no

Font
Theme

'ဇနီးလောင်းကို ကာကွယ်ပေးမယ့်သူ လာပြီ'

ချင်အင်ပါယာနဲ့ တုံးလင်အိမ်တော်တွင် ဘယ်အရာကမှ ရှန်လျန့်အတွက် ဝန်မသေးပေ။ဆုတောင်းပေးဖို့ဆန္ဒမရှိလျှင် အိမ်တော်ရဲ့ လစ်လျူရှုခြင်းခံရမည်ဖြစ်သလို ဧကရာဇ်ရဲ့ ဥပေက္ခာပြုခြင်းကိုလည်း ခံရလိမ့်မည်။ တုံးလင်အိမ်တော်ရဲ့ အမွေဆက်ဆံမယ့် သားတစ်ယောက်အနေနဲ့ ကိစ္စသေးလေးဖြစ်တာတောင် မလုပ်ချင်၍မရပေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ရှန်လျန်က တုံးလင်အိမ်တော်၏မိသားစုဝင်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားပြီး သခင်မကြီးကိုတော့ အဖွားအဖြစ် တစ်ခါမှ အသိမှတ်မပြုခဲ့ပေ။

ဘေးပတ်ဝန်းကျင်ကလူ‌များသည် ရှန်လျန့်အား ဂရုဏာသက်စွာကြည့်နေကြသည်။ ဒူးထောက်ဂါရဝပြုဆုတောင်းခြင်းက သာမာန်ပြည်သူတွေကြား ထူးဆန်းသည်တော့မဟုတ်ပါ၊ လူပေါင်းများစွာက သုံးကြိမ်‌ဒူးထောက်ကာ ကောင်းကင်နဲ့မြေကြီးကို ကိုးကြိမ်ဂါရဝပြုဆု‌ေတာင်းကြသည်။ ယခု သခင်မကြီးကနတ်ဒေဝါအစား ချင်ဧကရာဇ်ကိုထည့်သွင်းပြောခဲ့ရာ ရှန်လျန်က ဧကရာဇ်ကို သစ္စာရှိခြင်း၊ မရှိခြင်းနှင့် သက်ဆိုင်သွားရသည်။ အဖွားအိုရဲ့ ရည်ရွယ်ချက်ကိုရိပ်မိကြပေမယ့် ဘယ်သူမှ အတင်းတုပ်ခြင်း၊ ဝေဖန်ခြင်းများ မလုပ်ရဲကြ။

"ချင်ပြည်သူအနေနဲ့ ချင်အင်ပါယာအတွက် ပေးဆပ်တာက သဘာဝကျတယ်...ပြီးတော့"

"အင်ပါယာကြီး တစ်ခုလုံးရဲ့ဝန်ကို ‌'ကော'တစ်ယောက်ရဲ့ ပခုံးပေါ် ထမ်းသင့်တယ်လို့ ကျုပ်လည်း မသိခဲ့ရပါလား"

သခင်မကြီးအား စူးစူးရဲရဲ စိုက်ကြည့်နေသော ရှန်လျန်မှာ တစ်စုံတယောက်ရဲ့လွှမ်းမိုးနိုင်သော အသံကိုကြားလိုက်သည်နှင့် နှုတ်ခမ်းထောင့်စွန်းကော့တက်သွားခဲ့သည်။ ထိုအသံက ရှန်လျန်ရဲ့အာရုံကို ဆွဲဆောင်နိုင်လိုက်သလို ဆက်ပြောခံရမယ့်စကားတွေကနေလည်း ကာကွယ်ပေးလိုက်သည်။

"ချင်ဖင်းမြို့စားမင်းလား"

"တော်ဝင်မင်းသားတွေ...."

လူတိုင်း တအံ့တဩဖြင့်လှည့်ကြည့်လိုက်သော် ခမ်းနားထည်ဝါသော ဝတ်စုံဝတ်ဆင်ထားလျက် မြင်းပေါ်ထိုင်နေသော ဖေးယွမ်ရွှင်းကို တော်ဝင်မင်းသားကိုးပါးခြံရံလျက် တွေ့လိုက်ရ၏။ ပတ်ဝန်းကျင်က ဆူညံသံများ တိတ်ကျသွားသည်။ သခင်မကြီးက မျက်မှောင် ကြုံ့၏။ ကျောက်လန်နဲ့လုယန်တို့၏ အမူအရာက တင်းမာနေ၏။

ဆန့်ကျင်ဘက်အနေနဲ့ ရှန်ချန်၊ရှန်ချောင်နဲ့ ရှန်ကျင်းတို့မှာ မင်းညီမင်းသားများကိုအစုအဝေးလိုက် မြင်လိုက်ရသဖြင့် ကြောက်ရွံ့တုန်လှုပ်ကုန်သည်။

"ကျွန်တော်မျိုးမ တော်ဝင်မင်းသားများနဲ့ ချင်ဖင်းမြို့စားမင်းကို ဂါရဝပြုပါတယ်"

သတိပြန်ဝင်လာပြီးနောက် သခင်မကြီးက ချွေးမတွေရဲ့ လက်မောင်းကိုတို့ပြီး ဂါရဝပြုရန် အသိပေး၏။

"အရှင့်သားတို့ကိုဂါရဝပြုပါတယ်၊ ချင်ဖင်းမြို့စားမင်းကို ဂါရဝပြုပါတယ်"

ကျောက်လန်နဲ့လုယန်က သမီးတွေကိုဦးဆောင်ပြီး သူတို့ရဲ့လေးစားမှုကိုပြ၏။ အစေခံအားလုံးက တညီတညွတ်တည်း ဦးခေါင်းက ဝတ်စုံကိုသာ မြင်နိုင်သည်အထိ ဒူးထောက် ခေါင်းငုံ့လိုက်ကြသည်။

ဖေးယွမ်ရွှင်းက လစ်လျူရှုလိုက်ပြီး မြင်း‌ေပါ်ကဆင်းကာ တိုက်ရိုက်ပင် သခင်မကြီးအားဖြတ်ကျော်၍ ရှန်လျန့်ဆီ သွားသည်။

"ကျုပ်ရဲ့အနာဂါတ်ဇနီးလောင်းနဲ့ ဒီနေရာမှာထပ်တွေ့ရမယ်လို့ မထင်ထားမိဘူး၊ နတ်မြတ်နတ်ကောင်းတွေဆီ လာဆုတောင်းမယ်ဆိုလည်း ဘာလို့ ကျုပ်ကို မဖိတ်ခေါ်လဲ"

"မြို့စားမင်းကို ဒုက္ခမပေးဝံ့ပါဘူး"

ရှန်လျန်က သူနဲ့မရင်းနှီးသယောင် ဖြေဆိုလိုက်ပြီး ဒူးညွှတ်ကာ လေးစားသမှုပြုသည်။ ဖေးယွမ်ရွှင်းက ရှန်လျန်ရဲ့ အစီအစဉ်ကို ဖျက်လိုက်မိမှန်းသတိပြုမိသွား၏။ ဒါပေမယ့်သူ့အပြစ်မှ မဟုတ်တာ! တော်ဝင်မင်းညီမင်းသားတွေကို အဝေးကနေ အကြာကြီး ရပ်ကြည့်ခိုင်း‌လို့မရဘူးလေ...တားလို့မှမရတာကို။

နှစ်ယောက်ထဲ ကိုယ်ပိုင်အချိန်လေးရှိနေသလိုပြောနေကြပြီး လူကြီးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို မေ့နေကြရာ အဖွားအိုရဲ့ မျက်နှာက မည်းမှောင်လာ၏။သို့ရာတွင် မင်းညီမင်းသားတွေရဲ့ရှေ့မှာမို့ ထုတ်မပြောဝံ့ပါချေ။

အပြင်ပန်းမှာ တည်ငြိမ်တဲ့ အပြုံးဖြင့် ထိန်းထားပြီး လုယန်နဲ့ ကျောက်လန်လည်း ထိုနည်းတူပင်။ လုံးဝမပြုံးနိုင်သည့်သူကတော့ ရှန်ချောင်ပဲ ဖြစ်၏။ မြို့စားမင်း ရှန်လျန့်ဆီသွားကတည်းက စိတ်ထဲမှာ အကြိမ်ထောင်ပေါင်းများစွာ ရှန်လျန့်ကို ထိုးသတ်ပြီးပြီ။ သံသယဝင်စရာမလိုအောင်ပင် သူမရဲ့ အဆိပ်ပြင်းသည့်အကြည့်က ရှန်လျန့်ပေါ် ကျရောက်နေသည်။ ရှန်လျန်က အနာဂါတ် မြို့စားကတော် ဆိုပေမယ့် ထိုနေရာက နဂို သူမ၏နေရာပင်။ ရှန်လျန်က လင်ခိုးသွားတာဖြစ်၏။

တော်ဝင်မင်းသားတွေက ဖေးယွမ်ရွှင်းရဲ့ အပြုအမူနဲ့ပတ်သက်ပြီးထူးဆန်းတယ်လို့ မခံစားရချေ။ အားလုံးမြင်းပေါ်ကဆင်းလာကြသည်။

"ယဉ်ကျေးနေစရာမလိုပါဘူး၊ အားလုံးထကြပါ"

ချင်ယွင်ရှန်းက ဂုဏ်သတင်း‌အမြဲကောင်းသည်နှင့်အညီ ဖေးယွမ်ရွှင်း၏နောက်မှ နာမည်ကောင်း လိုက်ယူသည်။

"ရှန်လျန် မင်းကိုနောက်ဆုံးတစ်ခေါက် တွေ့တုန်းက တုံးလင်အိမ်တော်ရဲ့အမွေဆက်ခံသူ သားအနေနဲ့ပဲရှိသေးတာနော်၊ ဘယ်သူထင်ထားမှာလဲ? အခု ချင်ဖင်းမြို့စားကတော်လောင်းဖြစ်နေပြီ ၊ နောက်ကျရင် ကျုပ်တို့ကို ဝမ်းကွဲ ယွမ်ရွင်းခေါ်သလို လိုက်ခေါ်လို့ရတယ်နော်"

အကြီးဆုံးတော်ဝင်မင်းသား ချင်ယွင်မန်က အ‌ရင်ရှေ့တက်လာပြီး ရှန်လျန့်ကို စသည်။ ရှန်လျန်က ဦးညွှတ်လိုက်ပြီး..

"အရှင်မင်းမြတ်က ရှန်လျန့်ကို ချီးမြှင့်ပေးခဲ့လို့ပါ"

"ဟားဟား.. စိတ်ဝင်စားစရာပဲ"

ရှန်လျန်က ဧကရာဇ်ပေါ် ပုံချလိုက်မယ်မှန်း မထင်ထားတာကြောင့် မင်းသားကြီး သဘောတကျ ရယ်သည်။ မျက်လုံးတွေက နောင်တအပြည့်ဖြင့်၊ သူသာ လက်ထပ်ပြီးလို့မဟုတ်ရင် ရှန်လျန့်ကို ကြင်ယာတော်နေရာထားရန် ဆန္ဒရှိ၏။

ကံဆိုးစွာနဲ့ ဒီကောင်လေးကို သူတို့ညီအစ်ကိုတွေ တစ်ယောက်မှ မရပဲ ယွမ်ရွှင်းက ပိုင်ဆိုင်သွားသည်။ ဆိုတော့ ရှန်လျန့်အားသတ်ဖို့ နည်းလမ်းရှာမှ ဖြစ်တော့မည်။ နောက်ခံအင်အားနဲ့ မိသားစုဂုဏ်သတင်းက သန်မာလွန်းပြီး၊ ရှန်တာ့ကပါ သဘောတူလျှင် သူ့တက်လမ်းအတွက် အန္တရာယ်ဖြစ်လာနိုင်သည်။

"အစ်ကိုတော်ကလည်း ဘယ်အရာမှ ပုံသေတွက်လို့မရဘူးလေ၊ အနာဂါတ်ကို ဘယ်သူက ခန့်မှန်းနိုင်မှာတဲ့လဲ၊ ခမည်းတော်က သူတို့လက်ထပ်ပွဲကိုပြန်ရုတ်သိမ်းတာလဲ ဖြစ်နိုင်သေးတယ်"

ပဉ္စမ မင်းသားချင်ယွင်ထျန်းက မကျေမနပ်ဝင်ပြောသည်။ သူ့လေသံက သေချာပေါက် ပြောင်းလဲ ပစ်နိုင်သလို။

ဆဌမမင်းသား ချင်ယွင်ဝေက ကူကယ်ရာမဲ့သွားပေမယ့် ထောက်ခံသည်။

"အစ်ကိုတော်ရဲ့စကားက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ဘူး၊ လက်ထပ်ပွဲ မပြီးသေးမချင်း မသေချာတာတော့အမှန်ပဲ"

"အစ်ကိုတို့ ဆက်မပြောရင်ကောင်းမယ်နော် ၊ ယွင်ရွှင်းရဲ့ရုပ်ကိုကြည့်ကြပါဦး၊သူ့ခမျာ ဒေါသထွက်ပြီး သေတော့မယ်"

သတ္တမမင်းသားချင်ယွင်ဇီက ပြုံးစစနှင့် သတိပေးသည်။ တစ်ကယ်ပဲ ဖေးယွမ်ရွှင်း၏မျက်နှာမှာ အပြုံးပါးပါးရှိနေပေမယ့် ထိုအပြုံးက ဒေါသကို ဖုံးဖိထားတာ မျက်လုံးပါသူတိုင်း မြင်နိုင်သည်။

အဌမမင်းသားချင်ယွင်ချိန်နဲ့ နဝမမင်းသားချင်ယွင်ရုန်ကတော့ စနောက်မှုမှာ ဝင်မပါပဲ ထို့အစားရှန်လျန့်ကိုသာ နှမြေတသစွာ ကြည့်နေမိကြသည်။

လူတိုင်းက ရှန်လျန့်ကို အမှန်တစ်ကယ် ချစ်မြတ်နိုးကြတာ မဟုတ်ပဲ နောက်ခံ အင်အားကို သဘောကျသောကြောင့်သာ လုနေကြခြင်းဖြစ်၏။

လူကိုစိတ်ဝင်စားလားဟုမေးလျှင် ဆွဲဆောင်မှုရှိရုံထက် မပိုဟုဖြေရမည်။

ချင်ဖင်းမြို့စားတင်မက မင်းညီမင်းသားကိုးပါးလုံး ဝန်းရံခံနေရသည့် ရှန်လျန်ကိုကြည့်ရင်း ရှန်ချန်တို့မှာ မနာလိုစိတ်တွေမြင့်တက်နေသည်။ လက်ထဲမှ လက်ကိုင်ပုဝါကိုဆုတ်ဖြဲမတတ် ဒေါသတကြီး ဖျစ်ညစ်ထားသည်။

"ကျုပ်က ဒေါသကြီးတယ်နော် ၊ တစ်ကယ်လို့ ကျုပ်နိုင်ခဲ့ရင် မင်းသားတို့ တစ်ယောက်မှ အေးဆေးနေရမယ်မထင်နဲ့"

ဖေးယွမ်ရွှင်း ပြန်စမှ အမူအရာတွေ ပြောင်းလဲကုန်သည်။ ဖေးယွမ်ရွှင်းက အလေးအနက် မထားတော့ပဲ သခင်မကြီးဘက် လှည့်လိုက်သည်။

"တုံးလင်အိမ်တော်က သခင်မကြီးအကြောင်း ကြားဖူးနေတာကြာပါပြီ၊ ကျုပ်ရဲ့ ဇနီးလောင်းကိုလုံးဝ အမြင်မကြည်ဘူးဆို? သခင်မကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို အိမ်ပြင်ထွက်တဲ့အချိန် မထိန်းသိမ်းထားသင့်ဘူးလား? ဘာကို သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ်ဂါရဝပြုမှာလဲ ? ယခင်ဇနီးကြီးက သေဆံုးသွားတဲ့အထိ လုပ်ကြံခံရပြီး‌နောက်ပိုင်းမှာ လျန်လျန်က နယ်စွန်နယ်ဖျားမှာ ငါးနှစ်တောင် သွားနေဖို့ဖိအားပေးခံခဲ့ရတော့ ကျန်းမာရေးက တော်တော်လေးဆိုးရွားနေတာ မြို့တော်မှာ နေထိုင်ကြသူတိုင်းသိတယ်၊ချူချာပြီး ဖျားလွယ်တဲ့သူက အိမ်ပြန်ရောက်ပြီး နှစ်လလောက် ကုသခဲ့ပေမယ့် ဘယ်လိုလုပ် မြန်မြန် ပြန်ကောင်းနိုင်မှာလဲ? သူ့ကိုမြန်မြန်သေဖို့ ဖိအားပေးချင်သေးတာလား? ချင်ဖင်းမြို့စားကတော်ကို လုပ်ကြံတဲ့အပြစ်က မိသားစုပိုင်ဆိုင်မှုအသိမ်းခံရပြီး၊ တစ်မိသားစုလုံး သေဒဏ်ပေးခံရမယ်ဆိုတာ မသိတာလား!"

ဒုတ်!

"ကျွန်တော်မျိုးမ မလုပ်ရဲပါဘူး!"

ပိုင်ဆိုင်မှု ရုတ်သိမ်းခံရပြီး မိသားစုလိုက်သေဒဏ်က သခင်မကြီးရဲ့ခေါင်းထဲ အလွန်ရက်စက်တဲ့ ပြစ်ဒဏ်ဖြစ်၏။ မြေပြင်ပေါ် ချက်ချင်းဒူးထောက်ချအသနားခံလျက် နှလုံးအိမ်ထဲ အမုန်းတရားနှင့်ပြည့်နှက်သွားသည်။ ထိုသို့ဖြစ်နေသော်လည်း နှိမ့်ချသည့်အမူအရာကို ပြရုံမှတစ်ပါး မဆန့်ကျင်ဝံ့ပါချေ။

"မလုပ်ရဲဘူးသာဆိုတယ်.. ကျုပ်အမြင်မှာတော့ ခင်ဗျားက မကောင်းတဲ့ရည်ရွယ်ချက် အပြည့်ရှိတယ်"

ယုတ်မာသော သူသည် သူ့ထက်ပိုကြမ်းတမ်းသောအာဏာရှင်ကို ကြောက်ရွံ့သည်။ ဖေးယွမ်ရွှင်းကသေခြင်းတရားကို မကြောက်သလို ဘာကိုမှ ဂရုမစိုက်တတ်သူဖြစ်ရာ လျန်လျန့်အား သတ်ချင်နေသည့်အဖွားအို၏အကြံအစည်ကို တိုက်ရိုက်ပဲ ဖွင့်ချပစ်သည်။

အဖွားအိုက အံတင်းတင်းကြိတ်ကာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်နေသည်။ သို့ရာတွင် ဆန့်ကျင်ရန်ကား မတတ်နိုင်ရှာ။

"မြို့စားမင်း အထင်လွှဲတာပါ၊ ကျွန်တော်မျိုးမက ကြီးမြတ်တဲ့ ချင်အင်ပါယာကြီးအတွက်ရယ်၊ တုံးလင်အိမ်တော်အတွက် ကံတက်လာအောင် ဆုတောင်းစေခဲ့တာပါ၊ နတ်ဒေဝါတွေကို ကျွန်တော်မျိုးမတို့ရဲ့ ရိုးသားမှုကို သက်သေပြဖို့အတွက် လုပ်ခိုင်းတာပါ"

"ကြီးမြတ်တဲ့ ချင်အင်ပါယာ အတွက်လား? အိမ်တော်အတွက်တဲ့လား?"

ဖေးယွမ်ရွှင်း နှုတ်ခမ်းမဲ့၏။

"ဒါဆိုရင်လည်း ချွေးမတွေရော၊ ကျန်တဲ့ သမီးတွေရော အကုန်ဆုတောင်းကြရင် ပိုမကောင်းဘူးလား? စိတ်နှစ်ပြီး ဆုတောင်းသူများလေ ကောင်းကင်ဘုံက သတိပြုမိလေပေါ့၊

နတ်ကောင်းနတ်မြတ်တွေက ကျား၊မ မခွဲခြားပါဘူး၊ သခင်မကြီးက အားလုံးကောင်းဖို့အတွက် ဆိုမှတော့ အားလုံး တူတူဆုတောင်းကြပေါ့၊ ဒီလိုဆိုရင် လျန်လျန်တို့လို ကော တွေကို ဆုတောင်းခိုင်းတဲ့အပေါ် ကျုပ်ဆက်ပြီး မေးခွန်းမထုတ်တော့ဘူး၊ လူတိုင်း ကျုပ်ဆိုလိုချင်တာကို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်၊ ထားပါတော့ တုံးလင်အိမ်တော်အကြောင်းပဲ ဆက်ပြောကြရအောင်၊ တုံးလင်အိမ်တော်က ကံဆိုးမှုတွေ ကြုံနေရတယ် ဆိုပေမယ့် တစ်ကယ်တမ်း ဒီလိုဖြစ်အောင် ဘယ်သူက လုပ်လဲ? ရှန်ရွေ့ထင်ရဲ့နောက်ဇနီး သားရယ်၊ ဒုတိယမိသားစုက သားတို့ နှစ်ယောက်ပေါင်းပြီး စာမေးပွဲကြီးကြပ်သူကိုလာဘ်ထိုးခဲ့လို့မဟုတ်လား၊ တိုင်းပြည် ဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုလေ၊ ဆုတောင်းလို့ ဘာဖြစ်လာမှာလဲ? နတ်တွေက ဥပဒေကို ထိန်းချုပ်နိုင်လို့လား? သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ်ရှိခိုးဆုတောင်းချင်ရင်လည်း သွေးရင်းမိသားစုက ဆုတောင်းတာ ပိုမကောင်းဘူးလား? ဥပမာ ရှန်ချောင် ဆိုရင် ရှန်‌ယန်ရဲ့ ညီမရင်းဖြစ်သလို ရှန်‌ေရှာင်နဲ့ဝမ်းကွဲတော်တယ် မဟုတ်လား"

မြို့စားမင်းက တစ်စုံတစ်ယောက်ကို အလွန်အမင်း ကာကွယ်နေပြီး ၊ ကိုယ်တိုင်ကလည်း လုပ်နိုင်စွမ်းရှိ၏။ ပြောလိုက်တဲ့စကားတိုင်းက အနာပေါ်တိုက်ရိုက်ထိမှန်သည်ချည်း။ တုံ့ပြန်ရန်တွေးထားသည့် ရှန်လျန်ပင် နောက်ကွယ်မှနေ၍ လက်မထောင်ဖြစ်သည်။ မြို့စားရဲ့စကားတွေက သူပြောတာထက် ပိုပြီးဩဇာသက်ရောက်သည်က အမှန်ပင်။

"မြို့စားမင်း.."

ရှန်ချောင်က စွန့်ပစ်ခံလိုက်ရသည့်ခံစားချက်မျိုးဖြင့် မျက်ရည်အိုင်လျက် မော်ကြည့်သည်။ မသိသောသူများဆိုလျှင် သူမနဲ့ ဖေးယွမ်ရွှင်းကြား ပတ်သက်မှုတစ်ခုခု ရှိသလိုလို။

"ဘယ်က‌နေ လေလွင့်လာတဲ့ ကြောင်လဲ?ရဲတင်းလိုက်တာ! ကျုပ်လိုမြို့စားမင်းနဲ့ ရင်းနှီးသယောင်ပြုရဲတာ"

သူမရဲ့မျက်လုံးအိမ်ထဲက နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကိုမြင်သော် မနှစ်မြို့မှုက ဆန်တက်လာပြီး မနက်ခင်းက စားထားတဲ့အစာကို ပြန်အန်ထုတ်ချင်စိတ်ပင် ဖြစ်ရသည်။

"မြို့စားမင်း..."

ကျောက်လန်က သမီးဖြစ်သူကို အလျင်အမြန်ဆွဲတားထားသည်။

အဖွားအိုက ခေါင်းငုံ့ချလျက် အံကြိတ်ကာဆိုသည်။

"မြို့စားမင်းရဲ့စကားက ကျိုးကြောင်းသင့်ပါတယ်၊ သေချာ မစဉ်းစားပဲ လုပ်မိတာ ဒီအဖွားအိုရဲ့အမှားပါ"

ဒီနေ့ခရီးစဉ်မှာ ရှန်လျန်လွတ်သွားပေမယ့် မနက်ဖြန်မှာရော မြို့စားမင်းက ကာကွယ်ပေးနိုင်ဦးမယ်တဲ့လား?

"ကျုပ်ပြောတာကို သဘောတူတယ်ဆိုမှတော့ ရှန်ရှောင်နဲ့ ရှန်ယန်ရဲ့ မောင်နှမတွေ ဘုရားကျောင်းမှာ သုံးကြိမ်ဒူးထောက် ကိုးကြိမ်ရှိခိုးဆုတောင်းပါ"

သူ့ဇနီးကို ကြံစည်ပြီးမှ ခေါင်းလေးငုံ့ထားရုံနဲ့ ခွင့်လွှတ်ပေးရမတဲ့လား? အိပ်မက်မက်နေလိုက်!

"ဘယ်လို!"

လိုက်လုပ်ဖို့မဆိုထားနှင့် ၊တဖန် နာမည်ခေါ်ခံရသူများက မယုံကြည်နိုင်စွာ ‌ငေးကြောင်သွားကြသည်။ ရှန်ချောင်၏မျက်လုံးထဲတွင် မျက်ရည်များပြည့်နေပြီး တော်ရုံလူဆို သူ့အလှမှာ နှစ်မြောပြီး စိတ်ပျော့သွားလိမ့်မည်။ ကံမကောင်းစွာနဲ့ ဖေးယွမ်ရွှင်းက တစ်ခါမှ ပြန်လှည့်မကြည့်တော့ပါ။

"ဘာလဲ နောက်တစ်ခေါက် ထပ်ပြောပေးရဦးမှာလား"

မူလက ပြုံးနေတဲ့ မျက်နှာက ရုတ်ချည်း ခက်ထန်သွားရာ အားလုံး‌ကြောက်ကြောက်လန့်လန့် ခေါင်းငုံ့လိုက်ကြသည်။ မိမိဘာသာ မည်မျှ မောက်မာနေစေကာမူ ဖေးယွမ်ရွှင်းလို တော်ဝင်မျိုးနွယ်ဝင်ဖြစ်ပြီး ၊သူတို့ထက် မြင့်မားသော အဆင့်အတန်းရှိသူအား ဦးညွှတ်ရန် မိမိကိုယ်ကို တွန်းအားပေး နေရသည်။

အခြေအနေတွေတင်းမာလာတာ မြင်တော့ ချင်ယွင်ရှန်းကဝင်ထိန်းသည်။

"အိုက်ယား သခင်မကြီးက သူသေချာ မတွေးမိတာကိုဝန်ခံပြီးပြီပဲ‌၊ ဒီတစ်ခါတော့ ငါတို့မျက်နှာကိုထောက်ပြီး ခွင့်လွှတ်ပေးလိုက်ပါ၊ မင်းကလည်း စိတ်မရှည်တတ်ရန်ကော"

ချက်ခြင်းဆိုသလိုပင် ရှန်ကျင်းနဲ့ ရှန်ချန်တို့၏အကြည့်က လေးစားမှုများနဲ့ပြည့်နှက်သွားသည်။ အဖွားအိုနဲ့ ချွေးမတွေလည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ မြို့စားမင်းက ဝါကြီးပေမယ့် မင်းသားကိုးပါးမှာ ဧကရာဇ်၏သားတော်များဖြစ်၏။ စတုတ္ထမင်းသားက ရှေ့ထွက်ကာကွယ်ပေးလာလို့သာ၊ မဟုတ်ပါက ရာပေါင်းချီသော လှေကားထစ်တိုင်းကို ဒူးထောက်ဆုတောင်း၍တက်ခိုင်းလျှင် မည်သူမှ လုပ်နိုင်စွမ်းရှိမည် မဟုတ်။

"အလှလေးကို အချိန်မှီကယ်တင်တဲ့ သူရဲကောင်းပေါ့?"

ဖေးယွမ်ရွှင် မျက်ဝန်းတွေ မှေးကျဉ်းလိုက်ပြီး ရှန်ချန်တို့ကို အဓိပ္ပာယ်ပါပါကြည့်၏။

ကျော့ကွင်း၌မိချင်နေသော သမင်မလေးနှစ်ယောက်ကြောင့် ချင်ယွင်ရှန်း မျက်မှောင်ကြုံ့လုနီးပါးဖြစ်သွားသည်။ မင်းသားများ၏အမူအရာက ရယ်ချင်ပက်ကျိဖြင့်၊ ယခင်က ဆိုလျှင် တုံးလင်အိမ်တော်မှ သမီးငယ်လေးများ၏ဂုဏ်သတင်းက မွှေးပျံ့ပြီး ထူးချွန်ထက်မြက်သည့်အလှလေးများဖြစ်သည်။ ထိုစဉ်ကဆိုလျှင် ကြင်ယာတော်နေရာ မဟုတ်တောင် ကိုယ်လုပ်တော် ရွေးကောက်ရန် အလွန်သင့်တော်၏။ သို့သော် လက်ရှိ ကောလဟာလများက ဆိုးရွားပြီး လူတိုင်း၏တံတွေးခွက်၌ ပက်လက်မျှောနေရသဖြင့် လက်ထပ်ထိမ်းမြားရန်ရွေးချယ်ပါက အမြတ်မရှိပဲ အရှုံးပေါ်လိမ့်မည်။ ရှန်လျန်နဲ့လည်း ရန်ငြိုးရန်စရှိသဖြင့် ဝေမိသားစု၏ စစ်အာဏာထောက်ပံ့မှုကို မရနိုင်။

ချင်ယွင်ရှန်းသာ ဤမြောင်းပုပ်ထဲ ခုန်ဆင်းမိပါက ရာဇပလ္လင်အတွက် ကြိုးပမ်းနေသော ရန်သူတို့ကို ရှုံးမှာ မလွဲဧကန်ပင်ဖြစ်၏။

2838words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment