no

Font
Theme

'ဖုရင် ခွင့်ယူ'

စတုတ္ထမင်းသားရဲ့ စံအိမ်တော်က တတိယမင်းသားရဲ့စံအိမ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ဆောက်ထားသည်။ ဝမ်းကွဲဆီ ရောက်နေတာ ကြာပြီဖြစ်တဲ့ လင်းယွီချိန်က ရှန်ကျင်းဘေးပေါက်ကနေ ဝင်လာတာကိုကြည့်ရင်း ရယ်ချင်နေမိသည်။

နှစ်နှစ်နီးပါး လိုက်ခဲ့ရပြီး ဖခင်က သဘောမတူတာတောင် လက်လျော့ဖို့ တစ်ခါမှ မတွေးမိခဲ့၊ ဖူးစာရှင်မှန်ရင် ပေါင်းဖက်ရမှာပဲလို့ တစ်ထစ်ချ တွေးထားခဲ့သည်။ ထင်မှတ်မထားပဲ ထိုမိန်းမက ရာထူးဂုဏ်ဒြပ်နောက် လိုက်ပြီး တော်ဝင်မင်းသားရဲ့ ကိုယ်လုပ်တော်နေရာကိုသာ ရွေးချယ်သွားခဲ့သည်။

"ဟင်?"

ပခုံးပုတ်ခံလိုက်ရသဖြင့် လင်းယွီချိန်နောက်လှည့်ကြည့်လိုက်သည်။ တတိယကြင်ယာတော် လင်းယွီလင်က သူ့လိုပဲ အပေါ်ထပ်ကနေ အကုန်မြင်ထားပြီးဟန်တူ၏။

"သူ့လိုမိန်းမမျိုးက မင်းနဲ့ မတန်ဘူး ယွီချိန်၊ သူကအစကတည်းက အရှင့်သားကို ပစ်မှတ်ထားနေခဲ့တာ၊ မင်းက သူ့ထက်အများကြီး ပိုကောင်းတဲ့ 'ကော' နဲ့ ထိုက်တန်တာ"

ဝမ်းကွဲ ညီအစ်ကိုနှစ်ဦးက ငယ်ပေါင်းကြီးဖော် မဟုတ်ပေမယ့် ဆက်ဆံရေးက အလွန်ကောင်းမွန်လေသည်။ လင်းယွီချိန်က ရှန်ကျင်းကို မျက်စိကျတဲ့အချိန်ကတည်းက သူလည်း သဘောမတူချင်ခဲ့ပေမယ့် ရှန်ကျင်းရဲ့မကောင်းကြောင်းကို တစ်ခါမှမပြောခဲ့ပေ။ ဘာလို့ဆို ကိုယ်သဘောကျတဲ့သူကို တစ်ပါးသူက မကောင်းပြောတဲ့ အခါ ရင်ထဲ ခံစားရသည်ကို ကောင်းစွာ သိသောကြောင့်ပင်။ ချစ်နေချိန်ဆို ဘာလုပ်လုပ် အကောင်းမြင်သည်ဖြစ်ရာ တစ်နေ့တချိန်မှာ ဝမ်းကွဲဖြစ်သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်သာ မျှော်လင့်မိ၏။

"အခု ငါသဘောပေါက်သွားပါပြီ"

လင်းယွီချိန် ရဲ့ အမူအရာက ပြောင်းလဲသွားခြင်းမရှိချေ။ အငယ်ဆုံးအဖြစ်ကြီးပြင်းလာရ၍ပဲလားမပြောတတ်။

"မင်းအသက် ဆယ့်ရှစ်နှစ်ပြည့်ရင် ပိုပြီးနားလည်လာမှာပါ၊မင်းလည်းရင့်ကျက်သင့်ပြီ၊ လင်းမိသားစုက အားကိုးစရာဆိုလို့ မင်းပဲရှိတာ၊ အရေးမပါတဲ့ကိစ္စတွေ ရပ်တန်းကရပ်လိုက်တော့၊ မိသားစုတာဝန်က မင်းရဲ့ပခုံးပေါ် အကုန်ရောက်လာတော့မှာ"

လင်းယွီလင်က သူ့ပခုံးကိုပုတ်ရင်း သတိပေးသည်။

"မင်းကျတော့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ"

မိသားစုတာဝန်မယူချင်လို့ ရှောင်ထွက်သွားတာမဟုတ်လား၊ သူသာ တာဝန်သိတတ်ခဲ့မယ်ဆိုရင် တတိယမင်းသားရဲ့ ကြင်ယာတော် ဖြစ်လာစရာအ‌ကြောင်းမှမရှိတာ။

"ငါလား?"

လင်းယွီလင် မျက်ခုံးပင့်သည်။ ထို့နောက်ပြုံး၏။

"အဲ့ဒါကြောင့် မင်း ငါ့လိုလိုက်မလုပ်ဖို့အကြံပေးနေတာလေ.. ဘာပဲဖြစ်ဖြစ် ငါနောင်တမရဘူး၊ ယွင်ရိက ငါ့အပေါ်အရမ်းကောင်းတယ်၊ သူက ငါနဲ့တန်တယ်"

ချင်ယွင်ရိနဲ့ ထိမ်းမြားတဲ့ ထိုနှစ်ကို ပြန်အမှတ်ရပြီး ပြုံးမိပြန်သည်။

ထိုအချိန်က ငယ်လည်း ငယ်သေးရာ တဇွတ်ထိုးဆုံးဖြတ်ခဲ့မိသည်။ ယခုပြန်တွေးမိတော့ အတင်းမလုပ်ယူပဲ တခြားနည်းသုံးလည်း ရနိုင်မှန်းသိသွားခဲ့သည်။

"အဲ့တာတော့ ဟုတ်တယ်၊ မင်း ကောင်းကောင်းနေနေရတဲ့အပြင် ယောက်ဖက မင်းကိုနာကျင်ခံစားရအောင်လည်း မလုပ်ဘူး၊ အမြဲတမ်း ကာကွယ်ပေးတတ်သေးတယ်၊ မင်းရဲ့စကားနားထောင်ပြီး ချစ်လည်း ချစ်ပြတတ်သေးတယ်"

လင်းယွီချိန် သဘောတူစွာ ခေါင်းငြိမ့်သည်။ ထိမ်းမြားပြီးတဲ့ မင်းညီမင်းသားတွေတိုင်း ကိုယ်လုပ်တော်အများကြီးထားပြီး ကြင်ယာတော်တွေလည်း ရှိသေးတယ်၊ မောင်းမဆောင်ဆိုတာ ပြည့်လျှံလို့၊ သူ့ယောက်ဖကသာ ဝမ်းကွဲအစ်ကိုတစ်ဦးတည်းကို ကြင်ယာတော်ထားတာ။

"ငါ့ကိုကာကွယ်ပေးတယ်၊ ခံစားရအောင် မလုပ်ဘူး ဟုတ်လား? ယွီချိန် လင်လင်ကြားက ကိစ္စတွေကလေ အပြင်လူက ထဲထဲဝင်ဝင် မသိဘူး၊ အနာဂါတ်မှာ မင်းအိမ်ထောင်ပြုမှ သိလာလိမ့်မယ်"

ချင်ယွင်ရိကကောင်းပါတယ်၊ သူထုတ်မပြောသရွေ့ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး၊ သူက အကောင်းဆုံးအိမ်ထောင်ဖက်လို့ ထင်ကြမှာ။

"အိမ်ထောင်ကျမှ သိမှာလား"

လင်းယွီလင်က သူ့ရဲ့စကားကို သံယောင်လိုက်ပြောသူကို သေချာအကဲခတ်လိုက်သည်။ ရှန်ကျင်းအကြောင်း မေ့ဖျောက်ဖို့ကြိုးစားနေပြီး ဝမ်းနည်းနေတာမျိုးမရှိမှ ပခုံးပုတ်ကာနှစ်သိမ့်ပေးရင်း တိတ်တဆိတ်အနားက ထွက်သွားသည်။စိတ်ခံစားချက်ဆိုတာ အပြင်လူ ဝင်ပြောလည်း မထူးပေ။ ကိုယ်တိုင် မြင်အောင် ကြိုးစားတာက ပိုအဆင်ပြေလိမ့်မည်။ ဝမ်းကွဲညီ က အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်မယ်လို့ ယုံကြည်သည်။

ချင်ယွင်ရှန်းက ရှန်ချန်နဲ့ ရှန်ကျင်းကို ဘေးပေါက်က ဝင်ခွင့်ပြုတဲ့သတင်းသည် အနှေးနဲ့ အမြန် မြို့တော် တစ်ဝန်း ပျံ့နှံ့သွားခဲ့သည်။

ရှန်လျန်က ဒီသတင်းကို မည်သည့် မှတ်ချက်မှ မပေးခဲ့၊ ချင်ယွင်ရှန်းရဲ့ မျက်နှာသာပေးမှုဟာ ယခင်ဘဝနဲ့ တူညီခြင်းမရှိသည်ကိုသာ တွေးမိသည်။ အတိတ်ဘဝ၌ ရှန်ချန့်အား ထိမ်းမြားခဲ့စဉ်က မည်သည့် ကြင်ယာတော်နဲ့မှ မယှဉ်နိုင်အောင် ၊လူတိုင်း ချီးမွှမ်း ဂုဏ်ပြုရသည့် နေနဲ့လ၊ ရွှေနဲ့မြ နတ်ဖက်သောစုံတွဲဖြစ်ခဲ့သည်။ သူကတော့ တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ ကြင်ယာတော်လေး ဖြစ်ခဲ့တာပေါ့။

ထိုနှစ်တွေ တစ်လျှောက်လုံးမှာ ချင်ယွင်ရှန်းက မျက်နှာသာပေးရုံတင်မက နေ့စဉ်နေ့တိုင်း ဂရုစိုက်ကြင်နာပေးခဲ့လို့လည်း ရှန်ချန့်ကို ဧကရီတင်မြောက်ဖို့ထိဖြစ်ခဲ့တာပေါ့၊ အခု တော့ ကြည့်ကြပါဦး .. ချင်ယွင်ရှန်းကချစ်မိသွားရင်တောင် အခြေအနေတွေက ကောင်းတဲ့ဘက်မှာ ရှိမနေခဲ့၊ရှန်ချန်ဟာ အတိတ်ကလို မြောက်စားခံရစရာအကြောင်း မရှိနိုင်။

"လျန်လျန် သူက ဟယ့်ရန်.. ဒီနှစ် အသက်ဆယ့်နှနှစ်ပြည့်မှာ"

နေ့ခင်းတစ်ရေးတမောအိပ်ပြီး နိုးလာတော့ အိမ်မှာ တွေ့ရခဲတဲ့ ချီယွဲ့က အရပ်မြင့်မြင့် ပိန်ပါးပါးလူငယ်တစ်ယောက်ကို ခေါ်ဝင်လာသည်။ ရှန်လျန်က ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီး...

"ပုံစံက အဆင်ပြေသားပဲ၊ မင်း ငါ့ဆီမှာအလုပ်လုပ်ဖို့ဆန္ဒရှိလား"

"ဗျာ"

အူကြောင်ကြောင် မျက်နှာပေးနဲ့ အနည်းငယ် ရှက်တက်တက် ဖြစ်ကာ ခေါင်းကုတ်နေသေး၏။

ချီယွဲ့က ခါးကိုင်းပြီး လူငယ်ကို တစ်ချက်တွန်းလိုက်သည်။

"အ နေတာလား ?မေးနေရင် ပြန်ဖြေလေ"

"ငတုံးလေး.. အရင်က စကားမပြောဖူးဘူးလား"

"ကျွန်တော် ဆန္ဒရှိပါတယ်၊ လုပ်ချင်ပါတယ်၊ သခင်လေး စောင့်ရှောက်ပေးလို့ ကျေးဇူးပါ"

တစ်ကယ်တော့ ဟယ့်ရန် က မတုံးပါ၊ ရှန်လျန့်လို ချောမောသူအား ရွာမှာ နေခဲ့ရသည့်တစ်လျှောက်လုံး မမြင်မတွေ့ဖူးခဲ့သောကြောင့် အံ့အားသင့်နေမိခြင်း ဖြစ်သည်။

"အင်း.. နောက်ဆို ချီယွဲ့နဲ့ အတူ တွဲလုပ်၊ သူသင်ပေးလိမ့်မယ်"

ရှန်လျန်ရဲ့ အမူအရာက ဘာအကြောင်းနဲ့မှ ယိမ်းယိုင်သွားခြင်းမရှိ၊ ပုံမှန်သာ ပြောဆိုလေသည်။

"ဟုတ်ကဲ့၊ သခင်လေး ကျေးဇူးတင်ပါတယ်၊ ယွဲ့ကော ‌ကျွန်တော့်ကို များများ သင်ပြပေးပါဦးဗျ"

ထိန်းချုပ်ထားတဲ့ အမူအရာနဲ့ ယှဉ်ရင် ချီယွဲ့ကို ‌စကားလှည့်ပြောချိန်မှာ ဟယ့်ရန်က တက်ကြွပြီး နောက်တီးနောက်တောက်ဟန် ပြောင်းသွားသည်။ရှန်လျန်နဲ့ ချီယွဲ့တို့ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့က အသက်ချင်းအားဖြင့် သုံးနှစ်ပဲကြီးသော်လည်း လူတွေရဲ့ ရက်စက်တတ်သော အမှောင်ဘက်ခြမ်းကို တွေ့ကြုံဖူးခဲ့ပြီးလေပြီ၊ ဟယ့်ရန်လို ဖြူဖြူစင်စင်တွေး သူမျိုး မဟုတ်တော့ပေ။

"ရှုရှု.."

ရှန်ယိုလေးရဲ့ ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဖုရင် ချီပွေ့ခေါ်လာသည်ကိုမြင်လိုက်ရ၏။ သူတို့နဲ့အတူ ဖန်ကျုံးယွင်တို့ သားအဖလည်း ပါ၏။

"ရှုရှု့ဆီ လာ ပါဦး"

တူဝရီးနှစ်ယောက်ရဲ့ ချစ်ခြင်းက လျော့ကျမသွားပေ။ ရှန်လျန် လက်‌ဆန့်ထုတ်လိုက်တာနဲ့ ကောင်ငယ်လေးက ရင်ခွင်ထဲ တိုးဝင်ကာ ပိန်ပါး‌နေဆဲဖြစ်တဲ့ ရှန်လျန့်ကို ကျုံးဖက်ထားတော့၏။

"သခင်ငယ်လေး အသက်ကခုနှစ်လ ရှိနေပြီ ကလေးလေး လုပ်ချင်နေတုန်း"

ဖုရင်က ရယ်ချင်နေသည်။ သခင်ငယ်လေးက အသက်သာငယ်သာ အသံက လူကြီးသံပေါက်နေပြီဖြစ်ပြီး ကိုယ်အလေးချိန် အတော်တိုးလာသည်ဖြစ်ရာ ကြာကြာပင် မပွေ့ချီနိုင်တော့ချေ။

"ရှုရှု"

ဖုရင် ပြောတာ နားလည်သည်လား မပြောတတ်၊ ရှန်ယိုက ရှန်လျန့် လည်တိုင်ကို သိုင်းဖက်လိုက်ပြီး ခေါင်းကိုဟိုဘက်ဒီဘက်လှည့်ကာ ပွတ်သပ်ပြီးချွဲသည်။ သူ့ပုံစံက အတိုင်ခံရသဖြင့် မျက်နှာချိုသွေးနေသလို.. ရှန်လျန် ခေါင်းယမ်းလိုက်ပြီး ဖင်လုံးလေးကို ပုတ်ကာ...

"ဟုတ်ပါပြီ ရှုရှု မဆူပါဘူး"

"ဟီး ဟီး"

ကောင်ငယ်လေးရဲ့ သရုပ်ဆောင်ခြင်းက သူ့စကားကြားပြီးတာနဲ့ ရပ်တန့်သွားခဲ့သည် ။ ရှန်လျန့်ပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲ ကျောမှီထားရင်း တာ့ပေါင်နဲ့ ဆော့နေသည်။ သိုင်းဖက်ခြင်းလွတ်မြောက်သွားတာနဲ့ ကလေးငယ်ရဲ့ လက်အား မည်မျှ သန်မာလာသည်ကို သိလိုက်ရ၏။

"လျန်လျန်..ဦးလေး ခွင့်တောင်းချင်တာလေး ရှိလို့"

ချီယွဲ့နဲ့ ဖန်ကျုံးယွင်တို့ ဆိုင်တွေ အကြောင်း ရှန်လျန့်ဆီ ပြောပြပြီးတာကို မြင်တော့ ဖုရင် အနေရခက်သလိုပုံစံဖြင့် စကားစလာသည်။

"ဘာများလဲ "

ရှန်လျန် အခါးရည် တစ်ငုံသောက်လိုက်သည်။ဖုရင်က ဖြည်းဖြည်းချင်း ပြောလာသည်။

"မနက်ဖြန်က အရာရှိစာမေးပွဲဖြေရမယ့်နေ့ဆိုတော့လေ... ဒီည ဦးလေး အိမ်ပြန်ချင်လို့... မနက်ဖြန် မနက် ယွင်ရှီးကို စာမေးပွဲဖြေရမယ့်နေရာ ဆီ ပို့ပေးပြီးရင် ပြန်လာခဲ့မယ်လေ"

ဒါကြောင့် သခင်‌ငယ်လေးကို ဒီညနဲ့ မနက်ဖြန် မနက်ပိုင်း မထိန်းပေးနိုင်တော့ပါ။

"အဲ့လို လုပ်လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် တစ်ခါပဲ ပို့ရမှာပဲ၊ ဦးလေးဖုကို လိုက်ပို့ပေးဖို့ ကျွန်တော် လေ့ကျန်းကို  ပြောလိုက်မယ်"

ထိုသို့ပြောမှ မနက်ဖြန်က ဇူလိုင်လအစဆိုတာ ရှန်လျန် သတိရသွားခဲ့သည်။ သူအိမ်ပြန်ရောက်တာ လေးလတောင် ရှိပြီပေါ့။

"သခင်ငယ်လေး..."

ဖုရင်က တာ့ပေါင်နဲ့ ဆော့နေတဲ့ ရှန်ယို့ကို လှမ်းကြည့်သည်။ တစ်ညထဲ ဆိုသော်လည်း ထားခဲ့ရမှာလည်း စိတ်မချနိုင်ဖြစ်နေသည်။ ယွင်ရှီးလည်း တစ်ယောက်ထဲ မလွယ်ကူနိုင်။

"ဦးလေးဖု ရတယ်၊ ကျွန်တော် သခင်လေးကို ဒီည သိပ်လိုက်မယ်၊ မနက်ဖြန်မနက်လည်း ထိန်းပေး...."

ချီယွဲ့ရဲ့စကားမဆုံးခင် ရှန်လျန် ဟန့်တားလိုက်သည်။

အထူးတဆန်းဖြစ်နေတဲ့ မျက်လုံးတွေကို ဝေ့ကြည့်ပြီး ရှန်လျန်ပြုံး၏။

"ကျိုးလီပုမှာ အခြေအနေက ပုံမှန်လည်ပတ်နေပါပြီ၊သမားတော်လည်း နှစ်ယောက်ရှိသေးတယ်ဆိုတော့ တစ်ရက်လောက် ကျွန်တော် မသွားလည်း ကိစ္စမရှိဘူး"

နေ့တိုင်း သွားနေတယ်ဆိုတာက ကျောင်းတက်ပြီး ကျောင်းသားတွေနဲ့ ယှဉ်ပြိုင်နေရမှာနဲ့စာရင် ဆေးပညာအသုံးချပြီး ကျိုးလီပုမှာ နာမည်ကောင်း ယူနေတာကမှ ပိုကောင်းသည်ဟု တွေးမိသောကြောင့်ဖြစ်၏။

"တော်သေးတာပေါ့၊ ကျုံးယွင်နဲ့ ‌အစ်ကိုက မနက်ဖြန် မြို့ပြင် သွားဖို့ရှိတယ်၊ ညနေမှ ပြန်ရောက်မှာ"

ချီယွဲ့က ခေါင်းငြိမ့်သည်။ ပြင်ပမှာ လူတွေနဲ့ ဆက်ဆံရတဲ့အခါ ပိုပိုပြီး ယုံကြည်ချက်ရလာသည်။ ရှန်လျန် သင်ပေးတဲ့ ဆေးပညာ အသိကလည်း အသုံးဝင်၏။ ထို့အပြင် ဖန်ကျုံးယွင်၏ ကူညီပေးမှုကြောင့် ညသန်းခေါင်ထိ စာရင်းတွေ ဖတ်နေစရာမလိုတော့ပဲ ဆေးစာအုပ်ဖတ်ရန် အချိန်ရှိလာသည်။ အလျဉ်းသင့်စွာနဲ့ နယ်ဘက်မှာ ဖျားနာနေတဲ့ လယ်သမားနဲ့ ဆုံတုန်း ဆေး ကုပေးနိုင်ခဲ့သေး၏။

" လူတွေကို တတ်နိုင်သမျှ ကယ်တင်ပေးဖို့ အမှတ်ရပါ"

ထိုသို့အလုပ်များနေရသည်ကို နှစ်သက်သော ချီယွဲ့အား ရှန်လျန် ခွင့်ပြုပေး၏။

"ရွှမ်းကော ကို မတွေ့ပါလား"

လူစုံနေပေမယ့် ရွှမ်းကော တစ်ယောက်ထဲ မရှိ၊ အတက်ကြွဆုံးသူပျောက်ဆုံးနေသည်က သာမာန်မဆန်နေ။

"နိုးလာတာနဲ့  ကိုယ်ခံပညာလေ့ကျင့်ဖို့ သွားတယ်၊ ကျွမ်းကျင်သူ ဖြစ်လာတော့မယ်ထင်တယ်"

ချီယွဲ့က သူ့ညီအကြောင်း ဖော်ကောင်လုပ်လေသည်။

"အဲ့တာဆို ကောင်းသားပဲ၊ ရွှမ်းကော ပျော်နေမှာပေါ့"

တစ်ခဏခန့်စကားစမြည် ဆက်ပြောနေစဉ် လေ့ကျန်း ပြန်ရောက်လာသည်။ ဦးလေးဖုအား ပြန်ပို့ပေးပါရန် လေ့ကျန်းအား အကူအညီ တောင်းပေးလိုက်သည် ။ စာမေးပွဲက ဖြေတော့မှာမို့ ဖုယွင်ရှီး လိုအပ်သည်များ ပြင်ဆင်ပေးနိုင်ရန် ဦးလေးဖုကို အိမ်ပြန်ခွင့် ပြုမှရမည်။ သူက လစ်လျူရှုတတ်သူမှ မဟုတ်ပဲ။

ညရောက်သော် ရှန်လျန် ရေမိုးချိုးပြီး ဆံပင်ခြောက်အောင် စောင့်ရင်း စာထိုင်ဖတ်နေစဉ် ဖေးယွမ်ရွှင်းက ထုံးစံအတိုင်း ပြတင်းပေါက်မှ ခုန်ဝင်လာပြီး သူ့ခေါင်းကို ရင်းရင်းနှီးနှီးပုတ်ကာ ဘေးခုံ မှာ လာထိုင်သည်။

"ဘာတွေ တွေးနေတာလဲ"

ရှန်လျန်က ဆေးစာအုပ်ကို ချလိုက်ပြီး သူ့ဘက်လှည့်သည်။

"မတွေးပါဘူး၊ ဒီတိုင်း လူ့ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ထင်မိရုံတင်၊ခုလက်ရှိ ချင်ယွင်ရှန်းနဲ့ တခြားသူ အကုန်လုံးက မပြောင်းလဲဘူး သိပ်ရယ်ရတယ်"

"ချင်ယွင်ရှန်း ရည်ရွယ်ချက်ရှိရှိလုပ်တာမလား?"

မနက်က ရှာလကာရည်သောက်တာ ခုထိ အစာမကြေသေးဘူးထင်၏။

"ထင်တာပဲ"

ရှန်လျန် မငြင်း။

"တော်ဝင်မင်းညီမင်းသားကိုးပါးမှာ စားသောက်ဖို့ပဲ သိတဲ့ တတိယမင်းသားကလွဲရင် ကျန်တဲ့ မင်းသား ရှစ်ပါးက အိမ်ရှေ့စံနေရာ ရချင်ကြတာချည်းပဲ"

ချင်ယွင်ရှန်းရဲ့ မိခင်က မျိုးရိုးမြင့်အနွယ်ဝင်ထဲက မဟုတ်တာကြောင့် ကျောထောက်နောက်ခံ ကောင်းကောင်းရရန် ချင်ယွင်ရှန်းက ဇနီးကောင်းကောင်းလိုအပ်သည်။ ရှန်ကျင်းကို ထည့်မတွက်နှင့် ၊တရားဝင်သမီးဖြစ်တဲ့ ရှန်ကျင်းပင် ရှန်ရွေ့ထင်၏ ဂရုစိုက်ခြင်းမခံရရာ ချင်ယွင်ရှန်းအဖို့ မျှော်လင့်ချက် မရှိပေ။

ယနေ့ ရှန်ချန်၏ ထိမ်းမြားလက်ထပ်ပွဲအတွက် သူ့အကို ရှန်ရှောင်က ဖခင်ဆီ သွားတွေ့ခဲ့ပေမယ့် လက်ခံတွေ့ဆုံရန် ငြင်းဆန်ခံလိုက်ရသည်။ ထို့အစား ပုလဲလုံးများထည့်ထားသော ဘူးတစ်ခုကို သူ့အစား ရှန်ချန်ကိုပေးပေးရန် တောင်းဆိုခဲ့သည်။ ကြည့်ရတာ ထိုဘူးက ဖခင်အနေနဲ့ပေးသည့် ခန်းဝင်ပစ္စည်းဖြစ်ပုံရသည်။

"ချင်ယွင်ရှန်းက ဉာဏ်ကောင်းတဲ့သူပဲ"

ဖေးယွမ်ရွှင်းက လက်ထဲမှာ ရေနွေးကြမ်းခွက်ကိုကိုင်ကာ ပျင်းပျင်းရိရိ လှည့်ဆော့နေသည်။

"မင်းနဲ့ လျိုရှုဟန်တို့မိသားစုက ယှဉ်မရမှန်း သူ သိသွားပြီ"

ရှန်ရွေ့ထင်က ရှန်ချန်ထက် လျန်လျန့်ကိုပိုပြီး မျက်နှာသာပေးသည်။ ထို့အပြင် ရှန်ချန်က ကိုယ်လုပ်တော်အဆင့် ခန့်အပ်ခံရခြင်းဖြစ်ပြီး ထိုရာထူးရှိခြင်းမရှိခြင်းက ချင်ယွင်ရှန်း၏ ဆုံးဖြတ်ချက်ပေါ်တွင်မူတည်သည်။ လျန်လျန်ပြောသလို ချင်ယွင်ရှန်းရဲ့ မိသားစုနောက်ခံအင်အားက တောင့်တင်းခြင်းမရှိတာကြောင့် အင်အားကြီးမားတဲ့ ကြင်ယာတော်နဲ့ ထိမ်းမြားရန် လိုအပ်နေသည်။

အနာဂါတ် ကြင်ယာတော်လောင်းလျာကို အစောကတည်းက ဖိအားပေး ရယူခြင်းမဟုတ်ပဲ ဖြည်းဖြည်းချင်း ချဉ်းကပ်ဖို့ စီစဉ်ထားပုံပင်။ ချင်ယွင်ရှန်း လိုချင်တဲ့ ကြင်ယာတော်က ဘယ်သူဖြစ်မှန်း ထုတ်ပြောနေစရာပင် မလိုအပ်။ မနက်က လျန်လျန့်လှည်း လမ်းတစ်ဝက်မှာ တားခံရတယ်ဆိုတာနဲ့တင် ရှင်းရှင်းလင်းလင်း ဆက်စပ်သိနိုင်လေပြီ။

2690 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment