'အကာအကွယ်မပါပဲ အိပ်ရာပေါ်မှာတင် ဖမ်းမိ'
လူတော်တော်များများ ကောင်းစွာ အိပ်မပျော်နိုင်သည့် ညပင်ဖြစ်၏။ ညအမှောင်ကပြိုကွဲသွားပြီး တဖြည်းဖြည်း နေရောင်ထွက်လာသလို ရှန့်ကော ဘုရားကျောင်းမှလည်း တုံးခေါက်သံတို့ ပျံ့လွင့်နေသည်။ တိုးတိုးနှင့် ဖြည်းညင်းစွာ ခေါက်သံကြောင့် လူများစွာက မနိုးလာသေးပဲ အိပ်ပျော်နေကြဆဲ။
"ဘယ်အချိန်ရှိပြီလဲ"
ဟိုင်ထန်နားနေဆောင်တွင်ဖြစ်၏။
ကုတင်ပေါ်မှီထိုင်နေသည့် သခင်မကြီးက ရုတ်တရက် မျက်လုံးပွင့်လာသည်။ ဘေးဘက်မှာ တရေးအိပ်နေသည့် လုယန်၊ကျောက်လန်တို့လည်း တစ်ချိန်တည်း နိုးလာသည်။တစ်ညလုံး စိတ်လှုပ်ရှားနေကြသဖြင့် ကိုယ်ပိုင် အခန်းဆီ မပြန်ဖြစ်ကြပေ။ တခဏခန့်မှေးခနဲ အိပ်ပျော်သွားပြီးနောက် နဖူးစောင်းတစ်ဝိုက် ချွေးပါးပါးစို့လျက် နိုးလာကြသည်။
"သခင်မကြီး၊ ကိုယ်လက် သန့်စင်နိုင်ပါပြီ"
အခြွေရံက မျက်လွှာချလျက် ရေနွေးစိမ်ထားသော မျက်နှာသုတ်ပဝါကို ကမ်းပေး၏။
"သခင်မကြီးရှင့် ဒီမှာပါ"
"အင်း၊ တုံမေ့ခြံဝန်းဘက်က ဘာသတင်းကြားသေးလဲ"
မျက်နှာသန့်စင်ပြီးနောက် အမေးရှိ၏။ ပြတင်းပေါက် အပြင်ဘက်မှ တေးသီငှက်များကလည်း ပျော်ရွှင် မြူးထူးစွာ ကျီကျီကျာကျာ မြည်၏။
တိရစ္ဆာန်ငယ်လေးများ၏ အပြုအမူသေးသေးလေးကပင် စိတ်ချမ်းသာစရာ ကောင်းနေရာ သခင်မကြီး ရယ်မောလိုက်သည်။
"သတင်းထူးမရှိပါဘူးရှင့်"
သခင်မကြီးက အောင်ပွဲခံရန် နီတောက်တောက် ဝတ်ရုံသစ်လဲလှယ် ဝတ်ဆင်၏။
ပုံမှန်အချိန်ဆိုလျှင် သူ့လို အသက်အရွယ် ရနေပြီဖြစ်သည့် အမျိုးသမီးအဖို့ ရိုးရိုးရှင်းရှင်း အဖြူဗြောင်ဝတ်ရုံသာ ဝတ်ဆင်သင့်သည် ဆိုသော်လည်း ယနေ့မှာတော့ စိတ်အခြေအနေ အလွန်ကောင်းနေသည့်အတွက် လူ အများလှောင်ပြောင်မှာကို ဂရုမစိုက်အားပဲ အနီရောင် ရွေးဝတ်ဖြစ်၏။ နေ့တိုင်းနေ့တိုင်း ဒေါသထွက်ခဲ့ရသည့် စိတ်အခြေအနေတွေက အဝေးသို့လွင့်ပျယ်သွားလေပြီ။ ရှေ့ဆက်မည့် နေ့ရက်တိုင်းမှာလည်း အာရုံစိုက်နေစရာ မလ်ိုတော့ပဲ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်တော့မည်။
အပျော်တွေ ကူးစက်လာတဲ့ ကျောက်လန်နဲ့ လုယန်က အချင်းချင်း မျက်စပစ်လိုက်ကြသည်။ သူတို့ရဲ့ မျက်လုံးအိမ်က တလက်လက်တောက်ပလျက် မနေ့ညက စကားများတဲ့နှစ်ယောက်က သူတို့မဟုတ်တဲ့အတိုင်းပင်။ နှစ်ဦးလုံး အခန်းပြန်ပြီး အဝတ်လဲလိုက်ကြသည်။ နောက်ဆို အားလုံးရဲ့ရှေ့မှာ တောက်တောက်ပပနဲ့ မော်ကြွားနိုင်တော့မည်လေ။
နှစ်နာရီ ထပ်ကြာသွားပြီးနောက် နားနေဆောင်အလယ်ရှိ ပန်းခြံတွင် အခြွေရံများက စနစ်တကျ စီတန်းရပ်နေကြလျက် ရှိ၏။
"ဒုတိယ သခင်မ၊ တတိယသခင်မ ..."
ကျောက်လန်နဲ့ လုယန် ထွက်လာသည်ကိုမြင်သော် မိန်းမငယ်လေးများက မဝံ့မရဲဖြင့် နှုတ်ဆက်လိုက်ကြသည်။ ကျောက်လန်က ပြုံးရွှင်လျက်...
"အခြေအနေတွေက နင်တို့မြင်တဲ့အတိုင်းပဲ၊ ငါတို့ဒီနေ့ စောစော ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ရှင့်"
အခြွေရံများက အပိုစကားမဆိုရဲ။
"အမေ.."
"သခင်မကြီး!"
များမကြာမီ သခင်မကြီး ရောက်လာသော် လူတိုင်း နှုတ်ဆက်လိုက်ကြသည်။ အဖွားအိုက ရှေ့လည်း ဆက်မသွား၊ ထိုင်လဲ မထိုင်ပဲ လူအုပ်ကို တစ်ချက်ဝေ့ကြည့်၏။ ထို့ကြောင့် အနည်းငယ်မပျော်မရွှင်ဖြင့် မေး၏။
"ငါ့မြေးမလေးတွေကို ဘာလို့မတွေ့တာလဲ.. သူတို့မလာသေးဘူးလား"
"အမေ.. ချောင်အာနဲ့ ကျင်းအာက ရုတ်တရက်ကြီး နေမကောင်းဖြစ်လို့ ကျွန်မ ဆေးတိုက်ပြီး အခန်းထဲ နားနေခိုင်းထားတာပါ၊ ချန်အာကတော့ မထသေးပဲ အအိပ်လွန်နေပုံပဲ၊ အယ်.. တတိယသားနဲ့ ပဉ္စမသားရော ပဲလား…"
ကျောက်လန်နဲ့ လုယန်က သခင်မကြီးအား တစ်ဖက်တစ်ချက်စီကူတွဲပေးလိုက်ကြသည်။ ထို့နောက် မီးလောင်ရာ လေပင့် စကားများကို လူရှေ့တွင် ထုတ်ပြောကြ၏။
"ရှန်လျန်က ကျွန်မတို့ကိုဆို မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး၊ မနက်ခင်းဂါရဝပြုတာမျိုး ဘာလုပ်ပါ့မလဲ"
"ဆိုဆုံးမမှု မရှိလိုက်တာ!"
မြေးမလေးတွေ ပျက်ကွက်တာကို မျက်ကွယ်ပြုလျက် ရှန်လျန်တစ်ဦးတည်းကိုသာ ပြစ်တင်၏။ မျက်လုံးတစ်စုံက ဝင်းဝင်းတောက်လျက်..
"သူဘယ်အချိန်ထိ ငါ့ကို လစ်လျူရှုရဲမလဲ စောင့်ကြည့်ချင်သေးရဲ့"
ယောက္ခမနဲ့ ချွေးမနှစ်ဦးဟာ ရှန်လျန်တို့ခြံဝင်းဘက် ဦးတည်လျက် ထွက်လာလိုက်ကြ၏။ ဘာမှ မသိသည့် အခြွေရံများလည်း နာခံစွာဖြင့် နောက်က တစ်သီတစ်တန်းလိုက်လာကြ၏။
သခင်မများအပါအဝင် များပြားလှသည့် အခြွေရံ၊ ကိုယ်ရံတော်များ၊ အစောင့်များ တုံမေ့နားနေဆောင်သို့ ဦးတည်သွားနေသည့်အချိန်တွင် တစ်ဖက်ကလည်း ဖေးယွမ်ရွှင်းမှ ရန်အန်းက်ို မေးနေ၏။ ရန်အန်း ဆိုသည့် ပုဂ္ဂိုလ်က ဧကရာဇ်၏ပြန်တမ်းကိုထုတ်ပြန်ကြေငြာပေးသော ဘုရင့်အနီးကပ် ကုန်းကုန်းဖြစ်၏။
"စတုတ္ထမင်းသားကို မမြင်ပါလား"
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ချင်ယွင်ရှန်း ရောက်လာမည့်ပုံမပေါ်ရာ အမေးခံရသည့် ရန်အန်းကုန်းကုန်းသာမက များစွာသော တော်ဝင်မင်းညီမင်းသားများလည်း ပဟေဠိဖြစ်သွားကြ၏။ တစ်ယောက်ကိုတစ်ယောက် အချိန်တိုင်း စောင့်ကြည့်ကြသူများမို့ ထုတ်မပြောပဲ နားလည်လိုက်ကြသည်။ ချင်ယွင်ရှန်းဆိုသည့် ညီနောင်က အရေးတကြီး လုပ်စရာတစ်ခုခု မရှိပဲ နောက်ကျမည့်သူမဟုတ်ချေ။
"နေမကောင်းဖြစ်နေတာများလား"
မင်းသားကြီးက သံသယ မဝင်ပဲ ခန့်မှန်း၏။ ပဉ္စမမင်းသားကမူ ဝေ့ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်းပြော၏။
"နေမကောင်းဖြစ်တာဟုတ်ပါ့မလား၊ အချစ်နာကျနေလားမှ မသိ၊ မနေ့က တနေ့လည်ခင်းလုံး ရှန်မိန်းမပျိုလေးနှစ်ယောက်နဲ့ တူတူရှိနေတာ တွေ့သားပဲ၊ ညက မအိပ်ရတော့ မနက်ကျ ဘယ်ထနိုင်မလဲ"
ထိုစကားကြားမှ တစ်မျိုးတမည် ထင်စရာပင်။ ယုံကြည်ချင်စရာ မကောင်းပေမယ့် တွေးကြည့်လိုက်တော့လည်း ချင်ယွင်ထျန်းရဲ့ ခန့်မှန်းချေက နည်းနည်း ဖြစ်နိုင်သလိုလို။
"တစ်ကယ် နေမကောင်းတာပဲ ဖြစ်မှာပါ၊ ရန်အန်းကုန်းကုန်း ညီတော်လေး ရဲ့ အိပ်ဆောင်ကိုသွားဖို့ လမ်းပြပေးပါ"
ဒုတိယမင်းသားက ထရပ်ကာ အတည်ပြုစစ်ဆေးရန်ပြင်၏။ လူတိုင်းက စတုတ္ထမင်းသားကိုအာရုံစိုက်အောင် အစပြုလိုက်တဲ့ ဖေးယွမ်ရွှင်းရဲ့ ရည်ရွယ်ချက်ကောင်းကို သတိမမူမိလိုက်ကြပေ။
"ကောင်းပါပြီ"
ရန်အန်းကုန်းကုန်းက မည်မျှ ရာထူးမြင့်နေပါစေ၊ ဒီမှာရှိနေတဲ့သူ အများစုက ဘုရင့်သားတော်များ ဖြစ်နေရာ လိုက်မနာပဲ မနေချေ။ သို့နှင့် အားလုံး ထရပ်လိုက်ကြပြီး ထွက်ခွာရန်အဆင်သင့်ပြင်၏။ နေရာကမရွေ့သော ဖေးယွမ်ရွှင်းကိုတွေ့သော် လူတိုင်း နားမလည်စွာ လှည့်ကြည့်၏။
"ယွမ်ရွှင်း ဘာဖြစ်လို့လဲ"
"ဒါက တော်ဝင် အမိန့်လေ၊ကုန်းကုန်းကိုပဲ ပြောတာ၊ ကျုပ် က ရောယောင်ပြီး ဘယ်ထရဲမလဲ"
ဖေးယွမ်ရွှင်းက သူ့ပုံစံအတိုင်း အေးတိအေးစက်၊ တော်ဝင်မင်းသားများ၏ရှေ့ အရိုအသေကင်းမဲ့သည့်ဟန်ကြောင့် အားလုံး၏ စိတ်ထဲ ခုသွားသော်လည်း အမူအရာထုတ်မပြကြပေ။ မည်သို့ပင် ဖြစ်စေ ဖခမည်းတော်က သံမဏိ အထူးစစ်သည်တော်များကို ကွပ်ကဲနိုင်သည့် ဖေးယွမ်ရွှင်းကို မနာလိုနေ ခြင်းဖြစ်ပြီး သားဖြစ်သည့် သူတို့ကိုမှ မဟုတ်ပဲလေ။
"ဝမ်ရယ် စိတ်ထဲ မထားပါနဲ့၊ ဝမ်ရယ်ကပဲ ကျုပ်ရဲ့ မိသားစုကိုငဲ့ကွက်ပြီး နားလည်ပေးနိုင်မလား၊ သူတို့မှာလည်း အသက်ဆက်ရှင်ရဦးမှာ မို့လို့ပါ"
ဤအခြေအနေမှာ ကြားဝင်ရန် အသင့်တော်ဆုံးသူက ရန်အန်းကုန်းကုန်းပင် ဖြစ်၏။
"ကောင်းပါပြီ၊ ကုန်းကုန်း မျက်နှာ ထောက်လိုက်ပါ့မယ်"
"ဝမ်ရယ်ကို ကျေးဇူးတင်ပါတယ်"
ရန်အန်း စိတ်သက်သာရာရသွား၏။ နှောင့်ယှက်မည့်သူ မရှိတော့ရာ လူစုက ခပ်မြမ်မြန်ပဲ ချင်ယွင်ရှန်းအိပ်သည့် အဆောင်သို့ ရောက်သွားသည်။ ထူးဆန်းစွာပင် အစောင့်များ၏ အရိပ်အယောင်တောင် မမြင်ရပဲ တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ လူတိုင်းက စိတ်ထဲ သံသယဝင်သွားကြ၏။ သူတို့က ရုပ်ဖျက်ပြီး လာကြသည်မို့ အစောင့်အများကြီး ခေါ်မလာသော်လည်း အတန်အသင့် ခေါ်လာသေး၏။
ဘာလို့ဆို သူတို့က တော်ဝင်မင်းသားတွေ ဖြစ်နေသည်လေ၊ အန္တရာယ်ကျရောက်မှာမျိုး၊ ဘေးတွေ့တာမျိုးမဖြစ်ရလေအောင် ကာကွယ်ပေးမည့်သူလိုသည်။ ထို့ကြောင့် ချင်ယွင်ရှန်းရဲ့ အိပ်ဆောင်က ဘာကြောင့် အလွန်အမင်း တိတ်ဆိတ်နေတာပါလိမ့်?
"သူဘာလုပ်နေပါလိမ့်?"
ပင်မအခန်းကျယ်၏ ရှေ့၌ ရပ်ကာ မင်းသားကြီး က ရေရွတ်၏။
"တံခါးဖွင့်လိုက်"
"အမိန့်အတိုင်းပါ"
အစောင့်တချို့ကရှေ့တက်လာပြီး တံခါးခေါက်အသံပြုပြီးနောက် တွန်းဖွင့်လိုက်၏။
အရင်ဆုံးမြင်လိုက်ရသည်က အခန်းထဲရှိ စားပွဲပေါ်၌ အရက်ပုလင်းများနှင့်၊ ပန်းကန်ငယ်များ ရှိနေသည်။ တစ်ဖန်အိပ်ရာပေါ်သို့ ကြည့်လိုက်ရာ ကိုယ်လုံးတီး လူသုံးယောက် လဲလျောင်းနေပြီး အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်အနှံ့က အချစ်နယ်ကျွံထားသည့် ခြေရာလက်ရာ အပြည့်ဖြစ်၏။ ဤမြင်ကွင်းကို မြင်သူတိုင်း ယမန်နေ့ညက မည်မျှထိ သောင်းကျန်းထားမှန်း စိတ်ကူးကြည့်နိုင်သည်။
"အင်း...."
တံခါးခေါက်သံကြောင့် အလယ်မှာ ဇိမ်ယူနေတဲ့ ချင်ယွင်ရှန်းနဲ့ ဘေးတစ်ဖက်တစ်ချက်မှအမျိုးသမီးနှစ်ဦးလုံး နိုးလာသည်။ ကိုက်ခဲ နေသည့် ခေါင်းကို နှိပ်နှယ်လျက် သက်သာအောင် ပြုလိုက်ကြသည်။
"ဟမ်? "
"အား...."
မျက်လုံးသုံးစုံက တစ်ချိန်တည်း စိတ်ရှုပ်ထွေးသွားကြ၏။ နောက်တစ်စက္ကန့်အတွင်း ချင်ယွင်ရှန်းရဲ့ မျက်လုံးပြူးကျယ်ကာ မိန်းကလေးနှစ်ဦးက ချက်ချင်း စောင်ဆွဲယူ၍ သူတို့ကိုယ် သူတို့ ပတ်လိုက်ကြပြီး ထောင့်တစ်နေရာ၌ ကျုံ့နေကြ၏။
"စတုတ္ထညီငယ်!"
"စတုတ္ထ အစ်ကိုတော်!"
"ဘာတွေ ဖြစ်နေတာလဲ"
တံခါးဖွင့်ဖွင့်ချင်း ညစ်ညမ်းသည့် မြင်ကွင်းမျိုး မြင်လိုက်ရသဖြင့် စိုးရိမ်နေကြသည့် သူတွေမှာ ယခုတော့ အံ့အားသင့်နေကြသည်။ သတ္တမမြောက်မင်းသားက ကျောက်ရုပ်လိုရပ်နေပြီး ကျန်သည့်သူများက ဗလာသက်သက် ကြည့်နေကြရာ အမျိုးသမီးနှစ်ဦးက တစ်ဖန်အော်ဟစ်လျက် ပိုပြီး တုန်ရီနေကာ လုံခြုံအောင် စောင်သေချာ ဆွဲပတ်နေကြသည်။
"ပါးစပ်ပိတ်ထားကြစမ်း! "
အစဉ်အမြဲ ကြင်နာတတ်သည့် ချင်ယွင်ရှန်းက ဟောက်ကာ ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်သည်။ ထို့နောက် ရှေ့မှ လူအုပ်ကို သွေးပျက်စွာကြည့်၍ ပြောသည်။
"မဟုတ်ဘူးနော်... ဒီလိုမဟုတ်!"
"တစ်ကယ် မကြည့်နိုင်ဘူး၊ စတုတ္ထ တော်ဝင် အစ်ကိုတော် ဘယ်လိုလုပ် ရှန်မျိုးနွယ်ညီအစ်မ နှစ်ယောက်လုံးနဲ့ တစ်ညထဲ တူတူ တိုက်ပွဲဆင်နွဲနိုင်တာလဲ၊ အတော်လေး..ဆိုးရွားပါလား"
အခွင့်အရေးကောင်းက မိုးပေါ်က ကျလာရာ မည်သူက အလွှတ်ပေးမည်တဲ့လဲ? အရက်ကရားနှင့် ကြမ်းပြင်ပေါ်က အဝတ်ပြဲ အပိုင်းအစများကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပဉ္စမမင်းသားက အံ့အားသင့်စွာဆိုသည်။
"ဒါ..."
မင်းသားကြီးက ရှက်ရွံ့နေပြီး သက်ပြင်းချ၏။
"ညီတော် .. အစ်ကိုတော် ဘာပြောရမှန်းကိုမသိဘူး၊ မင်းတစ်ကယ်လို့ ညီအစ်မနှစ်ယောက်လုံးကို တော်ကောက်ချင်တယ်ဆိုရင်လည်း ဖမည်းတော်ဆီ သွားတောင်းဆိုလေ၊ ခမည်းတော်က သေချာပေါက် ဖြည့်ဆည်းပေးမှာပါ၊ ဒီလိုလုပ်တာကတော့ ... ဒါ.... ခမည်းတော်နဲ့ ရှန်
လူကြီးမင်းကို ဘယ်လို ရှင်းပြမှာလဲ"
အမျိုးသမီး နှစ်ဦးလုံးရဲ့ မျက်နှာကို သဲသဲကွဲကွဲ မြင်ပြီးပြီဖြစ်ရာ ဘယ်မိသားစုကလည်းဆိုတာ တပ်အပ်ခွဲခြားမှတ်မိပြီး ဖြစ်၏။
တစ်ဖက်မှာတော့ မနေ့ညက အဖြစ်အပျက်ကို အစအဆုံးမှတ်မိနေကြသည်။ သူတို့ကို တစ်ကယ်တမ်း စော်ကားသွားသူက တဏှာရူးနေတဲ့ ခွေးကောင် ရှန်ဟွေးမှန်း ကောင်းကောင်းမှတ်မိကြသည်။ နောက်တစ်ခေါက် ပြန်နိုးလာတော့ စတုတ္ထမင်းသား၏ အိပ်ရာပေါ်ရောက်နေသည်။ ဘယ်လိုဖြစ်တာလဲ မသိပေမယ့် မင်းသားကုတင်ပေါ်ရောက်မှတော့ စော်ကားသူက စတုတ္ထမင်းသားပဲပေါ့!
ချင်ယွင်ရှန်း အသည်းအသန် ရှင်းပြချင်ပေမယ့် စိတ်ထဲ ဝေဝေဝါးဝါးသာမှတ်မိ၏။ ကိုယ့်ကိုကိုယ် ဖုံးဖိပြီး ထောင့်မှာ တုန်တုန်ရီရီ ငိုနေတဲ့ နှစ်ယောက်ကလည်း ဟန်ဆောင်နေတာနဲ့ မတူနေ။ တစ်ကိုယ်လုံးက အညိုကွက် ဒဏ်ရာတွေနဲ့ အပျိုရည်ပျက်သွားပြီမှန်း မြင်နိုင်သည်။
"အစ်ကိုတော် ထင်သလို မဟုတ်ဘူး၊ ဒါဘယ်လိုဖြစ်သွားလည်း မသိဘူး၊ ကျွန်တော် မနေ့က ဝိုင် နည်းနည်းသောက်တယ် ဆိုပေမယ့်..."
"ထားတော့၊ ထားတော့ ညီတော် မရှင်းပြပါနဲ့တော့၊ တခါတလေ လူ့စိတ်ကို ခန္ဓာက မထိန်းနိုင်တာ သဘာဝပဲ၊ ကျွန်တော်တို့ နားလည်ပေးလို့ရပေမယ့် ခမည်းတော်နဲ့ ရှန်အမတ်ကြီးတို့ကို ဘယ်လိုရှင်းပြမလဲ စိုးရိမ်တာ ပို ကောင်းမယ်"
ဒုတိယ မင်းသားက အမျိုးသမီးတွေကို ညွှန်ပြပြီး ကူကယ်ရာမဲ့စွာ ပြော၏။
"ညီတော်...."
တတိယမင်းသား ချင်ယွင်ရိက တစ်ခုခုဝင်ပြောချင်သော်လည်း လင်းယွီလင်က ခါးနားဆွဲဆိတ်၏။ နာကျင်မှုက သူ့ပါးစပ်ကို ပိတ်ကျသွားစေသော်လည်း မျက်နှာက စိတ်မကောင်းဟန်အပြည့်။
ချင်ယွင်ရိ ဒီလိုကိစ္စတွေ စိတ်မဝင်စားပေမယ့် သူသဘောပေါက်ပါ၏။ ဇနီး၏ဆန္ဒအတိုင်း ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။ သူ့ညီအစ်ကိုတွေက ငယ်ငယ်တုန်းကလို မဖြူစင်တော့ပဲ အချင်းချင်းတိုက်ခိုက်နေသည့် ဝံပုလွေအဖြစ်ပြောင်းလဲကုန်ရာ ဝမ်းမနည်းပဲ မနေနိုင်။
သူ့စိတ်အခြေအနေကို သိသည့် လင်းယွီလင်က တိတ်တိတ်လေး လက်ချင်းတွဲပြီး နှစ်သိမ့်ပေး၏။ တော်ဝင်မိသားစုမှာ မွေးဖွားလာရတယ်ဆိုကတည်းက မှားတာပဲ၊ သာမာန်မိသားစုမှာ မွေးဖွားခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ?
"စတုတ္ထမင်းသားနဲ့ ရှန်မိန်းကလေးတို့ကို အရင်ဆုံးအဝတ်အစားပေးဝတ်လိုက်ရင် ကောင်းမယ်ထင်ပါတယ်"
ရန်အန်း ကုန်းကုန်းသည်လည်း အတော်လေး အရှက်ရဖွယ် ခံစားနေရသည်။
သူ့အကြံကို ဘယ်သူမှ မကန့်ကွက်ကြပေ။
ဖေးယွမ်ရွှင်းက ဦးဆုံး သဘောတူသူဖြစ်ပြီး ချာခနဲ လှည့်ထွက်သွားလိုက်သည်။ သူနဲ့ပတ်သက်ပြီး ထူးဆန်းသည်ဟု ခံစားရသူ ရှိမည် မဟုတ်၊ စကားပြောရန် အချိန်အနည်းငယ်မျှ မဖြုန်းတော့ပဲ ချင်ယွင်ရှန်း၏ကျဆုံးခန်းကို မျက်ဝါးထင်ထင် မြင်ပြီးပြီးဖြစ်ရာ ကျန်သည့်အပိုင်းကို ညီနောင်အချင်းချင်း ဆက်ပြီး တာဝန်ယူလိမ့်မည်။
"ရှန်သခင်မကြီးဆီ သတင်းသွားပို့ချေ၊ သူတို့သမီးနှစ်ယောက်လုံး ပျောက်နေတော့ အတော်လေး ထိတ်လန့်နေကြမှာပဲ"
မင်းသားကြီး၏ စကားက အတော်လေး ဆီလျော်၏။ ထိုသတင်းပို့ချက်နဲ့တင် ချင်ယွင်ရှန်း၏ မိန်းကလေးနှစ်ယောက်အား တစ်ညထဲ ပေါင်းသင်းခြင်းနှင့် ရှန်သမီးပျိုများ၏ တော်ဝင်မင်းသားကုတင်ပေါ် တက်သည့် အချက်အား ပြောပြပြီးဖြစ်၏။
"မင်းတို့က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? အခန်းထဲမှာ ငါတို့သုံးယောက်ထဲ ထားသွားစေချင်သေးတာလား ဟမ်!!"
နောက်ဆုံးတော့ ချင်ယွင်ရှန်း နည်းနည်းလေးမှ သည်းညည်း မခံနိုင်တော့ချေ။ ဘယ်လိုပဲတွေးတွေး မနေ့ညက သူ..ရှန်လျန်နဲ့ ဖေးယွမ်ရွှင်းရဲ့ဆက်ဆံရေးအကြောင်း တွေးရင်း စိတ်ပေါက်ပေါက်နဲ့ ဝိုင်အိုးယူခိုင်းလိုက်မိသည် ။ နည်းနည်းသောက်မိရုံနဲ့ ဒီလောက်ထိ ဆိုးရွားသွားသလား၊ ပြီးတော့ မိန်းမ နှစ်ယောက်နဲ့? ပုံစံတွေနဲ့ ကုတင်ပေါ်က သွေးတွေက အတုမဟုတ်ရာ တစ်ကယ်ပဲ သူတို့....
မဖြစ်နိုင်ဘူး!!
ချင်ယွင်ရှန်း ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။ သူမူးနေရင်တောင် မိန်းမတွေကို စိတ်ပါမှာ မဟုတ်ဘူးလေ....
"အရှင့်သား... ဟင့်ဟင့်!"
"အီး ဟီး.."
သူတို့အား ဂရုမစိုက်ခြင်းကြောင့် အမျိုးသမီးနှစ်ဦး၏ မေကျနပ်ခြင်းနဲ့ နာကျည်းေဒါသ ရောယှက်သည့် ငိုသံက ပိုကျယ်လာသည်။ ချင်ယွင်ရှန်း ဒေါသနှင့် သူ့ခေါင်းသူ ဖိလျက် ကိုယ်လုံးတီး ထထွက်သွားသည်။
2643words
Grape 🍇