no

Font
Theme

'ဖခင်ကို ခြိမ်းခြောက်မယ်'

ရှန်သခင်ကြီးက စိတ်အေးအေးထားပြီး ကလေးကို အနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ ကလေးက ရှန်တာ့ ငယ်ငယ်ကရုပ်နဲ့ဆင်တာ ကို တွေ့လိုက်ရသည်။ စိတ်ထဲ သဲလွန်စ တစ်ခုခုကိုရှာတွေ့တော့မည့်အချိန်တွင် ရှန်လျန့်မျက်နှာကို မြင်ပြီး ထူးဆန်းသည့် ခံစားချက်တွေ ပြန်ပျောက်သွားသည်။ သူ့သားသူ မြင်တိုင်း ချစ်ရသောဇနီးရဲ့ သွေးထွက်လွန်မှုကြောင့် သေဆုံးသွားရတဲ့ပုံရိပ်က ပြန်မြင်ယောင်လာခြင်းကြောင့်ဖြစ်၏။

"ကလေးကို အပြင်က ဦးလေးဖုနား ခေါ်သွားလိုက်"

နိုးလာတဲ့ ကလေးကို ချော့သိပ်ပြီးနောက် လေ့ကျန်းကို လေသံတိုးတိုးနဲ့ ပြောလိုက်၏။

"ဟုတ် ခဏနေ ပြန်တွေ့ပါမယ်"

သားအဖနှစ်ယောက်ကို တွေဝေစွာကြည့်လိုက်ပြီး ကလေးကို ခေါ်ထုတ်သွားဖို့ လေ့ကျန်း သဘောတူလိုက်သည်။ သူထွက်သွားသည်နှင့်တစ်ပြိုက်နက်...ဖခင်ဘက် လှည့်ကာ

"ဒီကလေးကို ကျွန်တော် မွေးမှာ.. သခင်ကြီး သဘောမတူရင် ကျွန်တော် ဒီအိမ်တော်က ထွက်သွားပေးမယ်.. ပြီးရင် နယ်စပ်က ပြန်လာမယ့် အဖိုးတို့ကို စောင့်ပြီး ဝေအိမ်ထောင်စုထဲ ကျွန်တော်တို့ကို ထည့်ပေးဖို့ ဆောင်းဆိုလိုက်မယ်... ဒါဆို ကျွန်တော့မျိုးရိုးက ဝေဖြစ်သွားပြီး အနာဂါတ်မှာ တုံးလင် အိမ်တော်က ဘာမှ မသက်ဆိုင်တော့ဘူး"

"မင်းလုပ်ရဲလား!"

စိတ်မပြေသေးတဲ့ ရှန်သခင်ကြီးဒေါသက ဆောင့်တိုးလာပြန်၏။ ရှန်လျန့်ကို ပျောက်ကွယ်သွားစေချင်ပေမယ့် ပတ်ဝန်းကျင်အမြင်ကို သူဂရုအစိုက်ဆုံးဖြစ်သည်။ သူ့အိမ်တော်ကနေ ထွက်သွားမယ်ဆိုရင် အတင်းအဖျင်းစကားတွေနဲ့ တုံးလင်အိမ်ရဲ့ဂုဏ်သတင်းကိုအောက်ဆုံးထိ ဆွဲချသွားဖို့ လုံလောက်သည်။ ထို့အပြင် ပြီးခဲ့နှစ်တွေတုန်းက ထိုဆွေမျိုးတွေထံမှ အကြိမ်များစွာ ရိုက်ခံခဲ့ရသဖြင့် ယောက္ခမဖြစ်တဲ့သူကိုလည်း အရိုးထဲထိ မုန်းတီးမိသည်။ ယောက်ဖ ဖြစ်သူကလည်း သိမ်မွေ့သူမဟုတ်ပဲ သူ့ယောက္ခမ ထက်ပင် ရက်စက်ကြမ်းကြုတ်သေး၏။ မည်သို့ပင်ဆိုစေ သူအကြောက်ဆုံးသူက ယောက္ခမပင်။ ထိုလူကြည့်သော အကြည့်က တစ်ဖက်သားကို မလုံမလဲ ဖြစ်စေပြီး အမုန်းတရားများ တိုးပွားလာစေသည်။

မတော်လို့ ရှန်လျန်က ဝေမိသားစုဆီ စကားအတို့အထောင်တွေ သွားလုပ်ရင် တုံးလင် အိမ်တော်က အနှေးနဲ့ အမြန် ဖြိုချခံရလိမ့်မည်ဖြစ်၏။

"စမ်းကြည့်လိုက်လေ"

ရှန်လျန်က တည်တည်ငြိမ်ငြိမ်နဲ့ ခြိမ်းခြောက်သည်။ သဘောမတူဘူးလို့ ဆိုလာတာနဲ့ ချက်ချင်းအိမ်က ဆင်းမည် ။ သေချာတာပေါ့! သူဘယ်လိုလုပ် အိမ်ကထွက်ပြီး လျိုရှုဟန်၊ ဒုတိယနဲ့တတိယမိသားစုကို တုံးအိမ်‌အိမ်အမွေရဖို့ အလွယ်လေး ချန်ထားခဲ့ပါ့မလဲ... ရှန်တာ့ပြန်ရောက်လာတာနဲ့ အမွေဆက်ဆံသူနေရာရအောင် ကူညီပေးပြီး သူ့အစ်ကို၏နေရာအစစ်အမှန်ကို တည်မြဲအောင် ကာကွယ်ပေးမည်။

"မင်း..မင်း!မင်း"

ရှန်လျန့်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ တစ်ကိုယ်လုံးဒေါသကြောင့် တုန်ရီနေသော်လည်း ရှန်သခင်ကြီး မတွန်းလှန်နိုင်တော့ချေ။ ရှန်လျန်ကလည်း စိတ်မလောပဲ ‌အေးအေးဆေးဆေးပင် နေရာ ရှာထိုင်လိုက်ပြီး ဘယ်ဘက်လက်က မသိလိုက်ဘာသာနှင့် နဂါးကိုးကောင်လက်ကောက်ကို ထိလိုက်မိသည်။

ရှန်သခင်ကြီးသာ သူ့ကို ရိုက်ဖို့ လက်ရွယ်လာဦးမယ်ဆိုရင် ရှန်လျန် ထပ်ပြီး ယဉ်ကျေးနေတော့မှာမဟုတ်ပါ။

"မိစ္ဆာကောင်!"

နောက်ဆုံးတော့ တစ်လုံးလောက် ထုတ်ဆဲနိုင်သွားကာ ကိုယ့်ဒေါသကိုယ် ထိန်းချုပ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

"ကလေးကို ဘယ်ကယူလာတာလဲ...မင်းနဲ့ တစ်ခြားကောင်..."

လူကြီးကိစ္စကိုတော့ ရှန်သခင်ကြီး နှုတ်က ပြောမထွက်ပေမယ့် ဘာကိုဆိုလိုမှန်း သိရန်လုံလောက်၏။

စိတ်ရူးပေါက်နေသော ဖခင်ကို ကြည့်ကာ..

"ဒီကလေးကို တိတ်တိတ်ပုန်းသာ မွေးထားရင် ကျွန်တော်က ခင်ဗျားရဲ့ မယားငယ် သတ်လို့သေတာ ကြာလောက်ပြီ... နယ်မှာ စွန့်ပစ်ခံထားရတာတောင် သူက လူလွှတ်ပြီး စောင့်ကြည့်ခိုင်းဖို့မမေ့ဘူး..အဲ့ဒီ ကလေးထိန်းက ကျွန်တော့ကို နေ့တိုင်းဆူပူတဲ့အပြင် ရိုက်နှက်လိုက်သေးတယ်...ကြမ်းတမ်း စိတ်ပျက်ဖို့ကောင်းတဲ့နေ့ရက်တွေပဲ ဖြတ်သန်းခဲ့ရပြီး ခုချိန်ထိ အသက်ရှင်နေသေးလို့ ကောင်းကင်ပေါ်ကကြည့်ရှုစောင့်ရှောက်ပေးတဲ့ ပါပါးကို တစ်ကယ် ကျေးဇူးတင်မိတယ်"

စကားလုံးတိုင်းကာ ထက်ရှနေပြီး ပြောပြနေစဉ်တစ်လျှောက်လုံး သူ့အဖေမျက်နှာ တည့်တည့် စိုက်ကြည့်ကာ အကြည့်တစ်ချက်မှ မလွှဲပေ။

"မင်း...."

ရှန်သခင်ကြီးမျက်လုံးပြူးကာ အံ့ဩနေသည်။ အဲ့တာ အမှန်ပဲလား?

"ဘာမှ မသိသလို ကြည့်မနေပါနဲ့.. ကျွန်တော် အန်ချမိမှာ ကြောက်ရတယ်! ရှန်အမတ်ကြီး ကျွန်တော် အေးအေးဆေးဆေးနေနေတဲ့အကြောင်းရင်းက ကောကော ပြန်မရောက်သေးလို့ပဲ... ကျွန်တော့ကို ခင်ဗျားမမြင်ချင်သလို... ခင်ဗျားကိုလည်း ကျွန်တော်က မမြင်ချင်ပါဘူး... အဲ့ဒီတော့ နှစ်ယောက်လုံး အေးအေးဆေး‌ဆေးပဲ နေကြရအောင်... အနာဂါတ်မှာ ကျွန်တော့ရှေ့ ခင်ဗျား မျက်နှာ မပေါ်လာသရွေ့ ကျွန်တော်ကလည်း လာမနှောင့်ယှက်ဘူး စိတ်ချ"

ကလေးကိစ္စ သဘောတူသရွေ့ ကျန်တာ ရှန်လျန် ညှိနှိုင်းပေးနိုင်၏။

ရှန်လျန်ရဲ့ ရွှဲ့စောင်းပြောဆိုမှုတွေက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပေ။ လျိုရှုဟန်နဲ့ တစ်ခြားသူတွေအပေါ် ဆက်ဆံပုံနဲ့ သူ့အပေါ်ဆက်ဆံပုံက အကွာကြီးဖြစ်မှန်း ရှင်းလင်းနေတာပဲလေ .. အနာဂါတ်မှာလည်း ဆက်ပြီး တိုက်ခိုက်ရဦးမှာပဲ...

"မင်းသာ ငါ့ကို စော်ကားပြောဆိုနေတာ ရပ်လိုက်"

ဘာပဲဖြစ်ဖြစ် ရှန်လျန့်စကားတွေကြောင့် သူစိတ်အေးသွားရသည် ဆိုပေမယ့် လေသံကတော့ မလျော့ချေ ။

"ဒီကလေးက ဘယ်ကရောက်လာလာ ငါ စိတ်မဝင်စားဘူး... ဖြစ်နိုင်ရင် အဝေးပို့ပစ်လိုက်... မင်းက လက်တောင် မထပ်ရသေးတာကို... ကလေးဘယ်လို ပြုစုပျိုးထောင်မလဲ? နောက်ကျရင် ဘယ်သူက မင်းကို ယူတော့မှာလဲ"

သူ့သားကြီးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ‌ရေးရှိနေမှတော့ သည်းခံပေးလိုက်ပြီး အပေါ်ယံ စေတနာထားပြကာ ဒေါသတွေ ချိုးနှိမ်ရင်းပြောလိုက်၏။

"ကလေးကို ဘယ်တော့မှ အဝေးမပို့ဘူး.. တစ်ယောက်ယောက်က ကျွန်တော့ကို လက်ထပ်ချင်လာတယ်ဆိုရင် သခင်ကြီးအတွက် ပိုကောင်းတယ် မဟုတ်လား.. "

ရှန်လျန့်မှာ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်ထပ်ချင်နေကြသည့်သူတွေက ဒုနှင့်ဒေးပင်။

ဒါကြောင့်လဲ အရင်ဘဝက လူတိုင်းရဲ့ပါးစပ်ဖျားမှာ နာမည်ပျက်နေပေမယ့် မင်းသား၄ရဲ့ တရားဝင်ဇနီး ဖြစ်ခဲ့ရတာပဲကြည့်! တစ်ကယ်တော့ သူ့ကိုလိုချင်ကြလို့မဟုတ်ပဲ... နောက်ခံအင်အားကို တပ်မက်လို့ပဲဖြစ်တယ် ..

သူ့ကို တစ်ကယ် ချစ်မြတ်နိုးပြီး လက်ထပ်ချင်နေတာဆိုလို့ ဖေးယွမ်ရွှင်း တစ်ယောက်ပဲရှိလိမ့်မယ်...

".........."

ပြောတော့လည်း မှန်နေတာမလို့ ရှန်သခင်ကြီးလည်း နှုတ်ဆိတ်နေလေ၏။ မင်းသမီးကြီးရဲ့အလှူပွဲပြီးကတည်းက ရှန်လျန့်ကို လိုချင်နေကြတဲ့မိသားစုတွေဟာ ဆယ်အိမ်ထက် မလျော့ပေ။ ထိုအိမ်တော်တိုင်းက ဩဇာအာဏာအသင့်အတင့်ရှိပြီး ကြွယ်ဝချမ်းသာသူချည်းပင်။

ထိုတင်မက တော်ဝင်မင်းသားများကပါ စိတ်ဝင်စားနေကြပြီး ချင်ဖင်းမြို့စား ဖေးယွမ်ရွှင်း ပင် လူပုံအလယ် လက်ထပ်ခွင့်တောင်းခဲ့သေးသည်။ သူ့သား ကို ယူမယ့်သူ မရှိမှာ စိတ်ပူနေစရာကို မလို...

"ကောင်းပြီ... မင်းဘာဖြစ်ချင်တာလဲ... ကလေးကို မွေးချင်တယ်မလား... မွေးလိုက်.. တစ်ခုတော့ရှိတယ် သူများမေးရင် စွန်ပစ်ခံထားရတဲ့ ကလေးကို ကောက်မွေးစားတာလို့ဖြေရမယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းလာကြရင်တော့

ရှန်လျန်က ကိစ္စကောင်းလုပ်ခဲ့တာလို့ပဲ ဖြေရမှာပဲ... ရှန်လျန့်ကို မနိုင်တော့သည့်အဆုံး ခြေတစ်လှမ်းဆုတ်ပြီး လျှော့ပေးလိုက်ရတော့တယ် ။ ရှန်လျန် သူ့အိမ်ကနေ ထွက်သွားလို့ အခြေအနေတွေ ရှုပ်ထွေးသွားတာမျိုးလည်း မဖြစ်ချင်။ တစ်ခုခုဆို.. ထိခိုက်ရမှာက တုံးလင်အိမ်တော်ရဲ့

ဂုဏ်သရေသာ ဖြစ်သည်လေ။

"စွန့်ပစ်ခံထားရတဲ့ ကလေးတဲ့ လား.. ခင်ဗျားတစ်နေ့ နောင်တရလိမ့်မယ်"

ရှန်လျန် တစ်ကိုယ်စာ တီးတိုးရေရွှတ်လိုက်၏။ တစ်နေ့မှာ သေချာပေါက် နောင်တရလိမ့်မယ်။

"ဘာပြောလိုက်တာ"

ရှန်သခင်ကြီးက ကိုယ်ခံပညာ မတတ်တာကြောင့် ရှန်လျန် တီးတိုးရေရွတ်တာကို ကြားရန် မဖြစ်နိုင်။

ရှန်လျန် ခေါင်းခါ လိုက်ပြီး

"ကျွန်တော့ ခြံဝန်းကို ထပ်ချဲ့ချင်တယ်"

"သောင်းကျန်းလို့မဝသေးဘူးလား"

တုံးလင်အိမ်တော်ကို အပေါ်အောက် ပြောင်းပြန်လှန်ပြီးမှ ကျေနပ်မှာလား?

ဒေါသတွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားတဲ့ ရှန်သခင်ကြီး စိတ်တိုလာပြန်သည်။ တစ်ကယ်တော့ ရှန်လျန် ဘာလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်နေတာပဲ ဖြစ်၏။

"စောနက ပြောခဲ့သလိုပဲ အချင်းချင်း မျက်နှာ မမြင်ချင်မှတော့ ကိုယ့်ခြံဝန်းကိုယ် ချဲ့လိုက်တာပဲ ကောင်းတယ်.. တစ်ခြားလွတ်တဲ့ခြံဝန်းတွေက ခင်ဗျားတို့နဲ့နီးတော့ တစ်ယောက်ကိုတစ်ယောက် မြင်နေရဦးမှာမလို့ ပြောင်းမနေတာ ကောင်းတယ်.. စိတ်‌ချပါ ခြံဝန်းက အိမ်ဘေးပေါက်ဘက် ချဲ့လိုက်မှာ .. ပင်မတံခါးပေါက်ဘက် မလှည့်ဘူး.. ကုန်ကျစရိတ်ကိုလည်း ကျွန်တော့ဘာသာ ရှာမှာ.. မိသားစုငွေ ခြူးတစ်ပြားမှ မသုံးဘူး"

ရှန်သခင်ကြီးရဲ့ဒေါသတွေ ထပ်မခံယူချင်တာ‌ကြောင့် ထုတ်ပြောလိုက်သည်။ မူလက သူရယ် ချီယွဲ့နဲ့ ချီရွှမ်း စုစုပေါင်းသုံးယောက်ပဲ ဆိုတော့ အိမ်ကအဆင်ပြေသေးသည်။

အခုတော့ ကလေးရော.. ထိန်းကျောင်းပေးမယ့်သူရော.. ကိုယ်ရံတော်တွေပါ ရောက်လာတာ ဆိုတော့ ကျုံးလင်ခြံဝန်းက ဒီလူအုပ်ကို မဆန့်ဘူးဖြစ်နေ၏ ။

"ဪ မင်းက အကုန်စီစဉ်ခဲ့ပြီးပြီကိုး.. အဲ့ဒါနဲ့များ ငါ့ကို လာပြောနေသေးတယ်"

အစီအစဉ်ထဲ လူပြက်တစ်ဖွယ် ဖြစ်သွားတာကြောင့် မခံချိမခံသာ ဖြစ်သွားရ၏။ ဒီမကောင်းဆိုးဝါးလေး! ငါက သူ့အဖေဆိုတာ သိသေးရဲ့လား?

"ခင်ဗျားက ဒီအိမ်သခင် မဟုတ်ဘူးလား"

အိမ်ကြီးရှင်က တစ်ခြားသူသာဆို ရှန်လျန် ဂရုစိုက်နေမှာကို မဟုတ် !

"ဆိုတော့ ငါက အိမ်ဦးစီးဆိုတာ မှတ်မိသေးတယ်ပေါ့လေ"

ရှန်သခင်ကြီး ကသိကအောက်ခံစားရကာ စိတ်ထဲ ခါးသက်သွား၏။

"နေပါဦး မင်းအဲ့ဒီငွေတွေ ဘယ်ကရလဲ"

ဒီကိစ္စကို အရင်ထဲက မေးချင်နေခဲ့တာပင်။ ဆန်စပါးရှီတစ်ထောင်‌လှူဒါန်းလိုက်သည့် ပမာဏက မသေးပေ ။ နယ်မှာ ဒီငါးနှစ်လုံးလုံး

ကလေးထိန်းရဲ့ အနိုင်ကျင့်ခံခဲ့ရတာ အမှန်ဆိုရင် လစဉ်ထောက်ပံ့ကြေးလည်း ကုန်သွားမှာပဲ ၊ခုလောက်လှူနိုင်စရာ အကြောင်းမရှိလောက် ။

"တာ့ကောက ကျွန်တော့ကို စောင့်ရှောက်ဖို့ လူပဲလွှတ်ပေးလိုက်တယ် ထင်လို့လား"

ရှန်လျန် သူ့အဖေရဲ့အကြည့်ကို မပျော်မရွှင် တုံ့ပြန်လိုက်ရင်း ဖြေသည်။

"တာ့အာနဲ့ ဘယ်အချိန်ထဲက အဆက်အသွယ်ရခဲ့တာလဲ? သူ အနောက်မြောက် နယ်စပ်မှာ အဆင်ပြေရဲ့လား"

"အဲ့ဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ...အခု ဆွေးနွေးနေတာ ကျွန်တော့ခြံဝန်းချဲ့မယ့် ကိစ္စလေ .. သဘောတူလား မတူဘူးလား ပြော"

သူ့အစ်ကိုအကြောင်း ခုမှသိချင်နေတယ်ပေါ့? ဘာလို့ ကိုယ့်ကိုကိုယ် မစုံစမ်းလဲ ဟမ်!

သူ့အဖေရဲ့ ဖြစ်တည်မှုကို ရှန်လျန် အရမ်းရွံရှာသည်။ တာ့ကောကို တစ်ကယ် ဂရုစိုက်ရင် တာ့ကော သေဆုံးရတဲ့အကြောင်းရင်းကို ဘာလို့ မဖော်ထုတ်ပေးလဲ? အမျိုးသားမှတ်ပုံတင်ရုံးဦးစီးဌာနရဲ့ အကြီးဆုံးဝန်ကြီးက တစ်ကယ်ပဲ မျက်ကန်းပြီး တုံးအ နေတာလား?

"မင်း..."

ရှန်သခင်ကြီး နှာတရှူးရှူးဖြစ်လာသော်လည်း ရှန်လျန်ကမူ အေးဆေးတည်ငြိမ်နေဆဲ။

"အဲ့ဒီခြံဝန်းက မင်းအပိုင်ပဲ..လုပ်ချင်သလိုလုပ်.. တခြားခြံဝန်းကို အနှောင့်အယှက်မပေးရင်ရပြီ...ကုန်ကျစရိတ်ကို အိမ်တော်ကပေးမယ်... ငါ့တုံးလင်အိမ်တော်က ဒီကုန်ကျစရိတ်လောက်ကို မင်းကို ပေးခိုင်းရမယ့်အခြေအနေ မရောက်သေးဘူး"

နှစ်ယောက်သားညှိနှိုင်းပြီးနောက် ရှန်သခင်ကြီး သူ့ကိုယ်သူ သတိပြုမိလိုက်သည်က ဤရိုင်းစိုင်းတဲ့ မကောင်းဆိုးဝါးလေးကို သတ်ပစ်ချင်နေတဲ့ လူက သူပါ .. ဘယ်လိုလုပ် ဖိနှိပ်ခံရပြီးဒေါသထွက်လွန်သွားတဲ့လူက သူ ဖြစ်ရတာပါလိမ့် ပေါ့! ဘာပဲ ဖြစ်ဖြစ် ရှန်လျန့်စကားတွေအားလုံးကို စိတ်ထဲ မထည့်နိုင်တာကြောင့် နားကန်းချင်ယောင်သာ ဆောင်လိုက်ရ၏။

"ကောင်းပြီ.. ဒါနဲ့ ဒုတိယ မိသားစုကို ဒီအကြောင်း ပြောပြဖို့မမေ့ပါနဲ့.. ခင်ဗျား ရှန်ချောင် အကြောင်း သိပြီးပြီမဟုတ်လား.. သူတို့ ကျွန်တော့်ကို မုန်းပြီး အငြိုးထားနေလောက်တယ်"

ပြောပြီးသည်နှင့် ရှန်လျန်ထရပ်လိုက်သည်။ ကိစ္စတွေ အခြေတကျ ဖြစ်သွားပြီမလို့ ဒီနေရာမှာ တစ်စက္ကန့်တောင် ထပ်မနေချင်တော့။

"နေဦး!"

သို့သော် ရှန်သခင်ကြီးက တားလိုက်သဖြင့် ခြေလှမ်းပြင်နေတဲ့ ရှန်လျန် ရပ်တန့်လိုက်ကာ မျက်ခုံးပင့်ကြည့်လိုက်၏။ ဆိုလိုသည်က ပြောစရာရှိတာပြော.. ပြီးရင် ပြန်တော့မယ် ဆိုသည့်ပုံစံ။

ရှန်လျန့်အပြုအမူကြောင့် ရှန်သခင်ကြီး နှုတ်ခမ်းမဲ့ရွဲ့ကာ ရှေ့တိုးလာသည်။ ထို့နောက် လေးနက်သည့်အကြည့်ဖြင့်

"ဓားပြတွေရဲ့ကိစ္စက လျိုဝမ်ကျင်းတို့ မောင်နှမနဲ့တစ်ကယ် သက်ဆိုင်သလား"

လျိုဝမ်ကျင်းရဲ့ ရုတ်တရက် ရာထူးလျှောကျသွားမှုအပေါ် မည်သူမှ အကြောင်းရင်းမသိကြပေ။ သို့သော် အာဏာ ပါဝါကြီးသူသာ ထိုသို့ ဖြုတ်ချခံရအောင်လုပ်မည်မှန်း ခန့်မှန်းမိကြ၏။ ရှေ့ရက်မှာလည်း ရှန်လျန်ထုတ်ပြောတဲ့ ကောလဟာလတွေရှိတာကို ရှန်သခင်ကြီးက မှတ်မိတာကြောင့် မေးခြင်းဖြစ်သည်။

လျိုရှုဟန်အပေါ် လင်မယားခံစားချက် မရှိတော့ရင်တောင် သူမက ရှန်ရှောင်နဲ့ ရှန်ချန် တို့ရဲ့မိခင်ပဲလေ.. အိမ်တော်တစ်ခုလုံးကိုလည်း သူပဲ အကြာကြီးထိန်းသိမ်းပေးခဲ့တာ.. အလုံးစုံ မကောင်းခဲ့ဘူးဆိုပေမယ့် ကြိုးစားပေးခဲ့ရှာတယ် ။ အခုအစ်ကိုဖြစ်သူ လျိုဝမ်ကျင်းက အမှုဖြစ်ပြီဆိုတော့ လျိုရှုဟန်ဆီ အမှုပတ်နိုင်ချေမြင့်တာကြောင့် ခင်ပွန်းအမတ်တစ်ယောက်အနေနဲ့ ကာကွယ်ပေးနိုင်ရန် ကြိုးစားရမည်။

"သူလုပ်လား မလုပ်ဘူးလားဆိုတာ ကျွန်တော့်ကိုမေးရမှာ မဟုတ်ဘူး၊ ချစ်ရတဲ့ဇနီးကိုပဲမေးလိုက်ပါ"

ရှန်လျန် အေးစက်စက်ပြန်ဖြေပြီး လစ်လျူရှုလိုက်ကာ လှည့်ထွက်သွားလိုက်သည်။ ရှန်သခင်ကြီးသည် သူ့ဒေါကက ဗိုက်ထဲ ကတစ်ဆင့်အဆုတ်ထဲထိပါပြည့်လျှံသွားပြီဟု ခံစားလိုက်ရသည်။ သူ့မှာ ချစ်ရတဲ့ဇနီးဆိုလို့ ဝေကျစ်ချန် တစ်ဦးတည်းသာရှိ၏။ ပြဿနာကောင်က ပြန်ခါနီးတောင် တိုက်ခိုက်သွားသေးသည်။

"ဪ ဟုတ်သားပဲ... မေ့တော့မလို့! ခြံဝန်းချဲ့ပြီးရင် ကျွန်တော့်ကို ကာကွယ်ဖို့ ဆိုပြီး ကောကော လွှတ်လိုက်တဲ့ လူတွေကိုလည်း ပေးနေမှာနော်"

သွားနေရင်း ပြန်လှည့်ကာ အသိပေးလိုက်၏။

"လူဘယ်နှယောက်နေမလဲ ဆိုတာ ဒုတိယမိသားစုကို သွားပြောပြလိုက်! "

ရှန်တာ့က ရှန်သခင်ကြီးရဲ့ထောက်တိုင်ဖြစ်တာကြောင့် ရှန်တာ့နာမည်သုံးလိုက်တာနဲ့ သူ့ဖခင်ရဲ့ဒေါသကပြေငြိမ်း၏။

"သူတို့က စစ်သည်ရဲမက်တွေလေ .. အစေခံတွေ မဟုတ်ဘူး.. ဒီအိမ်တော်နဲ့ ဘာမှကို မဆိုင်တာ .. အကြောင်းမကြားနိုင်ဘူး..!.. သူတို့ရဲ့အသုံးစရိတ်ကတော့ သေချာပေါက် ကျွန်တော်ပဲ ပေးမှာပါ"

ဒုန်း!ခွမ်း! ချွမ်း!

"မလောက်လေး မလောက်စားကောင်!"

ပစ္စည်းတွေ ပစ်ထုတ်ခံရပြီး နောက် ရှန်သခင်ကြီးရဲ့ မာန်စကားကထွက်ပေါ်လာသော်လည်း

ရှန်လျန် စိတ်ထဲ ထည့်မနေတော့!

ဦးလေးရှန်ရှန်းကို ခေါင်းငြိမ့်ပြလိုက်ပြီး လေ့ကျန်းနဲ့ ဖုရင်ကို ခေါ်ကာ ပြန်လာလိုက်‌တော့၏။

2702

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment