'မင်းကို လွမ်းလို့'
ရှန်လျန်တစ်ယောက်ထဲ ထိုသို့ ဖြစ်နေသည် မဟုတ်၊ ဖေးယွမ်ရွှင်းလည်း တူတူပင်ဖြစ်၏၊ အင်ပါယာတစ်မြို့လုံး၌ သူနှင့်အရင်းနှီးဆုံးဆိုလို့ ကျင်းရှီယန်သာရှိသည်။ သူ့ရဲ့ ထူးခြားတဲ့ ဘဝအနေအထားက တစ်နေ့မှာ ဒီတိုင်းပြည်ကို ပုန်ကန်နိုင်ချေရှိတာကြောင့် တော်ဝင်မိသားစုဝင်တွေနဲ့ တရင်းတနှီး မနေတာပဲဖြစ်သည်။
မိတ်ဆွေများလေ အနာဂါတ်အစီအစဉ်တွေမှာ အခက်အခဲ ကြုံရနိုင်လေမို့ အတတ်နိုင်ဆုံး တစ်ဦးတည်းခွဲထွက်နေခြင်းကသာ အကောင်းဆုံးနည်းလမ်းပင်။
"ရှီယန်က ကြင်နာပြီး သဘောထားကောင်းတဲ့ပုံပေါက်ပေမယ့် တစ်ကယ်တမ်း သူ့စိတ်က အေးစက်မာကျောတယ်၊ တော်ရုံလူက အရည်ပျော်အောင် မလုပ်နိုင်လောက်ဘူး၊ ပြီးတော့ မှူးကြီးမတ်ရာတွေရဲ့ သားသမီး လက်ထပ်ပွဲက မင်းသိတဲ့အတိုင်း မိဘတွေစိတ်တိုင်းကျစီစဉ်ခွင့်ရတာ မဟုတ်ဘူး၊ ကျင်းရှီယန်က ဟိုင်ရန်အမတ်ကြီးရဲ့သားဆိုတော့ သေချာပေါက် လွတ်လပ်ခွင့်မရဘူး၊ သူကိုယ်တိုင်ကလည်း လက်တွဲဖော်ရဖို့ မမျှော်လင့်ထားတော့ မိုးကောင်းကင်ကြီး သွေးမိုးရွာတဲ့နေ့မှပဲ ရှန်ကျိုးက ရှီယန်ကို လက်ထပ်နိုင်လိမ့်မယ်ထင်တယ်"
ဖေးယွမ်ရွှင်းက တစ်ဖက်လူရဲ့လက်ကို ဆုပ်ကိုင်ထားရင်း ခေါင်းငုံ့ကာ နှုတ်ခမ်းလေးကို အမှတ်တမဲ့ ငေးမိသည်။ တစ်ကယ်တမ်း မှူးမတ်တွေက ကိုယ့်သားသမီးရဲ့ ကိစ္စအပေါ် ဝင်ရောက်စွက်ဖက်တာမျိုး သိပ်မရှိပေမယ့် တိုင်းပြည်ဧကရာဇ်က အငြိမ်မနေပေ။ အသက်ဆယ့်ငါးနှစ်ပြည့်ပြီးသူတိုင်း လက်ထပ်လို့ရသည်ဟု ဥပဒေကပြဌာန်းထားသော်လည်း စိတ်တိုင်းကျလုပ်ဆောင်လို့မရနိုင်သည်ဖြစ်ရာ ကျင်းရှီယန်နဲ့တစ်ခြားသူများက ခုအရွယ်ထိ လက်မထပ်နိုင်ကြသေးခြင်းဖြစ်သည်။
"ရှန်ကျိုးတော့ စိတ်ဓာတ်ကျတော့မှာပဲ"
ဒီလိုဖြစ်မယ်ရှန်း ရှန်လျန် ခန့်မှန်းမိတာကြောင့် များစွာ မအံ့ဩမိ။ ကျင်းရှီယန်ရော ချင်ယွင်ရှန်းပါ စရိုက်မှန်ကို ဖုံးကွယ်ဖို့ လူကြီးလူကောင်းဟန်ဆောင်နေကြခြင်း ဖြစ်မှန်းအကဲခတ်မိပြီးသားပင်။ သူက ဒီတိုင်း ထိုကဲ့သို့လူမျိုးတွေနဲ့တွေ့ကြုံဖန်များတော့ သိနေပြီး ၊လေးစားမိသလို အတော်ကြောက်သည်။
"ကိုယ်လည်း နဂိုက စိတ်ခံစားချက်မရှိပဲ လက်ထပ်ဖို့လည်း တစ်ခါမှမစဉ်းစားမိဘူး၊ခုတော့ မင်းနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချမိသွားတယ်၊ မင်းတစ်ယောက်တည်းနဲ့ပဲ"
သူခေါင်းမော့လိုက်တာနဲ့ ဖေးယွမ်ရွှင်းရဲ့ နူးညံ့တဲ့ အပြုံးနဲ့ ရင်ဆိုင်လိုက်ရသည်။ ရေခဲတောင်လို အေးစက်တဲ့နှလုံးစားရှိတဲ့သူဟာ ချစ်ရတဲ့သူနဲ့တွေ့ရင်တော့ အရည်ပျော်ရတာပါပဲလား...။
"ကိုယ့်ကိုကိုယ် ဂုဏ်ဖော်ဖို့လည်း မမေ့ဘူးနော်"
ရှန်လျန် မတတ်နိုင်စွာနဲ့ ရယ်မိသည်။ ထို့နောက် တစ်ဖက်လူရဲ့မေးစေ့ကို မော့နမ်းလိုက်ပြီး..
"ဒီတစ်ခုက ဆုချီးမြှင့်တာ၊ အနာဂါတ်မှာဆက်ပြီး အလုပ်ကြိုးစားပေးပါဦး"
"ဆုချီးမြှင့်တယ်တဲ့လား? မိဖုရားခေါင်လေသံနဲ့"
ဖေးယွမ်ရွှင်းမှာ စိတ်ပျော်နေသည်။
ရှန်လျန်က တစ်ကယ်ကို အဆိုးလေး ဖြစ်ပြီး နှုတ်က ပြောရဲဆိုရဲသည်။
"ကျွန်တော်သာ မိဖုရားဆိုရင် ဧကရာဇ်က ခင်ဗျားပဲ! ခင်ဗျားမဟုတ်ပဲ တစ်ခြားဘယ်သူ့ကိုမှ ကျွန်တော် စဉ်းစားပေးမှာ မဟုတ်ဘူး"
"ဝမ်ဖေးရဲ့ ရည်မှန်းချက်က ကြီးလိုက်တာ၊အားလုံးကို မင်းရဲ့အပိုင် ဖြစ်အောင် လုပ်မယ့်ပုံပဲ!"
ရှန်လျန်ရဲ့ အကြည့်က လေးနက်တာကြောင့် မြင့်မြတ်တဲ့အရှိန်အဝါတစ်ခုကို ဖေးယွမ်ရွှင်း ခံစားလိုက်ရသည်။ ရှန်လျန်သာ လိုချင်ရင် ဘာမဆို ပိုင်ဆိုင်ရအောင် သူလုပ်ပေးမည်။ ရှန်လျန့်လမ်းမှာ ပိတ်နေသမျှ နတ်ဘုရားဖြစ်စေ၊နတ်ဆိုးဖြစ်စေ အမြစ်ပြတ်သုတ်သင်ပစ်မည်။ ရှန်လျန်က အမြင့်ဆုံးသို့ တက်ချင်လျှင်လည်း ပလ္လင်ပေါ်ထိုင်နေတဲ့သူကို တုံ့ဆိုင်းခြင်းမရှိ ကန်ချပေးမည်။
ဒီလိုပုံစံမျိုးနဲ့ လျန်လျန် စိတ်ချမ်းသာအောင် ဖေးယွမ်ရွှင်းက အလိုလိုက်မည်!
"ရည်မှန်းချက်မရှိတဲ့သူက လူဖြစ်ရှုံးတယ်မဟုတ်လား"
လူတိုင်းမှာ အိပ်မက်ကိုယ်စီတော့ ရှိသင့်၏။ ကြီးတာ သေးတာပဲ ကွာလိမ့်မည်။ ဖေးယွမ်ရွှင်းရဲ့ ဇစ်မြစ်ကိုသိပြီးကတည်းက ဧကရီရဲ့ နေရာက သူ့ဟာပဲဆိုတာ ရှန်လျန်သေချာသွားသည်။ မတော်လို့ ဖေးယွမ်ရွှင်းက သူ့အပေါ် သစ္စာဖောက်ရဲလျှင် တိုက်ရိုက် ကန်ချပစ်ပြီး သူကိုယ်တိုင် ဘုရင်လုပ်မည်။ 'ကော'သည်လည်း အမျိုးသားပေမို့ ဧကရာဇ် ဖြစ်ပိုင်ခွင့်ရှိသည်။ အစဉ်အလာမရှိလျှင် သူကပထမဆုံး 'ကော'ဘုရင် ဖြစ်ပေးနိုင်သည်။
"ဟုတ်တာပေါ့၊ ဧကရီနေရာက မင်းအပိုင်ဆိုမှတော့ ကိုယ် ပိုပြီးကြိုးစား ရတော့မယ်! "
"ဟုတ်သားပဲ၊ ခင်ဗျား ဒီနေ့ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ၊ ကျွန်တော်က မနက်ဖြန်မှ ခင်ဗျားဆီ လာမလို့"
ရှန်လျန်က မေးမြန်းရင်း အပေါ်ဝတ်ရုံနဲ့ ဖိနပ်ကိုချွတ်ကာ တရေးအိပ်ရန်ပြင်သည်။ မနက်ဖြန် ပြင်းထန်တဲ့တိုက်ပွဲရှိမှတော့ ပြည့်ပြည့်ဝဝအိပ်ပြီး အားမွေးသင့်သည်။
"မင်းမနက်ဖြန် တစ်ကယ်သွားမှာလား"
ဘုရင်အိုကြီးရဲ့ စနက်ကြောင့် မဟုတ်ရင်တောင် လျန်လျန်က ဒီနေ့ တစ်ခြားသူနဲ့ တွေ့နေသည်။
ဖေးယွမ်ရွှင်းရဲ့အသံက အားငယ်ပြီးကူကယ်ရာမဲ့ နေသည်။ သူ့အိမ်က လျန်လျန်ဟာ သူ့ကိုပိုပိုပြီး လစ်လျူရှုလာသလိုပဲ၊ ဘယ်သူ့ကိုမဆို သူ့ထက် ပိုဦးစားပေးတယ်။
" ရှန်ကျိုးက ရုတ်တရက် ရောက်လာမယ်မှန်း ဘယ်လိုလုပ် သိမလဲ?၊ သူ့အခြေအနေက အရေးပေါ်လေ .. ဧည့်သည်ကို ထားခဲ့လို့မှ မရတာ"
ဖေးယွမ်ရွှင်း ဖြစ်ပျက်နေတာကို ရှန်လျန် သဘောပေါက်ပြီး ပြုံးကာ အိပ်ရာပေါ် လှဲလိုက်သည်။ ဖေးယွမ်ရွှင်းလည်း သူ့နံဘေးမှာ ဝင်လှဲလိုက်ပြီးရှန်လျန့်ကို ရင်ခွင်ထဲ ဆွဲထည့်သည်။
"ကိုယ်သာ လာမရှာရင် မင်းက ကိုယ့်ကိုမေ့နေတာကြာလောက်ပြီ"
ပြဿနာက မကြီးပေမယ့် ဖေးယွမ်ရွှင်းရဲ့ အူတိုမှုက ပိုပိုများလာ၏။ မိန်းမတစ်ယောက်၏ ချဉ်စူးနေသော စိတ်ခံစားချက်နှင့်တူ၏။
"ကောင်းပြီ ဟုတ်ပါပြီ ကျွန်တော်မှားတာပါ၊ တစ်ကယ်ပဲ ခင်ဗျားရုတ်တရက်ကြီး ဘာလို့ ရောက်လာတာလဲ ပြောပြဦး"
ချစ်သူနှစ်ဦးကြားတီတီတာတာ ပြောဆိုရင်း ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့လက်မောင်းပေါ် ခေါင်းအုံးကာ သက်တောင့်သက်သာ နေရာယူလိုက်သည်။ မျက်ဝန်းက ပိတ်ထားသော်လည်း နှုတ်ခမ်းက ပြုံးနေသည်။ သူသည် အရင်ဘဝက အိမ်ထောင်ကျဖူးပြီးသား ကော တစ်ယောက်ဖြစ်သော်လည်း ယခု အခြားယောင်္ကျားနှင့်အိပ်ရာတစ်ခုထဲ မျှသုံးရခြင်းကို ရှန်လျန် နည်းနည်းမှ မရှက်ပေ။ ကပ်သပ်ပြောရလျှင် ခုမှသာ သဘာဝကျပြီး သက်တောင့်သက်သာရှိသည်ဟု ခံစားရလို့ပင်။
"မင်းကို လွမ်းလို့ပေါ့၊ တစ်ခြားဘာရှိသေးလို့လဲ"
ရှန်လျန်ရဲ့နဖူးကို ငုံ့နမ်းလိုက်ကာ ပြောသည်။
"ရှေ့ရက်က ဧကရာဇ် မင်းကို အထူးဆင့်ခေါ်ချင်နေတာ၊ မိဖုရားစျာပနအခမ်းအနားကို အကြောင်းပြပြီး မင်းနဲ့ တွေ့ချင်နေတာ၊ ကိုယ်အချိန်မှီတားလိုက်နိုင်လို့ပေါ့.. လျန်လျန်.. မင်းက တစ်ကယ်တမ်း ကိုယ်နဲ့တရားဝင်လက်မထပ်ရသေးဘူး၊ ဘာကိစ္စ အဝတ်ဖြူခြုံပြီး ဂါရဝသွားပြုရမှာလဲ? ဧကရာဇ်က တော်တော် အိပ်မက်မက်တတ်တဲ့သူပဲ"
ဒီမနက်ခင်းမှ တော်ဝင်နန်းတော်က သူပြန်ရောက်တာဖြစ်သည်။ ဧကရာဇ်က ဒေါသမာန်ထပြီး ကျန်နေခဲ့ရာ တစ်ချိန်ချိန် ပြဿနာ ရှာမှာကိုစိုးရိမ်၍ဖြစ်၏။
"အွန်း.. ခင်ဗျားဆုံးဖြတ်လိုက်လေ..."
ရှန်လျန်ရဲ့ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး အိပ်မောကျသွားတော့သည်။
ဖေးယွမ်ရွှင်းက နောက်ကျောဘက်ကို အသာ ပုတ်ပေးကာ..
"အိပ်လိုက်၊ စိတ်ထဲ အရမ်းထည့်မထားနဲ့၊ ကိုယ်ရှိတယ်"
"အင်း..."
မရှေးမနှောင်းမှာပဲ ရှန်လျန်ရဲ့ အသက်ရှူသံက ပုံမှန်ဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
"ကိုယ့်အပေါ် များများမှီခိုပေးဖို့ မျှော်လင့်မိတယ်၊ ဝန်အားလုံးကို တစ်ယောက်ထဲ မထမ်းပါနဲ့လား"
မျက်နှာချင်းဆိုင်က ရှန်လျန်ရဲ့ အိပ်မောကျနေတဲ့ မျပ်နှာလေးကို တိတ်တိတ်လေး ငေးနေမိသည်။ တစ်ချို့ ကိစ္စတွေကို ဖေးယွမ်ရွှင်း အကုန်မသိပေမယ့် မေးဖို့ အချိန်မကျသေးဘူးလို့ပဲ တွေးလိုက်သည်။ ဒီတိုင်း ရှန်လျန့်ကို ဘာမှ ဂရုစိုက်စရာမလိုပဲ ပျော်ပျော်ရွှင်ရွှင်သာ နေစေလိုသည်။ ဖိအားတွေနဲ့ အတွေးနက်နေတာမျိုး မမြင်ချင်တော့ပါ။
"သခင်.. အရေးပေါ်သတင်းရှိပါတယ်"
အချိန်မည်မျှ ကုန်သွားသည်မသိ ထျန်းရှု ရောက်လာသည်။ အိပ်ရာတစ်ခုထဲ စောင်တစ်ခုအောက်ထဲ အတူရှိနေတဲ့ လူနှစ်ယောက်ကိုကြည့်ရင်း ထျန်းရှုအကြည့်တွေကို အောက်ချလိုက်သည်။
သူ့သခင်နှစ်ယောက်က ဘယ်လိုဖြစ်လို့ လက်ထပ်ပြီးနောက်ပိုင်းမှလုပ်သင့်တဲ့ တာဝန်တွေကို စိတ်မရှည်ဖြစ်နေကြတာလဲ? ဒီနှစ်ယောက်က သိက္ခာ မစောင့်ထိန်းကြတော့ဘူးလား?
"အင်း"
ထျန်းရှု လာဖျက်ဆီးသောကြောင့် ချစ်သူ့မျက်နှာလေးကို ဆက်ငမ်းရန် အခွင့်မသာတော့ပါ။ ရှန်လျန် မနိုးသွားတာသေချာမှ စောင်အသာလှပ်ကာ ထလိုက်သည်။ မသွားခင် ရှန်လျန့်ကိုစောင်ပြန်ခြုံပေးဖို့နဲ့ နဖူးပေါ်အနမ်းတစ်ပွင့်ချန်ခဲ့ရန်လည်း မမေ့ပါချေ။
ရှန်လျန်နိုးလာသောအခါ ညနေ6နာရီ ထိုးနေလေပြီ၊ ဖေးယွမ်ရွှင်း၏ အရိပ်အယောင်ကိုမမြင်ရသဖြင့် သွားလိုက်ပြီထင်၏။ ရှန်လျန်သည် ထရန် အလျင်မလိုပဲ တစ်ခဏ လှဲနေလိုက်သေးသည်။ ပြီးမှ ရီဝေဝေနှင့် ထထိုင်လိုက်သည်။
ညစာစားပြီးနောက်မှာတော့ လေ့ကျန်းအား လုပ်ဆောင်ရန် အစီအစဉ်များကို ရှင်းပြပြီး ဖြစ်ကာ ၊လင်အန်းအိမ်တော်သို့ ရှန်ကျိုးနဲ့ သူ့ရဲ့တွေ့ဆုံမှုအကြောင်း သတင်း ပို့ရန်လည်း မမေ့ခဲ့ပါချေ။
ကံကောင်းစွာနဲ့ အချိန်တစ်လ ကျန်သေးသည်။ တစ်ရက်နှစ်ရက် နောက်ကျသွားပါက ပြဿနာ ဖြေရှင်းရန် မမှီနိုင်တော့ချေ။
.......
"ဘာပြောတယ်? စတုတ္ထမင်းသားက ဘုရားကျောင်းကို လာမှာလား"
ချန်ဝေခြံဝန်းတွင် ဖြစ်၏။
ရှန်ချန်က သူ့အနားသို့ ဆွဲလိုက်ရာ လုကျီလည်း ထိတ်လန့်သွားသည်။နောက်မှ တုန်တုန်ရင်ရင်နဲ့ ခေါင်းငြိမ့်လိုက်ပြီး...
"ဟုတ်ကဲ့ သခင်မလေး၊ ကျွန်မ အဲ့ဒီသတင်းကို စတုတ္ထမင်းသားအိမ်တော်မှာ အလုပ်လုပ်တဲ့ အစေခံဆီက ကြားလာတာပါ၊ အရှင့်သားက ပြည်သူတွေအတွက် ဆုတောင်းဖို့ သွားပါမယ်တဲ့"
ဤ အခွင့်အရေးက ရခဲသည်။ သူတို့သခင်မလေးရဲ့ ဂုဏ်သတင်းက ပဉ္စမသခင်လေးကြောင့် ပျက်စီးခဲ့ရကာ တော်ဝင်မင်းသားများရဲ့ အာရုံစိုက်မှုရရန် ခက်ခဲသွားသည်။ သို့သော် ယခု အမှတ်မထင်တွေ့ဆုံမှုလေးကြောင့် သခင်မလေးရဲ့အလှက်ုမြင်ပြီး ကြင်ယာတော် နေရာရရန် ပြန်လည် စွမ်းဆောင်နိုင်လေမလား?
"ဒါေပမယ့် ငါဘယ်လိုလုပ်ရမလဲ?အမေက မနက်ဖြန်မလိုက်တော့ဘူးလေ"
လုကျီတောင် ဒီအချက်ကို တွေးမိမှတော့ ရှန်ချန်လည်း မတွေးမိပဲ မနေချေ။ အမေက မနက်ဖြန် သူ့ကို အိမ်ပြင်မထွက်ဖို့ သေချာ မှာထားကာမှ!တစ်ကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်မခံလိုက်ရင် သူ့အမေရဲ့ အစီအစဉ်ကို ဖျက်ဆီးသလိုဖြစ်သွားမလား?
အမေ့စကားနားထောင်ပြန်ရင်လည်း သူမရဲ့ လက်ရှိဂုဏ်သတင်းနဲ့ တော်ဝင်မင်းသားကို နောက်တစ်ခါဆုံဖို့ အခွင့်အရေးမရှိတော့မှာ စိုးရသည်။ မင်းသားထဲမှာမှ နူးညံ့ကြင်နာတတ်တဲ့ စတုတ္ထ မင်းသားလေ....။
"သခင်မလေး သခင်မနဲ့ ဆွေးနွေးကြည့်ပါလား"
သခင်မလည်း သူ့သမီးကို ဒီလိုကြုံတောင့်ကြုံခဲ အခွင့်အရေးနဲ့ လွှဲသွားစေမှာ မဟုတ်လောက်။
"တော်ပြီ၊ အမေက အစ်ကို့ကိစ္စနဲ့ခေါင်းကိုက်နေတာ၊ ငါ့ကိုဂရုစိုက်အားမှာ မဟုတ်ဘူး"
ရှန်ချန်က ခေါင်းယမ်းပြီး အံကြိတ်ကာ ဆိုသည်။
"အမေ့ကို မပြောတော့ဘူး၊ မနက်ဖြန် အဖွားနဲ့ ဘုရားကျောင်းကိုလိုက်သွားမယ်၊ အမေသိသွားတဲ့ အချိန် ငါလည်း လမ်းမှာ ရောက်နေလောက်ပြီ၊ ကျန်တာ နောပ်မှရှင်းမယ်၊ သူအပြစ်ပေးမယ်ဆိုလည်း ခံလိုက်ရုံပေါ့"
စတုတ္ထမင်းသားနဲ့ ဆုံခွင့်ရမှာဆိုတော့ ဘယ်နည်းနဲ့မှ ဒီအခွင့်အရေးကို ဆုံးရှုံးမခံနိုင်ပေ။
"အ..အဆင်ပြေပါ့မလား? သခင်မ သိရင် ဒီအစေခံကို သေချာပေါက် အပြစ်တင်မှာ"
သခင်မလေးက သခင်မရဲ့သမီးဖြစ်တာကြောင့် အများဆုံး အဆူခံရရုံဖြစ်လိမ့်မည်။ သူ့လိုအစေခံနဲ့ နှိုင်းယှဉ်၍ မရနိုင်။
"ဘာလို့အဲ့လောက်ကြောက်နေတာလဲ? အမေဆူရင် ဒီက မမလေးက နင့်ကို ကာကွယ်ပေးမှာပေါ့"
ရှန်ချန်က စူအောင့်အောင့် ပြောရင်း အလှပြင်ခုံနားသွားကာ အလှဆင်ရတနာသေတ္တာကိုဖွင့်လိုက်သည်။
ထို့နောက် လှပဖြူဝင်းတဲ့ ပုလဲ အဆင်တန်ဆာ မျိုးစုံကို စိတ်ကြိုက် ရွေးချယ်နေလေသည်။ သူမ စတုတ္ထ မင်းသားကို ရအောင် ဆွဲဆောင်ရမည်။ အရှင့်သားနဲ့ လက်ဆက်ပြီး တော်ဝင်မျိုးနွယ်ထဲ ဝင်နိုင်သွားပါက ချင်ဖင်းမြို့စားကတော်ရှန်လျန် ဟာ သူမကို ဦးညွှတ်ရမှာဖြစ်၏။ ဒါ့အပြင် ကံကောင်းလျှင် စတုတ္ထမင်းသားက နန်းတက်နိုင်ပြီး တုံးလင်အမတ်ကြီးရဲ့သမီးအနေနဲ့ သူမရဲ့ အဆင့်ဟာ အလိုအလျောက် မိဖုရားခေါင် ဖြစ်သွားမှာ ပင်။ ထိုအခါ အရာရာတိုင်းက သူမရဲ့ခြေဖဝါးအောက် ရောက်သွားတော့မှာ မဟုတ်လား?
"သခင်မလေး ရှင့် ၊ သခင်မလေးကိုသတိပေးစရာလေးရှိလို့ပါ၊ ဒီအစေခံကို စိတ်မဆိုးပါနဲ့နော်"
သခင်မလေးက အရမ်းပျော်ရွှင်နေပုံရတာကြောင့် လုကျီ မဝံ့မရဲနှင့် သူ့ သခင်မလေး ကောင်းဖို့အတွက် အကြံပေးစကား ပြောသည်။
"ဘာများလဲ"
ရှန်ချန်က စိတ်ကောင်းဝင်နေပြီး သူမ လက်နဲ့ ကိုင်လိုက်တဲ့ ရတနာတိုင်းက ထယ်ဝါပြီး ဆန်းပြား၏။ တန်ဆာ အားလုံးက လက်ရာမြောက်စွာ လှပနေသော်လည်း စိတ်တိုင်းမကျနိုင်သေး၊ အဆင်တန်ဆာ အသစ် ထပ်မံ မှာယူချင်ပေမယ့် အချိန်မမှီတော့တာကို မုန်းမိသည်။ ပြီးတော့ ရှန်ရှောင်နဲ့ ရှန်ယန်ကို လွတ်မြောက်စေဖို့ တုံးလင်အိမ်တော်က ဆိုင်ခန်းတွေနဲ့၊ ကုန်စည်တွေကိုရောင်းချပြီး ကယ်တင်ထားရရာ ရှန်ချန်သည် အရင်ကလို ဂရုမစိုက်ပဲ ဖြုန်းတီးလို့မရတော့ပေ။
"အဲ့ဒါက ပဉ္စမသခင်လေးကိုပါ၊ မနက်ဖြန် ကျရင် သခင်မလေး သူ့ကို သွားမနှောင့်ယှက်ပါဘူးလို့ ကတိပေးရပါမယ်၊ တတ်နိုင်သမျှ သူနဲ့ဝေးဝေးနေရမယ်နော် သခင်မလေး"
လုကျီက သခင်မလေးကို အထင်သေးတာမျိုးမဟုတ်ပေမယ့် သခင်မလေးရဲ့ ကြံစည်မှု အကွက်တွေက ကလေးကလားဆန်သည်။ စတုတ္ထမင်းသား၏ ရှေ့မှောက်၌ ကြီးမားတဲ့ ပေးဆပ်မှုမျိုး ဖြစ်သွားမှာ စိုးရိမ်လို့ ကြိုသတိပေးခြင်းဖြစ်သည်။
ရှန်ချန် ထိုစကားကြားသည်နှင့်....
" ပဉ္စမသခင်လေး ဟုတ်လား"
ရတနာရွေးနေတဲ့ လက်က လေထဲ ရပ်တန့်သွား၏။ လှပသေးသွယ်တဲ့ မျက်နှာက ရုတ်ချည်း အကျည်းတန်သွားသော်လည်း မနက်ဖြန်မှာ စတုတ္ထမင်းသားနဲ့ တွေ့ဆုံခွင့်ရမည်ဟု တွေးမိလိုက်ရာ ပျော်ရွှင်သည့် လေသံဖြင့်ပြောလိုက်သည်။
"ဒီသခင်မလေးက သူ့ကိုမနှောင့်ယှက်ရင်တောင် ဖွားဖွားကြီးနဲ့ ဒုတိယ၊ တတိယ ဒေါ်လေးတို့က သူ့ကို လွယ်လွယ်နဲ့ လွတ်ပေးမှာ မဟုတ်ဘူး၊ ဟွန့်! သူတို့အချင်းချင်း ခွေးတွေလို ကိုက်ဖြဲကြပါစေ၊ ငါက အေးဆေးထိုင်ပြီး ပွဲကောင်းကို ကြည့်နေလိုက်မယ်"စ
"ဟုတ်တယ်ရှင့် ၊ သခင်မကြီးတို့ ကိုင်တွယ်မှာမို့ ကျွန်မတို့က ပွဲကြည့်ရုံပါပဲ"
လုကျီ စိတ်သက်သာရာ ရမိ၏။ ပဉ္စမသခင်လေးလည်း သူတို့ကို အဖက်လုပ်အားမှာ မဟုတ်ဘူးဆိုမှတော့ မနက်ဖြန်ခရီးစဉ်က အတော်လေးချောမွေ့မှာပါလေ...။
သခင်မလေးနဲ့ အစေခံမလေးဟာ အတွေးကိုယ်စီနဲ့ ရှိနေကြပြီး တစ်ကယ်တမ်း ရှန့်ကော ဘုရားကျောင်းသွားမယ့် ခရီးစဉ်ကို လိုက်ပါမယ့် စတုတ္ထမင်းသားချင်ယွင်ရှန်းဟာ ရှန်လျန်နဲ့ လေ့ကျန်းမှ စီစဉ်ထားတာဖြစ်ပြီး သူတို့ကို ဒုက္ခပေးဖို့ဖြစ်မှန်း ထင်မထားမိကြပေ။
ပိုအရေးကြီးသည်က ချင်ယွင်ရှန်း ကိုယ်တိုင်ပင် နောက်တစ်ရက်မှာ ရှန့်ကောဘုရားကျောင်းသို့ ဆုတောင်းဖို့ သွားရမယ်မှန်း မသိသေးချေ။
Words2758
Grape 🍇