no

Font
Theme

ချစ်ခြင်းမေတ္တာက ထိန်းချုပ်လို့မရဘူး

ချင်ပြည်ထောင်မှာ အချမ်းသာဆုံးမိသားစုဖြစ်တဲ့ မုရုန်အိမ်တော်က မြို့လယ်မှာ တည်ရှိပေမယ့် တောင်ဘက် ဧရိယာမှာလည်း တစ်ခု ရှိသည်။ အိမ်အကျယ်အဝန်းက မည်သည့် အရာရှိ၊အရာခံထက်မနိမ့်ပဲ ဇိမ်ခံ ပစ္စည်းတွေ ဆိုတာ လည်း အများနဲ့ ယှဉ်လို့ရသည်။ ထိုမိသားစုက မည်မျှထိ ကြွယ်ဝလဲ မည်သူမှ မသိ.. လူတိုင်းသိသည်က ထိုမိသားစုမှာ ငွေက မပြတ်လပ်သွားနိုင်ခြင်းပင်။

မျိုးဆက်အဆင့်ဆင့်ကြွယ်ဝခြင်းသာ ရှိသည်ကိုက ပြဿနာ ဖြစ်နေသည်။ ဆိုရလျှင် လက်ရှိ မုရုန်မိသားစုက ဥပမာပြလို့အကောင်းဆုံးဖြစ်၏။

"သခင် .. အကြွေးတောင်းဖို့ဆိုပြီး လူတစ်ယောက် အပြင်မှာ ရောက်နေပါတယ်.. လဝက်အချိန် ကျပြီလို့လည်းစကားပါးခိုင်းလိုက်ပါသေးတယ် အဲ့လိုပြောရင် သခင်သဘောပေါက်မှာပါတဲ့"

သွေးနီရောင်ကျောက် အသုံးပြုပြီးကတည်းက သူ့ဇနီးရဲ့ အခြေအနေက ပိုပိုဆိုးလာသည်။ သူအနားယူနေတဲ့အချိန် သူ့ဇနီးသည် ပျောက်ကွယ်သွားမှာကို စိုးရိမ်ပြီး တစ်နေကုန် စောင့်ကြည့် ရသဖြင့် မုရုန်ဟိုင်လည်း စိတ်ဆင်းရဲကာ လျင်လျင်မြန်မြန် အိုစာသွား၏။ အိမ်တော်ထိန်းရဲ့ သတင်းပေးမှုကိုကြားပြီး နီရဲနေသည့် မျက်လုံးတစ်စုံနဲ့ မုရုန်ဟိုင်ခေါင်းမော့လာသည်။

"လဝက်လား?"

"အဖေ... အဲ့တာ ရှန်လျန် ထင်တယ်"

မမှတ်မိပုံရတဲ့ သူ့အဖေကို သားကြီး မုန်ရုန်ယွိက သတိပေးလိုက်၏။ မုရုန်ကျန်းသည် ဒုတိယ အစ်ကို မုရုန်အန်းရဲ့ လက်မောင်းထဲ ခိုဝင်ပြီး အသံတိတ် ငိုနေသည်။

"ဪ အဖေ အကုန်ပြင်ထားပြီးပါပြီ" နောက်ဆုံးတော့ မှတ်မိသွားပြီး မုရုန်ယွီကို အားအင်ချိနဲ့စွာ ပြန်ဖြေလိုက်သည်။ ခေါင်းပြန်လှည့်ပြီး မုရုန်ယွီ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ သူ့ဇနီးသည်ကို ပြန်ကြည့်ကာ ထိုင်ငေးနေပြန်သည်။ သမားတော်က သူ့ကို မနှောင့်ယှက်မိစေဖို့ သတိပေးသည်။

မုရုန်ဟိုင်ဘဝမှာ ခက်ခဲ ပင်ပန်းမှုတွေ မရေမတွက်နိုင်အောင် ကြုံခဲ့ရပေမယ့် ယခုအခြေအနေလောက် စိတ်မပင်ပန်းဘူးဟု ဆိုနိုင်သည်။ မျက်ခုံးတစ်ချက်မကြုံ့ပဲ နေခဲ့သူက ယခုတော့ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားပြီး လန့်လန့်နိုးသည်အထိ။

