'မြို့ပြင်ထွက်လို့ ဧကရာဇ် အမျက်ထွက်ပြီ'
ညသန်းခေါင် လူခြေတိတ်ချိန်ရောက်နေသော်လည်း မင်းသားကျန်း နတ်ရွာစံသည့်ကိစ္စကြောင့် တစ်မြို့တော်လုံးရှိလူများသာမက လမ်းဘေးရှိ ဒုက္ခသည်၊အိမ်ခြေရာမဲ့များပင် ကောင်းစွာ အိပ်စက်နိုင်ခြင်းမရှိသေးချေ။ မြို့ဝင်ဂိတ်ပေါက်တိုင်းမှာလည်း အစောင့်အကြပ်စစ်သည်ထူထပ်စွာ ချထားပြီး ယင်ကောင်ဖြတ်ပျံဖို့ပင် မလွယ်ကူလောက်။
ထိုအချိန်တွင် သစ်မွှေးဖြင့်တည်ဆောက်ထားသော လှည်းယာဉ်တစ်စီးက ဗလာကျင်းနေသည့် လမ်းမကြီးတစ်လျှောက် မောင်းနှင်လာသည်။ လှည်း၏ဘေးတစ်ဖက်တစ်ချပ်နှင့်နောက်ပါးတွင် အနည်းဆုံး အယောက်တစ်ရာခန့်ရှိမည့် အနက်ရောင်ဝတ်တပ်ရင်းတစ်စုက လိုက်ပါလာ၏။ လှည်းရထား၏ဦးတည်ရာက မြို့အရှေ့ဂိတ်ပေါက်ဖြစ်လေသည်။
"ယွီး..."
ဂိတ်စောင့်တာဝန်ကျသည့် အရာရှိများက လှည်းရထားကို ဟန့်တားလိုက်ကြသည်။ ထိုအခါ စီးနင်းလိုက်ပါလာသူက ချင်ဖင်းမြို့စားအိမ်တော်မှ ဖြစ်ကြောင်း အသိပေးရန်အတွက် ထျန်းရှုက ချက်ချင်းပဲ ရှေ့ထွက်လိုက်သည်။
"မြို့စားမင်း အမဲလိုက်ထွက်မလို့၊ ဂိတ်တံခါးဖွင့်လိုက်ကြစမ်း!"
သို့ပေမယ့် သံမဏိတပ်ဖွဲ့ဝင်တွေကိုမသိတဲ့ စစ်သည် တစ်ဦးမှမရှိသလ်ု ချင်ဖင်းမြို့စားမင်း၏ လှည်းရထားကို မသိသူလည်း မရှိရဲ။
သိသိရက်နဲ့ တားရခြင်းအကြောင်းက ရှန်ချောင်ကြောင့် တော်ဝင်ညီတော် အသတ်ခံရသည့် အမှုကိုအကြောင်းပြုပြီး ဘုရင့်အမိန့်မပါပဲ တစ်ဦးတစ်ယောက်မှ မြို့ပြင်သို့ထွက်ခွင့်မပြုဟု ဧကရာဇ်က တော်ဝင် အမိန့်ချမှတ်ထားသောကြောင့်ဖြစ်သည်။
အစောင့်စစ်သည်များက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ချင်ဖင်းမြို့စားကို မည်သူမှ မတားရဲကြသလို ဘုရင်၏အမိန့်ကိုလည်းမဖီဆန်ရဲကြချေ။
"ဘယ်သူပဲဖြစ်နေပါစေ ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်မပါပဲ မြို့ပြင်ထွက်ခွင့်မရှိဘူး"
ငယ်ရွယ်ပြီးလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အသံလာရာဆီသို့ လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ မြင်းပေါ်က လင်းယွီချိန်ကိုတွေ့သည်နှင့် စိတ်သက်သာရာရသွားကြ၏။ ထျန်းရှုက မျက်မှောင်ကြုတ်လိုက်သည်။
"ဗိုလ်ကြီးလင်း ကျွန်တော်တို့မြို့စားမင်းက မြို့ပြင်ထွက်ချင်တာဆိုရင်ရော အတူတူပဲလား"
ချင်ဖင်းမြို့စားမင်းက ဥပဒေမဲ့ပြုမူဖူးတာ တစ်ကြိမ်နှစ်ကြိမ် မကပေ။ ကိုယ်ကျင့်တရားကောင်းတွေလည်း ဂရုစိုက်တတ်သူမဟုတ်တာကြောင့် ဧကရာဇ်က အပြစ်ဆိုရင်တောင် လုပ်ချင်ရာလုပ်တတ်သူပင်။ မည်သူမှ တားဆီးနိုင်စွမ်းမရှိချေ။
"တပ်မှူးခင်ဗျ၊ ကျွန်တော်က တော်ဝင်မျိုးနွယ်ဖြစ်တဲ့ မြို့စားမင်းကို မတားဆီးဝံ့ပါဘူး၊ တောင်းဆိုချင်ရုံပါ၊ ဒီလိုဆိုရင်ရော..မြို့စားမင်းမြို့ပြင်ထွက်ဖို့ ဧကရာဇ်ဆီက ခွင့်ပြုမိန့်အရင်သွားတောင်းလိုက်ရင် အဆင်ပြေမလား"
လင်းယွီချိန်က အကျဉ်းအကြပ်ကြားထဲ အလျင်အမြန် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ဝမ်ယွဲ့မြို့မှာရှိစဉ်က အဖေ သူ့ကို သတိပေးထားသည့် စကားရှိသည်။ ချင်ဖင်းမြို့စားမင်းကို လွန်စွာလေးစားရမည်ဖြစ်ပြီး ရန်ဘက်ဖြစ်ရန်ဆန္ဒမရှိဟူ၏။
"ရယ်ချင်စရာကောင်းပါဘိ၊ မြို့ပြင်ကိုထွက်ဖို့ ကျုပ် ဘယ်တုန်းက ခွင့်ပြုမိန့် လိုသွားတာပါလိမ့်?"
ထျန်းရှု မပြောရသေးခင် ဖေးယွမ်ရွှင်း၏ ခြယ်လှယ်နိုင်စွမ်းရှိသည့် အသံဩဩကို ကြားလိုက်ရသည်။
လင်းယွီချိန် ရုတ်တရက်ကြီး ခေါင်းကိုက်လာသည်။ တိုင်းပြည်၏အာဏာရှင် အရှင်သခင်ကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သလို ချင်ဖင်းမြို့စားမင်းသည်လည်း ထပ်တူ အဆင့်အတန်းမြင့်မားသည် ။
အခြေအနေက ပိုပိုပြီး တင်းမာလာသည်။ သံမဏိတပ်သားတွေက အနုနည်းပြောမရလျှင် အကြမ်းနည်းကိုင်ရန် လက်သီးလက်မောင်း တန်းနေပြီး မြို့စောင့်တပ်သားတွေမှာလည်း ချင်ဖင်းမြို့စားမင်းကို စုံစမ်းမေးမြန်းရန်အတွက် အခက်အခဲရှိနေကြသည်။အချိန်မရွေး လူ့လောကမှ ပျောက်ကွယ်သွားနိုင်သည့်အတွက် အစောတလျင် မဆုံးဖြတ်ရဲကြချေ။
"ဒါဆိုရင် မြို့တံခါးဖွင့်ပေးလိုက်ပါမယ်၊ တစ်ခုတော့ရှိတယ်ဗျ၊ မြို့စားမင်းရဲ့ လှည်းရထားထဲ တစ်ခြားဘယ်သူပါသေးလဲ စစ်ဆေးခွင့်ပြုပါ ၊ ဒီလိုလုပ်ရင် နှစ်ဦးနှစ်ဖက်လည်း အဆင်ပြေပါလိမ့်မယ်"
"ကောင်းပြီလေ"
လင်းယွီချိန် ဒီနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိ သုံးလိုက်သည်။ ရွေးချယ်စရာမှ မရှိတော့ပဲလေ၊ဧကရာဇ်ကို တင်ပြရာ၌ အကြောင်းရင်း ရသွားသလို၊ ချင်ဖင်းမြို့စားမင်းလည်း ရှန်ချောင်တို့မိသားစုကို ကာကွယ်ပေးမယ့်သူမျိုးလို့ မထင်သဖြင့် စစ်ဆေးမှုကို လက်ခံလောက်သည်။
ဖေးယွမ်ရွှင်းက သဘောမတူချင်ပေမယ့် ရှန်လျန်က အသာ ဆွဲထားပြီး ခေါင်းယမ်းပြသည်။ ဖေးယွမ်ရွှင်းက လိုက်လျောစွာဖြင့် ပြောလိုက်ရသည်။
"လာစစ်ဆေးပါ၊ အရှက်ရစေတယ်လို့တော့ အထင်မရောက်နဲ့ပေါ့"
တစ်ကယ်ကြီး လက်ခံလိုက်သဖြင့် လင်းယွီချိန် မှင်သက်မိသွားသည် ။ စကားနည်းနည်းဆက် ပြောရဦးမည်ဟု ထင်နေမိခဲ့သည် မဟုတ်လား။
"ဗိုလ်ကြီးလင်း ခပ်သွက်သွက်လေး စစ်ဆေးပေးနိုင်မလား၊ ကျွန်တော်တို့ အလျင်လိုနေလို့ပါ"
ထျန်းရှုက ငေးငိုင်နေတဲ့သူ့ပုံစံကြောင့် သတိပေးလိုက်သည် ။ထိုအခါမှ လင်းယွီချိန်က သတိဝင်လာပြီး လှည်းရထားဆီ တိုးကပ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပဲ လိုက်ကာကို အားနဲ့ဆွဲဖွင့်စစ်ဆေးလိုက်သည်။ စိတ်ကိုပြင်ဆင်ထားသော်လည်း ဒီတစ်ကြိမ်တွင် မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်ခဲ့သည်။
"မင်း..."
မျက်လုံးပင့်လိုက်တာနဲ့ ရှန်လျန်က ပြုံးပြီး သူ့ကိုကြည့်နေတာ တွေ့လိုက်ရသည်။ လင်းယွီချိန်၏ရုပ်က စူးစူးရဲရဲ ပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် ရှန်လျန်က လက်ညိုးထောင်ပြီး တိတ်တိတ်နေရန်အချက်ပြသည်။ လေသံလေးဖြင့်..
"ဗိုလ်ကြီးလင်း... ဝမ်ရယ်က ကျွန်တော် နယ်စွန်နယ်ဖျားမှာကြီးပြင်းခဲ့ရတာ သိတော့ အမဲလိုက်တဲ့ဆီ ခေါ်သွားပေးမလို့ပါ၊ ဖုန်းမင်တောင်ကို သွားကြမှာ၊ ကျွန်တော်နဲ့ ဝမ်ရယ်က စေ့စပ်ထားပြီးပေမယ့် လက်မထပ်ရသေးတော့ သတင်းပျံ့သွားရင်လည်း အများပြောစရာဖြစ်လိမ့်မယ်၊ ဗိုလ်ကြီးလင်းက ကူပြီး လျှို့ဝှက်ထားပေးပါဦး ၊ရှန်လျန်က အဲ့ဒီကျေးဇူးကိုအမြဲ အမှတ်ရနေပါ့မယ်"
ဒါ သက်သက်ခွေးစာကျွေးပြီး အနိုင်ကျင့်တာပဲ!
လင်းယွီချိန် မျက်ရည်မကျပဲ ငိုနေသည်။
သူငြင်းလို့ မရတော့ဘူးမဟုတ်လား?အစကတည်းက ဒီတိုင်းပေးထွက်လိုက်ရင်ပြီးရော၊ ဘာကိစ္စလျှာရှည်ပြီး လှည်းထဲ ဝင်စစ်မိတာလဲ?ထားပါတော့လေ.. ဘာပဲဖြစ်ဖြစ် ရှန်လျန်နဲ့ ရှန်ချောင်တို့မိသားစုက သွေးသားတော်စပ်တာမှမဟုတ်တာ၊ ဘာမှတော့ မဖြစ်လောက်ပါဘူး၊ ဧကရာဇ် ဒေါသထွက်ရင်တောင် သူ့ကို အပြစ်ဆိုလို့ မရနိုင်ဘူး။
"မင်းတို့ တစ်ကယ် အမဲလိုက်ထွက်မှာလား"
ဘာလို့ဒီအချိန်မှလဲ? တုံးလင်အိမ်တော်က ဒီလောက် ဂယက်ရိုက်နေတာ!
"ဝမ်ရယ် ကျွန်တော့်ကိုဘာလို့ ဒီအချိန်မှ ခေါ်တာလဲ"
"ကိုယ်လဲ ဒီတိုင်းပဲ ခေါ်လိုက်မိတာကို"
လင်းယွီချိန် မေးမိတဲ့ ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်သွားသည်။
"ဗိုလ်ကြီးလင်း ကျွန်တော်တို့ကို မြို့ပြင်ထွက်ခွင့်ပေးပါ၊ တစ်ကယ်လို့ ဧကရာဇ် အမျက်ထွက်ရင် ချင်ဖင်း မြို့စားမင်းက အတင်းထွက်သွားတာလို့ဖြေလိုက်ပါ၊ မြို့စားမင်းနဲ့ တိုက်ရိုက် တွေ့ကြပါစေ"
ရှန်လျန် လက်သီးစု သဏ္ဍာန်လုပ်ပြီး အကူအညီတောင်းသည်။ ဘာကြောင့်ရယ် မသိ စိတ်ထဲတွင် လင်းယွီချိန်က သေချာပေါက် ကူညီမယ်လို့ ထင်နေသည်။
"ကောင်းပြီလေ... ဂိတ်တံခါးဖွင့်ပေးလိုက်ပါမယ်၊ အမဲလိုက်ပါ၊ လူသွားမသတ်တာပဲ ဟုတ်လှပြီ"
လင်းယွီချိန် ယဉ်ကျေးတဲ့စကားပင် ထိန်းသိမ်းကာ မပြောနိုင်တော့ပါ၊ စစ်ဝတ်စုံကို ပြန်ပြုပြင်ပြီး လှည်းထဲက လှည့်ထွက်ခဲ့သည်။ လှည်းလိုက်ကာပါ အရှိန်နဲ့ပိတ်ပစ်ခဲ့လိုက်သေး၏။ ရှန်လျန်က အားနည်းတဲ့ ကော တစ်ယောက်ဖြစ်ပြီး၊ ထက်မြက်တဲ့သူဖြစ်နေရင်တောင် မဟုတ်တာလုပ်ဖို့ကြိုးစားနေပါက ဟန့်တားရန် သူ့တွင် တာဝန်ရှိ၏။
"ဂိတ်တံခါးဖွင့်!"
လင်းယွီချိန်က မြင်းကုန်းနှီးပေါ် ပြန်တက်လိုက်ပြီး အမိန့်ပေးသည်။ လေးလံသည့်တံခါးမကြီးက တအိအိ ပွင့်ဟသွား၏။
"ကျေးဇူးပါ"
ထျန်းရှုက ကျေးဇူးစကားပြောလိုက်သည်။ ထို့နောက် သံမဏိတပ်သားများ လိုက်ပါစောင့်ရှောက်တဲ့လှည်းက လျင်မြန်စွာ ထွက်ခွာခဲ့သည်။ မြို့နဲ့ ခပ်လှမ်းလှမ်းရောက်သည်နှင့် နောက်ယောင်ခံ လိုက်လာမည့်သူမရှိသည့်အတွက် ညအမှောင်ကို အကျိုးရှိစွာအသုံးချရင်း ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်သည် အခြားလှည်းကိုပြောင်းလဲ စီးလိုက်သည်။
သံမဏိတပ်သားများနဲ့ အရိပ်တပ်သားတို့သည်လည်း ဝတ်စုံပြောင်းလဲလိုက်ကြပြီး အဖွဲ့သုံးဖွဲ့ခွဲကာ မတူညီသည့် လမ်းကြောင်းသို့ခွဲထွက်လိုက်ကြသည်။
******
"ဒုန်း!"
"သူဘာလုပ်ချင်နေတာလဲ? ပုန်ကန်ချင်တာလား"
ချင်ဖင်းမြို့စားမှ မြို့ပြင်သို့အတင်းထွက်သွားတဲ့သတင်းဟာ အချိန်ကြာကြာ ဖုံးဖိထားလို့မရချေ။ များမကြာမှီအချိန်အတွင်း နန်းတွင်းသို့သတင်းရောက်ရှိသွားခဲ့၏။ တစ်ညလုံးမအိပ်ပဲရှိတဲ့ ဧကရာဇ်မင်းက အမျက်တော်ရှပြီး လက်လှမ်းမှီရာ ပစ္စည်းတွေ ကောက်ပေါက်တော့သည်။ ဦးရီးတော် တစ်ယောက်လုံး နတ်ရွာစံတာတောင် ဖေးယွမ်ရွှင်းက ပြဿနာရှာနိုင်သေးသည်။
ဒေါသထွက်ပြီးသေစေချင်နေတာ ဖြစ်လိမ့်မည်။
"အရှင် စိတ်လျှော့တော်မူပါ၊ မြို့စားမင်းရဲ့ အပြုအမူက လွန်သွားတယ် ဆိုပေမယ့်...."
ရန်အန်းကုန်းကုန်းက တစ်စုံတရာကိုပြောချင်သော်လည်း မဝံ့မရဲဖြစ်နေရာ ဧကရာဇ်ရဲ့အမျက်ဒေါသက ပိုဆိုးလာသည်။
"ဆိုပေမယ့် ဘာဖြစ်သလဲ၊ ကုန်းကုန်း ..ပြောစရာရှိတာ မြန်မြန်ပြော၊ မပြောချင်ရင်လည်း ထွက်သွားလိုက်တော့"
"မြို့စားမင်းရဲ့ နေပုံထိုင်ပုံကို အရှင်လည်း သိပြီးသားပါပဲ၊ တစ်ကယ်လို့ မြို့စားမင်းမှာ မရိုးသားတဲ့စိတ်ရှိရင် အရှင် ကောင်းကောင်း အိပ်ပျော်နိုင်မှာတောင် မဟုတ်ဘူး"
"အတင့်ရဲလိုက်တာ!!"
"အရှင်မင်းကြီး အသက်ချမ်းသာပေးတော်မူပါ"
ဧကရာဇ်က ထိုစကားကြောင့် ဆတ်ဆတ်ခါနာသွားသည်။ ရန်အန်းကုန်းကုန်းက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး အသနားခံသည်။ ဧကရာဇ်က အမျက်ထွက်ထွက်နဲ့ နောက်ဘက် ချာခနဲ လှည့်ကာ ကျောပေးထားသည်။ မိနစ်ဝက်လောက်ကြာသော် နန်းပလ္လင်ပေါ် ထိုင်ချလိုက်ပြီး...
"ထားလိုက်တော့၊ ကိုယ်တော် အခု သေလောက်အောင် အမျက်ထွက်နေလည်း သူမြင်နိုင်တာမှမဟုတ်တာ၊ ပြန်လာခါမှ သင်ခန်းစာ ပေးပြမယ်"
"အရှင်မင်းကြီး... ရန်အရာရှိ တွေ့ခွင့်တောင်းနေပါတယ်"
မိန်းမစိုးတစ်ယောက်က အသိပေး၏။ ရန်အန်းကုန်းကုန်းက ဧကရာဇ်ရဲ့ မျက်နှာတော်ကိုဂရုတစိုက်အကဲခတ်၍ လက်ဝေ့ယမ်းလိုက်သည်။
"ချက်ချင်း မဝင်ခိုင်းသေးနဲ့ဦး"
"အရှင်မင်းကြီး ရန်အရာရှိမှာ သတင်းကောင်းပါလာတာဖြစ်နိုင်ပါတယ်၊ အမျက်လျှော့ပြီး သူပြောတာ နားထောင်ကြည့်လိုက်ရင်ရော"
ရန်အန်းကုန်းကုန်းက မိန်းမစိုးငယ်ကို ပြောလိုက်ပြီးနောက်တွင် မင်းသားကျန်း၏နတ်ရွာစံမှုကြောင့် ရာဇမာန်ကြီးနေသော ဧကရာဇ်နှင့် ပြန်လည် မျက်နှာချင်းဆိုင်လိုက်သည်။
"ညီတော် နတ်ရွာစံပါတယ်ဆိုမှ.. ဘယ်က သတင်းကောင်းရှိဦးမှာလဲ၊ ဟိုလူတွေရဲ့ ဘဝတစ်ခုလုံးနဲ့ ပြန်ပေးဆပ်ရင်တောင် မကြေနိုင်ဘူး"
ဧကရာဇ်က နားထင်ကိုနှိပ်နယ်နေသည်။ ရန်ဝမ်လိ ခန်းမဆောင်ထဲ ဝင်လာချိန်တွင် အတွင်း၌ ပစ္စည်းတွေ ပွကြဲနေတာကိုမြင်ပြီး သတိချပ်လျက် အပိုစကားမဆိုရဲ။ ကောင်းမွန်လေးစားစွာ ဒူးထောက်ဂါရဝပြု နှုတ်ဆက်၏။
"ကျွန်ုပ် ရန်ဝမ်လိ အရှင့်ကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ...သက်တော်ရာကျော်ရှည်ပါစေ!"
"ကောင်းပြီ ထတော့! လိုရင်းကိုပြော"
ဧကရာဇ်၏ လက်တစ်ဖက်က နဖူးကိုဆုပ်နယ်လျက် ကျန်တစ်ဖက်ဖြင့်လက်ဟန်ပြလိုက်သည်။ ရန်ဝမ်လိက ကျေးဇူးစကားဆိုလျက်...
"မင်းကြီး ကျွန်ေတာ်မျိုး ..ရှန်ချောင်ရဲ့မိဘ၊ ညီအစ်ကိုမောင်နှမတွေကို စစ်ဆေးမေးမြန်းပြီးပါပြီ၊ ငယ်ကျွန်တွေပါမကျန် တုံးလင်အိမ်တော်မှာ တစ်ညလုံး မေးမြန်းထားပြီး ကောက်နှုတ်ချက်အရ လက်မထပ်ခင်ကတည်းက ရှန်ချောင်ဟာ ရူးသွပ်နေတယ်လို့ အဖြေထွက်ပါတယ်၊ သူ့အစေခံ တွေကို မေးကြည့်ရာမှာ ရှန်ချောင်က တစ်ခါတရံ သရဲပူးသလို အော်ငိုနေတတ်ပြီး၊ မင်းသားကျန်းနဲ့လည်း လက်မဆက်ချင်ခဲ့ပါဘူး၊ရှန်ရွေ့ကျန်းက သူ့သမီးကို ပြဿနာထပ်ရှာရင် အဆိပ်ခပ်သတ်ပစ်မယ် ခြိမ်းခြောက်လို့ မင်္ဂလာဝေါယာဉ်ပေါ် ရောက်ခဲ့ရတာပါတဲ့၊ မင်းသားကျန်းရဲ့အစောင့်တွေပြောချက်အရမှာလည်း တရားခံ ရှန်ချောင်က မင်းသားကျန်းကို သတ်ပစ်ခဲ့ပြီးနောက်မှာ ကျယ်ကျယ်လောင်လောင် ရယ်မောနေခဲ့ပါတယ်တဲ့ ၊ရှန်ချောင်က တစ်ကယ် ရူးနေတဲ့ သူဖြစ်ပါတယ် အရှင်"
အချက်အလက်တွေက ဖုံးကွယ်မထားနိုင်သဖြင့် စစ်ဆေးမေးမြန်းပြီး မကြာခင်အချိန်အတွင်းမှာပင် အမှုမှန်ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမျှ မြန်မြန်ပေါ်ပေါက်လာသည့်အတွက်လည်း ရန်ဝမ်လိက အပြစ်ပေးရန် တုံ့ဆိုင်းနေခဲ့သည်။ အဆုံးမှာ တုံးလင်အိမ်တော်အရေးက ရှုပ်ထွေးလွန်းလှသည်။ ရှန်လျန်နဲ့ ချင်ဖင်းမြို့စားမင်းရဲ့ စေ့စပ်ပွဲကတိုင်းသိပြည်သိ ကျော်ကြားသည့်အပြင် ၊ရှန်လျန်ရဲ့ဂုဏ်သတင်းက ရေဘေးသင့်ပြည်သူတွေကိုကယ်ဆယ်ပေးနိုင်ခဲ့တဲ့ ဗိုလ်ကြီးလင်းထက်တောင် ကျော်စောသေး၏။ အပိုစကားပြောတာမဟုတ်၊ ရှန်လျန်က လက်ရှိ တာ့ချင်ပြည်မှာ ရေပန်းအစားဆုံး 'ကော'တစ်ယောက်ဖြစ်သည်။
"ရှန်ရွေ့ထင် ဘယ်လိုတုံ့ပြန်လဲ"
ဧကရာဇ်က ရွှေနှုတ်တော်ဟတာနဲ့ ရှန်ရွေ့ထင်ရဲ့စိတ်ကို သိချင်ခဲ့သည်။
"အဲ့ဒါ...."
ရှန်ရွေ့ထင်ရဲ့ ပိန်ပါးလာတဲ့ ခန္ဓာကိုယ်ကိုပြန်မြင်ယောင်ပြီး ဖြေဆိုရန်တုံ့ဆိုင်းနေခဲ့သည်။ ဧကရာဇ်က စိတ်မရှည်ဖြစ်ကာ...
"ဘာဖြစ်တာလဲ၊ ဖုံးကွယ်ထားစရာမလိုဘူး၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ"
ရှန်ရွေ့ထင်က ရှန်ရွေ့ချင်တို့မိသားစုကိုကာကွယ်ပေးဖို့ကြိုးစားနေသလားဟု တွေးထင်ပြီး ဧကရာဇ် က ဒေါသမာန်ထလာသည်။ တော်ဝင်မင်းသားတစ်ပါး လုပ်ကြံခံရတာတောင် ရှန်ရွေ့ထင်က သူ့ညီတွေကို ကာကွယ်လို့ရဦးမယ်ထင်နေတာလား မပြောတတ်။
"အမိန့်အတိုင်းပါ"
ရန်ဝမ်လိ ဦးညွတ်လိုက်ပြီးနောက် လေးနက်စွာဖြင့်ပြောသည်။
"အရှင်မင်းကြီး ရှန်လူကြီးမင်းက ထူးထူးခြားခြားပြောတာမျိုးမရှိပါဘူး၊ ကျွန်တော်မျိုး သူ့ကိုတွေ့တွေ့ခြင်း အံ့အားသင့်မိတာတစ်ခုပဲ၊ ရှန်လူကြီးမင်းက အရင်ကထက် အများကြီး ပိန်ကျသွားပါတယ်၊ ကျန်းမာရေးဆိုးရွားတဲ့ပုံပဲ"
"ဟမ် ဟုတ်လို့လား"
နောက်ဆုံးတစ်ခေါက်တွေ့တုန်းက အကောင်းကြီးပါ၊ ကြာလှ အနည်းဆုံးတစ်လနှစ်လ ပေါ့။
"လိမ်ညာမပြောဝံ့ပါ အရှင်"
မျက်စိနဲ့တပ်အပ်မမြင်ခဲ့ပါလျှင် သူကိုယ်တိုင်လည်း ယုံကြည်မိမည်မဟုတ် ။ရှန်လူကြီးမင်းက မမှတ်မိနိုင်လောက်အောင် ရုပ်ကျသွားခဲ့သည်။
"နေကောင်းတာ မကောင်းတာ အသာထား၊ သူ ရန်အရာရှိကိုတွေ့တော့ ဘာမှမပြောဘူးလား"
အပြစ်လျော့ပေါ့စေရန်အလို့ငှာ ပြောပေးသည်ကို ဧကရာဇ်က အနည်းငယ် ယုံကြည်သွားဟန်ရှိသည်။ သို့သော်ငြား ရှန်လူကြီးမင်း၏ သဘောထားကိုမေးမြန်းရန် အရှုံးမပေးသေးချေ။
"ရှန်လူကြီးမင်း မပြောပေမယ့် ရှန်လျန်တော့ ပြောပါတယ်"
"ဟုတ်ပြီ ဘာပြောသလဲ သူ..."
ဧကရာဇ်က ရွှေစိတ်တော် အလိုမကျစွာ မျက်ခုံးတွန့်၏။ ရှန်လျန်ရဲ့ စကားက ရှန်ရွေ့ချင်တို့ မိသားစုကို လွှမ်းမိုးနိုင်မယ်လို့တော့ မထင်။
"ရှန်လျန်က ကျွန်တော်မျိုးကို အရှင့်ဆီ စကားပါးခိုင်းလိုက်ပါတယ်၊ အသက်ကို အသက်နဲ့ပဲ ပြန်ပေးဆပ်ရပါမယ်၊ အပြစ်သားရှန်ချောင်ရဲ့မိသားစုဝင်ကို အရှင်ဘယ်လိုအပြစ်မျိုးပေးပါစေ သူတို့ မငြင်းဆန်ဝံ့ပါဘူးတဲ့၊ ရှန်လူကြီးမင်းကလည်း ကျန်းမာရေးကြောင့် အိမ်ကိစ္စမစီမံတာကြာပြီဖြစ်တဲ့အတွက် သူအရင်က တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့တာကိုထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုခဲ့ပါတယ်"
ရန်ဝမ်လိဟာ ရှန်လျန်ပြောသမျှစကားအတိုင်း တလုံးတပါဒမျှ မကျန်အောင် ပြန်ပြောပြခဲ့သည်။ တစ်ခွန်းမှ ပြောင်းလဲခဲ့ခြင်းမရှိချေ။
"ဟမ့်...ထက်မြက်သားပဲ"
ဧကရာဇ်က ဒေါသတကြီးနှာမှုတ်သည်။ ရှန်မိသားစုသာ သာမာန်လူတန်းစားဆိုရင် တစ်မိသားစုလုံးက်ုသိမ်းကြုံး အပြစ်ပေးလို့ရပေမယ့် လက်ရှိ ရှန်မိသားစုရဲ့အနေအထားက အဘက်ဘက်က မြင့်မားနေပြီး ပြည်သူလူထုရဲ့စိတ်ကိုလည်း အနိုင်ယူထားသည်။ နောက်ခံအနေနဲ့ဖေးယွမ်ရွှင်းရှိသည့်အပြင် ဝေမိသားစုနဲ့ရှန်တာ့ကလည်း စစ်မြေပြင်မှပြန်လာတော့မည်။ တန်းနေတဲ့ကြိုးတစ်ချောင်းကိုသာ ဖြတ်တောက်မိလိုက်ပါက ချက်ချင်းအုံကြွလာမှာ မလွဲမသွေ။
ဧကရာဇ်ကနှုတ်ဆိတ်နေတာကြောင့် ရန်ဝမ်လိလည်း စကားမဆိုရဲ။ စိတ်ထဲ စိုးရိမ်လျက် ခေါင်းငုံ့ပြီး အမိန့်က်ို စောင့်နေသည်။ သားဖြစ်သူနဲ့ရှန်လျန်က သူငယ်ချင်းတွေဆိုတော့ သူလည်း ရှန်လျန့်ကို မထိခိုက်စေချင်ပါ။
"ရှန်ရွေ့ထင်တို့ သားအဖတစ်တွေကို အပြစ်လျော့ပေါ့ပေးရင်တောင် ရှန်ချောင်တို့မိသားစုကတော့ မရဘူး၊ ကိုယ့်သမီး ရူးနေမှန်းသိသိလျက်နဲ့ သတင်းမပို့ပဲ ညီတော်နဲ့ အတင်းလက်ထပ်စေတယ်၊ ပြီးတော့ ညီတော့်အသက်ကိုနှုတ်ယူခဲ့တဲ့အတွက် ဒါ တော်ဝင်မျိုးနွယ်ကို သတ်ဖို့ ကြံစည်ထားတာပဲ၊ သေချာပေါက် ပြန်ပေးဆပ်ရမယ်၊ ဪ ..ရှန်ရွေ့ချင်မှာ ညီတစ်ယောက်ရှိသေးတယ်မဟုတ်လား?"
ဧကရာဇ်က ရှန်ဝန်မင်းကို ရာထူးကထုတ်ပယ်တဲ့အပြစ်ပေးလို့ရသည်ဟု လျော့လျော့ပေါ့ပေါ့ စဉ်းစားပေးခဲ့သည်။ အချိန်အတော်ကြာမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
"အရှင့် အမိန့်တော်အတိုင်းပါ"
ရန်ဝမ်လိ ဦးညွှတ်ကာ အမိန့်နာခံသည်။ ဧကရာဇ်မှ လက်ဝေ့ယမ်းပြီး...
"သွားလို့ရပြီ"
"ဟုတ်ကဲ့"
ရန်ဝမ်လိ ထွက်သွားသည်။
နှစ်ယောက်တည်းကျန်မှ ဧကရာဇ်က ရန်အန်းကုန်းကုန်းကိုေပြာသည်။
"နာရေးအခမ်းအနားကျင်းပပြီး ညီတော်ကို ကောင်းမွန်စွာ မြှုပ်နှံပါ၊ ညီတော်ရဲ့သားကြီး ချင်ရွှင်းကို တော်ဝင်မင်းသားအဖြစ် ရာထူးတိုးမြှင့်စေ"
"အမိန့်တော်နာခံလျက်ပါ"
"ရှန်ရွေ့ထင်ရဲ့ ကျန်းမာရေးအကြောင်း သွားစုံစမ်းခဲ့"
ရန်အန်းကုန်းကုန်း ထွက်ခွာသွားသည့်အချိန် ဧကရာဇ်က သက်တော်စောင့်ကို တီးတိုးအမိန့်ပေးသည်။
ရှန်မိသားစုတစ်ခုလုံးကို မျိုးဖြုတ်လို့ မရနိုင်ရင်တောင် လွယ်လွယ်နဲ့လွှတ်ပေးဖို့တော့ စိတ်ကူးမရှိချေ။
"ဟုတ်ကဲ့"
သက်တော်စောင့်က တာဝန်ဆောင်ရွက်ရန် သွားလိုက်သည်။ ဧကရာဇ်သည် နဂါးထိုင်ခုံမှာ နောက်မှီရင်း အကြည့်က ဗလာသက်နေခဲ့သည်။ တစ်ညလုံး အနားမယူရသေးသည့် မျက်လုံးကို အသာမှိတ်လိုက်သည်။ တစ်ညထဲနဲ့ ဖြစ်ပျက်သွားခဲ့တာတွေ အတော်များလှသည်။
Words
3173
Grape 🍇
Grape143
1 year ago
တင်ပါမယ် update နှေးနေတာ တစ်ခုပါပဲ