no

Font
Theme

ကဗျာ ၆ပုဒ် ပိုင်ရှင်က ဒီသခင်ရဲ့လူပဲ

ချင်ဖင်းအိမ်‌ေတာ်တွင် ဖြစ်သည်။

"ရှန်လျန် ဘယ်ရောက်နေလဲ သိရပြီလား ? တစ်ယောက်မှ အသုံးမကျဘူး"

ခြံဝန်းထဲမှာ လဖက်ရည်တစ်ငုံသောက်ရင်း ဖေးယွမ်ရွှင်း ပြောနေသည်။ ရှန်လျန့်ကိုနောက်ယောင်ခံလိုက်နေတဲ့ ထျန်းချွမ်က ဒူးထောက်လိုက်တယ်။ သူ့ဘေးမှာတော့ ကျားဖြူတစ်ကောင်က လဲလျောင်းနေလေရဲ့။

" မင်းတို့တော်တော် အသုံးမကျဘူး ပဲ.. ငါကြားတာ ဟွမ်းရှီ မျှော်စင်က အထဲမှာ စုတ်ပြတ်ပြီး ဘာမှ မရှိဘူးဆို? အဲ့ကိုသွားချင်လား"

"ဗျာ....."

သူ့လည်ပင်းပြတ်တော့မယ်လို့ ထျန်းချွမ်ခံစားနေရတယ်။

သံမဏိကိုယ်ရံတော်အဖွဲ့မှာ ခေါင်းဆောင် ၇ဦး ရှိတယ်။ ထျန်းရှု၊ ထျန်းရွှမ်း၊ ထျန်းကျီ၊ ထျန်းချွမ်၊ ယွီဟိုင်၊ ခိုင်ရန်နဲ့ ယောင်ကွမ်းတို့ဖြစ်တယ်။

အားလုံးက ငယ်စဉ်ကတည်းက ဖေးယွမ်ရွှင်းနဲ့အတူ ကြီးပြင်းလာကြရာ သခင်ဖြစ်တဲ့ ဖေးယွမ်ရွင်းကလွဲပြီး တစ်ခြားမည်သူကိုမျှ သူတို့မကြောက်ပေ။ ‌

သူတို့ကြောက်တဲ့နောက်တခုက ဟွမ်းရှီမျှော်စင်ပါ ။ ဟွမ်းရှီမျှော်စင် ဆိုတာ နာမည်ကသာ ပျော်ရွှင်ခြင်းဆိုပေမယ့် တစ်ကယ်တမ်းက မြေအောက်အကျဉ်းခန်းဖြစ်တယ်။ အကျဉ်းသားတွေကို နှိပ်စက်လို့ရသမျှ ပစ္စည်းကိရိယာတွေ အစုံရှိပြီး အဲ့ထဲ ဝင်သွားခဲ့ရသူတွေဟာ သေလုမျှောပါးမဖြစ်ရုံတမယ်ပဲမို့ သူတို့အရမ်းကြောက်တယ်။

"သခင်၊ ထျန်းချွမ်ကိုအပြစ်မတင်ပါနဲ့၊ ရှန်လျန်ဒီလောက်ထိ လည်မယ်လို့ မထင်ထားမိလို့နေမှာပါ"

ယောင်ကွမ်းက ထျန်းချွမ်ဘက်က ရှေ့နေ‌လိုက်ပေးတယ်။

"အဲ့လိုပြောရအောင်က တစ်ယောက်ယောက်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းရင် အဲ့လူရဲ့ သတင်းအချက်အလက်တွေ မစုဆောင်းထားဘူးလား မင်းတို့!"

ဖေးယွမ်ရွှမ်းရဲ့အကြည့်ကသူ့ဆီရောက်လာတာကြောင့် အနီးဆုံး လူ ဖြစ်တဲ့ ထျန်းရှုနောက်ကို ယောင်ကွမ်း ချက်ချင်းပုန်းကွယ်လိုက်တယ်။

'သခင်က တစ်ကယ် စိတ်ဆိုးနေတာလား? ရှန်လျန်က အဲ့လောက်အရေးကြီးတာလား'

"ဒီကိစ္စက ထျန်းချွမ်နဲ့ပဲ ဆိုင်တာပါ ၊ကျွန်တော့ကိုပဲ အပြစ်ပေးပါ သခင်"

ယောင်ကွမ်းက အငယ်ဆုံးလဲ ဖြစ်သလို ကော တစ်ယောက်လဲ ဖြစ်တာကြောင့် ထျန်းချွမ်ဟာ ဟွမ်းရှီ မျှော်စင်ကို သေလောက်အောင်ကြောက်နေပေမယ့် သူ့အပြစ်သူ တာဝန်ယူစိတ်ရှိနေသည်။ အပြစ်ခံယူလိုက်ရင် သခင့်ရဲ့ အမျက်ဒေါသလဲ ပြေနိုင်ကောင်းပါရဲ့...။

"ဒီလူအိုကြီး မှတ်မိတာ မမှားရင် ရှန်လျန်က ကော တစ်ယောက်မလား? မင်းသားက သူ့အတွက် အရမ်းစိုးရိမ်နေတာလား"

အိမ်တော်ထိန်းလင်းက လက်ခုပ်လက်ဝါးတီးပြီး စိတ်လှုပ်ရှားစွာ ထပြောတယ်။

"သိပ်ကောင်းတယ် နောက်ဆုံးတော့ မင်းသား ပွင့်လင်းလာပြီပဲ၊ဒီအဘိုးကြီးက မင်းသားရဲ့ အထီးကျန်တဲ့ ညပေါင်းများစွာကို စိုးရိမ်ပေးလိုက်ရတာ၊ မြန်မြန် နှစ်ဖက် တွေ့ဆုံကြဖို့ရက်ရွေးလိုက်ရင် ကောင်းမယ်၊ တုံးလင်အိမ်တော်ကို စေ့စပ်ပွဲအတွက် လိုက်ကူဖို့ ဘိသိက်ဆရာကိုသွားတောင်းဆိုရမယ်၊ ပေးရမယ့်လက်ဆောင်ပဏ္ဍာကို မစိုးရိမ်နဲ့ နော် ၊မင်းသား မွေးဖွားလာစထဲက ဇနီးလောင်းအတွက် မင်းသားရဲ့မိခင်က ပြင်ဆင်ပေးထားပြီးသား"

အိမ်တော်ထိန်းလင်းကြောင့် တိုက်ခိုက်ကြမယ့်သူနှစ်ဦးက လက်ထပ်ဖို့ ဖြစ်သွားလေတယ်။ ဖေးယွမ်ရွင်းသာမက ထျန်းရှုတို့လူစုလည်း ဘာပြောရမှန်းမသိ ဆွံ့အ သွားကြသည်။

"ထျန်းရှု၊ ဒီဓာတ်ပြားဟောင်းကြီးကို ငါ့အတွက် ဝေးဝေးသွားပစ်ပေးစမ်း"

တစ်စုံ တယောက်မှ တစုံတဦးနှင့် လက်ထပ်ထိမ်းမြားချင်ရင်တောင် စကားကို ထိုသို့ ပစ်စလက်ခတ် မပြောသင့်။ သူလက်မခံနိုင်ပေ။

"ဟုတ်ကဲ့"

"အာ ...မင်းကဘာလို့ ဒီမှာ ရောက်နေရတာလဲ"

ထျန်းရှုက အမိန့်ကိုနာခံစွာဖြင့် အိမ်တော်ထိန်းလင်း၏ ဂုတ်ကော်လံမှ တဆင့်ဆွဲခေါ်သွားရာ အိမ်တော်ထိန်းလဲ ဝက်တစ်ကောင် လဲနေသကဲ့သို့ လိုက်ပါသွားရသည်။ ကျန်နေခဲ့သူ အားလုံးမှာ ခေါင်းငုံ့ကာ တိတ်ဆိတ်နေလျက် ။

'သူတို့သခင်က လူကြီးလူငယ် မခွဲခြားပဲ အိမ်ထိန်းလင်းကို နေ့တိုင်းဒီလို လုပ်နေတာ မြင်ရတော့ သူတို့ အနည်းငယ် နေရခက်မိသည်'

"ဒီနေ့ဖြစ်ရပ်ကို သင်ခန်းစာယူကြ"

ခြံဝန်းမှာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ဖေးယွမ်ရွင်း က လက်ဝေ့ယမ်းလိုက်ပြီး အားလုံး

ကိုထွက်သွားစေလိုက်သည်။

"ကျေးဇူးပါ သခင်!"

"ခုကစပြီး ဒီမင်းသား ရှန်လျန်ရဲ့တနေ့တာ လှုပ်ရှားမှုကို အသေးစိတ်သိချင်တယ်"

"ဟင်?"

ထျန်းချွမ် နဲ့ တစ်ခြားသူများ အံ့အားတကြီးနှင့် ခေါင်းမော့ကြည့်ကြသည်။သူတို့သခင်က တစ်ကယ်ပဲ စိုးရိမ်နေတာလား? အချစ်မှာ ကျရှုံးနေပြီဆိုတာ တစ်ကယ်ပဲလား?

"ဘာလဲ! ပြောစရာရှိသေးလို့လား"

လဖက်ရည်ခွက်ကို ကောက်ကိုင်ရင်း ဖေးယွမ်ရွှင်း ဝေ့ကြည့်တယ်။

"မရှိပါဘူးဗျ"

သခင် ကရှန်လျန်ကိုကြိုက်ကြိုက်၊ မကြိုက်မကြိုက် သခင်ပျော်ရင်ပြီးတာပဲ၊ သခင်မ ထွက်ပေါ်လာတော့မယ်ဆိုလဲ ကောင်းတဲ့ ကိစ္စပါပဲလေ။

မြို့တွင်းတနေရာမှ ရင်းလမ်းကြား

Tyson သို့တိတ်တဆိတ်ပြန်လာတဲ့ ရှန်လျန်က သူ့အစာအိမ်ကို အရင်ဖြည့်လိုက်တယ်။ ထို့နောက် သူတို့နောက် မည်သူမှ လိုက်မလာတာက်ုသေချာအောင်အကဲခတ်ကြည့်ပြီးနောက် ရင်းလမ်းကြားဆီသို့ ထွက်ခွာခဲ့ကြတယ်။ ရင်းလမ်းကြားက မြို့တွင်းထဲမှာပဲ တည်ရှိပြီး မြို့ပြင်နဲ့လဲ အတော်နီး စပ်နေသည်။ထိုလမ်းတစ်လျှောက်တွင် နေထိုင်သူအများစုက အသေးစား အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသူများသာ။

"ဒေါက်ဒေါက်ဒေါက်...."

ခြံဝန်းတစ်‌ခု‌ရှေ့အရောက်မှာ သူတို့သုံးဦး ရပ်တန့်လိုက်ပြီးချီရွှမ်းက တံခါး‌သွားခေါက်သည်။

အချိန်တခဏ ကြာပြီးနောက် ကြည့်ကောင်းသော လူရွယ်တစ်ဦး တံခါးလာဖွင့်ပေးသည်။

"ခင်များတို့ကဘယ်သူတွေလဲ"

လူရွယ်သည် ပိန်ပါးပြီး အသက်အားဖြင့် ၁၇,၁၈သာ ရှိဦးမည်။ သူ ချီရွှမ်းကိုစောင့်ကြည့်ခိုင်းထားတဲ့ လူက ဒီလူရွယ်ပင်။ အရင်ဘဝက ချင်ယွင်ရှန်းရဲ့ အနီးကပ်အကြံပေး ပုဂ္ဂိုလ် က လည်း ဒီကောင်လေးပဲ ဖြစ်တယ်။

"မင်းကို ကူညီဖို့ လာတာကို အိမ်ထဲ မဖိတ်တော့ဘူးလား "

ရှန်လျန်မှာ ငယ်ပေါင်းကြီးဖော်နဲ့ ပြန်တွေ့ရသလို စိတ်အေးသက်သာစွာ ပြောသည်။ ဖုယွင်ရှီးက သူတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။

"ငါ့ကို ကူညီဖို့ ဟုတ်လား?မင်းတို့အကူအညီကို လိုမယ်လို့ ငါတော့ မထင်ဘူး"

"ဒါဆို မင်းရဲ့အဖေ အသက်ကိုရော မလိုချင်တော့ဘူးလား"

တံခါးပိတ်ခါနီးဆဲဆဲဖြစ်တဲ့ ဖုယွင်ရှီးရဲ့လက်တွေဟာရှန်လျန့်စကားကြောင့် ရပ်တန့်သွားတယ်။

"မင်းက ဘယ်သူလဲ"

"ငါက မင်းအဖေကို ကယ်ပေးနိုင်ပြီး လက်စားချေဖို့ကိုလဲ ကူညီပေးနိုင်တယ်"

ရှန်လျန် သူနှင့် မျက်လုံးချင်းစေ့စေ့ ကြည့်ကာ လေးနက်စွာပြောသည်။

"မင်း...."

ဖုယွင်ရှီး ရှန်လျန်ကို အကဲခတ်ကြည့်ရသည်မှာ သူများနဲ့ မတူသော အရှိန်အဝါတမျိုး ၏အရိပ်အငွေ့ကိုခံစားမိနေသည်။ ငယ်ရွယ်သေးပေမယ့် တည်ငြိမ်ရင့်ကျက်မှုကို ထိန်းထားနိုင်သည် ။

"ဝင်ခဲ့.."

ဖုယွင်ရှီးက ငတုံးတစ်ယောက်မဟုတ်ပါ၊ ရှန်လျန်ရဲ့ ဥပဓိရုပ်နဲ့ အရှိန်အဝါက တမူကွဲထွက်နေသည်ကို ခံစားမိသဖြင့် အရမ်းအများကြီးတွေးမနေပဲ တံခါးဖွင့်ပေးလိုက်သည်။ ရှန်လျန်က သူ့ကို ယဉ်ကျေးမနေပဲ ချီညီအစ်ကိုနှစ်ယောက်ပါ

အိမ်ထဲ ခေါ်ဝင်တော့သည်။

သူတို့တွေ မသိလိုက်တာက ထိုအိမ်နဲ့ သိပ်မဝေးတဲ့ လမ်းကြားအဝင်တနေရာမှာ လှည်းတစီး ရပ်ထားတာကိုပဲ။

"သခင်?"

Tyson ကိုရှန်လျန်ပြန်ရောက်လာပြီလို့ သိသိချင်း သခင့်ဆီကို ထျန်းချွမ် ချက်ချင်းသွားအကြောင်းကြားလိုက်တယ်၊ ဘယ်သူ ထင်ထားမှာလဲ သခင်က သူကိုယ်တိုင် ရှန်လျန်နဲ့ ချီညီအစ်ကို တို့ကိုအမြန် ပြေးလာတွေ့မယ်လို့လေ။Tyson ကနေ ဒီနေရာထိ နောက်ယောက်ခံ လိုက်ခဲ့ရတယ်။

"ဖုယွင်ရှီး... ကဗျာ ၆ပုဒ်နဲ့ ချင်နိုင်ငံရဲ့ နံပါတ် တစ် ပညာတော်သင်ဆုရတဲ့ ပါရမီရှင်ပဲ၊ စိတ်ဝင်စားဖို့ကောင်းတယ်"

ဖေးယွမ်ရွှင်း ပြုံးလိုက်ရာ မျက်ဝန်းထောင့်က အနည်းငယ်ကွေးတက်သွားသည်။

နန်းတွင်း တော်ဝင်အဆင့်အကြီးဆုံး စာမေးပွဲမှာ ချန်ပီယံ သုံးဦးပေါ်ထွက်ခဲ့ပြီး ဖုယွင်ရှီးက သူ့ရဲ့ ကဗျာ ၆ပုဒ်ကြောင့် အမှတ်အမြင့်ဆုံးရခဲ့တာ။

ဒါပေမယ့်....သူက လူ့လောက အကြောင်းဘာမှ မသိပဲ စာ ..စာ..စာပဲ သိတဲ့ စာဂျပိုးပဲ၊ လူလိမ်နဲ့တွေ့လို့ကတော့ ဒီကောင်သွားပြီ၊ စာဂျပိုးဆိုတာ စာပေနယ်မြေထဲပဲ နေလို့‌ အဆင်ပြေတာ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဦးနှောက်သုံး သူတိုင်း ဖုယွင်ရှီးက အဖိုးတန်တာ သိလိမ့်မယ်၊ စာမေးပွဲ ပြီးတာတောင် သူ့ကို ငွေ အများကြီးပေးပြီး အကြံပေးပုဂ္ဂိုလ်နေရာ လာငှားရမ်းကြသူ ဟာ ဒုနဲ့ဒေးပဲ။

အဲ့ထဲမှာ ရှန်လျန် လဲ ပါဝင်လိမ့်မယ် လို့ ဖေးယွမ်ရွှင်း ထင်မထားမိတာ တခုပဲ။

ရှန်လျန်ဘာတွေ လုပ်ချင်နေတာလဲ? တုံးလင်အိမ်တော်က သခင်ငယ်လေးက မလွယ်ပါလား? ဖုယွမ်ရှီးကိုတောင် သူ့ဘက်ပါအောင်လုပ်နေတယ်၊ ဘာလဲ သူက ကမ္ဘာကြီးကို အနိုင်လိုချင်နေတာလား?

Words 1612

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment