'ရှန်ကျိုးက အူတူတူလေး'
ရက်ပေါင်း လေးဆယ်၊ငါးဆယ်ဝန်းကျင်ခန့်ရောက်သော် ရှန်လျန်နဲ့ သူငယ်ချင်းတို့ စုပေါင်းလုပ်သည့် ဝေငှခြင်းစီမံကိန်းက ပိုမိုကျယ်ပြန့်လာပြီး၊ ဝါးချောင်းအရေအတွက်ဟာလည်း အလှူရှင်တို့ ကျေးဇူးကြောင့် ထောင်ချီ ပြုလုပ်လာနိုင်သည်။ ရေဘေးဒုက္ခသည်အပေါင်းအား ဆန်ပြုတ်အပြင် ပေါက်စီသာ ဝေပေးနိုင်ရုံမက လွန်ခဲ့သည့် ရက်နှစ်ဆယ်ခန့်ကပင် အခြားအရာအတွက် အချင်းချင်း တိုင်ပင်ဖြစ်ကြသည် ။ ထို့နောက် ဆိုင်ခန်းနှစ်ခန်းဝယ်ယူလိုက်ကာ ထိုနေရာတွင် ကြွယ်ဝသောမိသားစုမှ လှူဒါန်းသည့် တန်ဖိုးကြီးပိုးထည်များကို ချည်ထည်များအဖြစ်ပြန်လဲလှယ်၍ ထပ်ဆောင်း ဝေပေးနိုင်ခဲ့သည်။
ထို့အပြင် မြို့တွင်းရှိ ဆိုင်များစွာ၏ အလုပ်ပေးမှုကြောင့် ဒုက္ခသည်များ စားဝတ်နေရေး ချောင်လည်လာကြသည်။
ရှန်လျန်ရဲ့ အကြံပေးမှုနဲ့အတူ ဒုက္ခသည်တွေ အလုပ်ရနိုင်ရေးအတွက် အဓိကတာဝန်ယူထားသူမှာရန်ထျန်းယွီက များစွာသော အလုပ်နေရာများရှာပေးနိုင်ခဲ့ပြီး အဆင်ပြေစေခဲ့သည်။ ကြီးမားသည့်ပြဿနာဖြစ်ပေါ်ခြင်းလည်း မရှိရာ သူတို့၏ ဝေငှကျွေးမွေးခြင်းက စနစ်တကျနှင့်ပုံမှန်လည်ပတ်နိုင်ခဲ့သည်။ လူငယ်ငါးဦး၏ နာမည်ဂုဏ်သတင်းက အလွန်မွှေးပျံ့ပြီးမိသားစုမှာလည်း အကျိုးမြတ်များစွာ ရရှိသည်။
လူငယ်တစ်ဦးချင်းစီတိုင်းက တစ်နေကုန် အလှူရှင်ရှာလျှင်ရှာ ၊မဟုတ်ပါက ဆိုင်မှာ တစ်နေကုန်ရှိပေးတတ်ကြသည်။
နေ့ခင်းသုံးနာရီတွင် ရှန်လျန်၏ လှည်းယာဉ်က ဆိုင်ရှေ့တွင် ရပ်တန့်သွားသည်။ အလုပ်ရှုပ်နေတဲ့ရှန်ကျိုးက ခေါင်းမော့မလာပဲ လှမ်းအော်သည်။
"လျန်လျန်... မြန်မြန်လာ..ငါ့ကို လာကူဦး၊ မင်းဒီနေ့မလာလို့ကတော့ ငါမေ့လဲသွားနိုင်တယ်"
ရထားလုံးပေါ်မှ ဆင်းလာတဲ့ လူသုံးယောက်က အသံကြားရာ ကြည့်လိုက်ကြသည်။ ရှန်ကျိုးက ပျားပန်းခတ်သလို လှုပ်ရှားနေသည်။ ပန်းကန်ထဲ ဆန်ပြုတ်ခပ်ထည့်ပြီး တန်းစီနေသူကိုပေးသည်။ ထို့နောက် နောက်ပြန်လှည့်ပြီး ဆေးယူကာ ဝေပေးပြန်သည်။ တစ်ဦးတည်း လုပ်နေသဖြင့် ချွေးတဒီးဒီးနှင့် ပူအိုက်နေရှာသည်။
"ပေါက်စီ မလောက်ဘူး၊ အမြန် အထဲက ယူထုတ်လာခဲ့လိုက်"
ရှန်ကျိုးကတိတ်တခိုး ချစ်နေရသူ၏ပုံရိပ်ကို သတိမထားမိသဖြင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်မထားပဲ အော်ဟစ်ပြောဆိုနေသည်။ ဘာကြောင့်ရယ်မသိ ကျင်းရှီယန်က ခပ်သွက်သွက် လှုပ်ရှားလိုက်ကာ စားပွဲပေါ်က အေးစက်နေတဲ့ ပေါက်စီခြင်းကို ယူလာပေးသည်။
"ဒီဟာပြောတာလား"
"အေးလေ...ဟင်! ....ကျင်း...ကျင်း!ကျင်း!"
လှည့်ကြည့်လိုက်တဲ့အခိုက်အတန့်မှာ ကျင်စရှီယန်ရဲ့ နွေးထွေးတဲ့အပြုံးမျက်နှာနဲ့ တည့်တည့်တိုးသဖြင့် ရှန်ကျိုးရဲ့ပါးနှစ်ဖက်က ချက်ချင်းရဲတက်လာသည်။ တစ်ဖက်သူ၏နာမည်သုံးလုံးကို အပြည့်စုံခေါ်နိုင်ဖို့ အချိန်ယူလိုက်ရသေး၏။
"ကျင်းရှီယန်"
ပျာယာခတ်နေတဲ့ 'ကော'တစ်ယောက်ကို ပထမဆုံးမြင်ဖူးတာကြောင့် ကျင်းရှီယန်က ပေါ့ပေါ့
ပါးပါးပြုံးရင်း သူ့နာမည်သူ ရွတ်ပြလိုက်ရသည်။
"ဟုတ်..ဟုတ်...ဟုတ်တယ်... ကျင်းသခင်လေးမလား?"
ထင်မှတ်မထားတဲ့ အချိန်မှာ ထင်မှတ်မထားတဲ့ နီးကပ်ခြင်းမျိုးနဲ့ ကြုံလိုက်ရတာကြောင့် ရှန်ကျိုးရဲ့ တစ်မျက်နှာလုံးအပြင် လည်တိုင်ပါ သွေးထွက်လာမတတ် ရှက်ရဲသွေးနေခဲ့သည်။သူ့သူနေတဲ့ လက်နဲ့ခြေထောက်ကို ဘယ်နားထားရမှန်းမသိ နေရခက်နေသည်။
"ဒုတိယရှန်သခင်လေး အဆင်ပြေရဲ့လား"
ကျင်းရှီယန်က ရယ်ဟန်စွက်လျက် သူ့ဘက်က စတင်ကာ ရှေ့တိုးပြီး ကူညီပေးရန်ပြင်၏။
"သတိထား!"
ဒုန်း!
"အား...ငါ့ဖင်"
တစ်ဖက်လူက ချဉ်းကပ်လာသည်ကို ခံစားမိသော် ခန္ဓာကိုယ် အလိုအလျောက် တုန့်ပြန်သည့်အနေဖြင့် ရှန်ကျိုး နောက်ဆုတ်မိလိုက်သည်။အကျိုးဆက်က ပေါက်စီအိုးပူပူကို တိုက်မိသွားပြီး ရှန်ကျိုးရဲ့ တင်ပါးက အပူဟပ်ခံလိုက်ရသည်။ကျင်းရှီယန်၏ တည်ရှိမှုကိုမေ့လျော့ကာ နာကျင်နေသည့် ဖင်ကိုကိုင်လျက် အလန့်တကြားအော်ဟစ်လိုက်သည်။
တဒင်္ဂဘေးလူဖြစ်ခဲ့တဲ့ ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်က လာရောက်ကူညီသည်။
"ကျင်းသခင်လေးက မင်းကို စားပစ်မှာ မို့လား၊အဲ့လောက်ကြောက်နေရအောင်"
"ငါ..."
ပြောခါမှ ရှန်ကျိုး ထိုသူရှိမှန်း သတိရသွားပြီး မျက်နှာသွယ်သွယ်လေးက တစ်ဖန် ရဲသွားပြန်သည်။ ဖင်ပွတ်နေတဲ့ လက်က တုံ့ခနဲ ရပ်သွားပြီး တောင့်တောင့်ကြီး ရပ်နေခဲ့သည်။
"တောင်းပန်ပါတယ် ဒုတိယရှန်သခင်လေးကို လန့်အောင် လုပ်မိသွားလား"
ကျင်းရှီယန်က ညင်သာစွာပြောလာသည်။
"မဟုတ်...မဟုတ်ဘူး၊အဲ့လိုမဟုတ်ဘူး၊ ကျင်းသခင်လေးနဲ့ မဆိုင်ပါဘူး၊ ကျွန်တော့ဘာသာ..."
ရှန်ကျိုးက မျက်နှာ နီနီလေးနဲ့ လက်တခါခါလုပ်ကာ ကိုယ့်ကိုကိုယ် အပြစ်တင်နေသည်။
ရှန်ကျိုးက ကယ်တင်လို့မရတော့ပါလား!
ရှန်လျန်က နဖူးပေါ် လက်တင်ကာ ကူကယ်ရာမဲ့နေသည်။ ကူညီရန်ကြိုးစားသော်လည်း တစ်ဖက်က နေရာမရွေ့ပဲ အခြေအနေကောင်းမွန်ချင်နေသေး၏။
"ဘာဖြစ်တာလဲ တစ်ခုခုဖြစ်လို့လား"
တစ်ဖက်ခန်းက ဝေထန်က လှုပ်ရှားသံတွေကြားပြီး စိုးရိမ်တကြီးရောက်လာသည်။ ပြီးမှ ဖေးယွမ်ရွှင်းတို့ကိုမြင်တော့ ကိုယ်နေဟန်ထားအမြန်ပြင်ကာ 'ကော'တစ်ယောက်ရဲ့ အိန္ဒြေနဲ့အတူ
တလေးတစားဦးညွှတ်၏။
"မြို့စားမင်း၊ ကျင်းသခင်လေး "
"အင်း"
ဖေးယွမ်ရွှင်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်သည်။ ယဉ်ကျေးသမှုအရ ပြောလိုက်သည်။
"သက်တောင့်သက်သာနေပါ"
"ဟုတ်ကဲ့"
ဝေထန်က ရှန်ကျိုးဆီ လျှောက်သွားလိုက်သည်။ သူ့အနောက်ဘက်က မှောက်ကျနေတာကို ဝေ့ကြည့်ပြီး ၊ငေးကြောင်ကြောင်ရပ်နေတဲ့ ရှန်ကျိုးကိုပြန်ကြည့်သည်။
"ရှန်ကျိုး မင်းဘယ်လိုဖြစ်တာတုန်း"
ရှန်ကျိုးက ငုံ့ထားတဲ့ခေါင်းကို မော့လိုက်ပြီး အံကြိတ်သည်။ လက်ညိုးက ခေါင်းကိုကုတ်နေလျက်...
"ငါ တမင်လုပ်တာ မဟုတ်ပါဘူး"
ကျင်းရှီယန် ရုတ်တရက်ပေါ်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ... သူ့ကိုပေါက်စီတောင် သယ်ကူပေးသေးတယ်၊ ပြုံးလည်း ပြုံးပြသေးတယ်၊ လန့်ပြီး သေတော့မလို့ကွ! မင်းတို့ဘာသိလို့လဲ?
"ကဲ အထဲမှာ သွားထိုင်ကြရအောင်လေ"
ရှန်လျန်က ဖေးယွမ်ရွှင်းကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ဆိုင်နောက်ဘက် သွားရန် အသံတိတ်အချက်ပြသည်။ လူငါးယောက်က သိုလှောင်ရုံဘေးက အခန်းဆီ သွားလိုက်ကြသည်။ ထိုအခန်းက နဂိုထဲက အလွတ်ထားထားပြီး တစ်ခါတရံ သူငယ်ချင်းငါးဦး အစည်းဝေးလုပ်သည့်အခါ ဤအခန်းကိုအသုံးပြုသည်။
"မြို့စားမင်း ၊ကျင်းသခင်လေး အေးအေးဆေးဆေးထိုင်ပါ၊ ကျွန်တော်က တခြားလုပ်စရာလေးရှိသေးလို့ သွားနှင့်ပါမယ်"
စာရင်းစာအုပ်ကြီး ဒီတိုင်း ဖွင့်လျက်ထားပစ်ခဲ့တာကို သတိရသွားတဲ့ ဝေထန်က အမြန်ပြန်ပြေးသွားခဲ့သည်။
"ပူနေသေးလား"
ထိုင်ရခက်နေတဲ့ ရှန်ကျိုးကိုမြင်တော့ ရှန်လျန် စိတ်ပူစွာမေးသည်။ ကျင်းရှီယန်နဲ့ ဖေးယွမ်ရွှင်းက အကြည့်ချင်း ဖလှယ်လိုက်ပြီး သဘာဝကျစွာ ရှန်ကျိုးကိုကြည့်သည်။
"မပူတော့ဘူး၊ ကောင်းသွားပြီ၊ ငါက ဒီတိုင်း"
ဒါက ကျင်းရှီယန်ရဲ့ဘေးမှာ ပထမဆုံးအကြိမ် ထိုင်ခွင့်ရတာကြောင့် ရင်ခုန်နေတာလို့ မပြောခဲ့ပါချေ ။
ထိုအခိုက် ရှန်လျန် ခွေးစာပြန်ကျွေးခံလိုက်ရပြီးဂရုစိုက်ချင်စိတ် ပျောက်သွားတော့သည်။
ဖေးယွမ်ရွှင်းက ရှန်ကျိုးရဲ့ ထိန်းချုပ်နိုင်မှုကို ချီးကျူးမိသည်။ ရှန်လျန် ပြောစရာစကားမဲ့နေတာကိုမြင်တော့ တခြားပြောင်း မေးလိုက်သည်။
"ဒီမှာ အဆင်ပြေနေတာပဲ"
"အင်း.. နှစ်လတောင်ရှိတော့မယ် နောက်ကျရင် အရမ်းအားစိုက်စရာမလိုတော့ဘူး ၊ပုံမှန်ဖြစ်သွားတော့မှာ"
ရှန်လျန့်စကားကို ဖေးယွမ်ရွှင်းက ခေါင်းတငြိမ့်ငြိမ့် နားထောင်သည်။ ပါးစပ်အပြည့် ခွေးစာသွပ်ခံလိုက်ရတဲ့ ရှန်ကျိုးက သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ ယုန်ကလေးလို ကြောက်ရွှံ့ပြီး ပုန်းနေမိတဲ့ သူ့ကိုယ်သူ အားမလိုအားမရဖြစ်သွားသည်။ အခြားတဖက်မှာလည်း ကျင်းရှီယန်ကို မြို့တော်က လူအများကြီးက သဘောကျပြီး ခင်ပွန်းတော်ချင်သည်ကို တွေးနေမိသည်။ သူလည်းဘယ်လိုလုပ် ဒီဝဲဂယက်က လွတ်နိုင်မှာတဲ့လဲ?
ကျင်းရှီယန်ကလည်း သာမာန်လူတော့ မဟုတ်၊ ရှန်ကျိုးရဲ့ မျက်ဝန်းက တခြားသူတွေနဲ့ ကွဲပြားတာကို တွေ့မြင်နေခဲ့သည်။မျက်ဝန်းက ဖြူစင်ပြီး သူ့တစ်ယောက်ထဲနဲ့ ပြည့်နေကာ ညစ်ထေးသည့်အရာများရောထွေးခြင်းမရှိပေ။ အခြားသူများဆိုလျှင် အနည်းနဲ့ အများ သူ့ဆီက တစ်စုံတခု ရယူလိုသည့် လောဘရှိရာ မျက်လုံး၌ လာပေါ်သည်။
"ကျင်းသခင်လေး ရှောင်ကျိုးကို မကြည့်ပါနဲ့လို့ ဘယ်သူမှ မတားပါဘူးဗျာ..."
ရှန်လျန်က ဖေးယွမ်ရွှင်းနဲ့ အကြည်ဆိုက်နေစဉ် ရုတ်တရက် ခုံအောက်မှ ခြေထောက်က အကန်ခံလိုက်ရသည်။ ရှန်ကျိုးရဲ့ အကူအညီတောင်းနေတဲ့ မျက်ဝန်းကိုမြင်တော့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ကျင်းသခင်လေးကို ပြောလိုက်ရသည်။
တစ်ကယ်တော့ ရှန်လျန် ဟာ ထိုနှစ်ယောက်ကြားထဲ မဝင်ချင်ပေမယ့် ရှန်ကျိုးရဲ့ မထုံတက်တေးအမူအရာနဲ့ ဘယ်အချိန်မှ ကျင်းသခင်လေးကို လက်ထပ်နိုင်မလဲဆိုတဲ့အတွေးကြောင့် ကြားဝင် စေ့စပ်ပေးရတော့၏။
"မရီးက ယွမ်ရွှင်းကိုပဲ ဂရုစိုက်တော့ ကျွန်တော့်မှာ ဒုတိယ ရှန်သခင်လေးကို ကြည့်နေရုံပဲရှိတော့တာပေါ့ ၊ မဟုတ်ဘူးလား"
ကျင်းရှီယန်က အကြပ်ခံရပေမယ့် အလွယ်တကူပဲ ကိုင်တွယ်လိုက်နိုင်၏။
"ရှန်ကျိုးက သခင်လေးအပေါ် ပိုပြီး အထင်လွှဲသွားနိုင်တယ်လေ"
ရှန်လျန် ယဉ်ကျေးမနေတော့ပေ။ မည်သို့ပင်ဆိုစေ ဤလူ၏စရိုက်ကို သဘောမကျ၍ နှိပ်ကွပ်ချင်သည့်အပြင် ဝမ်ရယ်ရဲ့ မိတ်ဆွေဖြစ်ေနတာကြောင့်လည်း အားမနာတမ်း ပြောနိုင်သည်။
"အဲ့လိုလား"
ကျင်းရှီယန်က ပြုံးပြီး ရှန်ကျိုးဆီ အဓိပ္ပာယ်ပါပါငဲ့ကြည့်သည်။ ရှန်ကျိုးက ရှန်လျန့်ဘက်ပဲ လှည့်ထားသည်။
တမျိုးထင်သွားတော့လည်း ကောင်းသားပဲ။ရှန်ကျိုးကို ရွံရှာသလို မခံစားရတဲ့အပြင် စိတ်ဝင်စားစရာကောင်းတယ်လို့ သူ့စိတ်ထဲ ခံစားမိသည်။ စိုးရိမ်မိတာတစ်ခုက သူတို့ရဲ့ လက်ထပ်ပွဲဟာ မွေးလာကတည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကြိုက်သလိုစီမံခွင့်မရှိ၊ မဖြစ်နိုင်သည့်မျှော်လင့်ချက်မျိုး မထားပဲ မည်သူနဲ့ လက်ထပ်ရပါစေ ပြဿနာမရှိဟုသာ တွေးထားလိုက်သည်။
"လျန်လျန်..."
ရှန်လျန် အများကြီးထုတ်ပြောလိုက်မှာကို စိုးရိမ်တာကြောင့် ရှန်ကျိုး အမြန် ဟန့်တားလိုက်သည်။ ရှန်လျန်က သက်ပြင်းချရင်း
"ဆရာတော် ဟွေအန်း ..မနေ့က ရောက်လာတယ်ကြားတယ်၊ အခု ဘယ်မှာလဲသိလား"
"မနေ့က မြို့တော် ရောက်ရောက်ချင်း နန်းတွင်းအခစားဝင်သွားပါတယ်"
ပုံမှန်ဆိုရင် လေ့ကျန်းက သူ့ကိုမမေးလျှင် ဝင်ပြောလေ့မရှိ၊ လျိုရှုဟန်၏အခန်းထဲက လျို့ဝှက်လမ်းကြောင်းကို ဖော်ထုတ်ရန်ကြိုးပမ်းနေစဉ် မနေ့ညက ဖေးယွမ်ရွှင်းမှ သူ့အား သတင်းပေးလာခဲ့သည်။ သို့နှင့် ယနေ့မနက်စောစော၌ အခြေအနေသိရအောင် အနောက်တောင်ဘက်သို့စေလွှတ်ခြင်းခံခဲ့ရသည်။
"တတိယမရီးက ဆရာတော်နဲ့ သိကျွမ်းတာလား"
ကျင်းရှီယန်က တင့်တယ်စွာဖြင့် ရေနွေးတစ်ငုံသောက်ရင်း အတွေးနက်နေခဲ့သည်။
"မသိပါဘူး၊ ဆရာတော်က ဘုန်းတန်ခိုးကြီးမားတယ်လို့ အားလုံးက ပြောတော့ စပ်စုချင်ရုံသက်သက်ပါ"
ဖေးယွမ်ရွှင်းက ဆရာတော်ရဲ့အကြောင်းကိုတော့ ကျင်းသခင်လေးကို ပြောမှာ မဟုတ်မှန်း ယုံကြည်သည်။ ထို့ကြောင့် တွေးမနေပဲ ငြင်းဆန်လိုက်ခြင်းဖြစ်၏။ ကျင်းရှီယန်က တစ်ခုခုမေး ချင်သော်လည်း သိက္ခာဆည်နေဟန်တူ၏။
"ဒီလိုကိုး"
ကျင်းရှီယန် သံသယရှိနေပေမယ့် အသာအယာပြုံးလိုက်သည်။
"အရှင်က ဆရာတော်ကို ပရောဟိတ်ခန့်အပ်ချင်နေတာ၊ ဒါပေမယ့် ဆရာတော်က ငြင်းလိုက်တယ်လေ၊ ပြီးတော့ ရှန့်ကော ဘုရားကျောင်းမှာ တည်းနေတယ်၊ နောက်နှစ်ရက် ဂုဏ်ပြုပွဲကျရင်တော့ မရီး သူနဲ့တွေ့ခွင့်ရနိုင်လောက်တယ်"
"ဂုဏ်ပြုပွဲလား? အားလုံးပြင်ဆင်ပြီးနေပြီလား"
ရှန်လျန် အတော်လေး အံ့အားသင့်သွား၏။ ပြည်သူတွေ ရေဘေးသင့်နေတဲ့အချိန် ဂုဏ်ပြုပွဲကို ဆိုင်းငံ့ထားမယ်လို့ ထင်ခဲ့သည်။ ယခုလိုကာလမျိုးမှာ အပိုအလုပ်တွေလုပ်ပြီး မဖြုန်းတီးသင့်။
"နောက်နှစ်ရက်နေရင် မှူးမတ်တွေနဲ့ တတိယအဆင့်နဲ့အထက် ဝန်မင်းတွေက ပွဲတော်ကို တက် ရောက်ကြလိမ့်မယ်"
ဖေးယွမ်ရွှင်းလည်း ရှန်လျန့်အတွေးကိုထောက်ခံသည်။ ဧကရီ၏ဝမ်းနည်းခြင်းအခမ်းအနားက ပြီးဆုံးသွားသည်မှာ မကြာသေး၊ ပြည်သူတွေက ခက်ခဲနေကြသည့်အချိန်၌ ဧကရာဇ်က ဂုဏ်ပြုပွဲ ကျင်းပချင်နေသေး၏။
"ဟက်!"
ရှန်လျန် မဲ့ပြုံးပြုံး၏။ မျက်ဝန်းက စူးရှပြီး အေးစက်နေသည်။ လေ့ကျန်းက ရုတ်တရက်ပြော လာသည်။
"သခင်လေး နန်းတော်က သတင်းရလာပါတယ်၊ စတုတ္ထမင်းသားက တုံးလင်အိမ်တော်ကို ဝေါယာဉ် နှစ်စင်းလွှတ်ပြီး ကိုယ်လုပ်တော်တွေကို အခေါ်လွှတ်ပါတယ်၊ မင်းသားကျန်းလည်း တစ်ချိန်တည်းမှာပဲ ခန်းဝင်ပစ္စည်းတွေပို့ပေးလိုက်ပါတယ်၊ မနက်ဖြန်ပဲ ရှန်ချောင်နဲ့ ထိမ်းမြားမလား မပြောနိုင်ဘူး"
"လျိုရှုဟန်၊ကျောက်လန်နဲ့၊ လုယန်တို့ ဘယ်လိုတုံ့ပြန်လဲ"
ဦးရီးတော်နဲ့ တူလေးက တစ်ပြိုင်တည်း လှုပ်ရှားမယ်လို့ မထင်ထားမိ၊ ရှန်လျန် ရေနွေးခွက်ကို လက်ထဲ အသာလှည့်ကာ မေးသည်။
"ပုံမှန်ပါပဲဗျ၊ ပစ္စည်းတွေကို ချက်ချင်း နေရာရွှေ့ခိုင်းတယ်လို့ကြားပါတယ်၊ ရှန်ချောင်ကတော့ ငိုပြီး သောင်းကျန်းနေတယ်၊ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းက အရမ်းသဘောကျနေကြပါတယ်"
ခုလေးတင် ရလာတဲ့ သတင်းကို အကြောင်းစုံ ပြောပြလိုက်သည်။ ရှန်လျန်က လက်ဝေ့ယမ်းလိုက်ပြီး...
"အဲ့တိုင်း လွှတ်ထားလိုက်၊ ဆက်ပြီး စောင့်ကြည့်ထား"
"ဟုတ်ကဲ့"
"ရှန်ရွေ့ချင်ပျော်တာကို သဘောပေါက်တယ်၊ ဒါပေမယ့် ရှန်ရွေ့ကျန်းက ဘာကိစ္စပျော်နေတာလဲ"
လေ့ကျန်းထွက်သွားတော့ ဖေးယွမ်ရွှင်းက သရော်သည်။
သမီးက မသန့်ရှင်းတော့သည့် အတူတူ ဖခင်က ကာကွယ်မပေးပဲ မင်းသားကျန်းဆီတိုက်ရိုက်ထိုးပေးလိုက်သည်။ မင်္ဂလာဦးညကို အောင်အောင်မြင်မြင် အေးအေးဆေးဆေးဖြတ်သန်းနိုင်ပြီး အခြေအနေကောင်းရင် သမီးအကြောင်းပြုကာ ရှန်ရွေ့ချင်က အမြင့်တက်လှမ်းနိုင်လိမ့်မည်ဟု တွေးနေပုံရ၏။
အိပ်မက်ပဲ မက်နိုင်လိမ့်မည်။
2468 words
Grape 🍇