' မြို့စားမင်း လည်း ပညာ ဝင်ပေးပြီ '
ချင်ဖင်းအိမ်တော်ရှိ ခြံဝန်းတစ်ခုတွင်ဖြစ်သည်။
" ဪ..? အချိန်ခဏလေးတောင် ငြိမ်ငြိမ် မနေနိုင်ဘူးတဲ့လား"
ရှန်လျန့်သတင်းက ဖေးယွမ်ရွှင်းရဲ့ နားထဲသို့ လျင်မြန်စွာ ရောက်သွားသည်။ ခြေထောက်ကိုလာလျက် နေတဲ့ သွေးနီရောင်မြေခွေးအား တွန်းထုတ်လိုက်ပြီးနောက် နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။
"ရှန်လျန်ကိုဖမ်းတဲ့ ဓားပြနဲ့ သွမ့်ယွီကို ပြန်ပေးဆွဲတဲ့ ဓားပြက တစ်ဖွဲ့ထဲ ဆိုတဲ့သတင်းကို မင်းသမီးကြီး ဆီ ပျံ့အောင် နည်းလမ်းရှာလိုက်၊ အဲ့တာမှ တော်ဝင် နန်းတော်က နည်းနည်း အသက်ဝင်လာမှာ"
"ခဗျာ...."
ထျန်းရှုနဲ့ တခြားသူတွေ နဝေတိမ်တောင်ဖြစ်သွားသည်။ သူတို့သခင် က အခြေအနေတွေပရမ်းပတာ မဖြစ်မှာကို စိုးရိမ်နေတာလား?
"မြန်မြန် သွားမလုပ်သေးဘူးလား?"
"ဟုတ်..ဟုတ်ကဲ့"
ဖေးယွမ်ရွှင်း ခေါင်မော့ကြည့်လိုက်သည်နှင့်အမိန့်ကိုနာခံရန် အလျိုလျို ထွက်သွားကြသည်။ သခင်နှင့် စကားပြိုင်ပြောရဲ သည့် ယောင်ကွမ်းပင် ထျန်းရှု နောက်တွင် ပုန်းကွယ်နေသည်။
" ကျွတ် ကျွတ် ဘယ်သူ့ကိုမှ သဘောမကျဘူးလည်းပြောသေးတယ်၊ နောက်ကနေ အလောတကြီး လိုက်ကာကွယ်နေသေးတယ်"
"ယောင်ကွမ်းက အနောက်မြောက်အရပ်က စစ်မြေပြင်ဆီ သွားချင်လို့လား?"
သိုင်းပညာမတတ်တဲ့သူ ဒီမှာ ဘယ်သူရှိလို့လဲ? အတင်းတုပ်နေသံက ဖေးယွမ်ရွှင်း နားထဲ မရောက်ပဲမနေပေ။
"ဟင့်အင်း မသွားချင်ပါဘူးသခင်၊ သခင်နားကြားမှားတာနေမှာပါ ကျွန်တော်ဘာမှ မပြောပါဘူး"
ဘယ်သူက အဲ့လိုအေးစက်စက်နေရာကြီးကိုသွားချင်မတဲ့လဲ?
သူ ကြောက်ရွံ့နေပုံကိုမြင်ပြီး လက်ခါယမ်းလိုက်တယ်။ ဒီအကြောင်းကို ဂရုစိုက်မနေတော့ချေ။
"သတင်းပို့ပြီးပြီလား?"
"အမြန်ဆုံးနည်းနဲ့ သတင်းပို့ခဲ့ပါတယ်၊ သခင် ဟော်စစ်တပ်မှာ တစ်ကယ်ပဲ သူလျှိုရှိတယ်လို့ ယုံတာလား"
သံမဏိ ကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ထျန်းရှုက အတွေ့အကြုံရှိပြီးရင့်ကျက်သောသူ ဖြစ်သည်။သို့သော် သခင်က ရှန်လျန့်စကားကို အရမ်းယုံလွယ်နေခြင်းအား သဘောမပေါက်ပါချေ။
"သစ်တော ထူလေ ငှက်နားလေ ပဲ၊ အစ်ကိုနှစ် သူ့ဘာသူ စစ်ဆေးလိမ့်မယ်၊ ဟော်စစ်တပ်ဆိုတာ ငါတို့နဲ့ နီးစပ်တာမို့ ဘာအမှားမှ အဖြစ်မခံနိုင်ဘူး"
ဖေးယွမ်ရွှင်းက အရာအားလုံးကို တွက်ချက်ကာ လေးလေးနက်နက် ပြော၏။
"ဒီငယ်သား နားလည်ပါပြီ"
ထျန်းရှု ဦးညွှတ်လိုက်သည်။ သခင်က ယုံလွယ်ခြင်းမဟုတ်ပဲ ဘာပြဿနာမှ မဖြစ်ချင် ခြင်းသာ။ လူပေါင်းများစွာ လိုက်သတ်မယ့်အစား သူလျှို ကိုဖမ်းလိုက်သည်က ပိုသက်သာသည်လေ။
"ဟွိုင်ရန် အိမ်တော်ဘက်ကိုလည်း အာရုံစိုက်ပေးဖို့ မမေ့နဲ့၊ ဧကရာဇ်က ကျင်းမိသားစုအပေါ် အခွင့်အရေးယူဖို့ ချောင်းနေမှာ"
သူ့သူငယ်ချင်း ကျင်းရှီရန်က တော်ဝင်အမိန့်ရကထဲက အလုပ်ကြိုးစားနေသည်မို့ ဒီလိုအကြောင်း
တွေ ကို အသိပေးမနေတော့ချေ၊ သက်သေမရှိပဲ
ချောက်ချခံရမယ်ဆိုတဲ့ စကားတွေကို ဖေးယွမ်ရွှင်း သွားပြောလဲ သူယုံကြည်မည်မဟုတ်လောက်။
"ဟုတ်ကဲ့ မစိုးရိမ်ပါနဲ့သခင်၊ ခိုင်ရန်က တိတ်တဆိတ်စုံစမ်းနေပါတယ်၊ မကြာခင် သတင်းကြားရတော့မှာပါ"
"ကောင်းပြီ"
ဖေးယွမ်ရွှင်း ညောင်စောင်းကိုမှီလိုက်သည်။ သူ၏ အစာအိမ်တစ်ဝိုက်၌ တန်ဖိုးကြီးခရမ်းရောင်ဝတ်ရုံသည် အမဲရောင်ပြောင်းလာသည်။
ထျန်းရှုက စိတ်မသက်မသာဖြင့်
"သခင့် ဒဏ်ရာက ကုသရ ခက်တော့မှာ၊ တောင်ထိပ်ကိုပြန်ပြီး သခင်ရဲ့ ဆရာကို ဆေးစာရေးပေးဖို့ သွားမတောင်းဆို ဘူးလား?
"မလုပ်ဘူး"
ဖေးယွမ်ရွှင်း မျက်စိမှေးလိုက်ကာ ခေါင်းခါသည်။ ထျန်းရှု က တစ်ခုခုပြောချင်သေးသော်လည်း အရှုံးပေးလိုက်၏။ တံခါးအပြင်တွင်လင်ပန်းကိုင်ကာ ရပ်နေသော အိမ်တော်ထိန်းလင်းလည်းသက်ပြင်းချကာ လှည့်ထွက်ခဲ့တော့၏။
တုံးလင်အိမ်တော်၏ ပင်မ ခြံဝန်းတွင်ဖြစ်သည်။
"ဘာပြောလိုက်တယ်??"
ရှန်လျန် ပြန်ရောက်ချိန်ထဲက သခင်မကြီးနဲ့ တခြားဇနီးတွေကို ကူညီရန်ကြိုးစားနေခြင်းအား လျိုရှုဟန် စိတ်ထဲ မထည့်ခဲ့ချေ။ သူမ အပေါ်ကို သံသယတွေ ပုံချလျှင်တောင် သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည်။ ဆယ်စုနှစ်ကြာအောင် တုံးလင်အိမ်တော်မှာ နေထိုင်ခဲ့သည့် သခင်မနေရာအား အလွယ်တကူ ယိမ်းယိုင်အောင် လုပ်နိုင်မည်လား? အဲ့လောက်မလွယ်ပေ။ သို့သော် ရှန်လျန့်ခြံဝန်းကိုဖျက်စီးခဲ့သည့်တရားခံက သူမ သမီးဖြစ်နေမည်ဟု တွေးမထားမိခဲ့ချေ။
"အပျက်ကောင် ရှန်လျန်က တအားဒေါသထွက်ဖို့ကောင်းတယ် ၊ သူ အမေ့ကို ခုလိုဆက်ဆံရဲ...."
"ဖြန်း..ဖြန်း!"
မျှော်လင့်မထားသော ရိုက်ချက်ကြောင့် ရှန်ချန် တောင့်ခဲသွားပြီးတစ်ခန်းလုံး ငြိမ်ကျသွား၏။ အချိန်အတန်ကြာမှ ရှန်ချန်က သူမ၏ ရိုက်ခံလိုက်ရသော ပါးပြင်အားထိတွေ့ကာ မယုံနိုင်ဟန်ဖြင့် သူမ အမေကိုကြည့်မိသည်။
"ဘယ်လောက်တောင် အသုံးမကျတဲ့ လုပ်ရပ်မျိုး လုပ်လိုက်လဲဆိုတာ နင့်ကိုယ်နင် သိလား?"
သူမ သမီးမှာ သနားချင်စဖွယ် ကောင်းပြီး ခံစားသွားရမယ်ဆိုပေမယ့် အမေက မဆုံးမလျှင် အနာဂါတ်မှာ အမှားကြီးကြီးလုပ်မိပေလိမ့်မည်။ ခုတောင်မစဉ်းစား မဆင်ခြင်ပဲ ရှန်လျန့်တံခါးဝထိ သွားကာ အနိုင်ကျင့်လိုက်သေးသည်။
"အမေ...."
ရှန်ချန်မှာ နှုတ်ခမ်းဟသည်နှင့် မျက်ရည်များလည်း တပြိုင်နက်ကျလာတော့သည်။လျိုရှုဟန် သက်ပြင်းချကာ သမီးဖြစ်သူ၏ လက်ကိုဆုပ်ကိုင်လျက် ပြောသည်။
"ချန်အာ.. သမီးရဲ့ လုပ်ရပ်ကို တစ်ခြားသူ သိသွားကြည့်၊ အမေတို့ အားလုံး ဆုံးရှုံးကုန်မှာ ၊ အမေ့ နေရာလည်း ပျောက်သွားလိမ့်မယ်၊ အားလုံးက သမီးအတွက်ပဲ အမေ လုပ်ခဲ့တာ ၊ နောက်ဆို ဘာလုပ်လုပ် နှစ်ခါပြန်စဉ်းစား၊ ပြဿနာရှာပြီးရင်လည်း အမူအရာ မပျက်စေနဲ့ ၊ အနာဂါတ်မှာ သမီးက တော်ဝင်မိသားစုထဲ ဝင်ရမှာ ၊ နာမည်ပျက်သွားရင် ဘယ်လိုလုပ် တော်ဝင်မိသားစုထဲ ဝင်ဆံ့ပါတော့မလဲ? ခုလို မဆင်မခြင်လုပ်တာက အမေ့ကို အရမ်း စိတ်ဆိုးစေတယ်"
သူမ၏သမီးအပေါ် မျှော်လင့်ချက်ကြီးကြီးထားကာ တော်ဝင်မိသားစုဝင်နှင့်လက်ဆက်နိုင်ရန် ရည်မှန်းထားသည်မို့ ခုလို အိန္ဒြေပျက်ကာ ထုံအ၊နေပုံကြောင့် စိတ်ပျက်ရသည်။
"အမေ... သမီးတောင်းပန်ပါတယ်"
နောက်ဆုံးတော့ ကိုယ့်အမှားကိုယ် သတိပြုမိကာ အမေ့ရင်ခွင်ထဲ ပြေးဝင်မိ၏။
"အားလုံး သမီးအမှားတွေပါ အီးဟီး..."
"အင်းပါ ကိုယ့်ကိုကိုယ် သိရင် ရပါပြီ "
လျိုရှုဟန် ပြန်လည်ပွေ့ဖက်ပေးကာ ညင်သာစွာ ကျောပုတ်ပေးသည်။
"ဟင့်! ဒါပေမယ့် အမေ့နေရာက..."
အငိုတိတ်ပြီးခေါင်းမော့ကြည့်ကာ ရှိုက်သံဖြင့်ပြောသည်။ လျိုရှုဟန်က သူမသမီး၏ဆံပင်သပ်ပေးရင်း
"ဒီနှစ် နှစ်ဆယ်အတွင်း အမေ အများကြီးစီစဉ်ထားပါတယ်၊ အမေ့ဆီက အားလုံးပြန်ယူသွားရင်တောင် ၊ အမေ့ဘက်ကပြန်ယူဖို့ နည်းရှိပြီးသား"
"ဝိုး အမေက အတော်ဆုံးပဲ"
ရှန်ချန် နောက်ဆုံးတော့ပြုံးနိုင်သွားသည်။သူမ အမေက အရမ်းတော်သည်။ မဟုတ်လျှင် နှစ်အကြာကြီး ခုလိုရပ်တည်နိုင်ပါ့မလား?
လျိုရှုဟန်က ရှန်ချန့်နဖူးအား အသာလေး ထုကာ လေးလေးနက်နက်ပြောသည်။
"ရှန်လျန့်ကို အချိန်တစ်ခုတော့ ဘာမှသွားမလုပ်နဲ့၊ မကောင်းဆိုးဝါးလေးက အမေတို့ထင်တာထက် ပိုတော်နေတယ်၊ လျိုမိသားစု အခြေအနေ တည်ငြိမ်သွားတဲ့ထိ စောင့်ပြီးမှ အမေ သူနဲ့စာရင်းရှင်းမယ်၊ ခုတော့ ဂြိုဟ်ကြွခိုင်းထားလိုက်ဦး"
"ဟုတ်ကဲ့အမေ"
ရှန်ချန် နာနာခံခံနှင့် ခေါင်းငြိမ့်သည်။ သူတို့သားအမိသည် မကြာခင်က ဖြစ်ခဲ့သော ပဋိပက္ခအား မေ့မေ့ပျောက်ပျောက်ဖြစ်လျက် တစ်ဦးကိုတစ်ဦးပွေ့ဖက်နေကြသည်။
Words 1330
Grape 🍇