no

Font
Theme

'လူချမ်းသာရဲ့ အင်အား'

မုရုန်အိမ်တော်က အလွန်ကျယ်ဝန်းကြီးမားပြီး ကိန်းကြီးခမ်းကြီးနိုင်သည်။ ပိတ်ဖြူစရောင်းပေးသည့် ကိစ္စပြီးနောက် သူတို့ရဲ့ဂုဏ်သတင်းက ပို‌မိုကျော်ဇောလာရုံမက တိုင်းပြည်တွင်း အင်အားကြီး မိသားစုတွေနဲ့လည်း အချိတ်အဆက်မိသွားသည်။ ပိတ်ဖြူစအတွက် ငွေကြေးအရ ဆုံးရှုံးလိုက်ရပေမယ့် ထိုအရှုံးက မြောက်များစွာသော ကြွယ်ဝချမ်းသာမှု၊ ငွေကြေးတို့ကိုပြန်လည်‌ယူဆောင်လာပေးသည်။

ထိုသို့ ဖြစ်လာအောင် အဓိကလုပ်ဆောင်ပေးခဲ့သူမှာ ရှန်လျန်ဖြစ်ပြီး အရေးကြီးဆုံးက မုရုန်ဟိုင်ရဲ့ချစ်ရတဲ့ အိမ်သူဇနီးကိုအဆိပ်ဖြေပေးခဲ့တာပဲဖြစ်၏။ ထိုအတွက်ကြောင့် မုရုန်မိသားစုက ရှန်လျန့်ရဲ့ကြင်နာမှုကို ကျေးဇူးသိကြသည်။

အိမ်၏စီးပွားရေးအလုံးစုံကို သားဖြစ်သူအားလက်လွှဲပေးကာ ချစ်ဇနီးနားအဖော်ပြုပေးနေသော မုရုန်ဟိုင်က ရှန်လျန် သူတို့ဆီ အလည်လာသည်ဟုကြားသော် ချက်ချင်း ဧည့်ခန်းထဲ ဖိတ်ခေါ်စေသည် ။

မုရုန်ဟိုင်ကလည်း အတွေ့အကြုံရင့်လူကြီးတစ်‌ယောက်ဖြစ်ရာ ပုံမှန်ဆိုလျှင် ရှန်လျန်က သူလာမည်ဆိုပါက လူလွှတ်ပြီး ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။

ခုက အကြောင်းမကြားပဲ အိမ်ထိရောက်လာသည့်အပြင် ရှဲ့အကြီးအကဲ၏မြေးဖြစ်သူနှင့်အတူလာသည်ဖြစ်ရာ အချင်းချင်း စကားပြောရန်မဖြစ်နိုင်ကြောင်းရိပ်မိသည်။ ဘာလုပ်ချင်မှန်း လတ်တလော မခန့်မှန်းတတ်တာကြောင့် အခြေအနေပေါ်မူတည်ပြီး စောင့်ကြည့်ရန်သာ တွေးထား၏။

"ရှန်သခင်လေးနဲ့ ရှဲ့သခင်လေး ဒီဘက်ကြွပါ"

ဧည့်ခန်းထဲ ဖိတ်ခေါ်ပြီးသော် ရှန်လျန်နဲ့ မသိသယောင်ဟန်လုပ်ကာ လက်သီးဆုပ်သဏ္ဍာန်ပြု၍မုရုန်ဟိုင်က  နှုတ်ဆက်စကားဆိုသည်။

"မုရုန်သခင်ကြီး"

နှစ်ယောက်လုံး ဂါရဝပြုလိုက်ကြသည်။ မုရုန်ဟိုင်က ထိုင်ခုံနေရာဆီ ဦးဆောင်ခေါ်ဝင်လာသည်။

"အားမနာပါနဲ့ ထိုင်ကြပါ ထိုင်ကြပါ"

"ကျေးဇူးပါ မုရုန်သခင်ကြီး"

ရှန်လျန်တို့လည်း ကျေးဇူးတင်စကားဆိုလျက် အသီးသီး ထိုင်လိုက်သည်။

" ဘယ်လို အခက်အခဲကြောင့် အိမ်တော်ထိရောက်လာတာလဲ မေး ပါရစေ"

မသိချင်ယောင်ဆောင်နေရင်တောင်မှ ရှန်လျန်နဲ့ပတ်သက်တာဆိုတော့ မုရုန်ဟိုင်က တည့်တိုးပဲသွားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှ ကိန်းကြီးခမ်းကြီး မနိုင်ပဲ ကူညီရန်အသင့်ရှိသည့် သူ့သဘောထားကိုမြင်ကြမှာပင်။

"မုရုန်သခင်ကြီးက အမျှော်အမြင်ရှိလှပါတယ်"

ရှန်လျန်နဲ့ ရှဲ့ယန်က အကြည့်ချင်းဖလှယ်လိုက်သည်။ ရှန်လျန် ဆက်ပြောသည်။

"မုရုန်သခင်ကြီးကို ဒုက္ခပေးစရာလေးရှိလို့ မကွယ်မဝှက်တန်း အကူအညီတောင်းဖို့ ရောက်လာရတာပါဗျာ၊ ဒီလိုပါ...ကျွန်တော်တို့ ချင်တိုင်းပြည်က လတ်တလော သဘာဝကပ်ဘေးကြောင့် နေရာတိုင်း ရေဘေးဒုက္ခသည်တွေ ရှိနေပါတယ်၊

ကျွန်တော်နဲ့ ဒီက ရှဲ့သခင်လေးအပါအဝင် လင်အန်းအိမ်တော်က ရှန်သခင်လေး၊ ရာဇဝတ်ဌာနက ရန်သခင်လေး နဲ့ အလုပ်သမားရေးဌာနက ဝေသခင်လေးတို့ အားလုံးပေါင်းပြီး ဒုက္ခသည်တွေအတွက် တစ်ခုခုလုပ်ပေးချင်လို့ပါ၊

ကျွန်တော်တို့ချင်း ဆွေးနွေးပြီးနောက်မှာ ယာဂုနဲ့ ပေါက်စီ ဝေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ မုရုန်သခင်ကြီးလည်း သိတဲ့အတိုင်း မြို့တွင်းက ဆန်ကိုကျွန်တော်တို့ အများကြီး ဝယ်ယူလိုက်ရင် ကုန်ဈေးနှုန်းက အဆမတန်မြင့်တက်သွားနိုင်ပါတယ်၊

ဒုက္ခသည်တွေကို ကူညီဖို့ ဆန်ဝယ်တာက သာမာန်ပြည်သူတွေကို ဒုက္ခပြန်ရောက်စေတာမျိုး ကျွန်တော်တို့မလိုလားပါဘူး၊ တစ်မြို့လုံးမှာ ပြေးကြည့်မှ မုရုန်မိသားစုကပဲ ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းပမာဏကိုရက်ရှည် ရောင်းပေးနိုင်မှာမို့ သခင်ကြီးဆီ အလည်‌ရောက်လာခဲ့တာပါ၊

ကျေးဇူးပြုပြီးသခင်ကြီး ရက်ကြာကြာ ဆန်ရောင်းပေးဖို့ အကူအညီတောင်းချင်ပါတယ်ဗျာ၊ ဆန်ဈေးကို အပြင်ဈေးကွက်အတိုင်းပဲ ရောင်းပေးပါ၊ ကျွန်တော်တို့ လျှော့ဈေးလည်းမတောင်းပါဘူးခင်ဗျာ"

တောင်းဆိုပြီးတာနဲ့ နှစ်ယောက်လုံးထရပ်ကာ ဦးညွှတ်လိုက်ကြသည်။ အကူအညီတောင်းဆိုရာတွင် ပြုလုပ်သော သဘာဝကျသည့် အပြုအမူကောင်းဖြစ်သည်။

"ဒီလိုကိုး...."

မုရုန်ဟိုင်က တန်းသဘောတူလိုက်ချင်ပေမယ့် ရှဲ့ယန်ရှိနေတာကြောင့် နည်းနည်းစဉ်းစားဟန်ပြုလိုက်ရသေးသည်။ အကုန်သိနေတဲ့ ရှန်လျန်က မုရုန်သခင်ကြီးရဲ့ ဉာဏ်အမျှော်အမြင်ရှိမှုနဲ့ တည်တည်ငြိမ်မှုကို လေးစားမိသည်။ ဘာမှ မသိတဲ့ ရှဲ့ယန်ခမျာ တံတွေးပင်မျိုမချရဲပဲ တစ်ဖက်သူငြင်းလွှတ်မှာကိုစိုးရိမ်နေသည်။ မုရုန်သခင်ကြီးက သဘောမတူရင် ဆန်အလုံအလောက်မရှိတဲ့အတွက် သူတို့လည်း ဘာမှလုပ်နိုင်တော့မှာ မဟုတ်တော့ချေ။

"ဘယ်လောက်ကြာမှာလဲ အကျွေးအမွေးက"

အတန်ကြာမှ မုရုန်ဟိုင် မေးလိုက်သည်။

"ဟုတ်ကဲ့ ၊ရေ ရှည် မဟုတ်ပါဘူး၊ တစ်ကယ်လို့ နောက်ပိုင်းမှာ နန်းတော်က ဒုက္ခသည်တွေကို ကူညီဖို့ အစီအစဉ်တွေလုပ်ပြီးလို့ ပြည်သူတွေနဂိုအခြေအနေတိုင်း အဆင်ပြေသွားပြီဆိုရင် ကျွန်တော်တို့ ရပ်ပါမယ်"

ရှဲ့ယန်က မည်သို့ပြန်ဖြေရမလဲ စဉ်းစားနေစဉ်အချိန်ကိုက် ရှန်လျန်ဖြေလိုက်သည်။ အစပိုင်းသေချာ မလုပ်ရင် နောင်မှာ အောင်မြင်မှု ဘယ်လိုရလိမ့်မလဲ၊ ကောက်ရိုးမီးလို တစ်ခဏထဲနဲ့ ပျောက်ကွယ်သွားရင် လူတွေ လှောင်ပြောင်ကုန်ကြမှာပေါ့...

"အင်း... သခင်လေးနှစ်ယောက်ရဲ့အတွေးက တစ်ကယ်ကောင်းမွန်ပါတယ်၊ကျုပ် လေးစားတယ်၊ ဒါက ကိစ္စကောင်း‌ဆိုမှတော့ မုရုန်မိသားစုက ဘေးထွက်နေမှာ မဟုတ်ပါဘူး၊

ကျုပ်ရဲ့ဇနီး‌နေမကောင်းတာ နှစ်ကြာပြီဆိုတာ အားလုံးလည်း အသိပဲ၊ တလောက လီနင်သားပိတ်စတွေကို စိတ်စေတနာသန့်သန့်နဲ့ ဝေပေးခဲ့လို့လားမသိဘူး၊ ဘုရားက ကျုပ်တို့မိသားစုအပေါ်ပြန်ကြည့်ပေးခဲ့တယ်လေ.. ဇနီးသည်ရဲ့ ကျန်းမာရေးက တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာတယ်၊

သခင်လေးနှစ်ယောက်က လူတွေကိုကူညီဖို့ဆိုမှတော့ ကျုပ်ကလည်း ထောက်ပံ့ပေးရမှာပေါ့၊ ဒီလိုလုပ်.. အစပိုင်းမှာ ဆန်စေး အိတ်ငါးထောင်၊ ဂျုံခေါက်ဆွဲ ဂရမ်ချိန်တစ်သန်း နဲ့ ပြောင်းမှုန့် ဂရမ်ချိန် တစ်သန်းလှူလိုက်မယ်၊ အဲ့တာကုန်လို့ ဆက်ဝယ်မယ်ဆိုရင်လည်း ဈေးကွက်ထဲက ဈေးဘယ်လောက်တက်တက် ကျုပ်က အရင်နှုန်းထားအတိုင်း ရောင်းပေးမယ်၊ သခင်လေးတို့တစ်ခြားလိုအပ်တာရှိရင် တစ်ခါတည်းပြောလို့ရပါတယ်"

အလကားပေးလိုက်ရင်ကျတော့ အရမ်းသိသာလွန်းမှာမို့ ဇနီး၏ကျန်းမာရေးနှင့် ခိုင်ခိုင်လုံလုံအကြောင်းပြကာ ကူညီလိုက်သည်။ ရှန်လျန်က တစ်ခြားသူတွေနဲ့ မပူးပေါင်းပဲ တစ်ယောက်ထဲ သာလုပ်မယ်ဆိုရင် လိုအပ်သမျှ အကုန်အလကားထောက်ပံ့ပေးရန်ဆန္ဒရှိသည်။ ဘာကြောင့်ဆို သူပြန်ရတဲ့ တန်ဖိုးက ရှန်လျန်ရဲ့ ကြင်နာမှုသာမက ၊ ရှန်လျန်က သူတို့အတွက် တူးမကုန်တဲ့ ဈေးကွက်ရေတွင်းကြီး ဖောက်ပေးခဲ့ရာ မုရုန်မိသားစုက အဆင်သင့် ရေခပ်ရုံပင်။ ရှန်လျန်နဲ့ လက်တွဲတဲ့ သူတိုင်း ဝယ်သူတွေ ထွက်ပြေးသွားမှာ စိုးရိမ်စရာမလိုဘူးဟု ပြောနိုင်သည်။

"တစ်ကယ်လားဗျ"

ရှဲ့ယန် ဝမ်းသာခြင်းများစွာနဲ့  ထခုန်မိပြီးမှ အရှက်ပြေ ချောင်းနှစ်ကြိမ်ဆိုးလိုက်ကာ မျက်နှာနီနီဖြင့်ဆိုသည်။

"ကျွန်တော် ရိုင်းပြသွားလို့ တောင်းပန်ပါတယ် ခဗျ "

"ဟားဟား ကိစ္စမရှိပါဘူး၊ ရှဲ့သခင်လေးက ပြည်သူတွေအတွက် စိတ်အပြည့်အဝ ထည့်ထားတာပဲ ကျုပ်ချီးကျူးပါတယ်"

မုရုန်ဟိုင်က သူအရှက်မရအောင် ပေါ့ပေါ့ပါးပါးနှစ်သိမ့်ပေး၏။ ရှန်လျန့်လို လျို့လျို့ဝှက်ဝှက်ကြည့်ရန်လည်း မမေ့ချေ။ ရှန်လျန့်ဆုံးဖြတ်ချက်ကသာ အဓိကသော့ချက်ဖြစ်သည်လေ။

"ဒီလိုဆို မုရုန်မိသားစုကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ၊ ဖြစ်နိုင်ရင်လေ ဆန်စေးအိတ်ငါးထောင်အစား ဆန်ညိုအိတ်ပေါင်း တစ်သောင်းနဲ့ ဂျုံခေါက်ဆွဲ ဂရမ်တစ်သန်းအစား ပြောင်းမှုန့် ကိုပဲ ဂရမ်ချိန်နှစ်သန်းယူလိုက်လို့ရမလားဗျ.. ဒီလိုဆို ကျွန်တော်တို့ အတွက် ပိုအဆင်ပြေလို့ အရမ်းဝမ်းသာမိမှာပဲခင်ဗျာ"

"ရတာပေါ့!"

တည့်တိုးကြီး ‌သွားတောင်းဆိုလို့ ရှဲ့ယန် သဘောမတူစွာ ဟန့်တားလိုက်ချင်ပေမယ့် ဘယ်သူသိမှာလဲ မုရုန်သခင်ကြီးရဲ့ သဘောထားက အများကြီး ကောင်းမွန်နေမယ်လို့၊ သူတို့ကို စိတ်ရှုပ်စရာကောင်းတယ်ဆိုပြီး နှင်ထုတ်လိုက်မှာ စိုးရိမ်နေခဲ့ရတာ။

"ရတယ်ရတယ်၊ ကျုပ်က အမြင်ကျဉ်းသွားတာ၊ အိမ်မှာ စားသလို တွေးမိသွားလို့ပါ၊ လူအများကြီး အတွက်မတွေးမိလိုက်ဘူး"

မုရုန်ဟိုင်က ရှန်လျန်ရဲ့ ခြင်္သေ့နှုတ်က တောင်းဆိုလိုက်တာနဲ့ ကွာခြားချက်ကို ချက်ချင်း မြင်လိုက်သည်။ သူလှူတဲ့ ပမာဏက နည်းတာ များတာ မဟုတ်ပဲ ဆန်စေးနဲ့ ဆန်ညိုကြား၊ ဂျုံနဲ့ ပြောင်းမှုန့်ကြား ကွာခြားချက်ကြီးမားတာကို သတိထားမိသွားသည်။ လူများစွာကျွေးမွေးရမှာမို့ ဈေးသင့်၊ ဗိုက်ပြည့်တဲ့ အစာကိုသာ ရက်ရှည်ကျွေးနိုင်လိမ့်မည်။ ခုချက်ချင်းပဲ ချမ်းသာတဲ့အိမ်တွေကို ဒီနည်းလမ်းလိုက်လုပ်ဖို့ လောဆော်ချင်စိတ် ပေါက်လာသည်။

"အဲ့တာဆို မုရုန်သခင်ကြီးက သဘောထားက..."

ရှန်လျန် ဆက်မေးသဖြင့် ရှဲ့ယန်က သတိအနေအထားဖြင့် စောင့်ကြည့်နေသည်။

"ကိစ္စမရှိဘူး၊ လှူပေးပါမယ်၊ သခင်လေး တခြားလိုအပ်တာများ ရှိသေးလား"

မုရုန်ဟိုင်က လက်ခံရန်အဆင်သင့်ဖြစ်နေပြီမို့ ရှန်လျန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"တစ်ခုရှိသေးတယ်ခင်ဗျ၊ ကျွန်တော်တို့ ယာဂုဝေပြီးရင် ဖျားနာသူတေ‌ွအတွက် ဆေးပေးဖို့ ပြင်ထားပါတယ်၊ ဒါကိုရော မုရုန်သခင်ကြီး ထောက်ပံ့ပေးနိုင်မလား မသိဘူး"

"ရတာပေါ့၊ ဆေးဝါးအမျိုးအစား တော်တော်များများ မုရုန်မိသားစုရဲ့ သိုလှောင်ရုံမှာ ရှိတယ်"

"မုရုန်သခင်ကြီးကို တစ်ကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်"

ရှန်လျန်ထရပ်ကာ တဖန်တလေးတစားဦးညွှတ်ပြန်သည်။ ရှဲ့ယန်လည်း ရင်တမမနဲ့ ဒုတိယအကြိမ်အဖြစ် မြန်မြန်လိုက်ထကာ ဦးညွတ်၏။

"သခင်လေးတို့ အားမနာပါနဲ့၊ ကောင်းတဲ့ ကိစ္စလုပ်တာပဲ မုရုန်မိသားစုက ပါဝင်အားဖြည့်ရမှာပေါ့"

မုရုန်သခင်ကြီးလည်း အပြန်အလှန် ဦးညွှတ်၏။သုံးဦးသား ပျော်ရွှင်စရာ စကားဝိုင်းပြီးနောက် မုရုန်ဟိုင်နဲ့ ရှန်လျန်က မည်သို့မှ မခံစားရသော်ငြား ရှဲ့ယန်က တစ်ခုခုမစစ်မှန်သလို ငြိနှိုင်းရလွယ်လွန်းလို့ စိတ်ထဲ ခိုးလုခုလုဖြစ်နေသည်။

"နေ့မွန်းတည့်ပြီပဲ၊ သခင်လေးတို့ကို ကျုပ်က ထမင်းစားဖိတ်ပါ့မယ်"

မုရုန်ဟိုင်၏ နွေးထွေးသော ဖိတ်ခေါ်မှုအောက်တွင်...

"မဟုတ်တာဗျာ၊ ကျွန်တော်တို့ မနက်ဖန်ပဲ အကျွေးမွေးစတော့မှာဆိုတော့ ဒီနေ့ လိုအပ်တာလေးတွေ ပြင်ဆင်ဖို့ လိုနေပါသေးတယ်၊

နေ့လည်ပိုင်းကျရင် သခင်ကြီးကူညီထောက်ပံ့ပေးထားတဲ့ ကုန်တွေကို မြို့အရှေ့ဘက်ဂိတ်နားက ကျိုးလီပုဆိုင်ကို ပို့ဆောင်ပေးဖို့ အားနာနာနဲ့ပဲတောင်းဆိုချင်ပါတယ်"

ရှန်လျန်နဲ့ ရှဲ့ယန်က အချင်းချင်းအကြည့်ဖြင့်‌ ဆွေးနွေးပြီး သခင်ကြီးရဲ့ဖိတ်ခေါ်မှုကို ငြင်းလိုက်သည်။  နှစ်ယောက်သား ပြန်ရန်ပြင်နေသည်ဖြစ်ရာ မုရုန်ဟိုင်က တုံ့ဆ်ုင်းမနေပဲ ပြောလိုက်သည်။

"ပြဿနာ မရှိဘူး၊ မွန်းလွဲပိုင်းကျရင် သားကြီးကို ပို့ခိုင်းလိုက်ပါမယ်၊ ဒါနဲ့ ရှန်သခင်လေးကို ကျုပ်ဘက်က တစ်ခုတော့ တောင်းဆိုချင်ပါတယ်၊ သခင်လေးသဘောတူပေးမယ်လို့ မျှော်လင့်တယ်

ကျုပ်ကြားတာ ရှန်သခင်လေးက ဆေးပညာမှာ ထူးချွန်တော့ ချင်ဖင်းမြို့စားမင်းက အသက်အန္တရာယ်နဲ့ကြုံရတာတောင် ကယ်တင်ပေးနိုင်ခဲ့တယ်လို့ကြားပါတယ်၊

ခုဏ ပြောခဲ့သလို ကျုပ်ရဲ့ဇနီးရောဂါက နာတာရှည်ခံစားနေရပြီး တိုးတက်ကောင်းမွန်လာတယ်ဆိုပေမယ့် ကျုပ်က စိတ်မချနိုင်ဖြစ်နေလို့ပါ၊ ရှန်သခင်လေး ဖြစ်နိုင်ရင် လိုက်ပြီး စမ်းသပ်ကြည့်ပေးဖို့ မျှော်လင့်ပါတယ်"

ရှန်လျန်ကလွဲရင် ဘယ်သူ့မှ မယုံကြည်တာကြောင့် မုရုန်ယွင် ကောင်းလာပါပြီလို့ ကိုယ်တိုင်ပြောမှ စိတ်ချနိုင်မှာ ဖြစ်သည်။

"အားမနာပါနဲ့ ကျွန်တော်လိုက်ကြည့်ပေးပါ့မယ်"

ရှန်လျန်က ရှဲ့ယန်ဘက်လှည့်ကာ...

"ဒီမှာ ခဏလောက်စောင့်ပေးမလား၊ ငါ သခင်ကြီးနဲ့ လိုက်သွားကြည့်ပေးလိုက်ဦးမယ်"

"ကောင်း ပြီ"

မုရုန်ဟိုင်ရဲ့ ကျေးဇူးကို ဆပ်သလိုမို့ ရှဲ့ယန် ကန့်ကွက်စရာမရှိပါ။

"ရှန်သခင်လေး ဒီဘက်ကြွပါ"

မုရုန်ဟိုင်က အချိန်ကိုက် လမ်းပြသည်။ ရှန်လျန်ပြုံးကာ သခင်ကြီးနောက်မှ အတွင်းခြံဝန်းထဲသို့ လိုက်ဝင်သွားသည်။

"ဒီနေ့ ရှန်သခင်လေးက ကျုပ်ကို ထိတ်လန့်စေခဲ့တာပဲ"

ရှဲ့ယန်ရဲ့ အမြင်အောက်က လွတ်လာမှ မုရုန်ဟိုင် ကူကယ်ရာမဲ့စွာနဲ့ စိတ်လျှော့လိုက်သည်။ ရှန်လျန်က အပြုံးလေးဖြင့် ခေါင်းတခါခါ...

"အလျင်လို‌သွား‌လို့ပါဗျာ၊ သတင်းပေးချိန်မရလိုက်ဘူးဖြစ်သွားတယ်၊ သခင်ကြီးရဲ့ ကိုင်တွယ်မှုအောက်မှာ ရှဲ့ယန် သံသယမဝင်လောက်ပါဘူး"

"ရှန်သခင်လေး ဘယ်လိုဖြစ်လို့ ဒုက္ခသည်တွေကို ကျွေးမွေးဖြစ်သွားတာလဲ"

နှစ်ယောက်သား လူနာရှိရာ သွားရင်း စကားစမြည်ပြောဖြစ်ကြသည်။

"သခင်ကြီးရှေ့မှာ ကျွန်တော်ပွင့်ပွင့်လင့်လင်းပဲပြောပါမယ်၊ ရေဘေးသင့်ပြည်သူတွေရဲ့ နှလုံးသားကိုရအောင်ယူဖို့ လိုအပ်လို့ပါ၊ သခင်ကြီး သိတဲ့အတိုင်း အမှုထမ်းမျိုးရိုးက သခင်လေးတွေရဲ့လက်ထပ်ပွဲက ဒီတိုင်းကြည့်ရင်သာ အားကျစရာကောင်းတာ၊ တစ်ကယ်တမ်း ဘယ်သူမှ မပျော်ဘူး၊

ကျွန်တော်နဲ့ ချင်ဖင်းမြို့စားမင်းကိုပဲကြည့်၊ ခရီးလမ်းက ချောမွေ့မနေဘူး၊ တစ်ယောက်ယောက်က စပြီး မလုပ်လာခင် ကျွန်တော်တို့ အရင်လက်ဦးမှဖြစ်မှာ၊ ဒါမှ လုံလောက်တဲ့ အင်အားရှိပြီး ကျွန်တော်တို့ အတွက် အခွင့်အရေး တောင်းဆိုလို့ရနိုင်မှာမဟုတ်လား"

ရှန်လျန် ဒီအကြောင်းကို ထုတ်ပြောလိုက်ပေမယ့် လူထုရဲ့ စိတ်နှလုံးကိုယူပြီး ဧကရာဇ်အိုကြီးကို တိုက်ထုတ်ဖို့ဆိုတဲ့ နောက်တစ်ချက်ကိုတော့ ဖုံးကွယ်ထားလိုက်သည်။

"ရှန်သခင်လေး မစိုးရိမ်ပါနဲ့ ၊ကျုပ်အကောင်းဆုံး ထောက်ပံ့ပေးမှာပါ"

မုရုန်ဟိုင်ရဲ့စိတ်တွေ လေးလံမိ၏။ ဧကရာဇ်က ဒါကိုသဘောမပေါက်ပဲ နေပါ့မလား?အဲ့ဒီအချိန်အထိနာဆုံးလူက ဆန်စပါးထောက်ပံ့တဲ့ သူဖြစ်လာလောက်တယ်။

"ကျေးဇူးပါ၊ သခင်ကြီးဘက်ကရော အဆင်မပြေတာများရှိလား"

ယခုနှစ်၏ ပထမအကြိမ် ကောက်ရိတ်သိမ်းချိန်မှာ မရိတ်သိမ်းလိုက်ရသလို ၊ဒုတိယရိတ်သိမ်းချိန်မှာလဲ ထင်သလောက် စပါးမပေါများရာ မုရုန်သိုလှောင်ရုံက ကုန်အသစ်မရှိပဲ လက်ကျန်ပဲရှိနေမှာကို တွေးပူမိသည်။

သူစိုးရိမ်နေတာကိုတွေ့တော့ မုရုန်ဟိုင်က ပြုံး၏။

"ဒီကိစ္စ ရှန်သခင်လေး စိတ်ချပါ၊ မုရုန်မိသားစုက စီးပွားရေးလုပ်လာတာ ကြာပါပြီ၊ သိုလှောင်ထားတဲ့ ပမာဏက မဆိုးရွားပါဘူး၊ ထပ်တောင် ဝယ်လှောင်ထားသေးတယ်၊ ဒီတစ်ခေါက် ချင်ပြည်ထောင်က ရေဘေးသင့်နေပေမယ့်၊ အနီးနားတိုင်းပြည်တွေက မိုး၊လေ သင့်တာကြောင့် ကောက်ရိတ်တာနဲ့ အလုပ်ကိုမအားကြဘူး၊ ယွီအာနဲ့အန်းအာက တိုင်းပြည်အနှံ့အပြား ခရီးထွက်ပြီး ဆန်စပါးဝယ်လာခဲ့ပါတယ်"

"သူတို့က အများကြီးရောင်းပေးတယ်ပေါ့"

"အနီးနားတိုင်းပြည်က ချင်တိုင်းပြည် ဒုက္ခရောက်နေမှန်းသိကြတယ်လေ၊ ကုန်သည်တွေကို ဆန်စပါး အလုံအလောက်ရောင်းပေးတာက မှန်ကန်ပါတယ်"

2715 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment