကြမည်။ နောင်နှစ်မှ လည်း ရှန်လျန့်ကို သူလက်ထပ်ချင်နေတုန်းပင်။

"ကျွန်တော့မှာ လူတွေ မပြတ်လတ်နေပါဘူး၊ အပေါဆုံးက အစောင့်အရှောက်ပဲမဟုတ်လား? အရိပ်တပ်သားတွေက ကျုံးလင်ခြံဝန်း ပတ်ပတ်လည်မှာ စောင့်ကြပ်နေလိုက်တာမှ သံထက်တောင် ခိုင်သေးတယ်၊ ကျွန်တော် အပြင်မထွက်သရွေ့ သူဘာလုပ်နိုင်မှာတဲ့လဲ"

ကြောက်လားဆိုတော့ ရှန်လျန် နည်းနည်းမှ မကြောက်ပါ၊ သူ့ကို ဒုက္ခပေးချင်တဲ့သူတွေက နဂိုထဲက များနေတာ၊ ခွေးဘုရင်တစ်ယောက် ထပ်တိုးလာလို့လည်း အယားပြေရုံလောက်သာ ရှိ၏။ ဆန့်ကျင်ဘက်အနေနဲ့ သူနဲ့ဖေးယွမ်ရွှင်းတို့ရဲ့ မင်္ဂလာပွဲက ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေမှာလေ။

"ခြံဝန်း အပြင်ထွက်လာအောင်လုပ်ဖို့ သူ့မှာ နည်းလမ်းပေါင်းထောင်ချီ ရှိနေနိုင်တယ်"

ဖေးယွမ်ရွှင်း စိတ်အေးအေးမထားနိုင်ပါ။

ရှန်လျန် ရယ်လိုက်ပြီး

"သူလုပ်နိုင်ရင် သူ့နန်းတော်ထဲကို ဆင့်ခေါ်နိုင်ဖို့ပဲ ရှိလိမ့်မယ်၊ ကျွန်တော့်‌နောက်ခံ နဲ့ သူပေါ်တင် ဒုက္ခမပေးရဲပါဘူး၊ အစ်ကိုကြီးနဲ့ ဝေမိသားစုကို ရန်သွားစရင် ဘုံပျောက်သွားမှာပေါ့၊ နောက်ခံ အာဏာရှိရင် စိုးရိမ်စရာမလိုပါဘူး... တွေးကြောက်နေရင် ဘယ်အောင်မြင်ပါတော့မလဲ"

ဖေးယွမ်ရွှင်းက သူ့အတွက် စိတ်ပူပေးနေမှန်းသိပေမယ့် အန္တရာယ်ဆိုတာ ရှောင်နေရုံနဲ့ ပြီးတဲ့ ကိစ္စမဟုတ်ရာ ပွင့်ပွင့်လင်းလင်းဆိုရသော် စိုးရိမ်နေစရာ မလိုပေ။

"ဟုတ်ပါပြီ ပြန်ရင် ယောင်းကွမ်ကိုခေါ်သွားနော်.. မင်းဘေးမှာ သူရှိတော့ ကိုယ် ပိုစိတ်ချရတာပေါ့"

အတန်ကြာမှ ဖေးယွမ်ရွှင်းက ဆုံးဖြတ်ချက်ချနိုင်သွား၏။ ချင်အင်ပါယာကြီး ကိုမလွှမ်းမိုးနိုင်သရွေ့ ဘယ်သူမှ အကြွင်းမဲ့ ယုံကြည်၍မရပေ။ စိတ်ပူနေမယ့်အစား ကိုယ့်လူ တစ်ယောက်ဘာလို့ ထည့်မပေးရမှာလဲ? လျန်လျန့် အရိပ်တပ်ဖွဲ့ကလည်း သက်သက်လွတ်စားသူ တစ်ယောက်မှ မပါဘူးလေ။

"ကျွန်တော့်ကို စောင့်ရှောက်ပေးရုံသက်သက်ဆိုတာ သေချာလား?"

မျက်ခုံးပင့်လျက် ရှန်လျန် စိုက်ကြည့်ပေးလိုက်၏။

ဖေးယွမ်ရွှင်းက သူ့သံသယတွေကို မငြင်းပဲ

"အကုန်လုံးပါတာပေါ့"

မဟုတ်ရင်တောင် ရှန်လျန့်ဘေးကို တစ်ယောက်ယောက်ကိုတော့ စေလွှတ်ဖြစ်အောင် စေလွှတ်မှာပင်။ သူမကိုင်တွယ် လိုက်နိုင်တဲ့ အခြေအနေတွေ ကြုံလိုက်ရမှာမျိုး ဘယ်တော့မှ မလိုချင်ပါ။

"ခင်ဗျားဘယ်လိုပဲ ဆုံးဖြတ်ပါစေ ၊ ကျွန်တော် ကိုယ်တိုင်လက်စားချေရမယ့် ကိစ္စတစ်ချို့ ရှိလို့ကျွန်တော့် အစီအစဉ်တွေကို တော့ ဝင်မရှုပ်ပါစေနဲ့"

ချင်ယွင်ရှန်း၊ ရှန်ချန်၊ ရှန်မိသားစုနဲ့ လျိုမိသားစုအားလုံးဟာ နာနာကျင်ကျင်နဲ့ သေဆုံးသွားရတယ်ဆိုပေမယ့် ဒါက အိပ်မက်ထဲမှာပဲ... လက်တွေ့ဘဝမှာ ရှန်လျန်က သူကိုယ်တိုင် မလုပ်လိုက်ရတာကြောင့် မကျေနပ်လေဘူး။ ဒီဘဝမှာ သူ့လက်နဲ့ ကိုယ်တိုင် လက်စားချေမယ် .. တစ်ယောက်ချင်းစီတိုင်းက အိပ်မက်ထဲကထက် ဆိုးဝါးတဲ့ သေချင်းမျိုးနဲ့ ကြုံတွေ့သွားစေရမယ်။

ရှန်လျန် ခုလို သွေးအေးရက်စက်သွားတတ်တာဟာ သူတို့အမှားပဲ .. သူတို့နဲ့ ထိုက်တန်တာကို တောင်းဆိုလိုက်တာပဲ ဖြစ်၏။

"ကောင်းပြီ မင်းပျော်နေရင် ပြီးတာပဲ၊ ဒါနဲ့ ဝမ်ယွမ်ဦးစီးတဲ့ အရာရှိ စာမေးပွဲက မသမာမှုဖြစ်တယ်ဆို?"

သွေးဆူပြီး ဒေါသထွက်လာတာကို ဖေးယွမ်ရွှင်းက မြင်ပေမယ့် တစ်ခွန်းမှ မမေးခဲ့ပဲ သူ့ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ စကားလမ်းကြောင်းပြောင်းပေးခဲ့တယ်။

"အင်း.. ဒါအစပဲ ရှိသေးတယ်.. လျိုမောင်နှမလည်း ဂျိုကြွနေတာ အတော်ကြာပြီ.. သူတို့အလှည့် ‌မကြာခင် လာမယ်"

ရှန်လျန်က စာမေးပွဲမသမာမှုနှင့် ပတ်သက်သော အချက်အလက်များကို လေ့ကျန်းအားစုံစည်း စုစည်းစေပြီးနောက် လေ့ကျန်းက အမည်မ‌ဖော်လိုသူ နာမည်ဖြင့် သတင်းပေးစာ ရေးသားကာ တရားစီရင်ရေးရုံးကိုတိုင်ကြားခဲ့လေ၏။ ခုံရုံးနဲ့ မင်းသားရဲ့ကြင်ယာတော်သာ အမှုမှန်ဖော်ထုတ်နိုင်သွားရင် အပြစ်သားဖြစ်တဲ့ လျိုမောင်နှမတတွေ တူညီတဲ့တန်ဖိုးနဲ့ ပြန်ပေးဆပ်ရပေလိမ့်မည်။

"အို! ဘယ်အချိန်ခံရမလဲ ဆိုတာ သိနေတယ်ပေါ့"

ဖေးယွမ်ရွှင်း မျက်ခုံးပင့်လိုက်ပေမယ့် ရှန်လျန်ကတော့ ပြောပြရန်ရည်ရွယ်ချက် မရှိပါ။ အားလုံးသိသွားရင် အနာဂါတ်မှာ စိတ်ဝင်စားစရာရှိတော့မှာ မဟုတ်ပေ။

"ဟုတ်ပါပြီဗျာ.. နောက်မှ ဝမ်ဖေး စပရိုက်တိုက်တာကို စောင့်ကြည့်နေပါ့မယ်"

ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေရ၏။ ရှန်လျန်က တစ်ခွန်းမှ မဟသော်လည်း သူ့ရင်ခွင်ထဲမှာ တိတ်တိတ်လေး မှီကာ လဲလျောင်းနေသေး၏။ အခန်းက တိတ်ဆိတ်ကာ သက်တောင့်သက်သာဖြင့် ဆိတ်ငြိမ်နေလျက်ရှိ၏။ ခက်ခဲ ကျပ်တည်းတဲ့ အချိန်တစ်ချို့ကို ဖြတ်သန်းလိုက်ရပြီးနောက်မှာ နှလုံးသားနှစ်စုံက ပိုမိုနီးကပ်လာပြီး တစ်ဦးပေါ်တစ်ဦး ပိုမှီခိုလာတော့၏။

3391 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment