no

Font
Theme

'မြို့စားမင်း မပျော်တော့ဘူး'

"ဖိတ်လာမှတော့ အားလုံးသွားကြတာပေါ့"

ရှန်လျန့် နာမည်တပ်ပြီး ခေါ်တာလေ?

ဖေးယွမ်ရွှင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လက်ဝေ့ယမ်းပြီး ပြောလိုက်ရာ ကုန်းကုန်းက တားရန်ရှေ့တက်လာသည်။

သို့သော် ကြောက်စရာကောင်းသည့်မျက်ဝန်းတစ်စုံမှ စူးစူးရဲရဲ အကြည့်ဖြင့် ဖိနှိပ်ခံလိုက်ရသည်မှာ တစ်ခွန်းမှပြန်မပြောရဲအောင်ပင်...

"မင်းသမီးကြီးရဲ့ အထူးသီးသန့်အပျော်စီးလှေကို ဦးရီးတော်ကျန်းပဲစီးခွင့်ရတာ ၊ငါတို့တစ်ကယ် ကံကောင်းတာပဲ"

ကျင်းရှီယန်ကလည်း အတူပူးပေါင်းပေး၏။

ရှန်ချင်ရဲ့အပြုံးက အနည်းငယ် ဖျော့သွားပြီး

"အဲ့တာဆိုလဲ သွားကြစို့၊ ဦးရီးတော် အကြာကြီးစောင့်နေရအောင် မလုပ်နဲ့"

မင်းသားကျန်းရဲ့ဂုဏ်သိက္ခာအတွက် အနည်းငယ်စိုးရိမ်မိသော်လည်း သုံးဦးသားမှာ ဖိတ်ခေါ်မှုကို လူဦးရေ တိုးလိုက်ပြီး လှေကိုဖောက်ခွဲပစ်ဖို့ တက်ကြွနေကြသည်။ မည်သူမှသတိမထားမိသည့်အချိန်တွင် ရှန်ရှောင် မျက်မှောင်ကြုံ့လိုက်သည်။

မင်းသားကျန်းက သူ့မိဘတွေ ရှန်လျန်အတွက်ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ဖြစ်မှန်းအခြားသူတွေမသိပေ။ ခု ဒီလူသုံးယောက် ဝင်ပါလိုက်ရင် အစီအစဉ်ပျက်ပြီပေါ့!

ဖေးယွမ်ရွှင်း ၊ကျင်းရှီယန်နဲ့ ရှန်ချင် တို့ရဲ့ ဗြောင်းဆန်အောင် မွှေနှောက်ချင်နေသည့် စိတ်တက်ကြွမှုတွေကို မြင်နေရသည်။ ခုချိန် မှာ မင်းသားကျင်းရဲ့ ဖိတ်ခေါ်မှုက ရှန်လျန့်ကိုပဲ မဟုတ်လား လို့ စောဒက သွားတက်ရင်လည်း အားလုံးရဲ့ပစ်မှတ်ဖြစ်သွားနိုင်သည်။

ရှန်ရှောင် မသိလိုက်တာ တစ်ခုက သူ့ရဲ့ စူးစမ်းဖော်ထုတ်နေတဲ့အကြည့်တွေကို ရှန်လျန်ရော ဖေးယွမ်ရွှင်းပါ သတိထားမိသွားတယ်ဆိုတာပဲ...

"အငယ်လေး တစ်ခုခု စဉ်းစားထားတာရှိလား"

အပျော်စီးလှေက မြစ်နဲ့မလှမ်းမကမ်းမှာ ကျောက်ချထားသည် ။ ဖေးယွမ်ရွှင်းက လမ်းလျှောက်နေရင်း ပြောလိုက်ရာ သူ့အသံက

ရှန်လျန်ရဲ့နားထဲကို ညင်ညင်သာသာ ပျံ့လွင့်လာ၏။

"စစ်သားတွေ လာရင် ပြန်တိုက်မယ်၊ ရေကြီးရင် တာတမံဆောက်မယ်"

(TN. မီးစင်ကြည့်က၊ လာမည့်ဘေး ပြေးတွေ့)

အပျော်စီးလှေက တဖြည်းဖြည်းနီးကပ်လာတာကို လှမ်းကြည့်လိုက်ရင်း စိတ်မပါလက်မပါ အမူအရာနှင့် ဖေးယွမ်ရွှင်းကို အေးတိအေးစက်တုံ့ပြန်လိုက်သည်။

ရုတ်တရက် ဖေးယွမ်ရွှင်းက သူ့ဘက်လှည့်လာကာ

"ကျုပ် ရှောင်ပိုင် ကိုဘာလို့ခေါ်လာလဲ သိလား"

"မသိဘူး"

ပဟေဠိဝှက်တန်းဆော့ရန် စိတ်မဝင်စားသည့်ရှန်လျန်က တိုတုတ်တုတ်ဖြေသည်။

ဖေးယွမ်ရွှင်းက မအံ့ဩပါချေ။

"ဘာလို့ဆို ကျုပ် သတင်းတစ်ခုရထားလို့၊ လက်မထပ်ရသေးတဲ့ မင်းသားတွေအကုန် မင်းကို သဘောကျနေကြတယ်တဲ့၊ ကျုပ်က သူတို့နဲ့ ခံစားချက်ချင်း မျှဝေဖို့ လုံးဝ သဘောမကျဘူး"

အမှန်အတိုင်းပြောတာဖြစ်သည်။ ဘာကြောင့်လဲဟု သူ့ကိုလာမမေးပါနှင့်၊ ဒီတိုင်း သဘောမကျတာဖြစ်သည်။

ရှန်လျန် ထိုစကားကြားသောအခါ ကူကယ်ရာမဲ့စွာ တစ်ဖက်သို့ လှည့်လိုက်သည်။

"သဝန်တိုတာလား"

မဖြစ်နိုင်ဘူး၊လိမ်နေတာပဲဖြစ်မယ်၊ ဖေးယွမ်ရွှင်းက သူမြင်ဖူးသမျှ တော်ဝင်မျိုးနွယ်ထဲ မှာ မာယာအများဆုံးပဲ။

"သဝန်တိုတယ် ဆိုတာ ဘာလဲ?"

ဖေးယွမ်ရွှင်း မျက်ခုံးပင့်ပြီး ယုံကြည်ချက်ရှိရှိ မေးခွန်းပြန်ထုတ်သည်။

"သဝန်တိုတယ် ဆိုရင်တောင် မင်းဖြစ်သင့်တာ မဟုတ်ဘူးလား? ကျုပ် ဘယ်လောက် ကျော်ကြားလဲ မင်းမြင်ရဲ့နဲ့"

".........."

ဘယ်သူက သူ့ကိုကြိုက်နေလို့လဲ! ဘာကိစ္စ သဝန်တိုရမှာလဲ?

ရှန်လျန်စကားပြောချင်စိတ်ကုန်ပြီး တစ်ဖက်လှည့်ကာ ထိုယောင်္ကျားကိုလစ်လျူရှုလိုက်တော့၏။ သို့သော် ဖေးယွမ်ရွှင်းက သူ့ကို လွယ်လင့်တကူ လွှတ်မပေးချေ။

"လျန်လျန်၊ သူတို့ကြံနေတာတွေ တစ်ကြိမ်ထဲနဲ့ ရပ်သွားအောင် ကူညီပေးရမလား"

"ဘယ်လိုလုပ်ပြီးတော့လဲ"

ဖြစ်နိုင်ရင် ရှန်လျန် အတူပူးပေါင်းချင်ပါသည်။ ထိုလက်မထပ်ရသေးတဲ့ မင်းသားထဲ ချင်ယွင်

ရှန်းလည်းပါတယ်လေ၊ သူ့အကြောင်းတွေးလိုက်တိုင်း အော့အန်ချင်စိတ်ဖြစ်မိသည်၊ အရင်ဘဝက ကန်းနေလို့သာ သူ့ဘေးကလူတွေကိုမမြင်ခဲ့တာ.. နောက်ဆုံးပစ်ပယ်ခံရပြီး အရှက်ကွဲခဲ့ရတော့ သူ့အဆင့်အတန်းသူ မေ့လျော့ပြီး ယုံကြည်မှုတွေပျောက်ဆုံးကာ အားနည်းသွားခဲ့ရသည်။

အိမ်ထောင်‌ရေး မှာ မရိုးသားရင် တစ်ဖက်က

ဘုရင့်သားတော် ဖြစ်နေလည်း ကံကောင်းနေမယ်လို့မဆိုလို။

"ကိုယ်နဲ့ လက်ထပ်ပါ!"

"......."

ဖေးယွမ်ရွှင်း ပွင့်ပွင့်လင်းလင်းထုတ်ပြောလာသည်ကိုကြားသော် ရှန်လျန် ပြောစရာစကားမဲ့နေရုံသာ တတ်နိုင်သည်။ ဒီရက်တွေအတွင်း လက်ထပ်ဖို့ပြောခံရသည်က အများဆုံးပင်၊ ကြားရလွန်းလို့ သူ့နားထဲ ပဲ့တင်ထပ်နေပါပြီ...

လက်ထပ်လိုက်! လက်ထပ်လိုက်! လက်ထပ်လိုက်! တစ်ရက်ကို သုံးလေး ငါးခွန်းမှ မပြောရရင် မလုံလောက်ဘူးထင်နေသလားပဲ...

လက်ထပ်ဖို့ကလွဲပြီး ပြောစရာစကားမရှိတော့ဘူးလား? သူသဘောမတူတော့မှာ မစိုးရိမ်ကြဘူးလား?

"လာနောက်မနေနဲ့"

"ကိုယ် တစ်ကယ်အတည်ပြောတာ"

ဖြည်းဖြည်းချင်း လမ်း‌ဆက်လျှောက်ပြီး လေသံနိမ့်၍ပြောလာသည်။

"ဒီ‌အကြောင်းကို ဒီနေရာမှာ ပြောရတာ အဆင်သိပ်မပြေပေမယ့် စနောက်တာမဟုတ်ဘူး၊ တစ်ကယ် အတည်ပြောနေတာပါ၊ မင်းတစ်ခြားသူတွေနဲ့ အတူရှိနေတာကိုယ် မပျော်ဘူး၊ ဘာကြောင့်လဲ မမေးပါနဲ့၊ ကိုယ်မင်းကို သဘောကျနေလို့ ဖြစ်မှာပေါ့၊ ဒီအကြောင်းတွေကိုမတွေးမိစေဖို့အကောင်းဆုံးနည်းက မင်းနဲ့ လက်ထပ်ဖို့ပဲ၊ မင်းကိုမကာကွယ်ပေးနိုင်တဲ့ တစ်ခြားသူကို လက်ထပ်တာထက် ကိုယ်နဲ့လက်ထပ်တာက ပိုမကောင်းဘူးလား? တစ်ချို့ကိစ္စတွေကို ကတိမပေးနိုင်ပေမယ့် မင်းသာ ကိုယ့်ကို လက်ထပ်ရင် တစ်ဘဝလုံး မင်းတစ်ယောက်ထဲကိုပဲ ဇနီး အဖြစ် ထား‌မယ်လို့ကတိပေးနိုင်တယ်၊ ဒီစကားတွေကို အလေးအနက်ထားပြီး သေချာပြန်စဥ်းစားပေး ကြည့်ပေါ့"

ရှန်လျန့်အတွေးတွေ နှောင့်နှေးသွားစဉ် ဖေးယွမ်ရွှင်း က ခပ်သွက်သွက် ဆက်လျှောက်သွားသည်။

ထွက်သွားသူရဲ့ နောက်ကျော ကိုငေးကြည့်ရင်း

ရှန်လျန် စိတ်ရှုပ်ထွေးနေမိ၏။ ထိုသူ အလေးအနက် ပြောသွားတဲ့စကားတွေက ယုံကြည်လို့ရမှန်း ရှန်လျန် ခံစားမိသည်။

တစ်ဘဝလုံး သူတစ်ယောက်ထဲ ....

အမှန်အတိုင်းပြောရရင် ဒီကတိစကားက တစ်ကယ် ဆွဲဆောင်မှုရှိသည်။ မြို့တော်တစ်ခုလုံးမှာ တစ်လင်တစ်မယား ရိုးရာ ကျင့်သုံးတဲ့ ဝေမိသားစုကလွဲရင် ယောင်္ကျားတိုင်းက ချမ်းသာကြွယ်ဝတဲ့ နောက်ခံရဖို့ အနည်းဆုံး ဇနီး သုံး၊လေးဦး ယူကြသည်။

သူ့ဖခင်ပင် ဖေဖေ့အပြင် လျိုရှုဟန်နှင့်အခြား မယား ငယ် များ ထပ်ရှိသေးသည်လေ။

"ရှန်လျန်? လျန်လျန်?"

"ဟင်?"

တစ်ယောက်ယောက်မှ ခေါ်နေသံကြောင့်

ရှန်လျန်သတိဝင်လာကာ ဘေးဘက်လှည့်ကြည့်လိုက်သည်။

ရှန်ကျိုးက စိုးရိမ်စွာ မေးမြန်းနေပြီး ဘယ်အချိန်ကတည်းက သူ့ဘေးရောက်နေမှန်း ရှန်လျန် မသိချေ။

"ဘာဖြစ်လို့လဲ? ငါအကြာကြီးပဲခေါ်နေတာ"

"ဘာမှမဖြစ်ပါဘူး ၊တွေး‌စရာ ကိစ္စလေးနည်းနည်း‌ရှိနေလို့၊ မင်းတစ်ခုခု လိုလို့လား?"

ရှန်လျန့်ရင်ထဲ က ရှုပ်ထွေးမှုတွေ တင်ကျန်နေသေးပေမယ့် ရှန်ကျိုးကို တော့ပြုံးပြလိုက်သည်။

"လျန်လျန် ... ငါ မင်းကိုလျန်လျန်လို့ ခေါ်လို့ရလား?"

ခေါ်ပြီးနေပြီကိုများ....

ရှန်လျန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်၏။

"အန်း..ရတယ်"

"ဟီးဟီး"

သွား၃၂ချောင်းပေါ်အောင် ဖြီးနေသည်ကို ရှန်ချင်မြင်သော် အလိုလိုက်ချင်စိတ် ထွက်ပေါ်လာသည်ကို ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။

"ဘာလို့ အရူးလိုပြုံးဖြီးနေတာလဲ ?လှေပေါ်တက်တော့လေ"

"အိုး!"

သူ့အစ်ကိုပြောမှ ပဲ လှေနားရောက်နေပြီမှန်းရှန်ကျိုး သတိထားမိသွားသည်။

"သွားကြစို့"

ရှန်လျန်က လှေကားဆီအရင်လှမ်းသည်။ ရှန်ကျိုးက အလျင်အမြန် သူ့လက်ကို ကိုင်ထိန်းပေးထားသည်။

ထို့နောက် လေသံ တိုးတိုးနှင့်

"လျန်လျန် ငါတိုင်ပင်ထားတဲ့ကိစ္စလေ ဘယ်လိုသဘောရလဲ"

"ကျင်းသခင်လေးလား?"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"

ရှန်ကျိုးခပ်သွက်သွက်ခေါင်းငြိမ့်၏။ မျက်စိရှေ့မှာ ရှိနေတဲ့ ကျင်းသခင်လေးကို ရှန်လျန် တစ်ချက် ကြည့်လိုက်ပြီး နောက် သူ့အတွေးတွေကို ဘယ်လိုထုတ်ပြောရင်ကောင်းမလဲဟု တုံ့ဆိုင်းနေမိသည်။ ရှန်ကျိုးနဲ့က အရမ်းလည်းမရင်းနှီးသေးတော့ ကိစ္စတွေ အများကြီး ကို ပေါ့ပေါ့လေး ထုတ်ပြောပြရန် အဆင်မပြေချေ။

"အရှင်မင်းသား..."

တွေးရင်းတွေးရင်း လှေပေါ် သို့ ခြေချပြီးလေပြီ။ တစ်ချို့က ‌ဒူးတစ်ဖက်ထောက်ကာ မင်းသားကျန်းအား ဂါရဝပြုနေကြ၏။

အနောက်ဘက်ရှိ လူအုပ်ထဲရောနေသော ရှန်လျန်က ခေါင်းငုံ့ဂါရဝပြုကာ စိတ်ထဲက အတွေးတွေကို ဖယ်ထုတ်လိုက်သည်၊ လှေကုန်းပတ် အလယ်ဗဟိုတွင် မင်းသားကျန်းအတွက် အထူးချုပ်လုပ်ထားသော ဝတ်ရုံကို ဆင်မြန်းထားသည့် အသက် သုံးဆယ်၊ လေးဆယ် ဝန်းကျင်ခန့်ရှိ ‌သက်လတ်ပိုင်းအမျိုးသားတစ်ဦးရှိနေသည်။ ထိုသူသည် ယခုတိုင် သက်ရှိထင်ရှားကျန် ရစ်သော ဧကရာဇ်၏ ညီတော်ဖြစ်သည်။

ယခင်ဧကရာဇ်ဟောင်းတွင် သားတော် ဆယ်ပါးရှိပြီး လက်ရှိဧကရာဇ်က သုံးယောက်မြောက်မွေးဖွားသည်။ သူ၏မိခင်မှာ ဧကရာဇ်ဟောင်းထံ၌ ငယ်စဉ်ကတည်းက ခစားခဲ့သော မိဖုရားတစ်ပါးဖြစ်သည်။ အိမ်ရှေ့စံအား ပုန်ကန်မှုဖြင့် စွပ်စွဲကာ အရိုက်အရာဖြုတ်ချကာ နေရာလုနိုင်ခဲ့သည်။ မင်းသားကျန်းက တစ်ဝမ်းတည်းမွေးသည့် ညီအစ်ကိုချင်းဖြစ်သည်ကြောင့် လက်ရှိ ဧကရာဇ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိလေသည်။

ထို့အပြင် အခြားညီနောင်များက ရက်စက်စွာ သတ်ခံလိုက်ရသော်လည်း မင်းသားကျန်းတစ်ဦးတည်းသာ ရှင်ကျန်ရစ်သူဖြစ်သည်။ ဒီနှစ်တွေ မှာ ကျန်းမင်းသားက အပျော်အပါးလိုက်စားကာ စားကောင်းသောက်ဖွယ် များနှင့်သာအချိန်ကုန်နေတတ်သည်ကြောင့် ဧကရာဇ်က သူ၏ရာဇပလ္လင် မှာ လုံခြုံနေပြီး ညီတော်က လုယူမည်မဟုတ်ဟု ခံစားရသောကြောင့် လွတ်ငြိမ်းခွင့်ရသွားခြင်းဖြစ်သည်။

အပြင်ပန်းမှာ မင်းသားရဲ့ ဂုဏ်က အဆင့်အတန်းမြင့်ပေမယ့် အကျင့်ဆိုးကြောင့် မိသားစုတိုင်းက သူနဲ့ သိပ်အဆက်အဆံ မလုပ်ချင်ကြပေ။ သူ့မျက်လုံးထဲ စိတ်ဝင်စားမိပြီဆိုသည်နှင့် မှူးကြီးမတ်ရာတိူ့၏ သားဖြစ်စေ၊ သမီးဖြစ်စေ သူ့ရဲ့ မောင်းမဆောင်သို့သွင်း နိုင်ရန်နည်းမျိုးစုံနှင့်

ကြိုးပမ်းသည်။ လိုက်ရခက်သော တစ်စုံတစ်ယောက်ရှိလာပါက လူသိရှင်ကြားလက်ထပ်ခွင့်တောင်းတော့သည်။

နောက်ခံအာဏာ သေးငယ်သော မိသားစုမှဖြစ်လျှင် တစ်ဖက်လူကို သူ့အိမ်တော်ထဲ တိုက်ရိုက်ခေါ်သွားကာ အားရကျေနပ်အောင် ဆော့ကစားပြီးသည်နှင့် မိသားစုဆီအလောင်းသာ ပြန်ပို့လိုက်သည်။

ဤအမူအကျင့်များက ရက်စက်ယုတ်မာပြီး စိတ္တဇဆန်သော သူ၏စရိုက်ပင်ဖြစ်တော့သည်။

ဆိုရလျှင်.. တစ်ခါက သာမာန်မိသားစုမှ ဆင်းသက်လာတဲ့ စာပေပညာရှင် တစ်ဉီးကို မင်းသားကျင်းက အနိုင်ကျင့်လေတယ်။ ထို ပညာရှင်လေးက မဟုတ်မခံသူမို့ သူ့ဂုဏ်သရေညှိုးနွမ်းမှာက်ိုတောင်ဂရုမစိုက်တော့ပဲ ဧကရာဇ်ဆီ တရားမျှတမှုရှာဖွေပေးရန် တိုင်ကြားစာ ရေးပို့လိုက်သည်။ ကိစ္စကကြီးသော်လည်း ဧကရာဇ်က ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့။ နောက်ဆုံးတော့ ထိုပညာရှင်မိသားစုတစ်ခုလုံး ရုတ်တရက်သေဆုံးသွားပြီး ထို မတရားသည့်ကိစ္စသည်လည်း လေထဲ ပျောက်ကွယ်သွားတော့သည်။

ထိုအဖြစ်အပျက်ကြောင့် မင်းသားရဲ့ သတင်းကလူထုကြား ပျံ့နှံ့သွားကာ မိသားစုတွေသည် သူတို့သားသမီးများအား မင်းသားကျင်းနဲ့ မပတ်သက်မိစေရန် အတန်တန် သတိပေးထားကြတော့သည်။ သို့သော် မင်းသားကျင်းက ဧကရာဇ်ရဲ့ညီတော် ဖြစ်နေရာ ယခုလို ဖိတ်ခေါ်လာပါက ရှောင်လွှဲငြင်းဆန်၍လည်းမရပေ။

ယနေ့လို ဖေးယွမ်ရွှင်းနဲ့ သခင်လေးနှစ်ယောက် ရဲ့ဆွဲခေါ်လာခြင်းကြောင့်မဟုတ်လျှင် ‌ဤအမျိုးသား၊ အမျိုးသမီးငယ်များသည် လှေကုန်းပတ်ပေါ်သို့ခြေချရဲကြမည်မဟုတ်။

"ယွမ်ရွှင်း...ဘယ်လိုလုပ်ရောက်လာတာလဲ၊ ထူးဆန်းလှချည်ရဲ့၊ အားလုံးရောက်လာကြတာပဲ"

ကျန်းမင်းသားက သူတို့အားလုံးကို ပြန်လည် မတ်တပ်ရပ်နိုင်ရန် လက်ဝေ့ယမ်းအသိအမှတ်ပြုလိုက်ပြီးနောက် ဖေးယွမ်ရွှင်း၊ ကျင်းရှီယန်နဲ့ ရှန်ချင်တို့ကို တပ်မက်စွာ ကြည့်လိုက်သည်။ ဒီသုံးဦးက သူ့ပစ်မှတ်ဖြစ်ရန် အရည်အချင်းကိုက်ညီသော်လည်း နှမျောစရာကောင်းစွာပင် နောက်ခံအင်အားတောင့်တင်းကြရာ မင်းသားကျင်းက မျက်စိအစာကျွေးရုံသာတတ်နိုင်သည်။

"ဒေါ်လေးရဲ့အလှူပွဲတော်ဆိုမှတော့ ပွဲလာမတက်ပဲဘယ်နေပါ့မလဲလေ "

ခပ်ဖိုင့်ဖိုင့်လူကိုအကြည့်တစ်ချက်ပင်မပေးပဲ နေရာရှာကာ ကျားဖြူကြီးနှင့်အတူ ထိုင်ချလိုက်သည်။ အမျိုးစပ်ရလျှင် မင်းသားကျန်းက သူ့ ဦးရီးတော်ဖြစ်သော်လည်း ဖေးယွမ်ရွှင်းက ထိုပုံပျက်ပန်းပျက် ဝနေသောသူကိုအနည်းငယ်မှ မျက်နှာသာမပေးပါချေ။

ထို့အတူ ကျင်းရှီယန်နဲ့ ရှန်ချင်ကလည်း မင်းသားကျန်းအားအဖြေပြန်မပေးကြပေ။ ဂါရဝပြုပြီးသည်နှင့်ဖေးယွမ်ရွှင်း၏ဘေးတွင် ဝင်ထိုင်လိုက်ကြသည်။

ကျန်သည့် လူတွေက မိသားစုနောက်ခံမတောင့်တင်းတာကြောင့် ထင်သလို မလှုပ်ရှားရဲပဲ ကြောက်ရွံ့နေကြသည်။ လူအုပ်ထဲ ရောနေတဲ့ ရှန်လျန်က သူ့အကြည့်တွေကို ထိန်းချုပ်လိုက်ပြီး လက်သီးတင်းတင်းဆုပ်ထားမှုကြောင့် လက်သည်းကနစ်ဝင်သွားကာ လခြမ်းပုံသဏ္ဌာန်လေးပင် ပေါ်သွားသည်။

"မင်းသား၁၊ မင်းသား၂နဲ့......."

မင်းသားကျန်းမှ လူအုပ်ဘက် အာရုံမစိုက်နိုင်ခင် တူတော် မင်းသားတွေရောက်လာတာကြောင့် ကုန်းကုန်းက ခပ်တိုးတိုး လျှောက်တင်လာသည်။ မင်းသား၁က အပျော်စီးလှေပေါ်သို့ ဦးဆောင်လျှောက်ဝင်လာပြီး ကျန်မင်းသား၈ပါးလုံး လိုက်ပါလာသည်။ ကုန်းပတ်တစ်လျှောက် လူအုပ်က ဘေးသို့လမ်းဖယ်ပေးလိုက်ကြ၏။ ယခုအခါ လှေ တစ်ခုလုံး လူပြည့်သွားလေပြီ။

ထိုစဉ် တစ်စုံတစ်ယောက်မှ ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်သည့်အားကို ရှန်လျန်ခံစားလိုက်ရပြီးနောက်

ဗွမ်း!

"ပဉ္စမသခင်လေး!"

"သခင်မလေး!"

"အား......! အား!"

ရှန်လျန် သည် အတွန်းခံလိုက်ရသည်ကိုခံစားမိချင်း တစ်ဖက်သူကိုပါ လှမ်းဆွဲလိုက်ခြင်းဖြစ်သည်။ မည်သူလုပ်သည်ကိုမမြင်ရလျှင်တောင် ရှင်းရှင်းလင်းလင်း သိပါ၏။ နှစ်ဦးသားရှေ့ဆင့်နောက်ဆင့် ရေထဲကျသွားလေသည်။

သေချာ မစောင့်ကြည့်ပေးထားနိုင်တဲ့ ချီယွဲ့က ရေထဲခုန်ဆင်းရန်ပြင်သော်လည်း ယောင်းကွမ်က သူ့ကိုတားသည်။ ခရမ်းရောင် ပုံရိပ်တစ်ခုက ရုတ်ချည်းပင် ရေထဲ ဒိုင်ဗင်ထိုးချကာ ရှန်လျန့်အား ဆယ်ယူလိုက်သည်။

"ကယ်...ကယ်ကြပါ"

ပြုတ်ကျသူချင်းတူပေမယ့် ကံကောင်းမှုခြင်း မတူပေ။ သူမ ရေလုံးဝ မကူးတတ်ပေ။ ခန္ဓာကိုယ်က မြှုပ်လိုက်ပေါ်လိုက်နှင့် ရေစနှစ်တော့သည်။ ‌အပျော်စီးလှေပေါ်မှ လူတိုင်းက မကယ်ပေးချင်သည်တော့မဟုတ်၊ ထိုမိန်းမပျိုက ကြွယ်ဝချမ်းသာသည့်အိမ်ကသမီးဖြစ်နိုင်ရာ ယောင်္ကျားတစ်ဦးမှ ဆယ်ယူသည့်အခါ ထိတွေ့ရလိမ့်မည်။ ထိုသို့ဆိုလျှင် အဆုံးထိ တာဝန်ယူကာ သူမကို လက်ထပ်ရလိမ့်မည်၊ ပြုတ်ကျသွားသူက မည်သူမှန်း သေချာ မမြင်ကြရပဲ ဘယ်သူက ဆင်းကယ်ရဲမည်နည်း?

"ချောင်အာ လား"

"ဘာ!ရေထဲ ကျသွားတာ ရှန်မိန်းကလေးလား"

"ဆင်းဆင်း! အမြန်! တစ်ယောက်ယောက် ဆင်းကယ်ပေးကြ....."

ဗွမ်း!ဗွမ်း!

ရေနှစ်နေသူက သူ့ညီမအရင်းဖြစ်နေတာကို ရှန်ယန် သိသွားတော့ မစိုးရိမ်ပဲမနေနိုင်တော့ချေ၊ တစ်ယောက်ယောက်ဆင်းကယ်ပေး ဖို့ အော်ဟစ်လောဆော်သောအခါ ရှန်ချောင်အား ရည်ရွယ်ထားသူ ယောင်္ကျားသားများ တစ်ယောက်ပြီး တစ်ယောက် ရေထဲ ခုန်ချကာ အလုအယက် ဆင်းဆယ်ကြသည်။

တစ်ကယ်တမ်း ရှန်ချောင်က လှပရုံတင်မက အရည်အချင်းမှာလည်း ရှန်‌ချန်ထက် မသာလျှင်တောင် ယှဉ်၍ရသည့်သူဖြစ်သည်။ ထို့အပြင် တုံးလင်အိမ်တော်က သခင်မလေးဖြစ်သည်ကြောင့် မြို့တော်က ယောင်္ကျားပျိုများ အပြိုင်အဆိုင် လက်ထပ်ချင်သည့်မိန်းမပျို ဖြစ်သည်။

"တစ်ယောက်မှ ငါ့ညီမ ကိုမထိနဲ့"

သူစိမ်းကို ကယ်ဆယ်ခိုင်းတာ ဘယ်လောက် အန္တရာယ်များမှန်း သတိထားမိသွားတာကြောင့် ရှန်ယန်လည်း ရေထဲ ခုန်ချလိုက်သည်။ ရှန်ချောင့်အနားသို့ လူနှစ်ဦး ရောက်သွားတော့မည်ကိုတွေ့လိုက်ရာ သူမကို မထိဖို့အော်ဟစ်ရင်း ရေကူးသည့် အရှိန်ကိုတင်လိုက်သည်။

ဘာပဲဖြစ်နေပါစေ သူအရင်ရောက်ပြီးကယ်ထုတ်ရမယ်..မဟုတ်ရင် သူ့ညီမလေးရဲ့ဘဝ ပျက်စီးသွားနိုင်တယ် ။

"ဝူး.... အဟွတ် ဟွတ်! ကယ်..ကြ...ပါ..."

ရှန်ယန်ရောက်လာတာနဲ့ ရေမကူးတတ်တဲ့ရှန်ချောင်ဟာ အသက်ရှင်ဖို့လမ်းစတွေ့သွားတာကြောင့် ဆွဲမိဆွဲရာ သူ့အစ်ကို၏လည်ပင်းကို တင်းတင်းဆွဲဖက်ထားသဖြင့် နှစ်ယောက်လုံး ရေနှစ်လုနီးပါးပင်။

ထိုစဉ် ကျင်းမင်းသားနှင့်အခြားမင်းညီမင်းသားများက မြစ်ထဲသို့ ကြိုး ပစ်ချပေးလာသည်။ ရှန်ယန် ရုန်းကန်လိုက်ကာ ကြိုးအား ဆုပ်ကိုင်ရင်း

ရှန်ချောင့်ကို ကမ်းဘက် ဆွဲခေါ်လာလိုက်သည်။

Words 2931

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment