'ရွေးချယ်စရာ မရှိလို့သာ'
"ရှန်လျန် မင်းက တစ်ကယ် သန္ဓေယုတ်တဲ့ကောင်ပဲ၊အစတည်းက တစ်ခါတည်း သတ်ပစ်ခဲ့ရမှာ"
"ဦးလေး ကျွန်တော်တို့ကိုကယ်ပါဦး၊ ချောင်အာက ရူးနေမှန်း ကျွန်တော်တို့ တစ်ကယ် မသိတာပါ...ဦးလေး...."
ရှန်ရွေ့ချင်က ဒေါသထွက်ထွက်နဲ့ ကျိန်ဆဲနေသည်။
ရှန်ယန်က ငိုရင်း ရှန်ရွေ့ထင် တစ်ဦးတည်းသာ ကယ်နိုင်မည့်သူရှိတာကြောင့် သူ့ဦးလေးဆီ အသနားခံသည်။
ဒါပေမယ့် ကံမကောင်းစွာနဲ့ ရှန်ရွေ့ထင်ရဲ့ အာရုံစိုက်မှုအလုံးစုံကို ရှန်လျန်ကသာ ပိုင်စိုးထားခဲ့ပြီး ငိုယိုအသနားခံသည့်အသံကိုမကြားပေ။
ရှန်လျန်ကတော့ရှင်းသည်။ ကူညီဖို့ရန် အစီအစဉ် လုံးဝ မရှိပါ။
"ရန်အရာရှိခင်ဗျာ.. အရှင်မင်းကြီးက ရှန်ချောင်ရဲ့ မိသားစုကို ဘယ်လိုပဲ အပြစ်ပေးပါစေ ဝန်မင်းက လက်ခံတယ်ဆိုတဲ့အကြောင်း ကျေးဇူးပြုပြီး ဧကရာဇ်ဆီ စကားေကာင်းေပြာပေးလို့ရမလား...နိုင်ငံတော်အတွက် အလုပ်လုပ်ပေးခဲ့တဲ့ နှစ်တွေကို ထောက်ထားပြီး ကျွန်တော့်အဖေကို တော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"
ရှန်လျန်က ရန်ဝမ်လိရှေ့သွားပြီး တလေးတစားဦးညွှတ်ကာ အဖေ့အတွက် အကူအညီတောင်းသလို ဒုတိယမိသားစုနဲ့ဆက်ဆံရေးပြတ်စဲမှုအပေါ်လည်း အတိအလင်းကြေငြာသည်။ စစက ကူညီရန် စိတ်ကူးမရှိခဲ့၊ တုံးလင်တစ်အိမ်လုံး ပျက်စီးသွားလည်း သူက မမှုပေ။ ဘာပဲဖြစ်ဖြစ် အဖိုးတို့လည်း ပြန်လာတော့မယ့်အပြင် သူက ယွမ်ရွှင်းနဲ့ လက်ထပ်တော့မှာပဲလေ။
ဒါပေမယ့် အခြေအနေက မပေးပေ။ မိဘအိမ်ကထွက်သွားလို့ရပေမယ့် မိဘအိမ်ကိုဖျက်စီးရန်ကား မဖြစ်သင့်။ အစ်ကိုဖြစ်သူပြန်လာရန်အတွက်လည်း လိုအပ်သေးသည်။ ထို့အတွက် တုံးလင်သခင်ကြီးကို မတတ်သာပဲ ကူညီရတော့၏။
"တူလေး ရှန် စိတ်ချပါ၊ ကျုပ် အရှင်မင်းကြီးဆီ အမှန်အတိုင်းလျှောက်တင်မှာပါ၊ ဒါဆို အလုပ် တာဝန်ရှိသေးလို့ ခွင့်ပြုပါဦး၊ဪ တစ်ကယ်လို့ တူလေး လမ်းကြုံရင် ကျုပ်တို့ဌာနကိုအလည် ဝင်ခဲ့ပါဦး၊ဖိတ်ခေါ်ပါတယ်"
ဒီမိသားစုထဲက ဘယ်သူ့ကိုမှ မျက်နှာသာပေးလို့မဖြစ်ပေမယ့် ရှန်လျန်ကတော့ ချွင်းချက်ဖြစ်သည်။ ချင်ဖင်းမြို့စား၏ အနာဂါတ်မြို့စားကတော်ဖြစ်သလို အသည်းကျော်ပဲလှော်လေးဖြစ်၏။
လက်ရှိမှာတောင် နာမည်ဂုဏ်သတင်းကကျော်စောတဲ့အပြင် အပေါင်းအသင်းမိတ်ဆွေနောက်ခံဟာလည်း တော်ရုံမဟုတ်ရာ ရှန်လျန်၏ အကူအညီတောင်းမှုအား မျက်နှာလွဲခဲပစ် မလုပ်နိုင်ပေ။
"ရန်အရာရှိ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ရှန်လျန် နောက်တစ်ကြိမ် ဂါရဝပြုလိုက်သည်။
ရန်ဝမ်လိက စိတ်ကျေနပ်စွာ ခေါင်းဆတ်ပြပြီးနောက် အရာရှိငယ်တို့ကို အချက်ပြကာ ငိုနေသေးတဲ့ အပြစ်သားများအား ဆွဲခေါ်သွားစေသည်။
"ဒေါ်လေးစွင်း ကျန်တဲ့ကိစ္စ ဒေါ်လေးနဲ့ လွှဲပေးခဲ့ပြီနော်"
လျိုရှုဟန်တို့သားအမိနဲ့ ရှန်ရွေ့ကျန်းတို့ကို လှည့်ကြည့်ခြင်းမရှိပဲ သာမာန်ဆန်စွာ မှာကြားခဲ့လိုက်သည်။ ထို့နောက် ရှန်ရွေ့ထင်ဆီ သွားကာ ...
"သခင်ကြီး.. ကျွန်တော် ပြန်ပို့ပေးမယ်"
"ဟင်? အင်း ဟုတ်ပြီ"
သူ့ကိုဆက်ပြီး ဂရုစိုက်နေဦးမယ်လို့ မထင်ထားမိသဖြင့် ကြောင်အမ်းနေခြင်းဖြစ်၏။ အဖေလို့ဆက်မခေါ်တော့ပေမယ့် ရှန်ရွေ့ထင်က တခြားသူတွေကို လစ်လျူရှုပြီး သူ့သားနဲ့ ပျော်ပျော်ကြီး လှည့်ပြန်သွားတော့၏။
"ဟာကွာ!"
ညအမှောင်ထဲ ပျောက်ကွယ်သွားသူတွေကိုကြည့်ပြီး ရှန်ချောင် ပေါက်ကွဲနေသည်။ လျိုရှုဟန်ရဲ့ မျက်နှာက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေရပြီး အံတကြိတ်ကြိတ်။
ရှန်ရွေ့ထင် အဲ့ဒီညက ဝမ်ယွဲ့မြို့ကိုသွားတာ ဖြစ်နေမလား? အမှန်တရားကို သိသွားပြီးရင်လည်း သူ့ကို ဒီတိုင်း လွှတ်ပေးထားစရာ အကြောင်းမှမရှိတာ... ဟွေအန်းဘုန်းတော်ကြီးက တရားခံဟာ သူပဲဆိုတာ ဟော လိုက်မှာပဲလေ။
"ခုဏက ကျွန်တော် ဝင်ရှုပ်လိုက်တာ... သခင်ကြီး စိတ်မဆိုးဘူးမလား"
ရှန်ကျီက ရှန်ရွေ့ထင်ကို လှဲလျောင်းနိုင်ရန် ကူညီပေးနေသည်။ ရှန်လျန်က သရော်သံအပြည့်ဖြင့် မေး၏။ ရှန်ရွေ့ထင်က ဖြည်းညှင်းစွာ ခေါင်းခါ၏။ ရှန်ကျီက ကြားထဲမှ သက်ပြင်းချလျက် သခင်ကြီးကို ကုတင်ခေါင်းရင်းမှာ ကျောမှီထိုင်နိုင်ရန် ကူညီပေးလိုက်သည်။
"ပျော်တောင် ပျော်မိသေးတယ်"
ရှန်ရွေ့ထင်က ချစ်ခင်ကြင်နာစွာကြည့်၏။ ရှန်လျန်က ဖခင်မေတ္တာ မရခဲ့တာ အချိန်ကြာလှပြီဆိုတဲ့အချက်က်ုတော့ မေ့နေပုံပင်။
"ကျွန်တော်လာတာ အရေးကြီးကိစ္စ ပြောစရာရှိလို့၊ သခင်ကြီး အလေးအနက်ထားမှ ဖြစ်ပါမယ်"
အကုန်ဖွင့်ချလိုက်ဖို့ ရှန်လျန်ဆုံးဖြတ်ပြီးဖြစ်သည်။ ဆန္ဒမရှိပေမယ့် အခြေအနေက ခုလိုလုပ်ရန် တွန်းအားပေးနေသည်။ ဖခင်ဝတ္တရားမကျေနိုင်ခဲ့ပေမယ့် ပြန်လည် အဖတ်ဆည်ဖို့အခွင့်အရေး ပေးလိုက်မည်။
"ကောင်းပြီ၊ ပြောပါ"
ရှန်ရွေ့ထင်ရဲ့ အကြည့်က လေးနက်သွားသည်။ ရှန်လျန်ပြောမည့်ကိစ္စက ဖြေရှင်းရန် မလွယ်လောက်ဘူးထင်သည်။
ဒီဘဝမှာ သားဖြစ်သူကို တောင်းပန်စကားဆိုလည်း ခွင့်လွှတ်ခံရမှာ မဟုတ်သဖြင့် ရင်ထဲ အသည်းထဲ ဓားနက်နက် ထိုးစိုက်ခံရသလို နာသည်။ ဖခင်တစ်ေယာက်အေနနဲ့ သားအပေါ်အကြွေးများစွာ တင်နေသဖြင့် ပြောလာသမျှ ကြိုးစားဖြေရှင်းပေးရန် အားခဲထားလိုက်သည်။
"အစ်ကိုကြီးရဲ့သတင်းရောက်လာတယ်၊ အနောက်မြောက်ဘက်နယ်စပ်မှာ အဆိပ်မိပြီး မေ့မျောနေတယ်တဲ့"
"ဘာ!!!"
ရှန်ရွေ့ထင် ထိတ်လန့်ပြီး မျက်လုံးကပြူးကျယ်လာသည်။ ဘယ်လိုလုပ် တာ့အာက...
"အရမ်းစိတ်မလောပါနဲ့၊ စကားဆုံးအောင် နားထောင်ပြီးမှ စိတ်လှုပ်ရှားလဲ နောက်မကျသေးဘူး"
ရှန်လျန် တည့်တည့်ကြည့်ပြီး ဆက်ပြောသည်။
"မတတ်သာတဲ့အခြေအနေဆိုတော့လည်း ဝေ့ဝိုက်မနေတော့ဘူး၊ ကျွန်တော်ဆက်ပြောမယ့်စကားက အားလုံးအမှန်တရားပဲ၊ ယုံတာ မယုံတာ သခင်ကြီး အပိုင်း၊ ကျွန်တော့်အစ်ကိုကြီးကို သတ်ဖို့ကြိုးစားတဲ့သူက ရန်သူစစ်တပ်က မဟုတ်တာ သေချာသလို ပြည်သူမဟုတ်တာလည်း ကျိန်းသေတယ်၊ ဘာလို့ဆို အစ်ကိုက ကောင်းကျိုး ထမ်းဆောင်ပေးနေတော့ ပြည်သူတိုင်းက သူ့ကိုအကောင်းမြင်တယ်၊ အစ်ကိုသာ မြို့တော်ပြန်လာခဲ့ရင် အကျိုးသက်ရောက်ခံရမယ့်သူက သခင်ကြီးရဲ့ဇနီးနဲ့ သားပဲ၊ ဒီတော့ ဘယ်သူ လုပ်ကြံလည်းဆိုတာ ရှင်းနေပြီ"
"လျိုရှုဟန်!"
ရှန်ရွေ့ထင် လက်သီးတင်းတင်းဆုပ်သည်။ အံကြိတ်ပြီး နာမည်တစ်လုံး ထုတ်ပြောလိုက်သည်။
ရှန်လျန့်စကားက မမှားနိုင်ပါ၊ ဒီနှစ်တွေအတွင်း ရှန်လျန့်အပေါ် ဘယ်လိုဆက်ဆံခဲ့သလဲ သိနေပြီပဲ၊ သားကြီးကိုလည်း မဟုတ်တာလုပ်မှာ သေချာတယ်။
"ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သူက အိမ်တော် သခင်မဖြစ်နေတယ်၊ နောက်ထပ် ကျွန်တော် တွေ့ထားတဲ့ အချက်ရှိသေးတယ်၊ လျိုဝမ်ကျင်းက တော်ဝင် ပါမောက္ခရဲ့ မွေးစားသား တဖြစ်လဲ စတုတ္ထမင်းသားရဲ့ လူပဲ"
"ဘာပြောလိုက်တာ?"
ရှန်ရွေ့ထင် အံ့ဩပြီးရင်းအံ့ဩနေရသည်။ လျိုဝမ်ကျင်းက တော်ဝင် ပါမောက္ခရဲ့ မွေးစားသား တဖြစ်လဲ စတုတ္ထမင်းသားရဲ့ လူတဲ့လား...။
"တစ်ကယ်ပြောချင်တာက ခုမှလာမှာ၊ ကျွန်တော် အနောက်မြောက် နယ်စပ်ဆီ သွားပြီး အစ်ကို့ကိုဆေးသွားကုပေးဖို့ဆုံးဖြတ်လိုက်ပြီ၊ အဖေသာ ကျွန်တော်နဲ့ အစ်ကိုကြီးကို သားလို့ သတ်မှတ်သေးရင် ကျွန်တော့်ခြံဝန်းကို ကောင်းကောင်းစောင့်ရှောက်ပေးပါ"
ရှန်လျန် အနားတိုးသွားကာ ရှန်ရွေ့ထင်၏ လက်သွေးကြောကို စမ်းကြည့်ရင်း ဆက်ပြောသည်။
"ဘာလို့လဲဆိုတော့ အစ်ကိုကြီးရဲ့မျိုးဆက်က ကျွန်တော့်အိမ်မှာ ရှိနေလို့ပဲ"
"ဘယ်သူရှိတာ?"
ရှန်လျန့်လက်ကို ဆွဲကိုင်လိုက်ပြီး ရှန်ရွေ့ထင် ရဲ့နှုတ်ခမ်းက တဆတ်ဆတ် တုန်ရီလာသည်။
"နောက်တစ်ခေါက်ပြန်ပြောပါဦး၊ အိမ်မှာ ဘယ်သူရှိတာ?"
အစပိုင်းတော့ စစ်တိုက်နယ်မြေဘက် သွားမယ့် ရှန်လျန့်အတွက် စိုးရိမ်နေခဲ့ပြီး မသွားရန်ဖြောင်းဖြချင်ခဲ့သည်။ မထင်မှတ်ပဲ စိတ်လှုပ်ရှားစရာ ကိစ္စ ထပ်သိလိုက်ရသည်။
"ကျွန်တော်ပြောတာ သခင်ကြီးရဲ့မြေး ရှိတယ်လို့၊ ယိုအာက မွေးစားသား မဟုတ်ဘူး၊ တာ့ကောရဲ့ သွေးသားအရင်းပဲ၊ ယိုအာ အန္တရာယ်ကင်းအောင်လို့ သူ့ကိုမွေးစားဖို့ခေါ်လာတာဆိုပြီး လိမ်ပြောလိုက်တာ"
သားအဖနှစ်ယောက် အကြည့်ချင်းဆုံပြီးနောက် ရှန်လျန်တစ်လုံးချင်း ရှင်းပြသည်။
"က...ကလေးက ငါ့မြေးတဲ့လား? ငါ့မှာ မြေးရှိတယ်"
ထပ်မံ အတည်ပြုလိုက်ပြီး သေချာသွားသော် ရှန်ရွေ့ထင် မျက်ရည်ဝေ့သည်။ မြေးလေး..အဲ့ဒီကလေးက တာ့အာရဲ့ သွေးသားအရင်းတဲ့ ၊ သူ့မှာ မြေးဦး ရှိပြီပေါ့....
"ဟုတ်တယ်၊ သခင်ကြီးမှာမြေးဦးရှိနေပြီဗျ၊ နောက်ဆုံးတစ်ခေါက် ပဉ္စသခင်လေးဆီ ငွေတုံးသွားပို့ခိုင်းတုန်းက ကျွန်တော် သခင်ငယ်လေးကိုတွေ့ခဲ့တယ် ၊အကြီးဆုံးသခင်လေးနဲ့ ချွပ်စွပ်ဗျာ"
ရှန်လျန် ရှည်ရှည်ဝေးဝေး ဆက်ပြောနေရန် စိတ်သိပ်မပါ၊ မှင်နဲ့ စာရွက်ယူပြီး ဆေးညွှန်းချရေးလိုက်သည်။ အရှေ့ဆောင်၏အိမ်ထိန်း ရှန်ကျီက စိတ်လှုပ်ရှားစွာ ဝင်ပြောသည်။
ကလေးက တစ်ကယ်ပဲ အကြီးဆုံးသခင်လေးရဲ့ သားဦးဖြစ်နေတာကိုး၊ ဒါကြောင့် ရင်းနှီးနေပါတယ်လို့၊ တစ်ကယ်မထင်ထားဘူး၊ ကောင်းလိုက်တာ၊အကြီးဆုံး သခင်လေးမှာ မျိုးဆက်ရှိနေပြီ၊ သခင်ကြီးလည်း မြေးချီရပြီ၊ ဒီမိသားစုလေးက အနာဂါတ်မှာ သေချာပေါက် ပိုပိုကောင်းလာဖို့ပဲရှိတော့တယ် ။
"ဟုတ်လား၊ မြေးလေးနဲ့ တွေ့ချင်လိုက်တာ"
ရှန်ရွေ့ထင် သဘောတကျ ပြုံးသည်။ မြေးလေးက တာ့အာနဲ့ ဘယ်လောက်ထိ တူမလဲ ဆိုတာတွေးရင်း စိတ်ထဲ ရုတ်တရက် တာ့အာက ကလေးရှိတာ သူ့ကိုအရင်မပြောမှန်း အမှတ်ရသွားသည်။ သို့နှင့်မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြန်သည်။
တာ့အာ သူ့ကို မကျေမနပ် ဖြစ်နေတုန်းထင်တယ်၊လျန်လျန်သာ မပြောပြရင် သူ့မှာ မြေးရှိမှန်းတောင် သိရမှာ မဟုတ်ဘူး၊ အဖေတစ်ယောက်အနေနဲ့ သားနှစ်ယောက်အပေါ် ဘာတာဝန်မှ မကျေပွန်ခဲ့မိဘူး။
"ဦးလေးရှန်... ဒီဆေးညွှန်းအတိုင်း တစ်နေ့သုံးကြိမ် အစာစားပြီးတိုင်း ဆေးတိုက်ရမယ်၊ မကြာခင် နေကောင်းသွားလိမ့်မယ်"
မှင်ခြောက်သွားတာနဲ့ ဆေးညွှန်းစာရွက်ကို ရှန်လျန် ကမ်းပေးလိုက်သည်။
"ဟုတ်ကဲ့"
ရှန်ကျီ ဝမ်းပန်းတသာဖြေလိုက်ပြီး နည်းနည်း ရှက်ရွှံ့နေခဲ့တယ်။
"ပဉ္စမသခင်လေး.. သခင်ကြီးရဲ့ ကျန်းမာရေးက..."
ရှန်လျန် လက်ဆန့်ပြီး ဆက်မပြောရန်တားလိုက်သည်။ ထို့နောက် ရှန်ရွေ့ထင်ကို ပြောလိုက်သည်။
"တစ်ကယ်လို့ ကျွန်တော်နဲ့ အစ်ကိုကြီးမုန်းတာမခံချင်ရင် မြန်မြန် နေကောင်းအောင်နေပြီး ယိုအာ့ကို ကောင်းကောင်းကာကွယ်ပါ၊ သခင်ကြီး ဒါနောက်ဆုံးတစ်ကြိမ် ယုံကြည်ချက်ပေးတာနော်၊ ကျွန်တော်တို့ စိတ်ပျက်ရအောင် ထပ်မလုပ်ရင် ကောင်းမယ်"
ခွင့်လွှတ်လိုက်တာ မဟုတ်ပါ၊ ရှန်ရွေ့ထင်က ပြန်ပြင်ရန်ဆန္ဒရှိသဖြင့် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ယိုအာရဲ့ လုံခြုံရေးက အားလုံးထက် ပိုအရေးကြီးသည်။
"မဖြစ်စေရဘူး၊ စိတ်ချ၊ ငါ့ကိုယုံကြည်ပေးလို့ တစ်ကယ် ကျေးဇူးတင်ပါတယ်"
ရှန်ရွေ့ထင် အမြန် အာမခံချက်ပေးကာ မျက်ရည်ဝေ့လျက် စိတ်ထဲ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချသည်။
ဒီတစ်ကြိမ် အသက်ပဲ ပေးရပေးရ သူတို့တွေ ကို ဒုက္ခရောက်အောင် ထပ်မလုပ်တော့ဘူး။
"ယုံကြည်လွန်းလို့တော့ မဟုတ်ဘူး၊ ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့သာ"
ရှန်လျန် အလျှော့မပေးတာကို အပြစ် မဆိုစေချင်၊ ရင်ထဲထိ ဝင်ရောက်နေတဲ့ မကျေမချမ်းဖြစ်မှုကြီးက အလွယ်လေး ပြေဖျောက်သွားဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲလေ။
"ငါ နားလည်ပါတယ်"
ရှန်ရွေ့ထင် နေရခက်စွာနဲ့ ခေါင်းငုံ့သွား၏။ တစ်ခဏကြာမှ လေးလေးနက်နက် အကြည့်ဖြင့် ခေါင်းပြန်မော့လာပြီး..
"စိတ်မပူနဲ့၊ ငါ ကတိပေးတယ်၊ လျန်လျန့်ရဲ့ ခြံဝန်းထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး"
သားကြီးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပြင် သားငယ်လည်း သူ့ကြောင့် ခဏခဏ သေမလိုဖြစ်ခဲ့ရသည်။ မြေးလေးအလှည့်မှာတော့ သေချာပေါက် အကောင်းဆုံး ကာကွယ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်၏။
"အဲ့ဒီအတိုင်း ဖြစ်ပါစေ၊ လျိုရှုဟန် လုပ်တဲ့ကိစ္စတွေကို လတ်တလော မသိချင်ယောင်ဆောင်လိုက်ပါ၊ ကျွန်တော်နဲ့ တာ့ကောပြန်လာတဲ့အထိပဲ စောင့်ပေး၊ ပြီးတော့ ရှန်ချောင်အရူးထတဲ့ကိစ္စနဲ့ ဒုတိယမိသားစုက အစစ်ဆေးခံနေရတယ်၊ ဝင်မပါတာ အကောင်းဆုံးပဲ၊ အတတ်နိုင်ဆုံး ပြဿနာနဲ့ ခပ်ကင်းကင်းနေတာ ကောင်းတယ်"
ဒုတိယမိသားစုကိစ္စက လျန်လျန်မပြောလည်း သူက ဂရုမစိုက်တာမို့ ကိစ္စမရှိ၊ဒါပေမယ့် လျိုရှုဟန်ကို လွှတ်ထားပေးဖို့ရာက....သားကြီးကို ပါ ဒုက္ခပေးတဲ့သူမှန်း သိပြီးတာတောင် မသိချင်ယောင်ဆောင်ထားရဦးမယ်ဆိုတော့....
"သခင်ကြီး ပဉ္စမသခင်လေးရဲ့ စကားအတိုင်းလိုက်လုပ်လိုက်တာ ပိုကောင်းပါမယ်"
ရှန်ကျီက ဘေးမှ နေ၍ တိုက်တွန်းသည်။ ပဉ္စမသခင်လေးက တော်ရုံ စကားလက်စုံပြောခဲသူ ဖြစ်ရာ ယခုအချိန်မှာ မယားငယ်အတွက်နဲ့ အချင်းများနေတာမျိုး မဖြစ်သင့်ပေ။
"ငါသိပြီ၊ လျန်လျန် ပြန်မလာသေးမချင်း သူ့ကိုဘာမှ မလုပ်ဘူး၊ အကျယ်ချုပ်ချထားမယ်"
ရှန်ရွေ့ထင်က သက်ပြင်းရှည်ချပြီး လိုက်နာသည်။
"အင်း"
ရှန်လျန် ခေါင်းငြိမ့်ပြီး ပြန်သွားတော့မည့်ဟန်ကြောင့် ရှန်ရွေ့ထင်အမြန် ဟန့်တားလိုက်ပြီး..
"လျန်လျန်... အနောက်အရပ်နယ်စပ်ကိုသွားရင် အန္တရာယ်များတယ်၊ ငါ့ ကိုယ်ရံတော် ခေါ်သွားမလား၊ အရေးကြုံရင် ကယ်တင်ပေးမယ့်သူရှိတာပေါ့"
ရှန်လျန် ရပ်သွားတာမြင်တော့ ရှန်ရွေ့ထင် အကြံပေးလိုက်သည်။ ကိုယ်ရံတော်ကိုပင်အမိန့်ပေးရန် လက်မြှောက်လိုက်စဉ် ရှန်လျန်မှ အေးစက်စွာ ကြည့်ခံလိုက်ရသည်။
"မလိုတော့ဘူး၊ ချင်ဖင်းမြို့စားလည်း အတူလိုက်မှာ၊ သခင်ကြီးရဲ့ ကိုယ်ရံတော်ကို ဒီမှာပဲ သေချာစောင့်ရှောက်ခိုင်းလိုက်ပါ"
"ဟင်?"
ရှန်ရွေ့ထင် စိတ်မပျက်သွားပဲ ပိုတောင် ဝမ်းသာသွားသေး၏။
"တော်သေးတာပေါ့၊ မြို့စားမင်းရဲ့ သံမဏိစစ်သည်က ပြိုင်စံရှားတယ်၊ မင်း အန္တရာယ်ကင်းလိမ့်မယ်၊ အဲ့လိုဆိုပေမယ့်လည်း အရေးပေါ်ကိစ္စကြုံရင် မင်းရဲ့ လုံခြုံဘေးကင်းရေးကိုပဲ ဦးစားပေးရမယ်ဆိုတာ မှတ်ထားဦး၊ ပြီးတော့ တာ့အာ နေကောင်းတယ်ဆိုရင် မြို့တော်ဆီ စာပို့ခဲ့၊ အိမ်အတွက်လည်း စိတ်မပူနဲ့"
ရှန်ရွေ့ထင် အောင့်အီးမနေနိုင်တော့ပဲ ဖွင့်ထုတ်လိုက်သည်။ ရှန်လျန့်ကို မည်မျှထိ စကားများများပြောချင်လည်း ဘုရားသာ သိလိမ့်မည်။
"အင်း"
"ခဏလေး!"
ရှန်လျန်က တစ်ဖန် ထွက်သွားတော့မည့်ဟန်ကြောင့် ရှန်ရွေ့ထင် ခေါ်ပြန်သည်။ ပြီးမှ တစ်ဖက်လူ စိတ်မရှည်ဖြစ်မှာ စိုးပြီး လျှာလိပ်ပလိပ်နဲ့ အမြန်ပြော၏။
"အဖေ ကလေးကို သွားတွေ့လို့ရလား"
"လုပ်ချင်သလိုလုပ်"
ရှန်လျန် အမှန်တစ်ကယ် စိတ်မရှည်တော့ပါ၊ ပြောချလိုက်ပြီး အမြန်ထွက်ခဲ့လိုက်သည်။
"အဟွတ်...ဟွတ်"
အရိပ်အယောင်ပျောက်ကွယ်သွားမှ နောက်ဆုံးတော့ ရှန်ရွေ့ထင် လွတ်လွတ်လပ်လပ်ချောင်းဆိုးနိုင်သည်။
ရှန်ကျီက ရေနွေးအမြန်ငှဲ့ပေးပြီး သခင်ကြီး၏ ကျောကုန်းကိုအသာပုတ်ပေးသည်။
"သခင်ကြီး ပဉ္ဇမသခင်လေးက သူ့စိတ်ထဲ အပြစ်ပေးဖို့ တွေးထားပြီးဖြစ်လောက်မယ်၊ ကျွန်တော်တို့ မလောပဲ စောင့်ကြည့်ရအောင်ပါ၊ သခင်ငယ်လေးအတွက်လည်း တွေးပေးရဦးမယ်လေ၊ သူ့မှာ အဖိုးနဲ့တွေ့ဖို့ စောင့်နေရလောက်တယ်"
"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ ငါလည်း မြန်မြန် နေကောင်းအောင် လုပ်ရမယ်၊ ယိုအာ့ကို စောင့်ရှောက်ရဦးမယ်"
သခင်ကြီးရဲ့ဘေးမှာ တစ်ဘဝစာလုံး အလုပ်လုပ်ပေးခဲ့သူမို့ အဓိက အချက်ဆီ စကားလမ်းကြောင်း ဆွဲခေါ်နိုင်ခဲ့သည်။ ရှန်ရွေ့ထင်ရဲ့စိတ်ထဲ တစ်ကြိမ်မှမမြင်ဖူးခဲ့သည့် မြေးငယ်လေးအကြောင်းနဲ့ ပြည့်နှက်သွားပြီး တစ်ခြားအရာတွေကို လျင်လျင်မြန်မြန်နဲ့ မေ့ပျောက်သွားခဲ့သည်။
2808 words
Grape 🍇