'ရှန်လျန့်အတွက် ဧကရာဇ် ဆီမှာ တောင်းဆိုကြပြီ'
"အရှင်မင်းကြီး... မြို့စားမင်းက အရှင့်ရဲ့ တူတော်ဖြစ်ပါတယ်! လက်တောင် မထပ်ရသေးပါဘူး ခုလို ကြည့်နေတော့မှာလားဗျာ"
ဖိုးဖိုးလင်းက အော်ဟစ် ငိုကြွေးလေတော့၏။
ဖိုးဖိုးလင်းကြောင့် ဧကရာဇ်ရဲ့အတွေးတွေဟာ နှောင့်ယှက်ခံလိုက်ရလေတယ်။ အောက်သို့ငုံ့ကြည့်ကာ ကူကယ်ရာမဲ့စွာနဲ့ပြောလိုက်၏။
"ဖိုးဖိုးလင်း ထပါ.. ကိုယ်တော်က ယွမ်ရွှင်းကို ဂရုမစိုက်ပဲ ဘယ်နေပါ့မလဲ.. သူက ပြည်သူတွေအတွက် ကူညီပေးရင်း ဒဏ်ရာရခဲ့ရတာ ၊ကိုယ်တော်ရဲ့ တူတော် မဟုတ်နေရင်တောင် လစ်လျူရှုနေမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သမားတော်ဝူရဲ့ ဆေးပညာက မြို့တော်မှာ အထူးချွန်ဆုံးပဲလေ.. သူတောင် ဘာမှ မတတ်နိုင်ရင် ကိုယ်တော်လည်း တစ်ကယ် အကြပ်ရိုက်ရတာပါပဲ၊ ခုနေ တစ်လောကလုံးကို ကြော်ငြာပြီး သမားတော်တွေကို ပင့်ဖိတ်ရင်တောင် အချိန်မမှီတော့မှာ စိုးမိတယ်"
ဧကရာဇ်၏ စကားထဲတွင် မည်သည့် အမှားမှ မပါပေ။ ဖေးယွမ်ရွှင်းက မေ့မျောနေပြီဖြစ်သည့် အပြင် နှုတ်ခမ်းသားက သွေးရောင်ပင် မရှိတော့ပါ။ ကိုယ်ခံပညာအခြေခံ ကောင်းကောင်းရှိထား၍သာ ဤမျှ ထိ ကြာကြာခံနေသည်ဟု ပြော၍ရ၏။
"ဝူးဝူး ကျုပ်တို့ မြို့စားမင်းလေး"
ဧကရာဇ်ရဲ့စကားအဆုံး ဖိုးဖိုးလင်းမှာ ဆောက်တည်ရာမရ ငိုလေ၏။ ဧကရာဇ်နှင့် မင်းချင်းတို့မှာလည်း မတတ်နိုင်စွာ ဒီတိုင်းသာ လွှတ်ထားပေးလိုက်ကြ၏။ သို့သော် မည်သူမှ ထင်မှတ်မထားသည်က ဖိုးဖိုးလင်းသည် ငိုနေရာမှ ရုတ်တရက်ကြီး ဧကရာဇ်၏ ခြေတော်ကို ဖက်တွယ်ကာ မျက်ရည်စီးကြောင်းဖြင့် မော်ကြည့်၏။
"အရှင်မင်းကြီး..မြို့စားမင်းက ကြာကြာနေလို့ မရနိုင်တော့ဘူး၊ ကျုပ်အဖိုးကြီး ကြားဖူးတာ လက်မထပ်ရပဲ သေဆုံးသွားရင် တစ်လောကလုံးရဲ့ လှောင်ပြောင်ခံရလိမ့်မယ်တဲ့ ၊ အရှင့်ကိုတောင်းဆိုပါတယ်... မြို့စားမင်းကို ကောင်းမွန်တဲ့ လက်ထပ်ပွဲလေးကျင်းပပေးပြီး သူ့တစ်ဘဝလုံးစာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံသွားစေပြီး အလှောင်ပြောင်ခံဘဝ မရောက်ဖို့ ကူညီဆောင်မပေးပါ အရှင် မင်းကြီး....."
ဖိုးဖိုးလင်းက အမှန်တစ်ကယ်ကို မျက်နှာပြောင်စွာ ဧကရာဇ်၏ ပေါင်ကိုဖက်ကာ တောင်းဆိုခြင်းဖြစ်ပြီး မျက်ရည်နှင့်နှပ်တွေပါ ဧကရာဇ်၏ ဝတ်ရုံတော်ပေါ်သုတ်လိုက်သေး၏။ ဧကရာဇ်က သူ့အပြုအမူအပေါ် အပြစ်မတင်သော်လည်း သူပြောလိုက်သည့်စကားကို အတော်လေး ကြောင်အမ်းသွားရ၏။
သေပဲသေတော့မှာကို ဝမ်ဖေး လိုချင်နေသေးတာလား? ဖေးယွမ်ရွှင်းရဲ့ အနေအထားနဲ့ ဝမ်ဖေးကလည်းတော်ရုံ အဆင့်အတန်းနိမ့်လို့ မရပေ။ သို့သော် ဘယ်မင်းချင်းတို့က သူတို့ကလေးကို သေလူနဲ့ လက်ဆက်ပေးချင်ပါ့မလဲ? အရမ်း
မတရားရာ ကျ၏။
"မြို့စားမင်းရဲ့ ဆန္ဒ ကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ် အရှင်မင်းကြီး"
ဧကရာဇ်အပါအဝင် လူတိုင်း ၏နဖူးက မည်းမှောင်လာတော့၏။ ဒီကိစ္စက စီစဉ်ပေးရန် မသင့်တော်လှချေ။
လင်းဖိုးဖိုးက စတင်မှတော့ တပ်မှူးဖြစ်သူ ထျန်းရှုလည်း လက်သီး တင်းတင်းဆုပ်ကာ ဒူးတစ်ဖက်ထောက်ပြီး ထပ်တူ တောင်းဆိုတော့၏။
"ဆန္ဒဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ် အရှင်မင်းကြီး!"
ထျန်းရှုရဲ့ ဦးဆောင်မှုအောက်တွင် အခန်းပြင်ပမှ သံမဏိတပ်သား တစ်ယောက်မကျန် ဒူးထောက်ကာ ညီညီညာညာ သံပြိုင် တောင်းဆိုကုန်ကြ၏။
ဧကရာဇ်၏ မျက်နှာအမူအရာက ပြောင်းလဲ လာရာ မင်းချင်းတို့မှာ တစ်လုံးတစ်ပါဒမျှ မဟရဲကြ။ အတန်ကြာမှ မင်းကြီးက သူ့ရဲ့ မကျေနပ်ချက်တွေကို ဝမ်းဗိုက်နဲ့အပြည့် ဖိနှိပ်လိုက်နိုင်ပြီး
"ကိုယ်တော်က မောင်မင်းတို့ရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးချင်တာ မဟုတ်ပါဘူး၊ ယွမ်ရွှင်းရဲ့ အနေအထားနဲ့ လက်ဆက်ပေးဖို့က အမျိုးသမီးနဲ့ ကောက လွယ်လွယ် ရှာဖို့မဖြစ်နိုင်ဘူး၊ မောင်မင်းတို့လည်း သူတစ်ပါးအပျော်ကို ဖျက်ဖို့ မလုပ်ချင်ဘူးမဟုတ်လား?
မင်းချင်းတို့ရဲ့ သားသမီးတွေကို ကိုယ်တော်က ရှာဖွေပေးလို့ရပေမယ့် ဘယ်မိသားစုက သူတို့ကလေးတွေကို မီးပင်လယ်ထဲ ထည့်ချင်ပါ့မလဲ? အဲ့လို ဆိုတော့လည်း မောင်မင်းတို့ရဲ့ဆန္ဒကို ကိုယ်တော်က လစ်လျူမရှုနိုင်ပြန်ဘူး"
ဒီက်စ္စက အတော်လေး ဘေးကြပ် နံကြပ်ဖြစ်စေ၏။ ဒီလူတွေ တစ်ကယ် လက်ထပ်ပွဲကျင်းပပေးလိမ့်မယ်လို့ သူတော့ မယုံပါ။
"ဒါဆို အရှင်က ကိုယ့်တူတော်ကို ဒီလိုပဲ သူများလှောင်ရယ်ခံစေတော့မယ်ပေါ့? အရှင်ပြောတော့ မြို့စားမင်းက ရေကပ်ဘေးမှာ သာမာန်ပြည်သူ ထောင်ချီကို ကယ်ဆယ်ပေးရင်းက ဒဏ်ရာရလာလို့ လစ်လျူမရှူနိုင်ပါဘူးဆို? ခုတော့ အေးအေးချမ်းချမ်း အနားယူဖို့တောင် အရှင်က မဖြည့်ဆည်းပေးနိုင်ပါလား?"
ဖိုးဖိုးလင်းက အကြောက်တရားကင်းမဲ့စွာ ဖြင့် မျက်ရည်တွေကို သုတ်ရင်း မေးခွန်းထုတ်၏။ ဧကရာဇ်ပင် မတုံ့ပြန်နိုင်ခင် လင်းဖိုးဖိုးက တစ်စုံတစ်ခုကို တွေးမိသွားသည့်နှယ် အမြန်ပြောလာ၏။
"ကျုပ် ကြားတာ ရှန်သခင်ကြီးက သားငယ်ကို အမြဲ ကံဆိုးစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာတယ်ဆိုပြီး အဝေးကြီး ပို့ပစ်ခဲ့တာမလား၊ အဲ့လိုဆိုမှ ကျုပ်တို့ မြို့စားမင်းလည်း ရှန်သခင်လေးကို စိတ်ဝင်စားပြီး လက်ထပ်ဖို့ တောင်းဆိုခဲ့သေးတယ်၊ ရှန်သခင်ကြီး ခင်ဗျားရဲ့ သားကို ဘာလို့ ကျုပ်တို့ မြို့စားမင်းနဲ့ လက် မထပ်ပေးလဲ? ခင်ဗျားလည်း အနားက ကံဆိုးမှုတွေ ဖယ်ရှားနိုင်မယ်... ကျုပ်တို့ မြို့စားမင်းလည်း ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မယ် မကောင်းဘူးလား?"
သူ့စကားတွေက မယဉ်ကျေးရာကျတာကြောင့် ရှန်ရုထင် ကို ဒေါသထွက်စေ၏။ သူ့မျက်နှာက ပြာလိုက်ဖြူလိုက် အရောင်ပြောင်းလဲနေ၏။ ရှန်လျန့်ကို မည်မျှ မကြိုက်ပါစေ၊ မည်မျှ မမျှမတ ဆက်ဆံနေပါစေ ဒါ ပြင်ပလူတွေ ကိစ္စမဟုတ်ချေ။
ထို့အပြင် မင်းချင်း အချင်းချင်းတောင် သူ့ကို ထိုသို့ တာဝန်မယူချင်သောလူလို မဆက်ဆံရဲကြ၊ ထို့အပြင် ရှန်လျန့်ကို မြို့စားနဲ့ လက်ဆက်ပေးပြီး မုဆိုးဖို ဖြစ်သွားစေလျှင် ကောလဟာလတွေ ကို အတည်ပြုလိုက်သလို ဖြစ်သွားလိမ့်မည်။ ထိုအချိန်တွင် ရှန်ရုထင် ဆိုတာ လမ်းဘေးက ကြွက်တွေလို တံတွေးခွက်ထဲ ပက်လက်မျှောသွားမှာ ကြောက်မိ၏။ ထို့အပြင် ဝေမိသားစုကလည်း မကြာခင် မြို့တော် ပြန်ရောက်လာတော့မည် ။ သူတို့သာ သိသွားခဲ့လျှင် ယောက္ခကြီးနှင့် ယောက်ဖတွေက သူ့အိမ်ကို ပြောင်းပြန်လှန်ကာ သူ့ကိုပါအရေခွံဆုတ်ကြလိမ့်မည်မှာ သံသယရှိစရာမလို။ ပိုအရေးကြီးသည်က ရှန်လျန့်ကို ချစ်သော ရှန်တာ့ ရှိသေး၏။
ရှန်တာ့ပြန်ရောက်လို့ သူ့ညီကို မုဆိုးဖို အဖြစ် မြင်လိုက်ရပါက ဒီတစ်ကြိမ် ရိုးရိုးရှင်းရှင်း အိမ်ကဆင်းသွားရုံလောက်ပင် မဖြစ်နိုင်တော့။
ဘယ်ရှုထောင့်ကတွေးတွေး ရှန်လျန့်ကို မြို့စားမင်းရဲ့ နောက်ဆုံးထွက်သက် အတွက် လက်ထပ်ပေးလိုက်ဖို့ သဘောမတူနိုင်ပါ။
သူတစ်ယောက်ထဲ မျက်နှာ အမူအရာပြောင်းသည် မဟုတ်၊ မင်းချင်းများနှင့် ဧကရာဇ်ပါ စိတ်ဝင်စားသည့် ပုံစံပြောင်းသွား၏။ အစက ဖေးယွမ်ရွှင်းက သေတော့မှာကို ရှန်လျန်နဲ့ လက်ထပ်ပေးဖို့ ဖိုးဖိုးလင်းက ထုတ်ပြောလာတော့ သံသယ ဝင်မိသွားတယ်။ ဖေးယွမ်ရွှင်းပဲဖြစ်ဖြစ် ရှန်လျန်ပဲ ဖြစ်ဖြစ် နောက်ခံက စိတ်ချရလောက်အောင် မအေးဆေးပေ။ နှစ်ယောက်သား အမှန်တစ်ကယ် လက်ထပ်လိုက်ရင် အင်ပါယာ ရဲ့ တစ်ဝက်လောက်က သူတို့ အပိုင် ဖြစ်နေပြီမဟုတ်လား?
"ယွမ်ရွှင်း လက်ထပ်ခွင့်တောင်းတဲ့ ကိစ္စကို ကိုယ်တော်လည်း ကြားပါတယ်၊ မင်းချင်းတို့ ဘယ်လိုထင်လဲ? ယွမ်ရွှင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးသင့်လား?"
ဧကရာဇ်က သူ့အရှုပ်ထုတ်ကို ဝန်မင်းတို့ထံ ပုတ်ပေးလိုက်တယ်။ ရှန်ရုထင်က မျက်နှာပုတ်သိုးလျက် ရှေ့ထွက်လာပြီး လက်သီးစုကိုရှေ့ထုတ်ကာ ဦးညွှတ်၏။
"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ သားအဖကြားမှာ နားလည်မှုလွှဲနေတာ လေး ရှိလို့ပါ အဲ့တာကလည်း အပြင်မှာ ကောလဟာလပျံ့နေသလောက် မဆိုးရွှားပါဘူး၊ သူပြန်ရောက်ကတည်းက သူ့အဖေအနေနဲ့ အဆင်ပြေအောင် အတော်လေး ကြိုးစားထားရတာပါ၊ သူ့လက်ထပ်ပွဲအတွက်လည်း သားဖြစ်သူနဲ့ ညှိနှိုင်းထားပြီးသားပါ၊
ကျွန်တော်မျိုးကို ခွင့်လွှတ်သည်းခံပေးဖို့ တောင်းဆိုပါတယ်၊ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးပြေလည်အောင် တည်ဆောက်ထားရတာ မလွယ်လှပါဘူး... နောက်တစ်ကြိမ် သားနဲ့ ကတောက်ကဆ ဖြစ်အောင် မဖန်တီးဖို့ တောင်းဆိုပါတယ်"
ရှန်ရုထင်က ရှန်လျန့်ခေါင်းပေါ် ဆက်ပုံချလိုက်တယ်။ ရှန်လျန်ကလည်း မြို့စားနဲ့ လက်ထပ်ပြီး ချင်ဖင်းအိမ်တော်မှာ မုဆိုးဖို လုပ်ချင်မယ်လို့ သူလည်း မထင်ပါ။
ဧကရာဇ်က ချက်ချင်းမတုံ့ပြန်ပါ။ ရှန်လျန်က ပွဲတော်မှာ မျက်နှာသာရအောင် လုပ်နိုင်ခဲ့၍ ပညာရှိ သုံးဦးကပင် ချီးကျူးခဲ့ရသည်ဟု သတင်းကြားသည်။
နောက်ဆုံးတော့ ရှဲ့အကြီးအကဲက ရှေ့ထွက်ပြောလာသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အားလုံးက ဖခင်တွေ ဖြစ်တာကြောင့် ရှန်အမတ်ကြီးရဲ့ အခက်အခဲ ကို သဘောပေါက်ပါတယ်၊ဒီကိစ္စကို ပုံမှန်အတိုင်း ဆုံးဖြတ်လိုက်ဖို့က မလွယ်ပါဘူး"
"အရှင်မင်းကြီး ပြန်လည်စဉ်းစားပေးတော်မူပါ"
ရှဲ့အကြီးအကဲရဲ့ ဦးဆောင်မှုနဲ့ ကျန်းအကြီးအကဲ၊ ကျောက်အကြီးအကဲ နဲ့ မင်းချင်းတို့လည်း စဉ်းစားပေးရန် သံပြိုင်တောင်းဆိုကြ၏။ အကြီးအကဲတွေကလည်း ရှန်လျန့်လိုကောင်လေးက ဘာမှ မရှိတဲ့ အိမ်တော်ထဲ တစ်သက်လုံးအထီးကျန်စွာ နေနိုင်မယ်လို့ မထင်ကြချေ။ တရားစီရင်ရေးဝန်မင်းကလည်း ရှန်လျန်၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန်တွေးထား၏။ ဝမ်ယွဲ့ဆည်ကာတာက ရှန်လျန် ၏ သတိပေးမှုကြောင့် ကာကွယ်နိုင်ခဲ့သလို သားငယ်လေး ရန်ထျန်းယွီကလည်း ရှန်လျန့်သူငယ်ချင်း ဖြစ်နေသေးရာ ရှန်လျန့်ဘက်က ကာကွယ်ပေးဖို့သာ ရွေးချယ်လိုက်ကြ၏။
သူတို့အားလုံးက ဖေးယွမ်ရွှင်းရဲ့ ရည်ရွယ်ချက်ေကာင်းကို ဖျက်ရန် တွေးထားကြ၏။
"အရှင်မင်းကြီး.. မြို့စားမင်းက အရှင့် တူတော်လေ"
လင်းဖိုးဖိုးက ဘုရင့် ပေါင်ကို ဖက်တွယ် ထားပြန်၏။
ဧကရာဇ်မှာ အခက်အခဲထဲ ကျရောက်လျက်
"မောင်မင်းတို့မှာလည်း အကြောင်းပြချက်ရှိနေမှတော့ ကိုယ်တော်က ဆုံးဖြတ်ချက် ချဖို့ ခက်နေတယ်.. ကိုယ်တော် ဒီကိစ္စကို အရင်နန်းတော် ပြန်ပြီး စဉ်းစားကြည့်လိုက်ဦးမယ်"
"အရှင်မင်းကြီး"
ကိုယ့်ဘက် လူတိုင်းက မကျေမနပ်အမူအရာထုတ်ဖော်ပြကျပြီး သူတို့၏ ဆန္ဒကို ဧကရာဇ်က ပယ်ချလိုက်မှာ စိုးရိမ်နေမိကြ၏။ ဧကရာဇ်က နန်းဆောင်ပြန်ပြီး စဉ်းစားလိုက်မယ်ဆိုတော့လည်း ... ၊ ဧကရာဇ်က ရုတ်တရက် ထရပ်လိုက်ပြီး
"ဒီကိစ္စက ဒီမှာတင် ရပ်လိုက်တော့.. ကိုယ်တော် မကြာခင်အကြောင်းပြန်ပေးမယ်.. ယွမ်ရွှင်းအခြေအနေကလည်း အတော်ဆိုးတော့ အေးဆေးနားပါစေ၊ မြို့တော်မှာ ကျော်ကြားတဲ့ သမားတော်ရှိရင် ပင့်ဖိတ်ပြီး ကုပေးလိုက်ပါ... ကယ်တင်ဖို့ နည်းလမ်း ရှိမလား ရှာဖွေ ကြည့်ပေါ့"
"မှန်လှပါ!"
ဧကရာဇ်ကလည်း ပြန်ရန်ပြင်နေပြီး မင်းချင်းတို့လည်း ထပ်တူဖြစ်ရာ လင်းဖိုးဖိုးမှာ ရွေးချယ်စရာမရှိ နောက်ဆုတ်လိုက်ရ၏။
ဧကရာဇ်က ကျေနပ်သွားပြီး ဖေးယွမ်ရွှင်း၏ ကုတင်ဘေးသို့ သွားကာ စောင်ခြံုေပးလိုက်ရင်း နှလုံးအိမ် ကွဲကြေသည့် အသံဖြင့်
"ယွမ်ရွှင်း.. မင်းတောင့်ခံထားရမယ်နော်... ကိုယ်တော်နဲ့ အတူ တိုင်းပြည်ကို ကြည့်ကူဖို့ ကိုယ်တော် စောင့်နေတယ်လေ... သေချာ အနားယူလိုက်... ကိုယ်တော် သမားတော် ခေါ်လာပြီး မင်းရဲ့ အဆိပ်ကိုအတတ်နိုင်ဆုံး ကုပေးခိုင်းမယ် ဟုတ်ပြီလား"
မည်သူမှ မသိလိုက်တာက ဧကရာဇ်က စကားပြောဆိုနေရင်း နှာရှုံ့လိုက်သေးသည်ကိုပင်။ သွေး၏ ပြင်းထန်သော အနံ့ကိုရလိုက်သည့်အချိန်မှ ထူးဆန်းသည့် အပြုံးတစ်ခုက ဧကရာဇ်၏ နှုတ်ခမ်းထောင့်စွန်းမှာ ထွက်ပေါ်လာသည်။
"ထျန်းရှု သံမဏိတပ်သားေတွရဲ့ အခြေအနေ တည်ငြိမ်လား"
နောက်ပြန်လှည့်လာတဲ့အခါမှာတော့ ဧကရာဇ်အပြုံးတွေက ပျောက်ကွယ်သွားပြီ ဖြစ်ပြီး စိုးရိမ် ပူပန်နေတဲ့ အကြည့်တွေသာ ကျန်ရစ်၏။
" အရှင့်ကို လျှောက်တင်ပါတယ်၊ လက်ရှိ အခြေအနေကတော့ ကောင်းနေပါတယ်၊ မြို့စားမင်းကလည်း မမေ့မျှောသွားခင်က မှာကြားသွားခဲ့ပါတယ်.. တစ်ကယ်လို့ သူတစ်ခုခုဖြစ်ပြီး မြို့စားမျိုးဆက် ပျက်သုန်းသွားခဲ့ရင် သံမဏိကိုယ်ရံတော်အဖွဲ့ ဖျက်သိမ်းပြီး သာမာန် ပြည်သူတွေ အဖြစ် လွတ်လပ်ခွင့်ပြုပါတယ်တဲ့"
"ဘာဖြစ်တယ်?"
ဧကရာဇ်က ကြားရသည့် သူ့နားသူပင် မယုံချင်။သံမဏိတပ်ဖွဲ့ဆိုတာ ချင်ပြည်ထောင်အတွက် အစွမ်းထက်ဆုံးတပ်ဖွဲ့လေ၊ ဖေးယွမ်ရွှင်းက သူတို့ကို ဒီတိုင်း အဖွဲ့ဖျက်ပစ်လိုက်မှာလား?
မဟုတ်တောင် သူတို့က ချင်ပြည်ထောင်က စစ်သည်ဖြစ်ပြီး ချင်ဖင်းမြို့စားကြီးရဲ့ အမိန့်အာဏာအောက် နှစ်ပေါင်းများစွာ ရောက်နေခဲ့လို့ဆိုပြီး တော်ဝင်မိသားစုက မထောက်ပံ့မှတော့ မြို့စားကြီးက သူမရှိတော့ရင် အဖွဲ့ တစ်ကယ် ဖျက်သိမ်းခိုင်းမယ်လို့ ဧကရာဇ် ယုံလေသည်။
ခွင့်ပြုလိုက်လို့မဖြစ်ဘူး! ခုချိန်မှာ ချင်ပြာ်ထောင်စုကို ဘေးပတ်ဝန်းကျင်တိုင်းပြည်တွေက အလွန်မျက်စိကျနေတာ၊ သံမဏိတပ်သားတွေက အင်အားပြည့်နဲ့ တိုက်ပွဲတိုင်းကို အကြိမ်တိုင်း ပါဝင်အားဖြည့်ပေးခဲ့တာ... ဒီတိုင်းပြိုကွဲသွားခွင့်မပြုလိုက်နိုင်ဘူး။
"ဟင်း... ချင်ဖင်းအိမ်တော်ကတော့ မျိုးဆက်ပျက်တော့မှာပဲ.. စစ်သည်တွေက ဘယ်သူ့အတွက် တာဝန် ထမ်းဆောင်ရမှာလဲ? ဝမ်ဖေးသာရှိရင်တော့ မြို့စားမင်း မရှိတော့ရင်တောင် ဝမ်ဖေးလက်အောက်မှာ စစိသည်တွေကို ထိန်းထားခိုင်းလို့ရသေးတယ်.. သနားစရာပဲ မြို့စားမင်းက လက်မထပ်နိုင်တော့ဘူးပေါ့"
လင်းဖိုးဖိုးက ရှန်လျန့် နာမည်မပါစေပဲ ရည်ညွှန်းပြောဆို၏။ သို့ပေမယ့် သူ့စကားက ဧကရာဇ် နားထဲ ထပ်ခါထပ်ခါ ကြားယောင်လာစေတယ်။ ဖေးယွမ်ရွှင်းမှာ ဝမ်ဖေး ရှိရင် သံမဏိတပ်ဖွဲ့ကလည်း ဆက်ရှိမယ် ဟုတ်လား? ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လို့ရမယ့် ကိစ္စပဲ ဒါက!
ရှန်လျန့်ကိစ္စက တစ်ကယ်တမ်း ဘယ်သူနဲ့ လက်ထပ်ပါစေ ဧကရာဇ်က အရေးမစိုက်ပေမယ့် သူ့ထီးနန်းကိုလာမထိခိုက်ရင် ရပြီဖြစ်၏။ အခု မြို့စားမင်းက သူ့ကို လက်ထပ်ချင်နေတယ်ဆိုတော့ ကိစ္စက အရေးစိုက်ရတော့မည်။
တစ်စုံတစ်ယောက်က ရှန်လျန်ရဲ့ ဝေမိသားစုနဲ့ ရှန်မိသားစု အကူအညီယူပြီး သူ့ထီးနန်းကို အသာလေး တက်သိမ်းလိုက်ရုံပဲမလား?
တွေးလေတွေးလေ ရှန်လျန်က ယွမ်ရွှင်းနဲ့ လက်ထပ်လိုက်တာဟာ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း တွေးမိသွား၏။ မုဆိုးဖိုကို တော်ဝင်မိသားစုက လက်ဆက်ခွင့်မပြုသလို ရှန်လျန်က ချင်ဖင်းအိမ်တော်ရဲ့ ဝမ်ဖေး မုဆိုးဖို ဖြစ်ခဲ့ရင် တစ်သက်လုံး ဒီအိမ်ထဲမှာပဲ ဆက်ပိတ်မိနေတော့မှာ ဖြစ်၏။
"နောက်မှ ဆက်ဆွေးနွေးကြတာပေါ့"
အချိန်အတော်ကြာမှ ဧကရာဇ်က ထျန်းရှုပခုံးကို ပုတ်ပေးလိုက်ပြီး ပြောလာသည်။
"ကိုယ်တော့်မှာ အရေးကိစ္စလေးတွေ ဖြေရှင်းစရာရှိသေးလို့ နန်းတော် အရင်ပြန်နှင့်မယ် ယွမ်ရွှင်းကို ဂရုစိုက်လိုက်ကြဦး"
"အရှင်မင်းကြီး ပြန်ကြွမယ်!"
ဧကရာဇ်ရဲ့ မိနစ်ပိုင်းအတွင်း မျက်နှာ အပြောင်းအလဲ ကိုကြည့်ရင်း ထျန်းရှုနှင့်အတူ သံမဏိတပ်သားအကုန်လုံး ဒူးထောက်ကာ ဦညွှတ်လိုက်ကြ၏။
"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"
မိန်းမစိုးရဲ့ ပြန်ကြားသံနှင့်အတူ လူတန်းကြီးက အိမ်တော်မှ ထွက်ခွာသွားတော့တယ်။ အသိစိတ်ပျောက်ဆုံးနေပုံရတဲ့ လင်းဖိုးဖိုးက ထျန်းရှုနဲ့အတူ မိုးရေထဲ ဧကရာဇ်ကို လိုက်လံ ပို့ဆောင်၏။ လူတန်းကြီး တဖြည်းဖြည်း ဝေးသွားသည်အထိ စောင့်ကြည့်နေလိုက်ကြ၏။
"အောင်မြင်မယ်လို့ထင်လား ဖိုးဖိုးလင်း"
ထျန်းရှုက အိမ်ထဲ ပြန်ဝင်ပြီး ဘယ်သူမှ မရှိတော့တာနဲ့ မနေနိုင်တော့စွာ စိုးရိမ်တကြီးထုတ်မေး၏။
ဘုရင့်မျက်နှာက သဘောမတူချင်သလိုနဲ့ တစ်ကယ် လက်မခံရင် သူတို့သခင်က တစ်သက်လုံးလူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတော့မှာလား?
"အလုပ်ဖြစ်မှာပါ၊ နန်းတော်ထဲက ဟိုလူကလည်း ဧကရာဇ်ကို ဘယ်လို တိုက်တွန်းမလဲ စောင့်ကြည့်ရဦးမယ်"
လင်းဖိုးဖိုးက လက်နောက်ပစ်ရင်း တည်ငြိမ်လေးနက်နေ၏။
ဝမ်ဖေးကို သူတို့အိမ်ထဲ ဆွဲခေါ်နိုင်ဖို့ ရေကုန်ရေခမ်း အမှန်တစ်ကယ်ကို ကြိုးပမ်းရမှာပင်။
2758 words
Grape 🍇