no

Font
Theme

'ဖွင့်ဟဝန်ခံ'




" အကုန်ပြောပြမယ်၊ စိတ်ကိုအရင် အေးအေးထား၊ စိတ်မလှုပ်ရှားနဲ့"


ထိုအခါမှ ရှန်တာ့စိတ်အေးသွားပြီး ရဲ့လင်ရဲ့လက်ကိုအတင်းဆုပ်ကိုင်မထားတော့ပဲ လွှတ်ပေးလိုက်သည်။ ရဲ့လင်က ရှန်လျန့်အကြောင်းချက်ချင်းမပြောပြပဲ သူ့အင်္ကျီကို ချွတ်ကာ ပတ်တီးဖြည်သည်။ ဒဏ်ရာက ဘာမှ မဖြစ်တာသေချာအောင် စစ်ဆေးသည်။ 


"လောင်ကုန်း ဒီဒဏ်ရာကို သူဘယ်လောက် ကြိုးစားပမ်းစားကုပေးထားရလဲ သိရဲ့လား၊ ခင်ဗျားလှုပ်ရှားလို့ ဒဏ်ရာပြန်ပွင့်သွားရင် သူကြိုးစားထားသမျှ အလကားဖြစ်ကုန်လိမ့်မယ်"


ဟော်ရဲ့လင်က ဆူပူလိုက်ပြီး ပတ်တီးပြန်စီးပေးသည်။ စစ်နတ်ဘုရားဟော်သည် ရှန်တာ့ တစ်ဦးတည်းရှေ့မှာသာ သူ၏နူးညံ့သောတစ်ဖက်ခြမ်းကိုပြသည်။ 


"တောင်းပန်ပါတယ် ကိုယ်က..."


ခေါင်းရှုပ်နေပုံနှင့် ဆူပူလာတာကြောင့် ရှန်တာ့ ချက်ချင်း တောင်းပန်၏။ ဟော်ရဲ့လင်က မျက်လုံးလှန်ကြည့်ကာ သူ့နှုတ်ခမ်းဆီ လက်ညိုးတင်သည်။ 


"တောင်းပန်စကားမပြောရဘူးလေ၊ ကိုယ်တွေကြားမှာ ဒါတွေမလိုဘူးမဟုတ်လား၊ သတိထားမိအောင်ပဲ ပြောပြတာ၊ သေခြင်းရှင်ခြင်းက ခင်ဗျားတစ်ယောက်ထဲအပေါ်မှာ မူတည်တာမဟုတ်ဘူး၊ ငါ့ကို စိတ်ထဲ မထည့်ရင်တောင် အနည်းဆုံးတော့ ခင်ဗျားမှာ ယိုအာနဲ့ လျန်လျန် ကျန်နေသေးတယ်"


" အဲ့လို မဟုတ်ပါဘူး"


ရှန်တာ့က ရဲ့လင် ရဲ့စကားဆုံးသည်ထိ မစောင့်တော့ပဲ လက်ကို ဆွဲကိုင်ပြီး အလေးအနက်ပြောသည်။ 


"ရဲ့လင် ကိုယ်က အဲ့ဒီသဘော မဟုတ်ပါဘူး၊ မင်း..မင်းနဲ့ အတူ ရှိရတာ ကိုယ်ပျော်တယ်၊ ဒါမှန်သော စကားပါ"


ကလေးအသက်ပင် တစ်နှစ်နီးပါးရှိတော့မည် ၊ ခုမှ ချစ်ကြိုက်စကားပြောရသည့်အတွက် ရှန်တာ့ ရှက်နေမိသည်။ သို့ပေမယ့် ရဲ့လင်ရဲ့ အထင်လွှဲနေသော စကားကြောင့် ရှန်တာ့ချက်ချင်းရှင်းပြချင်ခဲ့သည်။ တစ်အိုးတစ်အိမ်ထူထောင်ခဲ့ပြီးမှ တစ်ယောက်ထဲ ခွဲထွက်နေရမယ့်အဖြစ်မျိုး က်မခံနိုင်ပါ၊ ထို့အပြင် သူ ရဲ့လင်ကို ချစ်သည်။ ထုတ်ပြောဖို့နောက်ကျနေမှန်း သိပေမယ့် ပြောစရာရှိတာတော့ ပြောမှဖြစ်မည်။ 


ဟော်ရဲ့လင်ကလည်း ခုလိုအချိန်ကြီးမှာ ရှန်တာ့ရဲ့ဝန်ခံစကားကြားရမယ်လို့ မထင်မိတာကြောင့် အနည်းငယ် ကြောင်အမ်းနေပြီးမှ ကြည်နူးစိတ်နဲ့ ဖက်လိုက်မိသည်။ 


"လောင်ကုန်း ငါလည်း မင်းနဲ့အတူရှိရတာ အရမ်းပျော်တယ်၊ မင်းတစ်ယောက်ထဲကိုပဲ ချစ်တယ်"


ငါးနှစ်၊ ငါးနှစ်ဆိုတဲ့ အချိန်ကိုစောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးမှာတော့ ရှန်တာ့ရဲ့နှုတ်က ဖွင့်ဟလာခဲ့ပြီ။ 


သူက ဘယ်သူမို့လဲ ၊သာမာန်လူမဟုတ်ပဲ.. စစ်နတ်ဘုရားဟော်ရဲ့လင်လေ... 'ကော'တစ်ယောက်ဖြစ်နေရင်တောင် သူ့အပေါ်ချစ်လာဖို့ အချိန်ကိုစိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနိုင်တယ်၊ ငါးနှစ်တိတိ အချစ်စစ်ပွဲမှာလည်း သူအနိုင်ရခဲ့ပြီ။ 


"အင်း ကိုယ်သိတယ်"


အမြဲတမ်းသိနေခဲ့တယ်!


လက်ဝိုက်ကာ ပွေ့ဖက်လိုက်ပြီး ရှန်တာ့ပြုံး၏။ ဟော်ရဲ့လင်က အမြဲတမ်းအေးစက်တဲ့သဘောထားရှိပြီး တစ်သီးတသန့်နေထိုင်တာကြောင့် အထီးကျန်နေတတ်သည်။ ဘယ်သူ့ကိုမှ စိတ်ထဲ တော်ရုံမထည့်တတ်ပေမယ့် ချစ်မိသွားတဲ့အချိန်မှာတော့ သူ့ဘဝထဲထိ ဆွဲခေါ်တတ်သည်။ ပြီးတော့ နူးညံ့ကြင်နာတတ်တဲ့ ပုံစံကိုလည်း ချပြခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ချပြဖို့ ၊ လူရှေ့သူရှေ့ ချစ်ပြဖို့လည်း ဝန်မလေးတတ်သူ ဖြစ်သည်။ ငါးနှစ်တာကာလမှာ လက်လျှော့သွားခြင်းမရှိပဲ သူဝန်ခံလာမယ့်အချိန်ထိ စောင့်နေပေးတာကို အရမ်းဝမ်းသာမိပါသည်။ 


"အဟမ်း"


ချောင်းဟန့်သံသဲ့သဲ့ထွက်ပေါ်လာသဖြင့် လင်လင်နှစ်ယောက် တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြသည်။ သမားတော်ရွှီမှာ မျက်နှာမည်းဖြင့် အခန်းအလယ်၌ လင်ဗန်းတစ်ခုကိုကိုင်လျက် ရပ်နေသောကြောင့် ရောက်နေတာ အချိန်တစ်ခုတော့ရှိလောက်ပြီထင်၏။ ရှန်တာ့ ရှက်သွားသည်။ ဟော်ရဲ့လင်က မပျော်မရွှင်မျက်နှာဖြင့်...


