no

Font
Theme

'အဖွားအို ပညာပြပြီ'

ရှန်ချန်တို့ရဲ့ကူညီပေးမှုကြောင့် လှည်းအပြည့်တင်ဆောင်လာတဲ့ ပေါက်စီတွေ ဝေငှ၍ပြီးသွားသည်။ ရေဘေးသင့်ပြည်သူအားလုံးနီးပါး၏လက်ထဲ၌ ပေါက်စီ တစ်လုံးစီရှိနေကြသည်။ သေချာတာပေါ့၊ သတင်းကြားပြီး ရောက်လာတဲ့ သူတွေအတွက်တော့ မလောက်ပါဘူး၊ လူဦးရေ များပြီး ပေါက်စီက ကုန်သွားရာ ရှန်ချန်တို့မှာ ဆာလောင်နေတဲ့လူထုရဲ့ဒေါသအကြည့်ကြောင့် ထိတ်လန့်သွားသည်။ အလျင်အမြန် သခင်မကြီး၏နောက်သို့ ပုန်းလိုက်ကြပြီး ရှန်လျန့်ကို ထားခဲ့ကြသည်။

"အားလုံးပဲ တောင်းပန်ပါတယ်ဗျာ ၊ ပေါက်စီက ကုန်သွားပါပြီ"

လေ့ကျန်းနဲ့ ယောင်းကွမ်မှ တစ်ဖက်တစ်ချက်စီ ခြံရံလျက် ရှန်လျန်က လူထုကိုပွင့်ပွင့်လင်းလင်း ကြေငြာသည်။ လမ်းတစ်လျှောက် ရှန်လျန်ရဲ့ကောင်းသတင်းတွေ ကြားခဲ့ရတာကြောင့် ခုလို သူရဲဘော မကြောင်တာကို လူထုက ပြဿနာမရှာကြပေမယ့် စိတ်ပျက်သွားတာတော့ ရှောင်လွှဲလို့မရနိုင်။

"ရှန်ဒကာ‌လေး ဆေးရပါပြီ"

ထိုအခိုက် ကိုရင်နှစ်ပါးက ဆေးပန်ကန်ကိုကိုင်ရင်း ရောက်လာသည်။ ရှန်လျန်က လက်ခံယူလိုက်ပြီး ဆေးအနံ့ရှူကြည့်သည်။ ဘာပြဿနာမှ မရှိသည်ကို အတည်ပြုပြီးနောက် လူရွယ်နဲ့ ကလေးငယ်နား ထိုင်လိုက်သည်။

"ပူနေတုန်း ကလေးကိုတိုက်လိုက်ပါ"

"ရှန်သခင်လေး ကျေးဇူးပါ"

လူရွယ်က ရှက်ရွံ့စွာနဲ့ ဆေးပန်းကန်ကိုယူသည်။ အရမ်းပူမပူ စမ်းသပ်ပြီးနောက် ကလေးရဲ့နှုတ်ခမ်းဆီတေ့ပေးလိုက်သည်။

"ပေါင်ပေါင်း လိမ်မာ‌တယ်နော်၊ ဆေးသောက်လိုက်၊ ပါပါးတို့ဒီမှာ အကြာကြီး နေလို့မရဘူး၊သွားတော့မှာ၊ သား နေကောင်းမှ ပါပါးနဲ့ လိုက်လို့ရမှာနော်"

"ထောက်....ထောက်!"

အဖေဖြစ်သူက ပြောရင်း မျက်ရည်တွေ ကျသည်။ အသက်နှစ်နှစ်ပင် မပြည့်သေးသော ကလေးငယ်က လက်သေးသေးလေးဖြင့် အဖေ့မျက်ရည်တွေကို လှမ်းသုတ်ပေးသည်။

"ပါပါး ပါပါး မငိုရဘူးလေ! ပေါင်ပေါင်း ဆေးသောက်ပါ့မယ်"

"အင်း.."

အဖေက ဆေးပန်းကန်ကို ကလေးပါးစပ်နား တစ်ဖန်တေ့ပေးသည်။ ကောင်ငယ်လေးက ပါးစပ်ဖွင့်ကာ တစ်လုပ်ပြီး တစ်လုပ် ဆေးသောက်၏။

ရှန်လျန်က တစ်လျှောက်လုံးကြည့်နေပြီး ရုတ်တရက် မေးလိုက်၏။

"သားအဖနှစ်ယောက် ဘယ်က‌လာတာလဲ

မိသားစုဝင်ရော ရှိသေးလား"

"ခင်ဗျာ?"

ရှန်လျန် မေးလာမယ်လို့မထင်ထားတာကြောင့် ခေတ္တ ကြောင်အမ်းသွားသည်။ ကလေးငယ်ရဲ့အန္တရာယ်မှကာကွယ်ရန် ဆေးပန်းကန်ကို အဝေးရွေ့လိုက်ပြီး...

"ရှန်သခင်လေး.. ကျွန်တော်တို့က ဟယ့်ရန်နယ်ကလာတာပါ၊ ရှေ့တစ်လတုန်းက တောင်ပြိုပြီး မြို့တစ်ဝက်လောက် မြေမြှုပ်ခံလိုက်ရပါတယ်၊ မိသားစုဝင်တွေလည်း မရှိတော့ပါဘူး၊ ကျွန်တော်နဲ့ ကလေးပဲ အသက်ရှင်ကျန်ခဲ့တာပါ"

အဖြစ်အပျက်ကို ပြန်ပြောင်းပြောရင်း မျက်လုံးတွေ နီရဲဖောင်းမို့လာသည်။ သူ့မှာကံကောင်းစွာနဲ့ မိသားစုငယ်လေးရှိပြီး ခင်ပွန်းက စာရေးလေး အလုပ် လုပ်ကိုင်သည်။ သူကတော့ မြို့ထဲကဆိုင်တွေမှာ အကူလုပ်ကိုင်သည်။ ငွေရေးကြေးရေးမပြည့်စုံသော်လည်း ဘဝက နေပျော်ခဲ့သည် ။ ထင်မှတ်မထားစွာ သဘာဝကပ်ဘေးက ရုတ်တရက်ကျရောက်လာပြီးနောက် အရာအားလုံးဆုံးရှုံးလိုက်ရသည်။ အိမ်လည်း မရှိတော့သလို ခင်ပွန်းနဲ့ မိသားစုဝင်တွေလည်း သေဆုံးကုန်သည်။ သူတစ်ယောက်ထဲ ကလေးငယ်ကို ပွေ့ပြီး တစ်ရက်ပြီး တစ်ရက် အားတင်းဖြတ်ကျော်ခဲ့ရသည်။ စိတ်ဓာတ်ကျရန် အချိန်ပင်မရှိချေ။

ကလေးကိုခေါ်ပြီး အခြားဒုက္ခသည်တွေနဲ့အတူ မြို့တော်ကို ရှာဖွေစားသောက်ရန် ရောက်လာခဲ့၏။ ကံဆ်ုးစွာနဲ့ မြို့ကြီးပြကြီးဆိုတာ သူတ့်ုထင်ထားသလို မကောင်းချေ။ ရဲမက်တွေက ညစ်ပတ်နေတဲ့ သူတို့ သားအဖကို မြင်ပြီး ထူးဆန်းတဲ့ရောဂါတွေ ကပ်ပါလာမှာ စိုးတဲ့အတွက် မြို့ထဲဝင်ပြီး အလုပ်ရှာခွင့်မပေးချေ။

"ဒီလိုဆိုရင် မင်းနဲ့ မင်းကလေးကို အစေခံအဖြစ် ရောင်းချင်လား"

တစ်ခဏခန့်တွေးတောလိုက်ပြီးနောက် ရှန်လျန်မေးသည်။ သူ့စကားကြားပြီး လေ့ကျန်းနဲ့ ယောင်းကွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ လူကောင်းပုံစံ ဆက်လုပ်ဦးမလို့လား?ရှန်လျန်က အဲ့လောက် မတုံးပါဘူး၊နောက်ခံကို မစုံစမ်းပဲ ကိုယ်ပိုင်အစေခံ အဖြစ် နေစရာ၊ စားစရာပေးမှာတဲ့လား၊ သခင်လေးလို တော်ဝင်မျိုးနွယ်နဲ့ ဆက်နွယ်တဲ့ မိသားစုကြီးတွေက အစေခံရွေးရင် မ‌ျိုးရိုးစဉ်ဆက် သေချာ စစ်ဆေးရပြီး တော်ရုံ လွယ်လွယ်နှင့် အလုပ်ကျွေးပြု၍ မရနိုင်ပါ။

"ဒါက..."

အခွင့်အရေးကောင်းက မျက်စိရှေ့‌ရောက်လာပေမယ့် လူရွယ်က တွေဝေနေသည်။ ရင်ခွင်ထဲက ကလေးကို ငုံ့ကြည့်လိုက်ကာ..

"ကျွန်တော် တစ်ယောက်ထဲ လုပ်လို့ရမလား? ကျွန်တော် အမှန်တိုင်းပြောပါ့မယ်၊ ခင်ပွန်းသည်က ကလေးကြီးလာရင် သူ့လို နိုင်ငံ့ဝန်ထမ်းဖြစ်စေချင်တာ၊ ကျွန်တော်က အစေခံအဖြစ်ရောင်းလိုက်ရင် ကလေးရှေ့ရေးကို ဖျက်ဆီးသလိုဖြစ်သွားမှာမို့ပါ"

မိဘတစ်ဦးအနေနဲ့ ဆုံးဖြတ်ရခက်နေသည်။ လောကကြီးမှာ ရှင်ကျန်တဲ့ တစ်ဦးတည်းသော သားဖြစ်သူကို ကောင်းစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပင်ဖြစ်လိမ့်မည်။

"စကားပြောပုံအရ မင်းလည်း စာတတ်ပုံပဲ"

ရှန်လျန်က အစတည်းက သံသယဝင်ခဲ့သော်လည်း ဒီလူရွယ်က ပညာတတ်တစ်ဦးရဲ့ ဇနီးဖြစ်မယ်လို့ ထင်မထားမိ။

"ဟုတ်ကဲ့ ခင်ပွန်းနဲ့ ကျွန်တော်က ငယ်ချစ်တွေပါ၊ ငယ်ငယ်တည်းက စာလေ့လာရင်း တူတူကြီးပြင်းခဲ့တာကြောင့် ကျွန်တော်လည်း သူ့ထက်တော့ မညံ့ဘူးလို့ ရှက်ရှက်နဲ့ပဲ ပြောပါရစေ"

သူတို့ဇနီးမောင်နှံက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ကြပြီး ခင်ပွန်းက စာရေးအလုပ်ကိုရှာနိုင်ခဲ့သည်။ သူလည်း အရာရှိစာမေးပွဲဝင်ဖြေပြီး ရာထူးမြင့်တစ်နေရာရရန် ရည်မှန်းထားခဲ့သည်။ အနည်းဆုံးတော့ ထပ်ဆင့်စာဖြေပွဲအောင် လက်မှတ်ရချင်သည်။

ဒါမှ သူတို့မိသားစုက နိုင်ငံ့အခွန်တုတ် ဆောင်စရာမလိုတော့မှာဖြစ်၏။ ထိုရည်မှန်းချက်ကြောင့် ဇနီးမောင်နှံနှစ်ဦးမှာ စာကိုတစိုက်မတ်မတ်လေ့လာပြီး စာရင်းအင်းပေါင်းများစွာကို ထွန်းထားသော ဖယောင်းတိုင်ဖင်စီ ကုန်သည်အထိ ဖြေရှင်းခဲ့ကြသည်။ အတိတ်ကို လွမ်းဆွတ်ရင်း လူရွယ်မှာ မျက်ရည်သွင်သွင်ကျသည်။

"ကောင်းပြီ၊ မင်းတို့သားအဖ ကိုယ့်ကိုကိုယ် တစ်သက်တာ အစေခံအဖြစ်ရောင်းစရာမလိုဘူး၊ အဲ့ဒီအစား ဆယ်နှစ် အလုပ်လုပ်ဖို့ စာချုပ်ချုပ်ရမယ်၊အိမ်မှာလဲ ခြောက်လ အရွယ် ကလေးရှိတယ်ဆိုတော့ မင်းရဲ့ ကလေးက အဖော်ပြုပေးနိုင်တယ်၊ ကြီးလာရင်တူတူ စာလေ့ကျင့်လို့ရတယ်၊ ခင်ဗျားတို့သားအဖေသာ သစ္စာရှိရင် ကျွန်တော့ကလေးလိုမျိုး မင်းရဲ့ကလေးကိုလည်း ကောင်းကောင်းဆက်ဆံပေးနိုင်တယ်"

တစ်ကယ်တမ်း ရှန်လျန့်အိမ်မှာ လူနေရာလစ်လစ်နေတာဖြစ်ပြီး ကံကောင်းစွာနဲ့ ပညာတတ်တစ်ယောက်ကို ကောက်ယူနိုင်ခဲ့သည်။

"ဒါ တစ်ကယ်လား သခင်လေး!"

ရှန်လျန်က ထိုမျှ ကျိုးကြောင်းသင့်သူဖြစ်မယ်လို့မမျှော်လင့်ထားမိရာ အံ့ဩဝမ်းသာပြီး ကလေးနဲ့အတူ ရှန်လျန့်ရှေ့ချက်ချင်းဒူးထောက်လေသည်။ သူ့ သခင်က တစ်ကယ်ကောင်းတဲ့ လူဖြစ်နေသည်။

"ယောင်းကွမ် သူတို့ကို ကျုံးလင်ဆီ အရင်ပြန်ခေါ်သွားလိုက်၊ ဦးလေးဖုကို သင့်တော်သလို နေရာစီစဉ်ခိုင်းလိုက်ပါ၊ ကျန်တာ ငါပြန်ရောက်မှ ဆွေးနွေးတာပေါ့"

ရှန်လျန်က အပြုံးနှင့်ထရပ်လိုက်သည်။

ယောင်းကွမ်က ပြောစရာစကားမဲ့လျက်၊ ရှန်လျန့်နားနားတိုးကပ်ကာ ပြောသည်။

"လျန်လျန်၊ ဒီလူရဲ့နောက်ခံက မရိုးရှင်းဘူး၊ အရင်စုံစမ်းကြည့်တာ မကောင်းဘူးလား"

ရှန်လျန်ကအရမ်းအလျင်လိုပြီး စွန့်စားနေတယ်။ ဒီလူရွယ်က ရန်သူလွှတ်လိုက်တဲ့ သူလျှိုဆိုရင်၊ တစ်ခြားအကြံအစည်ရှိတယ်ဆ်ုရင် အိမ်ခေါ်သွားလို့ ဘယ်ဖြစ်မလဲ?

"ကိစ္စမရှိဘူး၊ မျက်နှာက ဘယ်လောက် ဟန်ဆောင်ပါစေ၊ မျက်လုံးက လိမ်လို့မရဘူး၊ မင်းတို့ သံသယဝင်ရင် သူ့ကိုတိတ်တိတ်လေး စောင့်ကြည့်လေ၊ အခုတော့ အိမ်ခေါ်သွားလိုက်ဦး၊ အရိပ်တပ်သားတွေ ဒီလောက်အများကြီးရှိတာ၊ မင်းဘာကြောက်နေတာလဲ"

ယောင်းကွမ်က သူ့အတွက် စိုးရိမ်နေမှန်း သိတာကြောင့် ပေးလာတဲ့ အကြံကိုလည်း ထည့်စဉ်းစားပေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့ဆုံးဖြတ်ချက် သူယုံသည်။

"ကောင်းပါပြီ"

ရှန်လျန် ဆုံးဖြတ်ပြီးတာကိုမြင်တော့ ယောင်းကွမ်လည်း နာခံလိုက်သည်။ လှည်းရှိရာ သွားတော့ ဒုက္ခသည်တွေက သူတို့အတွက် လမ်းဖယ်ပေးသည် ။ လူများစွာထဲမှ ဒီသားအဖကကံအကောင်းဆုံးဖြစ်၏။ ရှန်လျန့်ကို သခင်တော်ရပါက အဝတ်အစားနဲ့စားစရာမပူရတော့ပေ။ မျှော်လင့်ချက်ကြီးစွာနဲ့ သူတို့ကိုလည်း မျက်နှာသာပေးလိုပေးငြား လှမ်းကြည့်နေကြသည်။ ကံဆိုးစွာနဲ့ ရှန်လျန်က လူတိုင်းကို အိမ်ထဲ ခေါ်မသွင်းနိုင်ပါချေ။

"ဖွားဖွားစောင့်ရအောင် လုပ်မိပါပြီ"

သခင်မကြီး၏ဘေးသို့ လေ့ကျန်းနဲ့အတူ ရှန်လျန်သွားလိုက်သည်။

လူတိုင်းရဲ့ အကြည့်အောက်မှာ ရှန်လျန်က ရိုးသားပြီး အပြစ်ကင်းစင်သည်။ တုံးလင်အိမ်တော်မှာ ဖော်ပြတဲ့ ထက်မြက်ပြီးတုံ့ပြန်တတ်တဲ့ သဘောထားကို လုံးဝ မမြင်ရပေ။

သခင်မကြီးနဲ့ မိသားစုဝင်များက စိတ်ထဲ ချဉ်တူးနေသော်လည်း ဟန်ဆောင်ပြုံးပြကြသည်။

"ရှောင်ဝူ လုပ်တာ တော််တယ်၊ ပေါက်စီအများကြီး ပြင်လာမယ်လို့အဖွား မထင်ထားမိဘူး"

အမှန်တစ်ကယ် ချီးကျူးသလိုနဲ့ နောက်ကွယ်က အဓိပ္ပာယ်အား ရှန်လျန် အကုန် ဖောက်မြင်နိုင်သည်။

ဆိုလိုရင်းကို နားလည်သော်လည်း မျက်လွှာချပြီး ကွဲပြားစွာ ဖြေသည်။

"တာ့ချင်တိုင်းပြည်က ကပ်ဘေးဆိုက်နေတာ၊ လူချမ်းသာတွေမှာ စားစရာ ရှိပေမယ့် သာမာန်ပြည်သူတွေက ခက်ခဲနေတယ်၊ ငွေမလုံလောက်ရင် ဘာမှ မတတ်နိုင်ဘူး၊ပြီးတော့ ဘုရားကျောင်းသွားမယ်ဆိ‌ုတော့ မြေးက လက်ဗလာနဲ့လာလို့ဘယ်ဖြစ်မလဲ၊ ဒါကြောင့် ချီယွဲ့တို့ကို မနက်စောစောထပြီး ပေါက်စီ လုပ်စေခဲ့တာ၊

နောက်ပြီးအိမ်တော်က အစေခံတွေကသူတို့ကိုယ်သူတို့ သာမာန်ပြည်သူဆိုတာ မေ့နေကြတာလား၊ အိမ်တော်က စားစရာကို စားရတာနဲ့ သာမာန်ပြည်သူဆိုတဲ့ အချက်ကို မေ့ပစ်လို့မရဘူးလေ၊ ဘယ်လိုလုပ် သူများကို အနိုင်ကျင့်ရဲတာလဲ? အိမ်ပြန်ရောက်ရင် အဖေနဲ့ ဒေါ်လေးစွင်းဆီပြောပြီး ကောင်းကောင်းအပြစ်ပေးခိုင်းရမယ်"

ဘယ်လိုအဓိပ္ပာယ်နဲ့ ပြောပြော အရေးမပါပေ၊ လုပ်သည့် အလုပ်ကသာ အရေးပါသည်။ ရှန်လျန်က ရိုးရိုးရှင်းရှင်းပြောနေပေမယ့် စကားက တိကျပြတ်သားသည်။ သူ့စကားကြားတဲ့ အနီးနားက အစေခံတွေ၏ မျက်နှာက ဖြူဖျော့လျက်၊ တ်ုင်းပြည်က ရေကြီးရေလျှံမှုကြောင့် စားသောက်ကုန်တွေက နေ့စဉ်နဲ့အမျှ ဈေးနှုန်းမြင့်တက်နေသည်။ သူတို့သာ အလုပ်ပြုတ်သွားရင် မကြာခင်မှာပဲ ဒုက္ခသည်တွေလို ဖြစ်သွားမှာ ကျိန်းသေ၏။

"သခင်လေး ချမ်းသာပေးပါ !"

အစေခံတွေအားလုံး မဆိုင်းမတွ ဒူးထောက်လိုက်ကြသည်။ သခင်မများ၏ကိုယ်ပိုင် အစေခံတွေသာ မပါဝင်ကြပေ။

"မင်းတို့သခင်လေးက အပြစ်ပေးမယ် ဆိုမှတော့ ဒီမှာပဲ ဆက်ပြီး ဒူးထောက်နေကြ"

အစေခံများ၏ အမုန်းကို ရှန့်လျန့်ဆီ တိုက်ရိုက်လွှဲချလိုက်ပြီး ချွေးမ တစ်သိုက်နဲ့ ဘုရားကျောင်းသို့ ဆက်လျှောက်သွားသည်။

"ပထမဆုံးအပြစ်ကျူးလွန်တာကိုထောက်ပြီး ခွင့်လွှတ်ပေးလိုက်မယ်၊ မင်းတို့လည်း အမိန့်ကြောင့်လုပ်ရတာပဲ၊ ထကြတော့"

ရှန်လျန့်စကားက ထူးဆန်း၏။ အစေခံတွေကလည်း စတင်ကာဒေါသထွက်လာကြသည်။ ဒုက္ခသည်တွေကို မောင်းထုတ်ခိုင်းတာက သခင်မကြီးဖြစ်သည်။ ပြဿနာတက်တော့ ခေါင်းရှောင်သွားပြီး သူတ့်ုအတွက် တစ်ခွန်းမှ မဟပေးခဲ့ပဲ ပဉ္စမသခင်လေးကိုလည်း တွန်းချထားခဲ့သည်။ ရှင်းရှင်းလင်းလင်းပင် သူတို့လိုအစေခံတွေအား လိုသုံးလုပ်သွားခြင်း။

"လေ့ကျန်း သွားကြရအောင်"

ရှန်လျန်က အစေခံတွေရဲ့ မျက်နှာ အမူအရာတုံ့ပြန်မှုကိုကြည့်ပြီးမှ သခင်မကြီးနောက် လ်ုက်သွားသည်။ကျောင်း ဝင်ပေါက်သို့ရောက်သောအခါ ရှေ့ဆုံးမှ သခင်မကြီးက ရုတ်တရက် ရပ်တန့်လ်ုက်သည်။

"မြေးသုံးနဲ့ မြေးငါး ရှေ့ကိုလာခဲ့"

"ဖွားဖွား"

မြေးနံပါတ်သုံးက ဒုတိယမိသားစုမှ မယားငယ်၏ သားကြီးဖြစ်၏။ နာမည်က ရှန်ဟွေးဖြစ်ပြီး ရှန်ယန်ထက် နှစ်လသာကြီးသော်လည်း အလိုလိုက်မခံရပဲ ဆိုးရွားစွာ မေ့ပစ်ခံထားရသူဖြစ်သည်။

ကျောက်လန်က မယားငယ်သားအမိ၏တည်ရှိမှုက်ု လုံးဝ သည်းမခံနိုင်ပဲ မျက်နှာသာမပေးခဲ့၊ ကလေးမွေး‌ပြီးပြီးချင်း သားအမိနှစ်ယောက်လုံးကို ခပ်ဝေးဝေးခြံဝိုင်းသို့ ပို့ထားလိုက်သည်။ ရှန်ရွေ့ချင်ကလည်း နဂိုကြင်နာတတ်သူမဟုတ်ရာ ကလေးအမေ ဖြစ်သူကို အာရုံမရှိတော့ပဲ တဖြည်းဖြည်း မေ့ပျောက်သွားတော့သည်။ ရှန်ဟွေးရဲ့ နံပါတ်သုံးတည်ရှိမှုကြောင့်သာ မဟုတ်ပါက အမေ့လျော့ခံဖြစ်သွားတော့မည်။

"တာ့ချင်က အခက်အခဲနဲ့ ရင်ဆိုင်နေရတာ၊ တုံးလင်အ်မ်ရဲ့ သား ယောင်္ကျားလေးအနေနဲ့ ကောင်းမွန်တဲ့ အပြုအမူကိုပြသရမယ့်အချိန်ပဲ၊ ဘုရားကျောင်းကို သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ်ဂါရဝပြုလိုက်"

သခင်မကြီးက သူတို့ကို ဦးစားပေးခေါ်ပြီး အကြံစည်ကြီးစွာ ပြုံးနေသည်။လှေကားထစ်တွေကိုကြည့်ပြီး ရှန်လျန်နဲ့ ရှန်ဟွေးမှာ ကူကယ်ရာမဲ့သွားသည်။ ဒူးကြိမ်ဒူးထောက် ကိုးကြိမ်ဂါရဝပြုလို့ပြောတာက သူတို့ခြေထောက်ကို ကျိုးစေချင်နေတာမလား?

ဒုတိယနဲ့ တတိယမိသားစုကိုမပျော် ရွှင်အောင် လုပ်ရဲသည်မဟုတ်လား၊ ရှန်လျန်က ဂုဏ်သတင်းကို ထပ်ခိုးသွားပြီး သူတို့ကို ဖိနှိပ်ထားသည်မှာ ကြာလှပြီဆိုသော်လည်း လူကြီးနဲ့ လူငယ်ရဲ့ ဉာဏ်ပညာက ယှဉ်၍ မရနိုင်ပါ၊ ယောင်္ကျားသားတွေ ဦးဆောင်သင့်သည့် နေရာ၌ ရှန်လျန် ငြင်းဆန်ရဲဦးမလား? ငြင်းလျှင် လူကြီးကို မရိုသေရာကျပြီး ထိုသတင်းက ဧကရာဇ်ရောက်သွားပါက ချောက်နက်ထဲ ဆွဲချခံရလိမ့်မည်။

"ဟုတ်ကဲ့"

မျက်နှာသာ မပေးခံရသောသားအနေနှင့် ရှန်ဟွေးက အံကြိတ်ကာ နာနာခံခံ ဒူးထောက်ချသည်။

"ပဉ္စမ သခင်လေး"

ရှန်လျန် တစ်ကယ် ဒူးထောက်လိုက်မှာကို လေ့ကျန်းစိုးရိမ်သွားသည်။

ဘယ်သူမှ မပြောရသေးခင် သခင်မကြီးက စိတ်ဆိုးသွားပြီး..

"ဘာလဲ၊ရှောင်ဝူက ဂါရဝမပြုချင်ဘူးလား? တာ့ချင်တိုင်းပြည်အတွက်၊ ငါတို့ အိမ်တော်အတွက် ဆုတောင်းပေးဖို့ ဆန္ဒမရှိဘူးလား"

အိမ်မှာဆိုရင်တော့ သူတို့က ရှန်လျန့်လက်ခုပ်ထဲက ရေဖြစ်ပြီး မျက်နှာဖြတ်ရိုက်ခံရသည်။အိမ် ပြင်ပမှာရော မျက်နှာပြောင်ရဲလား? နာမည်ပျက်ခံရဲလား?ကောင်စုတ်လေး သူ့ကိုလာဆန့်ကျင်ရဲတယ် ဟုတ်လား! အရှင်မထားဘူး ကြည့်နေ!

2523 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment