no

Font
Theme

ရွာငယ်က ကိစ္စတွေဖြေရှင်းခြင်းနဲ့ ရှန်ကျိုး ရောက်လာခြင်း

ကျုံးလင်ခြံဝန်းက ဝရုန်းသုန်းကားတွေ ဖြစ်ပျက်နေတာကြောင့် ထျန်းမန်ကျောင်းစဖွင့်နေတာတောင်မှ ရှန်လျန် အိမ်မှာပဲ အချိန်ကုန်နေခဲ့သည်။ ရှန်ရှောင်နဲ့ ရှန်ယန်လည်း ကိုယ်ပိုင်အခန်းထဲ ကိုယ်စီဝင်လျက် တစ်နေကုန် အပြင်မထွက်သည့်အပြင် လူတွေနဲ့ တွေ့ရန် ငြင်းဆန်နေဆဲဖြစ်ရာ ...သခင်မကြီးတို့လူစုမှာ ယူကြုံးမရဖြစ်လျက် လက်စားချေပေးပါရန် အမတ်မင်းကို တတွတ်တွတ် တောင်းဆိုသည်။

အတိတ်လို အခြေအနေသာဆိုရင် ရှန်ရွေ့ထင်က မင်းသားသွမ့်ဆီ သွားပြီး ဖြေရှင်းချက် တောင်းမိလိမ့်မည်ဖြစ်သော်လည်း၊ ယခုသူတို့၏မိသားစုဂုဏ်သိက္ခာက အတော်လေးကျဆင်းနေသဖြင့် သခင်မကြီးအား အစွမ်းရှိပါက မိမိဘာသာ မင်းသားသွမ့်နှင့်တိုက်ရိုက်တွေ့ပြီး ဖြေရှင်းရန်သာ ပြောလိုက်သည်။ ပြီးနောက် ဟယ်ရှန်းခြံဝန်းမှ လှည့်ထွက်သွားပြီး ရက်အတော်ကြာသည်အထိ အိမ်ပြန်မလာပဲ အလုပ်ထဲခေါင်းနှစ်ထားလေသည်။

တစ်ပတ်ကြာပြီးနောက် ချီယွဲ့နဲ့ ချီရွှမ်းတို့ အိမ်ပြန်ရောက်လာသည်။ ယောင်းကွမ်မှာ သူတို့၏လက်မောင်းထဲ ပြေးဝင်ကာဖက်ပြီး လွတ်လပ်တော့မှာမို့ ဝမ်းသာလုံးဆို့နေ၏။

ဒီရက်တွေမှာ ထမင်းဟင်းချက်တာနဲ့ အိမ်သန့်ရှင်းရေးလုပ်တာကို ဖေးယွမ်ရွှင်းတောင် လာသင်ယူတဲ့အကြောင်း၊ သူလာတဲ့နေ့ဆို ဖုရင်နဲ့အတူ ယောင်းကွမ်က ရှန်ယို့ကိုသာကူထိန်းပေးရန်လိုကြောင်း၊ ညနေခင်းမှ ရှန်လျန့်အတွက် ချိုးရေ ပြင်ပေးပြီးမှ နားချိန်ရကြောင်း ဖုရင်က သူတို့ကိုအကြောင်းစုံ ပြောပြ၏။ ခုတော့ ယောင်းကွမ်က သူ့ရဲ့အဖိုးတန်အချိန်တွေကို အိမ်အလုပ်တွေ ကြိုးကြိုးစားစားသင်ယူစရာမလိုတော့ပဲ လွှတ်ချနိုင်လေပြီ။ ရက်သတ္တပတ်ခန့် အိပ်ကောင်းခြင်းမအိပ်ရသဖြင့် ပန်ဒါလိုအညှိုအမဲကွင်းက မျက်လုံးတဝိုက် ဝိုင်းနေရှာပြီး စိတ်အခြေအနေကလည်း သွေးဆူလွယ်နေရာ လေ့ကျန်းပင် ထိတ်လန့်ပြီး အရေးကိစ္စမရှိပါက ခြံဝန်းထဲ တော်ရုံလာခဲ၏။ လာရင်လည်း ရှန်လျန်ရှိသည့်အချိန်မှ ရွေးလာတတ်သည်။

"ဟုတ်ပါပြီ၊ ယောင်းကွမ် အေးအေးဆေးဆေးသွားနားတော့၊ ငါနဲ့ရှောင်ရွှမ်းကိုပဲ အိမ်ကိစ္စတွေ လွှဲထားလိုက်လို့ရပြီ"

ချီယွဲ့က ဖြစ်နိုင်ချေကို ယေဘုယျနားလည်သွားပြီး ရယ်ချင်ပက်ကျိဖြင့် ယောင်းကွမ် လက်ထဲက ကလေးကို ပွေ့ချီခေါ်လိုက်သည်။ ချီရွှမ်းက တုံ့နှေးမနေပဲ ချက်ချင်းအိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ ထမင်းဟင်းချက်ဖို့ ဝင်လုပ်သည် ။ နောက်ဆုံးတော့ ကျုံးလင်ခြံဝန်းက အရင်တိုင်း အေးချမ်းတည်ငြိမ်သွားတော့သည်။

"ယွဲ့ယွဲ့ ငါမင်းကို သေလောက်အောင် ချစ်တယ်"

ယောင်းကွမ်က ချီယွဲ့ကိုတင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ပါးကိုတောင် နမ်းလိုက်သေးတယ်၊ နမ်းပြီးတာနဲ့ သွားလိုက်ပေမယ့် ကျန်နေခဲ့တဲ့ ချီယွဲ့က ပထမဆုံးအကြိမ်အနမ်းခံလိုက်ရတဲ့ အတွေ့အကြုံကြောင့် ကြောင်အမ်းစွာရပ်နေမိပြီး အချိန် တစ်ခဏကြာအောင် တစ်စုံတစ်ခုကိုတွေးနေ၏။

"ဘာဖြစ်လို့လဲ? မျက်နှာက တစ်ခုခုဆုံးရှုံးသွားသလိုရုပ်နဲ့"

ရှန်လျန် အခန်းထဲ ဝင်ဝင်လာချင်း ချီယွဲ့ရဲ့ ဗလာကျင်းနေတဲ့ရုပ်ကို သတိထားမိသွားသည် ။ ရွာစွန်က ပြန်ပြန်လာချင်း ဝိဉာဏ်လွင့်သွားတဲ့သူလိုမျိုး ဖြစ်နေတာကို ရှန်လျန် နားမလည်နိုင်ဖြစ်နေသည်။

"ဟင်?"

ရှန်လျန့်အသံကြားသောအခါမှ ချီယွဲ့ ငေးငိုင်နေရာက သတိပြန်ဝင်လာသည်။ မျက်ဝန်းတွေက ဝေဝါးနေဆဲမို့ ရှန်လျန် ခေါင်းယမ်းလိုက်ရင်း ချီယွဲ့လက်ထဲက အိပ်ပျော်လုဆဲဆဲ ရှန်ယို့ကို ယူချီလိုက်သည်။ ထို့နောက် ပုခက်ထဲ ထည့်ကာ ဖြည်းညှင်းစွာ လွှဲယမ်းရင်း ချော့သိပ်သည်။

အိပ်ရတာ သက်တောင့်သက်သာ ရှိသွားဟန်ဖြင့် ရှန်ယိုက လက်မလေး စုပ်ကာ ဘာမှန်းမသိသည်များကို ရေရွတ်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

"ရွာမှာ အခြေအနေ ဘယ်လိုရှိလဲ"

ရှန်ယိုအား စောင်ခြုံပေးလိုက်ပြီး ပုခက်ကို အခန်းထောင့်တနေရာသို့ တွန်းရွေ့လိုက်သည်။ ကလေးအိပ်မောကျသွားတာသေချာမှ ချီယွဲ့တို့သွားခဲ့သည့် ခရီးစဉ်၌ ကိစ္စတွေကို မည်သို့ကိုင်တွယ်ခဲ့ကြောင်း စမေးသည်။

စိတ်နဲ့ကိုယ်နဲ့ ကပ်သွားပြီဖြစ်တဲ့ ချီယွဲ့က ရှန်လျန့်ဘေး၌ထိုင်ချကာ အံကြိတ်ရင်း ဆိုသည်။

"ကလေးထိန်းနဲ့ သူ့တစ်မိသားစုလုံးကို အစ်ကိုထောင်ထဲ ထည့်ခဲ့တယ်၊ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်မှု၊အလုပ်ရှင်ရဲ့အာဏာကို အလွှဲသုံးစားလုပ်မှု ဆိုတဲ့ စွဲချက်တွေ တင်ခဲ့တာဆိုတော့ သူတို့မသေမချင်း ထောင်ထဲမှာပဲ အချိန်ကုန်ဆုံးသွားရလိမ့်မယ်"

တုံးလင်အိမ်က လူတွေနဲ့ယှဉ်ရင် ရွာငယ်က လူတွေဟာ သူတို့အတွက် စိတ်ဒဏ်ရာ၊အကြောက်တရားပိုဖြစ်စေခဲ့တဲ့လူတွေလို့ ဆိုရမည်။ လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး လျန်လျန့်မှာ အိပ်ရင်တောင် စိတ်ချလက်ချ မအိပ်ရဲပဲ အမြဲ ခြောက်ခြားနေခဲ့ရတာကိုပြန်တွေးမိတိုင်း ချီယွဲ့က အဲ့ဒီလူတွေကို ကြာပွတ်နဲ့ သေတဲ့အထိ ရိုက်နှက်ပစ်ချင်မိသည်။

"အင်း... ပြီးတော့ရော"

ရှန်လျန်က ခေါင်းငြိမ့်ကာ ရေနွေးကြမ်း တစ်ငုံသောက်၏။

ချီယွဲ့က သူယူလာတဲ့ စာရွက်တွေကို ထုတ်ပြလိုက်၏။

"ဒါတွေက ကလေးထိန်းရဲ့ ဝန်ခံချက်တွေ၊ အစ်ကိုတို့ကို အနိုင်ကျင့်ဖို့ လျိုရှုဟန်က အမိန့်ပေးတာတဲ့၊ ဒါကြောင့်လည်း ကလေးထိန်းရော သူ့သားရော ရဲရဲတင်းတင်း အနိုင်ကျင့်ရဲတာပေါ့၊ အာလုံးက လျိုရှုဟန်ရဲ့ စနက်တွေ၊

တစ်ခြားအစေခံတွေ အားလုံးကိုလည်း အလုပ်ထုတ်ခဲ့ပြီ၊ တစ်ချို့ ရိုးသားဖြောင့်မတ်တဲ့သူနည်းနည်းလောက်ပဲ ဆက်ထားထားတယ်၊ပြီးတော့ အိမ်ကိစ္စဦးစီးဖို့ 'ဟယ်'မျိုးရိုးနဲ့လူတစ်ယောက်ကိုလည်းခန့်ထားခဲ့တယ် ၊သူက ပညာတတ်တော့ အိမ်ကိုကောင်းကောင်း ထိန်းသိမ်းပေးနိုင်မှာပါ၊

အဲ့ရက်က မိုးတွေကလည်း တောက်လျှောက်ရွာတော့ မြေတွေ ပြိုကျ၊ ရေတွေကြီးနဲ့ ၊ကြားထဲက အလုပ်ဖြုတ်ခံရတဲ့သူတွေကလည်း ပြဿနာရှာချင်သေးတယ်၊ အဲ့တာနဲ့ အစ်ကိုတို့နှစ်ရက်လောက် ထပ်နောက်ဆုတ်ပြီး အခြေအနေ တည်ငြိမ်အောင် လုပ်ဖို့ဆုံးဖြတ်လိုက်တယ်၊ အိမ်ထိန်းနဲ့ အလုပ်သမား‌တွေ အားလုံးကိုခေါ်ခိုင်းလိုက်ပြီး ဒီနှစ်ရဲ့ ဝင်ငွေကို ပေးစရာမလိုဘူး၊ နောက်ထပ်အတွက်ကိုပိုပြီး ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် အမြတ်ပိုထွက်ပြီး ဘဝလည်း ပိုနေပျော်လိမ့်မယ်လို့ ပြောခဲ့တယ်၊ လျန်လျန် အစ်ကို‌ လုပ်တာ မှန်ရဲ့လား"

ထိုအခါမှ အလုပ်သမားတွေရဲ့ စိတ်အခြေအနေယိုင်နဲ့မှုက မိုးရေနဲ့အတူ မျှောပါသွားပြီး အားကြိုးမာန်တက်ပြန်ဖြစ်လာသည်။

မည်သို့ပင် ဆိုစေ က်စ္စတွေကို ကိုယ့်သဘောနဲ့ကိုယ် ဖြေရှင်းခဲ့တာကြောင့် ချီယွဲ့က ရှန်လျန်သဘောမကျမှာ စိုးရိမ်ပူပန်နေဆဲပင်။ တစ်နှစ်စာဝင်ငွေဆုံးရှုံးသွားရမှာက မနည်းမနောဖြစ်ပြီး ၊ ထိုသို့ဖြစ်အောင် သူကလုပ်ခဲ့တာကြောင့် အပြစ်မကင်းသလိုခံစားနေရသည်။

"အင်း.. ကောင်းကောင်းစီမံခဲ့တယ်၊ ယွဲ့ကောက မင်းမှုထမ်းတွေလိုပဲ စေ့စေ့စပ်စပ် စီမံခန့်ခွဲခဲ့ပြီး ပြည်သူတွေရဲ့ စိတ်ကို သိမ်းသွမ်းနိုင်ခဲ့တယ်၊ သူတို့ကို နှစ်သိမ့်နိုင်ရင် တစ်ချိန်မှာကျွန်တော်တို့ကို ပြန်ပြီး သိတတ်လာလိမ့်မယ်၊ဒီနှစ်မှာ ဆုံးရှုံးခဲ့တဲ့ တန်ကြေးက နောင်နှစ်ဆို အကြီးအကျယ် အောင်မြင်မှာပဲ၊ ပြီးတော့ ကောတို့ကို စိတ်ချလက်ချ လွှတ်လိုက်တယ်ဆိုကတည်းက အစ်ကိုတို့ကို အလုံးစုံကိုင်တွယ်ခွင့်ပေးလိုက်တာပဲ ၊ကောင်းသလိုစီမံပိုင်ခွင့်ရှိတယ်၊ ကျွန်တော် စိတ်ဆိုးမှာ မကြောက်နဲ့၊ ယွဲ့ကော.. ကောတို့နှစ်ယောက်မရှိခဲ့ရင်လေ အခု..ကျွန်တော်ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော့်အပေါ် သူစိမ်းမဆန်ပါနဲ့၊ လုပ်သင့်လုပ်ထိုက်တယ်ထင်ရင် အစ်ကိုတို့ပဲ ကြည့်စီစဉ်လိုက်ပါ"

ချီယွဲ့ရဲ့ စိုးရိမ်နေတဲ့ အကြည့်တွေကို ရှန်လျန်က စကားလုံးအချို့နဲ့ စိတ်အေးစေလိုက်သည်။ ဒီအစ်ကိုနှစ်ယောက်က သူ့အတွက် သူစိမ်းတွေမှ မဟုတ်ပဲလေ။

"ဟုတ်ပါပြီ"

ချီယွဲ့က ကြည်နူးစိတ်နဲ့ ခေါင်းငြိမ့်၏။ လျန်လျန်ကသူ့ကို အပြစ်တင်မှာ မဟုတ်မှန်း ခန့်မှန်းမိပေမယ့် တစ်ကယ်တမ်း ချီးကျူးခံလိုက်ရမယ်လို့တော့ မထင်ထားမိခဲ့။

"ကိစ္စတွေကို ကိုင်တွယ်ဖို့ အစ်ကို့ကိုပဲဒုက္ခပေးရတော့မယ်၊ တစ်ကယ်လို့ မနိုင်ဝန်ထမ်းနေရပြီဆိုရင်တော့ ကျွန်တော့်ကိုပြောပြရမယ်နော်၊ ခုတော့ ယုံကြည်စိတ်ချရတဲ့ အကူတစ်ယောက်အစ်ကို့အတွက် ရှာပေးထားမယ်"

ရှန်လျန် တစ်ဖက်လူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ လက်ရှိသူ့မှာ အလုပ်လုပ်ပေးသူတွေ အများကြီးရှိပြီး ၊အရိပ်တပ်သားတွေအပြင် သံမဏိတပ်သားတွေပါ အိမ်အနီးနားတစ်ဝိုက်မှာ စောင့်ရှောက်ပေးနေကြသော်လည်း သူတို့မှာ ကိုယ်ပိုင် တာဝန်တွေ ရှိသေး၏။

ဖေးယွမ်ရွှင်း သူ့ကို ပေးတဲ့ ပိုင်ဆိုင်မှုတွေကလည်း များလွန်းတာကြောင့် ချီယွဲ့တစ်ဦးတည်း စီမံခန့်ခွဲရန်မဖြစ်နိုင်ပေ။ သင့်တော်သည့် အိမ်‌ေတာ်ထိန်း ရရန်လည်း လွယ်ကူသည့် အရာ မဟုတ်၊ ထက်မြက်ရမည်၊ ပညာတတ်ရမည်ဖြစ်ရာ အချက်အလက်နှင့်ကိုက်ညီမည့်သူရရန် အချိန်ပေးပြီး ရှာဖွေရဦးမည်။

"အလုပ်ခန့်ဖို့ လူရှာမလို့လား"

"အွန်း ဟုတ်တယ်၊အကြံပေးချင်တဲ့သူရှိရင်လည်း ပြောလို့ရတယ်၊ နောက်ကျရင် အလုပ်ပိုရှုပ်တော့မှာဆိုတော့ ခုကတည်းက လေ့ကျင့်ပေးထားမှ ဖြစ်မှာ"

ခုကတည်းက အိမ်တော်ထိန်းနဲ့ ပိုင်ဆိုင်မှုတွေ စီမံအုပ်ချုပ်ပေးမယ့်သူရှာထားချင်သည်။ နှစ်ယောက်လောက် ရှိထားမှ သူတို့လည်း ဝန်ပေါ့ပြီး အနားယူချိန် ပိုများလာမှာပဲ ဖြစ်၏။

"လျန်လျန်ပြောမှပဲ စိတ်ထဲ တစ်ယောက်ပေါ်လာတယ်"

"ဟုတ်လား"

ရှန်လျန် မျက်ခုံးပင့်သွားသည်။

ချီယွဲ့က ရှက်ရွံ့စွာဖြင့်...

"သူက ဘဏ္ဍာထိန်းဟယ် ရဲ့ သားလေ..အဲ့ကောင်လေးက အသက်နှစ်ဆယ် မပြည့်သေးပေမယ့် ဉာဏ်ကောင်းပါတယ်၊ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေ ပြဿနာရှာတုန်းက သူပဲ ရုံးသွားတိုင်ပေးခဲ့တာ၊ အဒေါ်ဟယ်ပြောတာ တစ်ကယ်တော့ ဘဏ္ဍာထိန်းက ထိပ်တန်းကျောင်းသားဖြစ်ခဲ့ဖူးပေမယ့် အကြောင်းအရင်း တစ်ချို့ကြောင့် ရှေ့ဆက် မလျှောက်လမ်းနိုင်ခဲ့ဘူးလို့ ပြောတယ်၊ ဒါပေမယ့် သူ့သားကိုတော့ အောင်အောင်မြင်မြင် နဲ့ပညာတတ်ကြီးဖြစ်အောင် သူက သေချာ သင်ပြပေးခဲ့တယ်၊ နှမျောစရာကောင်းတာက ရှောင်ဟယ်က ထိပ်တန်းကျောင်းသားဖြစ်ဖို့ပါရမီ မပါခဲ့တော့ သူ့အသက် ဆယ်နှစ်မှာပဲ ဘဏ္ဍာစိုးက သူ့ဆန္ဒတွေကို အရှုံးပေးလိုက်ရတော့တာပဲ"

"အင်း အစ်ကိုပြောသလိုဆို သူက အကြောင်းအကြောင်းသင့် စဉ်းစားတတ်တဲ့သူဖြစ်မှာပဲ၊ အဲ့ဒီဘဏ္ဍာထိန်းမိသားစုက ယုံကြည်စိတ်ချရရဲ့လား"

ချီယွဲ့ရဲ့စကားတွေကို ကောက်ပြီး ရှန်လျန် သေချာအောင် ပြန်မေးလိုက်သည်။ စဉ်းစားကြည့်ပေမယ့် ထိုလူအကြောင်း သူ့မှတ်ဉာဏ်ထဲမှာ လုံးဝ မရှိနေ။ ဒါလည်း သဘာဝကျ၏။ ငါးနှစ်လုံးလုံး အဲ့ဒီရွာမှာ နေခဲ့ပေမယ့် အစေခံတွေရဲ့ ချုပ်ချယ် တားမြစ်ထားတဲ့ ဘောင်အတွင်းမှာပဲ တစ်လျှောက်လုံးနေထိုင်ခဲ့ရတာကြောင့် ခြံဝန်းပြင် ခြေတစ်လှမ်းမှ မထွက်တဲ့သူက ဧက ရာချီကျယ်တဲ့မြေမှာ အလုပ်သမားများစွာရှိတဲ့အထဲ ဒီလူနဲ့ မတွေ့ခဲ့ဖူးဘူးဆိုတာ ပုံမှန်ပင်။

"သူကယုံကြည်စိတ်ချရလောက်ပါတယ်၊ သူ့အဖေကို အလုပ်မခန့်ခင်က အရိပ်တပ်သားနဲ့ သူ‌တို့အကြောင်း စုံစမ်းခိုင်းလိုက်သေးတယ်၊ ဘဏ္ဍာထိန်းတို့ဇနီးမောင်နှံရယ်၊ သားနဲ့သမီးရယ် စုစုပေါင်းမှ မိသာစစုလေး‌ယောက်ထဲရှိတာ၊ တစ်ခြားလူတွေနဲ့ ရောထွေးမနေပဲ တသီးတသန့်လေး‌ေန့တိုင်း အလုပ်ကြိုးစားလုပ်နေတာ တွေ့ခဲ့တယ်"

"ဟုတ်ပြီလေ.. အဲ့တာဆိုရင် ဘဏ္ဍာထိန်းဆီ စာရေးပြီး မေးကြည့်လိုက်ပါ ၊သူ့သားကို ကျွန်တော်တို့ဆီ လွှတ်ချင်လားဆိုတာ၊လာမယ်ဆိုရင် ကြိုဖို့လူလွှတ်ပေးလိုက်မယ်လို့၊ပြီးတော့ မြို့တော်ရောက်ရင်လည်း ကောင်းကောင်း ကြည့်ရှုပေးမယ့်အကြောင်း ပြောပြလိုက်ဦး၊ တစ်ကယ်တော့ အသက်နှစ်ဆယ်ဆိုတာ လူကြီး စာရင်းဝင်နေပါပြီ၊ နားလည်သင့်သလောက်လည်း နားလည်နေပြီ၊ သူသာ ကောင်းကောင်းသင်ယူမယ်ဆိုရင် အနာဂါတ်မှာ အားကိုးရတဲ့ ညာလက်ရုံးဖြစ်လာမှာပဲ"

ရှန်လျန်က ဆုံးဖြတ်ချက် လွယ်လွယ် ချတတ်သူမဟုတ်ပေမယ့် ချီယွဲ့ဆီက ဟယ်မိသားစုအကြောင်းကြားပြီးနောက်မှာ အခွင့်အရေးတစ်ခုပေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချီယွဲ့က တစ်ခုခု တုံ့ပြန်ပြောမည်အပြု လေ့ကျန်းက အခန်းထဲ ဝင်လာသည်။

"သခင်.. လင်အန်းအိမ်တော်က ရှန်ကျိုးသခင်လေး ရောက်နေပါတယ်၊ ပေါ်ပေါ်ထင်ထင်လာလည်တာမျိုးတော့ မဟုတ်ဘူး၊ ဘေးတံခါးပေါက်နား ရစ်သီရစ်သီလုပ်နေခဲ့တာပါ"

ကျုံးလင်ခြံဝန်းက ပင်မတံခါးအရှေ့ပေါက်ထက်စာရင် ခြံဝိုင်းအစွန်ဘေး‌ပေါက်နဲ့ ပိုနီးသည်။ ဒါကြောင့်လည်း လေ့ကျန်းက သူ့လူတွေကို ဒီတံခါးပေါက်သုံးပြီး အဝင်ထွက်လုပ်ခြင်းအားဖြင့် ရှန်လျန့်အား ရှန်မိသားစုရဲ့ စပ်စုစစ်ဆေးခြင်းတွေမှ ရှောင်ရှားနိုင်စေ လိမ့်မည်။

"ဘယ်သူ့မှ အသိမပေးပဲ တိတ်တိတ်လေးလာတာဖြစ်နိုင်တယ်၊ ယွဲ့ကောက လုပ်စရာရှိတာ သွားလုပ်ပါ၊ လေ့ကျန်း... ရှန်ကျိုးကိုအထဲ ခေါ်ခဲ့လိုက်၊ပြီးတော့ ဒေါ်လေးစွင်းဆီ လင်အန်းအိမ်က ဧည့်သည် ဒီကိုလာလည်တယ်လို့ သတင်းသွားပို့လိုက်ဦး၊ ဘာဆက်လုပ်ရမလဲ သူသိတယ်"

ဒီတစ်ခေါက် ရှန်ကျိုးရဲ့ အပြုအမူက စွန့်စားလွန်းသည်။ ဖိတ်ခေါ်စာမရပဲ ကိုယ့်သဘောနဲ့ကိုယ်လာလည်တာက လူတွေရဲ့အာရုံကို ဆွဲဆောင်မိနိုင်သည်။

"သိပါပြီ"

ချီယွဲ့နဲ့ ချီရွှမ်းက အသီးသီး ထွက်ခွာသွားကြသည်။ ဧည့်သည်ရောက်မယ်လို့ သတင်းရထားတဲ့ ဖုရင်က ရေနွေးပူပူနဲ့ သစ်သီးဝလံနှစ်ပန်းကန်ကို ပြင်ဆင်ပေးထားသည်။ ပြီးတာနဲ့ ရှန်ယိုနိုးလာရင် ရှန်လျန်နဲ့ ရှန်ကျိုးတို့ရဲ့ တွေ့ဆုံမှုကို နှောင့်ယှက်မိမှာ စိုးတာကြောင့် ပုခက်လှည်းကို တွန်းရွေ့သွားလိုက်သည်။ ရှန်ကျိုးကို လေ့ကျန်းက ဦးဆောင်ပြီး အိမ်ထဲခေါ်ဝင်လာချိန်ထိ နာရီဝက်ခန့် ကြာသည်။

"ဆိုတော့ ဒါ မင်းအိမ်ပေါ့! တော်တော် ကျယ်တာပဲ၊ ဒါပေမယ့် ပုံစံက ရိုးရှင်းလွန်းမနေဘူးလား? မင်းရဲ့မိသားစုက အတော် အနိုင်ကျင့်တာပဲ"

ရှန်လျန်က သူ့ကိုဧည့်ခန်းထဲ၌ ထိုင်စောင့်နေသည်ကို မြင်မြင်ချင်း ၊ခပ်မြန်မြန် လေ့ကျန်းကိုကျော်တက်ပြီး ရှန်လျန့်ဆီ လှမ်းလာသည်။

အနောက်က ပါလာတဲ့ အစေခံနှစ်ဦးရဲ့အမူအရာက သူတို့သခင်အစား ရှက်ရွံ့နေဟန်။ လေ့ကျန်းကို အားနာသမှုဖြင့် တောင်းပန်ကြည့် ကြည့်သည်။

"အိပ်မက်ယောင်နေတာလား? ရိုးရှင်းတယ်ဆိုတာ ဘာသဘောလဲ ဟ! တစ်ဘဝလုံး ဇိမ်ကျကျ မနေသွားရတဲ့ ပြည်သူတွေဆိုအများကြီး၊ ဒီလောက် အိမ်ပစ္စည်းတွေသုံးနိုင်တာကပဲ အကောင်းဆုံးဖြစ်နေပြီ၊"

ရှန်လျန် မျက်လုံးလိမ့်လိုက်မိ၏။ ထို့နောက် မျက်နှာချင်းဆိုင်က ခုံမှာ ထိုင်ဖို့ ညွှန်ပြရင်းပြောသည်။

"လျှောက်ပတ်ကြည့်မနေနဲ့တော့၊ မင်း ဘယ်လိုကြည့်ကြည့် ငါ့အိမ်က မင်းမြင်နေကြနားနေဆောင်တွေလို ခမ်းနားနေမှာ တော့ မဟုတ်ဘူးလေ၊ ကဲပြော! ဘာတွေ လုပ်ဖို့ကြံနေတာတုန်း၊ ဘာလို့ တိတ်တိတ်လေး မပြောမဆို ရောက်ချလာရတာလဲ? လင်အန်းအမတ်ကြီးနဲ့ လင်အန်းသခင်လေး အပြစ်ပေးမှာ မကြောက်ဘူးလား"

အရင်ဘဝမှာ သူသိသလောက် ရှန်ကျိုးက အမြဲ တက်ကြွနေတဲ့ သခင်ငယ်တစ်ယောက်ဆိုတာ သံသယဝင်စရာမလို၊ ဒါပေမယ့်လည်း သူက အမျိုးသမီးတွေထက် နည်းနည်းပဲ ပိုလွတ်လပ်တဲ့ 'ကော'ဖြစ်နေတုန်းပဲ။

"သူတို့ရိုက်မယ်ဆိုလဲ ရိုက်ခံလိုက်တာပေါ့၊အေးဆေးပါ၊ အဖေ ငါ့ကို ကာကွယ်ပေး တိုင်း သူတို့ မရိုက်နိုင်ကြတော့ပါဘူး"

ရှန်ကျိုးက ပခုံးတွန့်ရင်း ခုံမှာ ဝင်ထိုင်သည်။

ရှန်လျန်က ငတုံးမဟုတ်သည့်အတွက် ရှန်ကျိုးရဲ့ မူမမှန်တဲ့ အပြုအမူကို သတိမထားမိပဲ မနေ၊ ကူကယ်ရာမဲ့စွာနဲ့...

"ပြောစမ်းပါ၊ ဒီတစ်ခါ ဘာဖြစ်လာတာလဲ? ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ဦး၊ လှောင်အိမ်ထဲမှာ မတရားပိတ်လှောင်ခံထားရတဲ့ ရုပ်နဲ့၊ မသိရင် အနိုင်ကျင့်ခံလာရသလိုပဲ"

တစ်ဖက်ကလည်း ရှန်လျန့်ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ခဲ့ပါ။

ရှန်ကျိုးက မိသားစုကောင်းမှာ မွေးလာတာကြောင့် အခြေခံ အသိအားနည်းသည်။ ထို့အပြင် တစ်မိသားစုလုံးက အလိုလိုက်ထားတာကြောင့် ကိစ္စတစ်ခုခုကြုံလာပါက တစ်စိတ်က တစ်အိတ်ဖြစ်သွားပြီး ပြဿနာကို ကိုယ်တိုင် မဖြေရှင်းတတ်တော့ပါ၊ ပြဿနာ ပေါ်လာမှတော့ ဖြေရှင်းရုံပဲရှိ၏။ မကောင်းတဲ့ ကိစ္စ‌ထဲ ကိုယ့်ကိုကိုယ် နှစ်မြှုပ်ခံနေလျှင်ကိုယ့် ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်လိမ့်မည် ။

2915 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment