' ချင်ဖင်းမြို့စားနဲ့ ထိမ်းမြားရန် ခွင့်ပြု'
"မိုးနတ်မင်းရဲ့ အလိုတော်အရ ဘုရင်မင်းမြတ်က အမိန့်စာ ထုတ်ပြန်ကြေငြာလိုက်သည်။ တုံးလင်အိမ်တော်ရဲ့ အမွေခံသား.. ရှန်လျန် ဟာ ဉာဏ်ရည် ထက်မြက်တဲ့ အထက်တန်း ဆွေကြီးမြို့ကြီး မိသားစုဝင်ဖြစ်တာကြောင့် ချင်ဖင်းမြို့စားရဲ့ ဝမ်ဖေးအနေနဲ့ အထူးသင့်လျော်သည့် အလျောက် လက်ထပ်ထိမ်းမြားရန် ခွင့်ပြုမိန့် ချမှတ်လိုက်သည်။ "
လူတိုင်း ထိတ်လန့်အံ့အားသင့်သွားစေလောက်အောင် တော်ဝင်အမိန့်စာက နောက်တစ်ရက်ထိမစောင့်ပဲ ညလယ်ခေါင်မှာ ပဲ ရောက်ချလာသည်။
တုံးလင်အိမ်တော်ရဲ့ ပင်မခြံဝန်းရှေ့မှာ အိမ်သူအိမ်သား အများအပြားက ဘုရင့်အမိန့်စာကို ဒူးထောက်ခံယူနေကြ၏။ ထိန်းချုပ်ခံထားရတဲ့ လျိုရှုဟန်၊ သခင်မကြီးအပါအဝင် ဒုတိယမိသားစု၊ တတိယ မိသားစု အားလုံး ရှိနေကြပြီး ကာယကံရှင်ဖြစ်တဲ့ ရှန်လျန် ကတော့ သေချာပေါက် ပျက်ကွက်ခွင့်မရှိပေ။ လူတိုင်းက ရှန်လျန့်ကို ချင်ဖင်းမြို့စား ရဲ့အိမ်တော်ထဲ ထိမ်းမြား ဝင်ရောက်သွားနိုင်ပြီဆိုတာကို မယုံကြည်နိုင် ဖြစ်နေကြသည်။
"ရှန်အမတ်ကြီး.. အမိန့်စာကို ဘာလို့ လက်မခံသေးတာပါလဲ?"
မိန်းမစိုးခေါင်းဆောင် ရန်အန်းက အမိန့်စာ ပေးအပ်ရန် ကိုယ်တိုင် လာရောက်ခြင်းဖြစ်ပေ၏။ ရှန်ရွေ့ထင်ကို သတိပေးလိုက်ပြီး သူ့အဖေဘေးမှာ ဒူးထောက်နေတဲ့ ရှန်လျန့်ကို အပြုံးမျက်ဝန်းဖြင့်ကြည့်လိုက်၏။
"ဒါက... ရန်ကုန်းကုန်း.. အရှင်မင်းကြီးက ညလယ်ကြီး ဘာလို့ အမိန့်စာ ချက်ချင်း ထုတ်ရတာပါလဲ"
ရှန်ရွေ့ထင်က သတိဝင်သွားသော်လည်း အမိန့်စာကို ချက်ချင်းလက်မခံသေးပဲ အချိန်ဆွဲနေသည်။ ဒီနေ့ မြို့စားအိမ်တော်မှာတုန်းက အရှင်မင်းကြီးရဲ့ သဘောမတူချင်တဲ့စိတ်ကို သူသေချာ ခံစားမိခဲ့၏။ အနည်းဆုံး သူက ရှန်လျန့်ဖခင်ဖြစ်တာကြောင့် သူ့ခွင့်ပြုချက်အရင် ယူသင့်တာမဟုတ်ဘူးလား? ဘုရင့်အမိန့်က ဖခင်ကို ကျော်ပြီး ချမှတ်တာ အကျိုးကြောင်းသင့်ရဲ့လား? သူ့ကိုတောင် အသိမပေးပဲ လက်ထပ်ခွင့်က အထမြောက်သွားတယ်တဲ့လား?
"ရှန်အမတ်ကြီး အနေနဲ့ ရုတ်တရက်ဆန်သွားသလို ဖြစ်ပေမယ့် အရှင်မင်းကြီးက မြို့စားမင်းရဲ့ ကိစ္စကို အတော် ခေါင်းခဲနေတာပါ၊ ခပ်မြန်မြန် မကိုင်တွယ် နိုင်ရင် ဒီည ကောင်းကောင်း အိပ်မပျော်မှာတောင် စိုးရပါတယ်"
ရန်အန်းကုန်းကုန်းက ရှန်အမတ်ကြီး၏ ထပ်မံစိတ်ပျံ့လွင့်နေပုံကိုမြင်ပြီး သောကရောက်နေသော အမူအရာဖြင့်
" အနာဂါတ်မှာ ရှန်လျန်က ဝမ်ဖေး ဖြစ်သွားတော့မှာမလို့ဒါက သတင်းကောင်းပါ၊ ရှန်အမတ်ကြီး တော်ဝင်အမိန့်စာကို အမြန်လက်ခံလိုက်ပါ.. ကျုပ်တို့ ချင်ဖင်းအိမ်တော်ကို ဆက်သွားရဦးမှာ"
"........"
ရှန်ရွေ့ထင် က ရှန်လျန့်ကို သံသယနဲ့ လှည့်ကြည့်နေပြီး မတုန်မလှုပ်သေး ။ တော်ဝင်အမိန့်စာလိပ်က သူ့ရဲ့ ဦးခေါင်းအထက်မှာ ရှိနေပြီး ရန်အန်း ကုန်းကုန်းက သုံးကြိမ်တိုင်တိုင် သတိပေးနေရ၏။ နောက်ဆုံးတော့ ရှန်ရွေ့ ထင်က လက်နှစ်ဖက်ကို ရှေ့သို့ ဖြန့်လိုက်ပြီး အမိန့်စာကို လက်ခံသည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးမှ ချီးမြှင့်ပေးအပ်တော်မူလာတဲ့ တော်ဝင်အမိန့်စာကို လက်ခံပါတယ် အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!"
"ဝမ်းသာပါတယ် ရှန်အမတ်ကြီး!"
တော်ဝင်အမိန့်စာကို လက်ထဲ ကိုင်ထားေနရဆဲဖြစ်တဲ့ ရန်အန်း ကုန်းကုန်းက ထိုအခါမှ မျက်နှာ ပြုံးရွှင်လာတော့၏။
"ရန်ကုန်းကုန်း အလုပ်ကြိုးစားပေးလို့ပါ"
ရှန်ရွေ့ထင်ရဲ့တုံ့ပြန်မှုက အလွန်နှေးကွေးပြီး ပုံမှန်ဆန်နေ၏။ အိမ်တော်တာဝန်ကို ယာယီ လွှဲယူထားတဲ့ စွင်းကျင့်ကသာ ပြင်ဆင်ထားတဲ့ ငွေထုပ်လေးတွေကို နောက်လိုက်အခြွေရံတွေဆီ လွှဲပေးလိုက်၏။ ပေးအပ်သင့်တာ ပေးအပ်လိုက်ပြီးနောက် မိန်းမစိုးနှင့် ခြွေရံသင်းပင်းတို့ကို အပြုံးလေးဖြင့် နှုတ်ခွန်းဆက်စကားဆိုလိုက်၏။ အစမှအဆုံး သူမသည် စကားတစ်ခွန်းမှ ထုတ်မပြောရဲခဲ့ပါချေ။
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး...ဒီဘက်က ရှန်သခင်လေး မဟုတ်လား? တစ်ကယ်ကို လှပတာပဲ! မြို့စားမင်းက သူ့ကိုပဲ ရွေးချယ်တာ မအံ့ဩတော့ပါဘူး"
ရန်အန်းကုန်းကုန်းက မတ်တပ်ရပ်လိုက်ပြီဖြစ်တဲ့ ရှန်လျန့်ကို ကြည့်၏။
မျက်နှာ အမူအရာ ခံစားချက်ကင်းမဲ့နေသည့်ပုံဖြင့် ရှန်လျန်က
"ရန်ကုန်းကုန်း မြှောက်လွန်းနေပါပြီ"
"ချင်ဖင်းအိမ်တော် အခြေအနေက အထူးကောင်းမွန်တဲ့ အနေအထားမှာ ရှိတယ်... မနက်ဖြန်ကိုပဲ သူတို့ဘက်က စေ့စပ်ကြောင်းလမ်းဖို့ တရားဝင် လာကြလိမ့်မယ် ထင်တယ်.. ကဲ...ဒါဆိုရင် ကျုပ်ဆက်မနှောင့်ယှက်တော့ပါဘူးနော်"
ရန်အန်း ကုန်းကုန်းက ရှန်လျန်ရဲ့ ယဉ်ကျေးသမှု အမူအရာတွေကို အသိအမှတ်ပြုရင်း ပြန်ပြုံးပြလိုက်၏။ ထို့နောက် ထွက်သွားတော့မည်အပြု ရုတ်တရက် ရှန်လျန်က လှမ်းခေါ်လိုက်ကာ
"မြို့စားမင်းရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူးလို့ကြားသိရပေမယ့် အရှင်က ထိမ်းမြားခွင့်ပြုတယ်ဆိုတော့ အခြေအနေသိပ်မဆိုးလို့ ထင်ပါတယ်၊ ကျွန်တော် ဂရုစိုက်ပေးလို့ရနိုင်လောက်တယ်... ဒီလိုပါ... ငယ်ငယ်က နယ်မှာ နေခဲ့တဲ့ နှစ်တွေမှာ ဆေးပညာတတ်ကျွမ်းတဲ့ ဆရာနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ပညာသင်ယူနိုင်ခဲ့ပါတယ်.. ကျွန်တော်က ဆေးပညာမှာ ပါရမီပါပြီးထူးချွန်လို့တဲ့! ဆရာက ပညာအမွေတွေ လက်ဆင့်ကမ်းပေးခဲ့ပါတယ်.. ဒါကြောင့် ကျွန်တော် မြို့စားမင်းကို ကူညီပေးနိုင်လောက်တယ်ခင်ဗျ"
ဒီကိစ္စမှာ ရှန်လျန့်ဘက်က မြို့စားအိမ်ကို အကြောင်းအရင်း မရှိပဲ ဝင်ထွက်နေရင် ဘုရင့် လူယုံတော်တွေရဲ့ စောင့်ကြည့်မှုအောက်က မလွတ်နိုင်ပါ။ ထို့ကြောင့် ပညာနောက်ခံ က်ုဖုံးကွယ် မနေပဲ ဖော်ထုတ်လိုက်တာက ပိုအဆင်ပြေပြီး မြို့စားအိမ်ကို တံခါးမရှိ ၊ဓားမရှိ ဝင်ထွက်နိုင်ပြီ ဖြစ်သည်။ ဒီနည်းလမ်းနဲ့ ဖေးယွမ်ရွှင်း ကျန်းမာရေးပြန်ကောင်းလာရင်လည်း ဘုရင်က ဘာအမှားမှ ရှာမတွေ့နိုင်လောက်ပေ။
"ရှန်သခင်လေးက ဆေးပညာတတ်ကျွမ်းနေမယ်လို့ မထင်ထားမိဘူး၊ ထက်မြက်ပါပေတယ်"
ရန်အန်းက ခပ်မြန်မြန်ပင် ယဉ်ကျေးစွာ တုံ့ပြန်နိုင်သည်။
ရှန်လျန်က ဦးညွှတ်လိုက်ပြီး
"ဆေးပညာအခြေခံလောက်ပဲ သင်ယူနိုင်ခဲ့တာပါ... ရန်ကုန်းကုန်း ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး"
"ရှန်သခင်လေးက နှိမ့်ချနေပြန်ပြီ...ဟုတ်ကဲ့ ဒါဆို သခင်လေးပဲ ကုန်းကုန်းတို့အစား ဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ"
ရှန်ရုထင်က တော်ဝင်အမိန့်စာကို ရှန်လျန်ထံ လွှဲပေးလိုက်ပြီး ရန်အန်းကုန်းကုန်း ဦးဆောင်သည့် နောက်ပါတစ်သိုက် တို့ကို လိုက်လံပို့ဆောင်ရန် ထွက်ခွာသွားသည်။
"ဘာလို့ နင်ဖြစ်ရတာလဲ? ဧကရာဇ်က ဘာလို့ နင်နဲ့ လက်ထပ်ခွင့်ပြုလိုက်တာလဲ"
ရှန်ချောင်က ရုတ်တရက် ရှေ့တိုးလာပြီး ရှန်လျန့်ကို လက်ညိုးငေါက်ငေါက်ထိုးကာ အရူးတစ်ယောက်လို အော်ဟစ်လာရာ သခင်မကြီးအပါအဝင် ဒုတိယမိသားစု၊တတိယမိသားစုအကုန်လုံး ကြောင်အမ်းကုန်၏။
တော်ဝင်အမိန့်စာကို ကိုင်ဆောင်ထားတဲ့ ရှန်လျန်က အေးတိအေးတိ ပြန်ကြည့်လိုက်ပြီး စကားတစ်လုံးစီကို ရှင်းလင်းစွာ ပြတ်ပြတ်သားသား တုံ့ပြန်သည်။
"ငါ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ? မင်းလား? မယားငယ် သမီး နဲ့ လက်ထပ်ခွင့်ပြုပေးရမှာလား?"
ချင်ဖင်းမြို့စားက ဘုရင့်အမှုထမ်းဖြစ်ပြီး တော်ဝင် မြင့်မြတ်မျိုးနွယ်ဝင် တစ်ယောက်လေ!သာမာန် အမျိုးသမီးက သူ့ကို လက်ထပ်ဖို့ အရည်အချင်းမမှီဘူး။
ရှန်လျန်က စကားကို ထိန်းမထားပဲ အကုန်ပြော၏။
"နင်! နင် အယုတ်တမာကောင်!"
ရှန်ချောင်က သည်းမခံနိုင်တော့ပဲ ရှန်လျန့်မျက်နှာကို လက်သည်းတွေနဲ့ ကုတ်ဆွဲလိုက်သည်။
ဘုန်း!
"အာ့..."
"ချောင်အာ!"
လေ့ကျန်းနဲ့ ယောင်းကွမ်တို့ မတုံ့ပြန်နိုင်သေးခင် ရှန်လျန်က ဦးအောင် သူမ ဝမ်းဗိုက်ကို ကန်ထည့်လိုက်ပြီး မြေပြင်ပေါ် ဗိုင်းခနဲ ပစ်ကျသွားစေသည်။
ကျောက်လန်က သမီးဖြစ်သူရဲ့ အဖြစ်ကိုမြင်ပြီး အလန့်တကြား အော်ကာ အပြေးသွားထူပေး၏။ ဗိုက်ကို နာနာကျင်ကျင် ဖိနေတဲ့ သမီးကြောင့် ကျောက်လန်မှာ ဒေါသတွေ ဖုံးလွှမ်းသွားပြီး
"ရှောင်ဝူ မင်း တရားလွန်သွားပြီ.. ချောင်အာက မင်းရဲ့ ညီမလေးလေ"
"ဟက်!"
ရှန်လျန်ကတော့ အေးစက်စက်သာ လှောင်ရယ်လိုက်သည်။
"တရားလွန်တယ်ဟုတ်လား? ဘယ်သူက စလုပ်တာလဲ ပြောပါဦး? တစ်ကယ်လို့ တော်ဝင်အမိန့်စာကို ကန့်ကွက်ချင်ရင်.. အစွမ်းရှိရင် ဧကရာဇ်ဆီ ကိုယ်တိုင်သွားပြောလိုက်လေ .. ဘာကိစ္စ ကျွန်တော့်ကို လာအော်နေတာလဲ? ကျွန်တော့်မျက်နှာပေါ် သူ့လက်တောင် တင်ချင်နေသေးတယ်! ဂုဏ်သရေရှိချမ်းသာတဲ့ မိသားစုက သမီးဖြစ်ပြီး မျက်နှာပျက်မှာ မကြောက်ဘူးလား"
"မင်း...."
ကျောက်လန်က သမီးရဲ့ဘေးမှာ ထိုင်ပြီး မည်သို့တုံ့ပြန်ပြောရမှန်းမသိတော့ပါ။
"တော်လောက်ပြီ"
သခင်မကြီးက ဝင်တားလာသည်။
"ချောင်အာ သမီးရဲ့ အပြုအမူကိုထိန်း၊ ရှောင်ဝူလည်း တူတူပဲ၊ ချောင်အာက စ ရိုင်းစိုင်းရင်တောင် မင်းက သူ့ကို နာကျင်အောင် လုပ်လိုက်စရာ မလိုဘူးလေ"
"ကျွန်တော်သာ ပြန်မလုပ်ရင် ခုလို အေးအေး ဆေးဆေး ရပ်နေနိုင်ပါဦးမလား၊ သူ့ကိုပဲ နာအောင် လုပ်ခွင့်ပြုထားရမှာလား? ကျွန်တော့်အဖေက ဖွားဖွားရဲ့ သားအရင်း မဟုတ်ပါဘူး ၊ကပ်သပ်ပြောရရင် အိမ်ထောင်ဦးစီး မိသားစုနဲ့ ဖွားဖွားက ဘာမှကို မဆိုင်ဘူးလေ... အရမ်းဝင်ပါသလို ဖြစ်မနေဘူးလား?"
ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာကို အမြဲထိန်းထားတဲ့ရှန်လျန်က ဒီလူတွေရှေ့မှာတော့ ပြောင်းလဲသွားသည်။ သည်းခံသင့်တဲ့ အတိုင်းအတာကို ဒီလူတွေက ကျော်လွန်ခဲ့ပြီးလေပြီ။
ရှန်ချောင့်ကို တားဖို့ သူတို့ ရှေ့ထွက်လာလို့လား? တစ်ယောက်ပြီး တစ်ယောက် သူ့ကို တိုက်ခိုက်ဖို့ပဲ ထွက်လာကြတာ... ဘာမျက်နှာသာပေးမှုမှ မရှိခဲ့ဘူး..။
"မင်း အတင့်ရဲလိုက်တာ"
သခင်မကြီးရဲ့ မျက်စံက ပြူးကျယ်လာပြီး ပါးစပ်က ကြမ်းတမ်းလာသည်။
ရှန်ရွေ့ချင် က ရှန်ရန်ကိုဝင်ထိန်းခိုင်းသည်။
"ရှောင်ဝူ အပြုအမူထိန်းပါဦး.. ငါတို့တွေက မင်းထက် ကြီးတယ်လေ"
"အကြီးဆိုတိုင်း လုပ်ချင်သလို လုပ်လို့ရလား?"
ရှန်လျန့်စကားတွေက မှန်ကန်ပေမယ့် မယဉ်ကျေးပေ။
"ရှန်ချောင်က အကြောင်းအရင်းမရှိ စတိုက်ခိုက်လာတာလေ... ကိုယ့်သမီးကိုယ် ဆူပူရမယ့်အစားလူတိုင်း ဘာလို့ ကျွန်တော့်ကို လာအပြစ်တင်နေကြတာလဲ? ဘာလဲ?ကျွန်တော့် မိဘတွေ ဒီမှာ မရှိလို့ ဝိုင်း အနိုင်ကျင့်တာလား? သတိပေးလိုက်ပါဦးမယ်.. ဒီအိမ်က တုံးလင် အမတ်ကြီးရဲ့ အိမ်နော်! ရှန်ရွေ့ ထင် ဆိုတာ ကျွန်တော့်အဖေပဲ ... ခုလူတွေ တစ်ယောက်မှ ဟုတ်မနေဘူး"
မသိချင်ယောင်ဆောင်ပြီး မကြားချင်ဆုံး စကားနှင့်မှ ရှန်လျန်က ပစ်ပေါက်ပေးလိုက်ရာ ဒီတစ်ကြိမ်တော့ လူတိုင်း မျက်နှာ ပျက်သွားသည်။
"ရိုင်းစိုင်းပြီး မသိတတ်တဲ့ကောင် "
သခင်မကြီးရဲ့ လက်က ဒေါသကြောင့် တဆတ်ဆတ် တုန်နေပြီး ရှန်လျန့်ကို ရိုက်ရန် လက်ရွယ်သည်။
ကြိုပြင်ဆင်ထားတဲ့ ရှန်လျန်က နောက်တစ်လှမ်းဆုတ်လိုက်ကာ
"သိတတ်စေချင်ရင် အကြီးက အကြီးလိုနေပေါ့၊
အကြီးမပီသရင် ဘယ်သူက ခင်ဗျားအပေါ် ပြန်သိတတ်မှာလဲ စဉ်းစား"
"ရှန်လျန် မင်းသိပ် တရားလွန်သွားပြီ"
သခင်မကြီးကိုယ်တိုင်က ဒေါသထွက်နေတာကြောင့် သူ့အားကိုးနဲ့ ကျောက်လန်၊လုယန်က ရှေ့တိုးလာသည်။ အဖွားအိုကိုအလယ်မှာ ထားကာ ဘေးတစ်ဖက်ဆီက ဒုတိယနဲ့ တတိယဇနီးက ခြံရံကာ အုပ်စုလိုက် ရှန်လျန့်ကို ဝိုင်းကိုက်ကြသည်။
ထိုအချိန် လျိုရှုဟန်က
"အမေ စိတ်ကိုထိန်းပါ၊ ရှောင်ဝူက ခုကိစ္စကြောင့် စိတ်ဆတ်နေတာလို့ ကျွန်မထင်တယ်"
"ဟုတ်တယ် ဖွားဖွား ၊ကျွန်မကြားတာ ချင်ဖင်းမြို့စားက စက္ကန့်မရွေး သေဆုံးသွားနိုင်တဲ့ထိ အခြေအနေဆိုးတယ်တဲ့၊ မြို့စား ဆုံးပါးသွားရင် ဝူကောက မုဆိုးဖို ဖြစ်သွားမှာလေ"
ရှန်ချန်ကလည်း ပြုံးချင်တာကို အောင့်အီးထားတဲ့မျက်နှာနဲ့ ဝင်ပြောလာသည်။
"အဲ့တာကြောင့် ဖွားဖွား ရှောင်ဝူကို အပြစ် မတင်ပါနဲ့တော့... သူ့အတွက်လည်း လွယ်ကူမနေရှာဘူး"
ရှန်ရှောင်က သက်ပြင်းချကာ မီးလောင်ရာ လေထပ်ပင့်သည်။ သားအမိသုံးယောက်က ရှနိလျန့်ဘက်က ကူပြောပေးသလိုနှင့် လက်ထပ်ပြီးပြီးချင်း မုဆိုးဖို ဖြစ်ပြီး ဘဝပျက်တော့မည့် အရေးကို ကြိုတွေးကာ လှောင်နေကြခြင်းပင်။
ဘေးစကားကြောင့် ရန်လိုနေတဲ့ မိန်းမကြီး သုံးယောက်လည်း စိတ်ပြေသွားတော့သည်။ ချင်ဖင်းမြို့စား၏ဝမ်ဖေး အဖြစ်နဲ့ အမည်ခံသာ ရှိပြီး လူမရှိသူမရှိတဲ့ ခြံဝန်းကျယ်ကြီးထဲ ဘဝတစ်လျှောက်လုံး သေတဲ့ အထိ အစောင့် လုပ်ရပေတော့မည်။ ကလေးလည်း မမွေးနိုင်တော့ရာ သေလူနှင့် ဘာမှ မခြားပေ။
ဧကရာဇ်ကိုယ်တိုင်က ခွင့်ပြုထားသည့် လက်ထပ်ပွဲဖြစ်ရာ လက်တွဲဖော် အသစ်ရှာဖို့ လွယ်ကူသည့် ကိစ္စ မဟုတ်နေ။
"ပဉ္စမ သခင်လေး..."
လူတိုင်းက ပစ်မှတ်ထားနေကြတာကြောင့် စွင်းကျင့်က စိုးရိမ် စိတ်ပူစွာ လှမ်းကြည့်နေရှာသည်။ အနောက်ဆောင်ကို အုပ်ချုပ်ခွင့်ရထားပေမယ့်လည်း အပြင်ပန်းမှာသာ အာဏာရှိသာ ဖြစ်၏။ ရှန်လျန်ကြောင့်သာ မဟုတ်ရင် ခုလိုနေရာ ရောက်မယ့်အစား အရင်ကတည်းက အိပ်မက်ဆိုးတွေနဲ့သာ အဆုံးသတ်သွားလောက်ပြီ ။
"သခင်မက အိမ်ပြင်ထွက်ခွင့်ပိတ်ခံထားရတာတောင် ခုလို ကောင်းကောင်းပြုမူနေဦးမယ်လို့ မထင်ထားမိဘူး"
ပြန်ရောက်လာတဲ့ ခြေသံတွေကိုကြားလိုက်တာနဲ့ တစ်ပြိုင်နက် ရှန်လျန် ပြောလိုက်၏။ ထို့နောက် နောက်သို့လှည့်ကာ
"ဟုတ်တယ်မလား အမတ်ကြီး "
"......."
ရှန်ကျီနဲ့အတူ ပြန်ရောက်လာတဲ့ ရှန်ထင်က လျိုရှုဟန်ကို သတိပေးတဲ့အနေနဲ့ တစ်ချက်စိုက်ကြည့်လိုက်ပြီး ရှန်လျန့်ကို အနေရခက်စွာ လှည့်ကြည့်လာ၏။
"ရှောင်ဝူ...."
"အမတ်ကြီး... ကျွံပြီးသားစကား ပြန်နှုတ်လို့မှ မရတော့တာ၊ ပတ်ဝန်းကျင်ပြောစကားတွေကို ကျွန်တော်လည်း ကြားသင့်သလောက် ကြားပြီးပါပြီ၊ ဧကရာဇ် ခွင့်ပြုမိန့်ထုတ်လာလိမ့်မယ်ဆိုတာ အမတ်ကြီး မသိဘူးလို့တော့ မပြောနဲ့ ၊ ဒါလည်း ကောင်းပါတယ်လေ... ကျွန်တော့် ဘဝတစ်လျှောက်လုံး ချင်ဖင်းအိမ်တော်မှာပဲ နေရမယ်ဆိုရင်တောင် အဖေရင်းနဲ့ နောက်ဇနီး၊သားသမီးတွေရဲ့ ထပ်ခါထပ်ခါမထီမဲ့မြင်ဆက်ဆံခံရတဲ့ တုံးလင်အိမ်တော်မှာ နေရတာထက် ပိုကောင်းတယ်"
အမတ်ကြီးကိုပြောခွင့်မပေးပဲ ရှန်လျန်က သူ့ရဲ့ စိတ်ပျက်ရမှုအခြေအနေကို ထုတ်ပြောကာ ရိုက်ချလေတယ်။
"ချင်ဖင်းမြို့စားက မင်းကို လက်ထပ်ချင်နေမှန်း သိတယ်.. ငါလည်း ငြင်းပေးခဲ့ပေမယ့် ဧကရာဇ်က အမိန့်စာထုတ်လိုက်တော့ တော်တော် အံ့ဩသွားခဲ့ရတယ်၊ ရှန်လျန် မင်းကို ငါဘယ်လောက်ပဲ ကြည့်မရဖြစ်နေပါစေ... မင်းကငါ့ရဲ့ တရားဝင်သားအရင်းပဲ ၊ဒီအချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ မင်းကို မျက်နှာသာ မပေးပေမယ့် ခုလိုတစ်ဘဝလုံး ပျက်စီးသွားရအောင်တော့ ငါမလုပ်ပါဘူး"
ရှန်လျန် သူ့ကိုကြည့်တဲ့အကြည့်က သည်းမခံနိုင်စရာမို့ ရှန်ရုထင်က မျက်နှာ အပျက်ပျက်နှင့် ရှင်းပြလေ၏။
"အဲ့လိုလား? ကျွန်တော့် နားထဲရောက်အောင် ဘာစကားမှ မပို့ခဲ့ဘူး ၊ အားလုံး အဆင်ပြေအောင် ညှိပေးနေခဲ့တယ်ဆိုရင်တော့ အမတ်ကြီးက အဖေကောင်းတစ်ယောက် ပဲ.."
ရှန်လျန်က ရွဲ့ပြောကာ လေထုအခြေအနေကို ထိန်းထား၏။ သူတစ်ခွန်းပြောတိုင်း လူအားလုံးကို ခြုံငုံကာ ပြောတတ်၏။ အချိန်မရွေး ငြင်းခုံရန် အဆင်သင့်ပြင်ထားသလိုပင်။
"မင်း... တစ်ကယ်ကို ကျိုးကြောင်း မစဉ်းစားတတ်ဘူးပဲ!"
ရှန်ရွေ့ ထင်က ဒေါသထွက်လာပြီး ထွက်သွားသည်။ အစအဆုံးပွဲကြည့်နေတဲ့ ရှန်ကျီကမူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ ဒီသားအဖက ဘာလို့ ရန်သူတွေလို ဆက်ဆံနေကြတာလဲ?
"ကျုံးလင်ခြံဝန်းဆီ ပြန်မယ်"
ပြီးပြီဆိုမှတော့ ပြန်ရုံသာရှိ၏။ ကျန်နေတဲ့သူတွေကို အကြည့်တစ်ချက်မှ မပေးပဲ ယောင်းကွမ်၊လေ့ကျန်းကိုခေါ်ကာ ပြန်လာလိုက်သည်။
"လူပါးဝတဲ့ကောင် ကျက်သရေကိုမရှိဘူး!"
တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ နောက်ကျောပြင်ကိုကြည့်ရင်း သခင်မကြီးက ကျိန်ဆဲလေ၏။
လျိုရှုဟန်တို့ သားအမိသုံးယောက်ကတော့ သူတို့နှင့်မသက်ဆိုင်သလို ရပ်နေကြပြီး အဖွားအိုကို သွားမနှစ်သိမ့်ပေးချေ။ အခြေအနေအချိန်အခါလိုက်ပြီး ပြုမူကြသော်လည်း တစ်ကယ်တမ်း အဖွားကြီးနဲ့ တစ်ဖက်တည်း မဟုတ်ပေ။ အရင်ကလည်း မဟုတ်ခဲ့သလို နောက်လည်း တစ်ဖက်တည်း နေမည် မဟုတ်ပါ။
"အမေ"
"ဟင့်...ဟင့်"
"ချောင်အာ..."
ရှန်ချောင်က သူ့မျက်နှာသူအုပ်ကာ မိခင်ဖြစ်သူကို မညှာမတာ တွန်းထုတ်ပြီး ပြေးထွက်သွားလိုက်သည်။ ကျောက်လန်က ထိတ်ပြာသွားကာ သူ့ဂါဝန်ကိုမပြီး သမီးနောက် အမှီလိုက်သွား၏။
မည်သို့ပင်ဆိုစေ တော်ဝင်ခွင့်ပြုမိန့်ကြောင့် ရှန်တစ်မိသားစုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရပါ၏။ မဟုတ်သေး... ရှန်မိသားစုပဲ ဖြစ်တာမဟုတ်ပါ။ ညလယ်ခေါင်ကြီး အမိန့်စာရလိုက်တာကြောင့် မိုးလင်းပေါက် အိပ်ပျော်နိုင်တော့မည်မဟုတ်၊ အမိန့်စာက ထွက်လာပြီးပြီမလို့ ဆန္ဒမရှိရင်တောင် ရှန်လျန်က ချင်ဖင်းမြို့စားရဲ့ ဝမ်ဖေး ဖြစ်သွားရတော့မှာပင်။
2994words
Grape 🍇