'လွှတ် ပေး လိုက်တယ်ဟုတ်လား'
တရားရုံးတော်သားများ ရောက်ရှိလာသောအချိန်တွင် တုံးလင် အိမ်တော်အကြောင်း ထပ်မံ ပြောဆိုကြပြန်သည်။
ရှန်ချန် မည်မျှပင် အချိန်ကိုက် ကာကွယ်နေစေကာမူ လျိုရှုဟန်၏ ဂုဏ်သတင်းမှာ ထိခိုက်နေပြီဖြစ်သည်။ကောလဟာလများအကြား သူမ မပါမဖြစ်။ရှန်သခင်မကြီးက ပထမဇနီးတို့သားအမိအား သည်းမခံနိုင်ဖြစ်ကာ ဓားပြတွေနှင့်ပူးပေါင်းခဲ့သည်ဟူ၍။ တရားရုံးတော်သားတို့ လူသေအလောင်းများ မယူခင်ထိ လူသတ်မှုကွင်းဆက် ကောလဟာလများ ဆက်ပျံ့နေသည်။လျိုရှုဟန်တို့သားအမိမှာ အံတင်းတင်းကြိတ်ထားရုံသာ တတ်နိုင်သည် ။သို့သော် အများရှေ့တွင်မူ အပြုံးဆင်ထားကာ အထူးသဖြင့် မျိုးရိုးကြီးများရှေ့တွင် ဖြစ်သည်။
ကောလဟာလများ ဖြစ်စေခဲ့သူ မူလ တရားခံ ရှန်လျန်မှာ ထွက်သွားနှင့်ပြီး တုံးလင်အိမ်တော်၏ အစွန်ဆုံးမှ ခြံဝင်းတစ်ခုရှေ့တွင် ရပ်နေလေပြီ။ ရှန်လျန် အေးစက်သော အမူယာသာ ဖော်ပြသော်လည်း ချီယွဲ့နှင့် ချီရွှမ်းမှာတော့ အလွန် ဒေါသထွက်သွားသည်။
ဘယ်သူပြောလဲ?ရှန်လျန့်ခြံဝင်းကို သေချာ လုပ်ပေးထားတယ်လို့?
"ပဉ္စမ သခင်လေးရောက်ပြီ ဆိုတော့ ၊ဒီအခြွေရံ ပြန်နားပါတော့မယ်"
ခြံဝင်းရှေ့ လိုက်ပို့သူ မင်ယွဲ့မှာ ရိုသေမှု တစိုးတစိပင် မပြပေ။ရှန်လျန် စကားတစ်လုံးပင် မဆိုရသေး၊ သခင်လေးသုံးဦးနှင့် အစေခံများအား ထားရစ်ကာ သူမလှည့် ထွက်သွားတော့သည်။
"လွန်နေပြီ၊ သိပ်ကို လွန်လွန်းသွားပြီ"
ချီရွှမ်းမှာ ခြံဝန်းဟောင်းကြီးကိုကြည့်ကာ ဒေါသကြောင့် မျက်ဝန်းများရဲတောက်လာသည်။
"ရွှမ်းအာ"
နှစ်နှစ်ပိုကြီးသော ချီယွဲ့က သဘောမတူဟန် အရိပ်ကဲ ပြလိုက်သည်။ ထို့နောက် ခြံဝန်းအနီးတစ်ဝိုက် အခြားသူ ရှိမရှိ သေချာအောင် အကဲခတ်ကြည့်ပြီး ရှန်လျန်နား အသံတိုးတိုးဖြင့်ပြောသည်။
"လျန်လျန် ,အဖွားဝေနဲ့ တစ်ခြားသူတွေကို ခိုင်းတာ သူမ ပဲ ဆိုတာ သိသာနေတာပဲ ၊ဘာလို့ လွယ်လွယ် လွှတ်ပေးလိုက်ရတာလဲ"
သူတို့သည် အသိပညာ များစွာ မတတ်သော်လည်း မတုံးအ ကြပေ။ ဓားပြတွေ ကအရမ်းသိသာလွန်းသည်။
"သူမကို လွှတ်ပေးလိုက်တယ်တဲ့လား?ဟဟဟား...…"
ရှန်လျန် ခေါင်းမော့ကာ ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။
သူတို့ခြံဝန်းလေး နာမည် မရှိသေးသည်မှာ ယခင်က အတိုင်းပင်။
"ယွဲ့ကော, စုတ်တံ၊မင်နဲ့ စာရွက် ပြင်ပေးပါ"
"လျန်လျန်!"
သူဘာမှ ပြောပြမည့်ပုံမပေါ်။
ခြံဝန်းထဲသို့ မဝင်ရောက်ခင် တစ်စုံတစ်ခုရေးသားရန်လိုပေသည်။ ချီယွဲ့မှာ ကူညီချင်သော်လည်း မည်သည်က စလုပ်ရမှန်းမသိပေ။ နောက်ဆုံးတော့ သူတို့အားလုံးက ဆယ်ကျော်သက်အရွယ်များသာ ဖြစ်ကြသည်လေ။
"ယွဲ့ကော၊ ကျွန်တော်ခေါင်းကိုက်တယ်"
ဤစကား ပြောလိုက်သော ရှန်လျန်မှာ အနည်းငယ် ရှက်နေသည်။ သူ့တွင် သင်ပေးစရာများစွာ ရှိသေးသော်လည်း ၊မထုတ်ပြော၍ မရတော့ပေ။ ဦးခေါင်းမှာ တစ်ဖြည်းဖြည်းမူးဝေလာကာ လက်ရှိတွင် အနားယူချင်တာပဲ သိတော့သည်။
"ထပ်ဖျားတာလား? ဒဏ်ရာကလဲ သွေးထွက်နေတာ၊ စုတ်တံနဲ့မင် ယူမနေပါနဲ့တော့၊ အထဲဝင်ပြီး အနားသွားယူလိုက်ရင်ကောင်းမယ်"
ရှန်လျန် နာကျင်နေသည်လဲ ကြားရော၊ ချီယွဲ့မှာ သူတို့ချင်း သဘောကွဲလွဲမှုကို ချက်ချင်းမေ့သွားကာ နဖူးသို့ ကိုယ်ပူ၊ မပူ လာစမ်းသပ်ပြီး သူ့အား ခြံဝန်းထဲ ဝင်နိုင်ရန် ဖေးမပေးလာသည်။
ချီရွှမ်း ကြောင်တောင်တောင်ဖြင့်ရပ်နေသည်မှာ ရှန်လျန် လက်ဟန်ပြ ၍ ခေါ်ရသည်အထိ။ သူရယ်မောလိုက်ပြီး သစ်သားသေတ္တာ အား အထဲ ယူဝင်သည်။
မထူးဆန်းစွာပင် သူတို့ခြံဝန်းထဲ၌ မည်သည့် အခြွေရံမျှ မရှိ။သို့သော် ခြံဝန်းမှာ အထီးကျန်ဆန် မနေခြင်းက တစ်ခုကောင်းသည်။သိပ်မကြာခင်က တစ်စုံတစ်ဦးက သန့်ရှင်းရေးလုပ်ထားပေးကာ အသုံးမဝင်သော ပရိဘောဂ အချို့ကို ထားထားပေးသည်။ ထိုအခြင်းအရာမှာ သူတို့ အိမ်တော်မှ မထွက်သွားခင် လွန်ခဲ့သော ငါးနှစ်ခန့်က အတိုင်းပင် ဖြစ်သည်။ မက်မန်းသီး ဆိုလျှင် ခြံထဲမှာ အနည်းငယ် သီးနေလေပြီ။
သခင်လေးသုံးဦးနှင့်အစေခံများမှာ သူတို့၏ ခြံဝန်းအခြေအနေကို အရမ်းဂရုမထားကြပေ။ ရှန်လျန် အိပ်မော ကျသွားပြီးနောက် ရှန်ယွဲ့တို့နှစ်ဦးမှာ သမားတော် သွား ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လျိုရှုဟန်မှ သမားတော်ခေါ်ပေးမည်ဟု သူတို့ မယုံကြည်သော ကြောင့်ပင်။ အဖျားပျောက်ဆေးနှင့် အနာကျက်လိမ်းဆေး ရပြီးနောက် ခြံဝန်းအား ဖုန်များလှည်းကျင်းကာ သန့်ရှင်းရေး စလုပ်ကြတော့သည်။
လျိုရှုဟန်၏ ခြံဝန်းထဲ၌
"သခင်မ, ပဉ္စမ သခင်လေးခြံဝန်းက ခုလေးတင် သမားတော် ခေါ်ပါတယ်၊ပြီးတော့ ချီရွှမ်းက လစဉ် အသုံးစရိတ်နဲ့ ပရိဘောဂ အကြောင်း မေးပါသေးတယ်၊ သခင်မကို ပြန်မေးကြည့်ပြီးမှ အကြောင်းပြန်ပေးမယ်လို့ပြောထားပါတယ် ၊သူတို့ကို ပေးမှာလားရှင့်?"
နောက်ဆုံးမှာတော့ တရားရုံးတော်သားများအား ပြန်ပို့လိုက်နိုင်သည်။လျိုရှုဟန်နှင့် ရှန်ချန် ..သူတို့ခြံဝန်းထဲ ဝင်ဝင်ချင်း ပင် အိမ်ထိန်းများက နှုတ်ဆက်ကြသည်။ သားအမိနှစ်ယောက်မှာ ထပ်ဟန်မဆောင်နိုင်တော့ပေ။ နှစ်ဦးလုံး၏ မျက်နှာ အမူအရာတွင် စိတ်အနှောင့်ယှက် များစွာနှင့်...။
ရှန်ချန် သဘော မကျစွာ ပြောသည်။
"ဘာကိုပေးမှာလဲ? သူ့ကိုမတွေ့ဘူးလား၊ အဖေတောင် သူနဲ့တွေ့ဖို့ မစောင့်နေဘူး၊သူ့အစ်ကိုရဲ့ စေ့စပ်တိကျတဲ့ ဆောင်ရွက်ချက် နဲ့ ဧကရာဇ် ချီးမြှင့်တဲ့ ဆုတွေကြောင့်သာ အဖေက မြို့တော်ဆီ သူ့ကိုပြန်ခေါ်ဖို့စဉ်းစားပေးခဲ့တာ"
ရှန်လျန်နဲ့ ရှန်ချန်ရဲ့ ဖခင်မျိုးရိုးနာမည်ကတူသော်လည်း ကွာပြားကြပါသေးသည်။ တုံးလင်အိမ်တော်မှာ နေထိုင်သည်ကို ထည့်သွင်းမစဉ်းစားနှင့်၊ အပြင်လူတွေ၏ အမြင်တွင် သူမက ပထမဇနီးကြီး၏ သားလောက် မမြင့်မြတ်ပေ။ ရှန်ချန်က ရှန်မိသားစုမှာ တစ်ဦးတည်းသော သမီးဖြစ်သည်။ အစ်ကိုကြီးရှန်က သူမကို
မတွေ့ချင်ရုံမက အသိမှတ်လည်းမပြုပါ။ ငယ်ရွယ်စဉ်မှာတော့ ဝမ်းနည်းပြီး နားမလည်ခဲ့ပေ။
သို့သော် အရွယ်ရောက်လာသည်နှင့်အမျှ သူမသဘောပေါက်လာရသည်။ ထိုသူတွေမှာ သူမ အစ်ကိုများ မဟုတ်ဟု..။အမေနှင့် အစ်ကိုက သူမအပေါ် တင်းကြပ်ကာ လွှမ်းမိုးထားကြသဖြင့် အားလုံးကို သူမ မုန်းသည်။
"ချန်အာ!"
လျိုရှုဟန်က သဘောမတွေ့ပဲ အော်သည်။ သူမသမီး၏ မနှစ်သက်ဟန် စိတ်အခြေအနေအားလစ်လျူရှုပြီး အိမ်တော်ထိန်းဘက်လှည့်ပြောသည်။
"ပဉ္စမ သခင်လေးကို မပေးနိုင်စရာ ဘာမှ မရှိပါဘူး၊ သူလိုချင်တဲ့ ဘယ်အရာမဆိုနဲ့ အစေခံအနည်းငယ်လည်းပေးမှာပါ မနက်ဖြန် အိမ်တော်သခင်မကြီးကို သွားနှုတ်ဆက်တဲ့အခါ ကျွန်မ ကိုယ်တိုင် ပေးလိုက်ပါမယ်"
"ဒါက..."
ပဉ္စမသခင်လေးကို သူလျှို အစေခံတွေ ပေးတာလည်း ကောင်းသည်ဟုပြောရမည်။သခင်လေးက အဲ့အစေခံတွေကို သုံးပါ့မလား?
အိမ်ထိန်းမှာ တွေဝေနေသဖြင့် ရှန်ချန် ပိုပိုပြီး စိတ်ဆိုးလာသည်။
"အမေ..ဘာလို့သူ့အပေါ် အရမ်းကောင်းနေတာလဲ? သူတစ်ကယ် အမေ့ကိုလုပ်ကြံနေတာကို...။ ကောလဟာလတွေကလဲ ပျံ့နေတာ သူ့အကြောင်းချည်းပဲ။ အမေ သူ့နာမည် ဂုဏ်သတင်း ကျော်စောအောင် ကူညီနေတာ မဟုတ်ဘူးမလား?"
"မိုက်မဲလိုက်တဲ့ သမီး၊ အပြင်က အတင်းတွေ ပိုပြောကြလို့ အမေက သူ့အပေါ် တတ်နိုင်သမျှ ပိုကောင်းပေးနေတာလေ၊ နင့်အဖွား ဂရုအစိုက်ဆုံးက ဘာလဲဆိုတာ မမေ့သွားနဲ့၊ နင့်အဖေက သူ့ကိုဘယ်လောက်တောင် မုန်းလိုက်သလဲ၊ ဒီအကြောင်း ဆက်တိုင်ပင်ကြမယ်။ အမေကသူ့အပေါ် ဂရုစိုက်ပေးမယ်၊ ပြီးရင် အကြောင်းတစ်ခုခုပြပြီး သမီးနဲ့ အပြင်လွှတ်ပေးမယ်၊ သူအဆင်ပြေနေတာ၊ နင်နဲ့ နင့်အစ်ကိုလို ဝတ်စားထားတာ တွေကို သူများမြင်ရင် အတင်းတွေ၊ ကောလဟာလတွေလဲ အလိုလို ပျောက်သွားလိမ့်မယ်"
လျိုရှုဟန် ပြုံးကာ သူမ သမီးနှင့် လက်ဝါးချင်းရိုက်လိုက်သည်။ ရှန်လျန်ကို ဖယ်ရှားဖို့ ခုက အကောင်းဆုံးအချိန်မဟုတ်သေး၊ ရှန်တာ့ ကို လက်ရှိ နာမည် ပျက်အောင် ဖျက်မရသေးပေ။
သူမက သူတို့ကို လွယ်လွယ်နဲ့ ဘယ်လိုလုပ် သေခွင့်ပြုပါ့မလဲ?
"ဒါဆို ခုကဒီတိုင်း လွှတ်ထားမလို့လား?"
ရှန်ချန် မိုက်ရူးရဲ မဆန်ပေမယ့် သဘော မကျ ဖြစ်နေဆဲပင်...။ ရှန်လျန်၏ ကြည့်ကောင်းသော မျက်နှာ နှင့် ကြီးမြတ်သော ကံကောင်းမှုများက အလွန်စိတ်အနှောင့်ယှက်ပေးနေသည်။
"မစိုးရိမ်ပါနဲ့၊ အဲ့မကောင်းတဲ့အကောင်မှာ လွဲချော်နေတာလေးရှိတယ် ၊အမေ သမီးရဲ့ဦးလေးရယ် တစ်ခြားသူတွေ နဲ့ အရင်တိုင်ပင်လိုက်ဦးမယ်၊ ချန်အာ စိတ်မပူနဲ့၊ အမေသူ့ကို ခပ်ကြာကြာ ရိုင်းစိုင်းခွင့်ပြုထားမှာ မဟုတ်ဘူး"
အိမ်တော်တံခါးရှေ့မှာ ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးကြည့်ရင်း လျိုရှုဟန် မျက်မှောင် ကြုတ်လိုက်သည်။ရှန်လျန်ဆိုတာ အမြဲ မထုံတတ်တေးနဲ့ မဝံ့မရဲဖြစ်နေတတ်တာ။နယ်နှင်ခံရတဲ့ နှစ်တွေမှာ သူ့ကိုစောင့်ကြည့်ဖို့ လွှတ်ထားတဲ့လူတွေ ပြောပုံအရ အရမ်းနာခံမှု ရှိပါတယ်ဆို...ဒါပေမယ့်...
သူ့ဆီမှာ ကိစ္စ တစ်ခုခု ဖြစ်ခဲ့တာလား? သူနေခဲ့တဲ့ နေရာကို သွားစုံစမ်းခိုင်းဖို့ လူလွှတ်ရတော့မည်။
သို့သော်လည်း ရှန်လျန့်တွင် ပုံမှန်မဟုတ်သော အမူအရာ များတွေ့နေရပါစေ...သူမ ဂရုမစိုက်ပါ။ နယ်အစွန်အဖျားမှာ ငါးနှစ် တိတိ နေထိုင်ခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ်လေးကိုရင်ဆိုင်ဖို့ သူမရဲ့ အချိန်တွေ သိပ်ဖြုန်းစရာမလိုပါ။
"ဟုတ်ပါပြီ၊ အမေ ...ဒါဆိုလဲ မြန်မြန်လေးရှင်းလိုက်ပါတော့၊ သမီးသူ့ကို မမြင်ချင်တော့ဘူး"
သူမ အမေရဲ့ အာမခံ မှုကြောင့် ရှန်ချန်လည်း အင်တင်တင်ဖြင့်ပင် အတိုက်ခံ မလုပ်တော့ပေ။
လျိုရှုဟန် ပြုံးလိုက်သည်။
"အိမ်တော်ထိန်းက ကျွန်မ ပြောတဲ့အတိုင်းပဲ လုပ်ပါ၊ဖေးယွီ က လူတွေခေါ်ပြီး ပဉ္စမ သခင်လေးရဲ့ အဝတ်အစားတွေ ပြင်ပေးဖို့ ကူညီခိုင်းလိုက်ပါ၊တုံးလင်အိမ်တော်က သားဟာ မျိုးရိုးကြီးဖြစ်ရက်နဲ့ စုတ်ပြတ်နေတဲ့ အဝတ်တွေ ဝတ်လို့ဘယ်ဖြစ်မလဲ"
"ကောင်းပါပြီ"
အိမ်တော်ထိန်းက သူမဆိုလိုသည်ကို သဘောပေါက်စွာဖြင့် ဘာမှ ထပ်မမေးတော့ချေ။ ဦးညွှတ်၍သာ ထွက်ခွာသွားတော့သည်။
Words 1783
🍇 Grape