"ငတုံးလိုမျိုး ချောင်းလာဆိုးပြမနေနဲ့၊ ဘယ်သူက မင်းရှိတာ မသိနေလို့လဲ"


အားလျို့ မျက်ရည်မကျပဲ ငိုချင်သွားသည်။ 

သူဆန္ဒပြချင်လို့ ! ရလား? စစ်နတ်ဘုရားက သူရောက်နေတာကြာနေပြီဆိုတာ သိသိရက်နဲ့ ရှေ့မှာ ချစ်ပြနေကြတာ၊ သူက မရပ်နေလို့ ဘာဆက်လုပ်ရမှာလဲ? ဝူကော ပြောတာမှန်တယ် အစ်ကိုနှစ်က ရှန်တာ့ရှေ့မှာမှ မဟုတ်ရင် လူသားမဆန်တတ်ဘူး။ 


"ရဲ့လင်"


ဘုတောနေတဲ့ ဟော်ရဲ့လင်ကို ရှန်တာ့ တားသည်။ 


"ရှောင်ရွှီရေ မတွေ့ရတာ ကြာပြီနော် ၊ တွေ့မယ့်တွေ့တော့လည်း ဒုက္ခပေးနေမိပြီ"


လက်ထပ်ပြီးနောက်ပိုင်း ရဲ့လင်က သူ့ကိုရွှယ်ဖုန်းတောင်ပေါ်ခေါ်သွားပြီး သူတို့ဆရာကိုဂါရဝပြုစေခဲ့သဖြင့် ဟော်ရဲ့လင်ရဲ့ ဆရာတူညီအစ်ကိုတွေ အားလုံးကို သိပြီး အကြိမ်အနည်းငယ်တွေ့ဖူးသည် ။


"ယဉ်ကျေးနေပါပြီဗျာ၊ ကျွန်တော်လုပ်သင့်တာပါပဲ"


အစ်ကိုနှစ်ကို ဘယ်လိုများသည်းခံနိုင်ပါလိမ့်? သမားတော်က ဟော်ရဲ့လင်ကို ပေစောင်းစ‌ောင်းကြည့်သည်။ မတည့်အတူနေသော ဆရာတူညီအစ်ကိုများပင်။ 


ဆေးဗန်းကိုချပြီး ရှန်တာ့ကို အသာထူမကာ ထထိုင်စေသည်။ 


"လာ ဆေးအရင်သောက်လိုက်၊ မိုးလင်းလို့ အိပ်ရာနိုးတဲ့အခါ မြန်မြန်သက်သာလိုက်ပါတော့၊ မဟုတ်ရင် ကျွန်တော် တောင်ပေါ်ပြန်ခွင့်ရမှာ မဟုတ်ဘူး"


ရွှယ်ဖုန်းပညာသင်ကျောင်းကို ဆက်ခံမည့်သူသည် တောင်အောက်သို့ နှစ်ကြိမ်ဆင်းခွင့်ရှိသည်။ ယခု ပထမဆုံးအကြိမ် အတင်းဆွဲခေါ်ခံလာရသဖြင့် နောက်သုံးနှစ်ကြာမှ တောင်အောက်ထပ်မံဆင်းခွင့်ရမည်ဖြစ်သည်။ ပြီးလျှင် ဘယ်သောအခါမှ တောင်အောက် မဆင်းရတော့ပါ။ 


"ဟုတ်လို့လား... ငါတော့ အဲ့လိုမထင်ဘူး၊ အားလျို့က တောင်အောက် ဆင်းချင်နေတာ ကြာပြီလားလို့"


ဟော်ရဲ့လင်က စကားဝိုင်းကိုမနှောင့်ယှက်ပဲ ဆေးရည်ကို အေးအောင်မှုတ်ပေးကာ ရှန်တာ့ပါးစပ်ထဲခွံ့ပေး၏။ ဆေးတစ်ခွက်လုံးကုန်သော် သမားတော်ရွှီ က ချက်ချင်းထပြန်သည်။ ခြေထောက်မှာ စက်တပ်ထားသလို မြန်ဆန်လှသည်။ ဘာကြောင့်ဆို ဒီအခန်းထဲမှာ လင်လင်နှစ်ယောက်နဲ့အတူ ဆက်မရှိချင်တော့သောကြောင့်ပင် ဖြစ်၏။ 


"ရှစ်ရက်တောင် သတိမေ့နေခဲ့တာလား"


ဆေးသောက်ပြီးတော့ ရှန်တာ့..ပိုနေလို့ထိုင်လို့ကောင်းလာသည်။ လက်မြောက်ပြီးဟော်ရဲ့လင်ရဲ့ မျက်နှာကိုထိလိုက်မိသည်။ ဒါဆိုအချိန်အကြာကြီး ရဲ့လင်က သူ့အတွက်စိုးရိမ်နေရမှာပေါ့။


ရှန်တာ့ စိတ်ဖိစီးသွားသည်။ သူ့ကိုယ်သူ အသုံးမကျတဲ့သူလို မြင်မိ၏။ 



ရဲ့လင်က မျက်ဝန်းမှိတ်ရင်း ရှန်တာ့၏အထိအတွေ့ကို ကျေနပ်စွာခံယူသည်။ ထို့နောက် အပေါ်ဝတ်ရုံချွတ်ကာ ရှန်တာ့၏ ဘေးတွင် ဝင်ရောက်လဲလျောင်းလိုက်သည်။ 


"ရှစ်ရက်သတိမေ့နေပေမယ့် လျန်လျန်ရဲ့လူတွေက တစ်ကယ်သတင်းစုံစမ်းတာတော်တယ်နော်၊ သုံးရက်မြောက်နေ့ကတည်းက သိတာ၊ အဲ့ဒီနေ့ချက်ချင်းပဲ လောင်စန်းက လျန်လျန့်ကိုခေါ်ပြီး ဒီထိ ခရီးပြင်းနှင်လာတာ၊ဒီနေ့ ညနေ မှောင်လုမှောင်ခင်အချိန်မှာ ‌သူတို့ရောက်လာတယ်၊ လျန်လျန်က ခင်ဗျားကိုတွေ့တွေ့ချင်း ငိုလိုက်တာမှ ဝမ်းပန်းတနည်း၊ ခင်ဗျားမြင်ရင် လန့်သွားနိုင်တယ်၊ ငါတောင်ငိုမိတော့မလို့၊ လျန်လျန်က တစ်ကယ်တော်တာနော် ... အားလျို့ မကုတတ်တဲ့ အဆိပ်ကို အချိန်ဘယ်‌ေလာက်မှ မယူရဘူး၊ ဒဏ်ရာကုသပေးပြီးတာနဲ့ အဆိပ်ဖြေဆေးညွှန်းပေးတာ၊ ဒါပေမယ့် သူက ဆယ်ရက်ခရီးကို ငါးရက်ထဲနဲ့ ရောက်အောင် နေ့ညမနားပဲ ခရီးထွက်လာရတာဆိုတော့ စိတ်ရောလူရော အရမ်းပင်ပန်းနေပြီလေ၊ သူ့စိတ်ကိုလျှော့ချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားရော"


လျန်လျန့်အကြောင်းကို ဟော်ရဲ့လင် ဖြည်းဖြည်းချင်းပြန်ပြောပြနေခဲ့သည်။ ရင်ခွင်ထဲက ဟော်ရဲ့လင်က ဘယ်လောက်နူးညံ့နေလဲဆိုရင် အပြင်လူတွေမြင်တဲ့အခါ ‌သဘောထားအေးစက်တတ်တဲ့ စစ်သူကြီးမှန်း မှတ်မိကြမှာမဟုတ်ချေ။ 


အစကတော့ ရှန်လျန့်ကို မိသားစုဝင်အနေနဲ့ ညီငယ်တစ်ယောက်လို သဘောထားခဲ့သည်။ရှန်လျန် လဲကျသွားသော အခိုက်အတန့်မှာတော့ ကိုယ်ခံပညာမတတ်တဲ့ 'ကော'ဟာ ပိန်ပါးအားနည်းပြီး ဘယ်သူ့မှမနိုင်ပေမယ့် စိတ်ခွန်အားထက်သန်ပြီး အစ်ကိုဖြစ်သူကို မည်မျှထိ ချစ်ခင်လဲ မြင်နိုင်စေခဲ့သည်။ ဤအရာက လူတွေရဲ့နှလုံးသားကို အမှန်တကယ် အရည်ပျော်ကျစေသည်။ 


"ဟမ်! လျန်လျန် မေ့လဲသွားတာလား"


ရှန်တာ့ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။ ဟော်ရဲ့လင်က ကူကယ်ရာမဲ့စွာနဲ့ ငြိမ်ငြိမ်နေစေသည်။ 


"စိုးရိမ်စရာမရှိဘူး၊ သူအရမ်းပင်ပန်းသွားလို့ တစ်ခါတည်းမေ့သွားတာ၊ တစ်ညလုံးကောင်းကောင်းအိပ်ပါစေ၊ မနက်ဖြန်မနက်မှ ညီအစ်ကိုနှစ်ယောက် တွေ့ကြပေါ့"


ရှန်လျန် တစ်ခုခုဖြစ်သွားနိုင်လား? သူဒီမှာပဲ တစ်ညလုံးထိုင်မနေချင်။ 



"ကိုယ်...."