မုရုန်ယွင် ကသူ့ကိုယ်ပိုင်အစေခံဖြစ်ပြီး သူတို့ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာကြကာ စာတူတူသင်သည်။များစွာသော ပြဿနာ ကိုတူတူရင်ဆိုင်ခဲ့သည်။ သူမရှိတဲ့ ဘဝကို ဘယ်လိုမှ ပုံဖော် ကြည့်လို့မရနိုင်သေး.. မုရုန်ယွင် ကိုသာ ဆုံးရှုံးလိုက်ရရင် ကျန်တဲ့ တစ်ဘဝလုံးသူ ဘယ်လိုနေသွားရတော့မလဲ..

"အဖေ... ကျွန်တော် သွားလိုက်ဦးမယ်"

သူ့အဖေရဲ့ စိတ်ဓာတ်ကျနေတဲ့မျက်နှာ ကိုကြည့်ပြီး မုရုန်ယွီ စိတ်ထဲ တင်းကြပ်နေ၏။ သူ့ညီမငယ်လို မငိုပေမယ့် လျှောက်ရဦးမယ့် ဘဝရှည်ကြီးအတွက် ခြေလှမ်းကျယ်ကြီးက်ုစတင်လိုက်၏။

မုရုန်အိမ်တော်၏ ဧည့်ခန်းတွင် ရှန်လျန်ကအစေခံပြင်ပေးသော လဖက်ရည်မွှေးကို သောက်သုံးနေ၏။ ယောင်းကွမ်နဲ့ ချီယွဲ့ကသူ့ နောက်တွင် ရိုရိုသေသေ ရပ်နေကြသည်။ မုရုန်ယွီရောက်လာသည့် အချိန်တွင် ရုတ်တရက် တန့်သွားရ၏။

အဲ့ဒီနီရဲတောက်နေတဲ့ အဝတ်က... လျိုဖန်မှာ တွေ့ခဲ့တဲ့ နွမ်းဖတ်ဖတ်နဲ့ လူက သူလား... လဝက်ပဲရှိသေးတာကို အပြောင်းအလဲက မြန်ချက်။

"မုရုန် သခင်လေး..?"

ရှန်လျန့်အကြည့်က သူ့ဆီရောက်လာပြီ အခါးရည်ခွက်ကို ချကာ နှုတ်ခွန်းဆက်လိုက်သည် ။

"ဟုတ်ပါတယ်"

‌မုရုန်ယွီ သတိဝင်လာပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် လက်နှစ်ဖက် ရှေ့သို့ စုကိုင်ကာ

"မုရုန်မိသားစုရဲ့သားကြီး မုရုန်ယွီက ရှန်သခင်လေးကို နှုတ်ခွန်းဆက်ပါတယ် ‌ကျန်းမာပါစ"

"ဒီကြားထဲ မတွေ့ဖြစ်ပေမယ့် မုရုန်သခင်လေးက အရင်တိုင်း ခန့်ငြား တည်ကြည်ဆဲ ပါပဲ"

ရှန်လျန်အပြုံးဖျော့ဖျော့ ‌ပြုံးရင်း လာရင်းကိစ္စကို မလောချေ။

သို့သော် တစ်ဖက် လူကတော့ တိုက်ရိုက်ပဲ ထုတ်ပြောလာ၏။

"ရှန်သခင်လေး စိတ်မရှိပါနဲ့ ကျွန်တော်တို့အိမ်တော်မှာ ကိစ္စလေးတွေ ရှိနေလို့ ကောင်းကောင်း ဧည့်မခံနိုင်တာ ခွင့်လွှတ်ပေးပါ သခင်လေး တောင်းဆိုထားတဲ့ လီနင်ပိတ်စတွေက တောင်ပိုင်းက မုရုန်ဂိုထောင်မှာ ထိန်းသိမ်းထားပါတယ် .. လူလွှတ်ပြီး သွားယူခိုင်းလိုက်ရမလားခင်ဗျ"

"အလျင်မလိုပါဘူး.. ကျွန်တော်ကြားတာ ဒီက သခင်မက သွေးနီရောင် ကျောက်ကိုသုံးပြီးမှ ကျန်းမာရေးပိုချူချာ လာတယ်ဆို"

"ခင်ဗျား.."

သူ့စကားကြားပြီး မုရုန်ယွီ ကြောင်သွားသည်။ ထို့နောက် ချက်ချင်း မျက်နှာ ပျက်ကာ

"ဘယ်လောက်ထိ သိထားလဲ"

မုရုန်သခင်မ ပြန်ပေးဆွဲခံရပြီးကတည်းက အစေခံအကုန်လုံးကို စောင့်ကြည့်စစ်ဆေးထားပြီး မည်သည့် အစေခံမှ မကောင်းသည့် ရည်ရွယ်ချက်မရှိတော့ပါ။ သို့ကြောင့်သာ အစေခံများစွာ ရှိနေရက်နဲ့ ရှန်လျန်လိုချင်သည့်လီနင်ပိတ်စကို ဒီတိုင်းထုတ်ပြောရဲတာပင်.. သို့ပေမယ့် သူတို့အဖေ နေမ‌ကောင်းတဲ့ကိစ္စက လျို့ဝှက်ထားရက်နဲ့ ရှန်လျန် ဘယ်လို သိသွားတာလဲ?

"သိသင့်လို့ သိတယ်ပဲ သဘောထားလိုက်ပါ"

ဖေးယွမ်ရွှင်းရဲ့သတင်းက မှန်မလားမသေချာပေမယ့် မုရုန်ယွီမျက်နှာ ပျက်သွားတာကြောင့် သူ့ဖက်က အရင်ဦးအောင် စကားစလိုက်တာပဲဖြစ်၏။

"မုရုန်သခင်လေး ယုံမလားမသိပေမယ့် သခင်မရဲ့ အဆိပ်ကို ကျွန်တော် ကုသကောင်းကုသနိုင်လိမ့်မယ်"

မုရုန်မိသားစုရဲ့ ကြွယ်ဝမှုက လက်နက်ကောင်းဖြစ်သည်။ ရှန်လျန် ကစည်းစိမ်တွေကိုမမက်မောပေမယ့် တစ်စုံတစ်ယောက်က ထီးနန်းလုရာမှာ အသုံးချသွားဖို့ရာတော့ မဖြစ်စေချင်ပေ။ မုရုနါသခင်မရဲ့ အခြေအနေပိုပိုဆိုးလာသည်ဟု ဖေူယွမ်ရွှင်းဆီက သိခဲ့ရပြီးနောက် မုရုန်မိသားစုဆီလာရန် အစီအစဉ်ဆွဲရတော့သည်။ ဖေးယွမ်ရွှင်းဆီက ပြန်ရောက်သည်နှင့် မုရုန်သခင်မ ခံစားနေရသည့်အဆိပ်ကို လေ့ကျန်းဆီ အမြန်မေးမြန်းရန် ချီရွှမ်းအား ချက်ချင်းစေလွှတ်လိုက်သည်။

ချီရွှမ်းကို ပညာသင်ကြားပးတဲ့ ဆရာက တစ်ဆင့်ပြောပြလာပြီးနောက် ရှန်လျန် သုတေသနာလုပ်ကာ ရက်‌အတော်ကြာ အဆိပ်ဖြေဆေး ဖော်စပ်ရသည်။

"ခင်ဗျာ!!"

မုရုန်ယွီ၏တင်းမာတဲ့ မျက်နှာက အလုံးစုံလျော့ကျကာ တုန်တုန်ရီရီနှင့်မယံုရဲစွာ မေးလာသည်။

"ခင်ဗျား ခင်ဗျားတစ်ကယ်ပဲ ကျွန်တော့အဖေခံစားနေရတဲ့ အဆိပ်က ..."

"သောချင် ဟုတ်တယ်မလား"

မုရုန်ယွီထုတ်ပြောရခက်နေပုံကြောင့် ရှန်လျန်က စကားအဆုံးသတ်ပေးလိုက်သည်။

မုရုန်ယွီ မျက်လုံးက ပြူးကျယ်သွားပြီး

"သောချင် အဆိပ်ကို ဘယ်လို ကုရမယ်ဆိုတာ တစ်ကယ်ပဲ သိတာလား"

ဒီလိုဆို အဖေ့ကို ကယ်နိုင်ပြီပေါ့.. ဒီဒဏ်ကို ဆက်ခံစားနေဖို့မလိုတော့ဘူး .. ကောင်းကင်ဘုံက သူတို့ရဲ့ဆုတောင်းကိုကြားသွားတယ်.. သူတို့အဖေသာ သေဆုံးသွားရင် ဖခင်လည်း လိုက်သေလိမ့်မယ်.. သားသမီးတွေ အနေနဲ့ သူတို့မိဘတွေ ဘယ်လောက်ချစ်ကြလဲ အသိဆုံးပင်.. မိဘတွေက တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှပင် ခွဲမနေဖူးပါချေ!

"ကုပေးနိုင်မလား မကုနိုင်ဘူးလားဆိုတာ သခင်မရဲ့ အခြေအနေကို အရင်ကြည့်ဖို့လိုပါတယ်"

သူ့သူ ရေရွတ်နေပေမယ့် ရှန်လျန်က စိတ်မရှည်တော့ပေ။

".ကျေးဇူးပြုပြီး ခ.. ခဏလေးပါ"

မုရုန်ယွီ က သိက္ခာလည်း စောင့်ထိန်းရမှန်းမေ့လျော့ပြီး အပြေးထွက်သွားခဲ့သည့် စိတ်အခြေအနေကို ရှန်လျန် နားလည်ပါသည်။ ထို့ကြောင့် မအံ့ဩခဲ့ပေမယ့် ထိုခံစားချက်ကသူ့ဖခင် ကို မတွေ့ခင်အထိပဲဖြစ်၏။

မုရုန်ဟိုင်သည် အချိန်လဝက်အတွင်း ကိုယ် အလေးချိန် တော်တော် ကျသွားကာ မမှတ်မိနိုင်အောင်ပင် ပြောင်းလဲ သွား၍ ရှန်လျန် တစ်ကယ်ကို အံ့အားသင့်မိသည်။ ချစ်ခြင်း မေတ္တာက လူတစ်ယောက်ကို ချုံးချုံးကျသွားစေတဲ့အထိ ဖြစ်သလား....

အရင်ဘဝက သူလည်း ချင်ယွင်ရှန်းကို ချစ်ခဲ့ပေမယ့် ဘယ်လောက်ထိ လေးနက်ခဲ့လဲ မသိခဲ့ပါ.. နှစ်တွေကြာလာပြီးနောက် တစ်ဖက်က ဥပေက္ခာပြုခြင်းကိုသာ ရခဲ့ရာ သူ့အချစ်က ပြောင်းလဲ လာပြီး ချင်ယွင်ရှန်းကို ချစ်သည် ဟုပြောရမည့်အစား ရှန်လျန်က ကိုယ့်ကိုကိုယ် ပိုချစ်လို့ ပြောင်းလဲခဲ့သည် ဟုဆိုခြင်းက တိကျလိမ့်မည်။ နောက်ပိုင်း ဧကရီ ဖြစ်ခဲ့ပြီးနောက် တိုင်းပြည်ရဲ့ မိခင် တစ်ပါးအနေနဲ့ တာဝန်နဲ့ဝတ္တရားကို ထမ်းဆောင်ကာ ပြည်သူတွေကို အမေတ္တာ တွေ ပေးခဲ့ပြန်သော်လည်း မေတ္တာ စစ် ပြန်မရခဲ့ပါ။

"ရှန်သခင်လေး ကျုပ်ဇနီးရဲ့ ဝေဒနာကို တစ်ကယ်ပဲ ကုပေးနိုင်လား"

မုရုန်ဟိုင် ကနီရဲနေတဲ့ မျက်လုံးနဲ့ မြင်းတစ်ကောင်လို အရှိန်တင်ပြီး သူ့ရှေ့ ရောက်လာသည်။ ရှန်လျန်ရဲ့ မျိုးရိုးက ဘာဖြစ်ဖြစ်.. အသက်က ဆယ့်ငါးနှစ်ပဲဖြစ်ဖြစ် အဆိပ်ကုပေးနိုင်ဖို့ပဲလိုသည်။ မုရုန်တစ်မိသားစုလုံး ပြောင်းလဲ သွားနိုင်မည့်အခွင့်အရေးကို လက်လွတ်မခံနိုင်ပါ။

"ကုပေးနိုင်ပါတယ်.. ဒါပေမယ့် မုရုန်သခင်လေးကို ပြောခဲ့သလိုပဲ ကျွန်တော် လူနာကိုအရင် စမ်းသပ်ကြည့်‌ဖို့လိုပါတယ်"

ရှန်လျန်က နှလုံးသား မဲ့သူ မဟုတ်ရာ မုရုန်ဟိုင်ရဲ့ မေတ္တာ နဲ့ သူ့ဇနီးကို စိုးရိမ်ပူပန်နေမှုတွေကို ခံစားနေရသည်။

"ကောင်းပြီ...ကျုပ်တို့ ခေါ်သွားပြပါမယ်... ရှန်သခင်လေးသာ ကျုပ်ဇနီးကို ကယ်တင်ပေးနိုင်ရင် မုရုန် မိသားစုက မင်းရဲ့ အမိန့်အောက်မှာပဲ ရှိစေရမယ်"

လောကမှာ ဘယ်အရာမှ အလကားမရမှန်း မုရုန်ဟိုင်သိပါသည်။ သူ့ဇနီးရဲ့ အသက်နဲ့ ယှဉ် လျှင် သူပိုင်ဆိုင်သမျှကို ပေးနိုင်ပါသည်။ သူ့ဇနီးထက် မည်သည့်အရာမှ အရေးမကြီးပေ။

"သခင်မကို အရင် စစ်ဆေးကြည့်ကြစို့"

ရှန်လျန် သူ့ကတိကို လက်မခံလိုက်ပဲ ပြုံးရင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် လူအုပ်ဟာ မုရုန်ယွင်နေထိုင်ရာ အိပ်ဆောင်သို့ အလျင်အမြန်ရောက်လာကြသည်။

မုရုန်အန်းတို့မောင်နှမက အဖေ့ကို စောင့်ကြည့်ပေး နေရင်း စိတ်လှုပ်ရှားနေကြ၏။ သူတို့ ဝင်ရောက်လာတာမြင်တော့အမြန် ဘေးဖယ်ပေးကြ၏။ ရှန်လျန်ကကုတင်ပေါ် အကြည့်မရွေ့ခင် အရင် ခေါင်းငြိမ့်နှုတ်ဆက်လိုက်၏။

မုရုန်ယွင်က တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ဖြူဖျော့နေသည့်မျက်နှာက သေခြင်းတရားကို နှုတ်ခွန်းဆက်နေလေပြီ။ အသက်တစ်ကြိမ်ရှုရန်တစ်ခါတရံ အချိန်ကြာကြာ ယူရပြီး တစ်ခါတရံ အချိန်တိုတောင်း၏။ အချိန်မရွေး အသက်ရှုရပ်တန့်သွားနိုင်သည့်အနေအထားပင်။ ပိန်ပါးလွန်းလို့ အရိုးပေါ် အရေတင်ကာ ဖျက်ခနဲကြည့်လျှင် သေလူနှင့်တူ၏။ သုံးနှစ်တာ ဝေဒနာက ခန္ဓာကိုယ် တစ်ခုလုံးကို ဥသုံ ဆုတ်ယုတ်သွားစေသည်။

"ရှန်သခင်လေး.."

"ကျွန်တော် အရင်ကြည့်ပါရစေ"

ရှန်လျန် ကုတင်‌အစွန်းမှာ တင်ပလွှဲထိုင်ပြီး လူနာရဲ့ လက်ကောက်ဝတ်က သွေးကြောကို အသာ ဖိလိုက်သည်။ မုရုန်မိသားစုက အသက်ပင်ပြင်းပြင်းမရှုဝံ့ပဲ စောင့်နေကြသည်။

သွေးခုန်နှုန်းက မြန်ရာမှ နှေးသွားပြီး တစ်ချက်တစ်ချက် ခုန်သည်။ ပြီးလျှင် ရပ်တန့်နေတတ်သည်။ အသက်တစ်ချက်ရှုတိုင်း ကြားတွင် ရှစ်ကြိမ်ခုန်သည်။ သာမာန်လူတစ်ယောက်၏ စံနှုန်းကို ချိုးဖောက်နေရာ ရှန်လျန် မျက်မှောင် မကြုံ့ပဲ မနေနိုင်.. လက်ပြန်မရုတ်ခင် သူသိချင်တာကို သေချာ ရှာဖွေလိုက်သည်။

"ဘယ်လိုနေလဲ.. သူ..."

ရှန်လျန်ရဲ့ ပုံစံကိုမြင်ပြီး မုရုန်ဟိုင် မေးမြန်း၏။

ရှန်‌လျန် ဦးမော့ကာ ခေါင်းယမ်းသည်။

"သွေးကြောတွေက သေနေပြီ"

ဘုန်း!

"အဖေ!"

မုရုန်ဟိုင်မှာ ခြေမခိုင်တော့ပဲ ထိုင်ကျသွား၏။ ကံကောင်းစွာနဲ့ သားနှစ်ယောက်က အမြန်ဆွဲဖမ်းပေးထား၍သာ အောက်ထိ ထိုင်မကျသွားချေ။ သားတို့၏ အကူအညီနဲ့ ထောက်ကန်ရပ်နေရင်း မုရုန်ဟိုင် ရင်ထဲက အဆုံးမရှိ တုန်လှုပ်နေသည်။ ရှန်လျန့်ကို ‌တိုးလျှိုးတောင်းပန်သည့်အကြည့်ဖြင့်

"ရှန်သခင်လေး.. ကျုပ်ဇနီးက ကယ်ဖို့ အချိန်နှောင်းသွားပြီလား"

ထိုစကားပြောနေချိန်တွင် ဩဇာအာဏာညောင်းခဲ့သော ဂုဏ်သရေရှိလူကြီးမင်းက လူရှေ့တွင် အမှန်တစ်ကယ်ပင် မျက်ရည် စီးကျလာခဲ့၏။

သူ့ကိုမြင်သူတိုင်း စိတ်မချမ်းမြေ့ဖြစ်သွားရ၏။ ဤကမ္ဘာပေါ်တွင် သေကွဲကွဲရခြင်းက အနာကျင်ရဆုံးပင်။ မုရုန်ဟိုင်က ထို ကဲ့သို့ အခြေအနေပင်။

"သွေးကြောတွေ သေနေတာက ကောင်းတဲ့ဘက်ရော ဆိုးတဲ့ဘက်ပါ ဖြစ်စေနိုင်တယ်..လူ့ ခန္ဓာကိုယ်မှာ ပထဝီ အာပေါ ဝါ‌ေယာ တေဇော ဓာတ်လေးပါးကိုက်ညီမှ အသက်ရှင်နိုင်တာ.. ဒါပေမယ့် မုရုန်သခင်ကြီးခင်ဗျ.. ကျွန်တော်က ကယ်လို့ မရတော့ဘူးလို့ မပြောခဲ့ပါဘူး"

ရှန်လျန် အခြေအနေကို ခက်ခက်ခဲခဲ ရှင်းပြလိုက်ရသည်။ သူဘာမှ မလုပ်ပေးနိုင်ဘူးလို့ မဆိုလိုဘူးလေ... စိတ်မရှည်တတ်ရန်ကော...

"တစ်ကယ်လား.."

ထိုစကားကြားပြီး မိသားစုသားအဖ လေးယောက် စိတ်တွေ ပြန်တက်ကြွလာပြီး မျှော်လင့်ချက်ပြည့်နေတဲ့ မျက်ဝန်းတွေဖြင့်ကြည့်နေကြသည်။ မြို့တော်တစ်ခွင် သမားတော် ပေါင်းစုံ ကို လာဘ်တွေ အမြောက်အများပေးကာ ခေါ်ယူကုသခဲ့သော်လည်း ကယ်ပေးနိုင်သည်ဟု ပြောသူက ရှန်လျန် တစ်ဦးတည်းသာ ရှိသည်။ သူတို့မျှော်လင့်ချက်တွေ ဒုတိယအကြိမ်ရိုက်ချိုးခံရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့နေကြရသေး၏။

"ဟုတ်ပါတယ်... ကျွန်တော် ဒီလိုကိစ္စမျိုးကို မနောက်ပြောင်ပါဘူး"

မျှော်လင့်တကြီးစောင့်စားနေတဲ့ မျက်ဝန်းတွေကို ‌အပြုံးရေးရေးဖြင့်တုံ့ပြန်လိုက်သည်။

"သွေးကြောဘာကြောင့်သေရလဲ ဆိုတော့ သောချင် အဆိပ်ကြောင့်ပါ.. အဲ့ဒီအဆိပ်ကိုသာ မှန်ကန်တဲ့ နည်းစနစ်နဲ့ ကုပေးနိုင်ရင် ကယ်တင်နိုင်ပါတယ်.. လိုအပ်တဲ့ အရာတွေ ကတော့ မုရုန်မိသားစုမှာ ငွေကြေး နဲ့ အဆက်အသွယ်တွေ သုံးသရွေ့ အခက်အခဲ မရှိဘူး.. ကျွန်တော်ပြောတာကို အပြည့်အဝ လိုက်နာ ပူးပေါင်းပေးရင် ဘာပြဿနာ မှ မရှိဘူး"

"တစ်.. တစ်ကယ် ပါနော်"

အရာအားလုံးက အိပ်မက်မက်နေသလိုပင်။ မုရုန်ဟိုင် မျက်ရည်တွေ သုတ်လိုက်၏။ သူ့ဇနီးကို ကယ်နိုင်တော့မည်။ နှစ်အနည်းငယ် ထပ်နေပြီး သူတို့ အတူတကွ အိုမင်းသွားလို့ရနိုင်ပြီ။

"အမှန်တစ်ကယ်ပါ"

သူ့စိတ်အခြေအနေကို နားလည်စွာနဲ့ ဒီအသက်အရွယ်မှ ငိုနေတဲ့ သူကို ရှက်စရာဟု ရှန်လျန်မထင်ချေ။ ထိုအစား အိပ်ရာပေါ်လှဲနေတဲ့ မုရုန်ယွင် ကိုသာ နည်းနည်း အားကျမိ၏။ ဒီလိုချစ်တတ်တဲ့သူမျိုး ကို တစ်ဘဝလုံးရှာ မှရမယ်ထင်ပါသည်။

"ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ရှန်သခင်လေး တစ်ကယ်ကျေးဇူး တင်ပါတယ်ဗျာ"

နှာတရှုံ့ရှုံ့နှင့် သားအဖ တ‌တွေ ကျေးဇူးတင်ကြောင်းဖော်ပြကြ၏။ သူတို့အဖေ အသက်ရှင်နိုင်ပြီ.. မိသားစုသိုက်သိုက်ဝန်းဝန်းနေနိုင်ပြီ.. ရှန်လျန်က သူတို့အဖေရဲ့ အသက်သခင်ကျေးဇူးရှင်သာ မက သူတို့တမိသားစုလုံးရဲ့ ကျေးဇူးရှင်ပဲဖြစ်သည်။

တစ်ဘဝလုံး ရှန်လျန့်ကို ကျေးဇူးဆပ်သွားမည် ဖြစ်ပေသည်။

Words 2676 Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment