'အင်း.. သူမုန်းသင့်ပါတယ်'
"ခင်ဗျား ဆက်မပြောနဲ့!"
"ယောင်းကွမ်!"
ရှန်လျန့်နောက်မှာ တစ်ချိန်လုံးရပ်ကြည့်နေတဲ့ ယောင်းကွမ်က ရှန်ရွေ့ထင်ရဲ့ ကျိုးကြောင်းမဆီလျော်မှုကို သည်းမခံနိုင်တော့ပါ။ သူတို့သခင်တောင် ဝမ်ဖေးကို စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ စကားတစ်ခွန်းတောင် မပြောရဲဘူး၊ ဒီလူတွေက ဘာအရည်အချင်း ရှိနေလို့လဲ၊ သို့ပေမယ့် တစ်ဖက်လူတွေကို သင်ခန်းစာကောင်းကောင်း မပေးရသေးခင် ရှန်လျန်က သူ့ကိုဆူ၏။
"လျန်လျန်ကလဲ!"
ယောင်းကွမ်က မကျေမနပ် ငြီးငြူသည်။
ရှန်လျန်က သူ့အားနှစ်သိမ့်အပြုံး ပြုံးပြလာသည်။ အစက ယောင်းကွမ်က်ို ချီယွဲ့နဲ့ ထိန်းခိုင်းမလို့ လှည့်ကြည့်လိုက်ပေမယ့် ချီယွဲ့ရဲ့ ဒေါသက ယောင်းကွမ်ထက် နည်းနည်းမှ မလျော့တာကို မြင်လိုက်ရလေ၏။ ရှန်လျန် ကူကယ်ရာမဲ့သွား၏။
"ကျွန်တော်တောင် အကျင့်ဖြစ်နေပြီ၊ ဘာတွေ ဒေါသထွက်နေတာလဲ၊ ဒါပေမယ့်...."
ရှန်လျန်က ပြောလက်စ စကားကို ရပ်လိုက်ပြီး ရှန်ရွေ့ထင်အား မေခွန်းထုတ်၏။
"အမတ်ကြီးက အပြောကောင်းတယ်၊ ကျွန်တော် သိချင်တာတစ်ခုက ဖေဖေက ကျန်းမာရေးကောင်းရဲ့နဲ့ ဘာလို့ ရုတ်တရက်ကြီး သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာလဲ၊ ကျွန်တော်က နက္ခတ်မကောင်းလို့ဖြစ်တာဆိုတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ စကားမျိုး အယုံကြည်မရှိဘူး၊နောက်ကွယ်မှာ တစ်ခုခုလွှဲမှားနေတယ်ဆိုတာတော့ သိတယ်၊ ဘာတွေ ဖြစ်ခဲ့တာဆိုတာ အခုက စုံစမ်းဖို့ အကောင်းဆုံးအချိန်ပဲ၊ သခင်မကြီး၊ အမတ်ကြီးနဲ့ သခင်မ.. ကျွန်တော် ဘာမှ ရှာမတွေ့ပါစေနဲ့လို့ ဆုတောင်းနေပါ၊ မဟုတ်လို့ရှိရင် ကျွန်တော်က တုံးလင် တစ်အိမ်တော်လုံးကို တစ်ခြားကမ္ဘာရောက်အောင် ပို့ပစ်ဖို့ဝန်မလေးဘူးနော်!... ပြန်ကြစို့"
လူသုံးဦးကို နာမည် တပ်ခေါ်ကာ သတိပေးခြိမ်းခြောက်လိုက်သည်။ ပြောပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိ လှည့်ပြန်ခဲ့လိုက်သည်။ ကျန်နေခဲ့တဲ့ ရှန်မိသားစုမှာ ရှန်လျန်ရဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပဲ သွေးဆာနေသည့် လေသံတွင် မှင်သက်လျက် ရုတ်တရက်မတုံ့ပြန်နိုင်ဖြစ်နေကြ၏။
"သားကြီး၊ အဲ့တာပဲကြည့်လိုက်၊ မင်းပျိုးထောင်ထားတဲ့ သားလိမ္မာလေးလေ"
အချိန်အတော်ကြာမှ သခင်မကြီးက သူ့ပေါင်သူပုတ်ကာ တုံ့ပြန်လာသည်။ အရင်ကဆိုလျှင် ရှန်ရွေ့ထင်က သူ့အားနှစ်သိမ့်စကားပြောပေးနေမှာ ဖြစ်ပေမယ့် ဒီကနေ့မှာတော့ အခန်းကိုသာ ဗလာသက်သက် ကြောင်ကြည့်နေရာ သခင်မကြီးက ပိုပိုပြီး မပျော်မရွှင်ဖြစ်လာသည်။ ဆူပူရန် ပြင်လိုက်စဉ်မှာပဲ ရှန်ရွေ့ထင်က လှည့်ကြည့်လာသည်။ စိတ်တခြား လူတခြားဖြစ်နေလျက်နှင့်..
"အမေပြောတာ မှားနေတယ်၊ ကျုပ် သူ့ကို မပျိုးထောင်ခဲ့ဖူးဘူး"
"မင်း..."
ဒီလိုပြောလာမယ်လို့ ထင်မထားတာကြောင့် သခင်မကြီးက တခဏမျှ မတုံ့ပြန်နိုင်ဖြစ်သွားသည်။ ထို့နောက် စတင်ပြီး တုန်လှုပ်လာသည်။
ရှန်လျန်က အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သံသယရှိနေတာများလား?
"ပင်ပန်းနေပြီ၊ အမေ ဆူချင်ဆူ လုပ်ချင်ရာလုပ်တော့၊ ပြန်နားတော့မယ်"
ရှန်ရွေ့ထင်က မည်သူနှင့်မှ စကားပြောချင်စိတ်မရှိတော့ပဲ အခန်းထဲက ထထွက်သွားသည်။ သူ့ပုံစံက စိတ်ရော လူရော ပင်ပန်းနေသည့်ဟန်ကြောင့် အားလုံးက ကြောင်ကြည့်နေကြသည်။ သတိပြန်ဝင်လာသောအခါ ရှန်လျန်တို့သားအဖက ထွက်သွားတာ ကြာလှပြီ ဖြစ်၏။ ရှန်ရှောင်နဲ့ ရှန်ယန်ကို ကယ်တင်နိုင်သော လူနှစ်ယောက်က မရှိတော့ပြီ။
"လျန်လျန် ဘာလို့ တားတာလဲ၊ ကျွန်တော် သူ့ကို ရိုက်ပစ်ချင်နေတာ ကြာလှပြီ"
ကျုံးလင်ခြံဝန်းသို့ ပြန်ရာလမ်းတွင် ယောင်းကွမ်က ရှန်လျန့်ကို မပျော်မရွှင် မေးခွန်းထုတ်၏။ သူ့ဘဝတစ်လျှောက်လုံး ရှန်ရွေ့ထင်လို ဖခင်မျိုး မကြုံခဲ့ဖူးပါ။ အဖေတစ်ယောက်အနေနဲ့ သားအပေါ် သုံးနှုန်းတဲ့စကားက ရင့်သီးလွန်းပြီး လူလိုမသိတဲ့ တိရစ္ဆာန် သာသာပင်။
"သူ့ကို ရိုက်ပြီး ဘာလုပ်မလို့လဲ ၊ချင်အင်ပါယာက ဘာသာတရား အယူသီးပါတယ်ဆိုမှ... အဖေကိုရိုက်တဲ့သားဆိုပြီး နာမည်ထွက်သွားစေချင်လို့လား၊ မြို့စားမင်းကိုလည်း ထိခိုက်လာနိုင်တယ်၊ ဧကရာဇ်က ဒီအခွင့်အရေးကိုသုံးပြီး ငါက မြို့စားမင်းနဲ့ မလိုက်ဖက်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ထပ်ပွဲပါ ပျက်သွားနိုင်တယ် "
တစ်ဖက်လူကို ရိုက်နှက်တယ်ဆိုတာ အကြံကောင်းမဟုတ်ပါ၊ ဒါ့အပြင် သူလက်ရှိနေနေတာက တုံးလင်အိမ်တော်မှာ ဖြစ်ပြီး ရှန်ရွေ့ထင်၏ သားအရင်းဖြစ်နေသေး၏။ ရှန်ရွေ့ကျန်းနှင့် ရှန်ရွေ့ချင်ကိုပင် ရိုက်နှက်ရန် မသင့်ရာ ရှန်ရွေ့ထင်ဆို ဝေးစွ။ အားလုံးက သူ့ထက်အကြီးတွေ ဖြစ်နေရာ သင်ခန်းစာပေးချင်လျှင် ပိုမြင့်မားသည့် ရာထူးရှိမှ ဖြစ်လိမ့်မည်။
ရှန်မိသားစုက ရှန်လျန့်အပေါ် ခွဲခြားဆက်ဆံတာကို လူတိုင်း သိနေတာကြောင့် ရှန်လျန်က မလေးမစားဆက်ဆံသည့်သတင်း ပျံ့နှံ့သွားလျှင်နာမည်ပျက်ရမည် မဟုတ်သော်လည်း တစ်ဖက်သူကို ရိုက်နှက်လိုက်လျှင်တော့ မတူညီတော့ပါ။
စိတ်လိုက်မာန်ပါလုပ်လိုက်သည့် နောက်၌ သူ့အစ်ကိုကြီးနဲ့ သတို့သားလောင်း ဖေးယွမ်ရွှင်းတို့က တသီတတန်းကြီး တာဝန်ယူပေးနေရလိမ့်မည်။
"အဲ့တာဆို သူတို့ကို ဒီတိုင်း လွှတ်ထားတော့မှာလား"
ယောင်းကွမ်က မကျေနပ်သေးချေ။ မြို့စားမင်း သာသိကြည့် !ရှန်မိသားစုအားလုံး အသတ်ခံရနိုင်တယ်။
ရှန်လျန် မျက်ခုံးကြုံ့လိုက်၏။ သို့သော် ခြေလှမ်း လှမ်းမပျက်ပေ။
"လွှတ်ထားပေးတာ မဟုတ်ဘူး၊ ဘာလဲ ငါက ကြင်နာတရားပြည့်ဝတဲ့ သူတော်စင်ရုပ်ထွက်နေလား"
ရှန်ရွေ့ထင်၏ ပြတ်သားတဲ့ သဘောထားကို သိလိုက်ကတည်းက ရှန်လျန်စိတ်ထဲ တိတ်တိတ်လေး လက်ခံလိုက်သည်။ တစ်ယောက်မှ ငြိမ်းငြိမ်းချမ်းချမ်း မနေစေရ၊ တစ်ဘဝလုံး အေးချမ်းစွာ နေခွင့် မပြုနိုင်။
"သေချာပေါက် တွေးထားတဲ့ အစီအစဉ် ရှိတယ်မလား! ဒါမှ ကျွန်တော် သိတဲ့ လျန်လျန်ကွ! ဘာတွေ စီစဉ်ထားလဲ သိချင်တယ်၊ ကျွန်တော် ကိုယ်တိုင်လုပ်ချင်တယ်ေနာ် ၊ အခုအရမ်းစိတ် မွန်းကြပ်လွန်းလို့ တစ်ခုခု လုပ်ထည့်လိုက်မှ နေသာမှာ"
ယောင်းကွမ်က ရှန်လျန့်ပခုံးကို တက်ကြွစွာ ဆွဲဖက်လေသည်။
ဘေးဖက်မှ လေ့ကျန်းက မနေနိုင်စွာ တစ်ဖက်ကို လှမ်းကြည့်လာသည်။ ထို့နောက် ယောင်းကွမ်မမြင်နိုင်ခင်မှာပဲ သူ့နှုတ်ခမ်းထောင့်က မသိမသာ အပေါ် ကွေးတက်သွား၏။ ယောင်းကွမ်နဲ့သူက စရိုက်ချင်းမကိုက်ညီပေမယ့် သခင့်အပေါ် သစ္စာရှိမှုကတော့ တူညီလေသည်။ ယောင်းကွမ်ကို လစ်လျူရှုထားတာတောင်မှ ဒါကိုတော့ သူမြင်နိုင်ပါ၏။
"လျန်လျန် .. အစ်ကိုလည်း သိချင်တယ်၊တစ်ကယ်ပဲ သူတို့ကို တမလွန်ပို့ပစ်ချင်နေပြီ"
ချီယွဲ့က မျက်လုံးတွေနီလျက် သူတို့နှင့်ဘေးချင်းယှဉ်လျှောက်နေ၏။ လျိုရှုဟန်၏ စွပ်စွဲချက်နှင့် ရှန်ရွေ့ထင်၏ သဘောထားက အလွန်အမင်း ဒေါသထွက်စေသည်။ တစ်တိုင်းပြည်လုံးရှိ အမျိုးသမီးများနှင့် 'ကော'များသည်လည်း မီးတွင်းမှာ သေဆုံးသွားသည့်ဖြစ်စဉ်က နှစ်စဉ်နှစ်တိုင်း ရှိ၏။ ထို့ကြောင့် သခင်ဝေကျစ်ထျန် သေဆုံးရခြင်းက လျန်လျန့်အမှားမဟုတ်ပေ။ ဒါကို မကောင်းတဲ့နက္ခတ်နဲ့ မွေးဖွားလာလို့ မိခင် သေဆုံးရတယ်ဆိုပြီး စွပ်စွဲရက်၏ ။
"တစ်ကယ်တော့ ဘာမှ အဲ့လောက်ကြီး မဟုတ်ဘူး၊ ခုဏက သူတို့ရှန်ရှောင်နဲ့ ရှန်ယန်တို့ကို စိုးရိမ်နေတဲ့အချိန်က လေ့ကျန်းဆီက ထောင်သတင်းရောက်လာတယ် ၊ သိချင်ရင် သူ့ကိုပဲ ကိုယ်တိုင်မေးကြည့်လိုက်တော့၊ အဲ့ဒီသတင်းသာ ပျံ့သွားရင် ဒီလူတွေ ငါတို့အပေါ် ဒီ့ထက်တောင် ပိုဒေါသထွက်လာလိမ့်မယ်၊ အဲ့ဒီအချိန်မှ ရှန်ရှောင်တို့ကို ကယ်လိုက်နိုင်ရင်တောင် နောက်ဆိုရင် အင်ပါယာမြို့တော်မှာ ခေါင်းဖော်ပြီး နေရဲတော့မှာ မဟုတ်ဘူး၊ သူတို့ရဲ့အနာဂါတ်က အဆုံးသတ်ရမယ့်အချိန်ပဲ"
ရက်စက်တယ်လို့ လာမဝေဖန်ကြနဲ့! ဒီအခြေအနေထိ ရောက်လာအောင် သူတို့ တွန်းအားပေးခဲ့တာ၊ အစထဲက သူ့ကိုအနိုင်မကျင့်ခဲ့ရင် အားလုံးက သာယာပျော်ရွှင်တဲ့ ဘဝနဲ့ပဲနေထိုင်နိုင်ခဲ့မှာပဲ။
"တစ်ကယ်ကြီးလား"
ယောင်းကွမ်က လေ့ကျန်းဘက် လှည့်မေးလိုက်၏။
"ဟေ့ !သစ်သားဦးနှောက် !မင်း ဘာတွေ လုပ်ခဲ့လို့ အဲ့လောက် ကြီးကြီးမားမား ဖြစ်သွားမှာလဲ ပြောပြဦး"
"ရှန်ရွေ့ထင် ပြန်သွားတာနဲ့ မင်းသားသွမ့်က ရှန်ရှောင်နဲ့ ရှန်ယန်ကို အဆိုးရွားဆုံးအကျဥ်းသားတွေ ရှိတဲ့အခန်းဆီ ပို့လိုက်တယ်၊ သတင်းကြားတာတော့ အားလုံးဝိုင်းဆွဲဖြဲတာခံလိုက်ရတယ်တဲ့၊ ခုလည်း မပြီးလောက်သေးဘူး"
လေ့ကျန်းက ယောင်းကွမ်နဲ့ကတောက်ကဆဖြစ်မနေတော့ပဲ အကြည့်တစ်ချက်ပေးကာ ဖြစ်စဉ်ကို ရိုးရိုးရှင်းရှင်းပဲ ပြောပြလိုက်၏။
"ဟမ်?"
ယောင်းကွမ် ကြောင်အအလေးဖြစ်သွား၏။
ဝိုင်းဆွဲဖြဲတယ်?အဲ့တာ သူတွေးမိတဲ့ဟာကိုပြောတာလား?
"ဟဟ.. ဒါတစ်ကယ်ကို ဒဏ်ခတ်ခံရတာပဲ၊ လျန်လျန် အရမ်းမိုက်တယ်ရော်..ကျွန်တော်တို့ ဂုဏ်ပြုပွဲတွေဘာတွေ ကျင်းပကြမလား?"
တစ်စက္ကန့်ခန့်တိတ်ဆိတ်နေပြီးနောက် ယောင်းကွမ်က သဘောတကျရယ်မော၏။ ကံကောင်းစွာနှင့် သူတို့အားလုံးက ကျုံးလင်ခြံဝန်းထဲ ရောက်နှင့်ပြီးလေပြီ။ မဟုတ်ပါက ထောက်လှမ်းနေတဲ့ မျက်လုံးပေါင်းများစွာ၏ အာရုံစိုက်ခြင်းအား ခံရနိုင်၏။
"တန်တယ်၊ သူတို့နဲ့ ထိုက်တန်တာ ဖြစ်သွားတာပဲ"
ပုံမှန်ဆို စိတ်ထားေပျာ့ေပျာင်းတဲ့ ချီယွဲ့ကလည်း ထောပနာပြု၏။
မကောင်းတဲ့သူတွေက မကောင်းတဲ့လမ်းကို သွားရလိမ့်မည်။
"နည်းနည်း ထိန်းထိန်း သိမ်းသိမ်းနေကြပါဦး"
ရှန်လျန်မှာ ခေါင်းတယမ်းယမ်းနှင့်။
မျှော်လင့်ထားသလိုပင် ဖုရင်နှင့် ချီရွှမ်းက ကလေးပွေ့ချီလျက် သူတို့ပြန်အလာကို စောင့်မျှော် နေကြ၏။ သူတို့အား ဘာမှ မမေးနိုင်သေးခင်မှာပဲ ရှန်လျန်က ကလေးကိုလက်ပြောင်းပွေ့လိုက်သည်။
"ကျွန်တော့်ကိုမမေးနဲ့ေနာ်၊ ယွဲ့ကော ပြောပြလိမ့်မယ်၊ ယောင်းကွမ် .. သတင်းဖြန့်ဖို့ အချိန်ောင့်ပြီးမှ ဂရုတစိုက်လုပ်၊အခုချိန်မှာ မင်းသားသွမ့် ကို ငါတို့ သွားထိလို့မရသေးဘူး"
ကိစ္စတွေ ဖြစ်နေတုန်း သတင်းထွက်သွားခြင်းက ကိုယ့်ကိုကိုယ် ရှုံးနိမ့်အောင် လုပ်မိခြင်းပင်။
"သဘောပေါက်ပါပြီ၊ ကလေးနဲ့ပဲ အတူနေပါ၊ ကျွန်တော် အပြင်ခဏသွားလိုက်ပါဦးမယ်"
ပြောပြီးသည်နှင့် မြင်ကွင်းက ပျောက်ကွယ်သွားတော့၏ ။ ချီယွဲ့ကတော့ ဖုရင်တို့မှ အတင်းအကြပ် နေခိုင်းခံထားရ၏။ ရှန်လျန်က ကလေးကိုပွေ့ကာ အခန်းထဲဝင်သွား၏။ လေ့ကျန်းကလည်း နီးနီးကပ်ကပ် လိုက်ဝင်သွား၏။
"သခင်.. ပိုင်ယွင် ဘုရားကျောင်းကို ကျွန်တော် လူတွေ လွှတ်ထားပြီးပါပြီ၊ သခင်မရဲ့ သေဆုံးခြင်းအမှုကို စုံစမ်းလိုက်ရတော့မလား?"
"စုံစမ်းရတော့မယ့် အချိန်ပဲ"
ရှန်လျန် ကလေးပွေ့လျက်နှင့် ထိုင်စရာနေရာရှာလိုက်သည်။ မျက်ဝန်းထဲမှာတော့ နာကျင်မှုကို ဖုံးကွယ်ထား၏။
"ဖေဖေနဲ့ ပတ်သက်တာ အကုန်လုံး စုံစမ်းပေး၊ ငါမှတ်မိတာ.. ဖေဖေ့မှာ သစ္စာရှိ အစေခံတွေရှိတယ်၊ သူတို့က ငါ့ကိုစောင့်ရှောက်ပေးခဲ့ပေမယ့် တော်တော်များများက အသတ်ခံလိုက်ရပြီ၊ တစ်ချို့လည်း ရောင်းစားခံလိုက်ရတယ်၊ ဖြစ်နိုင်ရင် သူတို့ကိုလည်းရှာပေးပါ၊ ပြီးတော့ လျိုရှုဟန်တို့ ငါ့ဆီ လွှတ်ထားတဲ့ ကလေးထိန်းကိုလည်း လစ်လျူရှုမထားနဲ့၊ ဖေဖေက ဓမ္မတာအတိုင်းသေဆုံးတာလို့ ငါတော့မယုံဘူး၊ ဘာသဲလွန်စ၊ ဘာသက်သေမှ မလွတ်သွားစေနဲ့ ၊ ဖုံးထားတာ အကုန် ဖော်ထုတ်ပေး"
ရှန်လျန် အံကြိတ်သံနှင့်ပြော၏။ ဖေဖေ သေဆုံးရခြင်းအကြောင်းရင်းကို သိတဲ့နေ့က ရှန်ရွေ့ထင်အပါအဝင် တခြားသူတွေရဲ့ သေနေ့ပဲ!
"လုပ်ရမှာကို သဘောပေါက်ပါပြီ"
လေ့ကျန်းက ခေါင်းငြိမ့်ပြီး ထွက်သွားရန်ပြင်စဉ် ရှန်လျန်က လှမ်းခေါ်ပြန်သည်။
"ကွေချန်ဘုန်းတော်ကြီး တစ်ခုခု လှုပ်ရှားရင် ငါ့ကိုချက်ချင်းပြော၊ ဘယ်သူ သူ့ကို စောင့်ကြည့်နေလဲဆိုတာ မသိစေနဲ့၊ ငါ သူနဲ့ တွေ့ဖို့ရှိတယ်"
"ဟုတ်ကဲ့"
လေ့ကျန်းတစ်ကယ် သွားလိုက်ပြီးနောက် ရှန်လျန်က တူလေး၏လက်သေးသေးလေးကို တို့ထိလိုက်ပြီး ပြော၏။
"ယိုအာ့ အဖေပြန်လာမယ့်အချိန်ထိပဲ သည်းခံပေးပါဦးနော်၊ ဒီအိမ်ကို ငါတို့အပိုင် ပြန်လုပ်ကြမယ်"
"အာ...အာ..."
ကလေးငယ်က သူ့စကားကို နားမလည်ပေမယ့် နာမည်ခေါ်သံကြောင့်တုံ့ပြန်လေ၏။
ဖြူဖွေးချောမွတ်ကာ နူးညံ့သည့်ပါးပြင်က အပြုံး များပွင့်လန်းနေသဖြင့် ရှန်လျန်လည်း အပျော်တွေ ကူးစက်သွားရ၏။
ဘာတွေပဲ ပြောင်းလဲ သွားပါစေ တူလေးနဲ့ တာ့ကော မပြောင်းလဲရင် လုံလောက်ပြီ။
ပင်မခြံဝန်း၏ စာကြည့်ခန်းထဲတွင်ဖြစ်၏ ။
စိတ်မော နေတဲ့ ရှန်ရွေ့ထင်က အခန်းထဲ မပြန်ပဲ စာကြည့်ခန်းထဲလာကာ နံရံပေါ်က ဝေကျစ်ထျန်ရဲ့ ဓာတ်ပုံကို ငေးကြည့်နေပြန်သည်။ အဆာပြေမုန့်နဲ့ လက်ဖက်ရည်ဗန်းကိုကိုင်လျက် ရှန်ရှန် အခန်းထဲဝင်လာပြီး သခင်ကြီးရဲ့ ပုံစံကိုမြင်တော့ သက်ပြင်းချမိ၏။ သခင်မ လောကကြီးက ထွက်ခွာသွားတာ အလွန်ရုတ်တရက်ဆန်၏။ သခင်ကြီးမှာ နောက်ဆုံး တခေါက်ပင် မတွေ့လိုက်ရချေ။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သခင်ကြီးက လက်မခံနိုင်ဖြစ်နေခြင်းပင်။
"အမတ်ကြီး နည်းနည်းလောက် သုံးဆောင်လိုက်ပါဦးဗျ၊ ဒီနေ့တစ်နေ့လုံးဘာမှ မစားရသေးဘူးမလား"
ညီလာခံမသွားခင် ဆန်ပြုတ်တစ်ပန်းကန်သာ စားသွားပြီး ယခုတော့ နေ့လည် စောင်းနေလေပြီ။ ကျန်းမာရေးကောင်းသည့်သူပင် ဘာမှ မစားပဲ နေနိုင်လိမ့်မည် မဟုတ်လောက်။
"တော်ပြီ"
ရှန်ရွေ့ထင် လက်ဝေ့ယမ်းလိုက်ပြီး အသိစိတ်ပျောက်ဆုံးနေဟန်ဖြင့်...
"ရှန်ကျီ မင်းပြောကြည့်!ကျစ်ထျန်က ငါ့ကို အပြစ်တင်နေမယ်လို့ထင်လား?အဲ့တာကြောင့် ဒီဆယ့်ငါးနှစ်လုံးလုံး ငါ့ကိုအိပ်မက်တစ်ခါေတာင်လာမပေးတာထင်တယ်"
တစ်ချိန်က သူဟာ ဝန်ထမ်းငယ်အဆင့်သာ ရှိသေးပြီး ယခုလို ဝန်မင်းဖြစ်မလာသေးပေ။ထိုအချိန်က ဧကရာဇ်မှာ မြို့စားဟောင်း၏သေဆုံးမှုကိုအကြောင်းပြု၍ သူ့အား ရှီယန်မြို့သို့စေလွှတ်သဖြင့် သွားခဲ့ပြီးနောက် အိမ်ပြန်ရောက်သောအခါ သူ့ဇနီးက သွေးထွက်လွန်ပြီး သေဆုံးနှင့်လေပြီ။
လူတိုင်းပြောကြတာက ဝေကျစ်ထျန်သေဆုံးရခြင်းက မွေးဖွားလာသောကလေး၏ နက္ခတ်မကောင်းသောကြောင့်ဟူ၏။ မွေးစားမိခင်ကလည်း ဇနီးဖြစ်သူကိုသဂြိုဟ်ပြီးဖြစ်သဖြင့် သူ့မှာ ရူးမတတ်ခံစားလိုက်ရ၏။ သူ စိတ်နှင့်လူနှင့် ကောင်းကောင်းပင် မကပ်သေး.. ယောက္ခမနှင့် ယောက်ဖသည် သူ့ဆီ ပြေးလာရိုက်နှက်ကြတော့၏။ ထိုသို့ပွက်လောရိုက် အခြေအနေများကြောင့် ဇနီးဖြစ်သူက တစ်ပါးသူ၏ လုပ်ကြံခံရခြင်းလော သူမတွေးမိခဲ့။ ကိစ္စတွေကို စုံစမ်းမည်ဟု အစီအစဉ်ချလိုက်သော်လည်း အိမ်တော်က မူလအတိုင်းမဟုတ်တော့ပဲ ပြောင်းပြန်လှန်ကုန်သည်။ ဝေကျစ်ထျန်ကို ဒုက္ခပေးနိုင်တဲ့ တစ်ဦးတည်းသောလူက ဝေကျစ်ထျန် မဆုံးခင်တွင် ရှန်ရှောင်ကို ရင်ခွင်ထဲပိုက်ပြီး ရောက်ချလာသော်လည်း ပင်မအိမ်တော်တွင် နေထိုင်သောသူလည်း မဟုတ်သည်ကြောင့် မည်သူမှ သံသယမဝင်ပေ။ နောက်ပိုင်း သခင်မကြီး၏အမိန့်ကြောင့် စုံစမ်းခြင်းကိုရပ်လိုက်ရပြီး ဝေကျစ်ထျန်က သွေးထွက်လွန်ကာ သေဆုံးသွားရသည်ဟု အတင်း လက်ခံလိုက်ရသည်။
ထိုအချိန်က ချစ်ရသူကို ဆုံးရှုံးရသူမှာ သူတစ်ယောက်ထဲ မဟုတ်တာကြောင့် ရှန်လျန့်ကိုပွေ့ပြီး နှစ်ဆ ပိုချစ်ပေးမည်ဟု ပြောခဲ့သည်။ သေချာပေါက် အဖေနှစ်ယောက်၏မေတ္တာ ရပြီး ပိုပျော်ရွှင် ရစေရန် လုပ်ပေးချင်ခဲ့သည်။ သို့သော်... ရက်အနည်းခန့်ကြာပြီးနောက် တောက်ဆရာ တစ်ဦးရောက်လာကာ တုံးလင်တစ်အိမ်တော်လုံးက နတ်ဆိုးအငွေ့အသက်များလွှမ်းမိုးနေသဖြင့် သွေးစီးဆင်းမှုတွေ ဖြစ်လိမ့်မည်ဟု ဟောပြောခဲ့သည်။
အစက ထိုစကားတွေကို ရှန်ရွေ့ထင်အယုံကြည်မရှိသဖြင့် အိမ်ထဲ မပင့်ဖိတ်ခဲ့ပါ။ ထိုဘုန်းတော်ကြီးက အလွန်ခေါင်းမာသည်။ ရက်ပေါင်းများစွာ အိမ်တော်တံခါးရှေ့မှာ ရှိနေပြီးနောက် သခင်မကြီးက သူ့ကိုသတိပေးလာသည်။ ဘာမှ မယုံကြည်တာထက်စာရင် တစ်ခုခုကို ယုံကြည်လိုက်တာ ပိုကောင်းသည် ဟူ၏။ တောက်ဆရာ၏ဟောကိန်းများကို နားမထောင်ချင်သော်လည်း ရှန်ရွေ့ထင်က သူ့ကိုအိမ်တော်ထဲ ဖိတ်လိုက်မိ၏။
တောက်ဆရာက ရှန်ရွေ့ထင်အား ရက်များစွာ စောင့်ဖမ်းနေခဲ့ပြီး တစ်ကယ်တမ်း အိမ်တော်ထဲ လက်ဖက်ရည်သံုးေဆာင်ရန် ပင့်ဖိတ်ခံရသောအချိန်တွင် အလောတကြီးဖြစ်မနေခဲ့သလို အခြားဆုလာဘ်ပိုင်ဆိုင်ခွင့်တွေလည်း တောင်းဆိုလာခြင်းမရှိခဲ့ပါ။ ထိုအစား သူက အိမ်ကိုပတ်ကြည့်ချင်ကြောင်းပြောလာသည်။ ပင်မအိမ်တော်ကို ဖြတ်ကျော်သွားချိန်တွင် ရုတ်တရက်ရပ်တန့်လိုက်ပြီး ဤအိမ်၏ သားအငယ်ဆုံးက ဂြိုဟ်ဆိုးဖြစ်ပြီး မိဘကိုပြန်သတ်လိမ့်မည်ဟု ပြောခဲ့သည်။ ကလေးအား မစွန့်ပစ်ပါက တုံးလင်အိမ်တော်က ငြိမ်းချမ်းစွာ နေနိုင်လိမ့်မည် မဟုတ်ပဲ သေဆုံးခြင်းတွေသာ တိုးလာမည် ဟူ၏။
ထိုစကားကြောင့် ရှန်လျန်က သူ့ဇနီးကိုသေစေခဲ့ခြင်းလားဟု သံသယဝင်မိသွားသည်။ တောက်ဆရာ၏ စကားကို မယုံကြည်ခဲ့သော်လည်း ထိုဘုန်းတော်ကြီးက ရှန်လျန်၏မွေးနေ့မွေးရက်ကိုပါ တိကျစွာဟောပြောလာခဲ့သည်။ ရှန်လျန်၏မွေးနေ့က သွေးစွန်းစေသည့် အမှောင်တိမ်တိုက်အတွင်းကျရောက်ကာ ယင်ဓာတ်အများအပြား ထုတ်လွှတ်သည့်ရက်ဖြစ်သဖြင့် ဝေကျစ်ထန်ကို သေဆုံးစေခဲ့သည်ဟု ဆက်ဟော၏။
ရှန်ရွေ့ထင် အလွန်အံ့အားသင့်သွားပြီး ယုံကြည်သွားသည်။ ဘုန်းတော်ကြီးသာ ပညာအစွမ်းမရှိလျှင် ယခုလို ဘာဖြစ်ခဲ့မှန်း တိကျစွာ ဟောနိုင်ပါ့မည်လော။
ကျစ်ထျန် သေဆုံးသွားရခြင်းကို လက်မခံနိုင်ဖြစ်ပြီး ရင်ထဲမှ နာကျင်မှုသည်လည်း ပျောက်ကွယ်မသွားသေးပေ။ သူ့သား၏ နက္ခတ်ဆိုးကို သူဂရုမစိုက်သော်လည်း ချစ်ဇနီးအားသေဆုံးစေခဲ့ခြင်းကိုတော့ ခွင့်မလွှတ်နိုင်ပေ။ ထိုအခိုက် ဆောင့်တက်လာသည့်ဒေါသကြောင့် ကလေးထိန်းထံမှ ရှန်လျန့်ကိုဆွဲယူပြီး မြေပြင်ပေါ် ပစ်ချရန်ပြင်ကာ ချစ်ဇနီးအတွက် လက်စားချေချင်ခဲ့သည်။ သို့ရာတွင် သားကြီးရှန်တာ့က ဝင်တားခဲ့သည်။ စိတ်ငြိမ်သွားသည့်အချိန်ကျမှ ရှန်ရွေ့ထင်က သူ့လုပ်ရပ်ကို နောင်တရကာ ဘုန်းတော်ကြီးက တိုက်ဆိုင်စွာ ခရီးသွားလှည့်လည်ရင်း ရောက်လာခြင်းဟုတ်မဟုတ် စုံစမ်းစေခဲ့သည်။ ထို့နောက် မြို့တော်တွင် နေတာ မည်မျှ ကြာပြီလဲ ၊ မည်သူေတွနှင့် ရင်းနှီး ပတ်သက်လဲ စသည့်သတင်းအချက်အလက်များ စုံစမ်းစေခဲ့သည်။
အဆုံးမှာတော့ ဘုန်းတော်ကြီးက မြို့တော်သို့ ပထမဆုံးရောက်သည့်နေ့မှာပင် တုံးလင်အိမ်တော်ဆီ တိုက်ရိုက်လာခဲ့ပြီး မည်သူနှင့်မှ မဆက်သွယ်ခဲ့ ဟုသိရ၏။ ထိုအကြောင်းကြောင့်ပဲ ဘုန်းတော်ကြီး၏ စကားကို ယုံကြည်သွားခဲ့ရသည်။ ထိုအချိန်မှစကာ ရှန်လျန့်အား အိမ်ဝိုင်းအစွန်ဆုံးက ခြံဝန်းဆီ ပို့လိုက်ပြီး ကလေး၏သေခြင်းရှင်ခြင်းကို လုံးဝ စိတ်မဝင်စားခဲ့တော့ပေ။
"အမတ်ကြီးဗျ၊ ပဉ္စမသခင်လေးပြောတာ မမှားဘူးဗျ၊ သခင်မက သူ့ကို ကိုးလလွယ် ဆယ်လဖွားခဲ့တာ ၊သူ့သားကို ခုလို ကလေးထိန်းနဲ့ ပစ်ထားပြီး အနိုင်ကျင့်ခံနေခိုင်းမယ်လို့သိခဲ့ရင် ဘယ်လောက်တောင် ရင်ကွဲလိမ့်မလဲ"
ရှန်ရှန်ကလည်း တစ်ခုခုမှားနေမှန်း ခံစားမိသော်လည်း သူ့တွင် သက်သေမရှိပေ။ ဒီနှစ်တွေမှာ သခင်ကြီးကို ဖြောင်းဖျရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း သခင်ကြီးက နားထောင်ရန်ငြင်းပယ်ခဲ့သည်။ နောက်ပိုင်းတော့ သူလည်း ထုတ်မပြောဖြစ်တော့ပါ။ သခင်ငယ်လေးက တိုင်းပြည်အစွန်အဖျားမှာ အစေခံနဲ့ ငါးနှစ်လုံးလုံး နေနေရသဖြင့် သူ့ရင်ထဲမကောင်းသလို သခင်ကြီးလည်း စိတ်ချမ်းသာမယ် မထင်ပါ။
"အင်း.. သူမုန်းရင်လည်း မုန်းသင့်ပါတယ်လေ ..."
ရှန်ရွေ့ထင် စိတ်ဓာတ်ကျသွားတော့သည်။ ရှန်လျန့်စကားတွေက နားထဲ ဝင်လာပြီး သူ့မိသားစုဖြစ်တဲ့ ဝေကျစ်ထျန် ၊ရှန်တာ့နဲ့ ရှန်လျန်တို့ကိုမြင်ယောင်ပြီး ဒီဘဝတော့ အမှားပြင်ရန်မဖြစ်နိုင်တော့ကြောင်း တွေးမိ၏။ ဝေကျစ်ထျန်ကို ဆုံးရှုံးတဲ့နေ့ကတည်းက သူ့တစ်ဘဝလုံး ရှုပ်ထွေးပြီး ပရမ်းပတာ ဖြစ်သွားခဲ့ရ၏။
3616 words
Grape 🍇