'ကောက်ကျစ်တဲ့ သားအမိ'
"ပဉ္စမ အစ်ကို.."
ရှန်လျန် တော်တော်ကြီးကို မုန်းတီးမိသည်။ သူမ အပြစ်ကင်းစင်ဟန် မည်မျှ လုပ်နေစေကာမူ သူကသိနေသည် လေ။သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကြောင့် သူမ မျက်ဝန်းမှာ လျင်မြန်စွာ မျက်ရည်ပြည့်သွားတော့သည်။
"ညီမလေး ၇ က နုငယ်လွန်းလို့ အစ်ကိုတောင် မမှတ်မိချင်တော့ဘူး"
ဆက်ပြီးသရုပ်ဆောင်ချင်နေသေးတယ်ပေါ့ ?? ရှန်လျန် ၏နှုတ်ခမ်း လှုပ်သွားကာ လှောင်ပြုံးပြုံးလိုက်သည်။ အပြုံးမှာ အလွန် ပုံမှန်ဆန်ကာ မျက်ဝန်းထိ ခံစားချက်များ မပေါ်လွင်နေပေ။
"ပဉ္စမ အစ်ကို..."
သူမ အစ်ကို ဒီလို မြန်မြန်ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားမိ။
ရှန်လျန်က ပြဿနာမီး ထပ်မွေးချင်နေသည်။ လျိုရှုဟန်ဘက် အပြုံးမျက်နှာဖြင့် လှည့်လိုက်ကာ
"အမေလေး ၊ အဖေအိမ်မှာ ရှိမယ်ထင်တယ်နော်"
" မကြာသေးခင်က မြို့တော်မှာ တစ်ခုခု ဖြစ်သွားလို့ ၊သားအဖေက အိမ်ပြန်မလာဘူး၊ ဘာဖြစ်လို့လဲ လျန်လျန်? မေးစရာ ရှိလို့လား? အမေ တစ်ယောက်ယောက်ကိုလွှတ်ပြီး ခေါ်ခိုင်းလိုက်ရမလား?"
ရှန်လျန်က ရှန်ချန်နဲ့ စကားလှည့်ပြောသည့် အတောတွင်း လျိုရှုဟန်မှာ စိတ်အတော် တည်ငြိမ်သွားပြီဖြစ်သည်။ ယခုမူ မည်သည့်ကိစ္စမှ မဖြစ်ခဲ့သည့်အလား အမေကောင်းတစ်ယောက်ဟန် ပြုမူနေသည်။
"မခေါ်ပါနဲ့တော့၊ကျွန်ေတာ်က အဖေ့ အလုပ်ကို မနှောင့်ယှက်ရဲပါဘူး၊ အမေလေး ကိုပဲ မေးလိုက်တော့မယ်... ဖြေပေးမယ်မလား?"
ရှန်လျန်က ခပ်ကျယ်ကျယ်အသံဖြင့်
တစ် မေထဲ ခေါ်နေကာ ပြောနေခြင်းကြောင့် လျိုရှုဟန်မှာ မတတ်သာပဲ သူနှင့် ပူးပေါင်းလိုက်ရသည်။
"အိုး ..ဘာများမေးမလို့လဲကွယ်၊ အမေတို့ အထဲ ဝင်ပြီး ပြောကြမယ်လေ"
လျိုရှုဟန်က မည်မျှ ဟန်ဆောင်ကောင်းပါစေ၊ ရှေ့မှ အလောင်းကောင် အပုံလိုက်ကြီးက သူမအား အော်ဂလီဆန်စေသည်။ မတွေ့ရတဲ့ ဒီငါးနှစ်အတွင်း ရှန်လျန် မည်သို့ လုံခြုံစွာ အသက်ရှင်ကျန်နေသနည်း၊ ခန္ဓာကိုယ်ပေါ်တွင် မည်သို့သော အစွမ်းများရှိနေသနည်း။ နောက်ပိုင်း သူ့ကို မည်သို့ဆက် ကိုင်တွယ်သင့်သည်ကို သူမ တွေးတောရပေဦးမည်။
"ဟင်းအင်း မဝင်သေးဘူး၊ အမေလေး စိတ်ရှုပ်နေတယ်မလား၊ ကျွန်တော်ဘာလို့ ဒီအလောင်းတွေကို အိမ်ပြန်သယ်လာသလဲ ဆိုတာကိုလေ"
သူမ မကြားရမည် စိုး၍ အလောင်းများပုံချထားရာ လမ်းတစ်လျှောက် ဖြတ်ကာ သူမဆီ တိုးကပ်လာသည်။ ဆန့်ထုတ်လိုက်သော ခြေထောက်က ဦးခေါင်းပြတ်တစ်ခုအား လျိုရှုဟန်တို့ သားအမိရှေ့သို့ကန်ထုတ် မိသွားသည်။
"အမလေး!"
ခေါင်းပြတ်ကြီးမှာ သွေးအလိမ်းလိမ်းနှင့် မျက်နှာမှာ မဲ့ရွဲ့ကာ တောင့်တင်းနေပြီး ထိတ်လန့်စရာ ကြောင့် မျက်ဆံများပြူးကျယ်နေသေးသည်။ သူတို့သားအမိသာ မက အတူရှိနေကြသော အစေခံများပင် ကြောက်လန့်တကြီး အော်ဟစ်ကုန်သည်။ ရှန်လျန် အေးစက်စွာ ပြုံးကာ စိတ်ထဲလှောင်ရယ်လိုက်သည်။
"မကြောက်ပါနဲ့ အမေ လေးရယ်၊ အနီးကပ်ကြည့်ကြည့်ပါဦး၊သူမက အမေလေး ရဲ့ အရင်းနှီးဆုံးသူလေ"
ပြောပြီးပြီးချင်း ထိုင်ချကာ ထိုခေါင်းပြတ်အား လှမ်းယူပြီး အပြုံးကလေးဖြင့် လျိုရှုဟန်ဆီ ပြသည်။ ထိုမြင်ကွင်းသည် လူအများအား ကြက်သီးထ စေသည်။
ရှန်လျန်၏ အကြည့်သည် မကောင်းဆိုးဝါးတစ်ကောင်ဖြင့်တူသည်။ အထူးသဖြင့် လျိုရှုဟန်တို့ သားအမိဆိုလျှင် အသည်းထဲ စိမ့်နေအောင် ကြောက်ရွံ့မှုခံစားရသည်။
"အဖွားဝေ လား?"
"ဘာရယ်? ပဉ္စမ သခင်လေး ယူပြန်လာတာ တုံးလင်အိမ်တော်က လူလား?"
လူအုပ်ထဲမှ တစ်ယောက်က ပြောဆိုသောကြောင့် လူတိုင်းအမြင် မှာ ပြောင်းလဲ သွားသည်။ သူတို့တွေ က အရူး မဟုတ်ပေ ၊ အလောင်းတွေထဲက တစ်ချို့က လူကောင်းမဟုတ်မှန်းသိကြသည်။သို့သော် တုံးလင်အိမ်တော်အစေခံက ဘယ်လိုလုပ် ရောနှော ပါနေရတာလဲ? တစ်ခုခုမှားနေတာလား?
လူအုပ်ကြီးမှာ ရုတ်တရက် ကြောက်ရွံ့ဖို့ မေ့သွားကြကာ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတော့သည်။
" ငါးယောက်မြောက် သားငယ်လေး၊ အဖွားဝေက ဘယ်လိုလုပ် ဆုံးပါးသွားရတာတဲ့လဲ? မင်း...မင်း သူ့ကို သတ်လိုက်တာတော့ မဟုတ်ဘူးမလား?"
မကောင်းသည့် တစ်စုံ တစ်ခု ဖြစ်ပေါ်တော့မှာကို သိနေသည့် လျိုရှုဟန်က အေးစက်သော မျက်နှာထားနှင့်အတူ ခေါင်းပြတ်အား တုန်ရီနေသော လက်ညှိုးဖြင့် ထိုးပြသည်။ သူ့အား အမှန်တစ်ကယ် ကြောက်ရွံ့နေသည့်ဟန်ကို ပြသရန် သမီးဖြစ်သူကိုလည်း သူမ၏ နောက်ဘက်သို့ဆွဲပုန်းလိုက်စေရန်လည်း မမေ့ပေ။
"မဟုတ်ဘူး သခင်မ၊ အဖွားဝေက..."
"ရွှမ်းကော!"
ရှန်လျန်က ချီရွှမ်းအား ဆက်ရှင်းမပြရန် တားဆီးလိုက်ကာ လူတိုင်းကို ကြည့်လိုက်သည်။မတ်တပ် ထရပ်၍ ဖြည်းညှင်းစွာဖြင့် လျိုရှုဟန်တို့သားအမိဆီသို့လျှောက်သွားသည်။
တည်တည်ငြိမ်ငြိမ်နှင့် လမ်းလျှောက်သည့်ဟန်ပန်မှာ မြင့်မြတ် တော်ဝင်မျိုးနွယ် ကဲ့သို့ ကျောပြင် သည် ဖြောင့်မတ်နေပြီး လူအများအား လွှမ်းမိုးနိုင်စွမ်းရှိနေသည်။
ပညာရှိ တော်ဝင်မျိုးနွယ် များသည် ပင်ကိုယ် အားဖြင့် ထူးကဲသော အသိဉာဏ်ကို ပိုင်ဆိုင်ထားသူများဖြစ်သည်။
"ကျွန်တော် အမေလေးရဲ့ ဗိုက်ထဲက မွေးဖွားမလာပေမယ့် ပြောရရင် တုံးလင်အိမ်တော်က သားတစ်ယောက်ပါပဲ၊ အမေ လေးရဲ့ကိုယ့်သားအပေါ် အရမ်းသံသယ ကြီးနေတာက ကျွန်တော့်ကိုကြောက် သွားစေ နိုင်တယ် မလား?"
လျိုရှုဟန်ရှေ့ ရပ်ကာ ပုံမှန်ပင် ပြောလိုက်သည်။ထို့နောက် သူမ၏တုံ့ပြန်စကားပင်မစောင့်ပဲ ဆက်ပြောသည် ။
"ဒီနေ့ ကျွန်တော် လုံယန်နယ်စပ် ကို ဖြတ်လာရတာ၊ အမေက လူလွှတ်ပြီးလာကြိုခိုင်းလိုက်တာလေ၊ အဖွားဝေ၊ကျင်းကျီနဲ့ လှည်းမောင်းတဲ့သူ တွေ ...အားလုံးက ဓားပြနဲ့ ပေါင်းကြံနေကြတာ၊ ကျွန်တော့အသက်ကို ယူဖို့ ကြိုးစားကြတာ၊ သေခါနီးဆဲဆဲ အခြေအနေကနေ သီသီလေး လွှတ်မြောက်လာတဲ့ ကျွန်တော့ကို လူသတ်သမားလို့ အမေလေး... မေးလိုက်တယ်တဲ့လား၊ ဒါဆို ကျွန်တော်ကလဲ ပြန်မေးချင်တယ်၊ အမေ လေးဘာလို့ ဓားပြတွေနဲ့ ပူးပေါင်းတဲ့သူတွေကို လွှတ်ပြီး လာကြိုခိုင်းရတာလဲ?တစ်ချို့လူတွေက ကျွန်တော့ကို သတ်ဖို့ ကြံစည်ရဲနေကြပြီလား?"
စကားလုံးတိုင်းက အားအင်အပြည့်ဖြင့် လှောင်ပြောင်နေသည်။အရင်ဘဝမှာပဲ သူ့အပေါ် လိမ်လို့ရလိမ့်မည်။ ယခု ဘဝမှာတော့သူက တစ်ဖန် အကြိမ်ပေါင်း ရာချီ ပြန်ပေးဆပ်ခိုင်းမည်။
"ဘယ်လို? အဖွားဝေက...."
လျိုရှုဟန် အံ့ဩဟန်ဖြင့် သူမ၏ လက်ဖဝါးကို နှုတ်ခမ်း၌ အုပ်ထားကာ မယုံကြည်နိုင်ဖြစ်ပြီး မျက်ဝန်းများပြူးကျယ်လျက်။ သူမ၏ သရုပ်ဆောင်ချက်မှာ ပြောင်မြောက်လှသည်။
"အမေက အဖွားဝေကိုစေခိုင်းပြီး ပဉ္စမ အစ်ကို ကို ထိခိုက်အောင် အန္တရာယ် ပြုစေမယ်လို့ ထင်နေတာလား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အစ်ကို ပြန်လာမယ် ဆိုလို့ အမေက အစ်ကို့အတွက် သီးသန့် ခြံဝန်းနဲ့ အစေခံတွေတောင်ပြင်ဆင်ပေးထားသေးတာ၊ ဘာကြောင့်အစ်ကိုက မသိတတ်တဲ့သား လို ပြုမူနိုင်ရက်တာလဲ?"
ရှန်ချန်သည် သူမအမေ၏ လက်မောင်းအားဆုပ်ကိုင်ထားကာ ရှေ့ တစ်လှမ်းတိုး၍ ပြောဆိုသည်။ သူမ၏ မျက်ဝန်းအိမ်မှာ နီရဲနေကာ စိတ်ဆိုး၊ ဝမ်းနည်းမှုများရောပြွန်းလျက်။
လူအုပ်ကြီးမှာ မူလက ရှန်လျန်၏ စကားများကြောင့်သံသယများ ရှိနေကြသည်။ အစေခံတွေက လျိုရှုဟန်စေလွှတ်လိုက်ပြီး၊ ထိုသူတွေက သခင့်အမိန့် မပါပဲ ရဲတင်းတဲ့ အရာများ ပြုလုပ်ကြမည်မဟုတ်ပေ။ လူအုပ်မှာ သားအမိနှစ်ယောက်၏ အကယ်ဒမီရှော့ ပူးပေါင်း သရုပ်ဆောင်မှုအကြား မျောပါကုန်ကြသော်လည်း တစ်စုံတစ်ယောက်၏ တမင်ရည်ရွယ် ချောက်တွန်းသော ၊ ဖုံးကွယ်ထားသော အရာများရှိနေဦးမည်ဟု ခံစားနေကြရသည်။ တစ်ချိန်ထဲမှာပင် ရှန်လျန်၏ မျိုးရိုးအစစ်မှန်ကြောင့် လူတိုင်းအံ့ဩရပြန်သေးသည်။
"ညီမ၇က တစ်ကယ်ကို သိတတ်တဲ့သမီးလေးပဲ၊ဝမ်းနည်းဖို့ကောင်းတာက ညီမငယ်က ဒီ အစ်ကိုကို သဘောမကျဘူးထင်တယ်"
ရှန်လျန်ပြုံးကာ အကြည့်က သူမဘက်လှည့်၏။ စကားလမ်းကြောင်းအား သူမဘက်သို့ နှစ်ကြိမ်တိုင်တိုင်လွှဲယူသွားနိုင်သည့် ရှန်ချန်မှာ အသက်အားဖြင့် ဆယ့်လေးနှစ်သာ ရှိသေးသည်။ သူမကို
တစ်ကယ် လျော့တွက် မိသွားသည်။
"အစ်ကို ဘယ်လိုပြောလိုက်တာလဲ? အစ်ကိုက ညီမ အစ်ကိုလေ ၊ ညီမသဘောမကျတာ ဖြစ်နိုင်ပါ့မလား?"
မျက်ဝန်းများရဲလာပြန်ကာ မျက်ရည်များပြည့်အိုင်လာသည်။ အချိန်မရွေးငိုချတော့မည့် ပုံကြောင့် လူတိုင်းခံစားသွားရသည်။ တစ်ဖက်မှလည်း လှပသော မိန်းမပျိုလေး ငိုအောင် လုပ်သည့် ရှန်လျန်ကို အပြစ်တင်စွာကြည့်လာကြ၏။
"ဟုတ်တယ်လေ၊ အဖွားဝေက အမေလေး လက်ထပ်ကတည်းက ရှိခဲ့တဲ့ အနီးကပ်လူလေ၊ ကျင်းကျီကျတော့ အိမ်ဝန်းထဲက အစေခံ၊ ကျန်တဲ့လူတွေကလဲ အမေပဲလေး စီစဉ်ပေးလိုက်တာဆိုတော့ ၊ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမယ်လို့ အစ်ကို မထင်သင့်ဘူးလား? နောက်ဆုံးတော့လဲ အစ်ကိုက ညီမလေးနဲ့ ကွာခြားတော့ သံသယဝင်ခံရတာပေါ့ ၊ အစ်ကိုကသား အရင်းမဟုတ်ပဲ အဖေ့ ဇနီးကြီးရဲ့ သား လေ၊ ညီမ၇ က ရုတ်တရက် ရှေ့ထွက်ပြီး အစ်ကို့ကို မသိတတ်တဲ့သားလို့ ပြောဆိုတယ် ၊စောန အဖွားဝေကို သတ်လိုက်တာလားလို့ အမေေလးမေးတုန်းကကျ ညီမ၇ ဘာမှ ဝင်မပြောဘူးလေ ၊ အဲ့တာကြောင့် ညီမငယ်က အစ်ကို့ကို သဘောမကျဘူးလို့ထင်လိုက်မိတာ"
သူ့စကား အသွားအလာ အား နားလည်မည်ဆိုပါက မကောင်းသည့်အရာများ ကျိတ်ကြံနေသူမှာ ရှန်ချန် ဖြစ်သည်ဟု ဆိုလိုနေသည်ပင်။သူမအား လှောင်ပြုံးဖြင့် ကြည့်နေလိုက်သည်။
"ညီမ..ညီမ ရုတ်တရက်ဆိုတော့ ကြောက်သွားလို့ပါ၊ အရင်က လူသေတွေ တစ်ခါမှမမြင်ဖူးတော့"
အားလုံးက သူမ ကိုဝိုင်းကြည့်နေကြသည်မို့ ရှန်ချန် မျက်နှာမှာ ရှက်သွေးရဲလာပြီး မြေပြင်ကို ခြေဆောင့်၍ စူပုတ်ပုတ်လေးလုပ်လိုက်ရာ ရှန်လျန်၏အပြစ်တင်စွပ်စွဲချက်မှ တစ်ဖန် ရုန်းထွက်နိုင်လိုက်ပြန်သည်။
"လူသေတွေဆိုတာ တစ်ချို့ အသက်ရှင်နေတဲ့လူတွေထက် ပိုချစ်ဖို့ကောင်းပါတယ်"
ရှန်လျန် သူတို့အား အဓိပ္ပာယ်ရှိရှိ ကြည့်လိုက်သည်။
" အဖွားဝေ က ဓားပြတွေနဲ့ ပူးပေါင်းကြံစည်ပြီးကျွန်တော့်ကို သတ်ဖို့လုပ်တာ အမေလေး တစ်ကယ်မသိဘူးလား?"
"ကောင်းကင်ကြီးကိုတိုင်တည်ပါတယ် အမေ တစ်ကယ်မသိတာပါ၊ အဲ့ဒီ ကျွန်စုတ်တွေက သားငယ်လေးကို သတ်မိလုနီးပါးဖြစ်ခဲ့တာဆိုတော့ သား သေချာ အနားယူပြီး စိတ်ချထားလိုက်၊ အမေ မင်းအတွက် တရားမျှတမှုရှာပေးမယ်"
လျိုရှုဟန်မှာ ဒေါသထွက်နေပုံရပြီး ရှန်
လျန်အား ဂရုဏာသက်စွာ ကြည့်နေလေသည်။ မသိလျှင် သူမ အရမ်း စိတ်မကောင်းဖြစ်နေဟန်။
"အဲ့တာဆို ဒီကိစ္စ အမေ့ကိုလွှဲပေးလိုက်ပြီနော်"
ရှန်လျန် မျက်လွှာချကာ လက်သီးဆုပ်လိုက်ပြီး အရှုံးပေးရန် ဆုံးဖြတ်လိုက်သည်။
"တရားရေးရုံးက လူတွေလဲ မကြာခင်ရောက်လာတော့မှာ။ ကျွန်တော်က နေသိပ်မကောင်းတာမို့ အမေတို့ပဲ တာဝန်ယူပေးထားပါနော်၊ အဖွားကိုလည်း မနက်ဖြန် လာတွေ့ပါ့မယ်လို့ စကားပါးပေးပါဦး"
အချိန်ကြာမြင့်စွာ ထိန်းထားပြီးနောက် အဖျားရှိန် တက်နေသောကိုယ်ခန္ဓာမှာ ဆက်မရပ်နေနိုင်တော့ပေ။ အချိန်တွေ ကျန်ပါသေးသည်။ ဒီလူတွေကို ဖြည်းဖြည်းချင်း ကိုင်တွယ်မည်။
"ကောင်းပါပြီ ၊ဒဏ်ရာလည်း ရထားတာဆိုတော့ ခဏနေ သမားတော်ကို လာကြည့်ပေး ဖို့ အမေ တောင်းဆိုလိုက်မယ်၊ သားရဲ့ ခြံဝန်းထဲ တစ်ခုခု လိုအပ်ရင် အမေ့ကိုပြောပြဖို့ မမေ့နဲ့ဦးနော်"
လျိုရှုဟန်က ကြာရှည်လှတဲ့စကားဝိုင်းကိုအဆုံးသတ်ချင်နေပြီး နောက်ဆုံး အကျိုးရလဒ်အနေနဲ့ သူ့လက်ကို ဆုပ်ကိုင် ထားပေးရန် လက်လှမ်းလိုက် သော်လည်း ရှန်လျန်ရဲ့လက်က အလောင်းကောင်ကိုင်ထားခဲ့သေးတာကို တွေးမိပြီး လက်ပြန်ရုတ်လိုက်တော့သည် ။
"မင်ယွဲ့.... ပဉ္စမသခင်လေးကို လမ်းပြပေးလိုက်ပါ"
"ဟုတ်ကဲ့"
အသက် ၁၇နှစ် အရွယ် အစေခံကောင်လေး ထွက်လာသည်။
"ပဉ္စမသခင်လေး ...ဒီဘက်ကြွပါ"
သူ တုံးလင် အိမ်တော် ဟုရေးထားသည့် ဆိုင်းဘုတ်အား မော့ကြည့်လိုက်သည်။ထို့နောက် လက်သီးဆုပ်လျက် မေးမော့ကာ အိမ်တော်ထဲ လျှောက်ဝင်သွားသည်။ ချီယွဲ့နှင့်ချီရွှမ်းတို့နှစ်ဦးမှာ နောက်ပြန်လှည့်ကာ ရထားလုံး တွင်းမှ သစ်သားသေတ္တာကြီးအား သယ်ဆောင်ကာ လိုက်ဝင်လာသည်။
တုံးလင်အိမ်တော် သို့ ဂုဏ်သရေပျက် စွာ ဝင်ရောက်ရလုနီးပါးဖြစ်သည့် ကိစ္စမှာပြီးဆုံးပြီဟု ဆိုနိုင်သည်။
ရှန်လျန်၏ ကြီးမြတ်သည့် ဂုဏ်သတင်းမှာတော့ လျင်မြန်စွာ ပျံ့နှံ့သွားတော့မည်။ လုံယန် တစ်မြို့လုံး သူနှင့် ပတ်သက်သည့် ကောလဟာလ များစွာ ထွက်ပေါ်လာတော့မည်ဖြစ်သည်။
Words 2183
Grape 🍇