'လယ်ယာမြေများ ပိုင်ဆိုင်လာ'
"မဟုတ်ဘူးလေကွာ.. နှစ်ရှည်စိုက်ပျိုးပင်တွေ ဘယ်စိုက်မလဲ၊ ရေတို ဟင်းသီးဟင်းရွက်ပဲစိုက်မှာပေါ့၊ မြန်မြန်ကြီး မြန်မြန်ရောင်း ငွေမြန်မြန်ရမယ့်ဟာမျိုး ..ဥပမာ အာလူးစိုက်တာ၊ တစ်ကယ်လို့ စိုက်ခင်းက ရေချောင်းနဲ့နီးရင်၊ ဒါမှမဟုတ် တောင် ခြေမှာဆိုရင် ကြက်၊ဘဲ၊ငါး မွေးမြူရေးပါလုပ်သင့်တယ်၊ မိုးက တစ်လကျော်ရွာသွားတာဆိုတော့ မိုးပြင်းထပ်မလာတော့ဘူး၊ အခုရာသီဥတုက မိုးဒဏ်နဲ့ အေးစိမ့်စိမ့်လေးဖြစ်နေတာ စိုက်ပျိုးလို့အကောင်းဆုံးအချိန်ပဲ... မအောင်မြင်မှာ စိတ်မပူနဲ့"
ရှန်လျန်က သူ့အကြံဉာဏ်ကို တစ်ပါတည်း ရှင်းပြသည်။အချိန်အတန်ကြာသည်အထိ တာ့ချင်ပြည်မှာ ဘာကပ်ဘေးမှ မကျဘူးဆိုတာ အနာဂါတ်မှာ ေနထိုင်ခဲ့သူ အနေနဲ့ ယုံကြည်ချက်ရှိရှိပြောနိုင်သည်။ သို့သော်လောကကြီးက အစိုးမရသဖြင့် တပ်အပ်တော့ မသေချာ၊ မည်သို့ပင်ဖြစ်စေ သူတို့က လတ်တလောမှာ နှစ်ရှည်သီးပင်တွေစိုက်မှာလည်း မဟုတ်၊ ဗိုက်မြန်မြန်ဖြည့်လို့ရမယ့် ဟင်းသီးဟင်းရွက်များကိုသာ စိုက်မည်ဖြစ်၏။
အချိန်တစ်ခုကြာလျှင် တခြားသူတွေက သူတို့လိုလိုက်လုပ်၍ ဟင်းရွက်ဈေးကျသွားခါမှ ဝယ်စားပြီး သူတို့က ဆန်၊ဂျုံ၊ပြောင်းစသဖြင့် ပြောင်းလဲစိုက်ပျိုးမည်။ အစကောင်းလျှင် အနှောင်းသေချာမှာမလွဲ။
"မင်းပြောသလိုဆို မဆိုးဘူး"
ဝေထန်က သူ့မေးသူပွတ်ကာ ရှဲ့ယန်နဲ့ ကျန်သူတို့ကို တိုင်ပင်သလိုကြည့်သည်။ သူတို့ထဲမှာ စိုက်ပျိုးရေးဗဟုသုတနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှမပါ။
"ကြိုးစားကြည့်သင့်လား"
ယန်ထျန်းယွီက အနည်းငယ်တွန့်ဆုတ်နေသေး၏၊ ထိုစဉ် ရှန်ကျိုးက ဆုံးဖြတ်ပေးလိုက်သည်။
"လျန်လျန် ပြောတဲ့အတိုင်းပဲ လုပ်လိုက်ရအောင်ပါ၊သူ့အကြံက အကောင်းဆုံးပဲ"
သို့နှင့် ရှန်လျန် ပြောတဲ့အတိုင်းလုပ်ရန် အတည်ဖြစ်သွားသည်။
"ဟမ်! ဘာလို့ ငါ့ကိုဝိုင်းကြည့်နေတာလဲ"
လူတိုင်းရဲ့ အကြည့်ကိုရလိုက်တဲ့ညရှဲ့ယန်က မျက်လုံးလှိမ့်လိုက်သည်။ အားလုံးက သဘောတူမှတော့ သူလည်းလုပ်မှာပေါ့၊လျန်လျန် ပြောတာမှန်သည်။ မတော်လို့ ရေဘေးထပ်ဖြစ်ရင်တောင် မျိုးစေ့၊ ဟင်းသီးဟင်းရွက်တွေပဲ ရှုံးမှာ၊ ယာမြေပိုင်ဆိုင်မှုက အမြဲရှိနေဦးမှာပဲ၊ မစွန့်စားကြည့်ပဲ ရှုံးမှာ ဘာလို့ကြောက်နေမလဲ?
"ငါးယောက်လုံး သဘောတူတယ်ဆိုမှတော့ ရှဲ့ယန်နဲ့ ဝေထန်က အလုပ်ပိုရှုပ်ပြီနော်၊ မြေနေရာရွေးတဲ့အချိန် မလောနဲ့၊ အားလုံးပတ်ကြည့်ပြီးမှ အသင့်တော်ဆုံးဖြစ်မယ့် စိုက်ခင်းကိုရွေးချယ်ရမယ်၊ နောက်တချက်သတိထားရမှာက လာလုဝယ်တဲ့သူတွေကြောင့် ဈေးမြင့်သွားနိုင်တယ်၊ လုဝယ်ချင်တဲ့သူတွေရှိမရှိဆိုတာ သတိထား ရမယ်"
ခုချိန် လူတိုင်းက ပေါချောင်ကောင်းလယ်ကွက်ရဖို့ စောင့်ကြည့်နေကြမယ့်သူတွေချည်းပဲ၊ ရုတ်တရက် ဈေးမြောက်သွားရင် လုဝယ်မယ့်အစား မြို့ထဲဈေးဆိုင်တွေ ဝယ်ရတာကို ပိုသဘောကျကြသည်။
"အင်း ငါတို့ သဘောပေါက်ပြီ၊ ဒါပေမယ့် မင်းငါတို့နဲ့ မလိုက်ဘူးလား"
အားလုံးသိချင်စိတ်နဲ့ ဝိုင်းကြည့်ကြသည်မို့ ရှန်လျန်က သူ့အကြပ်အတည်းကိုရှင်းပြသည်။
"ငါရယ်၊ ငါ့အဖေ၊ ငါ့အစ်ကိုတို့မိသားစု မနက်ဖြန် ဝေအိမ်ကို သွားတွေ့ရမှာ၊ အဖေကအသက်ရှင်နေပြီး ဝေမိသားစုကလည်း မြို့တော်ပြန်ရောက်နေပြီ ဆိုတော့ မိသားစု တွေ့ဆုံပွဲလုပ်ပေးမလို့"
မနက်ဖြန်အစီအစဉ်ရှိပြီးသားဖြစ်ရာ ယနေ့ ရှန်ကျိုး၏သတင်းပါးချက်သာ မရောက်လာရင် သူလည်း ကျိုးလီပုဆီ ရောက်ဖြစ်သေးမှာမဟုတ်၊နဂိုက ဝေမိသားစုနဲ့ ဆုံတွေ့ပြီးမှ ဒီဘက်လာဖို့လုပ်ထားတာဖြစ်၏။
"ဟုတ်သားပဲ ... အဖေ့ဘက်က ဆွေမျိုးတွေကိုသွား တွေ့သင့်တာပေါ့၊ မင်းအဖေ ရော ကျန်းမာရေးအ အခြေအနေ ဘယ်လိုရှိလဲ"
ရှန်လျန် အဆင်မပြေမှာစိုးလို့ မထုတ်မေးခဲ့ကြပေမယ့် စကားလမ်းကြောင်းက ဒီထိရောက်လာတော့လည်း ရှဲ့ယန် သတိနဲ့မေးလိုက်သည်။ လူတစ်ယောက်က အဆိပ်ခတ်ခံရပြီး စကားမပြောနိုင်ဖြစ်ကာ ခြေဆစ်လက်ဆစ်တွေလည်း ချိုးခံထားရသေး၏၊ အသက်ရှင်လျက် ဘဝသေသည့်အဖြစ်မျိုးက ကြားရသူအပေါင်းကို စိတ်မကောင်းဖြစ် စေသည်။ လျန်လျန်ရဲ့စိတ်က ဘယ်လောက်သန်မာတယ်ဆိုဦး သူလည်း အသွေးအသားနဲ့တည် ဆောက်ထားတဲ့ လူသားပေပဲ ။
"နေကောင်းနေပြီ၊ ဒီတလော ငါနဲ့မရီး သူ့ကိုအဖော်ပြုပေးတယ်၊ ယိုအာကလည်း ချစ်စရာ ကောင်းအောင်အရမ်းလုပ်တတ်တော့ အဖေ့စိတ်ဒဏ်ရာတွေကို နည်းနည်းတော့ ကုသပေးလိုက်နိုင်တာပေါ့"
လျန်လျန် သက်ပြင်းမောချသည်။ တော်သေး၍ သူ၏ဖခင် စိတ်ဓာတ်မကျသွားတာ။
"ဦးလေးက နောက်လဲ စကားမပြောနိုင်တော့ဘူးလားဟင်..."
ရှန်ကျိုး စိတ်မကောင်းလွန်းလို့ လျန်လျန့် ဘေးနား သူ့ခုံကိုရွှေ့လာသည်အထိ။ အချစ်ဆုံးသူငယ်ချင်းရဲ့ အဖေဆိုတော့ သူ့အဖေပဲပေါ့၊တစ်ခါမှ မတွေ့ဖူးပေမယ့် တုံးလင်အိမ်အကြောင်းကြားတဲ့အချိန်က အပြေးသွားချင်ခဲ့တာ၊ ဒါပေမယ့် အစ်ကိုက မသွားနဲ့ဦးလို့ တားခဲ့တယ်၊ ခုချိန်မှာ လျန်လျန်ကိုသွားမရှုပ် သေးနဲ့ဦးတဲ့၊ သူတစ်ကယ်စိတ်ပူရင် တိတ်တိတ် လေးစောင့်နေဖို့ ပြောလို့သာ ငြိမ်ငြိမ်လေးကျိုးလီပုမှာ နေနေတာ။
"ငိုတော့မယ့်ရုပ်ကြီး မလုပ်ပါနဲ့၊ အခု အခြေအနေ ကောင်းပါပြီ၊ ငါအဆိပ်ဖြေဆေးဖော်စပ်ပြီး တိုက်ထားတယ်၊ စကားပြန်ပြောနိုင်ပြီဆိုပေမယ့် အရင်လို အသံအိုးကကောင်းကောင်း အလုပ်မလုပ်တော့ဘူးပေါ့၊ ခြေဆစ်လက်ဆစ် ကျိုးနေတာတွေကလည်း ကုလို့ရပါတယ်၊ ကုသနည်းက ခက်တာတစ်ခုပဲ၊ ငါ့အဖေ ဒုက္ခပိုခံစားရမှာစိုးလို့ သေချာ လေ့လာနေတုန်း "
ရှန်လျန် နေရခက်စွာနဲ့ နဖူးကိုလက်ချောင်းလေးနဲ့ကုပ်လိုက်သည်။ ကုသရာမှာ အောင်မြင်နိုင်ခြေနိမ့်ရင်လည်း အနည်းဆုံးတော့ အသက်ရှင်နေတာတင် ကောင်းလှပြီ၊ အဖိုးပြောတာမှန်၏။ အသက်ရှင်နေသရွေ့မျှော်လင့်ချက်များ မသေဆုံးသင့်။
"မင်းရဲ့ ဆေးပညာကကျွမ်းကျင်တာပဲ ၊အဆင်ပြေသွားမှာပါ"
ရှန်ကျိုးက လျန်လျန့်လက်ကို ဆုပ်ကိုင်အားပေးလိုက်သည်။ ရှဲ့ယန်လည်း အားပေးစကား ပြောသည်။
"အသက်ရှင်နေတယ်ဆိုကတည်းက ကောင်းကင်ကမျက်နှာသာပေးတာပဲ၊ ဦးလေး မကြာခင် ပြန်ကောင်းလာမယ်လို့ ငါတို့ယုံကြည်တယ်"
"ဒီကကိစ္စကို ငါတို့နဲ့စိတ်ချချလွှဲထားလိုက်၊မင်းက ဦးလေးရဲ့ကျန်းမာရေးကို အနီးကပ်ဂရုစိုက်ပေးလိုက်၊ ဒီကိုရက်ခြားမှ တစ်ကြိမ်လာခဲ့လေ"
ရန်ထျန်းယွီနဲ့ ဝေထန်က တာဝန်တွေလွှဲယူဖို့လုပ်သည်။ သူငယ်ချင်းတွေဆိုမှတော့ တစ်ယောက်ဒုက္ခ တစ်ယောက်မျှဝေခံစားရမည်။ လျန်လျန်ဆွဲခေါ်လို့သာ သူငယ်ချင်းတွေပိုရင်းနှီးလာပြီး ခုလိုပရဟိတလုပ်ငန်းကြီးလုပ်ဆောင်နိုင်ခဲ့တာ၊ ယခင်ကဆို တနေ့တနေ့ ဧကရာဇ်က သူတို့ကိုဘယ်အိမ်က သားတွေနဲ့ စီစဉ်နေရာချပေးမလဲ တွေးပူနေရတာ၊ ခုဆို သူတို့ရဲ့ဂုဏ်သတင်းက ကောင်းမွန်နေပြီမို့ ကောင်းမွန်သည့်လူနှင့် ရွေးချယ်ထိမ်းမြားနိုင်လိမ့်မည်။ ကံကောင်းလျှင် ကိုယ်နှစ်သက်သူကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခွင့်ရမည်။ ဒီလိုဆို သူတို့ရဲ့အနာဂါတ်ဘဝက အေးအေးချမ်းချမ်းနေနိုင်ပြီမလား။
"မင်းပြောလို့ ငါမလာတာနော်"
"ဟေ့ကောင်!"
သူငယ်ချင်းတွေ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်ကြသည်။
"သခင်လေး"
ထို့နောက် ယာခင်း၊လယ်ကွင်းများနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးကြသည်။ ထိုအချိန်တွင် လေ့ကျန်း ရောက်လာသည်။ ရှန်လျန်က သူငယ်ချင်းတွေကို ခဏရပ်ရန် အချက်ပြလိုက်ပြီး လှည့်မေး၏။
"အခြေအနေ"
"သခင်လေး မှာထားတဲ့အတိုင်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မေးခဲ့ပါပြီ၊ ဘယ်ဘက်ကနေ ညဘက်အစဉ်အတိုင်းပြောရရင် ရှေ့သုံးဆိုင်က နှစ်သောင်းနဲ့ေရာင်းပါမယ်တဲ့၊ ဈေးထပ်မလျှော့ဘူးလို့ ဆိုပါတယ်၊သူတို့ဆိုင်အနောက်ဘက်မှာ ဂိုထောင်အကြီးတစ်ခုလည်း ပါတယ်၊ အဲ့တာပါပါရင် ခြောက်ထောင် ထပ်တိုးပေးရပါမယ်၊ ဈေးကညှိနှိုင်းလို့ရသေးတယ်၊ လေးဆိုင်မြောက်ကနေ ကျန်တဲ့ဆိုင်က သာမာန်အိမ်ခန်း.. ဈေးပုံမှန်ပဲ စုံစမ်းရသလောက် တခြားေရာင်းဈေးနဲ့မကွာဘူးဗျ"
"အိမ်ဈေးက ခေါင်ခိုက်နေတာပဲ"
ရှန်လျန် တွေးတွေးဆဆနှင့်ပြောသည်။ တစ်လ လောက် ပညာပေးမယ့်သူမရှိတာနဲ့ တချို့လူတွေက ဖြစ်သင့်တာထက် လုပ်ချင်တာပဲလုပ်နေကြပါလား...
"ဈေးတစ်ကယ်ကြီးတယ်၊ အရင်လို ရှစ်ထောင်ဈေးဆိုရင်နေရာလည်းအကျယ်ကြီးရတယ်၊ ငါတို့လည်းတတ်နိုင်တယ်"
ဝေထန်က ရေဘေးမဖြစ်ခင်နဲ့ ယခုကာလ ဈေးနှုန်းကို နှိုင်းယှဉ်ကာ ငြီးတွားသည်။ မြို့ထဲမှာတောင် ငါးထောင်ရှိရင် ဆိုင်ခန်းကောင်းကောင်းရပြီ၊ ယခုတော့ အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ကိုယ်ပိုင်ဆိုင်တွေမဖွင့်နိုင်ဖြစ်လာကြသည်။
"ဝေထန် လေ့ကျန်းကိုခေါ်ပြီး ဆိုင်လိုက်ကြည့်လိုက်ပါ၊ ရှေ့သုံးဆိုင်တော့ မယူဘူး၊အဲ့ဆိုင်တွေ သိပ်မကြာဘူး ၊ဝယ်ပါဝယ်ပါဆိုပြီး အတင်းလာေရာင်းရလိမ့်မယ် ကြည့်ထား! ပုံမှန်ဆိုင်တွေ နိုင်သလောက်များများဝယ်ထားလိုက်၊ ဈေးအရမ်းကြီးတဲ့ဟာပဲ ချန်ထားလိုက်ပါ၊ နောက်ကို မစာနာတတ်တဲ့သူတို့လို လူတွေနဲ့ပတ်သက်စရာ အကြောင်းမရှိဘူး"
"ဟင်... သောင်းဂဏန်းတောင် သုံးပစ်ရမှာလား"
ဝေထန် နှမျောနေသည်။ တစ်ကြိမ်ထဲနဲ့ ဆိုင်အများကြီးဝယ်ချပစ်တာက ဖြန်းတီးရာမရောက်ဘူးလား၊ယာမြေတွေလည်း ဝယ်ရဦးမှာကို.. နှစ်သိန်းလုံး ကုန်အောင်သုံးပစ်ဖို့ကြံနေတာလား?
"အတော်များတယ် နော်"
သူတို့က ငွေပြတ်လပ်မှုမရှိတဲ့မိသားစုကဆိုပေမယ့် ဒီလောက်များပြားတဲ့ ငွေပမာဏကို ခုမှလက်ဝယ်ကိုင်ဖူးတာ၊ အကုန်လုံးသုံးပစ်ရမယ်ဆို တော့ တွေးထားတဲ့ ကန့်သတ်ပမာဏကို ကျော်လွန်ကာ နှမျောမိကြသည်။
"များတာတော့များတာပေါ့...ခုမဝယ်ရင် နောက်ဆို မလောက်မှာတောင်စိုးရတယ်၊ ငါတို့သိမ်းကြုံးဝယ်ထားလိုက်ရင် နောက်လူတွေအတွက် ဟိုဆိုင်သုံးဆိုင်နဲ့ အနည်းအကျဉ်းပဲကျန်မှာ...ဝေထန်၊ ရှဲ့ယန်၊ ရှန်ကျိုး၊ရန်ထျန်းယွီ ... ငါတို့က အနာဂါတ်စီးပွားရေးအတွက် ကြိုပြင်ဆင်နေတာ၊ အိပ်သွားတဲ့ ငွေအတွက်ပြန်ရဖို့ နည်းလမ်းအများကြီးရှိတယ် မစိုးရိမ်နဲ့၊ တိုးပွားလာအောင်လုပ်လို့လည်းရတယ်.. ဆိုင်ကိုနည်းနည်းပြုပြင်ပြီး ဟိုဟိုဒီဒီပစ္စညး်နည်းနည်းထပ်ထည့်လိုက်ရင် ဈေးကောင်းနဲ့ ရောင်းလို့ရပြီ၊ ရှုံးစရာအကြောင်းမရှိဘူး"
ရှန်လျန်ရဲ့ အမူအရာက လေးနက်နေသည်။ ရေနစ်သူကိုဝါးကူ၍ထိုးတတ်သည့် ဆိုင်သူဌေးများအား ပညာ ပေးချင်သလို တဖက်ကလည်းအနာဂါတ်အတွက်ကြိုပြင်ဆင်ထားခြင်းဖြစ်သည်။
"ရိုးရိုးသားသား ပြောရရင် ငါလည်းဒီလူတွေကိုပညာပေးချင်နေတာကြာပြီ၊ စိတ်မပါသေးလို့သာ၊ ထျန်းမာန်ကျောင်းတက်တုန်းကထက် အခုဆို လူတွေ အကြောင်းပိုပိုသိလာတယ် ၊တချို့ပညာတွေက စာတွေ့ထက် လက်တွေ့လုပ်မှ အတွေ့အကြုံရတာ"
ရှဲ့ယန်က အားလုံးထဲ အထက်မြတ်ဆုံး၊ဉာဏ်အပြေးဆုံးသူဖြစ်သည်။ ဆယ့်ခြောက်နှစ်လုံးလုံး နေထိုင်ခဲ့ရာတွင် လတ်တလော ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ရတဲ့ဘဝက နေထိုင်ရတာ ပိုအဓိပ္ပာယ်ရှိမှန်း သိလာသည်။
"ဟုတ်တယ် ဒါက အနာဂါတ်မှာ ရုန်းကန်ရမယ့် တစ်ကယ့်ဘဝ အစပဲ... အရှုံးပေးချင်တဲ့သူရှိလား? ငါတော့လုံးဝပဲ!"
အမြဲစိတ်လက် ပေါ့ပါးပြီး ပျော်ပျော်နေတတ်တဲ့ ရှန်ကျိုးက ဒီတစ်ကြိမ်တွင် အတည်ပေါက်ကြီး လေးနက်နေခဲ့သည်။ လင်အန်းအိမ်တော်ရဲ့ သားဆိုရင် လူတိုင်းက သူ့အစ်ကိုကိုပဲ ပြေးမြင်ကြတာ၊ သူကအငယ်ဆုံးမို့ အမြဲလစ်လျူရှုခံရစမြဲ၊ အစ်ကိုကြီးကို လူတွေချီးကျူးကြတိုင်း ဘေးက နေ အားကျခဲ့ရသည်။အရေးကြီးဆုံးက တိတ်တိတ်လေးသဘာကျခဲ့ရသည့် ကျင်းရှီရန်နဲ့ ဆုံတွေ့တဲ့အခါ သူ့မှာ စကားေပြာဖို့ခေါင်းစဉ်တွေအများကြီးရှိလာသည်။ အရင်ကလို ယုံကြည်ချက်မရှိဖြစ်ကာ ရှက်ရွံ့မနေမိတော့ပါ၊ ရှန်လျန်နဲ့လက်တွဲလုပ်ခဲ့တဲ့တလျှောက်လုံးက ဘဝမှာ ဂုဏ်အယူရဆုံးအချိန်ဖြစ်ခဲ့ပြီး နောင်လဲလက်တွဲဖြုတ်ရန် စိတ်ကူးမရှိ။
"ဘယ်သူက အရှုံးပေးလို့လဲ? လာ ခုချက်ချင်းသွားဝယ်ပစ်မယ်"
ဝေထန်က ဟုတ်ခနဲ ထရပ်ကာ လေ့ကျန်းနဲ့ထွက်သွားသည်။ ထိုစဉ် ရန်ထျန်းယွီမှ ရုတ်တရက် မေးလာသည်။
"လျန်လျန်.. ကျောက်ဟုန်ကို မှတ်မိလား"
"ဟင်?"
ရှန်လျန်မျက်ခုံးပင့်မိသည်။ ကျင်းကျောက်ယင်ရဲ့သား ကျောက်ဟုန်နဲ့ အရင်က ရင်းနှီးဖူးပေမယ့် နောက်ပိုင်းသူက သတ္တမမြောက်မင်းသားနဲ့ထိမ်းမြားရတော့မည်ဟုဆိုကာ နှုတ်ဆက်ခွဲခွာသွားခဲ့သည်။
"သူ့အကြောင်းပြောပြီး ဘာလုပ်မလို့လဲ"
ရှဲ့ယန် မျက်ခုံးကြုံ့သည်။ ရှန်ကျိုးလည်း မပျော်ရွှင်ဟန်...
"သူ့အကြောင်းမကြားချင်ပါဘူး၊ ဘယ်နှလတောင်ရှိပြီလဲ သစ်စိမ်းချိုးချိုးသွားတာ၊ ငါဆိုသူနဲ့ ငယ်ငယ်ကတည်းက သူငယ်ချင်းလုပ်လာတာ၊ ဘယ့်နှယ် သူ့ကို မတောင်းရမ်းသေးတဲ့ လင်ကို အဲ့လောက်ဖြစ်နေရတယ်လို့၊ ဒူးနဲ့မျက်ရည်သုတ်ချင်နေတာ သုတ်ပလေ့စေ"
သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးက သူတို့ကိုသစ္စာဖောက်သွားတဲ့ခံစားချက်က သူ့အား မကျေမချမ်းဖြစ်စေသည်။
"ဘာတွေ မျက်ရည်သုတ်နေကြတာလဲ ငါ့လည်းရှင်းပြကြပါဦး"
ကြားရတဲ့အတိုင်းသာဆို တစ်ခုခုလွဲမှားနေမှန်း ခန့်မှန်းမိသည်။ ရှန်လျန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူတို့ငါး ယောက်က ဘယ်သွားသွားဘာလုပ်လုပ် အတူတူဆို တော့ ရန်ပွဲရှိရင်လည်း အားလုံးဝင်ပါမှ မှန်မယ် ။
2430words
Grape 🍇