ရှန်တာ့ နှုတ်ဟလိုက်သော်လည်း ဟော်ရဲ့လင်၏နဂါးမျက်စောင်းကြောင့် ဆက်မပြောဖြစ်တော့ပေ။ 


"ခဏလေး... တိတိကိုခေါ်လာတာ ဖေးယွမ်ရွှင်းဟုတ်လား"


မြို့တော်မှာ အရင်းနှီးဆုံးဆိုလို့ ရှန်ချင်တစ်ဦးတည်းသာရှိပြီး လျန်လျန့်ကိုဂရစိုက်ပေးပါရန် အကူအညီတောင်းရအောင်ကလည်း ရှန်ချင်နဲ့အဆက်အသွယ်မရတာက ငါးနှစ်လောက်ရှိပြီဆိုတော့ မိန်းမရ၊ ကလေးမွေးနေပြီလားမသိပေ။


အတွဲကြား အနှောင့်အယှက်ပေးပြန်ရင်လည်း မကောင်းသဖြင့် ဟော်ရဲ့လင်ကိုအကျိုးအကြောင်းပြောပြလိုက်သည်။ သို့ဖြင့် ရဲ့လင်က ဖေးယွမ်ရွှင်းကို ရှန်လျန့်အားလိုက်လံဂရုစိုက်စေခဲ့သည်။


ဖေးယွမ်ရွှင်း၏ အင်အားက သံမဏိတပ်ခေါင်းဆောင်ဖြစ်သည့်အတွက် ကာကွယ်စောင့်ရှောက်ပေးရန် အသင့်တော်ဆုံးဟု ရှန်တာ့ထင်ခဲ့သော်လည်း သူ၏တိတိကို ခိုးယူသွားမယ်လို့ ဘယ်သူက သိလိမ့်မလဲ၊ ဧကရာဇ်ရဲ့ တရားဝင်ခွင့်ပြုချက်တောင်ရထားပြီးပြီတဲ့၊ ရိုးအလိုက်တဲ့ တိတိလေး၊ မြေခွေးအိုကြီးရဲ့လှည့်စားတာခံနေရရှာတယ် ။


(Tn. တိတိ.. ‌ညီလေး)



ရှန်တာ့၏အမြင်တွင် ရှန်လျန်က အရင်လို လူကြောက်တတ်ပြီး သူ့အနောက်မှာ အမြဲပုန်းနေတတ်တဲ့ ကလေးလေးပင်။ ဖေးယွမ်ရွှင်းက အကြံနဲ့ တိတိကိုအတင်းလက်ထပ်ဖို့ သဘောတူစေတာပဲဖြစ်နိုင်တယ်၊ မဖြစ်ဘူး၊ သဘောမတူနိုင်ဘူး၊ မြို့တော်ပြန်ရောက်တာနဲ့ လက်ထပ်ပွဲပျက်အောင်လုပ်ဖို့ အခွင့်အရေးရှာရမယ်။


"ဟုတ်တယ်၊ အမလေး.. ယွမ်ရွှင်း ချစ်တတ်တာလောင်ကုန်းမမြင်လိုက်လို့! ငါသူနဲ့ ဆယ်နှစ်လောက် အတူကြီးပြင်းလာပေမယ့် တစ်ခါမှ သူ့ကိုဒီလိုပုံစံနဲ့ မမြင်ဖူးဘူး"


ကိုယ့်လူ ဘာတွေးနေလဲ ဟော်ရဲ့လင် ရိပ်မိသဖြင့် ညီအစ်ကို၏အချစ်ကို ပိုပိုသာသာ ထည့်ပြောပေးမိသည်။ ပြောလိုက်သမျှ ဖေးယွမ်ရွှင်း၏ကောင်းကွက်တွေချည်းပင်။ 


"......."



ရှန်တာ့ ဘာဆက်လုပ်ရမှန်း မသိတော့ပေ။ အနည်းငယ်တွေဝေနေပြီးမှ မေးလိုက်သည်။ 


"ရဲ့လင် သူတို့နှစ်ယောက်ကို သဘောတူလား"


အစတုန်းက ဖေးယွမ်ရွှင်းကို ဒီလိုပြုမူရပါ့မလားဆိုပြီး ရဲ့လင်က ကူညီပြောပေးရန်ဝေးစွ၊ စိတ်ဆိုးနေသေးသည်။ အဲ့တုန်းက ‌ဒေါသထွက်နေတဲ့ မျက်နှာကိုတောင်မမေ့သေးခင်မှာ ရဲ့လင်က ရုတ်တရက်ကြီး ဖေးယွမ်ရွှင်းဘက် ရောက်သွားပြန်သည် ။


"ခင်ဗျားရဲ့ သဘောကရော?"


ဟော်ရဲ့လင်က ပြုံးစစနဲ့ ကြည့်သည်။ 


"ယွမ်ရွှင်းက ငါတို့ထင်သလိုမဟုတ်ဘူး၊ လျန်လျန့်ကိုတစ်ကယ်ချစ်တာ ငါမြင်ရတယ်၊ လောင်ကုန်း ... လျန်လျန်က ငယ်ငယ်ကလိုမဟုတ်တော့ဘူး၊ အများကြီးပြောင်းလဲသွားပြီ ၊ရင့်ကျက်လာပြီ၊ တော်တယ်..ထက်မြက်တယ် လူလည်းမကြောက်တော့ဘူး၊ သူဘာဖြစ်ချင်လဲ သူ့ကိုယ်သူသိနေပြီ၊ လူငယ်ချင်း ခံစားချက်ရှိကြတာ ငါတို့နားလည်ပေးရမယ်လေ"



လောင်စန်းနဲ့ ရှန်လျန်တို့ကြားတွင် နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာရှိမှန်း အပြင်လူအနေဖြင့် မြင်နိုင်သည်။ အစကတော့ လောင်စန်းက လျန်လျန်ရဲ့ နောက်ခံ အင်အားကိုအသုံးချချင်တယ်ထင်ပြီး ဒေါသထွက်ခဲ့ပေမယ့် သတိလွတ်နေတဲ့လျန်လျန်ကို စိတ်ရှည်ရှည်နဲ့ ချော့မော့နေတာတွေ့မှ လက်ခံလိုက်ခြင်းဖြစ်သည် ။ဖေးယွမ်ရွှင်းကတော်ရုံ မျက်နှာကြောမလျှော့တဲ့သူဖြစ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ချေ။ တစ်ခါတလေ သူ့ကိုယ်သူတောင် ဂရုမစိုက်တတ်လွန်းသဖြင့် ဟော်ရဲ့လင်က ခဏခဏ အပြစ်တင်တတ်သည်။ 


ထိုသို့သောလူစားအား အပိုးကျိုးအောင် ပြုပြင်နိုင်သည်ဆိုလျှင် လျန်လျန်က လုပ်နိုင်စွမ်းရှိသူပဲဖြစ်လိမ့်မည်။ ထို့အတူ လျန်လျန်က ဖေးယွမ်ရွှင်း၏ချော့မော့စကားကို အလွယ်တကူနားထောင်သဖြင့် နှစ်ယောက်သားတစ်ကယ်ချစ်ကြတာပဲ ဖြစ်မည်။ 


ရှန်တာ့လည်း အတွေးနက်သွားသည်။ လင်လင်နှစ်ယောက်က ဘေးချင်းယှဉ်အိပ်နေပြီး ဟော်ရဲ့လင်အိပ်ပျော်ခါနီးအချိန်ကျမှ ရှန်တာ့ ပြောလာသည်။ 


"ငါးနှစ်ဆိုတဲ့အချိန်က တစ်ကယ်ပဲ အများကြီးပြောင်းလဲသွားစေတယ်၊ လျန်လျန်က ရှောင်ယွီကို စေလွှတ်လိုက်ကတည်းက ကိုယ်လည်း သတိထားမိခဲ့ပါတယ်၊ လျန်လျန်က အရင်လိုမဟုတ်တော့ဘူး၊ ရင့်ကျက်သွားပြီဆိုတာ... ဒါပေမယ့် သူဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ သူက ကိုယ့်ရဲ့တစ်ဦးတည်းသောညီလေး၊ ဒီတစ်ဘဝလုံး သူ့ကိုစောင့်ရှောက်ပေးနေဦးမှာပဲ၊အရင်က ကိုယ်သာ အင်အားကြီးတဲ့သူဖြစ်ရင် တိတိက မြို့ပြင်မောင်းထုတ်ခံရမှာမဟုတ်ဘူး၊ တိတိ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့လို့ ဒီလို အများကြီး ပြောင်းလဲသွားရတာလဲ၊ ရဲ့လင် ကိုယ်တစ်ကယ် သူ့အတွက်စိတ်မကောင်းဖြစ်မိတယ်"


ရှန်တာ့ရင်ဖွင့်ရင်း မျက်လုံးတွေနီလာသည်။ တစ်ချို့အရာတွေကိုမသိတာမဟုတ်ပဲ လက်မခံချင်တာဖြစ်သည် ။ လျန်လျန်က သူ့ညီလေး! သူပဲ စောင့်ရှောက်ချင်တာပေါ့! သူစိမ်းလက်ထဲ မထည့်လိုက်ချင်။ 


"အင်း.. အနာဂါတ်မှာ နှစ်ယောက်တူတူ လျန်လျန့်ကိုစောင့်ရှောက်ကြမယ်နော်၊ ဘယ်သူမှ လျန်လျန်ရဲ့ ဆံပင်တစ်မွှေးကျွတ်အောင် မလုပ်ရဲစေရဘူး"


ရှန်တာ့က ရဲ့လင်ဘက် ခန္ဓာကိုယ်စောင်းကာ ဖက်သည်။ ရဲ့လင်က ညင်သာစွာဖြင့် ပခုံးနား ခိုဝင်လာခဲ့သည်။ 


"ကျေးဇူးပါ"


ကိုယ် မင်းကိုလည်း သေချာပေါက် ကာကွယ်စောင့်ရှောက်မှာပါ။ 


ရှန်တာ့က ရဲ့လင်ရဲ့ ခေါင်းကို အသာအယာ သပ်ပေးကာ စိတ်ထဲမှ ကတိပေးသည်။ သူအသက်ရှင်နေသမျှ ကာကွယ်ပေးရမဲ့ လူသားလေးတွေ ရှိနေပြီဟု ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။


"အိပ်တော့၊ မနက်ဖြန် နေကောင်းဖို့ ခုချိန်အိပ်မှဖြစ်မယ်၊ အားလည်း သိပ်ရှိသေးတာမဟုတ်ဘူး၊ အနားယူပြီး အားဖြည့်လိုက်ဦး"


"ကောင်းပါပြီ"


လင်လင်နှစ်ဦး လက်ချင်းတွဲယှက်ကာ အတူတကွ မျက်စိမှိတ်လိုက်ကြသည်။ ရှစ်ရက်လုံးလုံး ကောင်းစွာအနားမယူသည့်အပြင် စစ်ထွက်တိုက်ရသည့် ဟော်ရဲ့လင်သည် အမှန်တစ်ကယ် ပင်ပန်းနေပြီပင်။ 



မျက်စိမှိ

တ်လိုက်သည်နှင့် ချက်ချင်း အိပ်မောကျသွားခဲ့၏။ ရှန်တာ့ သည်သာ အိပ်မပျော်ပဲ ရှန်လျန့်အကြောင်းအတွေးပွားလိုက်၊ ရဲ့လင်ကိုငေးကြည့်လိုက်နဲ့ ရှိ၏။ 


2662words 

Grape 🍇 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (3)
PhooPhoo422

1 year ago

Upပါဦး ဖတ်ချင်သေးတယ်

PhooPhoo422

1 year ago

Upပါဦး ဖတ်ချင်သေးတယ်

PhooPhoo422

1 year ago

Upပါဦး ဖတ်ချင်သေးတယ်