'ချီယွဲ့ ဝမ်းနည်းနေသည်။
မြို့စားမင်း ရောက်လာပြီ'
"ဦးလေးဖု ကျွန်တော် တစ်ကယ် ခံစားရတယ်"
ချီယွဲ့ မျက်ရည်တွေ ကျလာပြန်သည်။
"ရှောင်ရွှမ်းနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက မိဘဆွေမျိုးမရှိကြတော့ဘူး... အကြီးဆုံးသခင်လေးက ခေါ်လာကျွေးထားတာပါ... အဲ့ဒီအချိန်ကဆို လျန်လျန့်အသက်က ၅နှစ် ၊၆နှစ်လောက်ပဲ ရှိသေးတယ်.. သေးသေးလေးနဲ့ ချစ်စရာအရမ်းကောင်းတာ..
ကျွန်တော်တို့လည်း မြင်မြင်ချင်း နူးညံ့၊သိမ်မွေ့ ရှက်ကြောက်တတ်တဲ့ ညီလေး ပိစိလေးကို ချစ်သွားတာပေါ့.. အကြီးဆုံးသခင်လေးက ကျွန်တော်တို့တစ်ဘဝလုံး လျန်လျန့်ကို ဂရုစိုက်ပေး၊ ကာကွယ်ပေးဖို့တောင်းဆိုလာတော့ လုံးဝမတွေဝေပဲ ကတိပေးခဲ့ကြတယ် ။ အဲ့လိုနဲ့ လျန်
လျန် ရုန်းကန်ကြီးပြင်းလာတာကို မြင်ရတဲ့ အနီးကပ်လူတွေ ဖြစ်ခဲ့တာ..
အဲ့ဒီမှာပဲ လွန်ခဲ့တဲ့ ငါးနှစ်က သခင်ကြီးက လျန်လျန့်ကို နယ်စွန်နယ်ဖျားပို့ပစ်လိုက်တော့ လျန်
လျန်လေ တစ်ညလုံးငိုတာ ဖြူဖျော့ ပြာနှမ်းနေတာပဲ... အဖျားတွေကြီးပြီး ကယောင်ကတမ်းပြောတဲ့အထိပဲ... နှစ်လ သုံးလလောက်ကြာမှ နေသားကျသွားရှာတာ... သခင်မက လုံးဝလှည့်မကြည့်ဘူး...ကျွန်တော်တို့ဘာသာ အလုပ်ကြမ်းတွေ သိမ်းကြုံးလုပ်ပြီး ရုန်းကန်ခဲ့ရတာ.. လျန်
လျန်ဆို ရင် အဲ့ဒီအရွယ်ထိ အကြီးဆုံးသခင်လေးရဲ့ကာကွယ်ပေးတာကိုပဲ ခံခဲ့ရတာကြောင့် ပင်ပန်းဒဏ် မခံနိုင်ပဲ ရက်နည်းနည်းပဲရှိသေးတယ်.. သူ့လက်တွေ ပေါက်ပြဲ ပါလေရောလား...
အတိတ်ကို ပြောပြရင်း ချီယွဲ့ စိတ်မကောင်းဖြစ်ကာ ရှိုက်ကာရှိုက်ကာငိုလေ၏။ ဖုရင်လည်း ပခုံးလေးကိုပုတ်ကာ နှစ်သိမ့်ပေးရင်း စိတ်မကောင်းလှ။ချီယွဲ့က တစ်ခဏအကြာမှ ဆက်ပြော၏။
"ရှောင်ရွှမ်းနဲ့ ကျွန်တော်က စိတ်မကောင်းလွန်းလို့ ကလေးထိန်း ရဲ့နောက်ကွယ်မှာ အလုပ်တွေ သွားခိုးလုပ်ရတာမှ တစ်နေကုန်တနေခမ်း အစားမစားရေမသောက်ပဲ လုပ်ကြတာ.. လျန်လျန်က သူတစ်ပါးကို ဘယ်လောက်ထိတွေးပေးတတ်လဲ ပြောပြမယ်.. ညဘယ်လောက် နက်နေပါစေ ကျွန်တော်တို့ပြန်လာရင် ခြေလက်ဆေးဖို့ ရေနွေးပြင်ပေးထားတယ်.. စားဖို့ အစားအစာ ချန်ပေးထားတယ်.. သူပြောတာ သူက ဘာမှ မလုပ်တဲ့သူမို့လို့ နည်းနည်းပဲစားသင့်တယ်...ကျွန်တော်တို့က ပိုစားရမယ်တဲ့! ဦးလေးဖုရယ် ကျွန်တော်တို့က အစေခံတွေပါ .. ဘယ်သခင်က အစေခံအတွက် သူ့ဝေစုကို ခွဲပေးတာ ရှိလို့လဲ ကြားရောကြားဖူးလား...
လျန်လျန်က အရမ်းဂရုစိုက်ပေးတတ်ပြီး စိတ်ထားကောင်းတဲ့သူ... ဘယ်လိုလုပ် ကျွန်တော်တို့ကို ကောင်းကောင်း ဆက်ဆံပေးနိုင်ရတာလဲ?"
ချီယွဲ့ အသံပင် ဝင်ချင်လာသည်။ မျက်ရည်တွေက ဆည်တာတမံကျိုးပေါက်သလို တရဟော သွန်ချလျက်.. သူ့နှလုံးသားကို ပြင်းပြင်းထန်ထန်ဆွဲဆုပ်ထားသလို အသက်ရှုရခက်လာသည်။
"အားလုံးပြီးသွားပါပြီ... နောက်ကျရင် ကောင်းကောင်းနေရတော့မှာပါ"
ဖုရင် ဖက်ထားပေးလိုက်ပြီး နောက်ကျောကို ဖွဖွပုတ်ပေးကာ နှစ်သိမ့်၏။ သူကိုယ်တိုင်လည်း မျက်လုံးတွေနီရဲနေလျက်... လျန်လျန်ရဲ့ငယ်ဘဝက ခက်ခဲတယ်ဆိုတာ ကြားမိပေမယ့် ခုလို အပြည့်အစုံကြီးနားထောင်လိုက်ရတော့ ချီယွဲ့နဲ့ ချီရွှမ်းတို့လိုပဲ သူလည်း အတော်လေး စိတ်မကောင်း ဖြစ်မိ၏။
အားလုံးက ငယ်ကြသေးတဲ့ အပြင် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပဲ...။
"တစ်ကယ် ဒေါသထွက်တယ်.. ဦးလေးဖု မသိလို့... လျန်လျန် အသက် ဆယ့်သုံးနှစ်မှာ ကလေးထိန်းရဲ့ သားက လျန်လျန့်ကို အနိုင်ကျင့်တာ ၊ဒါကို အဲ့ဒီကလေးထိန်းက ဝင်မတားတဲ့ အပြင် သူပါ ဝင်ကူသေးတာ ... ဦးလေးပြောကြည့်ကြည့် ... သခင်မကသာ အရိပ်အမြွက်မပေးရင် သူ့လိုအစေခံက ခုလို ဆက်ဆံရဲမလား... နောက်ဆုံးတော့ အကြီးဆုံးသခင်လေးက ရဲစွမ်းသတ္တိအပြည့်နဲ့ သူ့နာမည်ဂုဏ်သတင်းကို ကျော်စောစေခဲ့တော့ ရှန်သခင်ကြီးက ရွေးချယ်စရာ မရှိပဲ သူ့ဂုဏ်သိက္ခာအတွက် သခင်လေးကို အိမ်ပြန်ခေါ်ခဲ့တယ်...ကျွန်တော်တို့က အိမ်ပြန်လမ်းမှာ ဘာဖြစ်သွားနိုင်မလဲ မတွေးခဲ့ကြဘူး...ရှေ့လျှောက်အဆင်ပြေဖို့ကိုပဲ မျှော်လင့်ခဲ့ကြတာ.. ခုဆို အကြီးဆုံးသခင်လေးမှာ သားလေးလည်း ရှိနေပြီ.. သခင်လေးနဲ့ မြို့စားကြီးကလည်း အချင်းချင်း စိတ်ဝင်စားနေကြပုံပဲ...
ဒါပေမယ့် သူတို့ တစ်ကယ် ဒုက္ခပေးရဲတယ်.. ဒါသန္ဓေမတည်ဆေးလေ! ဘယ်တော့မှ ကလေးမရနိုင်ဘူး... ခင်ပွန်းက ဘယ်လောက်ချစ်ချစ် သူ့ဇနီး ကိုယ်ဝန်မဆောင်နိုင်ရင် နောက်မိန်းမယူမှာပဲ ...နောက်မိန်းမသာ ကလေးရကြည့်ပါလား.. လျန်လျန့်ဘဝက အေးချမ်းပါဦးမလား... ဒါတမင် ယုတ်ပတ်ကြတာပဲ!"
ချီယွဲ့ ရင်နာနာနှင့် ငိုရင်း မထိန်းချုပ်နိုင်စွာ တစ်ကိုယ်လုံးတုန်ရီနေ၏။ ဖုရင်လည်း ခုန်ဆင်းလာခါနီး မျက်ရည်တွေကို သိမ်းဆည်းကာ ချီယွဲ့ကို ပြောသည်။
"ဦးလေးသိပါတယ်.. အားလုံးသဘောပေါက်တယ်... မငိုနဲ့ ချီယွဲ့... လျန်လျန်မြင်သွားရင်လည်း စိတ်မကောင်း ဖြစ်နေရလိမ့်မယ်.. အခုတော့ စိတ်လျှော့ထား.. ဦးလေးတို့ သေချာပေါက် အကြွေးပြန်တောင်းကြမယ် သေချာပေါက်ပဲ"
"ဟင့်.... ဦးလေးဖု"
ဖုရင် လက်နှစ်ဖက်ဖြန့်ပေးလိုက်သည့်အခါ ချီယွဲ့က ဦးလေးဖု ရဲ့ လက်မောင်းထဲ ဝင်ရင်း ဝမ်းပန်းတနည်း ငိုကြွေးပါ၏။ ဒီနှစ်တွေ အတွင်း သည်းခံခဲ့သမျှ ၊နာကျင်ခဲ့သမျှ သွန်ချပစ်လိုက်သည်။ သခင်မကြီးရဲ့ အခုခတ်တဲ့အဆိပ်က နောက်ဆုံးတစ်ခါပဲ ဖြစ်ရမည်၊ နောက်တစ်ခါမရှိစေရ ။
ဟယ်ရှန်း ခြံဝန်းထဲက နောက်ဆက်တွဲဖြစ်၏။
ရှန်လျန်ပြန်သွားတာနဲ့ သခင်မကြီးက ရှန်ရုထင်နဲ့ သားသမီးတွေ ကို ပထုတ်လိုက်ပြီးနောက်.
"အမေ.. သူတစ်ကယ်သောက်လိုက်တာမလား"
အပျော်တွေကို ဖုံးဖိရင်း ရှန်ချောင်က ကျောက်လန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်၏။ ရေထဲ ကျသွားရကတည်းက သူမ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပြီး မင်းသားကျန်းရဲ့ပစ်မှတ်ထားခံရမှာကိုလည်း ကြောက်နေရ လို့ ကောင်းကောင်း မစားနိုင် မအိပ်နိုင် တွေးပူနေရပြီး ကျောင်းတောင် သွားမတက်နိုင်ပေ။
ဆန့်ကျင်ဘက် အနေနဲ့ ရှန်လျန်ကျတော့ တစ်ရက်တစ်ရက် ပျော်ရွှင်နေရ၏ ။ ကျောင်းကနေ
ရှန်ကျင်း ပြန်လာပြီး ကျောင်းတက်ရက် အကြောင်းတွေ လာပြောပြတော့ သူမ ရှန်လျန့်ကိုမုန်းလွန်းလို့ ကျုံးလင်ခြံဝန်းထဲ ပြေးဝင်ပြီး သွားရိုက်သတ်ချင်မိသည် ။ ကျောင်းစအပ်တဲ့နေ့ကဆို ချင်ဖင်းမြို့စားနဲ့ ကျင်းသခင်လေးက ရှန်
လျန့်ကိုလာတောင် ကူညီပေးကြသေးတယ်... အချိန်အကြာကြီး သည်းခံ ပြီးတော့ နောက်ဆုံးမှာ တစ်ခုခုပြန်လုပ်နိုင်ခဲ့ပြီ ။
"အင်း သူတစ်ကယ်သောက်လိုက်တာ"
ကျောက်လန် ခေါင်းငြိမ့်ပြပြီး လက်ဆွဲကာ အတူထိုင်ချစေသည်။ ပြီးတော့ သမီးလက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ပြီး
"ချောင်အာ.. ဒီနေ့ သမီးရဲ့ မကျေနပ်ချက်တွေကို တုံ့ပြန်နိုင်ခဲ့ပြီ ... စိတ်အေးအေးထားတော့! တိုက်စစ်က ခုမှစမှာ..သူ သမီးကို တစ်ခါ လုပ်ရင် အမေက ဆယ်ခါ၊ အခါတစ်ရာ လက်စားချေပေးမယ်... ခုနေ အမြင့်ဆုံးထိ ပေးတက်လိုက်... အနာဂါတ်မှာ သေချာပေါက် သူ ပြန်ပြုတ်ကျရလိမ့်မယ်"
မိခင်နဲ့ သားသမီးဆိုတာ စိတ်ချင်းဆက်နေကြတာမလို့ သူ့သမီးရဲ့ နာကျင်နေရတာတွေကို ကျောက်လန် ခံစားမိ၏။ ရှန်လျန်က ကလေးတစ်ယောက်ကိုလာပျိုးထောင်ပြပြီး အကြံပေးလို့ ကျေးဇူးတင်မိပါရဲ့.... ဒီနေ့တော့ သန္ဓေမတည်ဆေး တိုက်လိုက်နိုင်ပြီ... ဒီနေ့ကစပြီးဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်တော့ဘူး... သားသမီးအရင်းမွေးချင်လား? ကျော့မုန့်! အိပ်မက်မက်နေလိုက်!
"ကျေးဇူးပါမေမေ... မေမေက သမီးအပေါ် အကောင်းဆုံးပဲ"
ရှန်ချောင်က ကျောက်လန်ရဲ့ရင်ခွင်ထဲ ပစ်ဝင်ကာပြုံးပြလိုက်ပြီးနောက်... မျက်နှာကို မဲ့ရွဲ့ပစ်လိုက်သည်။
အဲ့ဒီခွေးကောင်! ချင်ဖင်းမြို့စားရှေ့မှာ ဟန်လုပ်ပြနေတာ... အစီအစဉ်အောင်မြင်သွားတဲ့နေ့ထဲပဲစောင့်! ခုလို ဟန်ရေးပြနိုင်ဦးမလား ကြည့်နေမယ်.. ချင်ဖင်းမြို့စားလို ချောမော ခန့်ညား အရည်အချင်း၊ဥစ္စာဓနပြည့်စုံတဲ့သူက ချို့ယွင်းချက်ရှိနေတဲ့ ရှန်လျန်လိုကောင်မျိုးကို စဉ်းစားပေးမယ်တဲ့လား?
"ကိုယ်ဝန်မဆောင်နိုင်တဲ့ 'ကော'ကို ဘယ်သူလိုချင်မလဲ သိချင်မိပါရဲ့... အမေ သမီးတို့ အစီအစဉ်အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြာဦးမလဲ? အဲ့ခွေးတိရစ္ဆာန် ကျရှုံးတာကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး"
တစ်ကယ်တော့ ရှန်ချောင် တစ်ယောက်ထဲ ဒီလိုဖြစ်နေတာ မဟုတ်ပဲ မင်းသမီးအလှူပွဲနေ့က ရှန်ကျင်းလည်း ခံခဲ့ရသည်။ မျက်နှာ မကောင်းစွာကျောင်းကပြန်လာတိုင်း မိခင်ဖြစ်တဲ့ လုယန်က ရင်ကွဲရသည်။
မိန်းမချင်းမဟုတ်တောင် ရှန်လျန်ရဲ့ ရုပ်ရည်က လူအတော်များများကို သက်တောင့်သက်သာ မရှိစေပါ။
"ဘာတွေ ဒီလောက် လောနေတာလဲ.. စိတ်မရှည်ရင် တိုဖူးပူပူ စားလို့မရဘူး..အဖွားတို့ သူ မလှုပ်သာတဲ့ အထိ အခွင့်ကောင်းကို စောင့်ရမယ်"
သခင်မကြီးက ဝင်ပြောလိုက်ပြီး သူ့လက်ထဲက ပုတီးကို ဆက်စိပ်နေသည်။ ဒီနေ့ သူ့ရင်တွေ ပေါ့သွားတယ်... ခွေးကောင်လေး ဘယ်ကမှန်းမသိတဲ့ကလေးတစ်ယောက် ခေါ်လာတယ်ဆိုတဲ့ သတင်းကြောင့် ဒီအခွင့်အရေးကို သုံးပြီး ဖိနှိပ်ပစ်ဖို့ ချောင်းနေတာကြာပြီ ။
ဒီကလေးကို လမ်းပေါ်က ကောက်လာပြီး သားအရင်းလို မွေးမယ်လို့ သူတော့ မထင်ဘူး ။
"အမေ... သူ့ခြံဝန်းမှာကိုယ့်လူ နည်းနည်း ထည့်ဖို့ ဘာလို့မပြောလိုက်တာလဲ.. ရှန်တာ့က သူ့ကိုစောင့်ရှောက်ဖို့ လူလွှတ်ပေး လိုက်တယ်ဆို.. ပိုက်ဆံတွေပါ ပေးသေးတယ်ဆိုပဲ... မဟုတ်ရင် ဆန်စပါးတွေ အများကြီးလှူနိုင်ပြီး နာမည်ကြီးသွားပါ့မလား.."
ကျောက်လန် မနာလိုဖြစ်နေ၏။ ကလေးက ပြဿနာ အကြီးစားပဲ... ကလေးရဲ့နောက်ကြောင်းက ရိုးရိုးရှင်းရှင်း လုံးဝ မဖြစ်နိုင်ဘူး ။
"ဟုတ်တယ်..ကျွန်မတို့က အိမ်ထောင်စုမှ မခွဲရသေးတာ.. ရှန်တာ့ရသမျှ လစာနဲ့ဆုလာဒ်တွေက ဒီအိမ်စာရင်းထဲ အကုန်ဝင်တာပဲကို..
ဘယ်လိုလုပ် ဟိုခွေးကောင်လေးကို ပေးနိုင်မှာလဲ? မတ်လေး လည်းတူတူပဲ... ရသမျှ ဒီအိမ်မိသားစုအားလုံးအတွက်ပဲလေ... ကိုယ်ကျိုးအတွက် သီးသန့်သုံးတာမှ မရှိတာ"
လုယန် အမြန်ထောက်ခံလိုက်၏။ ဒီကိစ္စကိုမကျေနပ်တာ ကြာလှနေပြီ... ဧကရာဇ် ရှန်တာ့ကို ချီးမြင့်တဲ့ ဆုလာဒ်တွေက တစ်ကယ့်အဖိုးအနဂ္ဂထိုက်တန်တဲ့ရတနာတွေပဲ ...လုယန် အစက စုဆောင်းထားသမျှငွေကြေးနဲ့ ရတနာတွေကိုကြည့်ချင်လို့ အခွင့်အရေးရှာခဲ့ပေမယ့် ရှန်ေရွ့ထင်က ချက်ချင်းပဲ အားလုံးကို သိမ်းဆည်းပစ်လိုက်သည်။
"ဒီကိစ္စမှာ အစ်ကိုကြီးက တစ်ကယ် ဘက်လိုက်တယ် မတရားဘူး"
ဘာတစ်ခွန်းမှဝင်မပြောတဲ့ ရှန်ေရွ့ထင်ရဲ့ ညီနှစ်ယောက်က နောက်ဆုံးတော့ ဝင်ထောက်ခံလာ၏။ သူတို့နေရာ က ရှန်ရုထင်နဲ့ မယှဉ်နိုင်ပေမယ့် ...အသုံးစရိတ်က အတော်နည်း၏။ တစ်ကယ်ဆို ဧကရာဇ်ဆီက ဆုလာဒ်တွေပါရခဲ့တယ်ဆိုရင် လစဉ်ထောက်ပံ့ကြေးပိုရသင့်တယ် မဟုတ်လား?
"ဒါတော့ ငါလည်းတတ်နိုင်တာ မရှိဘူး ၊ ရှန်ေရွ့ထင်က ရှန်တာ့တို့ ညီအစ်ကိုနဲ့ပတ်သက်ရင် အရမ်းခေါင်းမာတယ်..ရတနာတွေအပေါ် မျက်စ်ိကျမနေနဲ့.. သူထုတ်ပေးမှာ မဟုတ်ဘူး... တစ်ကယ်လို့ အစွမ်းစရှိရင် သူ့နေရာ ရအောင်ယူလေ.. ဝန်မင်းရာထူးရရင် ငွေအတွက် စိတ်ပူစရာလိုလို့လား?"
သခင်မကြီးက မျက်နှာ မသာအယာဖြစ်ရင်း သက်ပြင်းချ၏။ ရှန်ေရွ့ထင်က သူမအပေါ် အတော်လေးစား၏။ ခင်ပွန်းသည် ဆုံးပါးသွားပြီးကတည်း အမေတစ်ယောက်ရဲ့ တာဝန်အတိုင်း ရှန်ေရွ့ထင်ကို ချစ်ခင်ကြင်နာပြခဲ့ရသည်။
အတင်းတွန်းအားပေးမိရင် သူမကို ပုန်ကန်လာမှာ စိုးရသည်။ အဆုံးမှာတော့ သူမက ရှန်ရုထင်အပေါ် အမေကောင်းတစ်ယောက်လိုသာ ပြုမူနေတာ ၊ တစ်ကယ်တမ်း အမေရင်းမှ မဟုတ်ပဲလေ..
"အမေပြောတာ အဓိပ္ပာယ်ရှိတယ်"
သားအရင်း ရှန်ေရွ့ချင်နဲ့ရှန်ေရွ့ကျန်းတို့က ခေါင်းငုံ့နာခံရင်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
ထို့နောက် ရှန်ရုချင်က ပြော၏။
"အမေ..မင်းသား၄ရဲ့ လက်ထောက် ယဲ့ထျန်းက ဆက်သွယ်လာတယ် .. ကျွန်တော်တို့ အကြောင်းပြန်လိုက်ရမလား"
"ဟုတ်လား?"
သခင်မကြီးရဲ့ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ မင်းသား၄ရဲ့ မျက်နှာသာပေးခံရရင် ဝန်မင်းနေရာက ဘာမက်စရာရှိလို့လဲ?
သခင်မကြီးနှင့်ထပ်တူ .. ရှန်ကျင်းလည်း ကြိတ်ပျော်သွားပေမယ့် အမူအရာမပေါ်အောင် ဖုံးကွယ်လိုက်သည်။ လက်ကိုင်ပဝါကို တင်းတင်းဆုပ်ကိုင်ထားရင်း အချင်းချင်းပြောစကားတွေကို ပိုကြားအောင် တိတ်တဆိတ် နားစွင့်ထား၏။ သူမရဲ့ အနာဂါတ်ရည်မှန်းချက်မှာ တော်ဝင်မိသားစုဝင်နှင့်လက်ထပ်ဖို့ရန်ပင်။ တော်ဝင်မင်းသားများထဲတွင် မင်းသား၄ကိုသာ ပိုသဘောကျမိသည်။ ထိုသူနဲ့သာ လက်ထပ်ခွင့်ရလိုက်လျှင် သူမတစ်ဘဝလုံး ပြည့်ပြည့်စုံစုံ နေရမှာ ဖြစ်၏။
"အစ်ကို၂ ပြောတာ အမှန်ဆိုရင်... ကိစ္စတစ်ခုခုရှိလို့ လာဆက်သွယ်တာပဲ"
ရှန်ေရွ့ကျန်း ခေါင်းဆတ်ရင်း အတည်ပြု၏။
သခင်မကြီးက ကိုယ့်ပေါင်ကိုယ် ရိုက်ကာ..
"ကောင်းတယ်... သိပ်ကောင်းတယ်! ကောင်းကင်ဘုံက ငါတို့ကိုကြည့်ပေးလာတာပဲ.. အားလုံးလာကြဟေ့ ! ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ ရမယ်"
သူမ လက်ယပ်ခေါ်တာကြောင့် ဒုတိယနှင့်တတိယမိသားစုအားလုံး အနားစုဝေးလိုက်ကြသည်။ မိသားစုဟာ တိုးတိုး တိုးတိုးနှင့် ချမ်းသာဖို့ အရေး တိုင်ပင်ဆွေးနွေးနေကြ၏။ သို့သော် သူတို့အကြံအစည် မအောင်မြင်ခင်မှာပဲ ရှန်လျန်က ငွေအပ်သုံးပြီး သူသောက်ခဲ့တဲ့ဆေးကို အန်ထုတ်လိုက်ပြီးပြီဖြစ်ရာ ဆေးအာနိသင်က လုံးဝမသက်ရောက်နိုင်တော့ချေ။ ထို့အပြင် အာနိသင်ပြယ်ဆေးပါ ထပ်သောက်လိုက်သေးသည်။
ကျုံးလင်ခြံဝန်း၏ ညလူခြေတိတ်ချိန်တွင် ဖြစ်၏။
"သခင်"
လူတိုင်းအ်ိပ်ရာ ဝင်သွားချိန်၌ အရိပ်တပ်သားနှစ်ဦးကိုခေါ်ကာ သေးငယ်တဲ့ကြွေပုလင်းတစ်ခုစီ ပေးလိုက်ပြီး....
"ဒုတိယနဲ့ တတိယမိသားစု ခြံဝန်းထဲက သောက်ရေတွင်းထဲ ဒါသွားထည့်လိုက်"
နူးညံ့တဲ့မျက်နှာလေးက အေးစက်စက်နိုင်နေသည်။ ထိုလူတွေလောက် မယုတ်မာတတ်ပေမယ့် ကိုယ့်ထောင်ချောက်ကိုယ် ပြန်မိအောင်တော့ လုပ်တတ်၏။
"ဟုတ်ကဲ့"
ဘူးကိုယ်စီ လက်ခံပြီးသည်နှင့် ဘာမှ ထပ်မမေးပဲ ညအမှောင်ထဲ ပျောက်ကွယ် သွားတော့သည်။
"နောက်ဆုံးတော့ အဲ့လူတွေကို ပညာပေးဖို့ ဆုံးဖြတ်လိုက်ပြီလား"
ဖေးယွမ်ရွှင်း၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်မှာပဲ လေအေးတွေ တိုးဝှေ့လာတာကို ခံစားရပြီးနောက် တစ်စုံတစ်ယောက်ရဲ့ အဖက်ခံလိုက်ရသည်။
"ဘယ်အချိန်ထဲက ရောက်နေတာလဲ... လန့်သွားတာပဲ.. အရိပ်တပ်သားတွေတောင် မရိပ်မိကြဘူး"
ဖက်ခံထားရတာကို ရှန်လျန် မရုန်းပဲ အပြုံးလေးနှင့် ဘေးတစောင်းလှည့်ကြည့်လိုက်သည်။
"သူတို့ကိုအထဲ ခေါ်လိုက်တဲ့ အချိန်ပဲ ရောက်တာ.. သတိမထားမိတာ မဟုတ်ဘူး ကိုယ်မှန်းသိလို့ ဘာမှ မပြောကြတာ.."
ထိုင်ချလိုက်သော်လည်း ရှန်လျန့်ကိုရင်ခွင်ထဲ ထည့်ထားဆဲပင်။ ဖေးယွမ်ရွှင်း တစ်ကယ် တိတ်တိတ်လေးဝင်လာတာတောင် အရိပ်တပ်သားတွေက သိပြီး ဝင်မစွက်ဖက်ကြပေ။ ကိုယ်ခံပညာအခြေခံက သူ့ရဲ့ သံမဏိတပ်သားတွေထက် မလျော့ပေ။ ဒီလိုလူတွေက လျန်လျန့်ကို ကာကွယ်ပေးနေကြတယ်ဆိုရင် သူစိတ်ချရပါပြီလေ...
Words 2672
Grape 🍇