ဝမ်ယွဲ့မြို့ ဂယက်
"ကျေး.... ကျေးဇူးပါ"
ပိန်သွယ်သွယ်လက်ကို ဆန့်ထုတ်ပေးလာပြီး ခြင်သံလေးနဲ့ တိုးတိုးပြောလာလေသည်။ နားရွက်ဖျားက နီလျက်ရှိသဖြင့် အတော်လေး ရှက်ရွံ့တတ်သောသူ ဖြစ်ပုံရ၏။
"ရပါတယ် ၊ ဒီလိုရပ်နေရင် သွေးကြောကိုသေချာ မတွက်ဆနိုင်လို့ လာ.. ထိုင်ပါ"
ရှန်လျန်ပြုံးပြလိုက်၏။ ခုလို ဆေးကုပေးဖို့လုပ်တာဟာ ရည်ရွယ်ချက်ကောင်းနှင့်တော့ မဟုတ်၊ သူ့လူကိုအသုံးချဖို့ ကြံစည်ထားမှတော့ သူ့သည်းညှာကိုအပိုင်ကိုင်ထားမှရမည်လေ...
တတ်သိနားလည်တဲ့ ခွေးတောင် သခင်ကိုအချိန်မရွေး သစ္စာ ဖောက်နိုင်သေးတာ.. အောင်မြင်မှုရချင်ရင် ခြိမ်းခြောက်နိုင်တဲ့အရာရှိမှရမည်။ ကျားအရေခွံက ဆေးရောင်ခြယ်လို့ရပေမယ့် ကျားဗီဇကိုတော့ ပြင်လို့မရနိုင်ပေ။ ဖြစ်လာနိုင်သည်ကို လိုလိုမယ်မယ် ကြိုပြင်ဆင်ထားသင့်သည်။
"ချင်အာ.. စကားနားထောင်လိုက်.. သမားတော် ကောင်းကောင်း ကြည့်ပေးလို့ရအောင် ထိုင်လိုက်နော်"
"အွန်း..."
ဟွေအန်းက ကောရဲ့ ပခုံးကို ကိုင်ပြီး ကလေးတစ်ယောက်လိုချော့မော့၏။ သူ့အပြုအမူက လေ့ကျန်းနဲ့ ဦးလေးဝမ်ကို ကြက်သီးထသွားစေသည်။ မည်သို့ပင်ဆိုစေ ချင်အာ အမည်ရသော ကောကိုတော့ အတော်လေး သက်ရောက်မှုရှိသည်။
နာနာခံခံနှင့် ထိုင်ချလိုက်သဖြင့် ရှန်လျန် လည်း သွေးကြောစမ်းနိုင်တော့၏။ ထို့နောက် ငွေအပ်ကိုယူကာ အဓိက သွေးလွှတ်ကြောနေရာသို့ ထိုးစိုက်လိုက်သည်။
"အာ့!"
"မင်းဘာလုပ်တာလဲ"
"ရိုင်းစိုင်းလိုက်တာ!"
ချင်အာက နာနာကျင်ကျင် အော်သဖြင့် ဟွေအန်းလည်း လန့်သွားသည်။ လေ့ကျန်းနဲ့ ကျန်တဲ့သူတွေ က ရှေ့တိုးပြီး ဟွေအန်းရဲ့ပခုံးတစ်ဖက်တစ်ချက်စီ ထိန်းကိုင်ကာ ရှန်လျန် ဆေးကုတာကို အနှောင့်အယှက် မပေးနိုင်ရန် ကာကွယ် ပေးလိုက်ကြသည်။
"ခင်ဗျားဘာလို့ အရမ်း ထိတ်ထိတ်ပျာပျာ ဖြစ်နေတာလဲ .. ကျွန်တော်က သူ့ရောဂါကို ကုပေးနေတာ"
ရှန်လျန် ခေါင်းမော့ပြီး ဟွေအန်းကိုကြည့်၏။ ထို့နောက် ငွေရောင်အပ်ဆီ အကြည့်ပို့ကာ
"မင်းရဲ့ရောဂါက ကိုယ်တွင်းအင်္ဂါကြောင့်ဖြစ်တာ.. ရောဂါကျွမ်းနေပြီ.. ကိုယ်ဝန်ကလည်း မင်းကိုထိခိုက်စေလိမ့်မယ်... ကလေးက ကံကောင်းပြီး မွေးလာရင်.. အဲ့ဒီနေ့ မင်းသေမယ်... မဟုတ်လည်း နှစ်ယောက်လုံးသေမယ်"
"......."
ထိုစကားကြားပြီး ချင်အာမှာ ဘာမှ ပြန်မပြောနိုင်ရှာပဲ ခေါင်းသာငုံ့လျက် မျက်ရည်တွေ တလိမ့်လိမ့် ပေါင်ပေါ် ကျ၏။ ရင်ကွဲသွားတဲ့ ဟွေအန်းက သူ့ကိုချုပ်ထားတဲ့ လေ့ကျန်းတို့ဆီက ရုန်းပြီး သူ့ကောကို ဖက်လိုက်သည်။
"အဆင်ပြေပါတယ် ချင်အာ.. မကြောက် နဲ့ မကြောက်ပါနဲ့"
"ဟွေအန်း.."
ရင်ခွင်ထဲက ချင်အာရဲ့ ငိုသံက ဟွေအန်းကို တိတ်ကျသွားစေသည်။ မြင်နေရတဲ့လူတိုင်းကလည်း စိတ်မချမ်းမြေ့ကြ။
ရှန်လျန်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး လေ့ကျန်းနဲ့ အခြားသူများက တိတ်တဆိတ် နောက်ဆုတ်သွားကာ မည်သူမှ ထိုစုံတွဲကို
မနှောင့်ယှက်ပေ။ ဤသည်က လူနှစ်ယောက်၏ သေကွဲကွဲ ခြင်းနှင့်သက်ဆိုင်နေသည်။
ဒုတ်!
အချိန်မည်မျှ ကြာသွားသည်မသိ၊ ဟွေအန်းရုတ်တရက် ဒူးထောက်ပြီး ရှန်လျန့်ကို စိတ်လှုပ်ရှားစွာကြည့်သည်။
"သမားတော် က ရောဂါရှာနိုင်မှတော့ သေချာပေါက် ကုပေးနိုင်မှာပဲ.. ကျုပ် မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်၊ ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးဖို့ တောင်းပန်ပါတယ်ဗျာ!"
နဖူးနဲ့ ကြမ်းပြင်ကို ကြိမ်ဖန်များစွာ ဦးတိုက်သည့်အသံက အခန်းထဲ တွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ငိုနေသည့် ချင်အာပင် အငိုတိတ်လျက် ငေးကြောင်ကာ ကြည့်၏။ သူထိုင်နေရာမှ လျှောဆင်းလာပြီး ဟွေအန်းကို လာဖက်၏။
ရှန်လျန် သက်ပြင်းချသည်။ သူ သဘော မကျဆုံးသူတွေထဲ တောက်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေပါသည်။ ဒီလူတွေကြောင့် မဟုတ်ရင် သူ့ကို ကံဆိုးစေသူလို့ နှစ်ပေါင်းများစွာ နာမည်ဖျက်ခံရပါ့မလား....ဒါပေမယ့်လည်း ဟွေအန်းက လူသားဆန်ပါသေးသည်။
"တစ်ယောက်ပဲ.. ကျွန်တော် တစ်ယောက်ထဲပဲကယ်ပေးနိုင်တယ်"
လက်တစ်ချောင်းထောင်ပြီး ရှန်လျန် တည်တည် ငြိမ်ငြိမ်ပြော၏။
"..... နှစ်ယောက် မဖြစ်နိုင်ဘူးပေါ့နော်"
မျက်လုံးအိမ်ထဲ နာကျင်မှုများဖြတ်သန်းသွားပြီး သူ့ကိုတစ်လှည့် ချင်အာရဲ့ အဆက်မပြတ်ကျဆင်းနေတဲ့ မျက်ရည်တွေကိုတစ်လှည့် ညှိုးငယ်စွာ ကြည့်၏။
ကလေးနဲ့ ဖခင် ဘယ်သူ့ကိုကယ်မလဲ... ဘယ်သူမဆို ရွေးချယ်ရခက်မှာပဲ....
သူ့မျက်လုံးထဲက စကားတွေကို ရှန်လျန် အကုန်ဖမ်းမိရာ ခေါင်းငြိမ့်လိုက်ပြီးနောက်
"ကလေး သို့မဟုတ် ဖခင် တစ်ဦးဦးကိုပဲ ကယ်လို့ရမယ်.. သူ့ရောဂါက ကျွမ်းနေပြီ.. ကလေးကို ဆက်ပြီး ကြီးထွားခွင့်ပေးရင် သံသယမရှိ ဖခင်သေသွားလိမ့်မယ်... အဲ့လိုမဟုတ်ပဲ.. ကလေးကိုဖျက်ချရင် ဖခင်အသက်ကိုကယ်ဖို့ 70% တော့ အောင်မြင်နိုင်တယ်... တစ်ခုတော့ရှိတယ် ကလေးလိုချင်ရင်တော့ အတတ်နိုင်ဆုံး ကြိုးစားပေးကြည့်မယ်.. သူ့ကျန်းမာရေး အခြေအနေနဲ့ သာမာန် မီးဖွားဖို့တော့ မဖြစ်နိုင်ဘူး ... ဗိုက်ခွဲမွေးမှ ရမယ်"
"ဟွေအန်း..."
ချင်အာက သူ့ခင်ပွန်းကို အသံတိုးတိုးနှင့်ခေါ်သည်။ ဟွေအန်းက ချက်ချင်းလှည့်ကြည့်လိုက်သော် သူ့ဇနီးပြောချင်နေသည်ကို တန်းသဘောပေါက်၏။ သို့သော် ရှင်းရှင်းလင်းလင်းပင် သူ့ဇနီး၏ သဘောထားကို လစ်လျူရှုပစ်လိုက်ပြီး ရှန်လျန်ဘက် လှည့်သည်။
"ကျုပ် ကလေး မလိုချင်ဘူး!"
"ဟွေအန်း!"
ချင်အာ ထိတ်လန့်တကြား မျက်လုံးပြူးကျယ်လျက် ကြည့်လာသည်။
ဟွေအန်း လှည့်မကြည့်ရဲပေ။ အနာဂါတ်မှာ ကလေးရဖို့ ထပ်ကြိုးစား၍ရနိုင်သည်။ သူ့ဇနီးသာ မရှိတော့လျှင် သူ့မှာ ဘာကျန်ခဲ့မည်တဲ့လဲ..
"သေချာလား.. ကလေးဆုံးသွားရင် သူ့အတွက်ကျတော့ နောက်တစ်ခါ ကိုယ်ဝန်လွယ်ဖို့ ခက်သွားမှာနော်"
ကောတွေဟာ အမျိုးသမီးတွေလောက် ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဉ်က မလွယ်ကူပါ.. ရှန်လျန်က ဟွေအန်းကိုချောင်ပိတ်မေးသည်။
"အဲ့လိုဆိုလဲ..ကျုပ်..ကျုပ်.. ကလေးမယူတော့ဘူး"
သူ့နှုတ်ခမ်းက ထိန်းချုပ်မရစွာ တုန်ရီနေသည်။ ခက်ခဲသည့် ဆုံးဖြတ်ချက်ဖြစ်သော်လည်း သူ
စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်၏။
သူ့မှာ ကလေး မရှိတော့ရော ဘာဖြစ်လဲ? ကလေးတွေထက်
သူ့ချင်အာက ပိုအရေးကြီးတယ်....
"မဟုတ်ဘူး ဟွေအန်း.. ကလေးလိုချင်တယ်.. ငါတို့ရဲ့ ကလေးလေ..."
ချင်အာမှာ ရှိုက်ကြီးတငင် ငိုသည်။ သူသည် အစထဲက ကံမကောင်းခဲ့ပေ ။ ဟွေအန်းအတွက် ဆက်ခံမည့်ကလေးပင် မမွေးပေးနိုင်လျှင် သူက ဘာအတွက် တည်ရှိနေရပါ့မလဲ....
"ချင်အာ... လိမ်မာနော် ငါတို့ကလေး မယူဘူး.. မင်းကိုပဲ လိုချင်တယ်..ဟုတ်ပြီလား!"
ချင်အာ့ကို ရင်ခွင်ထဲ ထည့်ဖက်ကာ ခက်ခက်ခဲခဲ ချော့မော့သည်။ လေ့ကျန်းတို့ကတော့ တံခါးဘက် မျက်နှာ မူထားပြီးဖြစ်၏။ မြေပြင်ပေါ် လူးလိမ့်ငိုနေကြတဲ့ လင်လင် စုံတွဲကို မကြည့်ရက်နိုင်ကြ။
"နည်းလမ်းကတော့ ရှိတယ် ကြိုးစားကြည့်မလား"
ရုတ်တရက် ရှန်လျန်က ပြောလိုက်ရာ လူတိုင်း သံသယနှင့် လှည့်ကြည့်လာကြ၏။
ရှန်လျန် အသံတိုးလိုက်ပြီး...
"ကျွန်တော် သွေးကြောစမ်းကြည့်တုန်းက ကလေးက ခုနှစ်လလောက်ရှိပြီ.. ဒီထက်ကြီးလာရင် ဖခင်ရဲ့အသက်က 20%လောက်ပဲ အောင်မြင်နိုင်ချေရှိမှာ ..ကလေးကလည်း ရက်လ မစေ့သေးတော့ ပြုစုစောင့်ရှောက်ဖို့မလွယ်ဘူး၊ လူနှစ်ယောက်လုံးလိုချင်ရင်တော့ လောင်းကြေးထပ်ကြည့်ဖို့ ဆန္ဒရှိလား"
ရှန်လျန် ခုမှ ထုတ်ပြောရသည်က ဟွေအန်းရဲ့ သူ့မိသားစုအပေါ် မည်မျှ အလေးထားသလဲ သိဖို့လိုအပ်သောကြောင့်ပင်။ စနစ်တကျ အကွက်ချထားပြီး ဟွေအန်းဘက်က ခြေတစ်လှမ်းမှားတာနဲ့ ခုလို လောင်းကြေးထပ်ဖို့ ရှန်လျန်လုံးဝ ထုတ်
ပြောမှာ မဟုတ်! ဒီနည်းလမ်းက နှလုံးသားအမြတ်ယူနိုင်မည့် စမ်းသပ်နည်းပင် ဖြစ်၏။
"ကျုပ်တို့ လောင်းပါ့မယ်!"
မည်သူမျှ ထင်မထားသည့် ချင်အာက ထဖြေသည်။
ဟွေအန်းက ရှန်လျန့်ကို တစ်ခဏကြည့်လိုက်ပြီး ချင်အာကို ဖက်လိုက်သည်။
"ကောင်းပြီ.. ကျုပ်တို့လောင်းမယ်.. ကလေးကို ကယ်လို့ရသည် ဖြစ်စေ၊မရသည်ဖြစ်စေ၊ ကျုပ်ဟွေအန်းက ယောင်္ကျားကတိတည်တယ်... ခုကစပြီး ကျုပ်ရဲ့ဘဝကို သမားတော်ပိုင်တယ်"
"သိပ်ကောင်းတယ်"
ရှန်လျန်သည် ဝမ်ချင်ဖုန်းကို စာရွက်နဲ့မှင် ယူလာခိုင်းကာ ဆေးညွှန်းရေးပေး၏။
"ဒါက ခွဲစိပ်တဲ့အခါ သုံးမယ့် ဆေးတွေပဲ.. ဦးလေးဝမ် သူ့ကိုခေါ်သွားပြီး လုပ်စရာရှိတာ လုပ်ထားပါ.. သားဖွားဆရာမ ခေါ်စရာ မလိုဘူး .. ကျွန်တော် ကိုယ်တိုင် မွေးပေးမယ်"
"ဒီ အကြံက ကောင်းပါ့မလား.. သခင်က လက်တောင်..."
မထပ်ရသေးဘူးလေ!
ဝမ်ချင်ဖုန်း ဆေးစာရွက်ကိုကိုင်ရင်း တွေဝေတုံ့ဆိုင်းနေသည်။ လက်မထပ်ရသေးတဲ့ ကောက သူများကို ကလေးမွေးပေးမလို့လား...သမားတော် ဖြစ်နေပါစေဦးတော့ ဒီကိစ္စက နည်းနည်း....
"သခင်.. ကျွန်တော်တို့မှာ သမားတော်တွေ ရှိပါတယ်.. သူတို့ကို ပြောပြပြီး လာခိုင်းလိုက်ရမလား"
လေ့ကျန်းကလည်း သဘော မတူချင်။
ယွမ်ရှောင်းနဲ့ တစ်ခြားသူတွေလည်း တစ်ဦးပြီးတစ်ဦးကန့်ကွက် လာကြတော့မည်ကို မြင်ပြီး ရှန်လျန် အမြန် ပြောရသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော် နားလည်ပြီ ဦးလေးဝမ် ခဏလေးနော်"
စဉ်းစားကြည့်ရင် အရိပ်တပ်ဖွဲ့က သမားတော်လည်း သူတို့မိသားစုပညာကို သင်ယူရတာကြောင့် သူ့လို ကုသနိုင်မှာပဲ ..ရှန်လျန် အတင်း မတောင်းဆိုတော့ပါ... ပြောရရင် သူ့ထက်တောင် ဆေးပညာတော်ရင် တော်နေနိုင်သည်။
တစ်ခဏကြာသော် ညွှန်ကြားချက်များနဲ့ ဆေးကုနည်းအဆင့်ဆင့် ရေးထားသည့်စာရွက်ကို ဝမ်ချင်ဖုန်းဆီ လွှဲပေးလိုက်၏။
"ဒါဆို ဒီကိစ္စ လွှဲပေးလိုက်မယ်နော်... ညွှန်ကြားထားတဲ့အတိုင်း ကုသနည်းအဆင့်ဆင့်ကို တစ်ရက်ချင်း အမှားယွင်းမရှိပါစေနဲ့... သေချာ ဂရုစိုက်ပေးပါ"
"ဟုတ်ကဲ့"
ရှန်လျန် အလျှော့ပေးလိုက်တာနဲ့ ဝမ်ချင်ဖုန်း လည်း ဘာမှ ထပ်မပြောတော့ပေ။
"ကျုပ်နောက် လိုက်ခဲ့ပါ"
"ကောင်းပြီ"
ဟွေအန်းက ချင်အာ့ ခါးကိုဖက်ကာ လိုက်သွားမည် အပြု ရှန်လျန်မှ ရုတ်တရက် စကားစလာသည်။
"သူ့ကို ဦးလေးဝမ်နဲ့ အရင်လွှတ်လိုက်ပါ၊ ခင်ဗျားနဲ့ ပြောစရာ ရှိသေးတယ်.. နေခဲ့ပေးဦး.. စိတ်ချ ! သူခွဲစိတ်ရင် ခင်ဗျားကို သူ့ဘေးနေခိုင်းမှာပါ"
တစ်နေ့လုံးဒီမှာပဲ အချိန်ဖြုန်းဖို့ မဖြစ်နိုင်သည့်အပြင် ရှန်လျန်လည်း ဒီကိစ္စကို အချိန် ထပ်မဆွဲထားနိုင်တော့ပေ။
"..... ကောင်းပြီ"
ဟွေအန်းမျက်မှောင်ကြုံ့ကာ ခေါင်းငြိမ့်သည်။ ထို့နောက် သူ့ဇနီးထွက်ခွာသွားတာကို မကြည့်ခင် နှစ်သိမ့်စကားအချို့ ကို ငုံ့ကိုင်းကာ ညင်ညင်သာသာ ပြောလိုက်၏။
ထို့နောက် ထိုင်ခုံမှာ ထိုင်လိုက်ပြီး..
"ကျုပ်ဘာလုပ်ပေးရမလဲ"
"ဝမ်ယွဲ့မြို့ကို ဒီညပဲ ချက်ချင်း သွားစေချင်တယ်"
မသွားချင်ဘူးဟု မျက်နှာမှာ ရေးထားသည့် ရုပ်ကို ရှန်လျန် လစ်လျူရှုလိုက်သည်။
"ခင်ဗျားရဲ့ ဇနီးက ကလေး ကို ချောချောမွေ့မွေ့ မီးဖွားနိုင်ပြီဆိုရင် ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးလေ.. ခင်ဗျားဒီမှာ ရှိနေတာက သူ့ကိုပျော့ညံ့စေတယ်"
".... သွားမယ်!"
အံကြိတ်ကာ ဟွေအန်း သဘောတူသည်။
"နောက်ဆယ်ရက်မှာ... တစ်လလုံးလုံး မိုးအဆက်မပြတ်ရွာသွန်းပြီး..ဝမ်ယွဲ့မြို့ ဆည်ကာတာပြိုကျလိမ့်မယ်...ကုန်းမြေကို အကုန် ရေကြီးရေလျှံ ဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်ကုန်မှာ.. အခုက အင်ပါယာ မြို့တော်မှာ အလုပ်ရှုပ်နေ ပြီး လူကြီးမင်းဝမ်ယွမ်နဲ့ ဗိုလ်ကြီးလင်းက ဆည်ကာတာ ပြုပြင်ဖို့အပြေးအလွှားသွားခဲ့ကြပြီးပြီ.. သူတို့တွေက ဆည်ကာတာကိုပြုပြင်ပြီး ခုရက်ပိုင်း နေသာနေတာနဲ့ စစ်တပ်ကိုခေါ်ပြီး ပြန်ဆုတ်သွားကြမှာ ... ဒီအချိန်ကို ခင်ဗျားက ထွက်တားပေးရမှာ! မိုးကြီးလေကြီးဆက်ရွာဦးမှာကို ခင်ဗျား ခန့်မှန်းမိတယ် ဆိုပြီး ဝမ်ယွမ် လူကြီးမင်းရှေ့သွားပြောပြီး မပြန်ဖို့ တားရမယ်.. အသေးစိတ် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျွန်တော်ပြောပြမယ် ခင်ဗျား ဆုံးဖြတ်ကြည့်ပေါ့! ဝမ်ယွမ်က တစ်ခြားသူတွေရဲ့ ကြိုတင်ခန့်မှန်းတဲ့ စကားတွေကို ယုံမှာ မဟုတ်ဘူး၊ ခင်ဗျားကို လူလိမ်ဆိုပြီး လူတွေရှေ့မှာ ကွပ်မျက်ပစ်နိုင်တယ်.. ဒါကြောင့် ခင်ဗျားက ဗိုလ်ကြီးလင်း ရှိနေတဲ့ အချိန် ကို သေချာ ရွေးပြီး သွားရမယ်... ကျွန်တော့ လူတွေလည်း ခင်ဗျားဘက်မှာ ရှိနေဖို့ စီစဉ်ပေးထားမယ်.. ကျွန်တော် ကြိုပြီး သတိပေးထားမယ်နော် ..ဒီကိစ္စက ခင်ဗျားရဲ့ လွတ်လပ်နေတဲ့ ဘဝနဲ့ လဲလှယ်ရမှာ .. အစထဲက မလုပ်နိုင်ရင် နောက်ဆုတ်ဖို့ အချိန်ရှိသေးတယ်"
ဒီအချက်ကို ကြိုတွေးပြီး ဖေးယွမ်ရွှင်းရဲ့ သံမဏိတပ်သားတွေကို ကြိုတင် အရံထားထားတာဖြစ်၏။ ရေလွှမ်းမိုးမှု မည်မျှ ပြင်းထန်ခဲ့သည်ကို ရှန်လျန် မှတ်မိပါ၏။ သို့ပေမယ့် ဒီကိစ္စက ထုတ်ပြောလို့လည်း မည်သူမျှ ယုံမှာ မဟုတ်.. သိသိရက်နဲ့လည်း သဘာဝကပ်ဘေးကို မကာကွယ်ပဲနေရန် က ရှန်လျန် ထိုမျှလောက် သွေးအေးရက်စက်တတ်သူ မဟုတ်ချေ။ လက်စားချေတာက သူ့ရန်သူတွေအပေါ်ပဲ ဖြစ်၏။ ပြည်သူတွေက အပြစ်မရှိသဖြင့် တတ်နိုင်သလောက် ကယ်တင်ပေးရလိမ့်မည်။
"သခင်... ဒါအမှန်ပဲလား.. သခင် ဘယ်လိုသိလဲ"
တစ်ကယ့်ကိစ္စကြီးပဲ! ဟွေအန်း ထိတ်လန့်မှုကြောင့် ဖြူဖျော့ပြီး ကြက်သေသေနေမိသည်။ လေ့ကျန်းတို့ကလည်း အမှန်ကို အလေးအနက် ထားနေဟန်ကြောင့် ရှန်လျန့်စကားသာ မှန်ရင် လူတွေခက်ခဲ ဒုက္ခခံစားရဖို့ အတော်လေးနီးနေပြီပင်။
"ကျွန်တော် ဘယ်လိုသိလဲ ဆိုတာ အရေးမကြီးပါဘူး.. အရေးကြီးတာက နောက်ဆယ်ရက်နေရင် မိုးတစ်ကယ် ရွာမယ်.. စစ်တပ်ကလည်း ဆုတ်ခွာတော့မှာ ဆိုတော့ ခုချိန် မှ မသွားရင် တားဖို့မမှီပဲ နေလိမ့်မယ်.. အဲ့ဒီအခါ မရေမတွက်နိုင်တဲ့ အလောင်းတွေကိုကြည့်နေရတော့မှာပဲ"
ရှန်လျန်က လေ့ကျန်းတို့ကို ယုံကြည်ပြီး မထုတ်ပြောနိုင်စရာ ဘာမှ မရှိသော်လည်း သူပြန်လည်မွေးဖွားလာသည့်ကိစ္စကတော့ ချွင်းချက်ပင်။
"ဒါဆို ကျွန်တော်တို့ သွားသင့်...."
"မရဘူး"
လေ့ကျန်းမှာ ငြိမ်ငြိမ် ထိုင်ကြည့်မနေနိုင်ရှာ.. ဆုံးပါးသွားလေပြီးသော သခင်ဟောင်းများနဲ့ ဝေဘိုးဘေးများ ကိုယ်စား ရှေ့ထွက်ကာကွယ်ပေးချင်လေသည်။ ထိုစိတ်က အရိပ်ကိုယ်ရံတော် တပ်သားများ၏နှလုံးအိမ်ထဲ စွဲမြဲနေသဖြင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေပြီး သေဆုံးရမယ့်အဖြစ်ကို ရပ်ကြည့်မနေနိုင်ပေ။ သို့သော်လည်း ရှန်လျန်က တုံ့ဆိုင်းမှုမရှိ တားဆီးလာခဲ့သည်။
"ဆည်ကာတာ ကိစ္စကို တာဝန်ယူတဲ့သူ ရှိတယ်.. အခု လုပ်ရမှာက ဟွေအန်းကို စောင့်ရှောက်ပေးဖို့ လူထည့်ပေးရမှာပဲ"
ပဟေဠိဖြစ်နေတဲ့ မျက်နှာတွေကို ကြည့်ရင်း ရှန်လျန် အကျိုးကြောင်းသင့် ရှင်းပြလိုက်သည်။ သူ့ရဲ့အရိပ်တပ်ဖွဲ့ကို လွယ်လွယ် ဖော်ထုတ်လိုက်ရင် တော်ဝင်မိသားစုကို ထိတ်လန့်သွားစေပြီး လိုချင်တပ်မက်လာလိမ့်မယ်။ တစ်ကယ်လိုအပ်တဲ့အချိန်မှာ ထွက်လာပေးရင် ပြည်သူတွေရဲ့နှလုံးသားကို ပိုင်စိုးနိုင်မယ် ဆိုပေမယ့် ပလ္လင်ပေါ်က ဧကရာဇ်အိုကြီးကတော့ ငြိမ်ငြိမ်ထိုင်နေနိုင်တော့မှာ မဟုတ်!
"ဟိုတစ်ယောက်လား"
ဟွေအန်းရှိနေတာကြောင့် လေ့ကျန်းက ဖေးယွမ်ရွှင်းရဲ့ နာမည်ကို ထုတ်မပြောပေ။ ရှန်လျန် ခေါင်းငြိမ့်လိုက်၏။
"ကောင်းပါပြီ ကျွန်တော် တို့ တာဝန်ကိုပဲ သေချာ အာရုံစိုက်လိုက်ပါ့မယ်"
သံမဏိတပ်သားတွေဝင်ကူမယ် ဆိုရင်တော့ သူတို့ ဝင်မပါလဲ ရသည်။
" ဘယ်လို တွေးထားလဲ ဟွေအန်း... ဒီကိစ္စက အန္တရာယ်များပေမယ့် အတူပူးပေါင်းရင်လည်း အကျိုးအမြတ် အများကြီးရှိတယ်နော်...
ရေလွှမ်းမိုးမှာကို ကယ်တင်ပေးလိုက်နိုင်ရင် လူထုရဲ့စိတ်နှလုံးကို ချုပ်ထားနိုင်ပြီး ခင်ဗျားရဲ့အနာဂါတ်စီးပွားရေးလည်း စိုးရိမ်စရာ မလိုတော့ဘူး!"
သဘာဝကပ်ဘေးကို ကြိုတင်ဟောပြောနိုင်တဲ့ဘုန်းတော်ကြီးဆိုတော့ ဧကရာဇ်ပါ ဒီလိုလူကို အတော်လေး နှစ်ခြိုက်တော်မူလိမ့်မယ်။
"ကျုပ်....."
ဟွေအန်းက 'ကျုပ်ဆန္ဒရှိတယ်'လို့ ပြောဖို့ နှုတ်
မဟခင် တွေဝေနေ၏။
ဒီကိစ္စက သူ့တစ်ဘဝလုံးကိုပြောင်းလဲသွားစေနိုင်၏။
အတိတ်တုန်းက ကိစ္စသေးလေးကိုပဲ လိမ်လည်ဟောပြောခဲ့တာ ဆိုပေမယ့် ခုက သူလိမ်တာ ပေါ်သွားပြီး အသတ်ခံလိုက်ရရင် သူ့ကလေးနဲ့ ဇနီးက ဘယ်လိုလုပ်မလဲ...
တစ်ဖက်ကကြည့်ရင်လည်း အသက်ဆက်ရှင်ပြီး ရှန်လျန်ပြောသလို တစ်ဘဝလုံးချမ်းသာသွားမယ်ဆိုရင်ရော...
တစ်ကယ်လို့ ကြိုတင်ဟောပြောသလို ကပ်ဘေးက ဖြစ်မလာခဲ့ရင်... ကျင့်ဝတ်ရှ်ိတဲ့ ဘုန်းကြီးတစ်ပါးအဖြစ် သတ်မှတ်ကြပါတော့မလား?
"ဟွေအန်း ကျွန်တော် ခင်ဗျားကို ရှာဖို့ အချိန် အတော်ယူခဲ့ရတယ်.. သေချာပေါက် ခင်ဗျားကို တစ်ခါပဲ အသုံးချဖို့ ဘယ်ဟုတ်မလဲ.. ခင်ဗျားစိတ်ထဲ စိုးရိမ်နေဖို့ မလိုဘူး ၊တစ်ကယ်လို့ ထင်မထားတာတွေ ဖြစ်လာခဲ့ရင် ခင်ဗျားအပါအဝင်၊ ခင်ဗျားဇနီးနဲ့ ကလေးကိုပါ ကျွန်တော် အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက် ပေးမယ်လို့ ကတိပေးတယ်"
ရှန်လျန်က တစ်ချက်အကဲခတ်ရုံနဲ့ သူစိုးရိမ်နေတာကို မြင်နိုင်ရာ ရှင်းရှင်းလင်းလင်းပင် အနာဂါတ်မှာလည်း ဟွေအန်းနဲ့ လက်တွဲသွားဖို့ရှိ ကြောင်း ထုတ်ပြောခဲ့သည်။
လူကို ကာကွယ်ပေးရုံမက၊ အမြင့်တက်လှမ်းနိုင်အောင်လည်း ကူညီပေးဦးမည်...
အဆုံးမှာတော့ ဤလူသည်
ရှန်လျန်၏လက်စားချေခြင်းဖြစ်စဉ်တွင် အားကိုးရသော လူတွေထဲမှ တစ်ဦးဖြစ်လာခဲ့တော့သည်။
"ကောင်းပြီ! ကျုပ်သဘောတူတယ်!"
လေးနက်တည်ကြည်တဲ့ မျက်ဝန်းတွေကြောင့် ဟွေအန်း အံကြိတ်ကာ သဘောတူခဲ့သည်။ သူ့တွင်မိသားစုသုံးဦး ဖြစ်လာပြီမလို့ လက်ရှိဘဝအခြေအနေမှ မြင့်တင်ပေးချင်မိ၏။
"ကျွန်တော့်ကို ယုံ! ခင်ဗျား နောင်တ မရစေရဘူး"
ရန်ဖုန်းကို အဓိပ္ပာယ်ပါတဲ့ အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
"ဟုတ်ပြီ အဲ့ဒါဆို ခင်ဗျားရဲ့ ဇနီးဆီ ကိုခေါ်သွားပေးမယ်၊ သူ့ကို ဘယ်လို နှုတ်ဆက်စကားပြောမလဲ စဉ်းစားထားပေါ့၊ ဒီည မြို့တံခါးမပိတ်ခင် ထွက်ခွာမယ်"
"ကောင်းပါပြီ"
ဟွေအန်း ဖြည်းဖြည်းချင်းထရပ်ပြီး ခြေလှမ်းတွေက လေးလံနေသည်။ ရုတ်တရက် နောက်ပြန်လှည့်ပြီး..
"ချင်အာက စိတ်အရမ်းနုတာ...တစ်ကယ်လို့ ကျုပ် တစ်ခုခုဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး... ကလေးနဲ့ သူ့ကို သေချာ စောင့်ရှောက်ပေးပါ"
" စိတ်ချ! ကျွန်တော် ကတိပေးပြီးသားစကား ကို ဘယ်တော့မှ မဖျက်ဘူး"
"ကျေးဇူး!"
နောက်ဆုံး ကျေးဇူးစကားတင်ပြီးနောက် ဟွေအန်း ခိုင်ခိုင်မာမာ လှည့်ထွက်သွားတော့သည်။ သူ သဘောတူလိုက်သည့်ကိစ္စက ထိုအချိန်မှစ၍ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပြီ ။
Words 3184
Grape 🍇