no

Font
Theme

'ရှန်ရှောင်နဲ့ ရှန်ယန် ပြဿနာတက်ပြီ'

မိုးရွာသွန်းခြင်းက ရက်နှစ်ဆယ်ကျော်မှ ရပ်တန့်သွားခဲ့သည်။ အားလပ်ရက်အပြင် ရက်နှစ်ဆယ်ကျော် ပိတ်ထားရသည့် ထျန်းမန်ကျောင်းလည်း ပြန်လည်ဖွင့်လှစ်ပေ တော့မည်။ပြင်ပတွင် မြူနှင်းတွေအုပ်ဆိုင်းနေပြီး တစ်ယောက်ကို တစ်ယောက် သဲသဲကွဲကွဲ မြင်နိုင်ရန် မလွယ်ကူသဖြင့် ရက်အတော်ကြာ အိမ်တွင်းအောင်း‌ရာမှ ယခုမှ သူငယ်ချင်းတစ်သိုက်ဆုံတွေ့ကြခြင်းဖြစ်၏။ ရှန်ကျိုးအား စနောက်လိုက်ကြပြီးနောက် လူတိုင်းကကျောင်းပိတ်ရက်အတွင်း ကြုံတွေ့ခဲ့ရသည်များကို မျှဝေပြောပြဖြစ်ကြသည်။

တခါတရံ ရယ်စရာ အဖြစ်အပျက်များကြောင့် ရယ်မောလိုက်ကြရင်း လူငယ်များအကြား လေထုက အလွန်ရင်းနှီးနွေးထွေးနေလေ၏။

"အဲ့လိုပြောမှပဲ.. လျန်လျန် မင်းမြို့စားမင်းကို တစ်ကယ် ကုသပေးလိုက်တာလား? ဧကရာဇ်ရဲ့ ခွင့်ပြုအမိန့်စာကို ငါကြားကြားချင်း မင်းအတွက် စိုးရိမ်လို့‌ သေတော့မယ်! ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်က အဲ့လောက် ရိုးရှင်းပါ့မလား?အဖေနဲ့ အစ်ကိုက ငါ့ကိုအိမ်ပြင်ပေးမထွက်လို့ပေါ့.. မဟုတ်ရင် ငါမင်းဆီ အရင်ကတည်းက လာလည်ပြီးပြီ၊ တော်သေးလို့ မင်း မြို့စားမင်းကို ကုပေးလိုက်နိုင်တာ၊ မဟုတ်ရင် ဝမ်ဖေးဖြစ်သွားတာနဲ့ မင်းရဲ့အနာဂါတ် တစ်ဘဝလုံး ပျက်စီးသွားမှာကွ!"

ပေါ့ပေါ့ပါးပါးအကြောင်းအရာများ မျှဝေနေကြရင်း ရှန်ကျိုးက လေးနက်တဲ့ ခေါင်းစဉ်စီ ဆွဲခေါ်လာသည်။ ဒီနေ့သူတို့လာရတဲ့အဓိကရည်ရွယ်ချက်က ဒီအကြောင်း ပြောချင်လို့ပင်။ သူတို့အရမ်းစိုးရိမ်ပေမယ့် မိသားစုမျက်နှာကို ကြည့်ရသေးတာကြောင့် ဘယ်အရာမှ အလျင်စလိုလုပ်လို့မဖြစ်ပေ။

" ငါ့အဖိုး ဧကရာဇ်နဲ့ အတူ ချင်ဖင်းမြို့စားအိမ်ကို သွားတဲ့နေ့က လေ ... မျက်နှာကြီးပုပ်သိုးပြီး အိမ်ပြန်လာတာ၊ ဘာဖြစ်လာတာလဲပေါ့ ?ငါတို့အကုန်စိုးရိမ်သွားတာ၊ ဘယ်သူထင်ထားမလဲ ညကျတော့ ဧကရာဇ်ရဲ့ အမိန့်စာက ထွက်လာရော"

ရှဲ့ယန်က သက်ပြင်းချ၏။ ဒီကိစ္စမှာ ဧကရာဇ်ရဲ့ လုပ်ရပ်က တစ်ကယ်ကိုဒေါသထွက်စေပြီး ကြင်နာမှုမရှိတာပဲ၊ ဘုရင့်အမိန့်ဖြစ်တာ‌ေကြာင့်သူတို့က ဧကရာဇ်ရဲ့ အမှုတော်ထမ်း၊ မှူးမတ်ရဲ့ သားသမီးဆွေမျိုးတွေ ဖြစ်နေစေဦးတော့.. လျန်လျန့်ဘက်က ကန့်ကွက်ပေးလို့လည်း မရချေ။

"ဟုတ်တယ်၊ ငါ့အဖေလည်း ငါ့ကိုအမှန်တိုင်း မပြောပြဘူး၊ အဲ့ကတည်းက မင်း တစ်ခုခုဖြစ်ပြီလို့ ထင်လိုက်တာ"

ရန်ထျန်းယွီလည်း ဝင်ပြောလာသည်။

ဝေထန်နဲ့ ကျောက်ဟုန်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကိစ္စတွေက မရိုးရှင်းတော့ သူတို့ စကားကုန်ထုတ်ပြော၍ မရပေ။ အပြင်ကိုပေါက်ကြားသွားတာနဲ့ သူတို့တစ်မိသားစုလုံးစီ ကံကြမ္မာဆိုး ယူဆောင်လာမိနိုင်သည်။

"ဘာတွေ စိုးရိမ်နေကြတာလဲ၊ ပြီးခဲ့တာတွေ ပြီးပါစေတော့"

လေထုအခြေအနေက တင်းကြပ်လာတာကြောင့် ရှန်လျန် အပြုံးလေးနှင့်ဖြေလျှော့ပေးလိုက်သည်။

"နတ်ကောင်းနတ်မြတ်တွေက အမြဲစောင့်ကြည့်နေပါတယ်၊ လူကောင်းတွေက ကံကြမ္မာကောင်းပဲ ပိုင်ဆိုင်ရလိမ့်မယ်၊ချင်ဖင်းမြို့စားက ဝမ်ယွဲ့မြို့မှာ ကိစ္စကောင်းလုပ်ခဲ့မှတော့ မိုးနတ်မင်းက သူ့ကို အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ခေါ်သွားပါ့မလဲ? အခုသူ့ဒဏ်ရာက အဆင်ပြေသွားပြီ ဆိုတော့ အပြည့်ဝ ပြန်ကျန်းမာ‌အောင် လုပ်ဖို့ပဲလိုတာ၊ မင်းတို့ ငါ့အတွက် ဝမ်းသာပေးရမှာ မဟုတ်ဘူးလား? အနာဂါတ်မှာ ငါက မ်ြု့စားကတော် ဖြစ်သွားတော့မှာဆိုတော့ လမ်းမှာတွေ့ရင် ရိုရိုသေသေ၊လေးလေးစားစား နှုတ်ဆက်ဖို့ မမေ့ကြနဲ့နော်"

"......."

မျက်နှာအရေထူလိုက်တာ!

မူလက သူငယ်ချင်းအတွက် စိုးရိမ်ပူပန်နေကြသူများမှာ ရုတ်ချည်း ဆွံ့အသွားကြသည်။ သို့ရာတွင် ရှန်လျန့်စကားက မှားတော့မမှားပေ။တော်ဝင်မိသားစုထဲ သူတို့မဝင်ရောက်နိုင်သေးသရွေ့ ရှန်လျန့်ကို ဦးညွှတ်ရမှာဖြစ်၏။ အချင်းချင်းဆိုတော့ အနည်းငယ်တော့ ရှက်ဖွယ်ပင်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ မြို့စားကတော်ကြီးရယ်..ခုကတည်းက ခွဲခြားခွဲခြားနဲ့ ၊ ကျွန်တော်မျိုးက ခုပဲဦးညွှတ်နှုတ်ဆက်‌လိုက်ပါမယ်၊ ကျေနပ်ပြီလား"

ရှန်ကျိုးက မျက်စံ တစ်ပတ်လည်လိုက်ပြီး အမှန်တစ်ကယ် ထရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

အခြားသူများမှာ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ကြ၏။ ရှန်လျန်သာ အမူအရာကို ဆက်ထိန်းထားပြီး ညာလက်ကိုဆန့်ထုတ်ကာ ရှန်ကျိုးကို ဦးမော့ရန် လက်ဟန်ပြလိုက်သည်။

"ရှောင်ကျိုးကျီ.. ခေါင်းမော့နိုင်ပြီ၊ သက်တောင့်သက်သာ ထိုင်ပါ"

(En. နာမည်ရှေ့မှာ ရှောင် တပ်ခေါ်ပြီး၊ နာမည်နောက်မှာ ကျီထည့်ခေါ်တာက အရင်ခေတ်မိန်းမစိုးတွေကိုခေါ်မှသာ သုံးပါတယ်တဲ့)

"သွားသေလိုက်!"

"ဟားဟားဟား"

ရှောင်ကျိုးကျီက ရှန်ကျိုးကို သေချာပေါက် ရည်ရွယ်ခြင်းဖြစ်ရာ ဝေါခနဲ ဝိုင်းရယ်ကြ၏။သူတို့ ကိုယ်ပိုင်ခေါ်လာသော အစေခံများပင် ပခုံးလှုပ်ကာ ကြိတ်ရယ်နေကြ၏။

"ဒါပေမယ့် လျန်လျန် .. ချင်ဖင်းမြို့စားက မင်းအတွက် အိမ်ထောင်ဖက်ကောင်းဖြစ်မယ်လို့ တွေးလား?"

ရှန်ကျိုးက နည်းနည်းတော့ ဝမ်းနည်းနေမိ၏။

သူ ကျင်းရှီယန်ကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့ပြီး ကျင်းရှီယန် မြို့တော်ဆီ ပြန်ရောက်လာတာနဲ့ ရှန်ကျိုးက သူနဲ့ လက်ထပ်ချင်ကြောင်း အဖေနဲ့ အစ်ကိုကို ပြောပြလိုက်ရော။ ဘယ်သူထင်ထားမလဲ... သူ့ကိုအမြဲ အလိုလိုက်ခဲ့တဲ့ အဖေနဲ့အစ်ကိုက ရုတ်တရက်ကြီး ဒီကိစ္စကို ဘယ်တော့မှထပ်မပြောရဘူးလို့ အမိန့်ထုတ်လိုက်တော့ ...သူလည်း မပြောရဲတော့ဘူး၊ အဲ့ကတည်းက သူ့အနာဂါတ်အတွက် ဘာလုပ်လို့ဘာကိုင်ရမယ်မသိပဲ ဆုံးရှုံးသလို ခံစားနေခဲ့ရသည်။

တစ်ကယ်တော့ သူမှ မဟုတ် ၊လက်ရှိ ထိုင်နေကြတဲ့ သူအကုန်လုံး သူတို့ရဲ့ အနာဂါတ် အိမ်ထောင်ရေးအကြောင်း စိုးရိမ်ပူပန်‌ေနမိသည်။ သူတို့၏ မိသားစုအနေအထားအရ လက်ထပ်ပွဲကို မိမိသဘောနှင့်ဆုံးဖြတ်ခွင့်မရှိပေ။ မိသားစုမှ လူကြီးတွေက တွဲဖက်ပေးရင်တော့ သိပ်မဆိုးသော်လည်း၊ ရှန်လျန့်လို ဧကရာဇ်က အာဏာနှင့် တွဲဖက်ပေးလိုက်ပါက ပျော်ရွှင်ခြင်းတွေ အကုန်ရေစုန်မျှောရပေတော့မည်။ ထို့ထက် ကံဆိုးလျှင် တော်ဝင်နန်းဆောင်များ၏ လူမသိသူမသိ မောင်းမဆောင်မှာ တစ်ဘဝလုံး နှစ်မြှုပ်သွားနိုင်သေး၏။

"မင်းလည်း အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့မှာပါ"

ထိုသို့ပြောလိုက်ပြီးမှ ရုတ်တရက်ကြီး အရင်ဘဝက ရှန်ကျိုးရဲ့ ကံကို ပြန်သတိရလိုက်သည်။

သိပ်မကြာခင်မှာ မင်းသား၂ရဲ့ ကြင်ယာတော်ကနတ်ရွာစံတော့မှာ ဖြစ်ပြီး၊ ရှန်ကျိုးက မင်းသား၂နဲ့ လက်ဆက်လိုက်ရတယ်၊ ဒါပေမယ့် ရှန်ကျိုးရဲ့ ပွင့်လင်းပြီး တည့်တိုးဆန်တဲ့ အမူအကျင့်ကြောင့် မောင်းမဆောင်ရဲ့ ညစ်ထေးတဲ့လှည့်ကွက်ဒဏ်တွေကို မခံနိုင်ခဲ့ဘူး၊ ဒီလိုနဲ့ ၂နှစ်အတွင်း နှိပ်စက်ခံရတဲ့ဒဏ်နဲ့ သေဆုံးသွားခဲ့ရှာတယ်။

"အဲ့လိုမျှော်လင့်ရတာပဲ"

ရှန်ကျိုးက စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ကျနေတယ်။

ရှဲ့ယန်နဲ့ တခြားသူတွေ ရှိတာကြောင့် ရှန်လျန်က ကျင်းရှီယန် အကြောင်းကို တိုက်ရိုက်ထုတ်ပြောပြီး နှစ်သိမ့်ပေးလိုက်၍ မဖြစ်ပေ။

"လင်အန်းအမတ်ကြီးနဲ့ သခင်လေးကလည်း မင်းကို အလိုလိုက်ကြပါတယ်၊ မင်းဒုက္ခရောက်မှာမျိုးတော့ သူတို့အဖြစ်ခံမှာ မဟုတ်ဘူး၊ အရမ်းမတွေးနဲ့ "

"လျန်လျန်ပြောတာ မှန်တယ်၊ ဒီအကြောင်း ထပ်မတွေးတော့နဲ့ ၊ ငါတို့ လွတ်လပ်နေတုန်းအချိန်ကို လုပ်ချင်ရာလုပ်ပြီး အကျိုးရှိရှိ အသုံးချကြမယ်"

ရှန်ကျိုးကို အမြဲ စနောက်နေတတ်တဲ့ ယန်ထျန်းယွီက ရှားရှားပါးပါး နှစ်သိမ့်စကားပြောပေးလာ၏။ လျန်လျန်ရဲ့ အဖြစ်အပျက်ကြောင့် သူတို့အိမ်ကလူကြီးတွေလည်း လက်ထပ်တဲ့ကိစ္စဘက်ကို အာရုံစိုက်လာကြသည်။ မိသားစုလက်ထဲ အပ်ထားနိုင်ပါက သူတို့လိုချင်သော သူမျိုးနှင့် ကိုက်ညီသည့်လူ ရနိုင်သေး၏။ ဧကရာဇ် မှ လက်ထပ်မိန့် ချမှတ်လာမည့်အချိန်ထိ စောင့်နေလျှင် ကိုယ်ကျိုးနည်းရပေလိမ့်မည်။

"တော်ပြီ၊ အရမ်းဦးနှောက်စားတယ်၊ လျန်လျန် မင်းနဲ့ မြို့စားအကြောင်းပဲ ပြောရအောင်"

ဝေထန်က စကားခေါင်းစဉ်ပြောင်းပေးလိုက်၏။

ရှန်လျန်မှာ ကသိကအောက်ဖြစ်စွာနှင့်

" ငါ့ကောင်တွေ ဘာလို့ အရမ်းသိချင်နေရတာလဲ? အချိန်ပေါနေရင် ခုဖြစ်နေတဲ့ သဘာဝကပ်ဘေးနဲ့ ပြည်သူတွေကို စိုးရိမ်ပေးတာ ပိုမကောင်းဘူးလား?

အခုဆို မြို့တော်တော်များများ ရေကြီးရေလျှံဖြစ်‌နေတာ၊ ဘေးအန္တရာယ်ကြီးကြီးမားမား ကြုံနေမှာပဲ ငါစိုးရိမ်မိတယ်"

"ဟုတ်တယ်၊ ရက်နှစ်ဆယ်ကျော်တောင် မိုးကဆက်တိုက်ရွာထားတာ၊ အခုက မိုးစဲသွားပေမယ့် ဘယ်တော့မှ တိတ်မယ်မသိဘူး"

သူ့ကိစ္စကို စိုးရိမ်နေတဲ့ ရှဲ့ယန်က အာရုံပြောင်းသွားကာ၊ အပြင်ဘက် မိုးကောင်းကင်ကို လှည့်ကြည့်လိုက်ပြီး အလိုမကျစွာ မျက်မှောင်ကြုံ့၏။ သူက 'ကော'တစ်ယောက်အဖြစ် မွေးဖွားလာပြီး ချင်အပ်ပါယာက 'ကော'တွေကို မင်းမှုထမ်းခွင့်မပြုထားပါ။ မဟုတ်ပါက ရှဲ့ယန်က သံသယမရှိ နိုင်ငံ့အကျိုးဆောင်နိုင်သော အမှုထမ်းကောင်း ဖြစ်နှင့်ပြီးလေပြီ။

"မကြာခင် တိတ်သွားတော့မှာပါ"

"ဟမ်? မင်းက ဘယ်လိုသိလဲ"

သူ့စကားကြားပြီးနောက် ရှဲ့ယန်ခေါင်းပြန်လှည့်လာသည်။

ရှန်လျန်က ‌အပြုံးဖျော့ဖျော့ ပြုံးကာ...

"ဟွေအန်းဘုန်းတော်ကြီး က ရှေ့ဖြစ် ဟောနိုင်တာကိုမေ့သွားတာလား? ငါ မြို့စားမင်းရဲ့ စစ်သည်တွေဆီက ကြားခဲ့တာ ...မိုးက အလွန်ဆုံး တစ်ပတ်ပဲ ရွာတော့မှာ၊ရက်အနည်းငယ်အတွင်း ဆည်ကာတာကလည်း လုံခြုံသွားပြီး ၊ရေလွှမ်းတဲ့နေရာတွေကိုလည်း စစ်သည်တွေက ဖြေရှင်းလိုက်နိုင်လိမ့်မယ်တဲ့"

"တစ်ကယ်ဖြစ်လာမယ်ဆိုရင် ကောင်းတဲ့ကိစ္စပဲ"

ရှန်လျန်ရဲ့ မုသားနဲ့ အမှန်တရား ရောနှောပြောတဲ့စကားကို ရှဲ့ယန်တို့ နည်းနည်းမှ သံသယမဝင်ကြပေ။ ဘုန်းတော်ကြီးရဲ့ ရှေ့ဖြစ်ဟောခြင်းက တစ်ကယ်ဖြစ်လာပြီး သူ့ရဲ့ဂုဏ်သတင်းကလည်း ပြည်သူတွေ ကြား ကျော်စောနေသည်လေ၊ ဘုန်းတန်ခိုးကြီးတဲ့ ဘုန်းတော်ကြီး ဟူ၍ ကိုးကွယ်ဆည်းကပ်နေကြသေး၏။ ဧကရာဇ်ပင် သူ့အား နန်းတော်သို့ ဆင့်ခေါ်ကာ နိုင်ငံ့ပုဏ္ဏားအဖြစ်ချီးမြှင့်ချင်ခဲ့၏။ သို့ရာတွင် ထိုကမ်းလှမ်းချက်ကို ဟွေအန်းက ငြင်းပယ်ခဲ့သည်။

အကြောင်းမှာ သာသနာ့ဘောင်ထဲပဲ ဆက်နေချင်ပြီး ပြည်သူတွေအတွက် ဆက်လက်ဟောပြောပေးချင်သောကြောင့်ဟုဆိုသည်။ ထိုအခါ ဧကရာဇ်က အတင်းမတိုက်တွန်းတော့ပဲ ၊တော်ဝင်အာဏာကို ဖီဆန်သည့် အပြစ်အနေဖြင့် ကပ်ဘေးကို ကျော်လွှားပြီးပါက လင်အန်းအမတ်ကြီး၊လင်းဝေတို့နဲ့အတူ မြို့တော်ဆီ လိုက်လာရန်သာ တောင်းဆိုခဲ့သည်။

"တစ်ကယ့်ပြဿနာက ခုမှ စမှာ"

တော်ဝင်ရတနာသိုက်က ငွေကြေးမလုံလောက်တော့ဘူး ၊တဖြည်းဖြည်း လျော့ပါးလာပြီး ကုန်သလောက်နီးနီး ရှိနေပြီ။ ဘယ်ကငွေနဲ့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်မှာလဲ?

"ဟုတ်တယ်၊ အချိန်ရောက်လာရင်တော့ အလှူခံရဦးမယ်"

ရှဲ့ယန်က သက်ပြင်းရှည်ကြီး ချ၏။ တခြားသူတွေလည်း စိုးရိမ်ပူပန်နေမိကြ၏။ ထိုအချိန်တွင် ရှန်လျန်က သူ့ကိုယ်သူ ထင်ပေါ်အောင် မလုပ်ချင်ရာ တိတ်တဆိတ်သာ ရေနွေးကြမ်း သောက်ရင်း နေနေလိုက်သည်။

"မ. မကောင်းတော့ဘူး၊ မကောင်းတော့ဘူး"

စိတ်အခြေအနေကြောင့် အုံ့မှိုင်းတိတ်ဆိတ်နေတဲ့ အခန်းထဲကို အစေခံတစ်ဦးက တံခါးဖွင့်ပြီး အလျင်စလိုဝင်လာသည်။ စားပွဲထိပ်ဆုံးမှာ ထိုင်နေတဲ့ ရှန်လျန့်ကို မြင်လိုက်တော့ ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားပြီး နောက်ပြန်လှည့်ရမလား၊ ဆက်လုပ်ရမလား ဝေခွဲမရဖြစ်သွားသည်။

ရှန်လျန်က ဦးစွာ စပြောလိုက်သည်။

"တုံးလင်အိမ်တော်က အစေခံဖြစ်ပြီး ပြဿနာဖြစ်တဲ့အချိန် စိတ်အေးအေးထားဖို့ မင်းကိုခေါင်းဆောင်က မသင်ထားပေးဘူးလား? ဘာဖြစ်လာတာလဲ"

"ဒါက....."

အစေခံက ရှဲ့ယန်တို့ လူစုကိုကြည့်လိုက်ပြီး ပြောရန် တုံ့ဆိုင်းနေလေသည်။ စွင်းကျင့်က အခြွေရံများနှင့် အခန်းထဲ ဝင်လာမှ သူက စပြောသည်။

"စွင်းဒေါ်ဒေါ်ကို သတင်းပို့ပါတယ်၊ ဒုတိယသခင်လေးနဲ့ စတုတ္ထသခင်လေး ကို စစ်မှုထမ်းတွေ ဖမ်းခေါ်သွားတယ်လို့ သတင်းရောက်လာပါတယ်"

"ဘယ်လို?"

လူတိုင်း မယုံကြည်နိုင်ဖြစ်ပြီး အံ့ဩသွားကြ၏။ ရှန်လျန်၏မျက်ဝန်းထဲက အေးစက်စက် အရိပ်ကိုတော့ ဘယ်သူမှမမြင်လိုက်ကြ။

"သေချာရှင်းပြ၊ ဘာတွေ ဖြစ်သွားတာလဲ? ဒုတိယသခင်လေးနဲ့ စတုတ္ထသခင်လေးက အင်ပါယာတက္ကသိုလ်မှာ စာကောင်းကောင်းသင်နေတာ မဟုတ်ဘူးလား? ရုတ်တရက်ကြီး ဘယ်လိုလုပ် ဖမ်းခံလိုက်ရတာလဲ?

စွင်းကျင့်က စိတ်လှုပ်ရှားနေမှုကို ကြိုးကြိုးစားစားထိန်းချုပ်လိုက်ပြီးနောက် တုံးလင်အိမ်က သခင်မ ပုံရိပ်နှင့်ညီအောင် ပြန်နေလိုက်နိုင်သည်။

လျိုရှုဟန်ရဲ့သားက ဖမ်းခံလိုက်ရပြီ၊ ဘယ်လိုဖြစ်သွားပါလိမ့်? မင်းမှုထမ်းမှန်သမျှ ရှန်ရှောင် က တုံးလင်အမတ်ကြီးရဲ့ဒုတိယသားဆိုတာ ဘယ်သူက မသိလို့လဲ? ဒါဆို ဘယ်သူက သူ့ကို ဖမ်းရဲတာလဲ? အပြစ်ကြီး တစ်ခုခုလုပ်ထားတယ်ဆိုရင်တော့ သူ့အဖေလဲ ကယ်နိုင်မှာ မဟုတ်ဘူး၊ မိုးနတ်မင်းက တစ်ကယ် ကြည့်ရှုပေးတာပဲ!

"ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ၊ မင်းသားသွမ့်ကိုယ်တိုင် စစ်သည်တွေနဲ့ အင်ပါယာတက္ကသိုလ်ဆီ တိုက်ရိုက်လာပြီး ဖမ်း‌သွားတာ၊အမတ်ကြီးလည်း ကြိုမသိထားပါဘူး"

အစေခံမှာ အကျဉ်းအကြပ်ထဲရောက်နေလေသည်။ စစချင်း သတင်းကြားတုန်းက နောက်ပြောင်နေသည်ဟုပဲ ထင်ခဲ့မိသော်လည်း ၊သခင်လေးတို့အား တစ်ကယ် ရှာမတွေ့သည့်အခါမှ တစ်ခုခုမှားနေမှန်း သတိထားမိကာ အမြန် သတင်းလာပို့ခြင်း ‌ဖြစ်၏။

"မင်းသားသွမ့်ကိုယ်တိုင် လာဖမ်းတယ်ဆိုတော့ စာမေးပွဲလာဘ်စားတဲ့ကိစ္စနဲ့ ဆိုင်မယ်ထင်တယ်"

ရှန်လျန်က အစေခံကို ထွက်သွားရန် အချက်ပြလိုက်ပြီးနောက် စပြောသည်။ သတင်းကြောင့် စွင်းကျင့်က ကြိတ်ဝမ်းသာနေသည်ကို မြင်နေရသော ရှန်လျန်က မျက်ခုံးပင့်လိုက်သည်။

"စွင်းဒေါ်ဒေါ် စိတ်မပူပါနဲ့ ၊ သတင်းကို အမတ်ကြီး၊ သခင်မနဲ့ သခင်မကြီးတို့ဆီ အရင်ပို့လိုက်ပါ"

"ဟင်? အင်း.. ခုပဲ လူလွှတ်လိုက်မယ်...အားလုံးပဲ ကျွန်မရဲ့ ဧည့်ဝတ်မကျေပွန်မှုကို ခွင့်လွှတ်ပါ၊ အရင်သွားနှင့်လိုက်မယ်ရှင့်"

ရှန်လျန်ရဲ့ သတိပေးမှုကြောင့် စွင်းကျင့်က သူမ ရဲ့တာဝန်ကို သတိရသွား၏။ ရင်ထဲက အပျော်တွေကို ဖိနှိပ်လိုက်ပြီး ရှဲ့ယန်တို့ကိုနှုတ်ဆက်ကာ ခပ်သုတ်သုတ် ထွက်သွားလိုက်သည်။

"ငါမှတ်မိသလောက် ရှန်ရှောင်နဲ့ ရှန်ယန်က အရင်နှစ် စာမေးပွဲမှာ ထိပ်ဆုံးငါးယောက်ထဲ ဝင်နိုင်ခဲ့တယ်မဟုတ်လား?သူတို့အမှတ်က စစ်ဆေးသူကိုလာဘ်ထိုးပြီးမှ ရလာတာလား? ဒါဆိုလည်း ဘာလို့ နံပါတ်၁ ရအောင် မလုပ်လိုက်လဲ?"

ရှဲ့ယန်တို့လူစုသည် သတင်းနှင့်ပတ်သက်ပြီး စတင် ဆွေးနွေးကြသည်။ သခင်လေး နှစ်ဦး၏ ယခင်နှစ် ရလဒ်များနှင့်ပတ်သက်ပြီး သံသယအရှိဆုံးပင်။

"နံပါတ်၁ ကျောင်းသားတွေကို ဧကရာဇ်ကိုယ်တိုင်စိစစ်တာလေ... သူတို့က ဧကရာဇ်ကို သွားလုပ်လို့မှ မရတာ"

ရှန်ရှောင်နဲ့ ရှန်ယန်တို့ကို အရင်တည်းက ကြည့်မရတဲ့ ရှန်ကျိုးက မဲ့ရွဲ့ကာ ပြော၏။

တရားရေးဝန်မင်းရဲ့ သားဖြစ်သူ ယန်ထျန်းယွီက အလေးအနက်ဖြင့် ဝင်ပြောလာသည်။

"အမှုထမ်းလာဘ်စားတဲ့ ကိစ္စက မိဖုရား နတ်ရွာစံတာနဲ့ ဆက်စပ်နေလို့ ပိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးလေလေ.. ပါဝင်ပတ်သက်သူတွေ ဖော်ထုတ်နိုင်လေပဲ၊ ဒီကိစ္စမှာ ရှန်ရှောင်တို့ ပါဝင်နေမယ်ထင်တယ်.. အမတ်ကြီးလည်း အထိနာမှာပဲ"

"ဒါက စာမေးပွဲ စစ်ဆေးသူအပေါ်လည်း မူတည်သေးတယ်..ဘာပဲဖြစ်ဖြစ် ထျန်းယွီ၊ရှဲ့ယန်.. ငါတို့အိမ်တော်က မကြာခင် ကသောင်းကနင်းတွေ ဖြစ်လာတော့မှာ၊ မင်းတို့မိသားစုအတွက် နာမည်ထိခိုက်လာနိုင်တယ်၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့"

ရှန်လျန်က အားလုံးကိုဝေ့ကြည့်လိုက်ပြီး သူ့သူငယ်ချင်းနှစ်ဦးကို အလေးအနက် သတိပေးလိုက်၏။

ရှန်ရှောင်က လျိုရှုဟန်ရဲ့ တစ်ဦးတည်းသောသားဖြစ်သည်။ သားဖြစ်သူ အဖမ်းခံရပြီး‌ အချုပ်ထဲ ရောက်သွားတာကိုသိရင် တစ်အိမ်လုံးဗြောင်းဆန်သွားအောင် လုပ်မှာပဲ စိုးရသည်။ ဒုတိယမိသားစုလည်း အတူတူပင်။ နှစ်မိသားစုလုံးက ရှန်လျန့်ကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ပါ။ သူငယ်ချင်းတွေက ဒီမှာပဲ ဆက်ရှိနေမယ်ဆိုရင် ရှန်မိသားစုပြဿနာကြား ညှပ်ကုန်တော့မည်။

"အင်း.. ဒါဆို ငါတို့ ပြန်နှင့်လိုက်တော့မယ်၊ မိုးတိတ်သွားလို့ ကျောင်းဖွင့်ရင် ပြန်ဆုံကြတာပေါ့"

ရှန်လျန်က သူတို့အတွက် တွေးပေးနေမှန်း သဘောပေါက်တာကြောင့် ဆက်မနေတော့ပဲ အချင်းချင်း လက်သီးစုတွေ ရှေ့ထုတ်ကာ နှုတ်ဆက်ပြီး ပြန်ရန်ပြင်သည်။

"လေ့ကျန်း ငါ့အစား ဧည့်သည် ပြန်ပို့ပေးပါဦး"

ရှန်လျန်ရဲ့ အမိန့်ကြောင့် လေ့ကျန်းက လူငယ်လေးတွေကို ရှေ့ကလမ်းပြခေါ်သွားသည်။ မြူခိုးမြူငွေ့တွေကြား တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ ရှန်လျန်က ပင်မအိမ်တော်၏ ဝင်ပေါက်တွင် ရပ်ကျန်ခဲ့သည်။

2959words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment